← Chapters

👑 Requested by Himself

Vol. 20 Ch. 192

👑 Requested by Himself

Vol. 20 Ch. 192

မယ်တော်ကြီး ရင်ကွဲနာကျနေတာကို မြင်ပြီး ချန်ယင်းရှန့် ပိုမိုစက်ဆုပ်သွားခဲ့သည်။

“နင်ကပဲ နှောင်းဧကရာဇ်မင်းကြီးကို မုန်းတီးရတယ်ရှိသေးတယ်! ဒီကလေး ကံမကောင်းအကြောင်းမလှလို့ မတော် တဆ သေဆုံးသွားခဲ့တာ! ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတဲ့ မွေးကင်းစတစ်ယောက်ကို တော်ဝင်ဂူဗိမ္မာန်မှာ မြှုပ်နှံခွင့်တောင် မရှိဘူး!”

“နှောင်းဧကရာဇ်မင်းကြီး သဘောထားကြီးခဲ့လို့သာ တော် ဝင်ဂူဗိမ္မာန်မှာ ဒီကလေးအတွက် နေရာတစ်ခုပေးခဲ့တာ။ ပြီးတော့ ဒီရွှေသော့ခလောက်လေးကိုပါ သူနဲ့အတူ မြှုပ်နှံခွင့်ပေးခဲ့သေးတယ်! နင်ကတော့ ဖောက်ပြားတတ်တဲ့ မိန်းမယုတ်ပဲ! အနောက်နန်းဆောင်ထဲ ရောက်လာခဲ့တာတောင် တုံရှောင်းနဲ့ ပတ်သတ်ပြီး ဒီမျိုးမစစ်ကလေးကို ဘာလို့ မွေးဖွားခဲ့သေးတာလဲ! အကုန်လုံး နင်တို့အပြစ်တွေပဲ!”

“နှောင်းဧကရာဇ်မင်းကြီးရဲ့ ဂုဏ်သိက္ခာကို ဘယ်နားသွားထားရတော့မှာလဲ!!!”

ချန်ယင်းရှန့် အတိုင်းထက်အလွန် အမျက်ဒေါသထွက်နေပါသည်။

ဒီအရိုးစုတွေကို ရှာတွေ့ပြီးကတည်းက သူ့နှလုံးသားထဲ သံသယတွေ ဝင်‌နေခဲ့တာဖြစ်သည်။ ဒီကလေးက နှောင်းဧကရာဇ်မင်းကြီးနှင့် မယ်တော်ကြီးတို့၏သွေးသားဖြစ်ပါလျက်နဲ့ ဘာကြောင့်စောစောစီးစီး သေဆုံးသွားခဲ့ရတာလဲ သူ နားမလည်နိုင်ဖြစ်ခဲ့ရသည်။

ဒါဆို ယွဲ့ဟွာကကော…

ယွဲ့ဟွာက ဘယ်သူလဲ…

နောက်ကွယ်မှာ လျှို့ဝှက်ချက်ကြီးကြီးမားမားတစ်ခုခု ရှိနေနိုင်သည်ဟု ချန်ယင်းရှန့် ခံစားခဲ့မိသည်။

ထို့ကြောင့် ဇာတိမြေသို့ ပြန်ချင်ယောင်ဆောင်ကာ အမှန်တရားတွေကို နှစ်ပေါင်းများစွာတိုင်အောင် ရှာဖွေနေခဲ့တာ ဖြစ်သည်။

ကောင်းကင်ဘုံမှ နှောင်းဧကရာဇ်မင်းကြီးကလည်း သူ့ကို အမှောင်ထုထဲမှာ လမ်းပြပေးခဲ့ပုံရသည်။

ပထမတော့ တုံအိမ်တော်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး တုံရှောင်းနှင့် မယ်တော်ကြီးတို့၏ ဖောက်ပြားမှုအကြောင်းကို သိခဲ့ရတာ ထိုအရိုးစုများက ထိုနှစ်ယောက်ရဲ့ မျိုးမစစ်ကလေးဖြစ်မှန်း ချန်ယင်းရှန့် သိခဲ့ရသည်။

