← Chapters

ဒါက တကယ်အရှက်မရှိရာကျတယ်

Vol. 47 Ch. 699

ဒါက တကယ်အရှက်မရှိရာကျတယ်

Vol. 47 Ch. 699

ဝမ်လင်နှင့် ချင်းဖုန်းတို့ ကျန်းမုန့်လောင်၏အိမ်က ပြန်သွားပြီးနောက် မစ္စတာကျိုးက ကျန်းမုန့်လောင်ကို ဖုန်းခေါ်လာပြန်သည်။

"သေစမ်း.. ဒီကိစ္စက ဒီလောက်တောင်အာရုံစိုက်ခံနေရတာလား"

မစ္စတာကျိုးတစ်ယောက် ဤကိစ္စအကြောင်း သိနေပြီဖြစ်ကြောင်း မေးစရာမလိုပါဘဲ ကျန်းမုန့်လောင် သိလိုက်သည်။

"လောင်ကျိုး.. မတွေ့ရတာကြာပြီနော်"

"ဟုတ်တယ်။ တော်တော်ကြာသွားပြီ"

မစ္စတာကျိုး၏လေသံမှာ တက်ကြွမနေဘဲ ခပ်အေးအေးပင်။

"ဒီတစ်ခေါက်တော မင်း တော်တော်လက်စွမ်းပြလိုက်တာပဲ"

"ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် မစ္စတာကျိုး.. ခင်ဗျားရဲ့လမ်းညွှန်မှုတွေကြောင့်ပါ

ကျန်းမုန့်လောင်က ရယ်ကျဲကျဲဖြင့် ပြောလိုက်လေသည်။

"ချီးကိုငါ့လမ်းညွှန်မှုလား။ ငါက မင်းကို ချီးကျူးနေတာလို့ တကယ်ထင်နေတာလား"

မစ္စတာကျိုးခမျာ နှာခေါင်းရှုံ့ရင်း စူးစူးရဲရဲကြည့်လိုက်လေသည်။

"ငါ မင်းကို ဘာပြောထားလဲ။ နေရာတကာပြဿနာလိုက်မရှာပါနဲ့လို့။ ဒါပေမဲ့ ဒီတစ်ခါကျတော့ မင်းက တစ်ချက်တည်းနဲ့ ကမ္ဘာတစ်ဝက်ရဲ့စီးပွားရေးကို အလဲထိုးပစ်လိုက်တာ"

"ကျွန်တော့်ကိုချည်းပဲ အပြစ်တင်လို့တော့မရဘူးလေ"

ကျန်းမုန့်လောင်က မကျေနပ်လေဟန်ဖြင့် ပြန်ငြင်းသည်။

"ရာဇဝတ်မှုဥပဒေအရကြည့်ရင် ကျွန်တော့်လုပ်ရပ်က ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရုံသက်သက်ပဲမဟုတ်လား။ သူတို့က ကျွန်တော့်စည်းစိမ်ကို လုယူချင်ကြတာလေ။ ကျွန်တော်က ငြိမ်ခံနေရမှာလား"

"ပြီးတော့ သူတို့ရဲ့ငွေကြေးကစားသမားတွေက ဒီလောက်လွယ်လွယ်လေးနဲ့ လက်လျှော့လိုက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒီတော့ ကျွန်တော့်လူတွေကလည်း သူတို့ပိုက်ဆံကို ကျွန်တော့်ပိုက်ဆံအဖြစ် မတော်တဆယူထားလိုက်မိရော။ ကျွန်တော်က ခပ်လျှိုလျှိုနေချင်ပေမဲ့ ကျွန်တော့်ခွန်အားက ခွင့်မပြုဘူးလေ"

"မင်းအကြောင်းကို ငါကောင်းကောင်းသိပါတယ်ကွာ။ အမြတ်ကလည်း ထုတ်သေး။ အပြစ်ကင်းချင်ယောင်လည်းဆောင်သေးတယ်။ ငါ့ရှေ့မှာ ထေ့လုံးငေါ့လုံးတွေ လာမပြောနဲ့။

