← Chapters

ဧကရာဇ်၏အမိန့်ကို စောင့်ဆိုင်းခြင်း

Vol. 25 Ch. 374

ဧကရာဇ်၏အမိန့်ကို စောင့်ဆိုင်းခြင်း

Vol. 25 Ch. 374

"ရှုံလွမ်းနဲ့ ယင်းထီတို့ဟာ ငါ့ရဲ့အမိန့်ကို ဖီဆန်ပြီး ဂုဏ်သိက္ခာကို အငမ်းမရ ရှာဖွေခဲ့ကြလို့ မြူခိုးပြည်နယ် နယ်နိမိတ်အတွင်းမှာပဲ အသက်ပျောက်ခဲ့ကြပြီ"

"ငါတို့ နတ်ဆိုးနိုင်ငံတော်ရဲ့ မြောက်ဘက်ဒေသမှာ အကြီးဆုံးဖြစ်တဲ့ မျိုးနွယ်စုကြီးတောင် အကုန်လုံး အသတ်ခံလိုက်ရပြီပေါ့"

"ကောင်းပါတယ်… ငါ့ရဲ့အမိန့်တွေက ဘာမှ အရာမထင်တော့ဘူးပဲ… မင်းတို့တွေ နာခံမှုရှိအောင်တောင် မစွမ်းဆောင်နိုင်တော့ဘူးထင်တယ်"

ကုမင်၏ စကားသံများသည် အေးစက်တည်ငြိမ်နေပြီး လေသံမှာ အတက်အကျမရှိဘဲ မှန်မှန်ပင် ထွက်ပေါ်လာ၏။ သို့သော် သူ ပို၍တည်ငြိမ်နေလေလေ၊ သူ၏အတွင်းစိတ်ထဲ၌ ဒေါသများ မည်မျှအထိ တောက်လောင်နေသည်ကို ပို၍သိသာစေလေဖြစ်သည်။ သူ အကြိမ်ကြိမ် အလေးပေး မှာကြားထားသော အမိန့်တော်များကို ရှုံလွမ်းနှင့် ယင်းထီကဲ့သို့သော နတ်ဆိုးဘုရင်များကပင် လေထဲကတီးတိုးစကားကဲ့သို့ သဘောထားကာ လျစ်လျူရှုခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ပေါ့ဆမှုကြောင့် ဝက်ဝံမျိုးနွယ်စုကြီးတစ်ခုလုံး ပျက်စီးသွားခဲ့ရသည်။ အရင်က အလတ်စားနှင့် အသေးစားမျိုးနွယ်စုများ ဆုံးရှုံးခဲ့ရခြင်းမှာ ငါးစာအဖြစ် စတေးခဲ့ခြင်းဖြစ်၍ သည်းခံနိုင်သော်လည်း၊ ယခုပျက်စီးသွားသော မျိုးနွယ်စုမှာမူ စစ်တပ်နှင့် ရိက္ခာများအတွက် အချက်အချာကျသော ဗဟိုဌာနအဖြစ် သူရည်ရွယ်ထားသော နေရာဖြစ်နေ၏။ ယခုအခါ မျိုးနွယ်စုမှာ အသတ်ခံရပြီး အရင်းအမြစ်များပါ အလုခံလိုက်ရသဖြင့် အရာအားလုံးကို အစမှပြန်စရတော့မည်။ ၎င်းမှာ သူ လုံးဝသည်းမခံနိုင်သော အရာပင်ဖြစ်လေ၏။

ဟူယုံနှင့် ရှုံအန်းတို့သည် ခေါင်းကိုငုံ့ထားကြပြီး ဘာမှမပြောရဲကြချေ။ ဤကဲ့သို့သောအချိန်တွင် မည်သူမဆို စကားမှားပြောမိပါက ဘေးဒုက္ခနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ သို့သော် ယဲ့ယန်၏စိတ်ထဲ၌မူ အတွေးများ မြန်မြန်ဆန်ဆန် လည်ပတ်နေသည်။ ဤသည်မှာ သူ့အတွက် ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်လာနိုင်၏။ အကယ်၍ ဤအခွင့်အရေးကို ဆုပ်ကိုင်နိုင်ပါက နောင်တစ်ချိန်တွင် နတ်ဆိုးနိုင်ငံတော်၏ သူရဲကောင်းတစ်ဦး ဖြစ်လာနိုင်ပေသည်။

