← Chapters

ဒီလိုပရော်ဖက်ရှင်နယ်ဆန်တဲ့ ဂိမ်းဇာတ်ကောင်တွေကို အလွတ်မပေးနိုင်ဘူး

Vol. 47 Ch. 695

ဒီလိုပရော်ဖက်ရှင်နယ်ဆန်တဲ့ ဂိမ်းဇာတ်ကောင်တွေကို အလွတ်မပေးနိုင်ဘူး

Vol. 47 Ch. 695

"စီနီယာ.. ကျွန်တော် အရင်က စီနီယာ့ကို ဘာများအပြစ်လုပ်ခဲ့မိလို့လဲ"

သေနတ်နှင့် အချိန်ခံထားရသော ဂျူနီယာလေးခမျာ ငိုသံပါကြီးဖြင့် ပြောရှာသည်။

"ကျွန်တော် စီနီယာစားနေကျဆိုင်မှာ ခရုခေါက်ဆွဲသွားစားမိတာရယ် စီနီယာအိပ်တဲ့ ခေါင်းအုံးကို ဖင်ခုထိုင်မိတာလေးပဲ ရှိတာပါ။ ကျွန်တော့်ကို အခုလို အသက်အန္တရာယ်များတဲ့ အခြေအနေကို တွန်းပို့စရာလိုလို့လား"

ယခုမူ သေနတ်က သူ့ခေါင်းကို ချိန်ထားပေသည်။ အကယ်၍ ကျန်းမုန့်လောင်သာ အလောင်းအစားရှုံးသွားပါက သူ့ခေါင်းကသာ ပွင့်ထွက်သွားပေလိမ့်မည်။

ဒါက ဘယ်လိုတောင် အဓိပ္ပာယ်မရှိတဲ့ အလောင်းအစားလဲ...

အစောကမှ သေနတ်ပစ်သံကို သူတို့အားလုံး ကြားလိုက်ရပြီး ကျည်ဆန်အခွံ ကြမ်းပြင်ပေါ်သို့ ကျလာသည်ကိုလည်း မြင်ခဲ့ကြသည်။ ယခုမူ ကျန်းမုန့်လောင်က ကျည်ကပ်ထဲမှာ ကျည်ဆန်မရှိဘူးဟု လောင်းကြေးထပ်နေပေသည်။

မင်းကိုယ်မင်း လူစွမ်းကောင်းကြီးလို့များ ထင်နေတာလား.. ဇာတ်ကားတွေကြည့်တာ များသွားပြီထင်တယ်...

"ဟားဟားဟား"

ဂိုရစ်ခမျာ တဟားဟားအော်ရယ်လိုက်သည်။

"မင်းက ကမ္ဘာ့အချမ်းသာဆုံးလူ ဟုတ်လား။ မင်းရဲ့ပိုက်ဆံတွေက မင်းကိုယ်တိုင် ရှာထားတာမဟုတ်ဘဲ မိဘဆီက အမွေရထားတာပဲ ဖြစ်ရမယ်။ မင်းလိုငတုံးမျိုးက စီးပွားရေးလောကမှာ ဘယ်လိုလုပ်ပြီး ပိုက်ဆံရှာနေတာလဲ"

"ငါ့ပိုက်ဆံတွေအကုန်လုံးက မိဘအမွေဆိုတာ မင်း ဘယ်လိုလုပ်သိတာလဲ"

ဂိုရစ် : "..."

