← Chapters

👑 Immediate Execution

Vol. 20 Ch. 193

👑 Immediate Execution

Vol. 20 Ch. 193

မျက်စိရှေ့က ပဋိပက္ခတွေကိုကြည့်ရင်း အံ့အားအသင့်ဆုံးလူက ယွဲ့ဟွာပဲ ဖြစ်သည်။

ဘာတွေဖြစ်နေသလဲ သူလုံးဝ ဉာဏ်မမီတော့ပါ။

သူက နှောင်းဧကရာဇ်မင်းကြီးနဲ့ မယ်တော်ကြီးတို့ရဲ့ သွေးသားအရင်း မဟုတ်ဘူးတဲ့လား…

ရုတ်တရက်ဆိုသလို ယွဲ့ဟွာသည် တုံရှောင်းနှင့် မယ်တော်ကြီးတို့၏ မျိုးမစစ်သားဖြစ်သွားခဲ့ရသည်။

သို့သော် ရုတ်တရက်ဆိုသလိုပဲ တုံရှောင်းနှင့် မယ်တော်ကြီးတို့၏ မျိုးမစစ်သားက ဒီအရိုးစုလေးဖြစ်နေခဲ့ပြန် သည်။

ဒါဆို သူက ဘယ်သူလဲ…

သူက ဘယ်သူလဲလို့!!!

ယွဲ့ဟွာ နှုတ်ခမ်းတွေ တုန်ယင်သွားခဲ့သည်။ သူတစ်ခုခုဝင်ပြောဖို့ ကြိုးစားသော်လည်း ရှေ့က အဖြစ်အပျက်တွေကို ကြည့်ရင်း ဘာပြောရမှန်းပင် မသိတော့ပေ။

ထိုစဉ် ရုပ်ရှင်တိုကိုလည်း ဆက်လက်ပြသနေဆဲဖြစ်သည်။

ရုပ်ရှင်ထဲတွင်…

နှောင်းဧကရာဇ်မင်းကြီးနှင့် ထိုအမျိုးသမီးတို့၏ ရင်သွေးဟုဆိုကာ ချန်ကျင်းမင်က ကလေးတစ်ယောက်ကို နန်းတော်ထဲ ပို့ဆောင်ခဲ့သည်။

ထိုအမျိုးသမီး၏သရုပ်မှန်ကိုလည်း သိခဲ့ရပါသည်။ သူမက ယခင်မင်းဆက်ဟောင်း၏ အကြွင်းအကျန်မင်းသမီးတစ်ပါး ဖြစ်သည်။

မယ်တော်ကြီး ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်လုံးထဲမှ သွေးမျက်ရည်များတဖြည်းဖြည်းစီးကျလာခဲ့သည်။

ယွဲ့မိုက… ဒီလို မျိုးမစစ်သားတစ်ယောက်နဲ့ အစားထိုးဖို့ သူ့သားလေးကို သတ်ပစ်ခဲ့တာပေါ့!!

အဲ့ဒီမျိုးမစစ်သားက ယွဲ့ဟွာ မဟုတ်လား… ယွဲ့ဟွာပဲမဟုတ်လား!!!

ယွဲ့ဟွာကို အငြှိုးတရားများဖြင့် ပြည့်နှက်နေသည့် မျက် လုံးများဖြင့် မယ်တော်ကြီးရုတ်တရက် စိုက်ကြည့်လိုက်သည်။

ယွဲ့ဟွာ ရင်တုန်ပန်းတုန်ဖြစ်သွားခဲ့ပြီး စိတ်ဝိညာဉ်များပင် ချောက်ချားသွားလေသည်။

ဘဝမှာ သူ့ကို မယ်တော်ကြီး ဒီလိုအကြည့်မျိုးနဲ့ ပထမဆုံးအကြိမ်ကြည့်ဖူးတာဖြစ်သည်။

မဟုတ်ဘူး… မဖြစ်နိုင်ဘူး…!

