ရီထျန်းနိုင်ငံတကာဘဏ်
Vol. 47 Ch. 698
ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော အခန်းလွတ်မြောက်ရေးဂိမ်းက ကျန်းမုန့်လောင်နှင့် သူငယ်ချင်းများကို နှစ်ရက်နှစ်ညတိုင်အောင် ပျော်ပါးစေခဲ့သည်။
ငွေ၏ဆွဲဆောင်မှုအောက်တွင် နာမည်ကြီးပညာရှင်များ ရေးသားထားသည့် ဇာတ်ညွှန်းက အလွန်ကောင်းမွန်လှသည်ဟု ဆိုရပေမည်။ ဤအတွေ့အကြုံက ကာရေဘီယံပင်လယ်ဓားပြဇာတ်လမ်းတွဲတစ်ခုလုံးကို ကြည့်နေရခြင်းထက်ပင် ပိုစိတ်လှုပ်ရှားဖို့ကောင်းလှသည်။
ဤနှစ်ရက်အတွင်းမှာပင် ပင်လယ်ဓားပြများလည်း အလွန်နှိပ်စက်ခံခဲ့ရသည်။ တော်တော်များများမှာ ထိုနေရာမှာတင် စိတ်ဓာတ်များ ပြိုလဲကုန်သည်။
ငါတို့က ပင်လယ်ဓားပြစစ်စစ်တွေလေ.. ငါတို့တွေက ဇာတ်ကောင်အနေနဲ့ သရုပ်ဆောင်ဖို့ဆိုရင် ကြမ်းတမ်းရက်စက်ရမှာမဟုတ်လား။ မင်းရဲ့မိန်းကလေးသူငယ်ချင်းတွေကမှ သတ္တိနည်းလွန်းနေတာကွ..
ကောင်းပြီ.. ညင်သာပေးပါဆိုလို့လည်း ညင်သာပေးလိုက်ပါတယ်.. ဒါပေမဲ့ မင်းက ညင်သာလွန်းတယ်ဆိုပြီးတော့ အထွန့်တက်ပြန်ရော... ငါတို့ကို ဘာလုပ်စေချင်တာလဲ...
သူတို့အနေနှင့် ပင်လယ်ဓားပြဖြစ်ရခြင်းကို လုံးဝနောင်တမရဖူးချေ။ သို့သော် ယနေ့တွင် ထပ်မံရွေးချယ်ခွင့်ပေးမည်ဆိုလျှင် ရွှေတောင်ကြီးတစ်တောင် ပေးမည်ဆိုလျှင်ပင် ပင်လယ်ဓားပြမလုပ်တော့ပေ။
အကယ်၍ ပင်လယ်ဓားပြလုပ်ရမည်ဆိုလျှင် ကျန်းမုန့်လောင်ဟုခေါ်သော ဤလူ့ကို အမြဲတမ်း မျက်စိရှင်ရှင်ထားပြီး ကြည့်နေမည်သာ။
တောင်အာဖရိကတွင် ရက်အနည်းငယ်နေထိုင်ပြီးနောက် စိတ်လှုပ်ရှားဖွယ်ကောင်းသော ဤခရီးစဉ်လည်း အဆုံးသတ်သွားချေသည်။ လူတိုင်း အတန်ငယ်ပင်ပန်းနေကြသော်ငြား တကယ်ပျော်ရွှင်ခဲ့ရသည်။
...