ဒါဆို ယွဲ့ဟွာက ဘယ်သူလဲ…

ယခင်တုန်းက နှောင်းဧကရာဇ်မင်းကြီးမှာ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခဲ့ရသူတစ်ဦးရှိမှန်း ချန်ယင်းရှန့် မှတ်မိသည်။ ဘယ်သူဘယ်ဝါမှန်း သေချာမသိခဲ့သော်လည်း ထိုအမျိုး သမီး ကိုယ်ဝန်ရသွားခဲ့တာကိုတော့ ချန်ယင်းရှန့်သိခဲ့သည်။

နှောင်းဧကရာဇ်မင်းကြီးက ကလေးချင်း အစားထိုးခဲ့တာများလား…

လမ်းဆုံးထိရောက်အောင် ချန်ယင်းရှန့် စုံစမ်းခဲ့သည်။ နှောင်းဧကရာဇ်မင်းကြီးနှင့် ထိုအမျိုးသမီးတို့ လျှို့ဝှက်တွေ့ဆုံခဲ့ကြသည့် နေရာတွေကအစ ထိုအမျိုးသမီးသေ ဆုံးခဲ့ရသည့်နေရာအထိ သူသွားရောက် စုံစမ်းခဲ့ပါသည်။

ကောင်းကင်ဘုံ၏ဆောင်မကြည့်ရှုမှုကြောင့် ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့ခဲ့ရသည့် မျက်မြင်သက်သေတစ်ယောက်ကို ချန်ယင်းရှန့် ရှာတွေ့ခဲ့ပါသည်။

မျက်မြင်သက်သေက ထိုအိမ်တော်၏ အစေခံတစ်ယောက်ဖြစ်သည်။ ထိုအမျိုးသမီး သေဆုံးခါနီးဆဲဆဲအချိန်မှာ နှောင်းဧကရာဇ်မင်းကြီးနှင့် သူမတို့ရရှိခဲ့သည့် ရင်သွေးလေးက အရပ်သားတွေအကြားမှာ သိုဝှက်ထားခဲ့သည့် ကလေးမလေးတစ်ဦးဖြစ်မှန်း ချန်ကျင်းမင်ဝန်ခံခဲ့သည်။

နန်းတော်အတွင်းသို့ ပို့ဆောင်လိုက်သည့် ကလေးကတော့ ချန်ကျင်းမင်၏ရင်သွေးသာဖြစ်သည်။

ထိုအကြောင်းတွေကို ကြားလိုက်ရပြီးနောက် ချန်ယင်းရှန့် သွေးတက်ကာ သတိပါလစ်သွားခဲ့သည်။

ပထမတော့ ချန်ယင်းရှန့် သိပ်မယုံကြည်ချင်ခဲ့ပါ။ သို့သော် ထိုအစေခံကမျက်ရည်များဖြင့်ပြောခဲ့သည်။ ဒီလိုလျှို့ဝှက် ချက်မျိုးကို သိရှိထားခဲ့သော်လည်း သူထုတ်မပြောဝံ့ခဲ့ပါ။ ထို့ကြောင့် သေထိုက်သည့် အပြစ်ဒဏ်ဖြစ်သည်ဟု ဆိုကာ ချန်ယင်းရှန့် ရှေ့မှောက်မှာပင် အဆိပ်သောက်ပြီးသတ်သေသွားလေတော့သည်။

ထိုလူသေဆုံးသွားသည်နှင့်တစ်ပြိုင်နက် ချန်ယင်းရှန့် စိတ်ထဲက သံသယတွေ ရာနှုန်းပြည့် ရှင်းလင်းသွားခဲ့သည်။

ချန်ယင်းရှန့်ဆိုသည့် သူက နှောင်းဧကရာဇ်မင်းကြီးသက် ရှိထင်ရှားရှိစဉ်တုန်းက အယုံကြည်ရဆုံးလူဖြစ်ခဲ့ဖူးသည်။