သူက ကောင်းကင်ဘုံ၏မျက်နှာသာပေးမှုကို ခံထားရသူဖြစ်သည်။ သူမွေးဖွားလာကတည်းက နှောင်းဧကရာဇ်မင်းကြီးနှင့် မယ်တော်ကြီးတို့ ရင်ခွင်ထဲမှာ ကြင်ကြင်နာနာ ပျိုးထောင်ခံခဲ့ရသူဖြစ်သည်။

ဒီလိုအကြည့်မျိုးကို ယွဲ့ဟွာ လုံးဝလက်မခံနိုင်ပါ။

“မယ်တော်… နားလည်မှုတစ်ခုခုလွဲနေတာ ဖြစ်မှာပါ…” ယွဲ့ဟွာ ရှင်းပြဖို့ ကြိုးစားသည်။

နားလည်မှုလွဲတာဟုတ်လား…

ဒါက နားလည်မှုလွဲတာလား!!!

ကောင်းကင်ဘုံကပင် အာရုံထဲမှာ သူမကို အမှန်တရားတွေကို ချပြလာခဲ့ပြီဖြစ်သည်။

မယ်တော်ကြီး စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး အရိုးစုတွေကို ရုတ်တရက်ပစ်ချကာ ယွဲ့ဟွာထံ ပြေးလာခဲ့သည်။

သူမ လက်သည်းတွေက အလွန်ရှည်လျားလွန်းပါသည်။ ရုတ်ခြည်းဆိုသလို ယွဲ့ဟွာ မျက်နှာပေါ်မှာ ရှည်လျား နက်ရှိုင်းသည့် ကုတ်ရာကြီးတစ်ခုထင်သွားအောင် မယ်တော်ကြီး ကုတ်ဖဲ့ပစ်လိုက်လေသည်။

“မယ်တော်! မယ်တော်ရူးသွားပြီလား!”

ယွဲ့ဟွာ ကြက်သေသေသွားသည်။

“ရူးသွားပြီ! ငါရူးသွားပြီ! ဒီနေ့ နင်နဲ့အတူတူ သေပစ်မယ် အောက်တန်းစားမျိုးမစစ်ကောင်!!!”

နှစ်ပေါင်းများစွာတိုင်အောင် ဒီအောက်တန်းစားမျိုးမစစ်ကောင်ကို သူ ဘယ်လိုကြင်ကြင်နာနာပျိုးထောင်ခဲ့ကြောင်း…၊ ဒီမျိုးမစစ်ကောင်အတွက်နဲ့ သူ့သားအရင်း ယွဲ့လင်းကို ဘယ်လိုနှိပ်ကွပ်ခဲ့မိကြောင်း… တွေးမိသောအခါ မယ်တော်ကြီး ရင်နာလွန်းသဖြင့် ယွဲ့ဟွာကို ယခုချက်ချင်း လည်ပင်းညှစ်သတ်ချင်နေပါပြီ။

ပထမတော့ ယွဲ့ဟွာငြိမ်ခံနေခဲ့သည်။ သို့သော် လက်သည်းတွေနဲ့ ဆက်တိုက်အကုတ်ခံနေရသဖြင့် သည်းမခံနိုင်တော့ဘဲ မယ်တော်ကြီးကို ပြန်တိုက်ခိုက်လေသည်။

သူတို့နှစ်ယောက်ကို ဘယ်သူမှ ဝင်မတားခဲ့ကြပါ။

တစ်ချိန်တုန်းက မိဘမေတ္တာတွေ၊ သားသမီးဝတ္တရားကျေပွန်မှုတွေနဲ့ ပြည့်နှက်နေခဲ့သည့် သားအမိနှစ်ယောက် ယခုတော့ ရန်သူတော်တွေလို လုံးထွေးသတ်ပုတ်နေကြလေပြီ။

ယွဲ့လင်းကမူ တည်တည်ငြိမ်ငြိမ်သာ စောင့်ကြည့်နေခဲ့ပြီး မျက်လုံးတွေထဲမှာ လှောင်ပြောင်သရော်သည့် အရိပ်အ ယောင်များ ထင်ဟပ်လာခဲ့သည်။

ယွဲ့ဟွာမျက်နှာကို မယ်တော်ကြီး အသည်းအသန်ကုတ်ဖဲ့ရင်း ရုတ်တရက် ကြက်သေသေသွားခဲ့သည်။

သူ့ အာရုံထဲက ရုပ်ရှင်မပြီးဆုံးသေးပေ။

ကလေးကို နှောင်းဧကရာဇ်မင်းကြီးလက်ထဲ အပ်နှင်းပြီးနောက် ချန်ကျင်းမင် နန်းတော်မှထွက်ခွာသွားသည်။