ထိုသို့တွေးမိသည်နှင့် သူသည် ချက်ချင်း ရှေ့သို့တိုးလိုက်ပြီး အလေးအနက် ဦးညွှတ်ကာ လျှောက်တင်လိုက်သည်။

"ခမည်းတော်ဧကရာဇ်… ကျွန်တော်မျိုး ဒီကိစ္စကို တာဝန်ယူပါရစေ… မျိုးနွယ်စုကို ချက်ချင်း ပြန်လည်တည်ဆောက်ပြီး အရှင်မင်းကြီးအတွက် ရိက္ခာနဲ့ စစ်တပ် အချက်အချာနေရာသစ်တစ်ခုကို တည်ဆောက်ပေးပါ့မယ်"

ဟူယုံနှင့် ရှုံအန်းတို့မှာ မှင်သက်သွားကြ၏။ သူတို့ ယဲ့ယန်ကို ကြည့်လိုက်သော အကြည့်များမှာလည်း သိသိသာသာ ပြောင်းလဲသွားသည်။

'ညီတော်... မင်းကတော့ တကယ်ကို သတ္တိရှိတာပဲ'

သူတို့စိတ်ထဲမှ တွေးနေမိ၏။

ကုမင်သည်လည်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ရှုံလွမ်း သေဆုံးမှုနှင့် ဝက်ဝံမျိုးနွယ်စုကြီး ပျက်စီးသွားမှုသည် ဝက်ဝံမျိုးနွယ်အတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်။ ကျန်ရှိနေသော ကျား၊ ခြင်္သေ့၊ ဆင်နှင့် ဝံပုလွေ စသည့် မျိုးနွယ်စုကြီးများတွင်မူ တစ်ချိန်က သူ့ကိုတောင် နတ်ဆိုးဧကရာဇ်ပလ္လင်အတွက် ယှဉ်ပြိုင်ခဲ့ဖူးသော ထိပ်တန်းနတ်ဆိုးဘုရင် အများအပြား ကျန်ရှိနေသေးသည်။ ဝက်ဝံမျိုးနွယ်စု အားနည်းသွားသည်နှင့် ထိုမျိုးနွယ်စုကြီးများသည် ဝက်ဝံမျိုးနွယ်တို့ စွန့်လွှတ်လိုက်ရသော အာဏာလစ်လပ်မှုအား အခွင့်ကောင်းယူကာ နယ်မြေလုလာကြမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

နတ်ဆိုးမျိုးနွယ်စု၏ ဧကရာဇ်တစ်ဦးအနေဖြင့် ကုမင်သည် အင်အားမျှခြေကို ထိန်းညှိရမည်ဖြစ်၏။ ထို့ကြောင့် သူ မူလက ဤတာဝန်ကို ရှုံအန်းအား လွှဲပေးရန် စဉ်းစားထားခဲ့ခြင်းဖြစ်သည်။ ရှုံအန်းကို ဤအခွင့်အရေးရစေခြင်းဖြင့် ဝက်ဝံမျိုးနွယ်စု၏ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ပေးရန်နှင့် တခြားမျိုးနွယ်စုကြီးများ၏ အင်အားကို ထိန်းညှိရန်ဖြစ်သည်။ သို့သော် ယဲ့ယန်မှ သူ့ကိုယ်သူ အမည်စာရင်း တင်သွင်းလာသောအခါ သူ့တွင် အတွေးသစ်တစ်ခု ပေါ်လာပြန်သည်။ နတ်ဆိုးနိုင်ငံတော်အတွင်း လက်နက်ချလာသော လူသားများသည်လည်း လျစ်လျူရှု၍မရသော အင်အားတစ်ခုဖြစ်ရာ ၎င်းတို့ကို အသုံးပြု၍ အင်အားကြီးမျိုးနွယ်စုများကို ပြန်လည်ထိန်းချုပ်စေနိုင်သည်။

"ကောင်းပြီ… မင်းကိုပဲ ဒီတာဝန်ကို ပေးမယ်"

