← Chapters

ယင် (၉) သွယ် အလောင်းသန့်စင်ဆေးရည်

Vol. 25 Ch. 373

ယင် (၉) သွယ် အလောင်းသန့်စင်ဆေးရည်

Vol. 25 Ch. 373

ရှန်မို ခေါင်းခါလိုက်ပြီး

"မဟုတ်သေးဘူး… ဒါက အရမ်းများလွန်းတယ်။ အလွန်ဆုံးမှ မိစ္ဆာဧကရာဇ် အလောင်းတစ်လောင်းပဲ ပေးနိုင်မယ်"

လင်းတုန်းထျန်းကလည်း ခေါင်းခါလိုက်ပြန်သည်။

"ဒါဆို ဒီလိုလုပ်ရင်ကော… နှစ်ယောက်လုံး အလျှော့အတင်းလုပ်ပြီး မိစ္ဆာဧကရာဇ်အလောင်း လေးလောင်းဆိုရင် ဘယ်လိုလဲ"

ရှန်မို ခေါင်းကို တွင်တွင် ခါယမ်းပြ၏။

သူတို့နှစ်ဦး ဆက်လက်ညှိနှိုင်းကြသည်။

နောက်ဆုံးတွင် ရှန်မိုမှ မိစ္ဆာဧကရာဇ်အလောင်း နှစ်လောင်းနှင့် ရွှေထိပ်တောင် မိစ္ဆာဘုရင်အလောင်း သုံးလောင်းကို ဝိညာဉ်ထိန်းချုပ်နည်းဖြင့် လဲလှယ်ရန် သဘောတူညီမှု ရရှိသွားကြသည်။

ထိုအခါမှ နှစ်ဖက်စလုံး ကျေနပ်သွားကြတော့၏။

ရှန်မို စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် လင်းတုန်းထျန်းတစ်ယောက် မိစ္ဆာအလောင်းများကို ယူဆောင်ကာ အလျင်အမြန် ထွက်ခွာသွားတော့သည်။

ရှန်မို ခပ်ဖျော့ဖျော့ ပြုံးလိုက်မိ၏။

သူသည် ဝိညာဉ်ထိန်းချုပ်နည်းကိုသာ အမှန်တကယ် လိုအပ်နေခြင်းဖြစ်သည်။

အကြောင်းမှာ သူ ပိုမိုကောင်းမွန်သည့် အလောင်းသန့်စင်ဆေးရည်တစ်မျိုးကို ရရှိတော့မည်ဖြစ်သောကြောင့်ပင်။

...

ညဉ့်နက်လာသောအခါ။

ကြီးကျယ်ခမ်းနားသော အောင်ပွဲခံပွဲအပြီးတွင် ကင်းစောင့်နေသည့် ကျင့်ကြံသူအချို့မှလွဲ၍ ကျန်သူအားလုံးသည် နှစ်ခြိုက်စွာ အိပ်မောကျနေကြပြီဖြစ်သည်။

ကျင့်ကြံသူများသည် များသောအားဖြင့် သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ အရက်အရှိန်ကို ဖြေဖျောက်နိုင်ကြသည်။

သို့သော်လည်း မိစ္ဆာများစွာကို သုတ်သင်ပြီးနောက်တွင် အမြဲတစေ နိုးနိုးကြားကြားရှိနေရန် မလိုအပ်တော့ပေ။

တစ်ခါတစ်ရံတွင် အပန်းဖြေရန်နှင့် အဝအသောက်မူးရန်မှာလည်း လိုအပ်ပေသည်။

မှောင်မိုက်နေသည့် ကြားထဲတွင် လူရိပ်တစ်ခုသည် အရှိန်အဟုန်ဖြင့် လှုပ်ရှားနေပြီး ကျယ်ပြောလှသော တောင်တောထဲသို့ ဝင်ရောက်သွားသည်။

သူ၏အရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လှ၏။ ခဏလေးအတွင်းမှာပင် စခန်းထဲမှ ရာနှင့်ချီသော မီတာအကွာအဝေးသို့ ရောက်ရှိသွားသည်။

