အရင်ဘဝတုန်းက ငါ ဘာတွေများလုပ်ခဲ့မိလို့လဲ
Vol. 47 Ch. 697
"မုန့်လောင်.. ဒါက သိပ်မလွယ်ဘူးနော်။ ရုပ်ရှင်ရိုက်ရင်တောင် ဒါရိုက်တာလိုသေးတယ်လေ။ အခုလို လက်တွေ့ဆန်တဲ့ အခန်းလွတ်မြောက်ရေးဂိမ်းမျိုးက ဇာတ်ညွှန်းမရှိဘဲ ကစားလို့မှမရတာ"
"ဟုတ်တယ်။ သူတို့ကို စိတ်တိုင်းကျကစားခိုင်းလို့ မဖြစ်ဘူးလေ။ ခေါင်းစဉ်နဲ့ ပင်မဇာတ်လမ်းတော့ ရှိရမှာပေါ့။ မဟုတ်ဘူးလား"
"ဒါက လွယ်ပါတယ်"
ကျန်းမုန့်လောင်ကလည်း ဟုန်းရီကို ချက်ချင်း စီစဉ်ခိုင်းတော့သည်။
"ဟုန်းရီ... ငါတို့ဆီမှာ ထူးခြားဆန်းကြယ်လူသတ်မှုဇာတ်ညွှန်း ဒါမှမဟုတ် အခန်းလွတ်မြောက်ရေးဇာတ်ညွှန်းတွေရေးတဲ့လူ ရှိလား"
"ဒါက... မစ္စတာကျန်း ဒါတွေက အခုမှခေတ်စားလာတဲ့ လုပ်ငန်းတွေဆိုတော့ ကျွန်မတို့ဆီမှာ အဲဒီလိုကျွမ်းကျင်သူတွေတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ဇာတ်ညွှန်းရေးဆရာတွေနဲ့ ဒါရိုက်တာတွေတော့ အများကြီးရှိပါတယ်"
"မဖြစ်ဘူး။ ကျွမ်းကျင်မှုက အဓိကပဲ။ ရုပ်ရှင်ရိုက်တာနဲ့ ဒီလိုဂိမ်းမျိုးအတွက် ဇာတ်ညွှန်းရေးတာက မတူဘူး"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"မင်း အခုချက်ချင်း ဆုငွေထုတ်ပြီး ကြေညာလိုက်။ ဇာတ်ညွှန်းရေးဆရာတွေနဲ့ စာရေးဆရာတွေကို စုစည်းပြီး နှစ်နာရီအတွင်း ငါ့အတွက် ဂိမ်းဇာတ်ကွက်တစ်ခု ဖန်တီးပေးဖို့ ပြောလိုက်"
"မစ္စတာကျန်း ဒါက နည်းနည်းတော့ခက်မယ်ထင်တယ်"
"တစ်ယောက်ကို ကော်မရှင်ခ ဒေါ်လာနှစ်သန်းစီပေးမယ်"
"ဒါဆိုရင်တော့ ဘာပြဿနာမှမရှိပါဘူး။ နှစ်နာရီအတွင်း အသေးစိတ်အချက်အလက်ကို ရှင့်ဆီပို့ပေးပါ့မယ်။ ဒါနဲ့ ဇာတ်လမ်းအတွက် ဘာသတ်မှတ်ချက်များ လိုသေးလဲ"
"ပင်လယ်ဓားပြ၊ ရတနာရှာဖွေခြင်း၊ စွန့်စားခန်းနဲ့ ဇာတ်ကောင်အယောက်နှစ်ရာသုံးရာလောက်သုံးရမယ့် အမျိုးအစားလေ"
"ဒါပေမဲ့ မစ္စတာကျန်း ဒီလိုအကြီးစားအခန်းလွတ်မြောက်ရေးဂိမ်းမျိုးအတွက် သရုပ်ဆောင်ရှာဖို့ ခက်ပါလိမ့်မယ်။ စက်ပစ္စည်းအသုံးအဆောင်တွေလည်း လိုဦးမယ်။ အချိန်ကလည်း အရမ်းကပ်နေတော့..."
