ပုရွက်ဆိတ်များသဖွယ် ဖျက်ဆီးခြင်း
Vol. 25 Ch. 372
နောက်ဆယ်ရက်အတွင်း၌ အခြေအနေအားလုံးမှာ ရှန်မို ခန့်မှန်းထားသည့်အတိုင်း ကွက်တိ ဖြစ်လာခဲ့၏။
ရှုံလွမ်းနှင့် အခြားနတ်ဆိုးဧကရာဇ်များမှာ အောင်ပွဲကြောင့် မာန်တက်၍ တောင်ဘက်မှ မြောက်ဘက်သို့ ဇွတ်အတင်း လိုက်လံတိုက်ခိုက်လာကြလေသည်။ ကျင့်ကြံသူများဘက်မှလည်း တစ်တပ်လုံး ပြိုကွဲသွားဟန် ဆောင်ကာ လန့်ဖျန့်နေသော ငှက်အုပ်ပမာ ဟန်ဆောင်ပြခဲ့ကြ၏။ နတ်ဆိုးများကို အဝေးမှ မြင်သည်နှင့် ချက်ချင်း ထွက်ပြေးပြကြခြင်းပင်။ ထိုနည်းဖြင့် ရှုံလွမ်းနှင့် နတ်ဆိုးများကို နတ်ဆိုးနိုင်ငံတော်၏ နယ်မြေနှင့် ဝေးရာ မြောက်ဘက်ပိုင်းဆီသို့ တဖြည်းဖြည်း မျှားခေါ်လာခဲ့နိုင်၏။
မြူခိုးပြည်နယ်နှင့် ယုပြည်နယ်အစပ်တွင်။
ယင်းထီမှာ ထိတ်လန့်တကြား ထွက်ပြေးနေကြသော လူသားကျင့်ကြံသူတွေကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိ၏။ အောင်ပွဲများမှာ အလွန် ချောမွေ့လွန်းနေသောကြောင့် တစ်ခုခု မှားနေပြီဟု သူ ဗီဇအရ ခံစားမိနေသည်။ ကုမင်ပင်လျှင် ရှန်မိုကို အလွန်အထင်ကြီးပြီး ကြောက်စရာကောင်းသည့် ရန်သူအဖြစ် သတ်မှတ်ထားသည် မဟုတ်လား။ အခုတော့ ရှန်မိုဟာ ဘာမှပြန်မတိုက်နိုင်တော့သည့် ပုံစံမျိုး ဘယ်လိုလုပ် ဖြစ်နေရသနည်း။
ရှုံလွမ်းကတော့ စိတ်မရှည်စွာဖြင့်
"ဘာလို့ ရပ်နေတာလဲ… ငါတို့သာ ရှန်မိုကို အမိဖမ်းနိုင်ရင် ဒါဟာ ကုသိုလ်ထူးပဲ… သွေးနတ်ဘုရား သိုလှောင်ရုံထဲ ဝင်ခွင့်တောင် ရချင်ရဦးမှာ”
သွေးနတ်ဘုရား သိုလှောင်ရုံဟု ကြားလိုက်သည်နှင့် ယင်းထီ၏ မျက်လုံးထဲတွင် လောဘရိပ်တွေ ဖြတ်ပြေးသွား၏။ သို့သော် ခဏအကြာမှာတော့ သူ စဉ်းစားဆင်ခြင်လိုက်ပြီး ခေါင်းခါပြလိုက်သည်။
"မဖြစ်ဘူး… တစ်ခုခုတော့ မှားနေတယ်… အရှေ့မှာ မြူခိုးပြည်နယ်ရဲ့ နယ်မြေရှိနေပြီ… လူသားတွေက ထောင်ချောက်ဆင်ထားတာလည်း ဖြစ်နိုင်တယ်… ပြီးတော့ အရှင်မင်းကြီးကလည်း နတ်ဆိုးနိုင်ငံတော် နယ်နိမိတ်ကို ကျော်ပြီး မလိုက်ဖို့ အမိန့်ပေးထားတယ်လေ… ငါတို့ ပြန်ဆုတ်တာ အကောင်းဆုံးပဲ ထင်တယ်"
