သူ့ကို လေးစားရတဲ့အကြီးအကဲတစ်ယောက်လို ဆက်ဆံပါ
Vol. 47 Ch. 691
"အား"
"ဝုန်း.. ဝုန်း.."
"ကယ်ကြပါဦး"
ကျွန်းပေါ်က ထွက်လာခဲ့ပြီးနောက် ကျန်းမုန့်လောင်တစ်ယောက် အော်ဟစ်သံများနှင့် ပေါက်ကွဲသံများကိုသာ ဆက်တိုက်ကြားနေရသည်။
ဟီရက်ခ်ဟုခေါ်သော သနားစရာကောင်းလှသည့် ဤလူမှာ အစမ်းသပ်ခံဘဝမှ အကျဉ်းသားဘဝသို့ ရောက်ခဲ့ရပြီး နှစ်ပေါင်းများစွာကြာအောင် သူ့ဒေါသများကို စုပုံထားခဲ့ဟန်တူသည်။ ယခုလိုဒေါသဖြေလိုက်ခြင်းမှာ စွမ်းအားရှင်မဟာမိတ်အဖွဲ့အတွက်တော့ ခေါင်းခဲစရာကိစ္စတစ်ခု ဖြစ်သွားလောက်သည်။
"ယဲ့ရင်.. သူ့ကို သေချာစောင့်ကြည့်ထား။ ဟီရက်ခ်ကို တအားမသောင်းကျန်းစေနဲ့။ စိတ္တဇလူသတ်သမားတစ်ယောက်ကို လွှတ်ပေးလိုက်မိတာမျိုးတော့ မဖြစ်စေချင်ဘူး"
"စိတ်ချပါ မစ္စတာကျန်း.. သူ အလွန်အကျွံလုပ်လာရင် ကျွန်တော် တားလိုက်ပါ့မယ်"
"အာ"
ကျန်းမုန့်လောင်လည်း အပျင်းကြောဆန့်လိုက်သည်။
"သွားမယ်။ တောင်အာဖရိကို ပြန်ကြမယ်"
...
ကျန်းမုန့်လောင် တောင်အာဖရိကသို့ ပြန်ရောက်ချိန်တွင် မနက်မိုးလင်းနေပြီဖြစ်၏။ ဟိုတယ်တံခါးကို ဖွင့်လိုက်ချိန်တွင် လူတိုင်းလည်း အိပ်ရာနိုးနေကြပြီး မနက်စာစားနေကြသည်။
"မုန့်လောင် ပြန်လာပြီလား"
"အဆင်ပြေရဲ့လား။ အဲဒီလူတွေရဲ့ပုံစံက တော်တော်ကြမ်းတမ်းမဲ့ပုံပဲ။ သူတို့ မင်းကို ဒုက္ခပေးသေးလား"
"မုန့်လောင်.. သူတို့တွေက ဘယ်သူတွေလဲ။ တကယ်လို့ အခြေအနေမဟန်ရင် ငါတို့နိုင်ငံကို အကူအညီတောင်းသင့်တယ်နော်။ ဟွာရှားနိုင်ငံက သူ့နိုင်ငံသားတွေ ပြည်ပမှာ ခြိမ်းခြောက်ခံနေရတာကို ဒီအတိုင်းလက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး"
ကျန်းမုန့်လောင်၏စီနီယာအစ်ကိုအစ်မများက သူ့တွင် ထိခိုက်ဒဏ်ရာရှိမရှိ စစ်ဆေးရန်အတွက် အင်္ကျီများပင် ချွတ်တော့မတတ်ပင်။
"ကျွန်တော်အဆင်ပြေပါတယ်။ ဒီမှာကြည့်လေ.. အကောင်းကြီးပဲ"
ကျန်းမုန့်လောင်က ပြုံးပြလိုက်သည်။
"သူတို့က ကျိုးကြောင်းမဆီလျော်တဲ့လူတွေမဟုတ်ပါဘူး။ ကျွန်တော်က သူတို့ကို ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ သင်ခန်းစာလေးနည်းနည်းပေးလိုက်တော့ သူတို့လည်း ကိုယ့်အမှားကိုယ်သဘောပေါက်သွားပြီး ကျွန်တော့်ကို ပြန်ပို့ပေးရုံတင်မကဘူး။ လက်ဆောင်တွေတောင် အများကြီးပေးလိုက်သေးတယ်"
