သမိုင်းတစ်လျှောက် ကံအဆိုးဆုံးဓားပြ
Vol. 47 Ch. 692
နာရီအနည်းငယ်ကြာပြီးနောက် အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်များကို ဝတ်ဆင်ထားသော လူတစ်စုက ကျန်းမုန့်လောင်တည်းခိုရာ ဟိုတယ်သို့ ရောက်ရှိလာကြသည်။
"ဘယ်သူလဲ…"
တံခါးသွားဖွင့်ပေးသော ကျူးမုန့်ချောင်တစ်ယောက် အံ့အားသင့်သွားသည်။ ထိုလူများများမှာ အလွန်နှိမ့်ချပြီး ယဉ်ကျေးကြသော်ငြား အချိန်အတော်ကြာအောင် ထုတ်လွှတ်နေခဲ့သော ဩဇာအာဏာအရိပ်အယောင်တို့ကလည်း ရှိနေပြန်သည်။
"မင်္ဂလာပါ.. ညွှန်ကြားရေးမှူးဟွန်ဒူရက်စ်က မစ္စတာကျန်းမုန့်လောင်အတွက် ပင်လယ်ပြင်အပျော်ခရီးစဉ် စီစဉ်ခိုင်းလိုက်လို့ ရောက်လာတာပါဗျ"
"မုန့်လောင်.. မင်းကို လာရှာကြတာတဲ့"
ကျူးမုန့်ချောင်က အခန်းထဲသို့ လှမ်းအော်လိုက်သည်။
ကျန်းမုန့်လောင်က ထွက်လာသည်။
"ဝိုး.. မြန်လှချည်လား"
"မစ္စတာကျန်းလားဗျ"
အဖွဲ့ခေါင်းဆောင်ဖြစ်သူက ခေါင်းတညိတ်ညိတ်ဖြင့် ပြောလာသည်မှာ အလွန်ရိုကျိူးလှသည်။
"အဆင်သင့်ဖြစ်ပြီလား ဆရာ… ဆရာ့အတွက် စီစဉ်ထားတဲ့ ဇိမ်ခံရွက်လှေက ဆိပ်ကမ်းမှာ စောင့်နေပါပြီ"
"အားလုံး အဆင်သင့်ဖြစ်ပြီလား"
ကျန်းမုန့်လောင် မေးလိုက်လေသည်။
"အဆင်သင့်ပဲ"
အားလုံးလည်း ကိုယ့်ပစ္စည်းကိုယ်ထုပ်ပိုးထားပြီးဖြစ်ရာ သူတို့ရောက်အလာကို စောင့်နေကြခြင်းပင်။
"မိန်းကလေး.. လက်ဆွဲသေတ္တာကို ကူသယ်ပေးပါ့မယ်"
"ဆရာ.. ဆရာ့ပစ္စည်းတွေ ကျွန်တော့်ကိုပေးပါ"
"လူကြီးမင်းနဲ့ အမျိုးသမီးများခင်ဗျာ.. ကားပေါ်မှာ ခင်ဗျားတို့အတွက် စားစရာတွေပြင်ပေးထားပါတယ်။ မနက်စာမစားရသေးတဲ့လူရှိရင် ပြောပါ။ သီးသန့်စားချင်တာရှိရင်လည်း ပြောသာပြောပါ"
...
