ပင်လယ်ဓားပြကို ပထမဆုံးအကြိမ်မြင်ဖူး၍ စိတ်လှုပ်ရှားခြင်း
Vol. 47 Ch. 693
"မစ္စတာကျန်း.. ကျွန်တော်တို့ရဲ့ရေဒါနဲ့ အချက်ပြလေယာဉ်တွေရဲ့ အချက်ပြအရ ပင်လယ်ဓားပြသင်္ဘောတစ်စင်းက ဆရာ့ဆီကို ဦးတည်လာနေပါတယ်။ အဲဒီလူက နိုင်ငံတကာဝရမ်းပြေးစာရင်းမှာ နှစ်ပေါင်းများစွာကြာအောင် ရှိနေခဲ့တဲ့ ပင်လယ်ဓားပြဂိုရစ်ဖြစ်ဖို့များပါတယ်။ သူက လူသတ်မှုပေါင်းများစွာ ကျူးလွန်ထားလို့ အရမ်းအန္တရာယ်များပါတယ်။ ကျေးဇူးပြုပြီး သင်္ဘောပေါ်ကိုတက်ပြီး ရှောင်ပါတော့။ ကျွန်တော်တို့ တိုက်လေယာဉ်တွေ ချက်ချင်းလွှတ်လိုက်ပါ့မယ်"
ပင်လယ်ဓားပြသင်္ဘောက အချက်ပြလေယာဉ်၏ ထောက်လှမ်းမှုဧရိယာအတွင်း ရောက်ရှိလာသည်နှင့် ကျန်းမုန့်လောင်ကို စောင့်ရှောက်ပေးနေသော လေယာဉ်တင်သင်္ဘောအုပ်စုက ချက်ချင်းသိရှိသွားကြသည်။ ခေါင်းဆောင်ဖြစ်သူကလည်း အစောင့်အရှောက်အဖွဲ့ကတစ်ဆင့် ဤသတင်းကို ကျန်းမုန့်လောင်အား ချက်ချင်းအကြောင်းကြားခဲ့သည်။
"သူတို့ကို မလာခိုင်းနဲ့"
ကျန်းမုန့်လောင်က ချက်ချင်းတားမြစ်လိုက်သည်။
"ငါ့ဘဝမှာ ပင်လယ်ဓားပြကို ပထမဆုံးအကြိမ်မြင်ဖူးတာပဲ"
"ဒါပေမဲ့ မစ္စတာကျန်း.. သူတို့ဘက်မှာ လူအင်အားလည်းများသလို သင်္ဘောပေါ်မှာလည်း လက်နက်ကြီးတွေပါပါတယ်။ ခင်ဗျားရဲ့သင်္ဘောက ဘယ်လောက်ပဲ အဆင့်မြင့်မြင့် ဘာလက်နက်မှမပါဘူးလေ။ သူတို့ကို ခုခံနိုင်မှာမဟုတ်ပါဘူး"
"မလာနဲ့ဆိုရင် မလာခဲ့နဲ့ပေါ့။ ဘာပေါက်ကရတွေပြောနေတာလဲ"
ကျန်းမုန့်လောင်က ဆိုသည်။
"အခု မင်းတို့တွေ ငါတို့နဲ့ ဘယ်လောက်အကွာအဝေးမှာရှိနေတာလဲ"
"ရေမိုင်သုံးမိုင်လောက်ပါ"
"မင်းတို့ရဲ့တိုက်လေယာဉ်တွေကို အချိန်မရွေးထွက်လာလို့ရအောင် ပြင်ထားလိုက်။ ငါလာလို့ရပြီဆိုမှ လာခဲ့"
"ဒါက…"
"ငါ့အစီအစဉ်ကို မကျေနပ်လို့လား"
"မဟုတ်ပါဘူး။ မကန့်ကွက်ရဲပါဘူး"
အစောင့်အရှောက်အဖွဲ့ထဲရှိ တာဝန်ခံက လေယာဉ်တင်အုပ်စု၏ ခေါင်းဆောင်ထံသို့ အကြောင်းကြားလိုက်ပေသည်။
သို့သော် သူတို့ခမျာ ရင်တထိတ်ထိတ်ဖြစ်နေဆဲပင်။ သူတို့သည် မကြာသေးခင်ကမှ ကျန်းမုန့်လောင်တစ်ယောက် စွမ်းအားရှင်မဟာမိတ်အဖွဲ့တစ်ခုလုံးကို ဖြိုခွင်းပစ်ခဲ့ကြောင်း သိရလောက်အောင်အထိ ရာထူးမမြင့်ကြပေ။ သူသည် နက်နဲလှသော နောက်ခံအသိုင်းအဝိုင်းတစ်ခုရှိပြီး မှန်းဆ၍မရနိုင်သော ဩဇာအာဏာမျိုးရှိသည်ဟုသာ သိထားကြသည်။