"အဲဒါ စိတ်မပူနဲ့။ ငါ့ဆီမှာ အဆင်သင့်သုံးလို့ရတဲ့ ဇာတ်ကောင်တွေနဲ့ ပစ္စည်းတွေက ရှိပြီးသား။ မင်းက ဇာတ်ညွှန်းရဖို့ ကူညီပေးရုံပဲ"
"အဲဒီလိုဆိုရင် ကျွန်မ အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်"
...
"လူက ဒီလောက်လေးပဲရှိတာလား"
ကျန်းမုန့်လောင်က ပင်လယ်ဓားပြအုပ်စုကို ဝေ့ကြည့်လိုက်သည်။ သူတို့ထဲရှိ အများစုက ဟွာရှားဘာသာစကား နားမလည်ကြသဖြင့် ကျန်းမုန့်လောင်တစ်ယောက်တည်း တတွတ်တွတ်ပြောနေသည်ကိုသာ နားထောင်နေကြရသည်။
ကျန်းမုန့်လောင်နှင့် အကြည့်ချင်းဆုံမိသည့်အခါတိုင်း ပင်လယ်ဓားပြများမှာ ထိတ်လန့်သွားကြသည်။
"လူနည်းလွန်းတယ်။ ပင်လယ်ဓားပြတွေ ထပ်လိုသေးတယ်"
ကျန်းမုန့်လောင်က စစ်သင်္ဘော၏ ကပ္ပတိန်ကို ပြောလိုက်သည်။
"ဒါပေမဲ့ မစ္စတာကျန်း.. ပင်လယ်ဓားပြတွေကို ဘယ်မှာထပ်ရှာရမှာလဲ"
ကျန်းမုန့်လောင်ခိုင်းသမျှ လုပ်ပေးရန် အမိန့်ရထားသော်လည်း ဤတောင်းဆိုချက်မှာမူ မဖြစ်နိုင်ချေ။ ပင်လယ်ဓားပြကို တွေ့ရလွယ်သည်ဟုများ ထင်နေလေသလား။
"အဲဒီမေးခွန်းကို သူတို့ဖြေလိမ့်မယ်"
ကျန်းမုန့်လောင်က ဂိုရစ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"မစ္စတာဂိုရစ်... ငါ ပင်လယ်ဓားပြတွေ ထပ်လိုနေသေးတယ်။ မင်းတို့က လုပ်ဖော်ကိုင်ဖက်တွေဆိုတော့ တခြားလူတွေ ဘယ်မှာအောင်းနေတတ်လဲဆိုတာ သိမှာပေါ့။ ဟုတ်တယ်မလား"
တစ်ချိန်တုန်းက ကုလသမဂ္ဂ၏ နှိမ်နင်းမှုကြောင့် ဆိုမာလီပင်လယ်ဓားပြအများစု ဖမ်းဆီးခံထားရသော်လည်း ပိုက်ကွန်ထဲက လွတ်သွားသည့် အဖွဲ့ပေါင်းနှစ်ဆယ်ခန့်မှာ နိုင်ငံတကာအလိုရှိစာရင်းထဲတွင် ရှိနေသေးသည်။
ထိုအဖွဲ့များတွင် လူအင်အားဆယ်ဂဏန်းမှ တစ်ရာဝန်းကျင်အထိ ရှိကြသော်လည်း ထိုပင်လယ်ဓားပြများက အလွန်သတိကြီးကြသည်။ သူတို့၏အခြေစိုက်စခန်းများကလည်း အလွန်လျှို့ဝှက်သဖြင့် အဖမ်းမခံရဘဲ လွတ်မြောက်နေကြခြင်းပင်။
သို့သော် ပင်လယ်ဓားပြအချင်းချင်းကြားတွင် အထူးဆက်သွယ်ရေးနည်းလမ်းများ ရှိကြသည်။ လက်နက်ဝယ်ယူခြင်း သို့မဟုတ် လူသုံးကုန်ပစ္စည်း လဲလှယ်ခြင်းများအတွက် ကုန်သွယ်မှုဗဟိုချက်များ ရှိတတ်ကြသည်။
"မင်းက ငါ့ကို သူတို့ကိုသစ္စာဖောက်ခိုင်းနေတာလား"