ထို့အပြင် မည်သည့်လူ သို့မဟုတ် မည်သည့် သားရဲတိရစ္ဆာန်ကိုမျှ သတိမမူမိစေရန် ဆောင်ရွက်နိုင်ခဲ့လေ၏။

သမုဒ္ဒရာထဲသို့ ရေစက်တစ်စက် ပေါင်းစပ်သွားသလို သို့မဟုတ် ညမှောင်မှောင်ထဲတွင် တစ္ဆေတစ်ကောင် ပျော်ဝင်သွားသလိုပင် ဖြစ်နေသည်။

နာရီဝက်ခန့် ကြာပြီးနောက် ထိုလူရိပ်သည် မြေပုံတစ်ခုအနီးတွင် ရပ်တန့်လိုက်သည်။

ပတ်ဝန်းကျင်တွင် ပျက်စီးနေသော အဆောက်အအုံ အကြွင်းအကျန်များ ပြန့်ကျဲနေ၏။

ထိုသူ၏မျက်နှာပေါ်သို့ လရောင်ကျရောက်လာသောအခါတွင်တော့ ရှန်မို မျက်နှာသွင်ပြင်ကို တွေ့မြင်လိုက်ရသည်။

"ဒီနေရာပဲ… ဒါက တစ်ချိန်က မြူနှင်းပြည်နယ်က ဂိုဏ်းတစ်ခုရဲ့ ဂိတ်တံခါးပေါက် ဖြစ်ခဲ့တာ"

"အခုတော့ အပျက်အစီးတွေပဲ ကျန်တော့တယ်"

သူ့ ကံကြမ္မာစနစ်၏ လမ်းညွှန်မှုနောက်သို့ လိုက်ရင်း ရှန်မိုမှာ အပျက်အစီးများကြားမှ မြေအောက်သို့ ဆင်းသွားသည့် လမ်းတစ်ခုကို ရှာတွေ့ခဲ့သည်။

အနည်းငယ် ရှာဖွေပြီးနောက် ကွဲအက်နေသော ကျောက်ပြားတစ်ချပ်ကို အမှန်တကယ် ရှာတွေ့သွားလေ၏။

ကျောက်ပြားပေါ်တွင် ထူးဆန်းပြီး စိတ်ကူးယဉ်ဆန်သော သားရဲပုံများကို ထွင်းထုထားသည်။

ပထမဆုံးကြည့်လိုက်လျှင် ပန်းပုဆရာတစ်ယောက်၏ စိတ်ကူးတည့်ရာ ထွင်းထားသည့် လက်ရာဟု ထင်မှတ်နိုင်သည်။

နတ်ဆိုးများသည်လည်း ယင်းမှာ ဘာမှန်းနားမလည်ခဲ့ကြသဖြင့် မယူသွားခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ထိုအရာမှာ ပါရမီရှင်တစ်ဦး ဖန်တီးခဲ့သည့် အလောင်းသန့်စင်ဆေးရည် နည်းပညာဖြစ်ကြောင်း ရှန်မိုကတော့ သိရှိနေသည်။

လွန်ခဲ့သော နှစ်ပေါင်းရာချီက ဝိညာဉ်တော်ဂိုဏ်းတွင် အလောင်းသန့်စင်ခြင်းပညာ၌ ထူးကဲသော ပါရမီရှင်တစ်ဦး ပေါ်ထွက်ခဲ့ဖူးသည်။

သို့သော် သူသည် ဂိုဏ်း၏ အစဉ်အလာအရ ဆင်းသက်လာသည့် မျိုးနွယ်စုမှ မဟုတ်ဘဲ အခြားအုပ်စုမှ ဖြစ်နေ၏။

ထို့ကြောင့်ပင် ထိုပါရမီရှင်သည် မူလအုပ်စု၏ ဖယ်ကြဉ်ခြင်းကို မကြာခဏ ခံခဲ့ရသည်။

နောက်ဆုံးတွင် အရှက်ရမှုကို မခံမရပ်နိုင်တော့သဖြင့် သူသည် မိစ္ဆာသားရဲတစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့်ပုံစံဖြင့် ဟန်ဆောင်ကာ ဝိညာဉ်တော်ဂိုဏ်းမှ ထွက်ပြေးခဲ့သည်။

