← Chapters

အလှူရှင်တစ်ယောက်၏လက်ဆောင်

Vol. 47 Ch. 700

အလှူရှင်တစ်ယောက်၏လက်ဆောင်

Vol. 47 Ch. 700

လွန်ခဲ့သည့်တစ်ပတ်အတွင်းမှာပင် တစ်ကမ္ဘာလုံးနီးပါး စိတ်ပျက်အားငယ်များဖြင့် ပြည့်နှက်နေခဲ့သည်။ ဤမျှဆိုးဝါးလှသော စီးပွားရေးအကျပ်အတည်းမျိုးမှာ ယခင်ကဖြစ်ပွားခဲ့ဖူးသော စီးပွားရေးပျက်ကပ်များတွင်ပင် မရှိခဲ့ဖူးပေ။

နိုင်ငံအသီးသီး၏ ငွေကြေးတန်ဖိုးက သနားစရာကောင်းလောက်အောင် ထိုးကျသွားခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံတွင် ကြုံတွေ့ခဲ့ရသော အခြေအနေမျိုးမှာ ယခုမူ နိုင်ငံပေါင်း၈၉နိုင်ငံတွင် ထပ်တလဲလဲဖြစ်ပေါ်နေသည်။

ဤအခြေအနေကို ကုစားရန်အတွက် ထိုနိုင်ငံများ၏ ငွေစက္ကူထုတ်စက်များမှာ မနားတမ်းအလုပ်လုပ်ခဲ့ရသည်။ ငွေစက္ကူရိုက်နှိပ်ရန် အသုံးပြုရသော စက္ကူနှင့် မင်များမှာ နိုင်ငံတော်အဆင့်ဗျူဟာမြောက် ကုန်ကြမ်းပစ္စည်းများ ဖြစ်လာခဲ့သည်။

သို့တိုင် ငွေစက္ကူရိုက်နှိပ်သည့် အရှိန်ကတော့ ငွေကြေးဖောင်းပွမှုနှင့် ငွေကြေးတန်ဖိုးကျဆင်းမှုနှုန်းကို မမီနိုင်ပေ။

အချို့နိုင်ငံများတွင် လူများက ဟင်းသီးဟင်းရွက်ဝယ်ရန်အတွက် ဈေးသို့ ခြင်းတောင်းကြီးများဖြင့် သွားကြရပြီး လစာထုတ်သည့်အခါ လက်ဆွဲသေတ္တာများနှင့် ကားများကို အသုံးပြု၍ သယ်ဆောင်ရသည်။

ကမ္ဘာ့အရန်ငွေကြေးအဖြစ် အသုံးပြုသော အမေရိကန်ဒေါ်လာပင်လျှင် မူလတန်ဖိုး၏ သုံးပုံနှစ်ပုံအထိ ထိုးကျသွားပြီးမှ အခြေအနေ ပြန်တည်ငြိမ်သွားခဲ့သည်။

ဥရောပဇုန်အတွင်းရှိ နိုင်ငံအများအပြားကလည်း ဤဒဏ်ကို ခံစားနေရသဖြင့် သူတို့၏ငွေကြေးဖြစ်သော ယူရို၏တန်ဖိုးမှာ အကြီးအကျယ်ကျဆင်းသွားသည်။

ဤသို့သော အခြေအနေဆိုးများအကြား ကောင်းကောင်းမွန်မွန်ရပ်တည်နေနိုင်သည့် တစ်ခုတည်းသောနိုင်ငံမှာ အရှေ့တိုင်းရှိ ဟွာရှားနိုင်ငံပင်။

ကမ္ဘာ့နိုင်ငံအားလုံးက ဟွာရှားနိုင်ငံကို အာရုံစိုက်နေချိန်တွင် ဟွာရှားနိုင်ငံကတော့ ထိတ်လန့်ဖွယ်ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။ မတ်လတွင်ကျင်းပရန် စီစဉ်ထားသည့် ကမ္ဘာ့စီးပွားရေးထိပ်သီးအစည်းအဝေးကို နောက်နှစ်ရက်တွင် ကျင်းပတော့မည်သာ။