အိမ်တွင် တစ်ရက်လောက် နားနားနေနေနေပြီးချိန်တွင် ဝမ်လင်နှင့် ချင်းဖုန်းတို့က ကျန်းမုန့်လောင်၏အိမ်သို့ ရောက်လာခဲ့ကြသည်။
ဤတစ်ခေါက်တွင် ကျန်းမုန့်လောင်၏တန်ပြန်တိုက်စစ်ကြောင့် သူတို့လည်း အမေရိကန်ဒေါ်လာဘီလီယံရာဂဏန်းအထိ ရခဲ့ပါသော်ငြား ကျန်းမုန့်လောင်က အစွမ်းထက်လှသော သူ့အစွမ်းများဖြင့် အဆပေါင်းများစွာ တိုးပွားအောင်လုပ်ပေးခဲ့သဖြင့် အကြီးအကျယ်အမြတ်ထွက်ခဲ့သည်။
သို့သော် ဤတစ်ခေါက်တွင် သူတို့နှစ်ယောက်က ကျန်းမုန့်လောင်ဆီသို့ ထူးခြားသောကိစ္စလေးတစ်ခုကြောင့် ရောက်လာခဲ့ခြင်းပင်။
"မုန့်လောင်.. ဒီတစ်ခါ ငါက ငါတို့အိမ်ကအဘိုးရဲ့ကိုယ်စား လာခဲ့တာ"
ချင်းဖုန်းက ပြောလိုက်၏။
"မင်းသိတဲ့အတိုင်းပဲ.. တချို့ကိစ္စတွေက ပွင့်ပွင့်လင်းလင်းထုတ်ပြောဖို့ ခက်တယ်လေ။ ငါတို့အိမ်က အဘိုးက ငါတို့နှစ်ယောက် ခင်နေတယ်ဆိုတာကိုသိတော့ ငါ့ကို သံတမန်အဖြစ်လွှတ်လိုက်တာ"
"ဘာလဲ။ ဘာဖြစ်လို့လဲ"
ကျန်းမုန့်လောင် ပြောလိုက်၏။
"ငါ တရားမဝင်တာတွေ ဘာမှလုပ်မထားပါဘူး"
"မင်းက မကောင်းတာလုပ်ထားတယ်လို့ ပြောတာမဟုတ်ပါဘူး"
ချင်းဖုန်းက စိတ်တိုတိုဖြင့် ပြောလိုက်လေသည်။
"မင်း ဟိုတလောတုန်းက လုပ်ခဲ့တဲ့ကိစ္စက တော်တော်ဂယက်ရိုက်သွားတာ။ အခု ကမ္ဘာ့စီးပွားရေးအခြေအနေက ဘယ်လိုဖြစ်နေပြီလဲဆိုတာသိလား"
"ဘယ်လိုဖြစ်နေလို့လဲ"
"နိုင်ငံပေါင်း၈၉နိုင်ငံရဲ့ ငွေကြေးတန်ဖိုးတွေ အကြီးအကျယ်ကျဆင်းသွားပြီ။ နိုင်ငံ၁၂နိုင်ငံက ငွေကြေးတန်ဖိုး၂၀ရာခိုင်နှုန်းကျဆင်းသွားတယ်။ ၃၇နိုင်ငံက ၂၀ရာခိုင်နှုန်းနဲ့ ၅၀ရာခိုင်နှုန်းကြားမှာ ကျဆင်းသွားတယ်။ ၂၂နိုင်ငံက ၅၀ရာခိုင်နှုန်းနဲ့ ၉၀ရာခိုင်နှုန်းကြား ကျသွားတယ်။ ကျန်တဲ့၁၈နိုင်ငံကတော့ ငွေကြေးတန်ဖိုး အဆပေါင်းများစွာ ထိုးကျသွားတယ်"
"ဝိုး... တစ်ပတ်အတွင်းမှာတင် အဲဒီလောက်တောင် ကျသွားတာလား"