နှောင်းဧကရာဇ်မင်းကြီး နတ်ရွာစံသွားပြီဖြစ်သော်လည်း ချန်ယင်းရှန့် တာဝန်တွေ မပြီးမြောက်သေးပါ။

ထို့ကြောင့် ဒီနေရာအထိ အကြောက်တရားကင်းမဲ့စွာ သူရဲ ကောင်းဆန်ဆန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ယွဲ့ဟွာ၏ သရုပ်မှန်ကို ဖော်ထုတ်ပြီး တော်ဝင်ယွဲ့မျိုးရိုးကို သန့်စင်အောင် ဆက်ထိန်းသိမ်းရပါမည်။

ချန်ကျင်းမင်၏ ခံပြင်းနေသော အမူအရာကိုကြည့်ရင်း ယွဲ့လင်းနှုတ်ခမ်းထက် မသိမသာအပြုံးတစ်ခု ပေါ်လာခဲ့သည်။

‘ကောင်းကင်ဘုံပေါ်က နှောင်းဧကရာဇ်မင်းကြီး၏ ဆောင် မကြည့်ရှုမှု’ဆိုတာ အမှန်တကယ်တော့ ယွဲ့လင်းလူတွေ အရိပ်ထဲမှ သဲလွန်စပေးနေခဲ့တာဖြစ်မှန်း ချန်ယင်းရှန့် မသိခဲ့ရှာပေ။

မိန်းမစိုးကြီးချန် ‘အမှန်တရား’ကိုစုံစမ်းရှာဖွေနိုင်ဖို့အတွက် ယွဲ့လင်းလက်အောက်ငယ်သားတွေက နောက်ကွယ်မှ အများကြီး ကူညီပေးခဲ့ရသည်။

မိန်းမစိုးကြီးချန်ကို ရာနှုန်းပြည့် အယုံသွင်းနိုင်ဖို့အတွက် ထို ‘မျက်မြင်သက်သေ’ကို အဆိပ်သောက်ခိုင်းပြီး ဟန်ဆောင်ပန်ဆောင် သေဆုံးခိုင်းခဲ့ရသေးသည်။

နှောင်းဧကရာဇ်မင်းကြီး၏ လျှို့ဝှက်ချက်တွေကို သူသက်ရှိထင်ရှားရှိစဉ်တုန်းက အရင်းနှီးဆုံးဖြစ်ခဲ့သူကပဲ ထုတ်ဖော်သင့်ပါသည်။ ဒါမှ စိတ်ဝင်စားစရာကောင်းမှာ ဖြစ်သည်။

“ပါးစပ်ပိတ်ထား!! နင့်ပါးစပ်ပိတ်ထား!!!”

အနှီးထုပ်လေးကို ပွေ့ဖက်ရင်း ချန်ယင်းရှန့်ကို မယ်တော်ကြီး သွေးချင်းနီနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

“ငါ့ကို ဒီလိုဝေဖန်ခွင့် နင့်မှာ ဘာရှိလို့လဲ! ငါနဲ့တုံရှောင်းနဲ့က စေ့စပ်ထားပြီးသားလူတွေ! ယွဲ့မိုသာ ငါ့ကို အတင်းအကြပ် မသိမ်းပိုက်ခဲ့ရင် အခုချိန်သခင်မတုံအဖြစ် ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနိုင်ခဲ့မှာ! ငါ့ကို အနောက်နန်းဆောင်ထဲ အတင်းအဓမ္မ ခေါ်သွင်းခဲ့ပေမယ့် ငါ့အပေါ် နည်းနည်းလေးတောင် မေတ္တာရှိတာ မဟုတ်ဘူး! ပြောစမ်းပါ! သူ့ကို သစ္စာဖောက်တာ ငါ့အမှားလား!”

