← Chapters

မင်းသေနတ်ထဲမှာ ကျည်မရှိဘူးဆိုတာ ငါလောင်းရဲတယ်

Vol. 47 Ch. 694

မင်းသေနတ်ထဲမှာ ကျည်မရှိဘူးဆိုတာ ငါလောင်းရဲတယ်

Vol. 47 Ch. 694

ကျန်းမုန့်လောင်၏ ဘာသာပြန်စကားကို ကြားပြီးနောက် ပင်လယ်ဓားပြများလည်း အံ့သြမှင်တက်သွားကြသည်။

သူတို့သည် ယခင်က ငွေရလျှင် ဘာမဆိုလုပ်သည့် ဘယ်သူ့ကိုမှဂရုမစိုက်သည့် ကြေးစားများဖြစ်ခဲ့ကြပြီး နောက်ပိုင်းတွင် ဝင်ငွေကောင်းသော ပင်လယ်ဓားပြလုပ်ငန်းထဲသို့ ခြေစုံပစ်၍ ဝင်လာခဲ့ကြသူများပင်။ ယခုမူ ပင်လယ်ဓားပြသက်တမ်း ၁၀နှစ်ဝန်းကျင်ရှိလာပြီဖြစ်သော်လည်း သူတို့၏သက်တမ်းတစ်လျှောက် ဤကဲ့သို့ထူးဆန်းလှသော အခြေအနေမျိုးနှင့် တစ်ခါမှမကြုံခဲ့ဖူးပေ။

'ပင်လယ်ဓားပြကို ပထမဆုံးအကြိမ်မြင်ဖူးလို့ စိတ်လှုပ်ရှားတယ်'ဆိုတာက ဘာအဓိပ္ပာယ်လဲ?

ပင်လယ်ဓားပြကိုမြင်မြင်ချင်း ကင်မရာထုတ်ပြီး ဓာတ်ပုံရိုက်ခြင်းမှာ စိတ်မှန်သူတစ်ယောက် လုပ်ရမည့်အလုပ်လား။ ဆယ်စုနှစ်များစွာကြာအောင် ဦးနှောက်ပျက်နေသူတစ်ယောက်ပင် ဤမျှအထိ တုံးအမည်မဟုတ်ချေ။

ယခင်ကဆိုလျှင် သူတို့ သင်္ဘောတစ်စီးကို ဓားပြတိုက်လိုက်တိုင်း သေနတ်ကိုမြင်ရုံမျှဖြင့် လူတွေက ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားကြသည်။ သို့မဟုတ် ကြောက်လွန်း၍ ထွက်ပြေးရန်ပင် အင်အားမရှိတော့ပေ။ အလွန်ဆုံးရှိလှ ကြောက်လန့်တကြား ပြန်လည်ခုခံသူအနည်းငယ်သာ ရှိခဲ့ဖူးသည်။

ယခုတော့ ကင်မရာထုတ်ရုံသာမက ဖလက်ရှ်မီးပိတ်ဖို့ပါ မေ့သွားသည်ဟူသောစကားကြောင့် သူတို့ နားမလည်နိုင်လောက်အောင် ဖြစ်သွားသည်။

ကျန်းမုန့်လောင်က သူ့ဂျူနီယာလေး၏ ခေါင်းကို ရိုက်ပစ်လိုက်၏။

"ဖလက်ရှ်မီးက ဘာဖြစ်တာလဲ။ ဒါမျိုးလုပ်တာ ယဉ်ကျေးမှုရှိလား။ ဓာတ်ပုံရိုက်ရင် ဖလက်ရှ်မီးပိတ်ရမယ်လေ။ ပြီးရင် သူတို့ဓာတ်ပုံတွေကို သေချာပြင်ပေးလိုက်ဦး။ အဲဒါက သူတို့အပေါ် ထားပေးသင့်တဲ့ လေးစားမှုပဲ။ နားလည်လား"

"နားလည်ပါပြီ စီနီယာအစ်ကို"

ပင်လယ်ဓားပြတစ်ယောက်က ဟွာရှားဘာသာစကားကို အနည်းငယ်နားလည်သဖြင့် ကျန်းမုန့်လောင်နှင့် သူ့ဂျူနီယာလေးအကြား ပြောနေသည့်စကားများကို အခြားလူများအတွက် ဘာသာပြန်ပေးလိုက်လေရာ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ဟေး...ဖလက်ရှ်မီးသုံးတာ မသုံးတာက အဓိကမဟုတ်ဘူးလေ...