ထိုပါရမီရှင်သည် တောင်ဘက်သို့ ခရီးနှင်ခဲ့ပြီး နောက်ဆုံးတွင် မူပြည်နယ်တွင် အခြေချကာ တဖြည်းဖြည်း အင်အားတောင့်တင်းလာခဲ့လေ၏။

သူ၏ ပါရမီကြောင့်ပင် ဒေသတွင်းဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ငယ်လည်း ဖြစ်လာခဲ့သည်။

ဤအလောင်းသန့်စင်ဆေးရည် ဖော်မြူလာသည် သူ၏ မရေမတွက်နိုင်သော နေ့ရက်များနှင့် ညပေါင်းများစွာ စမ်းသပ်မှုများ၏ ရလဒ်ပင်။

သူသည် ထိုဆေးကို ယင် (၉) သွယ် အလောင်းသန့်စင်ဆေးရည်ဟု အမည်ပေးခဲ့သည်။

ဤဆေးရည်သည် လက်ရှိ ဝိညာဉ်တော်ဂိုဏ်းတွင် အသုံးပြုနေသော မည်သည့်ဆေးရည်ထက်မဆို ပိုမိုပြည့်စုံပြီး သာလွန်ကောင်းမွန်နေ၏။

ဤသို့ ပြုလုပ်ထားသော နောက်ဆုံးရလဒ်ဖြစ်သည့် ရုပ်သေးရုပ်သည် သွေးစွမ်းအင် ဆုံးရှုံးမှု အနည်းဆုံးဖြစ်သည်။

ဆိုလိုသည်မှာ ထိုရုပ်သေးရုပ်သည် သက်ရှိထင်ရှားရှိစဉ်က ပိုင်ဆိုင်ခဲ့သော အင်အားအစွမ်းကုန်ကို ထိန်းထားနိုင်ခြင်းပင်။

ဝိညာဉ်တော်ဂိုဏ်းသည် သူတို့၏ အလောင်းသန့်စင်ဆေးရည်ကို အဆင့်မြှင့်တင်ရန် နှစ်ပေါင်းတစ်ထောင်ကျော် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် သူတို့ ကိုယ်တိုင် နှင်ထုတ်ခဲ့သည့် ပါရမီရှင်ကသာ အောင်မြင်သွားခဲ့ခြင်းဖြစ်သည်။

ထိုအရာကို သူ့ကို နှင်ထုတ်ခဲ့သူများသာ သိရှိသွားပါက နောင်တရကြမည်မှာ အသေအချာပင်။

သို့သော်လည်း ထိုတစ်မူထူးခြားသော ပါရမီရှင်သည် သမိုင်းဘီး၏ လည်ပတ်မှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။

သူသည် မိစ္ဆာဧကရာဇ် ကုမင်၏ လက်ချက်ဖြင့် ကွယ်လွန်ခဲ့ရ၏။

ရှန်မိုမှာ ရှေးယခင်က ပါရမီရှင်အား ဂါရဝပြုသည့်အနေဖြင့် ကျောက်ပြားကို မယူမီ အနည်းငယ် ဦးညွှတ်လိုက်သည်။

ဤအခွင့်အရေးသည် အပျက်အစီးများ၏ နက်ရှိုင်းသော နေရာတွင် မြှုပ်နှံနေခဲ့ခြင်းဖြစ်လေသည်။

အကယ်၍ သူသာ စောစောစီးစီး လာရှာခဲ့လျှင် ရှာတွေ့ရန် အလွန်ခက်ခဲပေလိမ့်မည်။

သို့သော် ယခုအခါ ရှုံလွမ်းနှင့် အခြားသော မိစ္ဆာဧကရာဇ်များ၊ လူသားကျင့်ကြံသူများအကြား တိုက်ပွဲများကြောင့် ပတ်ဝန်းကျင်၏ မြေမျက်နှာသွင်ပြင်မှာ ပြောင်းလဲသွားခဲ့ပြီး မကြာခဏ ငလျင်ငယ်လေးများ လှုပ်ခတ်ခဲ့သေးသည်။