ဂိုရစ်က တစ်ဖက်သို့ မျက်နှာလွှဲလိုက်သည်။ ဤပင်လယ်ဓားပြခေါင်းဆောင်အချို့မှာ သူနှင့်အတူ အန္တရာယ်များကို သေအတူရှင်မကွာရင်ဆိုင်ခဲ့ကြသည့် သူငယ်ချင်းများ ဖြစ်ကြလေရာ သူတို့ကို မည်သို့သစ္စာဖောက်နိုင်မည်နည်း။
"သတ်ချင်သတ် ဖြတ်ချင်ဖြတ်။ ငါ့ဆီက ဘာသတင်းမှ နှိုက်ဖို့မကြိုးစားနဲ့"
"ကောင်းပြီလေ။ မင်းက တော်တော်သတ္တိရှိတာပဲ။ သိက္ခာလည်းရှိတယ်"
ကျန်းမုန့်လောင်က ကပ္ပတိန်ကို အမိန့်ပေးလိုက်သည်။
"ကပ္ပတိန်... သင်္ဘောပေါ်မှာရှိသမျှလူတွေအကုန်လုံးကို 'အနက်ရောင်ခြေအိတ်ရှည်'တွေ ဝတ်ခိုင်းလိုက်။ ပြီးရင် နိုင်ငံတကာတစ်တော့ဗားရှင်းမှာ တိုက်ရိုက်ထုတ်လွှင့်လိုက်"
"ဒါပေမဲ့ မစ္စတာကျန်း... ကျွန်တော်တို့ဆီမှာ ဘာအနက်ရောင်ခြေအိတ်ရှည်မှ မရှိ..."
"ရော့... ဒါယူလိုက်"
အားလုံး အံ့အားသင့်နေချိန်မှာပင် ကျန်းမုန့်လောင်က သူ့ကျောပိုးအိတ်ထဲမှ အနက်ရောင် ခြေအိတ်ရှည်အထုပ်ကြီးကို ထုတ်ပေးလိုက်သည်။
"ဂျူနီယာညီလေး... မင်း..."
"စီနီယာ ဝူးဝူး!"
လုရီယောင်၏ စီနီယာအစ်မများကလည်း သူ(မ)ကို ကြည့်လိုက်ကြသည်။
"ညီမလေး... ဘယ်လိုတုန်း"
"ဟဲဟဲဟဲ"
"ကျန်းမုန့်လောင် နင် ပြဿနာရှာနေတာပဲ"
လုရီယောင်က ကျန်းမုန့်လောင်၏ခါးကို အားရပါးရဆွဲဆိတ်လိုက်သည်။
သန်မာထွားကြိုင်းသည့် စစ်သားများ ဝိုင်းထားသည်ဖြစ်ရာ ဤပင်လယ်ဓားပြများမှာ လုံးဝ ခုခံနိုင်စွမ်း မရှိတော့ပေ။ ပင်လယ်ဓားပြတစ်ယောက်ချင်းစီခမျာ ဆက်စီကျလှသော အနက်ရောင်ခြေအိတ်ရှည်များကို ဝတ်ဆင်ထားသဖြင့် မြင်ကွင်းကား အလွန်ကြည့်ကောင်းနေတော့သည်။
"ပြောပြပါ့မယ်။ ပြောပြပါ့မယ်"
ဂိုရစ်က နှုတ်လုံသော်လည်း သူ့တပည့်ပင်လယ်ဓားပြများကမူ ထိုမျှအထိ သိက္ခာမရှိကြပေ။
"ပြော... ပြောပြရင် ဆုချမှာ"
"ဒီနေရာကနေ ရေမိုင်၅၀လောက်ဝေးတဲ့ နေရာမှာ လူသူမဲ့ကျွန်းတစ်ကျွန်း ရှိပါတယ်။ အဲဒီမှာ ပင်လယ်အော်တစ်ခုရှိလို့ ကျွန်တော်တို့ကတော့ 'သုခဘုံပင်လယ်အော်'လို့ ခေါ်ကြတယ်။ အဲဒီမှာ အနည်းဆုံး ပင်လယ်ဓားပြအဖွဲ့၁၀ဖွဲ့လောက် ပုန်းအောင်းနေကြတာ။ ကျွန်တော်တို့ရဲ့ နေ့စဉ်အပန်းဖြေစခန်းဆိုလည်း ဟုတ်ပါတယ်"
"ကပ္ပတိန်"