ငါတို့က ပင်လယ်ဓားပြတွေ။ လူသတ်နိုင်တယ်ကွ။ မင်းတို့ နည်းနည်းလောက် ကြောက်ပြကြပါဦးလား။ မင်းတို့လုပ်ပုံကြောင့် ငါတို့ကိုယ်ငါတို့ ဘာကောင်တွေလဲဆိုတာတောင် ပြန်မေးခွန်းထုတ်ရတော့မယ်....

"လူကြီးမင်းတို့!"

ကျန်းမုန့်လောင်၏ အခြံအရံများထဲရှိ တစ်ယောက်က ချက်ချင်းရှေ့ထွက်လာပြီး သူ့သက်သေခံကတ်ပြားကို ထုတ်ပြလိုက်သည်။

"ကျွန်တော်တို့က တောင်အာဖရိကနိုင်ငံက အရာရှိတွေပါ။ ဒါကတော့ ကျွန်တော်တို့ရဲ့ အလေးစားရဆုံး ဧည့်သည်တော်ပါ။ သူ့ကို အကာအကွယ်ပေးဖို့အတွက် လေယာဉ်တင်သင်္ဘောအုပ်စုကလည်း အနီးအနားမှာ စောင့်ကြပ်နေပါတယ်။ အခုချက်ချင်းထွက်သွားဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ဘက်က စစ်ကူတွေ ရောက်လာရင်တော့ ခင်ဗျားတို့ လွတ်မှာမဟုတ်တော့ဘူး"

"ဟားဟားဟား... ငတုံးတွေ လေယာဉ်တင်သင်္ဘောအုပ်စုတဲ့လား"

ပင်လယ်ဓားပြများက တဟားဟားရယ်မောလိုက်ကြသည်။

အလေးစားရဆုံးဧည့်သည်တော် ဟုတ်လား?

ဘယ်လိုဧည့်သည်တော်မို့လို့ နိုင်ငံတစ်နိုင်ငံက လေယာဉ်တင်သင်္ဘောနဲ့တောင် စောင့်ရှောက်ပေးရမှာလဲ...သမ္မတကိုယ်တိုင်တောင် အဲဒီလိုအရှိန်အဝါမျိုး မရှိဘူး။ နိုင်ငံတော်အဆင့် မဟာဗျူဟာမြောက်လက်နက်ကြီးကို လွယ်လင့်တကူ စေလွှတ်နိုင်ပါ့မလား...

တောင်အာဖရိကနိုင်ငံမှာ လေယာဉ်တင်သင်္ဘောအသစ်တစ်စီး ရောက်နေကြောင်း သူတို့သိသော်လည်း နောက်လမှ ဆိပ်ကမ်းက ထွက်ခွာမည်ဖြစ်ကြောင်း သူတို့ သတင်းရထားသည်။

ပင်လယ်ဓားပြများက စစ်ရေးသတင်းများကို မကြည့်ဘူးဟုများ ထင်နေလေသလား။ ဤသည်မှာ သူတို့၏စားဝတ်နေရေးပင်ဖြစ်လေရာ ခြေလှမ်းတစ်ချက်မှားလိုက်သည်နှင့် အကျိုးဆက်များက ပြင်းထန်လှကြောင်း သိထားပြီးသားပင်။

လှောင်ရယ်နေကြသော ပင်လယ်ဓားပြများကိုကြည့်ရင်း ကျန်းမုန့်လောင်၏ အပေါင်းအပါများလည်း ဘာမှမပြောနိုင်တော့ပေ။