ကုမင်မှ မည်သူမျှ မငြင်းဆန်နိုင်သော ပြတ်သားသည့် လေသံဖြင့် အမိန့်ပေးလိုက်သည်။ ယဲ့ယန်ကလည်း

"အမိန့်တော်အတိုင်းပါ”

သူ လေးနက်စွာ ပြန်လည်ဖြေကြားခဲ့၏။

"အရှင်မင်းကြီး… နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိပါသေးတယ်"

ဟူယုံမှ ရုတ်တရက် ဝင်ရောက်လျှောက်တင်သည်။

"ပြောစမ်း"

ဟူယုံ အလေးအနက် လေသံဖြင့်

"အရင်က ကောင်းကင်တစ္ဆေမျိုးနွယ်ကို လိုက်လံနှိမ်နင်းရာမှာ ပါဝင်ခဲ့တဲ့ နတ်ဆိုးဘုရင် အများအပြားဟာ မကြာသေးခင် နှစ်တွေအတွင်းမှာ ထူးဆန်းစွာ ပျောက်ကွယ်သွားတာ ဒါမှမဟုတ် တောထဲမှာ အသေပြန်တွေ့တာမျိုးတွေ ဖြစ်နေပါတယ်… ကောင်းကင်တစ္ဆေမျိုးနွယ်ရဲ့ နောက်ဆုံးမျိုးဆက် ပြန်ပေါ်လာပြီလို့ ကျွန်တော်မျိုး သံသယရှိပါတယ်"

ကုမင်၏ နီရဲသော မျက်လုံးများထဲ၌ အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"ငါ မှတ်မိပြီ… တစ္ဆေဘုရင်ရဲ့ ပျောက်ဆုံးနေတဲ့ သမီးပဲ… သူ့ကို ရှာပြီး သတ်ပစ်လိုက်… ငါ့ရဲ့ အစီအစဉ်တွေကို နှောင့်ယှက်မယ့် ဘယ်အရာကိုမှ ငါ သည်းမခံနိုင်ဘူး"

ဟူယုံမှ ရိုသေသေ ပြန်လည်လျှောက်တင်သည်။

"နားလည်ပါပြီ"

ကုမင် ခပ်အေးအေးပင် ဆက်ပြော၏။

"ငါ မင်းတို့ကို သုံးနှစ် အချိန်ပေးမယ်… သုံးနှစ်အတွင်းမှာ မျိုးနွယ်စုသစ်ကို တည်ဆောက်ရမယ်… တစ္ဆေဘုရင်ရဲ့ သမီးကိုလည်း သတ်ရမယ်… ငါကတော့ သွေးနတ်ဘုရား သိုလှောင်ရုံက ရလာတဲ့ အကျိုးအမြတ်တွေကို အသုံးချနိုင်ဖို့ သုံးနှစ်ကြာ ကျင့်ကြံခြင်း ဝင်နေမယ်"

"အမိန့်တော်အတိုင်းပါ"

မင်းသားများက တညီတညွတ်တည်း ဖြေကြားကြ၏။

မင်းသားများ ထွက်သွားပြီးနောက် ကုမင်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ နဂါးသွေးကိုယ်ရံတော်များအားလုံး ချက်ချင်းပင် ထွက်ခွာသွားကြသည်။ ခမ်းနားထည်ဝါသော ခန်းမကြီးထဲတွင် ကုမင်နှင့် နဂါးသွေးကိုယ်ရံတော်ခေါင်းဆောင်သာ ကျန်ရစ်တော့သည်။

"အစီအစဉ်တွေ ဘယ်လိုရှိလဲ?"

ကုမင်မှ တည်ငြိမ်စွာ မေးလိုက်သည်။

ကိုယ်ရံတော်ခေါင်းဆောင်သည်

"ပစ္စည်းတွေကို သတ်မှတ်ထားတဲ့ နေရာအားလုံးကို ပို့ပေးပြီးပါပြီ… နတ်ဆိုးနယ်မြေ ဖန်တီးဖို့ အရှင်မင်းကြီးရဲ့ အမိန့်ကိုပဲ စောင့်နေပါတယ်"

ကုမင် ခေါင်းညိတ်လိုက်ပြီး

"မလောပါနဲ့ဦး… အခုက အကောင်းဆုံး အချိန်မဟုတ်သေးဘူး… ကဲ… မင်း ထွက်သွားလို့ ရပြီ"

...