မစ္စတာကျိုးခမျာ ကျန်းမုန့်လောင်၏ နောက်တီးနောက်တောက်အမူအရာများကြောင့် မရယ်ဘဲ မနေနိုင်တော့ပေ။

"ပြီးတော့ ဘာပါလိမ့်။ အဲဒီနိုင်ငံတကာငွေကြေးရင်းနှီးမြှုပ်နှံသူဆိုတာကလည်း မင်းအပြင် တခြားဘယ်သူမှဖြစ်နိုင်မှာမဟုတ်ဘူး။ အမေရိကန်ဒေါ်လာတွေအများကြီးကို ငွေသားအများကြီးထုတ်ပေးနိုင်တာဆိုလို့ မင်းအပြင် ဘယ်သူရှိဦးမှာလဲ"

"ဒါကတော့ ကျွန်တော့်အပြစ်လို့တောင် ပြောလို့မရဘူး"

ကျန်းမုန့်လောင်လည်း ရှင်းပြလိုက်၏။

"ကျွန်တော်က သူငယ်ချင်းတွေနဲ့အတူ တောင်အာဖရိကကို အလည်သွားတာ။ သူတို့က ကျွန်တော့်ကို ပြန်ပေးဆွဲလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ ကျွန်တော်တို့လို လူချမ်းသာတွေက ဘယ်လောက်တောင်ကြောက်တတ်ကြလဲဆိုတာ သိတယ်မလား။ အဲဒါကြောင့် ခရီးမထွက်ခင်ကတည်းက ဒုက္ခတစ်ခုခုကြုံရနိုင်တယ်လို့ ကြိုတွက်ထားလို့ ကျွန်တော့်ကို ဆက်သွယ်လို့မရတော့ရင် အကုန်လုံးကို အပြတ်ရှင်းပစ်လိုက်ဆိုပြီး ကျွန်တော့်လူတွေကို မှာထားခဲ့တယ်"

ကျန်းမုန့်လောင်က ဝမ်းနည်းပက်လက်ဖြစ်ချင်ယောင်ဆောင်ပြလိုက်သည်။

"ကျွန်တော်သာ ကြိုမပြင်ဆင်ထားရင် သူတို့ ကျွန်တော့်ကို သတ်ပစ်ကြမှာသေချာတယ်။ ဒီလိုဆိုရင် ခင်ဗျားနဲ့လည်း ဒီတစ်သက်ပြန်တွေ့ရမှာမဟုတ်တော့ဘူး"

"တော်စမ်းပါ။ မင်းက ဘယ်သူ့ကို အရူးလာလုပ်နေတာလဲ။ မင်းအကြောင်းကို ငါမသိဘူးများ ထင်နေတာလား။ ကြိုမပြင်ဆင်သွားရင်တောင် သူတို့တွေ မင်းကို လက်ဖျားနဲ့တောင် ရွယ်ရဲမှာမဟုတ်ဘူး"

မစ္စတာကျိုးက အခိုင်အမာဆိုလိုက်၏။

"အမေရိကန်က လျှို့ဝှက်အခြေစိုက်စခန်းလည်း ဟိုတလောတုန်းက ပေါက်ကွဲသွားတယ်တဲ့။ အဲဒါ မင်းလက်ချက်မလား"

"ပေါက်ကွဲသွားတာလား"

ကျန်းမုန့်လောင်မှာ ခဏမျှကြက်သေသေသွားချေသည်။ သို့သော် သူ မပြန်ခင်တုန်းက နတ်ဘုရားအဆင့်ထက် ကျော်လွန်သော စွမ်းအားရှင်တစ်ဦးကို လွှတ်ပေးခဲ့ကြောင်း သတိရလိုက်သည်။

ထိုကဲ့သို့သော လူတစ်ယောက်က ကျွန်းတစ်ကျွန်းကို အသာလေးဖျက်ဆီးပစ်နိုင်သည်။

"မင်း.. မင်း..."

