← Chapters

အဆင်ပြေကြရဲ့လား

Vol. 47 Ch. 701

အဆင်ပြေကြရဲ့လား

Vol. 47 Ch. 701

"ကျန်းမုန့်လောင်လား"

ထိုနာမည်ကို ကြားလိုက်ရချိန်တွင် ခန်းမထဲရှိ လူအများအပြားမှာ သိသိသာသာ တုန်လှုပ်သွားကြသည်။

လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို အဖွဲ့အစည်းအသီးသီး၏ အထက်တန်းလွှာများသာ အလုံးစုံသိထားကြခြင်းဖြစ်၏။

သို့သော် ယနေ့အစည်းအဝေးမှာ အလွန်အရေးကြီးသဖြင့် တက်ရောက်လာသူအများစုမှာ အဆင့်မြင့်အရာရှိကြီးများ မဟုတ်ကြချေ။ သူတို့နိုင်ငံ၏ လက်ရှိစီးပွားရေးအကျပ်အတည်းက ဟွာရှားနိုင်ငံသားကျန်းမုန့်လောင်နှင့် ဆက်စပ်နေသည်ဟု ဝေဝေဝါးဝါးသာ ကြားထားကြသူများပင်။

သို့သော် သူတို့က ကျန်းမုန့်လောင်ထံတွင် ဤမျှပိုက်ဆံအများကြီး အကြွေးတင်နေလေသလား။ နိုင်ငံတော်ရတနာများကို အပေါင်ပစ္စည်းအဖြစ် ပေးရလောက်သည်အထိ အကြွေးတင်နေသည်ဆိုခြင်းမှာ ယုံရခက်လွန်းလှသည်။

သို့သော် ဤအဖိုးတန်ရှေးဟောင်းပစ္စည်းများမှာ နိုင်ငံတစ်ခုအတွက် အလွန်အရေးပါလှသည်။ အကယ်၍ ဤပစ္စည်းများသာ အခြားနိုင်ငံ၏လက်ထဲသို့ ရောက်သွားပါက နိုင်ငံတော်အဆင့် အရှက်ကွဲမှုကြီးပင်။

မိမိတို့နိုင်ငံ၏ အဖိုးတန်ရတနာများကို အခြားနိုင်ငံရှိ ပြတိုက်များတွင် ပြသထားသည်ကို မြင်ရပါက ပြည်သူများ မည်သို့ခံစားရမည်နည်း။ မည်သူကမှ မိမိတို့နိုင်ငံအတွက် ဂုဏ်ယူနိုင်တော့မည်မဟုတ်ပေ။

"ဝန်ကြီး... ကျွန်တော် ဟွာရှားနိုင်ငံမှာ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံတော်ရတနာတစ်ခုကို တွေ့လိုက်တယ်"

တစ်စုံတစ်ယောက်က သူ့အထက်လူကြီးထံသို့ ချက်ချင်းဖုန်းဆက်လိုက်သည်။

"အဲဒီပစ္စည်းက ကျွန်တော်တို့ရဲ့ အမျိုးသားပြတိုက်မှာ ရှိနေရမှာမဟုတ်လား။ ဟွာရှားကို ဘယ်လိုရောက်သွားတာလဲ"

"ဟူး..."

ဖုန်းတစ်ဖက်မှ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။

"ပြောရရင်တော့ အရှည်ကြီးပဲ"

"ကျွန်တော်တို့က ကျန်းမုန့်လောင်ကို အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ အကြွေးတင်နေလို့ အဲဒီပစ္စည်းကို အပေါင်ခံထားတာလို့ ပြောနေတယ်"

"ဒါလည်း အမှန်ပဲ။ အဲဒီကိစ္စကို အသာထားလိုက်။ ဒီနေ့ ငါတို့ရဲ့ အဓိကရည်မှန်းချက်က ဒီအကျပ်အတည်းကိုဖြေရှင်းဖို့ နည်းလမ်းရှာရမှာ။ အဲဒီပစ္စည်းတွေကတော့... တစ်နေ့နေ့ကျရင် ငါတို့တွေ ဘယ်နည်းနဲ့မဆို ပြန်ယူရမှာပေါ့"