"ကဲ ဘာပြောမလဲ။ လောင်းမှာလား။ မလောင်းဘူးလား"

ကျန်းမုန့်လောင်က ဆက်ပြောသည်။

"မင်းနိုင်ရင် မင်းလိုချင်တဲ့ ဒေါ်လာတစ်ရာဘီလီယံကို ငါကိုယ်တိုင် လက်နှစ်ဖက်နဲ့ ထုတ်ပေးမယ်"

"စီနီယာ... အစ်ကိုရှုံးရင် ကျွန်တော် အသတ်ခံရမှာဗျ"

ကျန်းမုန့်လောင်၏ ဂျူနီယာလေးက အော်ဟစ်နေရှာသည်။

"ပါးစပ်ပိတ်ထားစမ်း"

ကျန်းမုန့်လောင်ကလည်း သူ့ကို စိုက်ကြည့်လိုက်၏။

"ငါရှုံးရင် မင်းရဲ့အသုဘစရိတ်အတွက် မင်းမိသားစုကို ဒေါ်လာတစ်ရာဘီလီယံပေးလိုက်မယ်"

ကျန်းမုန့်လောင်၏ဂျူနီယာလည်း စဉ်းစားခန်းဝင်လေတော့သည်။ ကျန်းမုန့်လောင်အတွက် ဒေါ်လာတစ်ရာဘီလီယံဆိုသည်မှာ များပြားလှသော ပမာဏလေလား။ အကယ်၍ များသည်ဆိုလျှင်ပင် ကျန်းမုန့်လောင်က ဤမျှများပြားလှသော ဆုံးရှုံးမှုများကို မတတ်နိုင်သည့်အတွက် သတိကြီးကြီးထားပေလိမ့်မည်။

သို့သော် ဤပမာဏက ကျန်းမုန့်လောင်အတွက် မပြောပလောက်ဘူးဆိုလျှင် ထိုသို့မဖြစ်နိုင်တော့ပေ။ ကျန်းမုန့်လောင်က သူ့အသက်ကိုပင် ဂရုမစိုက်ဘဲ လောင်းပစ်ခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။

သေချာပြန်စဉ်းစားကြည့်လိုက်သောအခါ ကျန်းမုန့်လောင်အတွက် တစ်ရာဘီလီယံဆိုသည်မှာ ဘာမှမပြောပလောက်ပေ။ သာမန်လူများအတွက် တစ်သက်လုံးမရှာနိုင်သည့် ပမာဏဖြစ်သော်ငြား ကျန်းမုန့်လောင်အတွက်တော့ စတော့ဈေးကွက်ထဲမှာ ခဏမျှကစားလိုက်ရုံဖြင့် ထိုပမာဏထက် ဆယ်ဆ၊ အဆတစ်ရာ သို့မဟုတ် အဆတစ်ထောင်အထိ ရှာနိုင်ပေသည်။

ဤပမာဏလောက်ဖြင့် သူ့ကို ဖိအားပေး၍ ရနိုင်မည်လော။

လုံးဝမဖြစ်နိုင်ပေ။

ဤသို့တွေးမိလိုက်ချိန်မှာ သူ့မျက်နှာပေါ်ရှိ နာကျင်မှုများက အဆင့်၁၃အထိ မြင့်တက်သွားလေသည်။

"ဒါပေမဲ့ မင်းရှုံးရင်တော့..."

ကျန်းမုန့်လောင်က ညစ်ကျယ်ကျယ်မျက်နှာပေးဖြင့် ပြောလိုက်၏။

"ဒီသင်္ဘောပေါ်မှာ ခြေအိတ်ရှည်တွေ စကတ်တိုတွေဝတ်ပြီး Sပုံစံ ဆောင့်ကြောင့်ထိုင်ပြရမယ်"

ဂိုရစ်ကမူ 'Sပုံစံဆောင့်ကြောင့်ထိုင်ခြင်း' ဆိုသည်မှာ ဘာကိုဆိုလိုမှန်း မသိသော်လည်း ကျန်းမုန့်လောင် ရှုံးတော့မည်ကိုတော့ သေချာနေချေသည်။

သူသည် ထွက်လာကတည်းက သေနတ်ထဲကို ကျည်အပြည့်ထည့်လာခဲ့သည်။ ယခုလည်း သေနတ်တစ်ချက်သာ ပစ်ရသေးသည်ဖြစ်ရာ ဘယ်လိုလုပ်ပြီး ကျည်ကုန်သွားနိုင်မည်နည်း။

"ဒါဆို မင်းရှုံးပြီသာ မှတ်လိုက်တော့"