ဒီအရိုးစုတွေကို မြင်လိုက်ရသည့်ချိန်ကစလို့ မယ်တော်ကြီး၏စိတ်ပိုင်းဆိုင်ရာ ခုခံမှုတွေ ပြိုလဲသွားခဲ့သည်။

နှောင်းဧကရာဇ်မင်းကြီးအပေါ်ထားသည့် အငြှိုးတရားများက သူမရဲ့ ဆင်ခြင်တုံတရားများကို တိုက်စားသွားခဲ့သည်။

အရိုးစုတွေကို ကျစ်ကျစ်ပါအောင် ပွေ့ဖက်ရင်း မယ်တော်ကြီး ငယ်သံပါအောင် အော်ဟစ်လိုက်သည်။

“အဲ့ဒီခွေးယုတ်ယွဲ့မိုက သဘောထားကြီးတယ်လို့ နင့်ပါးစပ်က ထွက်ရဲသေးတယ်ပေါ့! ငါ့ကလေးကို သူ့လက်နဲ့ကိုယ် တိုင် သတ်ပစ်ခဲ့တာ! နောက်ဆက်တွဲ သူ လုပ်ပေးခဲ့တဲ့ အရာတွေကလည်း သူ့ရင်ထဲက အပြစ်ရှိစိတ်ကြောင့်ပဲ!”

“ဒါပေမယ့် အဲ့ဒီအပြစ်ရှိစိတ်တွေက ဘာမှသုံးစားမရဘူး! ငါ့သားလေး ကြီးပြင်းလာခွင့်တောင်မရှိဘဲ သေဆုံးသွားခဲ့ရတာ၊ တမလွန်ကိုရောက်နေရင်တောင် ယွဲ့မိုကို လုံးဝ ခွင့်လွှတ်ပေးမှာမဟုတ်ဘူး! တစ္ဆေတစ်ကောင်အဖြစ်နဲ့ထာဝရ ခြောက်လှန့်သွားတော့မှာ!!!”

ချန်ယင်းရှန့်လည်း ဒေါသတကြီးပြန်ငေါက်လိုက်ပါသည်။

“အဓိပ္ပာမယ်မရှိတာ!!! နှောင်းဧကရာဇ်မင်းကြီးက အဲ့လိုလုပ်ရပ်မျိုး လုပ်စရာလား! နင်စိတ်ရူးပေါက်ပြီး မဟုတ်တမ်းတရားတွေ စွပ်စွဲနေမှန်း သိသာလွန်းတယ်! နှောင်းဧကရာဇ်မင်းကြီးက နင့်ကို အနောက်နန်းဆောင်ထဲ ခေါ်ချင်လွန်းလို့ ခေါ်ခဲ့တာလို့ ထင်နေတာလား!”

“သူနဲ့ တုံရှောင်းနဲ့က မိတ်ဆွေတွေပဲ! နှောင်းဧကရာဇ်မင်းကြီး နန်းတက်နိုင်ဖို့အတွက် တုံရှောင်းကအများကြီး ကူညီပေးခဲ့တာ! နင်နဲ့ စေ့စပ်ထားပေမယ့် သူ့မှာ တခြားချစ်ရတဲ့လူရှိနေတယ်လို့ နှောင်းဧကရာဇ်မင်းကြီးဆီမှာ တုံရှောင်း ရင်လာဖွင့်ခဲ့တယ်၊နှောင်းဧကရာဇ်မင်းကြီးသေသေ ချာချာစဉ်းစားချင့်ချိန်ပြီးမှ တုံရှောင်းကိုကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာ”

“တစ်ဖက်မှာ သူ့အပေါ် တုံရှောင်းသစ္စာပိုရှိလာအောင် ကူညီပေးခဲ့တာဖြစ်သလို နောက်တစ်ဖက်မှာတော့ ဟွားမိသားစုဆိုတာလည်း ယုံမင်းဆက်ကိုတည်ထောက်ခဲ့တဲ့ အမတ်ဟောင်းကြီးတွေထဲမှာပါဝင်တယ်၊ အဲ့တာကြောင့် အဲ့ဒီအမတ်ဟောင်းကြီးတွေရဲ့ ထောက်ခံမှုကိုရဖို့အတွက် နင်နဲ့ လက်ဆက်ခဲ့တာ! နင်ကများ နင့်ကို နှောင်းဧကရာဇ်မင်းကြီး အတင်းအဓမ္မသိမ်းပိုက်ခဲ့ပါတယ်လို့ ပြောရဲတယ်နော်၊ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်စမ်းပါဦး၊ နင့်အဆင့်နဲ့တန်လို့လား!”