ရှုံလွမ်းမှ အေးစက်စွာ နှာခေါင်းရှုံ့ပြီး
"ပြန်ဆုတ်မယ်တဲ့လား… မဖြစ်နိုင်တာ… အရှင်မင်းကြီးရဲ့ ဉာဏ်ပညာကို ငါ လေးစားပါတယ်… ဒါပေမဲ့ အခြေအနေက အမြဲပြောင်းလဲနေတာပဲ… အခုက အပြတ်အသတ် တိုက်ရမယ့်အချိန်… အဲ့ဒီ ရှန်မိုဆိုတဲ့ကောင်ကို အရှင်မင်းကြီးက အထင်ကြီးလွန်းနေတာပါ… သူက အနာဂတ်ကို ကြိုမြင်နေတဲ့ ပရောဟိတ်မှ မဟုတ်တာ"
"ပြီးတော့ လူသားတွေကြားမှာ အတွင်းရေးပြဿနာတွေ ရှိနေတာ ငါ ရိပ်မိတယ်… ရှန်မိုက အဲ့ဒီတုန်းက တိုက်ပွဲမှာ မပါဖို့ ပြောခဲ့လို့ ဂိုဏ်းလေးဂိုဏ်းက ဘေးထွက်နေခဲ့တာလေ… လူသားကျင့်ကြံသူ အများစုကတော့ အဲ့ဒီဂိုဏ်းတွေသာ ပါဝင်ခဲ့ရင် ဒီလောက် အသေအပျောက် မများဘူးလို့ တွေးနေကြမှာပဲ… သူတို့ ရှန်မိုကို အသည်းထဲကနေ မုန်းနေကြမှာ သေချာတယ်”
ယင်းထီမှာ မှင်သက်သွားပြီး
"အဲ့ဒါ... ယုတ္တိရှိသားပဲ..."
"အေးလေ… ဘာစောင့်နေဦးမှာလဲ… အခုချက်ချင်း လိုက်ကြမယ်… အချိန်မဖြုန်းနဲ့တော့"
ရှုံလွမ်း၏ ခြေထောက်များမှ သွေးစွမ်းအင်များ တောက်လောင်လာပြီး တောင်ကုန်းငယ်လေးကို ကျော်ဖြတ်ကာ ရှေ့သို့ ဝုန်းခနဲ ပြေးထွက်သွားတော့သည်။
"ဒါကိုတော့ ရှင်းရှင်းပြောထားမယ်… ငါသာ ရှန်မိုကို ဖမ်းမိရင် ဆုလာဘ်အားလုံးက ငါ့အပိုင်ပဲ… မင်း ဘာမှမရစေရဘူး… ဟားဟားဟ!"
ယင်းထီလည်း အံကြိတ်ကာ သူ၏ အတောင်ပံများကို ဖြန့်ပြီး ပြတ်ပြတ်သားသား လိုက်ပါသွားပါတော့၏။ ရှန်မိုကို ဖမ်းဆီးပြီး ကုသိုလ်ထူးရယူကာ သွေးနတ်ဘုရား သိုလှောင်ရုံထဲ ဝင်နိုင်ရေးသည် သူအတွက်တော့ ငြင်းပယ်ရန် ခက်ခဲသည့် မက်လုံးတစ်ခု ဖြစ်၏။ ပုံမှန်နည်းလမ်းနှင့်ဆိုလျှင် သူသည် ဟူယုံ နှင့် ရှုံအန်း တို့ကဲ့သို့ သူများကို ဘယ်တော့မှ ကျော်တက်နိုင်မှာ မဟုတ်ချေ။ ထို့ကြောင့် ကိုယ်တိုင် အစွမ်းထက်လာရန် နည်းလမ်းမှန်သမျှ သုံးရလိမ့်မည်။ ထို့အပြင် ကုမင်၏အောက်၌ ဒုတိယ အစွမ်းအထက်ဆုံးဖြစ်သော ရှုံလွမ်း ပါဝင်နေသောကြောင့် အန္တရာယ်ရှိလျှင်ပင် အလွယ်တကူ ပြန်ဆုတ်နိုင်လိမ့်မယ်လို့ သူ ယုံကြည်နေလေ၏။
...