ရက်စက်လှသော ပင်လယ်ဓားပြဟု နာမည်ကြီးသည့် ဂိုရစ်က တွေဝေမနေတော့ဘဲ မဲ့ပြုံးပြုံးလျက် သေနတ်မောင်းကို ဆွဲလိုက်သည်။ သူ့အတွက် လူတစ်ယောက်၏အသက်က အရေးမကြီးလှပေ။

ပင်လယ်ဓားပြလုပ်လာသည့် သက်တမ်းတစ်လျှောက် ခေါင်းမာလွန်းလှသော လူအများကြီးနှင့် သူ ကြုံဖူးသည်။ သတ္တိကောင်းလှပါချည်ရဲ့ဟူသောလူများပင် သေနတ်သံကြားပြီး သွေးမြင်လိုက်ရသည်နှင့် အသံတိတ်သွားကြသည်ချည်းသာ။ အေးချမ်းလှသော ခေတ်ကြီးတွင် အသက်စွန့်ရဲသည့်သတ္တိမျိုး ဘယ်သူ့မှာမှ မရှိတော့ချေ။

"ချောက်"

သေနတ်မောင်းကို ဆွဲလိုက်သော်လည်း ကျည်အိမ်ထဲမှ 'ချောက်'ခနဲ မြည်သံတစ်ခုသာ ထွက်လာခဲ့သည်။

ဂိုရစ်ခမျာ ကြောင်သွားပြီး အကြိမ်ကြိမ်မောင်းဆွဲကြည့်သော်လည်း ကျည်ဆန်က ထွက်မလာတော့ပေ။

"မဖြစ်နိုင်တာ"

ဂိုရစ်က ကျည်အိမ်ကို ဖြုတ်ကြည့်လိုက်သောအခါ ကျန်းမုန့်လောင်ပြောထားသည့်အတိုင်း အထဲတွင် ကျည်တစ်တောင့်မှ မရှိတော့ပေ။

"မဖြစ်နိုင်တာ"

ဂိုရစ်ခမျာ လန့်လည်းလန့်၊ သံသယလည်း ဖြစ်သွားရသည်။ ဤသည်မှာ သူ့သေနတ်ဖြစ်သဖြင့် ကျည်တစ်တောင့်စီတိုင်းကို သူကိုယ်တိုင် ဖြည့်ထားသည်ဖြစ်ရာ ကျည်မရှိခြင်းမှာ မည်သို့ဖြစ်နိုင်မည်နည်း။

ကျန်းမုန့်လောင်၏ ဂျူနီယာလေးခမျာ ကြောက်လွန်း၍ ခြေထောက်များပင် ပျော့ခွေသွားလေပြီ။ ထိုအချိန်မှာပင် သူ့ခန္ဓာကိုယ်ထဲတွင် အခွံလွတ်ကြီးသာ ကျန်တော့သည့်အလား ကြမ်းပြင်ပေါ်သို့ လဲကျသွားလေတော့သည်။

မျက်လုံးအုပ်ကာထားသော မိန်းကလေးများမှာလည်း ထိုအချိန်မှသာ သူတို့လက်ကို ဖယ်ရဲကြသည်။

"မစ္စတာဂိုရစ်.. ခင်ဗျား ရှုံးသွားပြီနော်"

"ကပ္ပတိန်.. ဒီလူက ကျောချမ်းဖို့ကောင်းလိုက်တာ"

ဂိုရစ်၏လက်အောက်ငယ်သားတစ်ယောက်က သတိပေးလိုက်၏။

"သူ့ဘာသာ ကျောချမ်းဖို့ကောင်းကောင်းမကောင်းကောင်း ငါ ဂရုမစိုက်ဘူး"

ဂိုရစ်က သူ့လက်အောက်ငယ်သား၏ သေနတ်ကို ဆွဲယူပြီးနောက် ကျည်ကပ်ကို ဆွဲထုတ်ပြီး ကျည်နှစ်တောင့်ဖြည့်ထားကြောင်း အတည်ပြုပြီးမှ သေနတ်ထဲသို့ ပြန်ထည့်လိုက်သည်။