"သူတို့ကိုသင်ခန်းစာပေးဖို့ လက်သီးထုတ်သုံးလိုက်တာပဲ ဖြစ်ဖို့များတယ်"
လုရီယောင်က အငွေ့တထောင်းထောင်းထနေသော ပင်လယ်စာဆန်ပြုတ်ပန်းကန်ကို ကျန်းမုန့်လောင်ရှေ့တွင် ချပေးလိုက်၏။
"နောက်မနေနဲ့တော့။ မနက်စာ အရင်စားလိုက်ဦး"
"သတင်းထဲမှာကြည့်လို့ရတာပဲ။ ဘာမှရေးကြီးခွင်ကျယ်မဟုတ်ပါဘူး"
ကျန်းမုန့်လောင်က ဆန်ပြုတ်သောက်ရင်း ပြောလိုက်သည်။
"သူတို့က ကျွန်တော့်ကို ပြန်ပေးဆွဲချင်ခဲ့တာဆိုပေမဲ့ ကျွန်တော်ကလည်း ကြိုပြင်ဆင်ထားပြီးသားပါ"
"ကျွန်တော့်လူတွေက ကျွန်တော့်ကို ဆက်သွယ်လို့မရတော့တာနဲ့ သူတို့နိုင်ငံရဲ့ငွေကြေးဈေးကွက်ထဲကို ငွေအရင်းအနှီးအများကြီး ပစ်ထည့်ပြီး သူတို့ရဲ့စီးပွားရေးကို ဖျက်ဆီးပစ်လိုက်မှာ။ သူတို့သာ ကျွန်တော့်ကို ဆက်ဖမ်းထားရင် သူတို့နိုင်ငံရဲ့စီးပွားရေးကလည်း အနည်းဆုံးနှစ်နှစ်ဆယ်သုံးဆယ်လောက် ဆုတ်ယုတ်သွားမှာ။ အဲဒီတော့ သူတို့က ကျွန်တော့်ကို ဘာလုပ်ရဲမှာတဲ့လဲ"
ကျန်းမုန့်လောင်၏စီနီယာအစ်ကိုအစ်မများက သာမန်လူများ ဖြစ်ကြသဖြင့် ဒုတိယကမ္ဘာနှင့်ပတ်သက်သော အကြောင်းအရာများကို ထည့်မပြောဘဲ သူတို့နားလည်အောင် ငွေကြေးအကြောင်းအရာများကိုသာ ရှင်းပြလိုက်သည်။
"မိုက်တယ်ဟေ့… အဲဒီလိုကြမ်းတမ်းတဲ့ အကြမ်းဖက်သမားတွေကို မင်းတစ်ယောက်တည်း ရင်ဆိုင်ရဲရလောက်တဲ့ အကြောင်းအရင်းတစ်ခုတော့ ရှိမှာပဲလို့ ငါထင်သားပဲ။ မင်းက တစ်ချိန်လုံးကြိုပြင်ထားခဲ့တာကိုး"
"ကျစ် ကျစ် ကျစ်.. ငွေက စကားပြောသွားတာပဲ။ မင်းလိုလူမျိုးကမှ ဒီလိုမျိုးလုပ်နိုင်မှာ"
ကျူးမုန့်ချောင်က မနက်ပိုင်းသတင်းကို ဖွင့်ကြည့်လိုက်သည်။
အမှန်ပင်။ မနေ့က ကျန်းမုန့်လောင်၏လုပ်ရပ်ကြောင့် နိုင်ငံတချို့၏ငွေကြေးဈေးကွက် ပြိုလဲသွားခဲ့ပြီး ငွေကြေးတန်ဖိုးကျဆင်းမှုများ ဖြစ်ပွားခဲ့သည်။
တစ်ရက်အတွင်းမှာပင် နိုင်ငံပေါင်းများစွာတွင် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံငယ်လေးများ၏ ငွေကြေးမှာ အဆနှစ်ဆယ်မက ဖောင်းပွသွားသည်။ သာမန်နို့တစ်ဘူးပင် ယွမ်တစ်ရာကျော်သွားသည်။