ယခုတစ်ခေါက်တွင်မူ ဟွန်ဒူရက်စ်က ကျန်းမုန့်လောင်ကို ဗီအိုင်ပီတစ်ယောက်နှယ် ဆက်ဆံနေချေသည်။ "အကြွင်းမဲ့အာဏာရှေ့တွင် မည်သည့်အကြံမှ အရာမထင်"ဟူသော စကားကို ကျန်းမုန့်လောင်ပေးခဲ့သည့် သင်ခန်းစာက သက်သေပြလိုက်ပေသည်။
သူတို့မှာ ကျန်းမုန့်လောင်ကို ဤကမ္ဘာပေါ်က ပျောက်ကွယ်သွားရန်အတွက် ကြိုးစားခဲ့သော်လည်း မအောင်မြင်သည့်အပြင် ကိုယ့်ရှူးကိုယ်ပြန်ပက်သွားသည်။ ယခုဆိုလျှင် သူတို့အမှားများအတွက် ပြန်ပေးဆပ်သည့်အနေနှင့် ကျန်းမုန့်လောင်ကို ဖားနေကြရသည်။
သူတို့ကိုလာကြိုသော ကားများက အလွန်တန်ဖိုးကြီးလှသော ဇိမ်ခံဘရန်းများ မဟုတ်သော်ငြား တောင်အာဖရိကသမ္မတ၏ ကိုယ်ပိုင်အခြံအရံယာဉ်တန်းများဖြစ်ပြီး အဆင့်မြင့်အရာရှိများအတွက်သာ အသုံးပြုသည့် ဝန်ဆောင်မှုအဖွဲ့များကိုပါ ခေါ်ဆောင်လာသည်။
ဆိပ်ကမ်းသို့ရောက်သောအခါ အလျား၁၅၀မီတာကျော် ရှည်လျားသော အပျော်စီးသင်္ဘောကြီးတစ်စီး ဆိုက်ကပ်ထားသည်။ သင်္ဘောပေါ်တွင် အသုံးအဆောင်များကို လိုလေသေးမရှိလောက်အောင် ထည့်သွင်းထားသဖြင့် "ဝေဟင်ဥယျာဉ်"တစ်ခုနှယ် ခမ်းနားလှသည်။
"မစ္စတာကျန်း.. ဒါကကျွန်တော်တို့သမ္မတက ခင်ဗျားအတွက် အထူးသီးသန့်ပြင်ဆင်ပေးထားတဲ့ ဇိမ်ခံသင်္ဘောပါ"
အတူလိုက်ပါလာသည့် ဝန်ထမ်းက ရှင်းပြလေသည်။
"ဒီသင်္ဘောကို ဒေါ်လာ၁.၂ဘီလီယံအကုန်အကျခံပြီး တောင်အာဖရိကရဲ့အချမ်းသာဆုံးသူဌေးက ငါးနှစ်ကြာအောင် ဆောက်လုပ်ခဲ့ရတာပါ။ အခုတော့ ဆရာ့အတွက် အသုံးပြုဖို့ ကျွန်တော်တို့အစိုးရ ယာယီအသုံးပြုခွင့်တောင်းထားတာပါ"
"ခင်ဗျားတို့ တော်တော်အားထုတ်ထားတာပဲ"
ထိုလူများ ဤမျှအထိ အစွမ်းကုန်ကြိုးစားလိမ့်မည်ဟု ကျန်းမုန့်လောင် ထင်မထားပေ။ သူကိုယ်တိုင်ပင် ဤမျှခမ်းနားလှသော သင်္ဘောမျိုး တစ်စင်းတည်းသာ ရှိသည်။
"ကျုပ်တို့သွားမဲ့နေရာက ဘယ်လောက်ဝေးလဲ"
"ရေမိုင်နှစ်ဆယ်လောက်ပါပဲ။ အဲဒီနေရာက သဘာဝငါးဖမ်းကန်ဆိုတော့ သေချာထိန်းသိမ်းထားတဲ့အတွက် ဘာညစ်ညမ်းမှုမှမရှိပါဘူး။ သဘာဝပုလဲတွေလည်း ထွက်တာမို့ ငါးဖမ်းတာ ရေငုပ်တာ ပုလဲရှာတာတွေကို စိတ်ကြိုက်လုပ်နိုင်ပါတယ်"
"အင်း မဆိုးဘူးပဲ"
ကျန်းမုန့်လောင်က စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"နေဦး.. ဟိုစစ်သင်္ဘောတွေက ဘာလုပ်တာလဲ"