"ဒီတစ်ခါရော ဘယ်လိုလဲ"

ဤတစ်ခေါက်တွင်မူ ဂိုရစ်က ကျန်းမုန့်လောင်၏ခေါင်းကို သေနတ်ဖြင့် ချိန်လိုက်သည်။

"ငါ့သေနတ်ထဲမှာ ကျည်မရှိဘူးလို့ ထင်နေတုန်းလား"

"စမ်းကြည့်လိုက်လေ"

ကျန်းမုန့်လောင်ကလည်း ပခုံးတွန့်ပြလိုက်သည်။

"မင်းက တော်တော်ရဲတင်းတာပဲ ဟွာရှားလူမျိုး"

ဂိုရစ်က သေနတ်ကိုလွှဲယမ်းပြီးနောက် ကျန်းမုန့်လောင်၏ခြေထောက်ကို ချိန်ထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ့အနေနှင့် ပြန်ပေးငွေရရန်အတွက် ကျန်းမုန့်လောင်ကို အသက်ရှင်လျက်သား လိုနေသေးသည်ဖြစ်ရာ တကယ်သတ်ပစ်၍ မဖြစ်ချေ။

"ချောက်"

သို့သော် ထင်မှတ်မထားပါဘဲ ချို့ယွင်းမှုတစ်ခု ဖြစ်သွားပြန်သည်။ ကျည်က ထွက်မလာချေ။

"မစ္စတာဂိုရစ်.. ဒါတွေက ခင်ဗျားရဲ့ကျည်တွေလား"

ကျန်းမုန့်လောင်က လက်ဆန့်ထုတ်ပြလိုက်လေသည်။ ကျည်ဆန်များက သူ့လက်ဖဝါးထဲမှ ပြန့်ကျဲပြီး ပြုတ်ကျသွားသည်။

"ဒါ.. ဒါ မဖြစ်နိုင်ဘူး"

ဂိုရစ်လည်း အနောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်မိသည်။ သဘာဝလွန်စွမ်းအားတစ်ခုခု ရှိနေခြင်းပင်ဖြစ်ရမည်။

ဂိုရစ်က သူ့လူတစ်ယောက်ဆီက သေနတ်ဆွဲထုတ်လိုက်ပြီးနောက် မောင်းဆွဲလိုက်သည်။

"ဒိုင်း"

ဤတစ်ခေါက်တွင် ကျည်ထွက်လာပြီးနောက် ကျည်က ဓားပြတစ်ယောက်၏ရင်ဘတ်သို့ တန်းတန်းမတ်မတ်ပြေးဝင်သွားသည်။

"ဒါ... ဒါ.. သေစမ်း"

ဂိုရစ်ခမျာ နာကြည်းနေဟန်တူသော သူ့လက်အောက်ငယ်သား၏မျက်နှာကို ကူကယ်ရာမဲ့စွာ ကြည့်နေမိသည်။

ကျည်က ကျန်းမုန့်လောင်နှင့်ဆိုလျှင် ထွက်မလာဘဲ သူ့လူကျမှ ဘာလို့ကျည်ထွက်လာရလေသလဲ။ သေနတ်က မျက်လုံးများပါနေလေသလား။

"မစ္စတာဂိုရစ်.. အလောင်းအစားရှုံးသွားလို့ စိတ်တိုနေမှန်းတော့သိပေမဲ့ ကိုယ့်လူကိုယ် ပစ်စရာတော့ မလိုဘူးမလား။ ကျုပ်တို့တွေအကုန်လုံးက ခင်ဗျားနဲ့ သေအတူရှင်မကွာနေခဲ့ကြတဲ့ ညီအစ်ကိုတွေလေ။ ဒီလိုလုပ်တာက သူတို့ကို စိတ်နာသွားစေလိမ့်မယ်"