ကျန်းမုန့်လောင်မှာ သူ့တိုက်စစ်က ဤမျှအထိ သက်ရောက်မှုပြင်းလိမ့်မည်ဟု ထင်မထားချေ။ ဤသည်မှာ ကမ္ဘာ့ငွေကြေးစနစ်တစ်ဝက်နီးပါးကို ဖျက်ဆီးလိုက်ခြင်းပင်မဟုတ်လော။
"အဲဒီနိုင်ငံတွေမှာ အခု ငွေကြေးဖောင်းပွမှုဒဏ်ကို အလူးအလဲခံနေရတယ်။ အထူးသဖြင့် အာဖရိကနဲ့ဥရောပမှာရှိတဲ့ ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံတချို့မှာ ပန်းသီးတစ်လုံးကို အမေရိကန်ဒေါ်လာဆယ်ဂဏန်းရာဂဏန်းလောက်အထိ ပေးနေရပြီ။ ဘယ်သူက အဲဒါကို ခံနိုင်ရည်ရှိမှာလဲ"
"သူတို့ပြည်သူတွေ ငတ်ပြတ်နေတာကိုတော့ ဒီအတိုင်းထိုင်ကြည့်နေနိုင်မှာမဟုတ်လောက်ပါဘူး"
ကျန်းမုန့်လောင်က ရယ်ကာမောကာဖြင့် ပြောလိုက်လေသည်။
"ဘယ်ကြည့်နေမလဲ"
ချင်းဖုန်းက ပြန်ဖြေလိုက်သည်။
"အဲဒီနိုင်ငံတွေက ဒီရက်ပိုင်းအတွင်း ငွေစက္ကူတွေကို အဆက်မပြတ်ထုတ်နေကြတာ။ အဲဒီလိုငွေစက္ကူထုတ်ရင်းနဲ့ပဲ ဒီအခြေအနေကို ဖြေရှင်းနေရတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက မီးငြှိမ်းဖို့ ရေခွက်နဲ့ပက်သလိုဖြစ်နေတာ။ ရေရှည်ခံမှာမဟုတ်ဘူး။ အဆိုးဝါးဆုံးနိုင်ငံဆိုရင် နောက်သုံးလေးရက်အတွင်းမှာတင် စီးပွားရေးပြိုလဲသွားနိုင်တယ်"
"သူတို့နဲ့တန်တယ်လေ"
ကျန်းမုန့်လောင်က ယခုအထိ ဒေါသမပြေသေးပေ။
"ငါ့ကိုလာရှုပ်ရဲရင် ဒီလိုအကျိုးဆက်မျိုးကို ရင်ဆိုင်ရမှာပဲ"
"ဒါပေမဲ့ တကယ်တမ်းကျတော့ အထက်လူကြီးတွေလုပ်တဲ့အမှားအတွက် ပြည်သူတွေက တာဝန်မခံရသင့်ဘူးလေ။ တာဝန်ရှိတဲ့လူတွေကပဲ တာဝန်ခံရမှာပေါ့"
ချင်းဖုန်းက ပြောလိုက်သည်။
"ငါတို့အဘိုးကတော့ သူတို့ကို သင်ခန်းစာပေးတာ လုံလောက်ပါပြီတဲ့။ အကုန်လုံးကိုဖျက်ဆီးပစ်ဖို့အထိ မလိုပါဘူး။ သူတို့အတွက် လွတ်လမ်းလေးတစ်ခုလောက်တော့ ပေးလိုက်ပါဦးတဲ့"
"ငါသိတယ်"
ကျန်းမုန့်လောင်က ပြုံးစစဖြင့် ပြောလိုက်ချေသည်။
"ကမ္ဘာ့စီးပွားရေးပြိုလဲသွားတာက ငါတို့အတွက်လည်း ကောင်းတာတော့မဟုတ်ပါဘူး။ ပြီးတော့ ငါ ပွဲကြီးကြီးတစ်ခု ကစားစရာရှိသေးတယ်"
"မင်းမှာ အကြံတစ်ခုရှိတယ်ပေါ့"