အခြေအနေကို ထိန်းချုပ်ရန်အတွက် ထိုနိုင်ငံများမှာ ငွေစက္ကူများကို အသည်းအသန်ရိုက်နှိပ်ကြတော့သည်။ လူမှုစနစ်များကိုလည်း ချက်ချင်းပြုပြင်ပြောင်းလဲကြရသည်။ သူတို့အနေနှင့် ငွေကြေးတန်ဖိုးကျဆင်းမှုကို မတားဆီးနိုင်တော့သည့်အတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုကို ယာယီတည်ငြိမ်အောင်လုပ်ရုံသာ တတ်နိုင်ပေသည်။
ငွေကြေးတန်ဖိုးကျဆင်းလာသည်နှင့်အမျှ ကုန်ဈေးနှုန်းများ ထိုးတက်သွားပြီး လစာလည်း အမြန်တိုးလာသော်ငြား ဝယ်လိုအားက သိသိသာသာကျဆင်းသွားချေသည်။
အွန်လိုင်းငွေပေးချေမှုစနစ် မတွင်ကျယ်သေးဘဲ လစာကို လက်ငင်းငွေသားဖြင့် ပေးနေရသေးသည့် နိုင်ငံတချို့တွင် လူတချို့က သူတို့၏လစာများကို သယ်ယူရန်အတွက် လက်ဆွဲအိတ်များနှင့် ဆာလာအိတ်များကို အသုံးပြုရသည့်အဆင့်အထိ ဖြစ်သွားပြီး တစ်နိုင်ငံလုံးလည်း စီးပွားရေးပြိုလဲမှုကြောင့် ထိတ်လန့်တုန်လှုပ်နေကြသည်။
အံ့ဩစရာအကောင်းဆုံးမှာ ကမ္ဘာ့ထိပ်တန်းဖြစ်သော အမေရိကန်ဒေါ်လာကပါ ကြောက်ဖို့ကောင်းအောင် တန်ဖိုးကျဆင်းသွားခြင်းပင်။ လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ၏ ငွေလဲနှုန်းမှာ ၁အချိုး ၄.၃၂၂အထိ ဖြစ်သွားခဲ့သည်။ ဤမျှပြင်းထန်လှသော ငွေကြေးတန်ဖိုးကျဆင်းမှုမျိုးကို နှစ်ပေါင်းများစွာအတွင်း တစ်ခါမှမမြင်ဖူးပေ။
ဤသည်မှာ ကမ္ဘာပျက်လုနီးပါးအခြေအနေပင်။ အမေရိကန်ဒေါ်လာ၏ ဝယ်ယူနိုင်စွမ်းအားက ကျဆင်းသွားသည့်အတွက် အရန်ဒေါ်လာငွေ နည်းနည်းသာရှိသော နိုင်ငံအများစုမှာ နိုင်ငံတကာကုန်သွယ်ရေးကိစ္စများကို လုပ်ဆောင်ရာတွင် ကောင်းကင်ပြိုကျလုမတတ် ခက်ခဲသွားလေသည်။
အစတုန်းက အမေရိကန်ဒေါ်လာငါးသိန်းရှိသည့် ကုန်ပစ္စည်းများကို ယခုဆိုလျှင် ဒေါ်လာခုနစ်သိန်းပေးမှသာ ဝယ်ယူ၍ရနိုင်တော့သည်။ လူတိုင်းက ငွေပြတ်နေကြသည့် အချိန်မျိုးမှာ သူတို့အနေနှင့် ထိုငွေများကို ဘယ်က သွားရှာရမည်နည်း။
"မုန့်လောင်.. ဒါတွေအကုန်လုံးကို မင်း လုပ်ခဲ့တာလား"
သူတို့အားလုံးလည်း ကျန်းမုန့်လောင်ကို အကြောင်းသားကြည့်နေမိကြသည်။ တစ်ရက်အတွင်းမှာပင် သူသည် တစ်ကမ္ဘာလုံး၏စီးပွားရေးကို ရိုက်ခတ်သွားစေသည်။
"ကျွန်တော်လည်း မတတ်နိုင်ဘူးလေ"
ကျန်းမုန့်လောင် ပခုံးတွန့်ပြလိုက်သည်။
သူတို့ဘက်က ကျွန်တော့်ကိုဖမ်းချင်နေတဲ့အပြင် ကျွန်တော့်လူတွေနဲ့လည်း ဆက်သွယ်ခွင့်မရမှတော့ ဒီနည်းနဲ့ပဲ ဖိအားပေးပြီး အညံ့ခံခိုင်းရတော့တာပေါ့။ သူတို့လုပ်တဲ့အကျိုးဆက်တွေပါပဲ...