ဂိုရစ်မှာ သူ့လူ၏သေဆုံးမှုအတွက် များများစားစားခံစားရခြင်းမရှိပေ။ ပင်လယ်ဓားပြများက ပိုက်ဆံအတွက်နှင့် ကိုယ့်အသက်ကိုယ် စွန့်စားကြရသည်။ အကယ်၍ သေရမှာကိုကြောက်နေပါက ပင်လယ်ဓားပြများပင် ဖြစ်လာကြမည်မဟုတ်ချေ။ သင်္ဘောပေါ်တွင် လူတွေက ဝင်လိုက်ထွက်လိုက်ဖြစ်နေကြသည်။ အမှန်အတိုင်းပြောရလျှင် သူသတ်လိုက်မိသောလူ၏ နာမည်ကိုပင် သူမမှတ်မိပေ။

သို့သော် ထူးဆန်းလှသော ကျန်းမုန့်လောင်၏ စွမ်းရည်များကြောင့် ဂိုရစ် သတ္တိကြောင်သွားရသည်။ အရှေ့တိုင်းက ထူးခြားဆန်းကြယ်သောနယ်မြေတစ်ခုဟု ဆိုကြသည်။ ဤသည်မှာ အရှေ့တိုင်း၏ ထူးခြားဆန်းကြယ်သော စွမ်းအားတစ်ရပ်လေလား။

"ပြန်ဆုတ်ကြ"

ခဏမျှတွေးတောပြီးနောက် ဂိုရစ်လည်း နောက်ကြောင်းပြန်ဆုတ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

"ဟေး မသွားနဲ့"

"မင်းတို့က ငါတို့ဆီက လုယက်ဖို့လာခဲ့တာမလား။ ဆယ့်ငါးမိနစ်ပဲကြာသေးတာကို ပြန်တော့မလို့လား။ မင်းတို့မှာ ပရော်ဖက်ရှင်နယ်စည်းမျဉ်းတွေမရှိဘူးလား။ ကိုယ်စခဲ့တဲ့အရာကို ပြန်အဆုံးသတ်သင့်တယ်ဆိုတာကို မသိဘူးလား"

"ဟေး ဟေး ဟေး.. သေနတ်တွေနဲ့ ကျည်ကပ်တွေကို လက်လွတ်စပယ်ပစ်မထားခဲ့နဲ့လေ။ ပြန်လည်အသုံးချခြင်းဆိုတာကို သိတယ်မလား။ အဲဒီသေနတ်တွေဆိုရင် ဘယ်အမှိုက်ပုံးအမျိုးအစားမှာ ပစ်ရမှာလဲ"

...

ဘော့စ်ဖြစ်သူက နောက်ဆုတ်ဖို့ အမိန့်ပေးလိုက်သောအခါ ပင်လယ်ဓားပြများလည်း အကြောင်းအရင်းကို မသိပါသော်ငြား အကြောက်တရားကိုတော့ ခံစားမိသည်။ ဤသင်္ဘောပေါ်ရှိလူများ တည်ငြိမ်နေသည်မှာလည်း မဆန်းပါချေ။

သူတို့ တစ္ဆေသင်္ဘောပေါ်ကို တက်လာမိတာတော့ မဟုတ်ဘူးမလား... သူတို့တွေအားလုံးက ပုံရိပ်ယောင်တွေများလား...

စနစ်တကျဆုတ်ခွာဖို့ ကြိုးစားသော်လည်း ပင်လယ်ဓားပြတစ်ယောက်က ကြောက်လန့်တကြားဖြင့် သေနတ်ကိုလွှတ်ချလိုက်ရာမှ ကြမ်းပြင်နှင့်ထိမိပြီး ကျည်ထွက်သွားသည်။ ထိုအချိန်မှစ၍ အခြေအနေကလည်း ပရမ်းပတာဖြစ်ကုန်တော့သည်။

တစ်ယောက်ကိုတစ်ယောက် တက်နင်းသူကနင်း၊ သင်္ဘောပေါ်ကတစ်ဆင့် ရေထဲသို့ ပြုတ်ကျသူကကျ၊ သေနတ်ထဲက မတော်တဆကျည်ထွက်သွားသဖြင့် ကိုယ့်လူကိုယ်ပစ်မိသူကပစ်မိနှင့် ရှုပ်ရှက်ခတ်နေတော့သည်။