ချင်းဖုန်းက မေးလိုက်သည်။
"ဒါပေါ့"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်လေသည်။
"မင်း ရုတ်တရက်ကြီး အကြီးအကျယ်ချမ်းသာသွားမယ်ဆိုရင် လက်ထဲမှာလည်း ငွေအပုံလိုက်ရှိနေမယ်ဆိုရင် အဲဒီငွေတွေကို မင်း ဘာလုပ်မလဲ"
"အင်း.. ရင်းနှီးမြှုပ်နှံမှာပေါ့"
ချင်းဖုန်းလည်း ခန့်မှန်းကြည့်လိုက်သည်။
"မဟုတ်ဘူး။ ဘဏ်တစ်ခုဖွင့်မှာ"
ဝမ်လင်က ရုတ်ခြည်းသဘောပေါက်သွားလေသည်။
"အမှန်ပဲ။ ငါတို့ ဘဏ်တစ်ခုဖွင့်ကြမယ်"
ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။
"ပြီးခဲ့တဲ့နှစ်လအတွင်းမှာတင် ငါတို့ ဘယ်လောက်ရှာနိုင်ခဲ့လဲဆိုတာ မင်းတို့သိလား"
သူတို့နှစ်ယောက်စလုံး ခေါင်းခါပြလိုက်ကြသည်။ သို့သော် ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော ပမာဏတစ်ခုဖြစ်ကြောင်း သူတို့ ကောင်းကောင်းသိသည်။ ပထမတစ်ခေါက်မှာပင် ကျန်းမုန့်လောင်က အမေရိကန်ဒေါ်လာ၄၅ထရီလီယံခန့် ရှာနိုင်ခဲ့သည်။
"ပထမတစ်ခေါက်တုန်းက ငါ ဒေါ်လာ၄၅ထရီလီယံရခဲ့တယ်။ ဒုတိယတစ်ခေါက်မှာ ၁၀ထရီလီယံနီးပါးပဲ။ ပြီးတော့ တတိယတစ်ခေါက်မှာ..."
"နေဦး.. တတိယတစ်ခေါက်ရှိသေးတာလား"
ဝမ်လင်က ကြားဖြတ်မေးလိုက်လေသည်။
ပထမတစ်ခေါက်တုန်းက ဟွာရှားငွေကြေးကို အတူတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သူတို့သိထားသည်။ ဒုတိယတစ်ခေါက်ကိုလည်း သူတို့သိသည်။ ၎င်းမှာ လွန်ခဲ့သည့်တစ်ပတ်ခန့်က ကမ္ဘာတစ်ဝှမ်းကို ဂယက်ရိုက်သွားစေသည့် စီးပွားရေးတိုက်ခိုက်မှုပင်။ ထိုအချိန်တုန်းက သူတို့နှစ်ယောက်စလုံး အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ အမြတ်ရခဲ့သည်။
ဤကိစ္စများက ကျန်းမုန့်လောင်၏လက်ချက်ဖြစ်ကြောင်း လူတိုင်းသိထားကြသော်ငြား အပြစ်ရှာမရသောကြောင့် နိုင်ငံတကာငွေကြေးကစားသူများ၏ အပြစ်ဟုသာ လွှဲချထားသည်။
ကျန်းမုန့်လောင်က တတိယတစ်ခေါက် ထပ်လုပ်ခဲ့သေးတာလား...