"ဟုတ်ကဲ့ မစ္စတာကျန်း... အဲဒီနေရာကို စစ်ဆေးပြီးပါပြီ။ အဲဒီမှာ လူသူမဲ့ကျွန်းတစ်ခု တကယ်ရှိပါတယ်။ ပြီးတော့ သင်္ဘောတွေလည်း ဖြတ်သွားလေ့မရှိတဲ့နေရာမို့ ပင်လယ်ဓားပြတွေအများကြီးရှိနေတယ်ဆိုတာ ဖြစ်နိုင်ခြေအရမ်းများပါတယ်"
"အဲဒီကိုသွားပြီးတော့ ပင်လယ်ဓားပြတွေအကုန်လုံးကို ငါ့ဆီ ဖမ်းခေါ်လာခဲ့။ အရှင်ဖမ်းခဲ့နော်။ သေသွားရင် ငါ့အတွက် သရုပ်ဆောင်နည်းသွားလိမ့်မယ်"
ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။
"ဟုတ်တယ်"
ပင်လယ်ပြင်၏ထိုနေရာကား နိုင်ငံတကာရေပိုင်နက်ဖြစ်သော်လည်း ထိုအနီးအနားရှိ နိုင်ငံသုံးနိုင်ငံစလုံးက ကျန်းမုန့်လောင်ကို အကြွေးတင်နေကြသူများပင်။
ဤသတင်းကိုကြားသည်နှင့် ထိုနိုင်ငံများမှာ ကန့်ကွက်မည့်အစား ကျန်းမုန့်လောင်ကို ကူညီရန်အတွက် စစ်သင်္ဘောများကိုပင် စေလွှတ်ပေးကြတော့သည်။
"မစ္စတာကျန်းက ကမ္ဘာကြီးအတွက် အနှောင့်အယှက်တွေကို ဖယ်ရှားပေးနေတာလေ။ ငါတို့ အပြည့်အဝပူးပေါင်းသင့်တယ်"
"မစ္စတာကျန်းကို မကူညီရင် ငါတို့ လူမပီသရာကျလိမ့်မယ်"
"မစ္စတာကျန်း... ကျွန်တော်တို့ ခင်ဗျားကို အစွမ်းကုန်ထောက်ပံ့ပေးမှာပါ"
"မစ္စတာကျန်း... လူတိုင်းက ခင်ဗျားကို ချီးကျူးနေကြတယ်"
ဆက်သွယ်ရေးအရာရှိက ကျန်းမုန့်လောင်ကို ဖားလိုက်သည်။
"ဒါက တကယ့်ကောင်းမှုတစ်ခုလို့ လူတိုင်းက ယူဆနေကြပါတယ်။ ပြီးတော့ ဆရာ့ကို ကုလသမဂ္ဂငြိမ်းချမ်းရေးဆု လျှောက်ထားပေးဖို့တောင် ပြင်နေကြပါတယ်"
"မဟုတ်ဘူး... မဟုတ်ဘူး... ခင်ဗျားတို့မှားနေပြီ"
ကျန်းမုန့်လောင်က လက်ကာပြလိုက်သည်။
"ငါက အခန်းလွတ်မြောက်ရေးဂိမ်းလေး ကစားချင်ရုံသက်သက်ပါ"
"မစ္စတာကျန်း... ကျွန်တော် ပင်လယ်ဓားပြတွေ ပုန်းအောင်းတဲ့နေရာကို ပြောပြပြီးပြီလေ။ ခင်ဗျားကလည်း ဆုချမယ်လို့ပြောထားတာဆိုတော့ ကျွန်တော် ဘာမှမလိုချင်ပါဘူး။ ကျွန်တော့်ကို ပြန်လွှတ်ပေးလို့ရမလား။ လူကောင်းတစ်ယောက်အဖြစ် ရှင်သန်ပါ့မယ်"
"အင်း... ငါကပြောပြီးရင် ကတိတည်တဲ့လူပဲ"
ကျန်းမုန့်လောင်က ခေါင်းတညိတ်ညိတ်လုပ်ရင်း ကျောပိုးအိတ်ထဲရှိ နောက်ထပ်ခြေအိတ်တစ်စုံကို ထုတ်လိုက်သည်။
"သူ့ရဲ့အနက်ရောင်ခြေအိတ်ကို 'အဖြူရောင်' အဖြစ် အဆင့်မြှင့်ပေးလိုက်စမ်း"
...