မစ္စတာကျိုးက ထိုစကားလုံးများကို ဖိပြောလိုက်၏။

"မင်းကို ဘယ်လိုလုပ်ရမလဲကို မသိတော့ဘူး။ တော်ပါပေတယ်ကွာ"

"ဘာလဲ"

မစ္စတာကျိုးက ရုတ်တရက်ကြီး လေသံပြောင်းသွားသဖြင့် ကျန်းမုန့်လောင် အံ့အားသင့်သွားလေသည်။

"ခင်ဗျား ကျွန်တော့်ကို စိတ်မဆိုးဘူးလား"

"ငါက မင်းကို ဘာလို့စိတ်ဆိုးရမှာလဲ"

မစ္စတာကျိုးက ပြန်ပြောလိုက်သည်။

"အဲဒီသူခိုးဓားပြတွေကို ငါ ဆုံးမချင်နေတာကြာပြီ။ သူတို့ရဲ့နောက်ဆုံးပစ်မှတ်က မင်းဆိုပေမဲ့ ငါတို့ငွေကြေးဈေးကွက်နဲ့ ဘဏ်တွေက အရင်ခံခဲ့ရတာလေ။ မင်းသာ အချိန်မီဝင်မကူညီရင် အထိနာဦးမှာပဲ"

မစ္စတာကျိုးက လေးနက်တည်ကြည်စွာ ပြောလိုက်၏။

"နိုင်ငံပေါင်း၈၉နိုင်ငံတောင်... သူတို့က ငါတို့ကို အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတယ်လို့ ထင်နေတာလား။ ဒီတစ်ခေါက်တော့ မင်း သူတို့ကို ကောင်းကောင်းပညာပေးပစ်လိုက်တာပဲ။ သူတို့မှာ နောက်တစ်ခါပြဿနာရှာရဲတဲ့ သတ္တိရှိရင်တောင် အင်အားရော ရန်ပုံငွေရော မရှိတော့ဘူး"

"ဒါဆို ခင်ဗျားက ကျွန်တော့်ကို ဆူဖို့ ဖုန်းဆက်လိုက်တာမဟုတ်ဘူးဆိုတော့ ဘာလိုချင်လို့လဲ"

"ဟဲဟဲ ပိုက်ဆံချေးချင်လို့လေ"

"ဗျာ"

"ဘာဗျာလဲ"

မစ္စတာကျိုးက နှာခေါင်းရှုံ့လိုက်လေသည်။

"မင်းမသိဘူးလား။ အမေရိကန်ဒေါ်လာတန်ဖိုးတွေ ထိုးကျသွားတော့ ကမ္ဘာ့စီးပွားရေးလည်း မတည်မငြိမ်ဖြစ်သွားတယ်လေ။ ငါတို့လည်း ဈေးကွက်ကို တည်ငြိမ်အောင်လုပ်ဖို့အတွက် နိုင်ငံခြားငွေတွေအများကြီးကို လိုအပ်တယ်မလား"

"အရင်တစ်ခေါက်တုန်းက ကျွန်တော် ပိုက်ဆံပြန်လွှဲခိုင်းထားတယ်မလား"

"ဒါက အကြီးအကျယ်လှုပ်ရှားလို့ရတဲ့ အခွင့်အလမ်းတစ်ခုလေ"

မစ္စတာကျိုးက ပြောလိုက်၏။

"အခု သူတို့တွေရဲ့ ပြည်တွင်းဈေးကွက်ကို အခြေငြိမ်အောင်လုပ်ဖို့အတွက် အမေရိကန်ဒေါ်လာတွေအများကြီးကို အသည်းအသန်လိုအပ်နေတာ။ အဲဒါကြောင့် နိုင်ငံခြားကုန်သွယ်ရေးကို အရူးအမူးလုပ်နေကြတယ်။ အရင်တုန်းက တင်ပို့ဖို့ ဝန်လေးနေတဲ့ ကုန်ပစ္စည်းတွေကိုတောင် ထုတ်ရောင်းနေကြပြီ။ ဈေးနှုန်းကလည်း ညှိနှိုုင်းလို့ရတယ်တဲ့"