"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ စိတ်စွမ်းအားရှင်တချို့က ငါ့ကို ပြန်ပေးဆွဲပြီး ငွေညှစ်ဖို့ ကြိုးစားခဲ့လို့လေ"
"သူတို့ဦးနှောက်ထဲမှာ ချီးတွေပြည့်နေလို့ဖြစ်မယ်။ ပြန်ပေးဆွဲစရာလူရှားလို့ မင်းကိုမှ ပြန်ပေးဆွဲရတယ်လို့"
ကျန်းမုန့်လောင်က နာမည်ဆိုးဖြင့် ကျော်ကြားသူတစ်ယောက်ပင်။ ထိုအကြောင်းကို ဝမ်လင် ကောင်းကောင်းသိသည်။ ကျန်းမုန့်လောင်ကိုများ ပြန်ပေးဆွဲရဲသတဲ့။
မည်သူက မည်သူ့ကို ခြိမ်းခြောက်နေခြင်းလေလဲ။
"ပြီးတော့ ဘာဆက်ဖြစ်သွားလဲ"
"ပြီးတော့ ငါ့ကိုပြန်ပေးဆွဲတဲ့လူတွေကို ငါတစ်ယောက်တည်းနဲ့ ပြန်ဝိုင်းထားလိုက်တယ်လေ။ သူတို့ ပြန်ချင်တယဆ်ိုရင် တစ်နိုင်ငံကို ဒေါ်လာတစ်ရာဘီလီယံပေးရမယ်လို့"
"ရယ်ရတယ်ဟေ့။ အဲဒီလိုဆိုရင် နောက်ထပ်တစ်ဆယ်ထရီလီယံ ထပ်ရလိုက်တာမလား"
"ချီးကိုတစ်ဆယ်ထရီလီယံလား။ ငါက သူတို့ရဲ့ငွေကြေးဈေးကွက်တစ်ခုလုံးကို သိမ်းပိုက်ထားပြီးပြီလေ။ သူတို့ဆီမှာ ပေးစရာငွေသားမှမရှိတော့တာ။ အဲဒီလိုနဲ့ မြေကွက်တွေ ရွှေတွေ မိုင်းတွင်းတွေနဲ့ အကြွေးဆပ်ခိုင်းရတော့တာပေါ့"
ကျန်းမုန့်လောင်က ကူကယ်ရာမဲ့ဟန်ဖြင့် လက်နှစ်ဖက်ကို ဆန့်တန်း၍ ပြောလိုက်သည်။
"ငမွဲတွေ"
"အခု သူတို့ရဲ့ငွေကြေးတန်ဖိုးကို ပြန်ထိန်းချင်တယ်ဆိုရင် နိုင်ငံခြားငွေကို လိုအပ်နေပြီ။ ငါ့မှာလည်း အများကြီးရှိတယ်။ ဒီတစ်ခေါက်တော့ ငါ ကုသိုလ်ကောင်းမှုလေးလုပ်ဦးမှပဲ။ သူတို့ကိုကူညီထောက်ပံ့ပေးရတာပေါ့"
"ဟားဟားဟား.. ရယ်သေပြီဟေ့"
"မုန့်လောင်.. မင်းက တကယ်အရှက်မရှိဘူးပဲ။ သူတို့ဆီက အရင်လုယက်ပြီးမှ အခု ပိုက်ဆံထုတ်ချေးမယ်ပေါ့။ ဒီအကွက်ကတော့ တကယ်လန်းတယ်ဟေ့"
ချင်းဖုန်းက ရယ်မောလိုက်သည်။
"သူတို့မှာ မချေးဘူးလို့ တင်းခံနိုင်ရလောက်အောင်လည်း ရွေးချယ်စရာမရှိဘူးလေ။ မချေးရင် သူတို့ရဲ့ငွေကြေးတန်ဖိုးတွေ ထပ်ပြီးကျနေဦးမှာပဲ။ အမေရိကန်ကလည်း သူတို့ကိုကူညီဖို့ လုံလုံလောက်လောက်ထုတ်မပေးနိုင်ဘူး။ နောက်ဆုံးကျရင် သူတို့ မင်းဆီကို လာချေးကြရမှာပဲ"
"ဟုန်းရီ.. ငါခိုင်းထားတဲ့ကိစ္စကို လုပ်ပြီးပြီလား"
"ပြီးပါပြီ မစ္စတာကျန်း"