"ဟားဟားဟား သောက်ကျိုးနည်း.. ဒါက ဘယ်လိုတိုက်ရိုက်ထုတ်လွှင့်မှုကြီးလဲ"
"ပင်လယ်ဓားပြတွေက ခြေအိတ်ရှည်တွေနဲ့လား။ သူတို့က တကယ့်ပင်လယ်ဓားပြတွေရော ဟုတ်ရဲ့လား။ ဟိုမှာ အဖြူရောင်ဝတ်ထားတဲ့ တစ်ယောက်လည်း ပါသေးတယ်ဟ"
"ဝိုး... တောင်အာဖရိကရဲ့ ပထမဆုံးစစ်သင်္ဘောအုပ်စုကို တရားဝင်ကြေညာထားတာလား။ သူတို့တွေက ပျော်တတ်လိုက်တာ"
"အရမ်းအံသြဖို့ကောင်းတာပဲ"
"ဘာ? လေးနိုင်ငံပေါင်းစစ်ဆင်ရေးကြီးလား"
"စီဘား"
...
သုခဘုံပင်လယ်အော်ရှိ ပင်လယ်ဓားပြများခမျာ ဟွာရှားလူငယ်တစ်ယောက်က ပင်လယ်ဓားပြဂိမ်းကစားချင်ရုံသက်သက်ဖြင့် သူတို့၏စခန်းကြီးတစ်ခုလုံးကို ဝင်စီးလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးကြပေ။
လေယာဉ်တင်သင်္ဘောတစ်စီး၊ ဖျက်သင်္ဘောခုနစ်စီးနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ် အစင်းနှစ်ဆယ်တို့က သူတို့ကို ထိုကျွန်းပေါ်တွင် ချောင်ပိတ်မိအောင် ဝိုင်းထားလိုက်ကြသည်။
သူတို့က အတွင်းထဲမှာ ပုန်းအောင်းနေလျှင် ရန်သူများ အလွယ်တကူဝင်မလာနိုင်ဘူးဟု ထင်ထားခဲ့သည်။
သို့သော် ဤစစ်သင်္ဘောများက ဒုံးကျည်နှင့် အရင်ပစ်ခတ်ပြီး နိုင်ငံသုံးနိုင်ငံက အထူးကွန်မန်ဒိုတပ်ဖွဲ့များကို စေလွှတ်လိုက်လေရာ သူတို့မှာ ပြန်တိုက်ဖို့နေနေသာသာ ထွက်ပြေးဖို့ပင် အချိန်မရလိုက်ပေ။
နောက်ဆုံးတွင် အသေးစားဒဏ်ရာရသူတစ်ယောက်တည်းသာရှိခဲ့ပြီး ပင်လယ်ဓားပြ ၂၇၈ယောက်ကို ဖမ်းဆီးရမိခဲ့သည်။
သူတို့ အဖမ်းခံခဲ့ရခြင်းမှာ ဟွာရှားလူငယ်တစ်ယောက်အတွက် ဂိမ်းကစားရာတွင် အဖော်လုပ်ပေးရန်ဖြစ်ကြောင်း သိလိုက်ရချိန်မှာမူ ပင်လယ်ဓားပြများမှာ နာကြည်းလွန်း၍ မျက်ရည်ပင်ကျကုန်သည်။
"အားလုံးပဲ .. ဒီဝတ်စုံတွေလဲဝတ်ကြ"
ကျန်းမုန့်လောင်က ပင်လယ်ဓားပြများကို သူတို့၏စစ်ဝတ်စုံများကို ချွတ်ခိုင်းပြီး 'ကာရေဘီယံပင်လယ်ဓားပြ'ပုံစံ ဝတ်စုံများကို ဝတ်ခိုင်းလိုက်သည်။