ကံကောင်းသည်မှာ သူတို့၏လေယာဉ်တင်သင်္ဘောပေါ်တွင် တိုက်လေယာဉ်များ အဆင်သင့်ရှိနေခြင်းပင်။ လေယာဉ်ပျံတက်လိုက်သည်နှင့် တစ်မိနစ်ပင်မကြာခင်မှာပင် ရောက်လာနိုင်မည်ဖြစ်၏။ ယခုအချိန်တွင် သူတို့အနေနှင့် ကျန်းမုန့်လောင်နှင့် အပေါင်းအပါများ ဘေးကင်းစေရန်သာ ဆုတောင်းနေကြရသည်။
...
"ကပ္ပတိန်.. သူတို့ ကျွန်တော်တို့ကို တွေ့သွားပြီထင်တယ်။ အကုန်လုံး သင်္ဘောပေါ်ကို ပြန်ရောက်သွားကြပြီ။ ဘာဆက်လုပ်ကြမလဲ"
"အရှိန်အကုန်တင်ပြီးမောင်း"
ဂိုရစ်က အမိန့်ပေးလိုက်သည်။
"အဲဒါက ကိုယ်ပိုင်ဇိမ်ခံသင်္ဘောလေးတစ်စင်းပါကွာ။ အမြန်ဆုံးမောင်းမှ ရေမိုင်နှစ်ဆယ်သုံးဆယ်လောက်ပဲ ရောက်မှာ။ ငါတို့သင်္ဘောက ပိုမြန်တယ်။ သူတို့ လွတ်နိုင်မှာမဟုတ်ဘူး"
"ဟုတ်ကဲ့"
...
"မုန့်လောင်.. သူတို့ နီးလာပြီ"
"အမလေး.. ငါ့တစ်သက် ဓားပြတွေကို တစ်ခါမှမမြင်ဖူးဘူး။ ပင်လယ်ဓားပြတွေအကုန်လုံး မျက်လုံးတစ်ဖက်အုပ်ထားပြီး လက်မှာလည်း ချိတ်တွေပါနေတာလားမသိဘူး"
"မင်း ကာရေဘီယံပင်လယ်ဓားပြဇာတ်လမ်းတွေ အကြည့်များသွားတာလား။ အဲဒါတွေက ဟိုးအရင်ခေတ်တွေတုန်းက ဓားပြတွေပါ"
ကျန်းမုန့်လောင်က သူ့ဂျူနီယာလေးများကို ရယ်ကာမောကာဖြင့် ရှင်းပြလေသည်။
"ခေတ်သစ်ပင်လယ်ဓားပြတွေက စစ်တပ်တစ်ခုနဲ့ ပိုတူတယ်။ ယူနီဖောင်းတွေဝတ်ပြီး စံချိန်မီလက်နက်တွေကိုင်တယ်။ သူတို့သုံးတဲ့သင်္ဘောကလည်း တိုက်ခိုက်ရေးသင်္ဘောတွေနဲ့ သိပ်မကွာဘူး"
"ကျစ် ကျစ် ကျစ်.. နားထောင်ကြည့်ရုံနဲ့တင် ရင်ခုန်စရာကောင်းတယ်။ ခဏနေမှ ငါ ဓာတ်ပုံတွေအများကြီးရိုက်ရမယ်"
"သူတို့တွေက တော်တော်သတ္တိရှိတာပဲ။ ငါတို့ပတ်ပတ်လည်မှာ လေယာဉ်တင်သင်္ဘောတွေရှိနေတာတောင် လာရဲသေးတယ်"
"မတတ်နိုင်ဘူးလေ။ လေယာဉ်တင်သင်္ဘောတွေရဲ့ ကိုယ်ယောင်ဖျောက်နည်းပညာက သူတို့ရဲ့ထောက်လှမ်းနိုင်စွမ်းထက် အများကြီးပိုမြင့်နေတာကိုး။ မျက်လုံးနဲ့မြင်နိုင်တဲ့ အကွာအဝေးအထိ ရောက်မလာမချင်းတော့ သူတို့ရေဒါထဲမှာ ဘာမှပေါ်မှာမဟုတ်ဘူး"