ဟုန်းရီက စာရွက်စာတမ်းအထပ်လိုက်ကိုကိုင်ပြီး ရောက်လာလေသည်။
"မစ္စတာကျန်းလိုချင်တဲ့ ဘဏ်လုပ်ငန်းလိုင်စင်ကို ရခဲ့ပါပြီ။ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင့်ပြုချက်တွေကိုလည်း အမြန်ဆုံးရအောင်လုပ်ထားပါတယ်"
"အဲဒီလောက်တောင်မြန်တာလား"
"ဘဏ်ကို ပြည်ပမှာ အခြေစိုက်ထားတာပါ"
ဟုန်းရီက ဆို၏။
"အဲဒီနိုင်ငံက မစ္စတာကျန်းဆီမှာ အမေရိကန်ဒေါ်လာ၇၂ဘီလီယံ အကြွေးတင်နေပါတယ်။ သူတို့ရဲ့အတိုးကို နည်းနည်းလျှော့ပေးမယ်လို့ ကတိပေးလိုက်တော့ စာရွက်စာတမ်းကိစ္စတွေအကုန်လုံး ချောချောမွေ့မွေ့ဖြစ်သွားပါပြီ။ တကယ်လို့ နှစ်သုံးဆယ်ကြာအောင်ဆပ်ရမဲ့အကြွေးဆိုရင် သူတို့အတွက် တစ်နှစ်စာလောက်တော့ သက်သာသွားမှာပါ"
"အပေးအယူက တန်သားပဲ"
ကျန်းမုန့်လောင်ကလည်း ခေါင်းညိတ်ပြလိုက်သည်။
"အတိုးနှုန်းနဲ့ပတ်သက်ပြီး ဘာများစီစဉ်ထားတာရှိလဲ"
"အင်း.. အတိုးနှုန်းက အများကြီးမယူပါဘူး။ ငါတို့နိုင်ငံရဲ့ အပေါင်ချေးငွေအတိုးနှုန်းအတိုင်းပဲ ယူမယ်။ နှစ်ပေါင်းသုံးဆယ်အတွက် ၆.၁ရာခိုင်နှုန်း၊ နှစ်ငါးဆယ်အတွက် ၅.၈ရာခိုင်နှုန်း၊ နှစ်ရှစ်ဆယ်အတွက် ၅.၄ရာခိုင်နှုန်း၊ နှစ်တစ်ရာအတွက် ၃.၉ရာခိုင်နှုန်း။ အရင်းကို အညီအမျှဆပ်မလား။ အတိုးအရင်းပေါင်းပြီး အရစ်ကျဆပ်မလားဆိုတာကို သူတို့ဘာသာ ကြိုက်တာရွေးလို့ရတယ်။ သူတို့လိုအပ်သလောက် ငါပေးနိုင်တယ်"
"သွေးစုပ်ကောင်ပဲ.. တကယ့်သွေးစုပ်ကောင်စစ်စစ်"
"လက်ရှိအခြေအနေအရဆိုရင် တစ်နိုင်ငံကို အနည်းဆုံး ဒေါ်လာဘီလီယံရာဂဏန်းလောက် ချေးရမှာပဲ။ တချို့ဆိုရင် ထရီလီယံနဲ့ချီပြီးတော့တောင် လိုနေဦးမှာ။ မင်းဘက်က ဒေါ်လာတစ်ဆယ်ထရီလီယံကျော်လောက် ထုတ်ချေးပြီး တစ်နှစ်ကို အတိုးနဲ့တင် ဒေါ်လာဘီလီယံပေါင်းများစွာ ထိုင်စားနေလို့ရပြီ"
"ဘဏ်နာမည်ရော စဉ်းစားထားပြီးပြီလား"
"စဉ်းစားထားတာကြာပြီ"
ကျန်းမုန့်လောင်က စာရွက်စာတမ်းအထပ်ထဲက လုပ်ငန်းလိုင်စင်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအပေါ်တွင် "ရီထျန်းနိုင်ငံတကာဘဏ်"ဟု ရှင်းရှင်းလင်းလင်းရေးထားလေသည်။
***************