နောက်ထပ်လျှို့ဝှက်ချက်တစ်ခုကို ချန်ယင်းရှန့် ထုတ်ဖော်ခဲ့ပြန်ပါသည်။

ဒီဇာတ်လမ်းကို ကျန်းကျီမြောင်နှင့် ယွဲ့လင်းတို့ပင် မသိကြပေ။

ချက်ချင်းဆိုသလို တုံရှောင်းကို အားလုံးလှည့်ကြည့်လိုက်ကြပါသည်။

ကျန်းကျီမြောင် ဖရုံစေ့ယူမလာမိတာ နောင်တရသွားခဲ့လေသည်။

[ဝါး… အဲ့လောက်တောင် စိတ်လှုပ်ရှားဖို့ကောင်းနေတာလား! နှစ်ယောက်စလုံးကို ချစ်စိတ်မွှန်နေတဲ့လူတွေလို့ ထင်ထားတာ၊ အခုတော့ အချစ်ရူးက မယ်တော်ကြီးတစ်ယောက်တည်းတဲ့လား!!!]

တုံရှောင်းနှင့် မယ်တော်ကြီးတို့၏ချစ်ဇာတ်လမ်းက ဧကရာဇ်သော်ကွန်းနှင့် မယ်တော်ရှောင်ကျွမ်းတို့လို ဖြစ်လိမ့်မည်ဟု ကျန်းကျီမြောင်ထင်ထားခဲ့သည်။ ရုပ်ရှင်ဇာတ် ကားပေါင်းများစွာမှာ ပုံဖော်ရလောက်သည့်အထိ အသည်း ယားစရာကောင်းသော ချစ်မေတ္တာဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ပါသည်။

သို့သော် ဇာတ်လမ်းတွေထဲမှာတော့ ဧကရာဇ်သော်ကွန်းက အချစ်ရူးတစ်ယောက်ဖြစ်ပြီး ရှောင်ကျွမ်း၏နှလုံးသားမဲ့သော စွန့်ပစ်မှုကို ခံခဲ့ရတာဖြစ်သည်။

သို့သော် မယ်တော်ကြီးနှင့် တုံရှောင်းတို့၏အခြေအနေကတော့… ပြောင်းပြန်ဖြစ်နေပါသည်။

လူတိုင်းရဲ့အကြည့်ကို မြင်ပြီးနောက် တုံရှောင်းမျက်မှောင် ကြုတ်သွားခဲ့သည်။ သို့သော် သူတည်ငြိမ်နေဆဲဖြစ်သည်။

“တုံရှောင်း! မင်းအတွက်နဲ့ နှောင်းဧကရာဇ်မင်းကြီးက သူများကြင်ယာတော်ခိုးယူခဲ့တယ်ဆိုတဲ့ ဂုဏ်သိက္ခာညှိုး နွမ်းမှုကို နှစ်ပေါင်းများစွာ ခေါင်းငုံ့ခံခဲ့တာ၊ မင်းဘာမှ ပြောစရာမရှိတော့ဘူးလား!”

တုံရှောင်းကို ချန်ယင်းရှန့် ဒေါသတကြီး ကြည့်လိုက်ပါသည်။

မယ်တော်ကြီးလည်း တုံရှောင်းကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။ သူ့လက်တွေ အလွန်တုန်ယင်နေသည်။

သူ့ကို နှောင်းဧကရာဇ်မင်းကြီး အတင်းအဓမ္မသိမ်းပိုက်ခဲ့တာဟု အမြဲယုံကြည်နေခဲ့သည်။ သို့သော်…

တုံရှောင်းကိုယ်တိုင်က တောင်းဆိုခဲ့တာတဲ့လား!!

သူ့မှာ ချစ်ရတဲ့လူ အခြားတစ်ယောက်ရှိနေတယ်တဲ့လား!!