"နားလည်ပါပြီ"

ထိုနိုင်ငံ၏ ကိုယ်စားလှယ်ခမျာ စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းချလိုက်သည်။

ထိုအတောအတွင်း အခြားကိုယ်စားလှယ်များကလည်း သူတို့၏ခေါင်းဆောင်များထံမှ ဤကိစ္စနှင့်ပတ်သက်ပြီး အတည်ပြုချက်ရယူလိုက်လေရာ ဟွာရှားဝန်ထမ်း ပြောပြခဲ့သည့်အတိုင်း အမှန်တကယ်ပင် အကြွေးဆပ်ရန်အတွက် ပေးလိုက်ရခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

"တွေ့တယ်မလား။ ကျွန်တော် ခင်ဗျားတို့ကို မလိမ်ပါဘူး"

ထိုဝန်ထမ်းက ပြုံးလျက် ပြောလိုက်လေသည်။

ကိုယ်စားလှယ်များ၏ မျက်နှာကား စိမ်းရာမှ ခရမ်းရောင်သို့ ပြောင်းလဲသွားလေသည်။ ကျန်းမုန့်လောင်က ဤကိစ္စကို တမင်သက်သက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သူတို့ ရိပ်မိလိုက်သည်။

"ခင်ဗျားတို့နိုင်ငံက ကျွန်တော်တို့ဆီမှာ အကြွေးတင်နေတာမို့ ဒီပစ္စည်းနဲ့ အကြွေးဆပ်တာက သဘာဝကျပါတယ်"ဟု ပြောနိုင်သော်လည်း လူသားဆန်ဆန်လုပ်သင့်သည်မဟုတ်လော။

ဤကဲ့သို့သော အရှက်ရစရာကိစ္စမျိုးကို အများမသိအောင် တိုးတိုးတိတ်တိတ်လုပ်ပြီး ဤရတနာများကို ဝှက်ထားပေးရမည်မဟုတ်လော။

ယခုမူ ထိုပစ္စည်းများကို ဟွာရှားနိုင်ငံ၏ပြခန်းထဲတွင် ပြသရန်အတွက် လှူပစ်လိုက်ခြင်းမှာ သူတို့ကိုအရှက်ခွဲရန်သက်သက်ပင် မဟုတ်ပါလော။ ၎င်းမှာ အနာပေါ် ဆားဖြူးလိုက်သလို ခံစားရစေသည်။

သူတို့ရင်ထဲတွင် နာကျည်းမှုများဖြင့် ပြည့်နှက်သွားသော်လည်း ထုတ်မပြောရဲကြချေ။

အစပိုင်းတွင် သူတို့ခမျာ ဟွာရှားပြခန်းကို လေ့လာချင်စိတ်ကြောင့် စိတ်လှုပ်ရှားခဲ့ကြသော်လည်း ယခုအခါ ဤပြခန်းကြီးက သူတို့အတွက် အရှက်ကွဲရသော နေရာတစ်ခု ဖြစ်သွားတော့သည်။ လူတိုင်းက သူတို့ကို ကဲ့ရဲ့သောအကြည့်များဖြင့် ကြည့်နေကြသလို ခံစားနေရသည်။

"ဟင်...ဒါက လွန်ခဲ့တဲ့နှစ်ပေါင်း၆၀၀ကျော်က ခင်ဗျားတို့နိုင်ငံရဲ့ ဘုရင့်သရဖူမဟုတ်လား"

ယနေ့အစည်းအဝေးသို့ တက်ရောက်လာသူများထဲတွင် ဟွာရှားနိုင်ငံနှင့်ရင်းနှီးသည့် နိုင်ငံများမှ ကိုယ်စားလှယ်များလည်း ပါဝင်သဖြင့် သူတို့အတွက်မူ ဤပြပွဲမှာ အမှန်တကယ်ပင် ထူးခြားနေသည်။