နာရီအနည်းငယ်အကြာတွင်။
ဗူးသီးပုံစံ တောင်ကြားတစ်ခုအတွင်းမှ တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့လေပြီ။ ရှုံလွမ်းနှင့် ယင်းထီတို့၏ အလောင်းများမှာ ရွှံ့ဗွက်များ၊ သွေးအိုင်များကြား၌ လဲလျောင်းနေသည်။ သူတို့၏ ဘေးနားတွင်လည်း အခြားသော နတ်ဆိုးဧကရာဇ် အချို့၏ အလောင်းများ ပြန့်ကျဲနေလေ၏။ တစ်ချိန်က မြင့်မြတ်လှချည်ရဲ့ဆိုသော နတ်ဆိုးဧကရာဇ်ကြီးများမှာ ယခုဆတာ့ အသက်မဲ့နေသော ခွေးသေများသဖွယ် ဖြစ်နေတော့သည်။
လီကျန်ထောင်းနှင့် အခြားသူများမှာ ထိုမြင်ကွင်းကို ကြည့်၍ ယခုအချိန်အထိ မယုံနိုင်အောင် ဖြစ်နေကြဆဲပင်။ ရှန်မို ခန့်မှန်းခဲ့သည့်အတိုင်း နတ်ဆိုးများသည် သူတို့ရဲ့ သွေးဆာမှုအား မထိန်းနိုင်ဘဲ နောက်ဆက်တွဲကို မစဉ်းမစား ဇွတ်တိုးလာခဲ့ကြ၏။ ကုမင်မှ တင်းကြပ်သော အမိန့်များ ပေးထားခဲ့သော်လည်း သူတို့ကတော့ မလိုက်နာခဲ့ကြပေ။
ရွှယ်ကျီယီမှာ တိုက်ပွဲလက်ကျန်ပစ္စည်းများကို စစ်ဆေးနေသည့် ရှန်မိုကို ကြည့်ကာ ကြောက်စိတ်ပင် ဝင်လာမိသည်။ စောစောက တိုက်ပွဲတွင် ရှန်မိုဟာ နတ်ဆိုးဧကရာဇ် နှစ်ပါးကို တစ်ယောက်တည်း ရင်ဆိုင်ပြီး အသာလေး သတ်ပစ်ခဲ့ခြင်းဖြစ်၏။ သို့သော် တိုက်ပွဲအပြီးတွင် သူဟာ ဒဏ်ရာတစ်စုံတစ်ရာ မရခဲ့ဘဲ အဝတ်အစားမျှသာ အနည်းငယ် စုတ်ပြဲသွားခဲ့ပါသည်။ ဒီလောက်ထိ ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်မျိုးမှာတော့ အံ့ဩစရာပင်။
"ကြည့်ရတာ... ရှန်မိုရဲ့ စွမ်းအားက အများကြီး တိုးတက်လာပြီပဲ… အခုဆိုရင် သူက လင်းတုန်းထျန်းနဲ့ ငါ့ကိုတောင် ကျော်လွန်သွားပြီ… ငါတို့ကို ပုရွက်ဆိတ်တစ်ကောင်လို အသာလေး နင်းခြေပစ်နိုင်တဲ့ အခြေအနေမှာ ရှိနေပြီ"
ရွှယ်ကျီယီသည် တစ်ကိုယ်လုံး တုန်ယင်နေမိ၏။ သူ၏ အရိပ်မဲ့နန်းဆောင်မှ အကြီးအကဲချုပ်ကြီး ကျင့်ကြံရာကနေ ထွက်လာမှသာ ရှန်မိုကို ယှဉ်နိုင်လိမ့်မည် ဖြစ်သည်။
သူတင်မက ကျိုးမင်ယီ၊ ဝမ်လန်၊ ထုန်ယွမ်တို့လည်း ရှန်မို့ကို ပိုမို ကြောက်ရွံ့ရိုသေတဲ့ အကြည့်များနှင့် ကြည့်နေမိလေသည်။ နတ်ဆိုးအများအပြား၏ အထွတ်အမြတ်ဖြစ်ပြီး ကုမင်နဲ့ပင် ပလ္လင်လုနိုင်ခဲ့သော ရှုံလွမ်းဟာ ရှန်မို၏ လက်ချက်ဖြင့် ခွေးသေတစ်ကောင်ထက် မပိုသည့် အဖြစ်မျိုးနှင့် သေဆုံးသွားခဲ့ရသည် မဟုတ်ပါလား။