"တကယ်ပဲနော်။ နည်းပညာက အဓိကအင်အားစုတစ်ခုပဲ။ တကယ်လို့ ငါတို့မှာ လေယာဉ်တင်သင်္ဘောတွေ ဖျက်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေအများကြီးရှိတယ်ဆိုတာသာ သူတို့သိသွားရင် ကြောက်သေးပါကုန်တော့မှာပဲ"
...
"ကပ္ပတိန်.. ဟိုသင်္ဘောက မလှုပ်တော့ဘူး။ သူတို့ကြောက်လွန်းလို့ တောင့်ခဲသွားကြတာလားမသိဘူး။ ဟားဟားဟား"
ပင်လယ်ဓားပြသင်္ဘောပေါ်ရှိ ဓားပြများမှာ ဇိမ်ခံသင်္ဘောကြီး ရပ်နေသည်ကိုမြင်သော် လှောင်ရယ်ကြလေတော့သည်။
"ဟားဟားဟား.. သူတို့တွေ လွတ်အောင်မပြေးနိုင်မှန်း သိသွားလို့ဖြစ်မှာပေါ့။ အနီးဆုံးကမ်းခြေကတောင် ရေမိုင်နှစ်ဆယ်ကျော်ဝေးတယ်။ သူတို့မှာ အောင်မြင်နိုင်ခြေမရှိဘူးလေ။ အသာတကြည်အဖမ်းခံလိုက်တာက အကောင်းဆုံးပဲ"
"ခဏနေဦး။ ကပ္ပတိန်.. သင်္ဘောပေါ်မှာ ဟွာရှားလူမျိုးတွေထင်တယ်"
မှန်ပြောင်းကြည့်နေသော ပင်လယ်ဓားပြတစ်ယောက်က ပြောလာလေသည်။
"ကြည့်လိုက်.. သူတို့ရုပ်ရည်က အာရှသားရုပ်ရည်တွေပဲ။ ပြီးတော့ နိုင်ငံတော်အလံကိုလည်း လွှင့်ထားသေးတယ်"
"ဘာ? ဟွာရှားလူမျိုးတွေလား"
ဂိုရစ်လည်း ကြက်သေသေသွားချေသည်။
"သူတို့က ဘယ်လိုလုပ်ပြီး ဟွာရှားလူမျိုးတွေ ဖြစ်နိုင်မှာလဲ။ ဒီသင်္ဘောကို တောင်အာဖရိကရဲ့ အချမ်းသာဆုံးလူက ပိုင်တာမဟုတ်ဘူးလား"
"ကပ္ပတိန် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ ဟွာရှားလူမျိုးတွေက သွားရှုပ်လို့မရဘူးနော်"
ဟွာရှားလူမျိုးများက သွားရှုပ်၍ရသောလူများမဟုတ်ကြောင်း ဂိုရစ် ကောင်းကောင်းသိသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က သူတို့၏ပင်လယ်ဓားပြများ သောင်းကျန်းခဲ့စဉ်က အသိဉာဏ်မရှိသော ပင်လယ်ဓားပြတစ်စုက ဟွာရှားသင်္ဘောတစ်စီးကို ပြန်ပေးဆွဲခဲ့ဖူးသည်။ နောက်တစ်နေ့မှာပင် ဟွာရှားနိုင်ငံဘက်က စစ်သင်္ဘောများ စေလွှတ်ပြီး သူတို့၏စခန်းကို အမှုန့်ကြိတ်ပစ်လိုက်သည်။
ယနေ့ခေတ်တွင် ဟွာရှားနိုင်ငံ၏အင်အားမှာ အလွန်ကြီးမားလှသည်။
"သေစမ်း.. ကမ္ဘာ့ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ရှိနေရင်တောင် ငါကတော့ ဒီအလုပ်ကို ရအောင်လုပ်ရမှာပဲ"
ဂိုရစ်က အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။