ထိူ့ကြောင့် ကျောက်ပြားကို အပျက်အစီးများကြားမှ ပေါ်ထွက်လာစေခဲ့ပြီး ရှာဖွေတွေ့ရှိနိုင်စေခဲ့ခြင်း ဖြစ်ပါသည်။

လင်းတုန်းထျန်း၏ မကြာသေးမီက အခွင့်အရေးများအရ သူသည် နောက်ထပ် နှစ်ရက်အကြာတွင် ခန့်ညားသော အမျိုးသားတစ်ဦးနှင့်အတူ ဓားသိုင်းအကြောင်း ဆွေးနွေးရင်း ဤနေရာသို့ ရောက်လာမည်ဖြစ်သည်။

စကားကောင်းနေကြစဉ် အပျက်အစီးများ၏ ဝင်ပေါက်ကို မတော်တဆ ရှာတွေ့သွားပြီး နောက်ဆုံးတွင် ဤကျောက်ပြားကို တွေ့ရှိကာ ဝိညာဉ်တော်ဂိုဏ်းသို့ ပြန်လည်ယူဆောင်သွားကြမည် ဖြစ်လေ၏။

သို့သော် ယခုအခါတွင်မူ ၎င်းသည် ရှန်မို၏ လက်ထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။

"ဒါရှိပြီဆိုတော့ ငါနောက်ဆုံးမှာ ရုပ်သေးရုပ်တွေကို သန့်စင်လို့ ရပြီပေါ့"

ရှန်မို ပြုံးလိုက်မိသည်။

ဝက်ဝံမိစ္ဆာများ၏ အလောင်းများသည် ထူးထူးခြားခြား သန်မာလှသဖြင့် ရုပ်သေးရုပ်များ သန့်စင်ရန်အတွက် အသင့်တော်ဆုံး ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။

ကုမင်ပြီးလျှင် ဒုတိယအင်အားအကြီးဆုံးဖြစ်သည့် ရှုံလွမ်းသည် ရှန်မိုကို မယှဉ်နိုင်ခဲ့သော်လည်း သူ၏ခန္ဓာကိုယ်မှာ ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လှသည်။

သန့်စင်ပြီးသွားပါက အရေးကြီးသော အချိန်များတွင် အားကိုးရမည့် အရာတစ်ခု ဖြစ်လာမည်မှာ သေချာသည်။

အသုံးမဝင်လှဘူးဆိုလျှင်ပင် အသက်အန္တရာယ်ကို ကာကွယ်ပေးမည့် အသားဒိုင်းအဖြစ် အသုံးပြုနိုင်လေ၏။

ကျောက်ပြားကို ရရှိပြီးနောက် ရှန်မို အလျင်အမြန် ထွက်ခွာခဲ့ပြီး လူသူကင်းဝေးသော နေရာတစ်ခုကို ရှာဖွေခဲ့သည်။ သူသည် နက်ရှိုင်းသော ကျင်းတစ်ခုကို လွယ်လင့်တကူ တူးလိုက်ပြီး ဆေးရည်ကို စတင်ပြင်ဆင်တော့သည်။

အလောင်းသန့်စင်ဆေးရည်အတွက် လိုအပ်သော ပါဝင်ပစ္စည်း အများစုမှာ ရှာဖွေရန် မခက်ခဲပေ။ ရှားပါးသော ပစ္စည်းများအတွက်မူ ရှန်မို၏ လက်ရှိအဆင့်အတန်းအရ သူတောင်းဆိုလိုက်ရုံနှင့် တစ်စုံတစ်ယောက်က လိုလိုလားလား လာရောက်ပေးပို့ကြမည်ဖြစ်သည်။

ထို့ကြောင့် ရှန်မို ဆေးရည်အတွက် လိုအပ်သော ပစ္စည်းအားလုံးကို မကြာမီပင် စုဆောင်းနိုင်ခဲ့သည်။ ထို့နောက် ရှုံလွမ်း၏ အလောင်းကို ဆေးရည်ထဲသို့ နှစ်မြှုပ်လိုက်ပြီး သန့်စင်ခြင်းလုပ်ငန်းစဉ်ကို စတင်လိုက်သည်။

