မင်း နေမကောင်းဘူးလား
Vol. 47 Ch. 696
ထိုပင်လယ်ဓားပြများကို ကျန်းမုန့်လောင် ဘယ်လိုကြောက်အောင် ခြောက်လိုက်သလဲဆိုသည်ကို မည်သူမှမသိသော်လည်း ယခုမူ သူတို့ ဘေးကင်းသွားဟန်တူသည်။ ပင်လယ်ဓားပြများက သူတို့၏ပစ္စည်းများကို စွန့်ပစ်ကာ သူတို့ကိုယ်ပိုင်သင်္ဘောပေါ်သို့ အမြန်တက်ပြီးနောက် လှည့်ပြေးရန် ပြင်ကြတော့သည်။
အတူလိုက်ပါလာသော အစောင့်အကြပ်တပ်ဖွဲ့က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ပိုပြီးသတ္တိကောင်းသွားသည်။ သူတို့ဘက်တွင် ဖျက်သင်္ဘောများနှင့် လေယာဉ်တင်သင်္ဘောများ ရှိနေသည်ဖြစ်ရာ ဘာများကြောက်နေစရာရှိသလဲ။ ယခု မည်သူက မည်သူ့ကို ကြောက်ရမည်နည်း။ ပင်လယ်ဓားပြများ ထွက်ပြေးချင်သည်ဆိုလျှင်ပင် လွတ်အောင်ပြေးနိုင်မည်လော။
"လေယာဉ်တင်သင်္ဘောအဖွဲ့ကို ဆက်သွယ်လိုက်။ မစ္စတာကျန်းရဲ့သင်္ဘောကို ပင်လယ်ဓားပြတွေ တိုက်ခိုက်နေတယ်လို့။ အခုချက်ချင်း တပ်ကူလွှတ်ပေးလို့ ပြောလိုက်"
လိုက်ပါလာသည့် အစောင့်အကြပ်တပ်ဖွဲ့က လေယာဉ်တင်သင်္ဘောအုပ်စု၏ ခေါင်းဆောင်ဖြစ်သူထံသို့ ချက်ချင်းဆိုသလို အရေးပေါ်အချက်ပြ ပို့လိုက်လေသည်။
"ဘာ? မစ္စတာကျန်းက ပင်လယ်ဓားပြတွေနဲ့ တိုးနေတယ် ဟုတ်လား"
ဤသတင်းကိုကြားသည်နှင့် ကပ္ပတိန်ခမျာ ချက်ချင်းပင် ထိတ်လန့်သွားသည်။ အကယ်၍ ကျန်းမုန့်လောင် သို့မဟုတ် သူ့ဘေးနားရှိ လူတစ်ယောက်ယောက်ကသာ ပင်လယ်ဓားပြများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပါက မည်သူ့တွင် တာဝန်ရှိသလဲ။
၎င်းမှာ ပင်လယ်ဓားပြများ၏ လက်ချက်ဆိုလျှင်ပင် တောင်အာဖရိက၏ ရေပိုင်နက်ဖြစ်နေဆဲပင်။ တစ်ခုခုမှားယွင်းသွားပါက သူတို့ကိုပင် အပြစ်တင်ကြမည်မဟုတ်လော။
'ခင်ဗျားတို့ရဲ့ရေပိုင်နက်ထဲမှာ လုံခြုံရေးမကောင်းလို့ ဖြစ်ရတာလေ။ ခင်ဗျားတို့မှာမှ တာဝန်မရှိရင် ဘယ်သူ့မှာ တာဝန်ရှိမှာလဲ'ဟု ဆိုလာပေလိမ့်မည်။
"တိုက်လေယာဉ်တွေ ချက်ချင်းသွားကြ။ စစ်သင်္ဘောတွေလည်း အရှိန်ကုန်တင်ပြီးမောင်းကြ။ သန္တာကျောက်တန်းတွေကို သတိထားကြနော်။ အဖွဲ့အသေးစားတစ်ဖွဲ့က မော်တော်ဘုတ်နဲ့သွားပြီး အရင်လှုပ်ရှားကြ။ မစ္စတာကျန်းရဲ့အသက်အန္တရာယ်နဲ့ ပိုင်ဆိုင်မှုတွေကို လုံခြုံအောင် ကာကွယ်ပေးရမယ်"
...