အစတုန်းက နိုင်ငံအားလုံးက ဆန့်ကျင်ခဲ့ကြသည်။

"မင်းတို့စိတ်တိုင်းကျ ဆုံးဖြတ်ချင်တိုင်းဆုံးဖြတ်လို့ရမလား.. မင်းတို့ကိုယ်မင်းတို့ ဘာထင်နေတာလဲ။ ဒီလိုကိစ္စမျိုးကို အစည်းအဝေးလုပ်ပြီး အားလုံးရဲ့သဘောတူညီချက်ကို ရပြီးမှ ဆုံးဖြတ်လို့ရတာလေ"

ကမ္ဘာ့ထိပ်သီးစီးပွားရေးအစည်းအဝေးဆိုသည်မှာ နိုင်ငံအသီးသီးက လတ်တလောနှစ်များအတွင်း သူတို့၏စီးပွားရေးအောင်မြင်မှုများကို ကြွားလုံးထုတ်ရန်နှင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးကို ဟန်ပြသက်သက် ဆွေးနွေးကြသည့် ပွဲတစ်ပွဲပင်။

ရှင်းရှင်းပြောရလျှင် ၎င်းမှာ ချမ်းသာသည့်နိုင်ငံများက သူတို့၏စည်းစိမ်ဥစ္စာကို ကြွားဝါပြီး ဆင်းရဲသော နိုင်ငံများကမူ သူတို့၏ဆင်းရဲမှုကို ညည်းတွားကြသည့် လူမှုရေးတွေ့ဆုံပွဲကြီးတစ်ခုပင်။

ဤအစည်းအဝေးပွဲများတွင် ဟွာရှားနိုင်ငံက နှိမ့်ချတတ်သောစတိုင်လ်ဖြင့် သူ့ခွန်အားကို ချပြပြီး ကမ္ဘာကြီးကို ထိတ်လန့်သွားအောင် လုပ်တတ်ကြသည်။

သို့သော် ယခုတစ်ခေါက်တွင်မူ လူတိုင်း၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက အပြင်းအထန်ထိခိုက်ထားလေရာ တစ်ပတ်အတွင်းမှာပင် နိုင်ငံတော်တော်များများ၏ စီးပွားရေးအခြေအနေက လွန်ခဲ့သည့်ဆယ်နှစ်တုန်းက အခြေအနေသို့ ဆုတ်ယုတ်သွားခဲ့သည်။ ထို့ပြင် အခြေအနေက ပိုဆိုးဝါးနေဆဲပင်။

မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို ဥပမာယူကြည့်မည်ဆိုပါက ငွေကြေး၏ဝယ်ယူနိုင်စွမ်းအား ကျဆင်းမှုကြောင့် ဆောက်လုပ်ရေးစီမံကိန်းတော်တော်များများမှာ ရပ်တန့်သွားချေသည်။ ဤစီးပွားရေးထိပ်သီးအစည်းအဝေးတွင် သူတို့က ဘာများကြွားရမည်နည်း။ မပြီးစီးသေးသော သူတို့၏အဆောက်အအုံများကိုလား။ ဆီမဖြည့်နိုင်သော သူတို့၏မြေတူးစက်များအကြောင်းလား။

ဟွာရှားနိုင်ငံက ဤကပ်ဘေးတွင် ထိခိုက်မှုအနည်းဆုံးဖြစ်ကြောင်း လူတိုင်းသိသည်။ ထိုကပ်ဘေးမှ အတန်အသင့်အမြတ်ရလိုက်သေးသည်။