"အခုအချိန်မှာ ဘယ်နိုင်ငံကများ ပစ္စည်းတင်သွင်းဖို့ ပိုက်ဆံရှိမှာတဲ့လဲ။ ဒီတော့ အခုအချိန်က အရင်းအမြစ်စုဆောင်းဖို့ အသင့်တော်ဆုံးအချိန်မဟုတ်လား"

မစ္စတာကျိုးက ရှင်းပြလိုက်သည်။

"ရွှေတွေ မြေရှားသတ္တုတွေ တိကျမှုမြင့်တဲ့ကိရိယာတွေရော အစုံပေါ့။ လျှော့ဈေးချနေတာထက်တောင် ပိုဈေးပေါနေသေးတယ်"

"အမလေး.. ခင်ဗျားက ပွဲလန့်တုန်း ဖျာဝင်ခင်းချင်နေတာပေါ့"

"ဟားဟားဟား.. ဒါက ပါးနပ်တဲ့ကုန်သည်တစ်ယောက်အတွက် အခွင့်အလမ်းတစ်ခုပဲလေ။ သူတို့ ပြန်နာလန်ထူလာတဲ့အချိန်အထိ စောင့်နေရင် ဒီလိုအခွင့်အရေးမျိုးကို ဘယ်တော့ရနိုင်မှာလဲ"

မစ္စတာကျိုးက ဘွင်းဘွင်းရှင်းရှင်းပင် ပြောလာလေသည်။

"ဒါပေမဲ့ မပူပါနဲ့။ နိုင်ငံတော်က မင်းဆီက ပိုက်ဆံချေးတာမို့ အတိုးကိုလည်း တစ်ပြားမှမလျော့ဘဲ မှန်မှန်ပေးသွားမှာပါ။ အရင်အမေရိကန်ငွေတိုက်စာချုပ်နှုန်းနဲ့ပဲ ထားရအောင်လေ။ ၄.၂ရာခိုင်နှုန်း.. ဘယ်လိုလဲ"

"ဘယ်လောက်ချေးချင်လို့လဲ"

"များလေပိုကောင်းလေပေါ့"

လောင်ကျိုးက ဆိုချေသည်။

"ကမ္ဘာတစ်ဝှမ်းက ရောင်းချမဲ့ ကုန်ကြမ်းပစ္စည်းတွေအကုန်လုံးက အမေရိကန်ဒေါ်လာခုနစ်ဆယ်ထရီလီယံ ရှစ်ဆယ်ထရီလီယံနီးပါးရှိတယ်။ မင်း ငါတို့ကို သုံးဆယ်ငါးဆယ်ထရီလီယံလောက် ချေးလို့ရတယ်။ ဒီလိုဆိုရင် ငါတို့ အကုန်ဝယ်လို့ရပြီ"

"ခင်ဗျားဘက်က အဆင်ပြေရင် ငါးဆယ်ထရီလီယံကို အတိုးမယူဘဲ ချေးပေးလို့ရပါတယ်"

"ဪ.. မင်း တစ်ခုခုလိုချင်တယ်မဟုတ်လား။ မင်းက အကျိုးအမြတ်မရှိဘဲ လုပ်မဲ့လူစားမျိုးမဟုတ်ဘူး"

"ဟားဟားဟား.. ခင်ဗျားက ကျွန်တော့်အကြောင်း ကောင်းကောင်းသိသားပဲ"

ကျန်းမုန့်လောင် ရယ်လိုက်မိသည်။

"ဒါပေမဲ့ ခင်ဗျားတို့အတွက်တော့ အသေးအဖွဲလေးပါ။ ကျွန်တော်က အကူအညီလေးတစ်ခုပဲ တောင်းချင်တာ"