"ဒီလိုအခွင့်အရေးမျိုးက ရခဲတယ်။ ဒီတစ်ခေါက်သာ အောင်မြင်ရင် နှစ်ဝက်လောက်တော့ နားနေလို့ရပြီ"
"ငါတို့အဖွဲ့ကို အကြောင်းကြားလိုက်။ သင်္ဘောပေါ်ကိုတက်ဖို့ ပြင်ထာကြ။ ဒါပေမဲ့ ဟွာရှားလူမျိုးတွေကို မသတ်မိအောင် သတိထားကြ"
"ဟုတ်ကဲ့"
အော်ဟစ်သံများနှင့် အင်ဂျင်သံများ ဟိန်းထွက်လာပြီး လက်နက်ကိုင်ပင်လယ်ဓားပြတစ်ဒါဇင်ကျော်ကို တင်ဆောင်လာသည့် စပိဘုတ်သုံးစီးက သူတို့ဆီသို့ ဦးတည်လာချေသည်။
"သူတို့လာနေပြီ"
အတူလိုက်ပါလာသည့် အစောင့်အကြပ်အဖွဲ့ဝင်များမှာ ထိတ်လန့်သွားကြသည်။
စစ်သင်္ဘောများက အနီးအနားတွင် ရှိနေသော်ငြား ပင်လယ်ဓားပြများသာ သင်္ဘောပေါ်သို့ တက်လာပါက အခြေအနေဆိုးဝါးသွားနိုင်သည်။ လေယာဉ်က ဘယ်လောက်မြန်မြန် ကျည်ဆန်ကိုတော့ မကျော်နိုင်ချေ။ ဓားပြများက သူတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးလိုက်လျှင် ဘေးနားရှိ လေယာဉ်တင်သင်္ဘောများလည်း အချည်းနှီးဖြစ်သွားပေလိမ့်မည်။
"သင်္ဘောပေါ်မှာ အစောင့်အရှောက်စစ်သားတစ်စု ထားခဲ့ရင် ကောင်းမှာ"
လိုက်ပါစောင့်ကြပ်ပေးသော အုပ်စု၏ ခေါင်းဆောင်ဖြစ်သူမှာ နောင်တရနေပေသည်။
"မစ္စတာကျန်း.. သင်္ဘောပေါ်မှာ အရေးပေါ်ပုန်းခိုလို့ရတဲ့နေရာတစ်ခု ပါပါတယ်။ တောင်အာဖရိကရဲ့ အချမ်းသာဆုံးသူဌေးက ဒီလိုအရေးပေါ်ကိစ္စမျိုးတွေအတွက် ကြိုတင်ပြင်ဆင်ထားပါတယ်။ အဲဒီထဲမှာ ခဏလောက်ပုန်းနေရအောင်။ ကျွန်တော် စစ်သင်္ဘောတွေကို ချက်ချင်းခေါ်လိုက်ပါ့မယ်"
"မင်းသွားချင်ရင်သွားလေ။ ငါတို့ကတော့ မသွားဘူး"
ကျန်းမုန့်လောင်က မှန်ပြောင်းကိုထုတ်ကြည့်ရင်း ပင်လယ်ဓားပြခေါင်းဆောင်ကိုပင် လက်လှမ်းပြလိုက်သေးသည်။
"ရီရီ.. ကိုယ့်ကို ကင်မရာလေးယူပေးဦး။ ဓာတ်ပုံနည်းနည်းလောက်ရိုက်ထားရမယ်။ ခဏနေရင် ပင်လယ်ဓားပြခေါင်းဆောင်နဲ့ပါ တွဲလိုက်ရမှာ"
"သိပြီ"
လုရီယောင်က ရေချိုးဝတ်ရုံကို ဝတ်ဆင်ထားပြီး လည်ပင်းတွင် ကင်မရာကို ဆွဲထားလေသည်။
"မင်းတို့ ရူးနေကြတာလား"
အစောင့်အရှောက်တပ်ဖွဲ့ခေါင်းဆောင်မှာ ဆဲမိတော့မတတ်ပင်။