လွန်ခဲ့သည့်နှစ်ရက်ကပင် ဟွာရှားနိုင်ငံက အမေရိကန်ဒေါ်လာထရီလီယံပေါင်းများစွာ ထုတ်သုံးပြီး နိုင်ငံတကာဈေးကွက်ရှိ အရာအားလုံးနီးပါးကို ဝယ်ယူခဲ့သေးသည်။ နေ့စဉ်အသုံးအဆောင်များကအစ စွမ်းအင်နှင့် လေယာဉ်ထုတ်ကုန်များအထိ ပါဝင်ပေသည်။

မရောင်းချင်ဘူးလား.. ကိစ္စမရှိဘူး.. ငါတို့မှာ ငွေတွေအများကြီးရှိတယ်.. မရဘူးဆိုရင်လည်း မဝယ်ရုံပဲ... ဘယ်သူက တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့..

မင်းတို့က ဈေးလျှော့မပေးချင်ဘူးလား... ကောင်းပြီလေ ထားလိုက်တော့.. မနက်ဖြန်အထိ စောင့်နေလိုက်... မင်းတို့နိုင်ငံရဲ့ငွေကြေးတန်ဖိုးက ထပ်ကျဆင်းသွားမှာ.. အဲဒီအခါကျရင် ငါတို့ဘက်က ပိုများတဲ့လျှော့ဈေးနဲ့ ညှိနှိုင်းလို့ရတယ်..

ဤအခြေအနေအောက်တွင် ဟွာရှားနိုင်ငံသို့သွားခြင်းမှာ တစ်ဖက်လူ ကြွားလုံးထုတ်နိုင်ရန်အတွက် အခွင့်အရေးပေးလိုက်သလိုပင်။

သို့သော် ထိုအချိန်တွင် ဟွာရှားနိုင်ငံဘက်က ထိတ်လန့်ဖွယ်သတင်းနောက်တစ်ခုကို ထပ်လွှင့်လိုက်ပြန်သည်။ ဤတစ်ခေါက်တွင် ဟွာရှားနိုင်ငံဘက်က စီးပွားရေးအကျပ်အတည်းကို ကူညီဖြေရှင်းပေးမည့် နည်းလမ်းများကို စဉ်းစားထားပြီးဖြစ်၏။ မည်သူမှ မလောဘူးဆိုပါလျှင် မူလအစီအစဉ်အတိုင်း ထိပ်သီးအစည်းအဝေးကို မတ်လတွင် ကျင်းပနိုင်ကြောင်းနှင့် ထိုအချိန်မှသာ ထိုနည်းလမ်းများကို ပြောပြမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

သူတို့အနေနှင့် အခြားကိစ္စများကို လျစ်လျူရှုနိုင်သော်လည်း ဤကိစ္စကိုတော့ လျစ်လျူရှု၍မရပေ။

တစ်ပတ်မျှသာရှိသေးသော်လည်း သူတို့၏စီးပွားရေးအခြေအနေက ပြင်းပြင်းထန်ထန်ထိခိုက်သွားသည်။ ယခုမူ တစ်ရက်မျှဖြင့် သူတို့၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက နှစ်ပေါင်းများစွာအထိ ဆုတ်ယုတ်နေပေသည်။ သူတို့သာ မတ်လအထိ စောင့်နေပါက အရာအားလုံး အဆုံးသတ်သွားလောက်လေပြီ။

ဟွာရှားနိုင်ငံက ဘယ်လိုနည်းလမ်းမျိုးကို ရှာတွေ့ထားသလဲဆိုသည်ကို မသိပါသော်ငြား ထွင်လုံးတစ်ခုသက်သက်ဆိုလျှင်ပင် သူတို့အနေနှင့် သေချာပေါက်နားထောင်ကြည့်ရမည်သာ။ တကယ်ဖြစ်နေခဲ့လျှင် မည်သို့လုပ်မည်နည်း။

သို့သော် ထိုအချိန်မှာပင် ဟွာရှားနိုင်ငံက နောက်ပြန်ဆုတ်သွားသည်။

မင်းတို့ မလိုချင်ဘူးလား.. ဒါဆိုလည်း မူလအစီအစဉ်အတိုင်း အချိန်ကို နောက်ပြန်ဆုတ်ကြတာပေါ့...