"ဘာတွေဖြစ်နေတာလဲ"

ယခုအချိန်တွင် အန္တရာယ်မရှိတော့ကြောင်း ခံစားမိသဖြင့် လူတိုင်းက ပိုရဲသွားချေသည်။

ပင်လယ်ဓားပြများ အထိတ်တလန့်ဖြစ်ပြီး သူတို့၏ခေါင်းဆောင်းများနှင့် သံချပ်ဝတ်များကို ချွတ်ပစ်နေသည့် မြင်ကွင်းကိုကြည့်ရင်း တစ်ချိန်တုန်းက စစ်သားအယောက်ထောင်ပေါင်းများစွာကို ခြောက်လှန့်ရန်အတွက် ဗလာခံတပ်ဗျူဟာကို အသုံးပြုခဲ့စဉ်တုန်းက ကျူးကောလျန်တစ်ယောက် အလွန်ဂုဏ်ယူမိလိမ့်မည်ဟု တွေးမိကြသည်။

သို့သော် သူတို့ အဖြေရှာမရချေ။ ကျန်းမုန့်လောင်က ထိုပင်လယ်ဓားပြများကို လုံးဝမထိပေ။ သူက မည်သည့်နည်းလမ်းနှင့်များ ထူးခြားဆန်းကြယ်စွာဖြင့် သူတို့၏လက်နက်များကို သိမ်းယူနိုင်ခဲ့လေသလဲ။

"ငကြောက်တွေ.. ဒီလောက်သတ္တိလေးနဲ့များ သူတို့ကိုယ်သူတို့ ပင်လယ်ဓားပြတွေလို့ ခေါ်နေသေးတယ်။ ပရော်ဖက်ရှင်နယ်မဆန်လိုက်တာ"

ကျန်းမုန့်လောင်ခမျာ အားရပါးရမပျော်ရသေးသော်ငြား ထိုပင်လယ်ဓားပြများကတော့ ထွက်ပြေးသွားကြပြီဖြစ်၏။

"ဘယ်လိုနေလဲ။ စိတ်လှုပ်ရှားဖို့ကောင်းတယ်မလား"

ကျန်းမုန့်လောင်က ပြုံးလျက် မေးလိုက်လေသည်။

"အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်"

လူတိုင်းက ပြောလိုက်လေသည်။

"ဒါပေမဲ့ ဒါက နည်းနည်းတော့လွန်သွားသလားလို့"

"ဒါကမှ တကယ့်ပင်လယ်ဓားပြမှုပဲ ကိုယ့်လူ"

"အမှန်အတိုင်းပြောရရင် ဒါကမှ escape roomထက် ပိုရင်ဖိုဖို့မကောင်းဘူးလား"

"ဟေး အဲဒီလိုပြောမှသတိရတယ်"

ကျန်းမုန့်လောင် ရုတ်ခြည်းအကြံရလိုက်သည်။

"အကြီးစားအခန်းလွတ်မြောက်ရေးဂိမ်းတစ်ခုအတွက် တကယ့်ပင်လယ်ဓားပြအစစ်တွေကို ငှားလိုက်မယ်ဆိုရင် ဘယ်လိုနေလဲ"

ကျန်းမုန့်လောင်က သူ့အပေါင်းအသင်းများဘက်သို့ လှည့်၍ ပြောလိုက်သည်။

"မြန်မြန်လုပ်.. ငါ မင်းတို့ကို နာရီဝက်အချိန်ပေးမယ်။ သူတို့တွေအကုန်လုံးကို ဖမ်းပေး။ ဒီလိုပရော်ဖက်ရှင်နယ်ဆန်တဲ့ ဂိမ်းဇာတ်ကောင်တွေကို အလွတ်ပေးလို့မဖြစ်ဘူး"

***************

All Chapters