"ဒါပေမဲ့ ဒီသက်ရောက်မှုကြီးက တအားမကြီးကျယ်လွန်းဘူးလား"
စီးပွားရေးဘာသာရပ်ကို တွဲဖက်လေ့လာထားသည့် ကျန်းမုန့်လောင်၏ စီနီယာအစ်မတစ်ယောက်က မေးလာလေသည်။
"ကမ္ဘာ့စီးပွားရေးပြိုလဲသွားရင် ငါတို့အတွက်လည်း ကောင်းနိုင်မှာမဟုတ်ဘူး"
"မပူပါနဲ့"
ကျန်းမုန့်လောင်က ပြုံးလိုက်လေသည်။
"ကျွန်တော်တို့ဟွာရှားနိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကို အမေရိကန်ဒေါ်လာ၁၀ထရီလီယံပို့ထားပေးပြီးပြီ။ အဲဒါနဲ့ဆိုရင် ကျွန်တော်တို့ရဲ့ငွေကြေးစနစ်ကို တည်ငြိမ်အောင်လုပ်ဖို့ လုံလောက်ပါတယ်။ ကျွန်တော့်ကိစ္စလေးကြောင့်နဲ့ တစ်ကမ္ဘာလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ကို သင်ခန်းစာတော့ပေးရဦးမယ်လေ။ ကျွန်တော် ပြန်ရောက်တာနဲ့ ဒီကိစ္စကို ဖြေရှင်းလိုက်ပါ့မယ်"
"မင်းမှာ အစီအစဉ်ရှိရင် ပြီးတာပါပဲ"
စီနီယာအစ်မက ခေါင်းညိတ်ပြသည်။ ကျန်းမုန့်လောင်က အကျိုးဆက်များကို ထည့်မတွက်ဘဲ ပြုမူတတ်သူမဟုတ်ကြောင်း သူ(မ) သိသည်။ ထို့ပြင် သူ(မ)ကလည်း သူတော်စင်တစ်ယောက် မဟုတ်ချေ။ ဤသည်မှာ ဟွာရှားနိုင်ငံအတွက် အခွင့်အလမ်းတစ်ခု ဖြစ်နိုင်သည်။ ဤအခြေအနေကို အခွင့်ကောင်းယူပြီး ဟွာရှားနိုင်ငံ၏ငွေကြေးကို နိုင်ငံတကာအဆင့်မီအောင် လုပ်နိုင်ပေသည်။ ဟွာရှားငွေကိုသာ နိုင်ငံတကာကုန်သွယ်ရေးတွင် သုံးစွဲနိုင်မည်ဆိုပါက ဟွာရှားနိုင်ငံလည်း အင်အားကြီးလာနိုင်ပေသည်။
"ဒီနေ့ ဘယ်ကိုသွားလည်ကြမလဲ"
ကျန်းမုန့်လောင်က မေးလိုက်၏။
"ပင်လယ်ဘက်ကို သွားလည်ချင်တယ်"
လုရီယောင်က ပြောလိုက်သည်။
"ဒါပေမဲ့ အစ်မဟုန်းရီကိုတော့ မစီစဉ်ခိုင်းရသေးဘူး"
"မပူပါနဲ့။ ဒီလောက်အသေးအဖွဲကိစ္စလေးတွေအတွက်နဲ့ ဟုန်းရီကို ဒုက္ခပေးစရာမလိုပါဘူး။ ငါတို့ဘာသာ စီစဉ်လို့ရတာပဲ"
ကျန်းမုန့်လောင်က သူ့ဖုန်းကိုထုတ်၍ ဒီလာမီနီ၏ရုံးခန်းကို ဖုန်းဆက်လိုက်သည်။
"ဟယ်လို.. ကျွန်တော်က လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားစိစစ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဟွန်ဒူရက်စ်ပါ"
"ဟွန်ဒူရက်စ်လား။ ညွှန်ကြားရေးမှူးက ဒီလာမီနီမဟုတ်ဘူးလား"
ကျန်းမုန့်လောင်မှာ မရင်းနှီးသော အသံတစ်သံကို ကြားလိုက်ရသည်။
"ဪ ဆရာ.. ညွှန်ကြားရေးမှူးဒီလာမီနီက တမြန်နေ့ကပဲ နုတ်ထွက်စာတင်သွားပါတယ်။ လုပ်ငန်းလွှဲပြောင်းမှုကိုလည်း မနေ့ကမှ အကုန်ပြီးစီးခဲ့ပြီး ဒီနေ့တော့ တရားဝင်အနားယူသွားပါပြီ။ လူကြီးမင်း ကိစ္စတစ်ခုခုရှိရင် ကျွန်တော့်ကို ပြောလို့ရပါတယ်"
ဟွန်ဒူရက်စ်က တရိုတသေဖြင့် ပြောလာလေသည်။
တစ်ဖက်လူက မည်သူဖြစ်ကြောင်း မသိပါသော်ငြား ဒီလာမီနီ၏သီးသန့်ရုံးခန်းဖုန်းနံပါတ်ကိုသိသော လူတစ်ယောက်မှာ သာမန်လူတစ်ယောက်တော့ မဟုတ်နိုင်ကြောင်း သူ ကောင်းကောင်းသိသည်။
"အဲဒီလိုကိုး"
ကျန်းမုန့်လောင် အော်ရယ်လိုက်မိသည်။
ဒီလာမီနီက အလွန်ပါးနပ်လှပေသည်။ သို့သော် သူ့အတွက်မှာမူ ဒီလာမီနီမရှိလည်း အဆင်ပြေသည်။ အလုပ်ပြီးမြောက်ဖို့ကသာ အဓိကပင်။
"ကျုပ်နာမည်က ကျန်းမုန့်လောင်ပဲ"
"ကျန်း..."