"ဒါက တကယ့်ကိုမယုံနိုင်စရာပဲ"
ဂိုရစ်ခမျာ တုန်လှုပ်ချောက်ချားစွာဖြင့် သူ့သင်္ဘောပေါ်သို့ ပြန်ရောက်လာခဲ့သည်။
ပင်လယ်ဓားပြလုပ်လာသည့် နှစ်ပေါင်းများစွာကာလအတွင်း မုန်တိုင်းများကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး အသက်ဘေးမှ အကြိမ်ကြိမ်လွတ်မြောက်ခဲ့ဖူးသည်ဖြစ်ရာ သူ့သတ္တိမှာ သံသယဖြစ်စရာမလိုလောက်အောင် သက်သေပြထားပြီးဖြစ်၏။
သို့သော် ယနေ့ဖြစ်ရပ်က အလွန်ထူးခြားလှသည်။ သူမကြောက်ဘဲ မနေနိုင်ချေ။
ဘယ်လိုအစွမ်းမျိုးကများ ကျည်ကပ်ထဲရှိ ကျည်ဆန်များကို ဖယ်ရှားနိုင်မည်နည်း။ ဤသည်မှာ လူသားတစ်ယောက်တတ်နိုင်သည့် အစွမ်းလေလား။
"အရှေ့တိုင်းသားတွေက အရမ်းလျှို့ဝှက်ဆန်းကြယ်လွန်းတယ်။ အခုကစပြီး ငါတို့ ဟွာရှားလူမျိုးတွေနဲ့တွေ့ရင် ဝေးဝေးကရှောင်တာ အကောင်းဆုံးပဲ"
ဂိုရစ်က သူ့လက်ထောက်ကို ပြောလိုက်သည်။
"ဒီနေရာက အမြန်ထွက်သွားကြစို့။ တောင်အာဖရိကရေကြောင်းရဲတွေ ဒါမှမဟုတ် ကုလသမဂ္ဂစစ်သင်္ဘောတွေ အချိန်မရွေးရောက်လာနိုင်တယ်"
နိုင်ငံတကာတွင် ဂိုရစ်၏ခေါင်းက အမေရိကန်ဒေါ်လာနှစ်သန်းတန်ကြေးရှိပြီး သူ့ပင်လယ်ဓားပြခေါင်းဆောင်များကလည်း ဆုငွေများစွာ အထုတ်ခံထားရသူများပင်။ သူတို့ကို တွေ့လိုက်သည်နှင့် ငွေအိတ်ကြီးများ လမ်းလျှောက်နေသလိုသာ မြင်ကြလိမ့်မည်။
"မဖြစ်ဘူး.. အခြေအနေမကောင်းတော့ဘူး"
ပင်လယ်ဓားပြတစ်ယောက်က ကပ္ပတိန်၏အခန်းထဲသို့ ပျာပျာသလဲပြေးဝင်လာသည်။
"ဘာဖြစ်တာလဲ။ ဘာတွေဖြစ်လို့လဲ"
"ကပ္ပတိန်.. စစ်သင်္ဘောတွေ။ ဟိုးနားမှာ စစ်သင်္ဘောတွေရှိတယ်။ ကောင်းကင်မှာလည်း လေယာဉ်တွေပျံနေတယ်။ တိုက်ခိုက်ရေးသင်္ဘောတွေကလည်း ကျွန်တော်တို့ဘက်ကို လာနေပါတယ်"
"ဘာ? ဘယ်ကစစ်သင်္ဘောတွေလဲဆိုတာ သိလား"
"တောင်အာဖရိကအလံကို လွှင့်ထားပါတယ်။ ပြီးတော့ ခပ်လှမ်းလှမ်းကနေ ရိပ်ဖမ်းသံဖမ်းတစ်ခုတော့မြင်နေရတယ်။ အရမ်းကြီးတယ်..ကြည့်ရတာ.. လေယာဉ်တင်သင်္ဘောတစ်စင်းနဲ့တူတယ်"
"ဘာပြောလိုက်တယ်"
ဂိုရစ်လည်း ဒေါသတကြီးဖြင့် ထိုပင်လယ်ဓားပြကို ချက်ချင်းပစ်သတ်လိုက်၏။