ကျန်းမုန့်လောင်တို့တစ်သိုက်လည်း သင်္ဘောနားတွင် စစ်သင်္ဘောကြီးတစ်စီးရှိကြောင်း သတိထားမိလိုက်သည်။ ထိုမျှသာမက မလှမ်းမကမ်းတွင် လေယာဉ်တင်သင်္ဘောကြီးတစ်စင်းပင် ရှိနေသေးသည်။
"ကျုပ်မှတ်မိသလောက်ဆိုရင် တောင်အာဖရိကမှာ လေယာဉ်တင်သင်္ဘောမရှိပါဘူး"
"တကယ်တော့ မစ္စတာကျန်း.. ဒါက သာမန်ဆိပ်ကမ်းတစ်ခုမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့စစ်ဆိပ်ကမ်းတစ်ခုပါ"
သူတို့နှင့် အတူလိုက်ပါလာသောလူက ရှင်းပြလေသည်။
"ကျွန်တော်တို့သွားမဲ့နေရာနားမှာ တစ်ခါတလေကျရင် ဓားပြတွေ သောင်းကျန်းတတ်လို့ ဆရာ့လုံခြုံရေးအတွက် လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုတစ်စုကို အနီးကပ်လိုက်ပါစောင့်ရှောက်ဖို့ စီစဉ်ထားတာပါ"
"ဒီလေယာဉ်တင်သင်္ဘောရဲ့နာမည်က မစ်ဇမီလို့ခေါ်ပါတယ်။ ဒါကိုဆောက်လုပ်ဖို့အတွက် ဘီလီယံပေါင်းများစွာ အကုန်အကျခံခဲ့ရတာပါ။ ပြီးခဲ့တဲ့လလယ်လောက်ကမှ တရားဝင်အသုံးပြုခဲ့ရပါတယ်။ ဆရာက ပြည်တွင်းသတင်းတွေကို မကြည့်ဖြစ်တော့ သိပ်မသိတာ သဘာဝကျပါတယ်"
"အမလေး.. ပင်လယ်ထဲမှာ ငါးဖမ်းထွက်မှာကို လေယာဉ်တင်သင်္ဘောကြီးကပါ လိုက်စောင့်ပေးရတာပါလား"
ကျန်းမုန့်လောင်၏စီနီယာဂျူနီယာများက ဖုန်းထုတ်၍ ဓာတ်ပုံရိုက်ကြလေတော့သည်။
"ဒီနေ့ ပင်လယ်ဓားပြတွေသာ တကယ်ပေါ်လာခဲ့ရင်တော့ သူတို့ရဲ့ကံဇာတာကို ပြန်စစ်သင့်ပြီ။ ကျွန်တော်တို့ သူတို့အတွက် သုံးမိနစ်လောက်ငြိမ်သက်ပေးလိုက်ရအောင်"
"မဆိုးဘူး။ ခင်ဗျားက နှံ့နှံ့စပ်စပ်တွေးတတ်သားပဲ"
"ဒါပေါ့။ ကျွန်တော်တို့ရဲ့ညွှန်ကြားရေးမှူးက မစ္စတာကျန်းရဲ့လုံခြုံရေးကို အထူးဂရုစိုက်ဖို့နဲ့ ပျော်အောင်ထားပေးဖို့ အထပ်ထပ်မှာထားတာ"
"ဒါပေမဲ့ ကျုပ်တို့ရဲ့အပျော်ခရီးမှာ အဲဒီလူတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်ချင်ဘူးနော်။ နားလည်လား"
"နားလည်ပါတယ်"
ထိုလူကလည်း ကပျာကယာပြန်ဖြေလိုက်သည်။
"စစ်သင်္ဘောတွေကို အကွာအဝေးတစ်ခုမှာပဲ နေခိုင်းပါ့မယ်။ ဆရာတို့ရဲ့အပျော်ကို မပျက်စီးစေရပါဘူးဗျ"
"ကဲ သွားကြစို့"
...
မိနစ်လေးဆယ်ခန့် ခရီးနှင်ပြီးနောက် အနည်းငယ်ဝါကျင့်ကျင့်ဖြစ်နေသော ပင်လယ်ပြင်ကို ဖြတ်ကျော်လိုက်သည်နှင့် သူတို့ပတ်ပတ်လည်ရှိ သမုဒ္ဒရာကြီးတစ်ခုလုံး ရုတ်ခြည်းရှင်းလင်းသွားသည်။ ရေမှာ အလွန်ကြည်လင်နေပြီး ရေမျက်နှာပြင်အောက်တွင် ကူးခတ်သွားလာနေသော ငါးများကိုပင် အထင်းသားမြင်နေရသည်။