ကျင်းနိုင်ငံ မြို့တော်၊ နန်းတော်။

ကျင်းဧကရာဇ်သည် တိတ်ဆိတ်စွာ ရပ်နေဆဲပင်။ သို့သော် သူ၏မျက်နှာထားမှာမူ လုံးဝ တည်ငြိမ်မနေချေ။ အခန်းထောင့်၌မူ အရိပ်တစ်ခုကဲ့သို့ လူတစ်ယောက်က တိတ်ဆိတ်စွာ ဒူးထောက်နေ၏။

သူသည် အရိပ်အစောင့်တပ်ဖွဲ့ဆီက တင်ပြချက်ကို အခုလေးတင် ကြားသိခဲ့ရခြင်းဖြစ်သည်။ ဂုဏ်သိက္ခာကို လိုချင်ဇောဖြင့် ဇွတ်အတင်း တိုးဝင်သွားသော နန်းတွင်းရေတပ်သည် ရှုံလွမ်း၊ ယင်းထီနှင့် တခြားနတ်ဆိုးများ၏ ထောင်ချောက်ထဲသို့ တိုးဝင်သွားခဲ့ပြီး ကျင့်ကြံသူ အများအပြား အသတ်ခံရကာ ဒဏ်ရာများ အပြင်းအထန် ရခဲ့ကြသည်။ စစ်သေနာပတိ ကျီချွမ်သည်လည်း တပ်ဆုတ်နိုင်ရန်အတွက် အသက်စွန့်ကာကွယ်ပေးရင်း တိုက်ပွဲ၌ ကျဆုံးသွားခဲ့ရပြီ။ တိမ်တောင်သင်္ဘော ဆယ်စင်းအနက် လေးစင်းသာ ကျန်ရှိတော့သဖြင့် ဤသည်မှာ အကြီးအကျယ် ရှုံးနိမ့်မှုပင် ဖြစ်လေသည်။

ပို၍ဆိုးသည်မှာ ရှုံလွမ်း၊ ယင်းထီနှင့် တခြားနတ်ဆိုးဘုရင်များ အောင်ပွဲခံပြီး လိုက်လာစဉ် ရှန်မို သူတို့အားလုံးကို သတ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။ နတ်ဆိုးနိုင်ငံတော်၏ စစ်အင်အားမှာ ကြီးမားသော ထိုးနှက်ချက် ရသွားသဖြင့် ခေတ္တ ပြန်လည်အနားယူနေရသည်။ ထိုသို့သော အောင်မြင်မှုကြောင့် ရှန်မို၏ ဂုဏ်သတင်းမှာ ဂိုဏ်းအသီးသီးကြားတွင် အံ့ဩစရာကောင်းလောက်အောင် မြင့်တက်သွားခဲ့သည်။ အချို့ကမူ ရှန်မိုသည်သာ ဤအတိုင်း ဆက်လက်အစွမ်းထက်လာပါက နောင်တစ်ချိန်တွင် ကုမင်ကိုတောင် ရင်ဆိုင်သတ်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။ နန်းတွင်း၌ပင် ရှန်မိုကို မဆန့်ကျင်သင့်တော့ကြောင်း၊ သူ့ကို သိမ်းသွင်းရန် သို့မဟုတ် အနည်းဆုံးတော့ ရန်မဖြစ်ရန် ဆွေးနွေးနေကြပြီ ဖြစ်၏။

ကျင်းဧကရာဇ်၏ စိတ်ခံစားချက်မှာမူ အောက်ဆုံးသို့ ထိုးကျနေလေသည်။

"အရှင်မင်းကြီး… ကျီချွမ်ရဲ့ မိသားစုကို ဘယ်လိုကိုင်တွယ်ရမလဲ”