"ထွက်ကြည့်ကြရအောင်"
ဂိုရစ်နှင့် သူ့လူယုံတချို့က ကုန်းပတ်ပေါ်သို့ တက်လာခဲ့သည်။
သူတို့ အဝိုင်းခံလိုက်ရလေပြီ။
ဖျက်သင်္ဘောသုံးစင်းက သူတို့ကို တြိဂံပုံစံဖြင့် ဝိုင်းထားပြီး သူတို့ခေါင်းပေါ်မှာလည်း လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် တိုက်ခိုက်ရေးလေယာဉ်ငါးစီးက ပျံဝဲနေချေသည်။ ထို့ပြင် ကြောက်မက်ဖွယ်ကောင်းသော သူတို့၏လက်နက်များက အချိန်မရွေးပစ်ခတ်ရန် အသင့်ပြင်ထားကြသည်။
အောက်ဘက်ရှိ တိုက်ခိုက်ရေးသင်္ဘောများကလည်း သူတို့သင်္ဘောပေါ်သို့ ဝင်စီးရန် အသင့်ပြင်ထားကြသည်။
ဟိုးအဝေးတစ်နေရာတွင် မီတာပေါင်းရာနှင့်ချီ၍ ရှည်လျားသော လေယာဉ်တင်သင်္ဘောကြီးကို မြင်လိုက်ရချိန်တွင်မူ စိတ်ဓာတ်များကျကုန်သည်။
အစောတုန်းက အစောင့်အကြပ်များက သင်္ဘောကိုကာကွယ်စောင့်ရှောက်နေသော လေယာဉ်တင်သင်္ဘောအုပ်စုရှိကြောင်း ပြောနေစဉ်က ဟာသတစ်ခုအဖြစ်သာ မှတ်ယူခဲ့သည်။ ယခုမူ အမှန်တရားကို မြင်လိုက်ရချေပြီ။ လေယာဉ်တင်သင်္ဘောအုပ်စုက အမှန်တကယ်ရှိနေပေသည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေသောကြောင့် ပင်လယ်ပြင်ခရီးထွက်လာချိန်တွင် လုံခြုံရေးအဖွဲ့တစ်ဖွဲ့ ခေါ်လာခြင်းမှာ နားလည်ပေး၍ရပေသည်။ သို့သော် လေယာဉ်တင်သင်္ဘောတစ်ဖွဲ့လုံးကို ခေါ်လာသတဲ့လား။
"သင်္ဘောပေါ်က လူတွေအကုန်နားထောင်ကြ။ မင်းတို့တွေကို ဝိုင်းထားလိုက်ပြီ။ လက်နက်ချပြီး အညံ့ခံပါ။ မဟုတ်လို့ကတော့ ငါတို့ တိုက်ခိုက်ရလိမ့်မယ်။ မင်းတို့မှာ အချိန်တစ်မိနစ်ရှိတယ်"
ပင်လယ်ဓားပြများအတွက်တော့ အင်အားကြီးရန်သူနှင့် ထိပ်တိုက်တိုးခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ သို့သော် များသောအားဖြင့် သူတို့လက်ထဲတွင် ဓားစာခံရှိနေတတ်သည်။ ထို့ကြောင့် စစ်သင်္ဘောများဖြင့် အဝိုင်းခံထားရလျှင်ပင် သူတို့အနေနှင့် ဓားစာခံများကို အသုံးချပြီး ညှိနှိုင်း၍ရသေးသည်။
သို့သော် သူတို့ အလုပ်မလုပ်ရသည်မှာ ကြာလှပြီဖြစ်သောကြောင့် ဓားစာခံက ဘယ်ကရမည်တဲ့လဲ။