အမှန်အတိုင်းပြောရလျှင် သူတို့သာ ပင်လယ်ဓားပြနေရာမှာဆိုလျှင်လည်း ပင်လယ်ထဲတွင် ဇိမ်ခံသင်္ဘောတစ်စီးကို လေယာဉ်တင်သင်္ဘောက စောင့်ရှောက်နေသည်ဟူသောစကားကို ယုံမိမည်မဟုတ်ပေ။

"မင်းတို့မှာ လေယာဉ်တင်သင်္ဘော တကယ်ရှိတယ်ဆိုရင်တောင် အခု မင်းတို့တွေအကုန်လုံးက ငါတို့လက်ထဲမှာ ရောက်နေတာ။ မင်းကိုယ်တိုင်ပဲ ပြောတယ်မဟုတ်လား။ 'အလေးစားရဆုံးဧည့်သည်တော်'တဲ့။ မင်းတို့ရဲ့အထူးဧည့်သည်တော်ကို အထိအခိုက်မခံနိုင်ဘူးမလား။ အခုတော့ မင်းတို့က ငါတို့လက်ခုပ်ထဲက ရေဖြစ်သွားပြီ။ လေယာဉ်တင်သင်္ဘောကြီး ရောက်လာရင်တောင် ငါတို့မကြောက်ဘူး"

"ဟားဟားဟား ဟုတ်တယ်။ ကြောက်တတ်ရင် ငါတို့လည်း ပင်လယ်ဓားပြလုပ်မနေတော့ဘူး"

ပင်လယ်ဓားပြများက တစ်ယောက်တစ်ပေါက် လှောင်ပြောင်နေကြသည်။

"ကိုင်ထားတာတွေကို အကုန်ချထား။ လက်ကိုခေါင်းပေါ်တင်ပြီး ဘေးမှာ ဆောင့်ကြောင့်ထိုင်နေစမ်း"

ပင်လယ်ဓားပြများက အခြေအနေကို ထိန်းချုပ်ရန် စတင်လိုက်သည်။

"ဆက်သွယ်ရေးကိရိယာတွေ လုံးဝမသုံးရဘူး"

"တွေ့လား.. ဒါကိုမှ ပရော်ဖက်ရှင်နယ်ဆန်တယ်လို့ခေါ်တာ"

ကျန်းမုန့်လောင်က မှတ်ချက်ပေးလိုက်သည်။

"ငါနားလည်ပြီ။ သူတို့ပြောတာကို နားမလည်ပေမဲ့ ပုံစံကတော့ တကယ့်ကို ကျွမ်းကျင်သူဆန်တယ်"

လူတစ်ယောက်က ထောက်ခံလေသည်။

"စီနီယာ ကျွန်တော်တို့အတွက် ဘာသာပြန်ပေးပါဦး။ ကျွန်တော်က အင်္ဂလိပ်စာအဆင့်ခြောက်တောင် မအောင်သေးဘူး။ ဒါက အင်္ဂလိပ်အကြားစွမ်းရည်စာမေးပွဲထက်တောင် ပိုခက်နေသေးတယ်"

"ဘာကိုအဆင့်ခြောက်လဲ။ သူတို့ပြောနေတာက အင်္ဂလိပ်စကားမှမဟုတ်တာ..."

ကျန်းမုန့်လောင်က ဆိုသည်။

"အရမ်းစိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ..ငါ အရင်က ကစားခဲ့ဖူးတဲ့ Escape roomဂိမ်းတွေထက်တောင် ပိုကြမ်းတယ်။ ဒါကမှ တကယ့် လက်တွေ့အတွေ့အကြုံတစ်ခုကွ"

"စီနီယာ... ကျွန်တော်တို့ တကယ်ဘာမှမဖြစ်ဘူးမလား။ အစ်ကိုက မကြောက်နဲ့လို့ ပြောထားလို့သာ ကျွန်တော်တို့ ဒီလောက်အထိ ရဲနေတာနော်"

ကျန်းမုန့်လောင်တို့အဖွဲ့က အသာတကြည်ထိုင်နေသော်လည်း ပါးစပ်ကတော့ တတွတ်တွတ်နှင့် မရပ်မနားပြောနေကြသည်။

"ဒိုင်း!"