"မစ္စတာကျန်း.. ဒီနေရာက အရင်တုန်းက ဘူမိဗေဒပြောင်းလဲမှုတစ်ခုဖြစ်ခဲ့လို့ ရေအောက်မှာ ရွှံနွံကုန်းလေးတွေဖြစ်နေတာပါ။ အတိမ်ဆုံးနေရာက နှစ်မီတာလောက်ပဲရှိပြီး သန္တာကျောက်တန်းတွေနဲ့ ကျွန်းတွေကလည်း အများကြီးရှိလို့ သဘာဝသမုဒ္ဒရာကစားကွင်းတစ်ခုလို ဖြစ်နေပါတယ်"
"အဲဒါအပြင် ရေစီးကြောင်းသက်ရောက်မှုကြောင့် ဒီနေရာမှာရှိတဲ့ ပင်လယ်ရေရဲ့ဆားပါဝင်မှုက ရေချိုလောက်နီးနီး နည်းပါတယ်။ အဲဒါကြောင့်လည်း ဒီနေရာကို သဘာဝပုလဲမွေးမြူရေးကွင်းလို့ လူသိများတာပေါ့။ ဒါပေမဲ့ ဒီနေရာရဲ့ မြေမျက်နှာသွင်ပြင်အကြောင်း မသိဘူးဆိုရင် သန္တာကျောက်တန်းတွေနဲ့တိုက်မိပြီး သောင်တင်နေနိုင်ပါတယ်"
"တော်တော်အံ့ဩဖို့ကောင်းတာပဲ"
ကျန်းမုန့်လောင်လည်း သဘာဝတရား၏အလှအပကိုကြည့်ရင်း မချီးကျူးဘဲ မနေနိုင်တော့ပေ။
"သေစမ်း.. ငါ ထိန်းမထားနိုင်တော့ဘူး"
"ဗွမ်း"
"ဝိုး.. ဂျူနီယာညီမလေး… မင်း ဒီလောက်အထိသတ္တိရှိမယ်လို့ ထင်မထားဘူး"
"ကျစ် ကျစ် ကျစ် စီနီယာအစ်ကို.. ဒီလိုအရှက်မရှိတဲ့စကားမျိုး ပြောထွက်သေးတယ်ပေါ့"
"ဟားဟားဟား.. ငါတို့အားလုံး ရေထဲဆင်းပြီး ကစားကြမလား"
ကျန်းမုန့်လောင်က လုရီယောင်ကို ကြည့်လိုက်သည်။
"ကောင်းသားပဲ"
လုရီယောင်က ဆွဲဆောင်မှုရှိသော ဘီကနီလေးကို လဲဝတ်လိုက်ပြီးနောက် သူတို့နှစ်ယောက်သား ပင်လယ်ထဲသို့ ဗွမ်းခနဲခုန်ချလိုက်ကြသည်။
ဤနေရာက ရတနာသိုက်နှယ် နေရာတစ်ခုပင်။ ပင်လယ်ရေက ကြည်တောက်နေသဖြင့် ရေငုပ်ပြီး ပင်လယ်ပုလဲများကို ရှာဖွေနိုင်သည်။ ဤသို့သောအတွေ့အကြုံမျိုးမှာ ဟွာရှားနိုင်ငံ စန်းယာ့မှာပင် တွေ့နိုင်ရန် ခဲယဉ်းလှသည်။
...
ထိုအချိန်တွင် ကုန်တင်သင်္ဘောနှင့် မတူသော သင်္ဘောသုံးစင်းက ထိုဧရိယာအတွင်းသို့ တဖြည်းဖြည်းဝင်ရောက်လာသည်။
သင်္ဘောပေါ်တွင် အမြောက်များတပ်ဆင်ထားပြီး လိုက်ပါလာသူများကလည်း ရုပ်ရည်ကြမ်းတမ်းကြပြီး ကိုယ်လက်အင်္ဂါမသန်စွမ်းသူများပင် ပါဝင်ပေသည်။
"ကပ္ပတိန်.. ရေဒါက ဟိုဘက်နားမှာ သင်္ဘောတစ်စီးရှိတယ်လို့ ပြနေပါတယ်"
"တစ်စီးတည်းလား"
"ဟုတ်ပါတယ်"
"သွားကြစို့။ သွားကြည့်မယ်"
"ဒါပေမဲ့ ကပ္ပတိန်.. တောင်အာဖရိကရဲ့ရေပိုင်နက်ထဲကို ရောက်တော့မှာ။ ကျွန်တော်တို့သာ အလောတကြီးဝင်သွားလိုက်ရင်.."