ပင်လယ်ဓားပြများလည်း အော်ဟစ်ငိုကြွေးကုန်ကြသည်။ သူတို့က တကယ့်ပင်လယ်ဓားပြအစစ်များဖြစ်သည့်တိုင် ယခုတော့ ရယ်စရာကောင်းသော ပြဇာတ်ဝတ်စုံများကို ဝတ်နေရသည်။ ဤသည်မှာ သူတို့ကို စော်ကားနေခြင်းမဟုတ်လော။
သို့သော် မတတ်နိုင်ပေ။ သေနတ်ပြောင်းဝက သူတို့ကို ချိန်ထားသည်ဖြစ်ရာ သူတို့အနေနှင့် အမိန့်နာခံရုံသာ တတ်နိုင်ပေသည်။ ယခုအချိန်တွင် သူတို့က အသုံးချခံကိရိယာလေးများသာ။
"ကဲ... အခု စည်းကမ်းချက်တွေကို ကြေညာမယ်"
ကျန်းမုန့်လောင်က ထူထဲလှသော ဇာတ်ညွှန်းစာအုပ်ကိုထုတ်ပြီး အစောင့်အရှောက်အဖွဲ့ဝင်တစ်ဦးထံသို့ ကမ်းပေးလိုက်သည်။
"ပင်လယ်ဓားပြအားလုံးက ကိုယ်ရထားတဲ့ ဇာတ်ကောင်အတိုင်း စကားပြောရမယ်။ သရုပ်ဆောင်ရမယ်"
"တိုက်ခိုက်တဲ့အခန်းတွေမှာ ငါ့သူငယ်ချင်းတွေကို အနာတရမဖြစ်စေရဘူး။ ဒါပေမဲ့ အလျှော့ပေးတာမျိုးလည်း မလုပ်ရဘူး။ တကယ့် အစစ်အမှန်အတိုင်း ဖြစ်နေအောင် သရုပ်ဆောင်ရမယ်"
...
ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့က စွန့်စားခန်းခရီးထွက်သူများအဖြစ် ဝတ်ဆင်ကာ ပင်လယ်ဓားပြများအခြေစိုက်ရာ သုခဘုံပင်လယ်အော်တွင် ရတနာရှာဖွေမှုကို စတင်လိုက်ကြတော့သည်။
...
"သောက်ကျိုးနည်း... သေချာပူးပေါင်းပါလို့ ပြောထားတယ်မဟုတ်လား။ ဘာလို့ ဒီအတိုင်းရပ်ပြီး ငေးနေတာလဲ။ ဒီကောင့်ကို ဆွဲထုတ်သွားပြီး ပစ်သတ်လိုက်စမ်း"
"မင်းက ဘာလို့ ဒီလောက်တောင်ကြမ်းနေတာလဲ။ ငါ့ဂျူနီယာညီမလေးကို လန့်အောင်လုပ်တယ်ပေါ့လေ။ ဒီကောင့်ကိုလည်း ဆွဲထုတ်သွားပြီး ပစ်သတ်လိုက်"
"မင်းက ပင်လယ်ဓားပြလေကွာ။ ဘာလို့ KFCကဦးလေးကြီးလို သဘောကောင်းတဲ့ပုံစံနဲ့ ပြုံးနေတာလဲ။ ဒီကောင့်ကိုလည်း ပစ်သတ်လိုက်"
...
ပင်လယ်ဓားပြ : "ငါ အရင်ဘဝက ဘာတွေ များလုပ်ခဲ့မိလို့ ပင်လယ်ဓားပြဖြစ်လာခဲ့တာလဲမသိဘူး"
****************