အဖမ်းခံထားရသူများ၏ တတွတ်တွတ်စကားသံများကို နားမခံနိုင်တော့သဖြင့် ပင်လယ်ဓားပြတစ်ယောက်က ကြမ်းပြင်ကို သေနတ်တစ်ချက် ပစ်ဖောက်လိုက်လေရာ သင်္ဘောကုန်းပတ်ပေါ်တွင် မီးတောက်သွားသည်။ ကျည်ဆန်အခွံ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည့် အသံမှာ ပြတ်သားလှသည်။

ထိုအချိန်ဝယ် ကျန်းမုန့်လောင်၏ ဂျူနီယာညီလေးညီမလေးများ၏ ကြောက်စိတ်ကင်းမဲ့မှုများမှာ ချက်ချင်းပြိုလဲသွားတော့သည်။

ဤသည်မှာ သေနတ်အစစ်ကြီးပင်။ AK47အစစ်ဖြစ်၏။ ပစ်ချက်တစ်ချက်တည်းနှင့် သူတို့ကို အပေါက်ကြီးတစ်ပေါက်ဖြစ်သွားအောင် လုပ်နိုင်ပေသည်။

ယခင်တစ်ခေါက် တိုက်လေယာဉ်အစင်းခြောက်ဆယ်ကို ရင်ဆိုင်နိုင်ခဲ့ခြင်းမှာ သူ့လေယာဉ်တွင် တိုက်စစ်ရော ခံစစ်ပါ အပြည့်တပ်ဆင်ထားသောကြောင့်ပင်။

သို့သော် ဤတစ်ခေါက်ကတော့ မတူပေ။ ဤဇိမ်ခံသင်္ဘောက ကျန်းမုန့်လောင်အပိုင်မဟုတ်ချေ။ ထို့ကြောင့် ကယ်တင်ပေးမည့် လျှို့ဝှက်နည်းပညာများလည်း ပါဝင်မည်မဟုတ်ပေ။

လေယာဉ်တင်သင်္ဘောအုပ်စု ရှိသည့်တိုင် 'အဝေးရှိရေက အနီးရှိမီးကို မငြှိမ်းသတ်နိုင်'ဆိုသလိုပင် ယခုအချိန်တွင် သူတို့အားလုံးက ဓားစာခံများဖြစ်နေလေပြီ။

သူတို့နှင့်အတူ လိုက်ပါလာသူများမှာ ဗျူရိုကရက်အရာရှိများပင်။ သူတို့က ပင်လယ်ဓားပြများကို မည်သို့နှိမ်နင်းနိုင်မည်နည်း။

သေချာစဉ်းစားကြည့်လိုက်ပါက အားကိုးအားထားစရာမရှိပေ။ သူတို့ အစောက ဘာလုပ်ခဲ့မိလေသလဲ။

သေနတ်ပစ်လိုက်ချိန်မှသာ သူတို့ သတိပြန်ဝင်လာသည်။

"စီနီယာ.. သူတို့က အတည်လုပ်ကြမှာ။ ကျွန်တော်တို့..ဘယ်လိုလုပ်ကြမလဲ"

"စီနီယာ... ခုနတုန်းက ကျွန်တော်က အမြင်ကပ်စရာကောင်းအောင် လုပ်ပြခဲ့တာ။ သူတို့ ကျွန်တော့်ကို အရင်သတ်ပစ်ကြမှာလား"

"စီနီယာ... ကျွန်တော်တို့ စစ်သင်္ဘောတွေကို ခေါ်လိုက်ရမှာ။ ဘာလို့မခေါ်ခိုင်းတာလဲ"

"မလန့်ကြပါနဲ့... မင်းတို့က ယောက်ျားတွေပဲ။ သတ္တိနည်းနည်းလောက် မွေးစမ်းပါ"

"ဟိုနားမှာ ဘာတွေတိုးတိုးတိုးတိုးပြောနေတာလဲ"

ပင်လယ်ဓားပြများက သူတို့အား သေနတ်ဖြင့် ချိန်ထားလိုက်ပြန်သည်။

"ကဲ... ဒီသင်္ဘောရဲ့ပိုင်ရှင်က ဘယ်သူလဲ"

"ငါပဲ"