အရိပ်အစောင့်က တီးတိုးမေးမြန်းသည်။

ဧကရာဇ်၏ မျက်လုံးများထဲ၌ အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် ကျီချွမ်ကို အလွန်မျှော်လင့်ထားခဲ့၍သာ ရေတပ်သေနာပတိအဖြစ် ပြန်လည်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ နတ်ဆိုးနိုင်ငံတော် ပြိုလဲတော့မည့်အချိန်တွင် ဤရေတပ်သည် နတ်ဆိုးများကို နှိမ်နင်းရုံသာမက ဂိုဏ်းများကိုပါ ထိန်းချုပ်ရန် လက်နက်တစ်ခုအဖြစ် သူ အသုံးချချင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ အရာအားလုံး ပျက်စီးသွားလေပြီ။ နန်းတွင်းက မွေးမြူထားသော ကျင့်ကြံသူ အများစု သေဆုံးကုန်ပြီး ကျန်ရှိနေသောသူများမှာလည်း ဒဏ်ရာများ အပြင်းအထန် ရနေကြသည်။ သူ၏ညီတော် ကျင်းမင်းသားမှာလည်း သူတစ်ပါး အလေးထားရလောက်သည့် အစွမ်းမရှိချေ။

ယခုအခါတွင် ထိုကျင့်ကြံသူများသည် ဂိုဏ်းများ၏ အမိန့်ကိုသာ နာခံရတော့မည် ဖြစ်သည်။ သူ၏အစီအစဉ်များ ထပ်မံ၍ ကျရှုံးခဲ့ရပြန်ပြီ။

"ကျီချွမ်... ကျီချွမ်... မင်းကတော့ ငါ့ကို တစ်ခါလောက်တောင် စိတ်ချမ်းသာအောင် မလုပ်ပေးနိုင်ဘူးပဲ"

"သူတို့မိသားစုကို ဟန်ပြည်နယ်ကို ပြည်နှင်ဒဏ်ပေးလိုက်"

ဧကရာဇ်မှ အေးစက်စွာ အမိန့်ပေးသည်။

"ပြီးတော့ ရှန်မိုရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်ပါ… သူ့ရဲ့ လုပ်ရပ်မှန်သမျှကို ငါ သိချင်တယ်"

အရိပ်အစောင့်က တွန့်ဆုတ်နေပြီး

"အရှင်မင်းကြီး… ရှန်မိုရဲ့ စွမ်းအားက ကြီးမားလွန်းပါတယ်… ကျွန်တော်မျိုးတို့ စောင့်ကြည့်ဖို့ မလွယ်ပါဘူး… ခေါင်းဆောင်ကိုပဲ ပါဝင်ခိုင်းရပါလိမ့်မယ်… ဒါပေမဲ့ ခေါင်းဆောင်က အခု အနောက်ပင်လယ်မှာ ရောက်နေပါတယ်"

ဧကရာဇ် တည်ငြိမ်စွာဖြင့်

"အနောက်ပင်လယ်ဘုရင်ကိစ္စကို ခဏထားလိုက်… သူ့ကို ရှန်မိုဆီမှာပဲ အမြဲ အာရုံစိုက်ခိုင်းပါ"

အရိပ်အစောင့်သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ္ဆေတစ်ကောင်ကဲ့သို့ ပျောက်ကွယ်သွားပါတော့၏။

...

အနောက်ပင်လယ်၊ နဂါးနန်းတော်ဆီမှ ပြင်းထန်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

"မင်းတို့ တောင်ပင်လယ်ဘုရင်နဲ့ သူ့လူတွေကို ဖမ်းဖို့ ကျရှုံးခဲ့တယ်ပေါ့… ဘာတွေ လုပ်နေကြတာလဲ”

ကြောက်စရာကောင်းသော လှိုင်းလုံးကြီးများသည် ကမ်းခြေကို ရိုက်ခတ်နေသည်။ ကြည်လင်နေသော ကောင်းကင်နှင့် ငြိမ်သက်နေသော ပင်လယ်ပြင်မှာ ယခုတော့ ပြင်းထန်သော မုန်တိုင်းအဖြစ် ပြောင်းလဲသွားလေပြီ… တံငါလှေများ မှောက်ကုန်ပြီး တံငါသည် အမြောက်အမြားမှာလည်း မျှော်လင့်ချက်မဲ့စွာ နစ်မြုပ်ကုန်ကြသည်။