"ငါတို့ အလုပ်မလုပ်ရတာကြာလှပြီ။ ဒီအတိုင်းသာဆက်သွားနေရင် ဘာစားသောက်ကြမှာလဲ။ ဒီနေ့ အခွင့်အရေးရတုန်း အချီကြီးမိအောင်လုပ်ရမယ်"
သူတို့တစ်ဖွဲ့လုံးလည်း အံတင်းတင်းကြိတ်လိုက်လေသည်။
"ကပ္ပတိန်ရဲ့အမိန့်.. လမ်းကြောင်းပြောင်းပြီး တောင်အာဖရိကရဲ့ရေပိုင်နက်ထဲကိုဝင်မယ်"
"ဒါက…"
ပင်လယ်ဓားပြခေါင်းဆောင်မှာ အဝေးရှိ သင်္ဘောကြီးကို မှန်ပြောင်းဖြင့် လှမ်းကြည့်ရင်း အံ့အားသင့်သွားလေသည်။
"ဟိုသင်္ဘောက… အဲဒါက တောင်အာဖရိကရဲ့ အချမ်းသာဆုံးသူဌေးဘရူဂယ်ရစ်ချ်ရဲ့ ကိုယ်ပိုင်ဇိမ်ခံသင်္ဘောမဟုတ်လား။ ဟားဟားဟား.. ဒီနေ့တော့ ငါတို့ပွပြီဟေ့"
"ကပ္ပတိန် ကျွန်တော်တို့ တိုက်ခိုက်ကြမလား"
"မတိုက်နဲ့ဦး"
"အရှိန်ကုန်တင်ပြီးမောင်း.. အဲဒီလူတွေကို အရှင်ဖမ်းရမယ်။ တကယ်လို့ ဘရူဂယ်လ်ရစ်ချ်ကိုသာ ဖမ်းမိရင် ဒီတစ်ခေါက် ငါတို့တွေ အနည်းဆုံးအမေရိကန်ဒေါ်လာသန်းနဲ့ချီပြီးရမှာကွ"
...
ပင်လယ်ဓားပြသင်္ဘောက အရှိန်ပြင်းပြင်းဖြင့် ချဉ်းကပ်လာချိန်မှာ ကျန်းမုန့်လောင်ကလည်း သူတို့ကို ချက်ချင်းသတိထားမိလိုက်သည်။
"မုန့်လောင်.. ဟိုမှာ သင်္ဘောတစ်စီးလာနေသလိုပဲ"
"ငါသိတယ်။ ပင်လယ်ဓားပြသင်္ဘောပဲဖြစ်လိမ့်မယ်"
ယဲ့ရင်က ကျန်းမုန့်လောင်အတွက် အကုန်ကြိုထောက်လှမ်းပေးထားပြီးဖြစ်၏။
ဆိုမာလီပင်လယ်ဓားပြများ နှိမ်နင်းခံရပြီးကတည်းက ကျန်ရစ်နေခဲ့သော ဓားပြများမှာ ဥရောပနှင့် အာဖရိကကြားရှိ ပင်လယ်ပြင်များတွင် လှည့်လည်သွားလာရင်း သင်္ဘောများကို ပြန်ပေးဆွဲလေ့ရှိကြသည်။ ယခုအဖွဲ့ကိုလည်း ဂိုရစ်ဟုခေါ်သော ပင်လယ်ဓားပြက ဦးဆောင်နေခြင်းပင်။
သူတို့ နောက်ဆုံးအကြိမ် ပြစ်မှုကျူးလွန်ခဲ့သည်မှာ လွန်ခဲ့သည့်တစ်နှစ်နှစ်နှစ်ခန့်က ဖြစ်သော်လည်း ကပ်ရောဂါကြောင့် ရေကြောင်းကုန်သွယ်မှုများ ရပ်ဆိုင်းခဲ့သဖြင့် အလုပ်မဖြစ်ခဲ့ပေ။ ယခုအခါ ကုန်သွယ်မှု ပြန်စတင်ပြီဖြစ်ပြီး သူတို့တွင်လည်း စုဆောင်းထားသမျှ ပစ္စည်းဥစ္စာများ ကုန်လုနီးပါးဖြစ်နေသောကြောင့် လုပ်ငန်းဟောင်းကို ပြန်စတင်ခဲ့ခြင်းပင်။
သို့သော် ပင်လယ်ဓားပြများနှင့် ရင်ဆိုင်ရသည့်တိုင် မည်သူတစ်ဦးတစ်ယောက်ကမှ မကြောက်ကြပေ။ အကြောင်းမှာ သူတို့၏ပတ်ပတ်လည်တွင် လေယာဉ်တင်သင်္ဘောအစောင့်အရှောက်များ ရှိနေသောကြောင့်ပင်။
"ဟားဟားဟား.. စီနီယာအစ်ကို.. ဒီလူတွေက သမိုင်းတစ်လျှောက် ကံအဆိုးဆုံးပင်လယ်ဓားပြတွေလို့ မထင်ဘူးလား"
*****************