ကျန်းမုန့်လောင်က မတ်တတ်ထရပ်လိုက်သည်။

"ဘာဖြစ်လို့လဲ"

"မင်းက ဘယ်သူလဲ"

"လုပ်စမ်းပါ။ မင်းတို့ နိုင်ငံတကာသတင်း မကြည့်ကြဘူးလား။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ကျန်းမုန့်လောင်ကိုတောင် မသိဘူးလား"

ကျန်းမုန့်လောင်ခမျာ ဘာပြောရမှန်းမသိလောက်အောင် ဖြစ်သွားရသည့်အပြင် စော်ကားခံလိုက်ရသလိုလည်း ခံစားလိုက်ရသည်။

"ကမ္ဘာ့အချမ်းသာဆုံးလား။ မင်းက ဟွာရှားနိုင်ငံက ကမ္ဘာ့အချမ်းသာဆုံးလူလား"

ထိုစကားကိုကြားသည်နှင့် ပင်လယ်ဓားပြများမှာ ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားသွားကြသည်။ သူတို့က တစ်ဖက်လူကို တောင်အာဖရိကရှိ အချမ်းသာဆုံးသူဌေးဟုသာ ထင်ထားခဲ့ကြသည်။ ယခုတော့ ကမ္ဘာ့အချမ်းသာဆုံးလူနှင့် တိုးနေလေပြီ။

"ကပ္ပတိန်... သင်္ဘောပေါ်က လူတွေရဲ့ အထောက်အထားကို အတည်ပြုပြီးပါပြီ။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်က သင်္ဘောပေါ်မှာ ရှိနေပါတယ်"

ပင်လယ်ဓားပြများက ချက်ချင်းအစီရင်ခံတင်ပြလေသည်။

"ကမ္ဘာ့အချမ်းသာဆုံးလူလား။ ငါ သူ့အကြောင်း ကြားဖူးတယ်။ ဟွာရှားနိုင်ငံက ကောင်လေးမဟုတ်လား"

"သူဟုတ်မဟုတ်တော့ မသိဘူး။ ဒါပေမဲ့ ကြည့်ရတာတော့ တော်တော်ငယ်သေးတယ်။ အသက်နှစ်ဆယ်ဝန်းကျင်ပဲ ရှိဦးမယ်။ ဟွာရှားစကားလည်း ပြောတယ်"

နောက်တစ်ယောက်က ပြောသည်။

"ငါ အခုချက်ချင်းလာခဲ့မယ်"

ဂိုရစ်ခမျာ အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ တောင်အာဖရိကရှိ အချမ်းသာဆုံးသူဌေးဆိုလျှင် ဒေါ်လာဘီလီယံအနည်းငယ်လောက်သာ ရနိုင်သော်လည်း ကမ္ဘာ့အချမ်းသာဆုံးလူဆိုလျှင်မူ ပြန်ပေးငွေမှာ ဆယ်ဆ သို့မဟုတ် အဆတစ်ရာမက ရနိုင်ချေသည်။

ကျန်းမုန့်လောင်၏ ပိုင်ဆိုင်မှုက ဒေါ်လာ၁၀ထရီလီယံအထိ ရှိသည်ဟု သူ ကြားဖူးသည်။ ထို့ကြောင့် ဒေါ်လာတစ်ရာဘီလီယံတောင်းလျှင်ပင် သူ့ပိုင်ဆိုင်မှု၏ ၁ရာခိုင်နှုန်းသာ ရှိသည်ဖြစ်ရာ သူတို့၏တောင်းဆိုမှုက များသည်ဟု မဆိုနိုင်ပေ။

"ငါတို့တော့ ပွပြီဟေ့"

ဂိုရစ် ပျော်သွားသည်။ ဤတစ်ခေါက်သာ အောင်မြင်ပါက သူလည်း ပင်စင်ယူ၍ရချေပြီ။ အသက်စွန့်ပြီး အလုပ်လုပ်စရာမလိုပေ။