အလောင်းသန့်စင်ခြင်း လုပ်ငန်းစဉ်မှာ နှေးကွေးလှ၏။

အလောင်းသည် ဆေးရည်ကို အပြည့်အဝ စုပ်ယူနိုင်ရန် အနည်းဆုံး ခြောက်လခန့် ကြာမြင့်မည်ဖြစ်သည်။

သို့သော်လည်း ဤတိုက်ပွဲအပြီးတွင် နတ်ဆိုးများနှင့် လူသားများ နှစ်ဖက်စလုံး အထိအခိုက် အကျအဆုံး များပြားခဲ့သည်။

နတ်ဆိုးများဘက်က ပို၍ပင် အထိနာခဲ့၏။

အကြောင်းမှာ မျိုးနွယ်စုများစွာ ဖျက်ဆီးခံခဲ့ရပြီး အနီးနားရှိ အရင်းအမြစ်များလည်း လုယက်ခံခဲ့ရသောကြောင့် ဖြစ်လေသည်။

ကုမင်အနေဖြင့် နတ်ဆိုး သန်းပေါင်းများစွာကို တစ်ဖန်ပြန်လည် စုစည်းရန်အတွက် နတ်ဆိုးတစ်သောင်းနိုင်ငံတော်၏ ဗဟိုချက်မှ အင်အားစုများကို စုစည်းရမည်ဖြစ်သည်။

ရိက္ခာများအတွက်လည်း အဓိကနယ်မြေများမှ သယ်ယူပို့ဆောင်ရမည်ဖြစ်၏။

ယင်းက နတ်ဆိုးတစ်သောင်းနိုင်ငံတော်၏ မြောက်ပိုင်းစစ်ဆင်ရေးကို နှောင့်နှေးသွားစေမည်မှာ သေချာလေသည်။

ထို့ကြောင့် ရှန်မို့အနေဖြင့် ထိုခြောက်လကို စောင့်ဆိုင်းရန် အချိန်ရသွားခြင်း ဖြစ်လေ၏။

...

နတ်ဆိုးတစ်သောင်းနိုင်ငံတော်၊ မြို့တော်။

အကြီးဆုံးမင်းသား 'ဟုယုံ' နှင့် မင်းသား (၃) 'ရှုအန်း' တို့သည် မြို့ပြင်သို့ နတ်ဆိုးအုပ်စုကြီးကို ဦးဆောင်ကာ ထွက်လာပြီး ပြန်လည်ရောက်ရှိလာသော စစ်တပ်ကို ကြိုဆိုနေကြသည်။

ကုမင် မရောက်လာသေးသော်လည်း သူတို့ မြေပေါ်တွင် ဝပ်စင်းနေကြပြီး မည်သူမျှ မတ်တပ်မရပ်ရဲကြချေ။

အတန်ကြာပြီးနောက် မြေပြင်သည် အနည်းငယ် တုန်ခါလာ၏။

နတ်ဆိုးများ မော့ကြည့်လိုက်ကြသည်။

သေချာပေါက်ပင် တောင်ဘက် မိုးကုပ်စက်ဝိုင်းတွင် အနက်ရောင် မျဉ်းတစ်ကြောင်း ပေါ်လာပြီး တဖြည်းဖြည်း ကြီးမားလာကာ မရေမတွက်နိုင်သော နတ်ဆိုးများ၏ ပုံရိပ်များ ပေါ်ထွက်လာသည်။

ယင်းမှာ အောင်ပွဲခံ၍ ပြန်လာသော ပင်မစစ်တပ်ကြီးပင် ဖြစ်သည်။

စစ်တပ်၏ ရှေ့ဆုံးမှ ဧကရာဇ်ရထားလုံးပေါ်တွင် ရွှေအိုရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ရပ်နေ၏။

သူ့ထံမှ ထွက်ပေါ်နေသော လွှမ်းမိုးနိုင်စွမ်းရှိသည့် အရှိန်အဝါမှာ လူတိုင်းကို ဒူးထောက်အရှုံးပေးစေချင်စိတ် ပေါက်လာစေသည်။

သစ္စာဖောက်များစွာမှာ ကုမင်၏ ဘုရင်တစ်ပါးကဲ့သို့ ခန့်ညားမှုကို အဝေးမှ လှမ်းမြင်ရုံဖြင့် လက်နက်ချခဲ့ကြခြင်း ဖြစ်၏။