သူတို့ခမျာ အစောကပင် ကျန်းမုန့်လောင်၏ ထူးဆန်းလှသော အစွမ်းများကြောင့် ကြောက်လန့်နေကြရသည်ဖြစ်ရာ မည်သူကများ ဓားစာခံဖမ်းဖို့ သတိရမည်နည်း။
ဤအဓိပ္ပာယ်ကား လေယာဉ်တင်သင်္ဘောများအနေနှင့် ဘာမှငဲ့ကွက်စရာမလိုဘဲ တိုက်ခိုက်၍ရသွားပြီဖြစ်၏။ သင်္ဘောပေါ်ရှိ လူအားလုံးကလည်း ပင်လယ်ဓားပြများဖြစ်သဖြင့် အကယ်၍ သူတို့အားလုံးကို ဒုံးကျည်ဖြင့်ပစ်လိုက်လျှင်ပင် ဘာမှဖြစ်မသွားပေ။ သူတို့အနေနှင့် အရှင်ဖမ်းဖို့ပင်မလိုချေ။
"ကပ္ပတိန်.. ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
"ဘာလုပ်ရဦးမှာလဲ။ ငါတို့က နိုင်နိုင်သေးလို့လား"
ပင်လယ်ဓားပြသင်္ဘောက လက်နက်အပြည့်အစုံတပ်ဆင်ထားသော်ငြား လေယာဉ်တင်သင်္ဘောများနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူတို့အနေနှင့် မည်သို့များ ခုခံနိုင်မည်နည်း။
အကယ်၍ အနိုင်ရနိုင်မည့် အခွင့်အရေး သို့မဟုတ် ထွက်ပြေးလွတ်မြောက်နိုင်မည့် မျှော်လင့်ချက်လေးနည်းနည်းသာ ရှိနေပါက သေဘေးကိုပင် မကြောက်ကြသော ဤလူများက သာမန်စစ်တပ်တစ်တပ်ကိုပင် ပြန်တိုက်ရဲသည့် သတ္တိမျိုး ရှိကြသည်။
သို့သော် ပြဿနာကား ပြန်တိုက်၍ မရနိုင်ခြင်းပင်။ မည်သို့ပင်လယ်ဓားပြသင်္ဘောကမှ ဒုံးကျည်ဒဏ်ကို မခံနိုင်ကြချေ။ အကယ်၍ ဒုံးကျည်တစ်စင်းတည်းနှင့် အလုပ်မဖြစ်ပါက နှစ်စင်းဆိုလျှင်မူ သေချာပေါက်အလုပ်ဖြစ်သည်သာ။
ရေထဲခုန်ချပြီး ထွက်ပြေးရန်မှာလည်း ရန်သူ့တိုက်ခိုက်ရေးသင်္ဘောများက အရုပ်များမဟုတ်ပေ။ သူတို့ အသက်ရှူဖို့ ရေပြင်ပေါ် ခေါင်းဖော်လိုက်သည်နှင့် ကျည်က ခေါင်းကို လာမှန်လိမ့်မည်သာ။
အကယ်၍ ထွက်ပြေးလာနိုင်သည်ဆိုလျှင်ပင် တစ်ဆယ်ကီလိုမီတာပတ်လည်မှာ ဘာကုန်းမြေမှမရှိပေ။ သူတို့အနေနှင့် ဘယ်ကိုပြေးနိုင်မည်နည်း။
"လက်နက်ချလိုက်ရအောင်။ တောင်အာဖရိကမှာ သေဒဏ်မရှိပါဘူး"
ဂိုရစ်က ကူကယ်ရာမဲ့နေလေဟန် အမူအရာဖြင့် ပြောလိုက်လေသည်။
"ကျွန်တော်တို့ အညံ့ခံပါတယ်။ ကျွန်တော်တို့ အညံ့ခံပါတယ်"
...