"ကျုပ်... ဆေးလိပ်တစ်လိပ်လောက် သွားသောက်လိုက်ဦးမယ်"

"ကျုပ်လည်း ရုတ်တရက်ကြီး ဗိုက်အောင့်လာလို့ သန့်စင်ခန်းခဏသွားဦးမယ်"

"ကျုပ်လည်း သန့်စင်ခန်းသွားလိုက်ဦးမယ်"

အကြီးအကျယ် အရှက်ရစရာကောင်းသော အခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန်တွင် 'သန့်စင်ခန်းသွားခြင်း'မှာ လူသားများအတွက် အကောင်းဆုံးဆင်ခြေတစ်ခု ဖြစ်လာခဲ့သည်။

သို့သော် သန့်စင်ခန်းထဲသို့ ရောက်သည့်အခါတွင်မူ အမှန်တရားက သူတို့အား ပြင်းထန်လှသော ထိုးနှက်ချက်တစ်ခု ထပ်ပေးလိုက်ပြန်သည်။

အိမ်သာနံရံထက်တွင် သူတို့နိုင်ငံမှ ပန်းချီကားများကို ချိတ်ဆွဲထားသည်။

ထိုပန်းချီကားများ၏ ဘေးတွင်လည်း သတိပေးစာတစ်ခုကို ရေးထားသေးသည်။

"XXXနိုင်ငံမှ အပေါင်ပစ္စည်းအဖြစ် အပ်နှံထားခြင်းဖြစ်သည်။ တာဝန်ရှိသူမှအပ မထိရ"

ချီးကိုသတိပေးစာတဲ့လား...

သတိပေးစာထဲက အရှေ့စာသားတွေကို ဖယ်ပေးလို့မရဘူးလား။ ဒါမှမဟုတ် ငါတို့နိုင်ငံရဲ့ အလံကိုပါ ဒီမှာလာချိတ်ထားလိုက်ရဦးမလား...

...

"နေပါဦး... ဒါက အန်ညာနိုင်ငံရဲ့ အလံ မဟုတ်လား။ အဲဒါကို ဘာလို့ အိမ်သာသုံးစက္ကူတံဆိပ်ပေါ်မှာ ရိုက်နှိပ်ထားတာလဲ"

"ဟားဟားဟား... အန်ညာက သူတို့နိုင်ငံအလံအသုံးပြုခွင့်ကိုပါ အပေါင်ထားလိုက်တာလား"

အန်ညာနိုင်ငံမှ ကိုယ်စားလှယ်ခမျာ လူတိုင်းထံမှ ဝိုင်းလှောင်ခံလိုက်ရသည်။

အန်ညာက လွန်ခဲ့သည့်ဆယ်စုနှစ်ခန့်ကမှ ပေါ်ပေါက်လာသည့် လူဦးရေတစ်သန်းကျော်ခန့်သာရှိသော နိုင်ငံငယ်လေးတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံကြီးအချို့၏ နောက်ဆွဲအဖြစ် ကျန်းမုန့်လောင်ထံမှ အမြတ်ထုတ်ရန် ကြိုးပမ်းခဲ့သော နိုင်ငံတစ်ခုပင်။

မျှော်လင့်ထားသည့်အတိုင်းပင် နည်းပါးလှသော သူတို့၏ နိုင်ငံခြားအရန်ငွေမှာ ကျန်းမုန့်လောင်၏တိုက်စစ်ကို မခံနိုင်ခဲ့ပေ။ ကျန်းမုန့်လောင်တောင်းဆိုသည့် လျော်ကြေးငွေက သူတို့နိုင်ငံ၏ တစ်နှစ်စာဝင်ငွေထက် အဆပေါင်းများစွာ ပိုများနေပေသည်။