သူတို့က လူသတ်နိုင်သည့် လက်နက်များကို ကိုင်ထားကြသည့် ဓားပြအစစ်များပင်။ ဤသည်မှာ သရုပ်ဆောင်နေခြင်းလည်း မဟုတ်သလို ထူးခြားဆန်းကြယ်ဝင်္ကပါထဲမှလွတ်မြောက်ရန် ကြိုးစားခြင်းမျိုးလည်း မဟုတ်ချေ။ သူတို့အနေနှင့် မည်သို့များ အလွန်ရဲရင့်နေရသလဲ။
မင်းတို့က ကမ္ဘာ့အချမ်းသာဆုံးဖြစ်နေတာနဲပဲ သူတို့တွေက မဖမ်းရဲဘူးလို့ ထင်နေတာလား…
မင်းမှာ ဘယ်လောက်ပဲ အင်အားကြီးတဲ့နောက်ခံမျိုးရှိရှိ သူတို့တွေက မင်းတို့သင်္ဘောပေါ်က လူတွေအကုန်လုံးကိုသတ်ပြီး ပင်လယ်ထဲကို ပစ်ချလိုက်ရင် ဘယ်သူကသိမှာလဲ…. နည်းနည်းလောက်သတိထားကြပါဦး…
"သောက်ကျိုးနည်း.. သူတို့ကိုင်ထားတဲ့ AKတွေမဟုတ်လား"
"မိုက်တယ်.. ငါ ဒီလိုသေနတ်အစစ်တွေကို အပြင်မှာ တစ်ခါမှမမြင်ဖူးဘူး"
"သူတို့ဆီမှာ Kar98kရော ပါမလားပဲ။ ငါက ရှစ်ဆချဲ့စနိုက်ပါနဲ့ပစ်တဲ့နေရာမှာ အရမ်းကျွမ်းတာ"
အေးအေးလူလူဖြစ်နေသည်မှာ ကျန်းမုန့်လောင်တစ်ယောက်တည်းမဟုတ်ပေ။ သူ့စီနီယာများနှင့် ဂျူနီယာများလည်း ထိုနည်းတူပင်။ သူတို့မျက်နှာထက်တွင် ကြောက်ရွံ့မှု အလျဉ်းမရှိပါဘဲ စိတ်လှုပ်ရှားပြီး တက်ကြွနေသော အရိပ်အယောင်များသာ ပေါ်နေချေသည်။
ဟွာရှားလူမျိုးတွေက ယခုအချိန်တွင် အလွန်ကြမ်းနေကြပြီလား…
လွန်ခဲ့သည့် ရက်အနည်းငယ်ကဆိုလျှင် ဤသို့သောအခြေအနေမျိုးတွင် သူတို့ ငိုနေလောက်ပြီဖြစ်၏။
ဤလူများမှာ ပင်လယ်ဓားပြလေးများသာ။ သူတို့သည် ပဥ္စမမျိုးဆက်တိုက်လေယာဉ်များထံမှ ဝိုင်းတိုက်ခံခဲ့ရဖူးပြီဖြစ်၏။ ဤအရာက ဒုံးကျည်တပ်ထားသော ကားများ၏ အလိုက်ခံရခြင်းထက် ပိုကြောက်ဖို့ကောင်းဦးမလား။
သို့သော် အခေါက်တိုင်းလည်း သူတို့ ဘေးကင်းခဲ့သည်။ ကျန်းမုန့်လောင်ရှိနေသရွေ့ သူတို့ ဘာအန္တရာယ်မှ မကျရောက်နိုင်ဘူးဟု အခိုင်အမာယုံကြည်ထားကြသည်။
သူတို့အနေနှင့် ပင်လယ်ဓားပြများကို မည်သို့ကိုင်တွယ်ရမလဲဆိုသည်ကို မသိပါသော်ငြား တည်ငြိမ်အေးဆေးနေသော ကျန်းမုန့်လောင်၏မျက်နှာကို ကြည့်ရုံမျှဖြင့် ဤပင်လယ်ဓားပြများကို သူ အရေးမစိုက်ကြောင်း သိနိုင်သည်။
ဤပင်လယ်ဓားပြများကို ကြောက်စရာမလိုပါက အခြားရှုထောင့်တစ်ခုက ရှုမြင်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော အတွေ့အကြုံတစ်ခုအဖြစ် သဘောထား၍ရပေသည်။
"ချလွင်... ချလွင်!"