"ဒုတ်"
ဂိုရစ်ခမျာ တင်းတင်းကျပ်ကျပ်ကြိုးချည်ခံထားရပြီး ကျန်းမုန့်လောင်ရှေ့သို့ ပစ်ချခံလိုက်ရသည်။
"မစ္စတာကျန်း.. ဒါက အဲဒီပင်လယ်ဓားပြသင်္ဘောရဲ့ခေါင်းဆောင် ဂိုရစ်ပါ။ သူ့ကို ဘယ်လိုအရေးယူချင်လဲ"
ဂိုရစ်က ကျန်းမုန့်လောင်ကို မော့ကြည့်လိုက်သည်။ ဤဟွာရှားလူမျိုးက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်အတွက် လေယာဉ်တင်သင်္ဘောကို ဆင့်ခေါ်နိုင်ရုံသာမက တိုက်ရိုက်လည်း အမိန့်ပေးနိုင်သည်။
ဤစစ်သင်္ဘောအုပ်စု၏ အကြီးအကဲကပင် ဘာဆက်လုပ်ရမလဲဆိုသည်ကို ကျန်းမုန့်လောင်ထံမှ လမ်းညွှန်ချက်တောင်းနေရရှာသည်။
"မင်းက ဘယ်သူများလဲ"
"သိပြီးသားမဟုတ်ဘူးလား"
ကျန်းမုန့်လောင်က ပြုံးလိုက်၏။
"သူတို့ ငါ့စကားကို ဘာလို့နားထောင်လဲဆိုတာကို မသိချင်ဘူးလား"
"ရိုးရိုးလေးပါ။ သူတို့က ငါ့ဆီမှာ အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ အကြွေးတင်နေတာလေ။ ဒီတော့ သူတို့ရဲ့လေယာဉ်တင်သင်္ဘောအုပ်စုနဲ့ ငါ့ကိုလိုက်စောင့်ရှောက်ခိုင်းတာက သိပ်မလွန်ဘူးမလား"
"ဒါက..."
ဂိုရစ်ခမျာ ဘာပြောရမှန်းမသိတော့ချေ။ ကျန်းမုန့်လောင်တွင် ကြောက်မက်ဖွယ်ကောင်းသော သရုပ်မှန်တစ်ခုရှိမည်ဟု သူထင်ထားခဲ့သည်။ သို့သော် ယခုတော့ ဤသို့ဖြစ်နေလေသလား။ ငွေရှိခြင်းမှာ ဤမျှအထိ အစွမ်းထက်လှပေသည်။
"အခု ငါတို့က မင်းရဲ့အကျဉ်းသားတွေ ဖြစ်နေပြီပဲ။ သတ်ချင်လည်းသတ် ဖြတ်ချင်လည်းဖြတ်နိုင်တယ်။ ငါတို့က ဒီအလုပ်စလုပ်ကတည်းက ဒီအခြေအနေအတွက် ကြိုပြင်ဆင်ထားပြီးသား"
"ဪ အဲဒီလိုလုပ်လို့တော့မရဘူး။ တကယ်လို့ ငါတို့သာ မင်းတို့ကိုသတ်ပစ်လိုက်ရင် ငါတို့နဲ့ ဘယ်သူက ကစားပေးတော့မှာလဲ"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"ဒီသင်္ဘောပေါ်မှာ ပင်လယ်ဓားပြဘယ်နှယောက်ရှိလဲ"
ဂိုရစ် တုန်လှုပ်သွားသည်။ ကျန်းမုန့်လောင်က ဘာကြောင့် ယခုလိုမေးရလေသလဲ။
"စုစုပေါင်း၅၄ယောက်ပါ"
"နည်းလွန်းတယ်"
ကျန်းမုန့်လောင်လည်း ခေါင်းတခါခါလုပ်လိုက်မိသည်။
"သိပ်စိတ်လှုပ်ရှားဖို့ မကောင်းသေးဘူး။ မင်းတို့မှာ တခြားအပေါင်းအပါတွေရှိသေးလား"
"မင်း ဘာလုပ်ချင်တာလဲ"