သို့သော် ချန်ကျင်းမင် အတိတ်ကမှတ်ဉာဏ်တွေကိုပါ မြင်ခဲ့ရလေသည်။

ဖြစ်ချင်တော့… ယွဲ့ဟွာသည် နှောင်းဧကရာဇ်မင်းကြီးနှင့် ယခင်မင်းဆက် မင်းသမီးတို့၏ ရင်သွေးလည်း မဟုတ်ပြန်ပါ။

ချန်ကျင်းမင်နဲ့ သာမန်အရပ်သားအမျိုးသမီးတစ်ဦးတို့၏ ရင်သွေးသာဖြစ်သည်။

ထိုပုံရိပ်များကို မြင်ပြီးနောက် မယ်တော်ကြီး အရူးတစ်ယောက်လို အော်ဟစ်ရယ်မောလိုက်သည်။ မျက်ရည်များ စီးကျလာကာ အူတက်ပြီး သေသွားလောက်သည့်အထိ ရယ်မောပစ်ခဲ့သည်။

အောက်တန်းစား မိန်းမတစ်ယောက်၏သားဖြစ်သူကို နန်းတော်ထဲခေါ်သွင်းဖို့အတွက် နှောင်းဧကရာဇ်မင်းကြီးက သူ့ သားလေးကို သတ်ပစ်ခဲ့တာဖြစ်သည်။

သို့သော် သူ့ရင်သွေးအစစ်အမှန်ပါ အစားထိုးခံခဲ့ရတာကို ယွဲ့မို မသိခဲ့ရှာပါ။

ယွဲ့ဟွာက ယွဲ့မို ရင်သွေးလည်း မဟုတ်ပေ။ တကယ့်ကို အောက်တန်းစားသွေးဖြစ်သည်။

မယ်တော်ကြီးရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ယွဲ့ဟွာလည်း လက်ကို ပြန်ချလိုက်ပါသည်။

ယွဲ့ဟွာကို ကြည့်ရင်း မယ်တော်ကြီး ဆက်ရယ်မောနေဆဲဖြစ်သည်။

“သူများရင်သွေးကို ပျိုးထောင်ပြီး နန်းတင်ပေးဖို့အတွက်နဲ့ အဲ့ဒီခွေးယုတ် ယွဲ့မိုက သူ့တစ်သက်လုံး အစီအစဉ်တွေ ဆွဲခဲ့ရတာပေါ့!! ဟားဟားဟားဟားဟား!!!”

ယွဲ့ဟွာ မယုံသင်္ကာဖြစ်သွားပြီး အလွန်တုန်လှုပ်သွားခဲ့သည်။

“ဘာတွေလာပြောနေတာလဲ!!!”

ချန်ယင်းရှန့်လည်း အံ့အားသင့်သွားပြီး ခက်ထန်စွာ မေးလိုက်သည်။

“နင့်လို မိန်းမယုတ်က ဘယ်လိုသိနေတာလဲ ? ဟုတ်တယ်၊ ယွဲ့ဟွာက နှောင်းဧကရာဇ်မင်းကြီးရဲ့ သွေးသားလည်း မဟုတ်ဘူး၊ သူက ချန်ကျင်းမင်ရဲ့ မျိုးမစစ်သားပဲ!!”

ချန်ကျင်းမင်…

ထိုနာမည်ကို ကြားလိုက်ရပြီးနောက် ယွဲ့ဟွာ ထခုန်လိုက်မိပြီး ခက်ထန်စွာ အော်လိုက်သည်။

“ခင်ဗျားလိမ်နေတာ!!!”

ချန်ကျင်းမင်ကို သူ အားကိုးခဲ့တာမှန်သည်။ သို့သော် လက်အောက်ငယ်သားတစ်ဦးအပေါ် အရာရှိတစ်ဦးက အားကိုးခြင်းမျိုးဖြစ်သည်။

သူက ယွဲ့ဟွာ!!