အဲ့တာ ဘယ်သူလဲ!!!

ထိုးနှက်ချက်များစွာကြောင့် မယ်တော်ကြီးမျက်လုံးတွေထဲက သွေးတွေစီးကျမတတ်ပင် ဖြစ်နေပါပြီ။

မယ်တော်ကြီး အကြည့်ကိုမြင်ပြီး တုံရှောင်းရုတ်တရက် ပြုံးလိုက်သည်။ ထို့နောက် ခံစားချက်မဲ့သောအသွင်ဖြင့် သူပြောလိုက်လေသည်။

“ချန်ယင်းရှန့်၊ ခင်ဗျားအဓိပ္ပာယ်မရှိတာတွေ ပြောနေတာပါ”

အားလုံးကို သိမ်းငှက်လိုမျက်လုံးများဖြင့် တုံရှောင်း စိုက်ကြည့်လိုက်သည်။

သူ့လုပ်ရပ်တွေကို ဝန်ခံလို့မဖြစ်ပါ။ သူဝန်ခံလိုက်သည်နှင့် သူ့စစ်တပ်တစ်ခုလုံး စိတ်ဓာတ်များ ယိမ်းယိုင်သွားကြလိမ့်မည်။

ယခုရွေးချယ်စရာလမ်းဆိုလို့ ချက်ချင်းတိုက်ခိုက်ဖို့သာ ရှိတော့သည်။

သူ့တပ်သားတွေကို ချက်ချင်း ချီတက်ခိုင်းဖို့ တုံရှောင်း ပြင်ဆင်လိုက်ပြန်သည်။

“တုံရှောင်း! မင်း အရှက်မရှိဘူးလား! ဒီတပ်သားတွေ မင်းနောက်ကို လိုလိုလားလားလိုက်လာခဲ့တယ်ဆိုပေမယ့် သူတို့ ပုန်ကန်ဖို့ ရောက်လာတာ မဟုတ်ဘူး၊ မင်းက နှောင်းဧကရာဇ်မင်းကြီးရဲ့ သေတမ်းစာအမိန့်တော်ကို နာခံပြီး ဒီလိုလုပ်ရတာလို့ ပြောတယ်၊ ဒါပေမယ့် အဲ့ဒီအမိန့်တော်မှာကိုက လှည့်စားမှုတွေ ပါဝင်နေပြီ!”

ရှဲ့ချန်း ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“အဲ့ဒီအချိန်တုန်းက မယ်တော်ကြီးကို အနောက်နန်းဆောင်ထဲပို့ဆောင်ပြီး ဖောက်ပြားဖို့အတွက် မင်းရည်ရွယ်ချက်ရှိရှိ အစီအစဉ်ဆွဲခဲ့တာ၊ အဲ့ဒီအချိန်ကတည်းက တော်ဝင်မျိုးရိုးကို ဖျက်ဆီးဖို့ မင်းအကြံအစည်ရှိခဲ့ပြီးသား!”

တုံရှောင်း စစ်တပ်အတွင်း အမှန်တကယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

တုံရှောင်းမျက်နှာလည်း အလွန်အကျည်းတန်သွားပြီး အေးစက်စွာ ပြောလိုက်သည်။

“အဲ့တာတွေအကုန်လုံး မင်းတို့ရဲ့ လုပ်ကြံဖန်တီးမှုတွေပဲလေ! မင်းပြောတာ အမှန်ဆိုရင်တောင် အဲ့ဒီမျိုးမစစ် ကလေးက အရိုးစုဖြစ်သွားပြီ မဟုတ်ဘူးလား၊ ငါက တော်ဝင်မျိုးရိုးကို ဘယ်လိုဖျက်ဆီးရမှာလဲ!”

“အဲ့တာကတော့ မင်းအမှန်တရားကို မသိခင်တုန်းကပေါ့!”

ရှန့်ချန်းလှောင်ပြုံးပြုံးလိုက်သည်။

“မင်းလည်း အမှောင်ထဲမှာ အရူးလုပ်ခံထားရတဲ့ကောင်ပဲ”

All Chapters