လင်းတုန်းထျန်း၏ အကြည့်များမှာလည်း လုံးဝ ပြောင်းလဲသွားလေ၏။ မြို့တော်၌ ရှိစဉ်တုန်းက သူသည် သူ၏ပါရမီနဲ့ ရှန်မိုကို မကြာမီ ကျော်တက်နိုင်မည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော် ယခုတော့ နှစ်အနည်းငယ်အတွင်းမှာပင် သူတို့နှစ်ဦးကြား ကွာဟချက်မှာ ကျဉ်းမြောင်းမသွားသည့်အပြင် ပို၍ပင် ကျယ်ပြန့်လာခဲ့၏။ ဒီအတိုင်းဆိုလျှင် သူ ရှန်မို၏ အရိပ်ကိုပင် လှမ်းမြင်ရတော့မည် မဟုတ်ချေ။
"မိတ်ဆွေ လင်း"
အသံတစ်ခုကြောင့် လင်းတုန်းထျန်း သတိပြန်ဝင်လာ၏။ သူ လှည့်ကြည့်လိုက်သောအခါ ရှန်မို သူ့ဆီ လျှောက်လာနေသည်။ လင်းတုန်းထျန်း စိတ်ကို ပြန်ထိန်းလိုက်ပြီး ပုံမှန်အတိုင်း ရိုးသားသည့် ပုံစံမျိုးနဲ့ ပြုံးပြလိုက်လေသည်။
"မိတ်ဆွေ ရှန်မို… ကျွန်တော့်ဆီက ဘာများ လိုချင်လို့လဲ"
ရှန်မိုလည်း ပြုံးပြီး ပြန်ကြည့်နေ၏။ လင်းတုန်းထျန်း၏ မျက်လုံးထဲတွင် ခဏတာ ဖြတ်ပြေးသွားသော ထိတ်လန့်မှုကို သူ သတိထားမိလိုက်သည်။ ရှန်မိုမှာ လူတိုင်း၏ရှေ့တွင် သူ့စွမ်းအားကို တမင်ထုတ်ပြလိုက်ခြင်းသည် ထိုသို့ အကျိုးသက်ရောက်မှုမျိုး ရချင်၍လည်း ပါ၏။
"ဝိညာဉ်တော်ဂိုဏ်းမှာ ရုပ်သေးတွေ ဖန်တီးတဲ့ 'အလောင်းပြုပြင်ခြင်းနှင့် ဝိညာဉ်ထိန်းချုပ် ရုပ်သေးပညာရပ်'ဆိုတဲ့ လျှို့ဝှက်ပညာရှိတယ်လို့ ငါ ကြားထားတယ်"
ရှန်မိုက တည်ငြိမ်စွာ ပြောလိုက်၏။
လင်းတုန်းထျန်း ခေတ္တ တွန့်ဆုတ်သွားပြီးမှ ခေါင်းညိတ်လိုက်လေသည်။
"အဲ့ဒါကို ကျွန်တော်လည်း မိတ်ဆွေနဲ့ ဆွေးနွေးမလို့ပါ… ဒီမှာ နတ်ဆိုးဧကရာဇ် အလောင်းတွေ အများကြီး ရှိတယ်လေ… ဒါတွေကို ရုပ်သေးအဖြစ် ပြောင်းလို့ရတယ်… အထူးသဖြင့် ရှုံလွမ်းရဲ့ အလောင်းပေါ့… ပြုပြင်ပြီးသွားရင် ရွှေသရဖူဆောင်း ဧကရာဇ်ရဲ့ စွမ်းအားမျိုး ကျန်နေဦးမှာပါ… ကျွန်တော့်ဂိုဏ်းက ဒီအလောင်းတွေအတွက် အစားထိုးအနေနဲ့ သန့်ရှင်းသော ဝိညာဉ်မျက်လုံးတွေ ပေးဖို့ အသင့်ရှိပါတယ်..."