မကြာခင်မှာပင် ဂိုရစ်လည်း သင်္ဘောပေါ်သို့ ရောက်လာသည်။ သူသည် အရပ်ရှည်ပြီး ဗလတောင့်တင်းသည့် လူမည်းတစ်ဦးဖြစ်လေရာ သူ့ပုံစံမှာ ဝက်ဝံနက်ကြီးတစ်ကောင်နှင့် တူနေချေသည်။ ထို့ပြင် သူ့ထံမှ သွေးညှီနံ့နှင့် ကြမ်းတမ်းသည့် အရှိန်အဝါလည်း ထွက်ပေါ်နေသည်။

"ကျန်းမုန့်လောင်... ကမ္ဘာ့အချမ်းသာဆုံးလူလား။ ဟွာရှားနိုင်ငံက ဟိုလူလား"

ဂိုရစ်က သူတတ်ထားသည့် ဟွာရှားစကားအနည်းငယ်ဖြင့် မေးလိုက်သည်။

"ဟုတ်တယ်။ ငါပဲ။ အဲဒါ ဘာဖြစ်လဲ"

"ငါတို့က ဟွာရှားနိုင်ငံကို အရမ်းလေးစားတယ်။ ဒါကြောင့် မင်းကို ဘာအန္တရာယ်မှမဖြစ်စေချင်ဘူး။ ဒေါ်လာတစ်ရာဘီလီယံသာ ပြင်ထားလိုက်။ ပိုက်ဆံရတာနဲ့ မင်းနဲ့ မင်းသူငယ်ချင်းတွေကို လွှတ်ပေးမယ်"

ဂိုရစ်က လိုရင်းတိုရှင်းသာ ပြောလိုက်သည်။

"ငါက မပေးချင်ဘူးဆိုရင်ရော"

"လွယ်ပါတယ်။ ငါ မင်းကို မေးခွန်းတစ်ခုပဲ မေးမယ်။ မင်းက 'မပေးနိုင်ဘူး'လို့ ပြောတာနဲ့ မင်းသူငယ်ချင်းတစ်ယောက်ကို ငါ သတ်ပစ်မယ်"

ဂိုရစ်က ကျန်းမုန့်လောင်၏ ဂျူနီယာတစ်ယောက်၏ ဦးခေါင်းကို သေနတ်နှင့် ချိန်ထားလိုက်သည်။

"အား!"

ဘေးနားရှိ ဂျူနီယာညီမလေးများမှာ ထိတ်လန့်တကြား အော်ဟစ်ကြလေတော့သည်။

"ဒိုင်း!"

ဂိုရစ်က မိုးပေါ်ကို သေနတ်တစ်ချက် ပစ်ဖောက်လိုက်သည်။

"တိတ်တိတ်နေကြစမ်း"

ထိုအမိန့်ကို လူတိုင်း နားလည်ကြသည်။ ထိုမိန်းကလေးများမှာ သူတို့ပါးစပ်ကို ပိတ်ထားကြသော်လည်း မျက်ဝန်းထဲမှ မျက်ရည်များ စီးကျနေချေပြီ။ သူတို့ အမှန်တကယ် ကြောက်နေကြသည်။

သေနတ်နှင့် အချိန်ခံထားရသော ဂျူနီယာလေးခမျာ ကြောက်လွန်း၍ ခြေလက်များပင် ပျော့ခွေနေပြီဖြစ်၏။

"ဒါက ပထမဆုံးအကြိမ်မေးတာနော်။ ပြန်ပေးငွေ ပေးမှာလား။ မပေးဘူးလား"

ဂိုရစ်၏မျက်နှာထက်တွင် ရက်စက်ကြမ်းတမ်းမှုများ အပြည့်ရှိနေပြီး ကျန်းမုန့်လောင်သာ 'မပေးဘူး'ဟု ပြောလိုက်လျှင် ချက်ချင်း ပစ်သတ်တော့မည့် ပုံစံမျိုးပင်။

"ငါတို့ လောင်းကြေးထပ်ကြမလား"

ကျန်းမုန့်လောင်က ပြုံးလိုက်လေသည်။

"မင်းသေနတ်ထဲမှာ ကျည်ဆန်မရှိဘူးလို့ ငါလောင်းမယ်"

******************

All Chapters