ဟွန်ဒူရက်စ်ခမျာ လုံးဝမှင်တက်သွားသည်။
ကျန်းမုန့်လောင်ကို သူ သေချာပေါက်သိသည်။ ယခင်ညွှန်ကြားရေးမှူး ဘာကြောင့်နုတ်ထွက်သွားရသလဲဆိုသည်ကို သူ ကောင်းကောင်းသိသည်။ ကျန်းမုန့်လောင်ကြောင့် သူ့မှာ အိပ်မပျော်သည့်ရောဂါရပြီး စိတ်ဒဏ်ရာများပင် ရခဲ့ချေသည်။
သို့သော် ကျန်းမုန့်လောင်ကို စွမ်းအားရှင်မဟာမိတ်အဖွဲ့က ဖမ်းဆီးသွားပြီမဟုတ်လော။ ကျန်းမုန့်လောင် မရှိတော့သည်မှာ ကိုးဆယ်ရာခိုင်နှုန်းလောက် သေချာကြောင်း ပြောထားသည်မဟုတ်လော။ ထို့ကြောင့်လည်း ဤရာထူးကို သူ ယူရဲခြင်းပင်။ ကြွက်တစ်ကောင်နှယ် ကြောက်လန့်နေသည့်အတွက် ဒီလာမီနီကိုပင် လှောင်ပြောင်ခဲ့သေးသည်။
သို့သော် ယခုမူ...
"ကျုပ်သူငယ်ချင်းတွေနဲ့ ကျုပ်က ဒီနေ့ ပင်လယ်ကမ်းခြေကို သွားလည်ဖို့ စီစဉ်ထားတယ်။ ကျုပ်တို့အတွက် စီစဉ်ပေး။ ခင်ဗျားကို အချိန်တစ်နာရီပေးမယ်"
ကျန်းမုန့်လောင်က ထိုသို့ပြောပြီးနောက် ချက်ချင်းဖုန်းချသွားသည်။
"ဘာတွေဖြစ်နေတာလဲ"
ဟွန်ဒူရက်စခမျာ သူ့အထက်လူကြီးကို ကပျာကယာဖုန်းဆက်လိုက်သည်။
"ဘာ.. ကျန်းမုန့်လောင် ပြန်ရောက်နေပြီလား"
ဟွန်ဒူရက်စ်၏အထက်လူကြီးမှာ စွမ်းအားရှင်မဟာမိတ်အဖွဲ့ထဲတွင် ဘာဖြစ်ခဲ့သလဲဆိုသည်ကို ကောင်းကောင်းသိသည်။ သူတို့၏အစီအစဉ်ကား "ကျရှုံးရုံ"သက်သက်မဟုတ်ပါဘဲ လုံးဝငါးပါးမှောက်ခဲ့ရခြင်းပင်။
ကျန်းမုန့်လောင်က နိုင်ငံပေါင်း၈၈နိုင်ငံ၏ ငွေကြေးဈေးကွက်ထဲမှ အမေရိကန်ဒေါ်လာထရီလီယံပေါင်းများစွာ သိမ်းကျုံးယူသွားခဲ့ပြီး တော်တော်များများကိုလည်း ဒေါ်လာတစ်ရာဘီလီယံစီ ငွေညှစ်သွားသေးသည်။ ယခုဆိုလျှင် တောင်အာဖရိကနိုင်ငံက ကျန်းမုန့်လောင်ထံတွင် ဒေါ်လာ၂၇ဘီလီယံ အကြွေးတင်နေဆဲပင်။
"သူလိုချင်သမျှ အကုန်ဖြည့်ဆည်းပေးလိုက်။ သူ အားရပါးရပျော်ပါးပြီး တောင်အာဖရိထဲက မပြန်မချင်း တလေးတစားဆက်ဆံကြ"
*******************