နဂါးနန်းတော်ထဲတွင်မူ မင်းသား တစ်ဒါဇင်ခန့်သည် ကြောက်လန့်တကြားဖြင့် ကြမ်းပြင်ပေါ်၌ ဒူးထောက်နေကြသည်။ ပလ္လင်ပေါ်မှ အနောက်ပင်လယ်ဘုရင်မှာမူ ဒေါသများ ပေါက်ကွဲနေပြီး

"အားလုံး ထွက်သွားကြစမ်း… အခုချက်ချင်း ထွက်သွား”

မင်းသားများသည် လန့်ဖျန့်နေသော ငှက်အုပ်လေးများကဲ့သို့ပင် အလျှိုလျှို ထွက်ပြေးသွားကြ၏။ ထိုအထဲမှ နာမည်မကြီးသော မင်းသားတစ်ပါးမှာ နန်းတော်မှ ထွက်လာပြီးနောက် မိမိနေရာသို့ ပြန်မသွားဘဲ လူသူကင်းဝေးသော နေရာတစ်ခုဆီသို့ သွားလိုက်သည်။

သူသည် ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ထုတ်လိုက်သောအခါ အထဲမှ အသံတစ်ခု ထွက်ပေါ်လာ၏။ နားထောင်ပြီးနောက်တွင် သူ မျက်မှောင်ကြုတ်လိုက်ပြီး

"အနောက်ပင်လယ်ဘုရင်ကို ထားခဲ့ပြီး ရှန်မိုကိုပဲ အာရုံစိုက်ရမယ် ဟုတ်လား… ရှန်မိုက လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတစ်ယောက်လို့ ငါ ကြားထားတာကို… အရှင်မင်းကြီးများ မှားနေတာလား”

သူ ညည်းတွားလိုက်သည်။

သူကား တခြားသူ မဟုတ်။ အရိပ်အစောင့်တပ်ဖွဲ့၏ ခေါင်းဆောင် 'မိုလင်း' ပင်။ သူကျင့်ကြံသော ပညာရပ်မှာ အလွန်ထူးခြားပြီး သူ၏ရုပ်သွင်ကို စိတ်ကြိုက်ပြောင်းလဲနိုင်သလို တခြားမျိုးနွယ်စုများအဖြစ်လည်း အသွင်ပြောင်းနိုင်သည်။ သူသည် အနောက်ပင်လယ် နဂါးနန်းတော်၏ မင်းသားတစ်ပါးအဖြစ် ရုပ်ဖျက်ပြီး အလွန်တန်ဖိုးကြီးသော ရတနာတစ်ခုကို ခိုးယူရန် ဤနေရာ၌ ခိုအောင်းနေသည်မှာ အနှစ် (၃၀) ကျော်ရှိပါပြီ။ ထိုရတနာကား နောက်ဆုံး နဂါးစစ်စစ်ကြီး ဤလောကမှ မထွက်ခွာမီ ချန်ထားခဲ့သော အမွေအနှစ်ဟု ဆိုကြသည်။ သို့သော် အနောက်ပင်လယ်ဘုရင်က ၎င်းကို အလွန်လုံခြုံစွာ ဝှက်ထားသဖြင့် မိုလင်းပင် ယခုထက်ထိ ရှာမတွေ့သေးချေ။ လွန်ခဲ့သော တစ်နှစ်ကမှ သူသည် သဲလွန်စအချို့ ရရှိထားခြင်းဖြစ်ရာ အခုလက်လွှတ်လိုက်ရမည်မှာ အတော်လေး နှမြောစရာပင် ဖြစ်သည်။

"ဧကရာဇ်ရဲ့အမိန့်က ကောင်းကင်အမိန့်လိုပဲ… ငါ မလွန်ဆန်ရဲဘူး..."

သူသည် သက်ပြင်းတစ်ချက်ကို ခပ်သာသာလေးချလိုက်ပြီး ရေမျက်နှာပြင်ပေါ်သို့ လျင်မြန်စွာ ကူးခတ်သွားသည်။ ခဏအတွင်းမှာပင် ဘာသဲလွန်စမျှ မကျန်အောင် လုံးဝ ပျောက်ကွယ်သွားပါတော့၏။

All Chapters