"ပြောလိုက်တော့။ ငါလုပ်ပေးနိုင်သရွေ့ သေချာပေါက်ကူညီပေးမယ်"

"ကျွန်တော့်အတွက် နိုင်ငံတကာထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပပေးစေချင်တယ်။ ကျွန်တော် ခင်ဗျားကို စာရင်းတစ်ခုပေးမယ်။ အဲဒီထဲမှာပါတဲ့ နိုင်ငံတွေက အဲဒီစစ်ဆင်ရေးမှာပါခဲ့တဲ့နိုင်ငံတွေပဲ။ သူတို့ရဲ့ဘဏ္ဍာရေးအကြီးအကဲတွေကို ဟွာရှားနိုင်ငံကိုလာခဲ့ဖို့ ဖိတ်ပေးပါ"

"အဲဒါတော့ မခက်ပါဘူး"

လောင်ကျိုးက ပြောလိုက်သည်။

"ဒီနှစ် ကမ္ဘာ့စီးပွားရေးထိပ်သီးအစည်းအဝေးကို ငါတို့နိုင်ငံမှာ ကျင်းပမှာလေ။ အချိန်ကို ရှေ့နည်းနည်းတိုးလိုက်လို့ရပါတယ်။ ဒါပေမဲ့ မင်းက ဘာလုပ်ဖို့စီစဉ်ထားလို့လဲ"

"ကောင်းတဲ့ကိစ္စတွေလုပ်ဖို့ပါ"

ကျန်းမုန့်လောင်က ရယ်ကာမောကာဖြင့် ပြောလိုက်လေသည်။

"မင်းဆီက ဘယ်လိုကောင်းတဲ့ကိစ္စတွေ ထွက်လာမှာမို့လို့လဲ"

"စဉ်းစားကြည့်လိုက်လေ။ အခုအချိန်မှာ ကမ္ဘာ့စီးပွားရေးက တော်တော်အခြေအနေဆိုးနေတာ။ ကမ္ဘာမြေရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကျွန်တော်လည်း တတ်နိုင်သလောက် ကြိုးစားပေးသင့်တယ်မလား"

"အခုအချိန်မှာ လူတိုင်း ငွေသားပြတ်လပ်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အဲဒါကြောင့် ကျွန်တော်ကလည်း ကိုယ်ကျိုးမငဲ့ဘဲ စုဆောင်းထားတဲ့ငွေတွေကိုထုတ်ပြီး သူတို့နိုင်ငံတွေရဲ့ ငွေကြေးဈေးကွက်တည်ငြိမ်အောင် ကူညီပေးမလို့ပါ။ အဲဒီကြားက ပိုက်ဆံနည်းနည်းပါးပါးလည်း ရှာလို့ရတာပေါ့"

"လူစကားပြောစမ်းပါ"

လောင်ကျိုးက ကျန်းမုန့်လောင်၏စကားကို ဖြတ်ပြောလိုက်သည်။

"ဟဲဟဲ အခုအချိန်မှာ လူတိုင်း ငွေသားပြတ်လပ်နေတာမလား။ ကျွန်တော့်မှာလည်း ငွေသားအပိုတွေရှိနေတာဆိုတော့ ဒီအတိုင်းထားမဲ့အစား ပိုက်ဆံကို ထပ်ပွားလိုက်တာ ပိုမကောင်းဘူးလား"

ကျန်းမုန့်လောင်က စီးပွားရေးသမားဆန်ဆန် ပြုံးလိုက်လေသည်။

"ကျွန်တော် မကြာခင်ကမှ နိုင်ငံတကာဘဏ်တစ်ခု ဖွင့်ထားတယ်။ နိုင်ငံခြားချေးငွေဝန်ဆောင်မှုလုပ်မလို့"

"တော်လိုက်တဲ့ကလေး"

လောင်ကျိုးလည်း မရယ်ဘဲ မနေနိုင်တော့ချေ။

"ဒီတော့ မင်းက ဒီအဘိုးကြီးကို မင်းရဲ့အရောင်းဝန်ထမ်းလုပ်စေချင်တာပေါ့။ ဒီလိုဆိုရင်တော့ ငါ ကော်မရှင်ခယူရလိမ့်မယ်နော်"