ဧကရာဇ်မင်းကြီးနဲ့ မိဖုရားကြီးတို့ရဲ့ တရားဝင်သား!!

လူတိုင်းက လေးစားကြည်ညိုရတဲ့ ဧကရာဇ်မင်းဖြစ်လာရမယ့်လူ!!!

သူ့လိုလူမျိုးက ချန်ကျင်းမင်ရဲ့မျိုးမစစ်သားဖြစ်နိုင်မလား!!

ချန်ယင်းရှန့် အံကြိတ်လိုက်သည်။

“အဲ့ဒီကိစ္စကို ဖော်ထုတ်ဖို့ တကယ်ခက်ခဲခဲ့တယ်၊ ဒါပေမယ့် ငါ့ရဲ့ ဆင်ခြင်တုံတရားနဲ့ ကောင်းကင်ဘုံပေါ်က နှောင်းဧကရာဇ်မင်းကြီးရဲ့ လမ်းညွှန်ပြသပေးမှုကြောင့် အမှန်တရားကို ရှာတွေ့ခဲ့တယ်! ငါပြောထဲ့ စကားတွေထဲလုံးဝ အမှားမပါဘူး! မင်းမယုံရင် ချန်ကျင်းမင်ကို ဆင့်ခေါ်ပြီး မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်!!”

အာရုံထဲက ရုပ်ရှင်တို ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

ရုပ်ရှင်ကို အစကနေပြန်ဖွင့်ဖို့ ကျန်းကျီမြောင် အစီအစဉ်မရှိခဲ့ပါ။

သို့သော် ရုပ်ရှင်ကြည့်အဆောင်၏အာနိသင်ကြောင့် မယ်တော်ကြီးနှင့် တုံရှောင်းတို့အာရုံထဲ ထိုပုံရိပ်တွေ အစကနေ ပြန်ပေါ်လာခဲ့ပြန်ပါသည်။

တုံရှောင်းမျက်မှောင်ကြုတ်သွားသည်။ ယွဲ့ဟွာမျိုးရိုးအစစ်အမှန်ကြောင့် သူလည်း အံ့အားသင့်တုန်လှုပ်ခဲ့ရသည်။

သို့သော် သူ့စိတ်ဓာတ်က မယ်တော်ကြီးထက် အများကြီး ပိုမာကျောပါသည်။

မယ်တော်ကြီးကို အနောက်နန်းဆောင်ထဲ ပို့ဆောင်ခဲ့တုန်းက တော်ဝင်ယွဲ့မျိုးရိုးအင်ပါယာကို ဖျက်ဆီးဖို့ တုံရှောင်း ကြံရွယ်ခဲ့တာ ဖြစ်သည်။

သို့သော်… သူ့ရင်သွေးအစစ်အမှန်မှာ သေဆုံးသွားခဲ့တာကြာပါပြီ။

ယွဲ့ဟွာလည်း အဆင့်အတန်းမရှိသည့် မျိုးမစစ်တစ်ယောက်သာဖြစ်သည်။

သို့သော် တုံရှောင်း ဒီအထိတောင်ရောက်လာခဲ့လေပြီ။ ထို့ကြောင့် ရွေးစရာလမ်းတစ်ခုသာ ရှိတော့သည်။

ထိုလမ်းကတော့ အသေအကျေတိုက်ပွဲဝင်ပြီး ထီးနန်းကို သိမ်းပိုက်ကာ မင်းဆက်ပါ တစ်ခါတည်း ပြောင်းလဲပစ်လိုက်ဖို့ ဖြစ်သည်။ ထိုပလ္လင်ပေါ်မှာ တုံရှောင်းဟူသည့် သူကိုယ်တိုင်သာထိုင်လိုက်တော့မည်။

တုံရှောင်းအကြောက်ရွံ့ဆုံးအရာက သူ့အာရုံထဲ ထူးထူး ဆန်းဆန်း ပေါ်လာသည့် ပုံရိပ်တွေကိုပဲဖြစ်သည်။

ဒီလိုအရာမျိုးကို သာမန်လူသားတွေ စွမ်းဆောင်နိုင်စွမ်းမရှိပါ။ နတ်ဘုရားတစ်ပါး၏အစွမ်းတစ်ခုသာဖြစ်လိမ့်မည်။

ဧကန္တ…

ဒီယွဲ့လင်းကို ကောင်းကင်ဘုံက တကယ်ကာကွယ်ပေးထားတာလား ?