ယခု သူတို့အားလုံးက စိုးရိမ်သောကရောက်နေကြသည်ဖြစ်ရာ ကမ္ဘာ့စီးပွားရေးထိပ်သီးအစည်းအဝေးကို သန်ဘက်ခါတွင်ကျင်းပနိုင်ရန်အတွက် ဘယ်လိုတန်ကြေးမျိုးမဆို ပေးဆပ်ရန် အဆင်သင့်ဖြစ်နေပေသည်။

ဘာလဲ.. သံရုံးစီစဉ်ပေးဖို့လား...

ဆောက်နေစရာမလိုပေ။ သူတို့ ဟိုတယ်မှာသာ နေနိုင်သည်။ စီစဉ်ပေးရန်လည်း မလိုချေ။ သူတို့ဘာသာ ငွေချေမည်သာ။

အစားအသောက်နှင့် နေထိုင်စရာနေရာလား...

မလိုပေ။ သူတို့အားလုံးက သာမန်လူများဖြစ်သဖြင့် ပေါ့ပေါ့ပါးပါးနေရာတစ်ခုရှိရုံမျှဖြင့် အဆင်ပြေသည်။ ရိုးရှင်းသော ထမင်းတစ်နပ်မျှဖြင့် ဗိုက်ဖြည့်ရန် လုံလောက်လေသည်။

သီးသန့်သယ်ယူပို့ဆောင်ရေးလား...

ထိုအရာကိုလည်း မလိုအပ်ပေ။ သူတို့က အတွေ့အကြုံနှင့် ဗဟုသုတရရန်အတွက် ထိပ်သီးအစည်းအဝေးကို ရောက်လာကြခြင်းဖြစ်၏။ အရှင်သခင်များနှယ် ဆက်ဆံစရာမလိုပေ။ ကိုယ့်ဘာသာ တက္ကစီစီး၍သွားနိုင်သည်။ အဆင်မပြေပါက လမ်းလျှောက်၍လည်း သွားနိုင်သည်။

ဂုဏ်ပြုလက်ဆောင်ပြင်ဆင်ထားဖို့လား....

မလိုအပ်ပါချေ။ ဟွာရှားနိုင်ငံ၏လေထုကပင် သူတို့အတွက် အကောင်းဆုံးလက်ဆောင်ပင်။

ထို့ကြောင့် ကျန်းမုန့်လောင်၏အစီအစဉ်အတိုင်း စီးပွားရေးထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့သည်။

ခန်းမကို ကျန်းနန်မြို့ရှိ ကျန်းနန်ပြခန်းတွင် ရွေးချယ်ထားသည်။ ဤတည်နေရာကို တမင်တကာရွေးချယ်ထားခြင်းဖြစ်၏။

ကျန်းနန်လေဆိပ်တွင် လေယာဉ်တစ်စီးပြီးတစ်စီး ဆိုက်ရောက်လာသည်။ ကြိုဆိုရေးယာဉ်တန်းကလည်း လေဆိပ်တွင် သူတို့အား စောင့်ဆိုင်းနေပေသည်။ သယ်ယူပို့ဆောင်ရေးအတွက် စီစဉ်ရန် မလိုအပ်ဘူးဟု ပြောထားကြသော်ငြား သူတို့က နိုင်ငံကောင်းတစ်ခုပင်ဖြစ်လေရာ ရက်ရောမှုကိုလည်း ပြသရမည်ဖြစ်၏။