ကျန်းမုန့်လောင်က သူတို့၏စီးပွားရေးဈေးကွက်ကို ပြိုလဲအောင်လုပ်ပြီး သူတို့ငွေများကို ရိတ်သိမ်းသွားခဲ့သည်။ ယခုမူ သူက ထိုငွေများဖြင့် သူတို့ကို ချေးငွေထုတ်ပေးဦးမတဲ့။ ဤအကွက်ကား စင်စစ်အရှက်မဲ့လှပေသည်။

ထို့ပြင် သူက ဤသည်ကို ကယ်ဆယ်ရေးမစ်ရှင်ဟု ခေါ်ရဲသေးသည်။ ဤမျှမျက်နှာပြောင်တိုက်သော လူယုတ်မာမျိုးကို သူ တစ်ခါမှမမြင်ဖူးခဲ့ချေ။

"ကျွန်တော်က အတိုးမယူဘဲ ငွေချေးမယ်ဆိုတာတောင် မကျေနပ်သေးဘူးလား"

"ဟားဟားဟား စတာပါကွာ"

လောင်ကျိုး ရယ်မောလိုက်သည်။

"နှစ်သစ်ကူးနီးလာပြီ။ သန်ဘက်ခါကျမှ စီစဉ်ကြတာပေါ့။ ငါ မင်းကို ကူညီပေးမယ်"

"ဒါဆို ကျွန်တော် ဒီတစ်ခေါက် ခင်ဗျားကို ကျေးဇူးကြွေးတင်သွားပြီ လောင်ကျိုး"

"မပြောပလောက်ပါဘူးကွာ"

လောင်ကျိုးက ထိုကျေးဇူးတင်စကားကို လက်မခံချေ။ သူသည် အကြွေးငါးဆယ်ဘီလီယံကို အတိုးမပါဘဲ ချေးလိုက်နိုင်သည်ဖြစ်ရာ နိုင်ငံတော်အတွက် ငွေများစွာစုမိသွားသည်။

ယှဉ်ကြည့်မည်ဆိုပါက ဤအသေးအဖွဲကိစ္စလေးမှာ မပြောပလာက်ပေ။

"ဒါပေမဲ့ သူတို့ပြန်မပေးမှာ မကြောက်ဘူးလား"

လောင်ကျိုးက မေးလိုက်၏။

"ပိုက်ဆံတွေယူပြီး ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ"

"ဒီလိုသတင်းကောင်းမျိုးလည်း ရှိသေးတာလား"

ကျန်းမုန့်လောင်က စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် သူ့ပေါင်သူ ရိုက်လိုက်လေသည်။

လောင်ကျိုး : "??? ဒါက သတင်းကောင်းလား"

"သူတို့ အကြွေးပြန်မဆပ်ဘူးဆိုရင် ကျွန်တော်ကရော အရေးယူဖို့ နည်းလမ်းတွေ မရှိလို့လား"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"သူတို့ငွေကြေးဈေးကွက်ကနေ ကျွန်တော့်ပိုက်ဆံတွေကို ပြန်ယူလိုက်လို့ရတာပဲ။ သူတို့ ပိုက်ဆံပြတ်သွားရင် ကျွန်တော့်ဆီကပဲ လာချေးကြမှာမဟုတ်လား။ နောက်ဆုံးကျတော့လည်း ကျွန်တော့်ပိုက်ဆံတွေပဲ အဆပေါင်းများစွာပွားလာမှာလေ"

ဤစကားကိုကြားသော် လောင်ကျိုးလည်း ကြက်သေသေသွားချေသည်။ ဤသို့သောငွေရှာနည်းကို မည်သူကများ စဉ်းစားနိုင်မည်နည်း။ ဤသည်မှာ အရှက်မရှိရာကျလွန်းသည်။

*****************

All Chapters