ပင်မစစ်တပ်ကြီး မရောက်လာမီကပင် အောင်ပွဲခံသံများနှင့် စိတ်လှုပ်ရှားသံများကို ကြားနေရသည်။

ဟုယုံနှင့် ရှုအန်းတို့မှာ တောင်ပင်လယ်ဘုရင်၏ ပုံဆောင်ခဲ ပလ္လင်ကိုပင် တူးဖော်၍ သယ်ဆောင်လာသည်ကို မြင်တွေ့လိုက်ရသည်။

တောင်ပင်လယ်တိုက်ပွဲသည် များစွာသော အောင်မြင်မှုများကို ရရှိခဲ့သည်မှာ ထင်ရှားလှ၏။

သို့သော် သူတို့ မပြုံးနိုင်ကြပေ။

အကြောင်းမှာ သူတို့သည် မြောက်ပိုင်းစစ်မျက်နှာမှ ဆိုးရွားလှသော အစီရင်ခံစာကို ကုမင်ထံ တင်ပြရမည် ဖြစ်သောကြောင့်ပင်။

မကြာမီပင် စစ်တပ်သည် စုဝေးနေသော နတ်ဆိုးများရှေ့သို့ ရောက်ရှိလာသည်။

ကုမင်မှာ ဧကရာဇ်ရထားလုံးပေါ်တွင် ရပ်လျက် ဟုယုံ၊ ရှုအန်းနှင့် အခြားသူများကို ငုံ့ကြည့်လိုက်သည်။

သူက ပြုံးပြီး

"ဘာလို့ ဒူးထောက်နေကြတုန်းလဲ…ထကြ"

ဟုယုံနှင့် ရှုအန်းတို့ စကားမပြောရဲကြပေ။

ခဏအကြာတွင် ဟုယုံက ရိုသေစွာဖြင့်

"ခမည်းတော်… ဒါက မြောက်ပိုင်းစစ်မျက်နှာက အစီရင်ခံစာပါ"

ထို့နောက် အစီရင်ခံစာကို လက်နှစ်ဖက်ဖြင့် ဆက်သလိုက်၏။

ကုမင် မျက်လုံးများ လှုပ်ခတ်သွားသည်။

တစ်စုံတစ်ခု မှားယွင်းနေပြီဟု သူ ဗီဇအရ ခံစားလိုက်ရသည်။

ကုမင်မှာ အစီရင်ခံစာကို ဖြန့်လိုက်ပြီး ပါဝင်သည့် အကြောင်းအရာများကို အမြန်ကြည့်လိုက်၏။

ယဲ့ယန်သည် ကုမင််၏ ဘေးတွင် ရပ်နေပြီး အစီရင်ခံစာကို ချောင်းမကြည့်ရဲပေ။

သို့သော် သူ၏ ထက်မြက်သော အာရုံခံစားမှုကြောင့် ပတ်ဝန်းကျင် အခြေအနေ ပြောင်းလဲသွားသည်ကိုတော့ ချက်ချင်း သိလိုက်သည်။

ကုမင်တစ်ယောက် သူ၏လက်ကို ပေါ့ပေါ့ပါးပါးပင် ဆုပ်လိုက်ရာ နီရဲသော မီးတောက်များ ထွက်ပေါ်လာပြီး အစီရင်ခံစာကို ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲပစ်လိုက်သည်။

သူ၏ မျက်နှာအမူအရာမှာ ရွှေအိုရောင် ချပ်ဝတ်တန်ဆာအောက်တွင် ဖုံးကွယ်နေသဖြင့် ခန့်မှန်းရခက်လှ၏။

သို့သော် သူ၏ နီရဲသော မျက်လုံးများမှ ထွက်ပေါ်လာသည့် အေးစက်စက် အကြည့်မှာမူ ထင်ရှားလှသည်။

ဟုယုံ၊ ရှုအန်းနှင့် အခြားသော မိစ္ဆာများသည်လည်း နက်ရှိုင်းသော ကြောက်ရွံ့မှုကို ခံစားလိုက်ရတော့သည်။

All Chapters