ဂိုရစ်ခမျာ နားမလည်နိုင်တော့ချေ။ "စိတ်လှုပ်ရှားဖို့မကောင်းသေးဘူး"ဆိုတာက ဘာအဓိပ္ပာယ်လေလဲ။
"ငါတို့က အခန်းထဲကထွက်ပြေးလွတ်မြောက်ရေးဂိမ်းမှာ အတူကစားဖို့ ဖိတ်မလို့လေ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ဪ ရောက်လာပြီ"
"ဘာရောက်လာတာလဲ"
ထိုအချိန်တွင် ကောင်းကင်ထက်မှ ကုန်သည်သေတ္တာကြီးတစ်ခု ကျလာပြီးနောက် ကျန်းမုန့်လောင်၏ဇိမ်ခံသင်္ဘောပေါ်သို့ ရောက်လာလေသည်။
၎င်းမှာ ကုန်တင်သည့် ကွန်တိန်နာတစ်ခုနီးပါး ကြီးမားလှသော သေတ္တာကြီးပင်။
"ဂျောက်"
ကျန်းမုန့်လောင်လည်း ကွန်တိန်နာကြီးကို ဖွင့်ပြီးနောက် ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သည်။
"ဟဲဟဲ.. အသစ်စက်စက် လက်တွေ့သုံးပစ်ခတ်ရေးပစ္စည်းတွေလေ"
ကျန်းမုန့်လောင်က ဆို၏။
"ငါတို့က ကာရေဘီယံဓားပြပုံစံ လက်တွေ့ဆန်ဆန်ဂိမ်းတစ်ခုကို ကစားကြမှာ။ ဒါက ပင်လယ်ထဲမှာ ငါးဖမ်းပြီး ရေကူးရတာထက် ပိုစိတ်လှုပ်ရှားဖို့ မကောင်းဘူးလား။ မင်းတို့တွေက ပရော်ဖက်ရှင်နယ်တွေဆိုတော့ ဇာတ်ကောင်အဖြစ် ဟန်ဆောင်ပေးရုံပဲ"
ပင်လယ်ဓားပြများရော စစ်သင်္ဘောပေါ်ရှိ အရာရှိများပါ ကြောင်အသွားကြသည်။
သူတို့မှာ ဤပင်လယ်ဓားပြများကို ဖမ်းဆီးရန်အတွက် အစွမ်းကုန်ကြိုးစားခဲ့ရသည်။ ယခုမူ သူတို့အား ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ပြီး လက်တွေ့ပစ်ခတ်ရေးဂိမ်းတစ်ခုကို ကစားချင်သည်ဟု ဆိုနေလေသလား။ ပင်လယ်ဓားပြများ၏ အလုပ်အကိုင်နယ်ပယ်က ဤမျှအထိ ကျယ်ပြန့်နေပြီလား..
မင်း ရူးနေတာလား..
ငါတို့လို ရက်စက်ကြမ်းကြုတ်တဲ့ ပင်လယ်ဓားပြတွေကို မင်းနဲ့အတူကစားခိုင်းနေတာ အသတ်ခံရမှာ မကြောက်ဘူးလား...
"မင်းတို့တွေအကုန်လုံးက ရာဇဝတ်သားတွေလေ။ တောင်အာဖရိကဥပဒေအရ မင်းတို့ကို သေဒဏ်မပေးဘူးဆိုပေမဲ့ ထောင်ထဲမှာ နှစ်ပေါင်းရာနဲ့ချီပြီး နေရမှာနော်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"မင်းတို့တွေသာ ကောင်းကောင်းကစားပေးရင် အကောင်းဆုံးဆက်ဆံပေးမယ်လို့ ငါ အာမခံတယ်။ အနည်းဆုံးတော့ ထောင်ထဲကိုရောက်သွားရင် တခြားအကျဉ်းသားတွေဆီက ဗလက္ကာယလုပ်တာမျိုးမခံရအောင် လုပ်ပေးမယ်"