ပင်လယ်ဓားပြလှေများပေါ်မှ သံဆူးကြိုးများ ပျံတက်လာပြီး ဇိမ်ခံသင်္ဘောပေါ်သို့ ချိတ်တွယ်သွားသည်။ ထိုပင်လယ်ဓားပြများမှာ အမှန်တကယ် ကျွမ်းကျင်ကြသည်။ နှစ်မိနစ်မပြည့်သေးခင်မှာပင် စပိဘုတ်သုံးစီးနှင့် ပင်လယ်ဓားပြ ဆယ့်ငါးယောက် ဆယ့်ခြောက်ယောက်ခန့်က သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်လာကြသည်။
"မလှုပ်နဲ့! ငါတို့က ပိုက်ဆံပဲလိုချင်တာ။ အသက်ကိုမလိုချင်ဘူး။ ဟွာရှားလူမျိုးတွေကို မသတ်ချင်ဘူး။ အဲဒီတော့ ငါတို့ကို သေနတ်မောင်းဆွဲမိအောင် ဖိအားမပေးကြနဲ့"
ပင်လယ်ဓားပြများက သေနတ်များကို ကိုင်မြှောက်ကာ ကျန်းမုန့်လောင်တို့အဖွဲ့ကို ချိန်ထားလိုက်ကြသည်။
"ဖျတ်... ဖျတ်...!"
ရုတ်ခြည်းပင် ဓာတ်ပုံဖလက်ရှ်မီးများ တဖျပ်ဖျပ်လင်းသွားသဖြင့် ပင်လယ်ဓားပြအချို့မှာ လန့်ဖျပ်ပြီး သေနတ်မောင်းဆွဲမိတော့မတတ် ဖြစ်ကုန်ကြသည်။
"မင်းတို့ ဘာလုပ်နေတာလဲ"
ပင်လယ်ဓားပြတစ်ယောက်က ကျန်းမုန့်လောင်၏ ဂျူနီယာတစ်ယောက်ကို သေနတ်ဖြင့် ချက်ချင်းချိန်ထားလိုက်သည်။
"စီနီယာ... သူ ဘာပြောတာလဲ"
ပင်လယ်ဓားပြများ၏စကားကို သူတို့ နားမလည်ကြပေ။
"မင်းတို့ ဘာလုပ်နေတာလဲလို့ သူကမေးနေတာ"
ကျန်းမုန့်လောင်ကလည်း ဘာသာပြန်ပေးလိုက်သည်။
"ဆောရီး... ဆောရီး ပင်လယ်ဓားပြကို အခုမှ ပထမဆုံးမြင်ဖူးတာမို့ စိတ်လှုပ်ရှားသွားတာ။ ဓာတ်ပုံရိုက်ချင်ဇောနဲ့ ဖလက်ရှ်မီးပိတ်ဖို့ မေ့သွားတယ်"
****************