တုံရှောင်းတွန့်ဆုတ်နေစဉ် ချန်ကျင်းမင်ကို ခေါ်ဆောင်လာကြသည်။

ချန်ယင်းရှန့် အံကြိတ်လျက် ချန်ကျင်းမင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပါသည်။

“ချန်ကျင်းမင်! အမှန်အတိုင်း ပြောစမ်း! အဲ့ဒီယွဲ့ဟွာဆိုတာ မင်းရဲ့ မျိုးမစစ်သားလား!”

ယွဲ့ဟွာလည်း ချန်ကျင်းမင်ကို အမြန်ကြည့်လိုက်သည်။

“သူတို့ပြောနေတာတွေအကုန် အလိမ်အညာတွေပဲမလား ? အလိမ်အညာတွေမလားလို့!!”

သို့သော် ချန်ကျင်းမင်မျက်နှာကမူ ပုံမှန်မဟုတ်လောက်အောင် တည်ငြိမ်နေလေသည်။

သူဖြည်းညှင်းစွာ ပြောလိုက်သည်။

“ယွဲ့ဟွာက ကျုပ်သားပဲ”

ချန်ကျင်းမင် တိုတိုတောင်းတောင်းနဲ့ ပြတ်ပြတ်သားသား ဝန်ခံလိုက်တော့သည်။

မယ်တော်ကြီး ရယ်သံတွေ ပိုကျယ်လောင်လာခဲ့သည်။

ထိုရယ်သံတွေက သူ့အတွက်လည်းပါသလို ယွဲ့မိုအတွက်လည်း ပါဝင်သည်။

သူမ ပြက်ရယ်ပြုစရာလိုတစ်ယောက် ဖြစ်ခဲ့သလို ယွဲ့မိုကလည်း မထူးခြားလှပေ။

ဟားဟားဟားဟားဟား!!!

မျိုးမစစ်သားတစ်ယောက်အတွက် ကိုယ့် သားအရင်းကို သတ်ပစ်ခဲ့တာတဲ့!!!

ဒီနေ့ဒီအချိန်အထိ ယွဲ့လင်းကို မယ်တော်ကြီးလှည့်မကြည့်ရဲခဲ့ပါ။ နှောင်းဧကရာဇ်မင်းကြီး ပြန်မွေးဖွားလာလျှင်လည်း ယွဲ့လင်းကိုကြည့်ရဲမည်မဟုတ်ပါ။။

နှစ်ယောက်စလုံးက တစ်ဘဝလုံးပြက်ရယ်ပြုစရာလုပ်ရပ်တွေ လုပ်ခဲ့ကြပြီး တစ်ဦးတည်းသော သားအရင်းအပေါ် ရက်စက်ခဲ့ကြသည်။

ယုံမင်းဆက်ကြီးတစ်ခုလုံးကိုပါ သူတို့နှစ်ယောက် ဖျက်ဆီးမိလုနီးပါး ဖြစ်သွားခဲ့သည်။

“ချန်ကျင်းမင်… ခင်ဗျားလိမ်နေတာ!!!”

ယွဲ့ဟွာစိတ်တွေ အလွန်ရှုပ်ထွေးနေပါပြီ။ သူဘာမှ မစဉ်း စားနိုင်တော့ပေ။

ချန်ကျင်းမင်ကတော့ သူ့ကို တည်တည်ငြိမ်ငြိမ်ပဲ ကြည့်လိုက်သည်။

“မင်းလက်မောင်းပေါ်မှာ အနီရောင် မွေးရာပါ အမှတ်တစ်ခုရှိတယ်”

ထို့နောက် ချန်ကျင်းမင် သူ့လက်မောင်းပေါ်က အဝတ်စကို ဖြဲပြလိုက်သည်။ ထိုအခါ သူ့လက်မောင်းပေါ်က အနီရောင် မွေးရာပါအမှတ်ကို အားလုံးမြင်လိုက်ရပါသည်။