ဟိုတယ်တွင် နေရာချထားရန်မှာလည်း နိုင်ငံတကာထိပ်တန်းစံနှုန်းများအတိုင်း စီစဉ်ထားသည်။ ကျန်းနန်မြို့ကို ပထမအဆင့်နီးနီး မြို့တစ်မြို့ဟု ယူဆ၍ရနိုင်သော်ငြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအဆင့်နှင့် မြို့ပြဆောက်လုပ်ရေးမှာမူ အခြားမြို့ကြီးများထက် မနိမ့်ပေ။

ထို့ကြောင့် ကမ္ဘာအနှံ့ရှိ ကိုယ်စားလှယ်များအနေနှင့် နိုင်ငံတကာမြို့တစ်မြို့၏တိုးတက်မှုကို မျက်မြင်တွေ့နိုင်ပေသည်။

ပြပွဲနေ့တွင် ကိုယ်စားလှယ်များအားလုံး ကျန်းနန်ပြပွဲခန်းမသို့ ရောက်ရှိလာကြသည်။ ဧည့်ကြိုများ၏ ဦးဆောင်မှုအောက်တွင် ခန်းမထဲသို့ လူအယောက်ရာဂဏန်းခန့် ဝင်လာကြသည်။

"သူတို့မှာ ငါတို့စီးပွားရေးကို ကယ်တင်နိုင်မယ့်နည်းလမ်း တကယ်ရှိတာလား"

"မသိဘူးလေ။ ငါတို့ရဲ့စီးပွားရေးပညာရှင်တွေကတော့ လက်ရှိမှာ အမေရိကန်ဒေါ်လာ အရန်ငွေတွေ အများကြီးရှိမှပဲ ငွေလဲနှုန်းကို တည်ငြိမ်အောင်လုပ်နိုင်ပြီး စီးပွားရေးကို ပြန်ဆွဲတင်နိုင်မယ်လို့ သုံးသပ်ထားတယ်"

"အား...အဲ့ဒီငတုံးတွေရဲ့ မိုက်မဲတဲ့ဆုံးဖြတ်ချက်တွေကြောင့် ဒီတစ်ခေါက် ကျုပ်တို့ ဒီလောက်တောင် အထိနာသွားလိမ့်မယ်လို့ ဘယ်သူက ကြိုတွေးမိမှာလဲ"

...

"ဂုဏ်သရေရှိလူကြီးမင်းအပေါင်းတို့... ခင်ဗျားတို့ရောက်နေတဲ့နေရာကတော့ ကျွန်တော်တို့ရဲ့ခန်းမမှာ အသစ်ဖွင့်လှစ်ထားတဲ့ ကမ္ဘာ့ရှေးဟောင်းပစ္စည်းပြပွဲဖြစ်ပါတယ်"

ဧည့်ကြိုဝန်ထမ်းက ကြေညာလိုက်သည်။

"ဟွာရှားနိုင်ငံရဲ့ ကျယ်ပြောမှုနဲ့ ကမ္ဘာ့ယဉ်ကျေးမှုတွေရဲ့ကွဲပြားမှုအမျိုးမျိုးကို ပြသဖို့အတွက် နိုင်ငံအသီးသီးက အထိမ်းအမှတ်ပစ္စည်းတွေကို အထူးတလည် စုဆောင်းထားပါတယ်။ အစည်းအဝေးမစခင် အချိန်နာရီဝက်လောက် ရှိသေးတာမို့ စိတ်ကြိုက်လှည့်လည်ကြည့်ရှုနိုင်ပါတယ်"

"စိတ်ဝင်စားဖို့ကောင်းသားပဲ။ ဟွာရှားလူမျိုးတွေပြောတဲ့ 'ကျယ်ပြောမှု'က ဘာလဲဆိုတာ ကြည့်ရသေးတာပေါ့"

"ကဲ... ရောက်တုန်းရောက်ခိုက် လှည့်ကြည့်ကြတာပေါ့"

နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များလည်း ပြခန်းအတွင်း လှည့်လည်ကြည့်ရှုကြသော်ငြား သူတို့နိုင်ငံ၏ အနှစ်သာရများ ကိန်းအောင်းနေသော ပစ္စည်းများကို မြင်လိုက်ရသည့်အခါတွင်မူ သူတို့၏အမူအရာများမှာ မစင်စားမိသကဲ့သို့ ပျက်ယွင်းသွားကြတော့သည်။

"ဒါ... ဒါ ငါတို့နိုင်ငံရဲ့ နိုင်ငံတော်ရတနာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ"

"ဒါက ငါတို့သမိုင်းမှာ အရေးအကြီးဆုံးပစ္စည်းပဲ။ အရင်က ငါတို့နိုင်ငံရဲ့ အမျိုးသားယဉ်ကျေးမှုပြတိုက်ထဲမှာ ရှိနေတာမဟုတ်ဘူးလား"

မှန်လုံအိမ်များထဲတွင် ပြသထားသည့် အရာများမှာ သူတို့၏ အဖိုးတန်ဆုံးပိုင်ဆိုင်မှုများ ဖြစ်နေချေသည်။

ဥပမာအားဖြင့် ကိုင်ဘွန်နိုင်ငံ၏ ကောင်းကျီဓားနှင့် ပြင်သစ်နိုင်ငံ၏ ဘုရင့်အာဏာကို ကိုယ်စားပြုသည့် လှံတံတို့ပင်...။

"ဒီပစ္စည်းတွေကို မင်းတို့ ဘယ်လိုရလာတာလဲ။ မင်းတို့က ဓားပြတွေပဲ"

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

"ဘာဖြစ်တာလဲဗျ"

ဟွာရှားကိုယ်စားလှယ်တစ်ယောက် ရောက်လာလေသည်။

"ဒါတွေက ငါတို့ရဲ့ရှေးဟောင်းအမွေအနှစ်တွေ။ ငါတို့ရဲ့ နိုင်ငံတော်ရတနာတွေပဲ။ မင်းတို့ပြခန်းထဲမှာ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။ မင်းတို့ ခိုးထားတာပဲ ဖြစ်ရမယ်။ မင်းတို့ပြောတဲ့ 'ကျယ်ပြောမှု'ဆိုတာတွေက အလိမ်အညာတွေပဲ"

"တစ်ဆိတ်လောက်ပါ ကိုယ်စားလှယ်ကြီး စိတ်အေးအေးထားပါ"

ဟွာရှားကိုယ်စားလှယ်က တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

"ဒီပစ္စည်းက တကယ်တော့ ခင်ဗျားတို့ရဲ့ယဉ်ကျေးမှုဌာနလက်အောက်မှာ ရှိခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ခင်ဗျားတို့နိုင်ငံက ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အလှူရှင်တစ်ယောက်ဆီမှာ အကြွေးတွေအများကြီးတင်ထားလို့ ဒီပစ္စည်းကို အာမခံပစ္စည်းအနေနဲ့ ပေးထားခဲ့တာပါ။ ကျွန်တော်တို့ဆီမှာ သက်သေပြဖို့ အာမခံစာချုပ်လည်း ရှိပါတယ်"

"မဖြစ်နိုင်တာ"

"မယုံဘူးဆိုရင်တော့ ဒီကိစ္စက အမှန်ဟုတ်မဟုတ်ဆိုတာကို ခင်ဗျားတို့ရဲ့အထက်လူကြီးတွေကို မေးကြည့်နိုင်ပါတယ်"

"ဪ... ဒါနဲ့ ပြောဖို့မေ့သွားတယ်။ အဲ့ဒီအလှူရှင်ရဲ့မျိုးရိုးနာမည်က ကျန်းပါ။ နာမည်အပြည့်အစုံကတော့ ကျန်းမုန့်လောင်တဲ့။ သူက ဒီပစ္စည်းတွေအားလုံးကို ကျွန်တော်တို့ဆီမှာ အခမဲ့လှူဒါန်းခဲ့တာပါ"

****************

All Chapters