ရှန်မို ပြုံးလိုက်ပြီး
"ငါက အဲ့ဒီ လျှို့ဝှက်ပညာရပ်ကို လိုချင်တာ"
လင်းတုန်းထျန်း အလွန်တုန်လှုပ်သွားပြီး
"မဖြစ်ဘူး… ဒါက ကျွန်တော်တို့ဂိုဏ်းရဲ့ အသက်သွေးကြော လျှို့ဝှက်ချက်ပဲလေ..."
ရှန်မို လက်ကာပြလိုက်ပြီး
"ငါ ပြောတာ မပြီးသေးဘူး… မလောပါနဲ့ဦး… ငါ တစ်စုံလုံးကို လိုချင်တာ မဟုတ်ပါဘူး… အစိတ်အပိုင်းတစ်ခုပဲ လိုချင်တာ… မင်းတို့ဂိုဏ်းရဲ့ ပညာရပ်က အပိုင်းနှစ်ပိုင်း ရှိတယ်လို့ ငါ ကြားတယ်… ပထမအပိုင်းက အလောင်းပြုပြင်တဲ့ ဆေးနည်း၊ ဒုတိယအပိုင်းက ရုပ်သေးတွေကို ထိန်းချုပ်တဲ့နည်း မဟုတ်လား"
လင်းတုန်းထျန်းမှာ မှင်သက်သွားပြီး ခေါင်းငြိမ့်လိုက်မိ၏။ ရှန်မိုမှာ သူတို့ဂိုဏ်း၏ ပညာရပ်အကြောင်းကို သူကိုယ်တိုင်ထက်ပင် ပိုသိနေလေသည်။
ရှန်မိုမှ ဆက်၍
"ငါက ရုပ်သေးတွေကို ထိန်းချုပ်တဲ့နည်းကိုပဲ လိုချင်တာ"
လင်းတုန်းထျန်း မျက်မှောင်ကြုတ်လိုက်ပြီး
"မဖြစ်ဘူး… ဒီနည်းကိုသာ မိတ်ဆွေ ရှန်မို ရသွားရင် ကျွန်တော်တို့ဂိုဏ်းရဲ့ ရုပ်သေးတွေကိုပါ ထိန်းချုပ်သွားနိုင်မှာပေါ့..."
ရှန်မိုကလည်း
"ဝိညာဉ်ထိန်းချုပ်နည်းဆိုတာ ရုပ်သေးတစ်ကောင်ချင်းစီအတွက် မတူညီဘူးဆိုတာ ငါ သိပြီးသားပါ… အဲ့ဒီလို ဆင်ခြေတွေနဲ့ ငါ့ကို လာမပယ်ပါနဲ့"
လင်းတုန်းထျန်း ဘာမှပြန်မပြောနိုင်တော့ပေ။ ရှန်မိုမှာ အကုန်လုံးကို ကြိုသိနေ၏။ သို့သော် အလောင်းပြုပြင်သည့် နည်းလမ်းမရှိဘဲ ရုပ်သေးလုပ်လျှင် အရည်အသွေး ညံ့ဖျင်းမည်ဟု တွေးလိုက်မိသည်။ ရှန်မို့တွင် တစ်နေရာရာကရထားသော အလောင်းပြုပြင်နည်း အညံ့စားလေးရှိလို့ ကိုယ့်ဘာသာ လုပ်ချင်နေခြင်း ဖြစ်မည်ဟု ထင်သွား၏။
သေချာ စဉ်းစားပြီးနောက် လင်းတုန်းထျန်း ခေါင်းငြိမ့်လိုက်ကာ
"ကောင်းပါပြီ… ဝိညာဉ်ထိန်းချုပ်နည်းကို ပေးဖို့ ကျွန်တော် သဘောတူပါတယ်… ဒါပေမဲ့ အစားထိုးအနေနဲ့ နတ်ဆိုးဧကရာဇ် အလောင်း ငါးလောင်းကိုတော့ ကျွန်တော် လိုချင်ပါတယ်… ဒါမှလည်း ဂိုဏ်းကို ပြန်ပြောလို့ရမှာပါ… ကျွန်တော်က သန့်ရှင်းသောသားတော်အဆင့်ပဲ ရှိသေးတာ… ခေါင်းဆောင် မဟုတ်ဘူးလေ"