ယွဲ့ဟွာ နှုတ်ခမ်းများ တုန်ယင်သွားလေသည်။ ထို့နောက် ဝူကျီး ရှေ့ထွက်လာပြီး ယွဲ့ဟွာ၏ လက်မောင်းပေါ်က အဝတ်စများကို ဓားဖြင့် ခုတ်ပစ်လိုက်ရာ သူ့လက်မောင်းပေါ်မှာလည်း အနီရောင် အမှတ်တစ်ခု ပေါ်လာခဲ့ပါသည်။

မွေးရာပါအမှတ်နှစ်ခုက တစ်ပုံစံတည်းဖြစ်နေလေသည်။

ထို့ကြောင့် ဘာမှ ဆက်ပြောစရာမလိုတော့ပေ… အားလုံးရင်ထဲမှာ နားလည်သွားခဲ့ကြပါပြီ။

“မယုံဘူး… ငါမယုံဘူး!!!”

ယွဲ့ဟွာ ဟိန်းဟောက်လိုက်ပြီး ချန်ကျင်းမင်ထံ တဟုန်ထိုး ပြေးလာခဲ့ပါသည်။

ချန်ကျင်းမင်ကတော့ ပါးစပ်ထဲမှာငုံထားသည့် အဆိပ်ဆေးလုံးကို တည်တည်ငြိမ်ငြိမ်သာ ကိုက်ချပစ်လိုက်တော့သည်။

ယွဲ့လင်းနှင့် သဘောတူညီချက်ယူထားတာတွေ အားလုံးကို သူဆောင်ရွက်ပေးခဲ့ပါပြီ။ ယခု ရို့ရို့ကို သွားတွေ့ချိန်တန်လေပြီ။

ယွဲ့ဟွာကို ချန်ကျင်းမင် တစ်ချက်ကလေးတောင် လှည့်မကြည့်တော့ပါ။ သူနောက်ဆုံး ကြည့်လိုက်သူက ယွဲ့လင်း ဖြစ်သည်။

ယွဲ့လင်းကလည်း ချန်ကျင်းမင်ကို ခေါင်းညိတ်ပြလိုက်ပါသည်။

ထိုအခါ ချန်ကျင်းမင် စိတ်အေးချမ်းမှုဖြင့် ပြုံးသွားပြီး မျက်လုံးများကို မှိတ်လိုက်ကာ နောက်ပြန်လဲကျသွားခဲ့လေတော့သည်။

ယွဲ့ဟွာရောက်ရှိလာသောအခါ ချန်ကျင်းမင် ရုပ်အလောင်းကိုသာ မြင်ခဲ့ရသည်။

ယွဲ့ဟွာ ချက်ချင်းလမ်းပျောက်သွားခဲ့လေသည်။

သူ… ဒီတိုင်းသေသွားတာလား…

ယွဲ့ဟွာ နားမလည်နိုင်တော့ပါ။ ချန်ကျင်းမင်က သူ့အဖေအရင်းဖြစ်နေလျှင်တောင် သူ့ကို ဘာကြောင့် ဒီလို သစ္စာ ဖောက်ခဲ့ရတာလဲ နားမလည်နိုင်ပါ။

သေခါနီးအချိန်မှာတောင် သူ့ကို တစ်ချက်ကလေးမှ ကြည့်မသွားခဲ့ပေ။

ချန်ကျင်းမင်ရဲ့ မျက်လုံးထဲမှာတောင် သူက တန်ဖိုးမရှိဘူးလား…!

သူ ဘာတန်ဖိုးမှ မရှိတော့ဘူးလား!!!

“ချန်ကျင်းမင်ကိုယ်တိုင် ဝန်ခံလိုက်ပြီ။ ယွဲ့ဟွာက မျိုးမစစ်ကောင်ဆိုတာ သံသယဖြစ်စရာမရှိတော့ဘူး”

ချန်ယင်းရှန့် အေးစက်စွာ ပြောလိုက်သည်။

“တော်ဝင်ယွဲ့မျိုးရိုးကို ထိန်းသိမ်းဖို့အတွက် ယွဲ့ဟွာကိုချက် ချင်း ကွပ်မျက်ပစ်သင့်ပါတယ် အရှင်မင်းကြီး!!”

All Chapters