ထို့ပြင် ဤကဲ့သို့သော နိုင်ငံငယ်လေးတွင် တန်ဖိုးကြီးယဉ်ကျေးမှုအမွေအနှစ်များလည်း မရှိချေ။ တန်ဖိုးရှိသည့် တစ်ခုတည်းသော အရာမှာ မြေယာဖြစ်သော်လည်း သေးငယ်လှသော ထိုနေရာကို ကျန်းမုန့်လောင်က စိတ်မဝင်စားပေ။

ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် သူတို့ဘက်က ကျန်းမုန့်လောင်ကို မြေကွက်တစ်ကွက် ပေးအပ်လိုက်ရပြီး သူတို့နိုင်ငံ၏အလံကို ကုန်အမှတ်တံဆိပ် သို့မဟုတ် မူပိုင်ခွင့်အဖြစ် အသုံးပြုခွင့်ကိုလည်း ပေးအပ်ခဲ့ရသည်။

အမှန်အတိုင်းပြောရလျှင် ထိုအလံကို မည်သူကမှ သတိမထားမိကြပေ။ ကျန်းမုန့်လောင်ကလည်း ထိုအလံကို အထင်သေးခဲ့သည်။

ထို့ကြောင့် သူက နောက်ပြောင်လိုသော ရည် ရွယ်ချက်ဖြင့် ထိုအလံကို အိမ်သာသုံးစက္ကူတံဆိပ်အဖြစ် ချက်ချင်း မှတ်ပုံတင်လိုက်သည်။ ပုံမှန်အားဖြင့် လပေါင်းများစွာကြာတတ်သည့် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်မှာ ကျန်းမုန့်လောင်၏လက်ထဲတွင် နှစ်ရက်အတွင်း ပြီးစီးသွားခဲ့ပြီး အစုလိုက်အပြုံလိုက်ထုတ်လုပ်မှုကို ချက်ချင်းစတင်ခဲ့သည်။

အန်ညာအမှတ်တံဆိပ် အိမ်သာသုံးစက္ကူ.. နိုင်ငံတကာအဆင့်မီကုန်အမှတ်တံဆိပ်။

အန်ညာနိုင်ငံမှ ကိုယ်စားလှယ်ကလည်း ပတ်ပတ်လည်ရှိ လှောင်ပြောင်လေဟန်အကြည့်များကို ခံစားမိသဖြင့် အိမ်သာခန်းတစ်ခုထဲသို့ အမြန်ဝင်သွားခဲ့သည်။

သူ့ခမျာ သက်ပြင်းတစ်ချက်ချကာ ဘောင်းဘီကိုဆွဲချပြီး အပေါ့သွားရန်ပြင်လိုက်စဉ် ဘေးနားရှိအိမ်သာခွက်ကို မြင်လိုက်ရပြန်သည်။

အန်ညာအမှတ်တံဆိပ် အိမ်သာသုံးပစ္စည်းများ၊ ကမ္ဘာ့စီးပွားရေးထိပ်သီးအစည်းအဝေး၏ ရွေးချယ်ခံအမှတ်တံဆိပ်!

"ဒါ... ဒါက ရက်ပိုင်းပဲရှိသေးတာလေ။ ဒီကျန်းမုန့်လောင်က ငါတို့နိုင်ငံအလံနဲ့ ကုန်အမှတ်တံဆိပ်ဘယ်နှခုတောင် မှတ်ပုံတင်ထားတာလဲ"

...

ဤသို့ဖြင့် ဆိုးဝါးလှသော အချိန်နာရီဝက်လည်း ကုန်ဆုံးသွားခဲ့ပြီး ကိုယ်စားလှယ်များမှာ သူတို့၏အသွင်အပြင်ကို ပြန်ပြင်ဆင်ကာ အစည်းအဝေးခန်းမထဲသို့ ဝင်ရောက်လာကြသည်။

သတင်းထောက်များ၏ရှေ့တွင်မူ နိုင်ငံ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ပြုံးပြုံးရွှင်ရွှင်ဖြင့် တက်ကြွသောဟန်ပန်ကို ဖမ်းထားကြရသည်။

"အလုပ်များတဲ့ကြားက အခုလိုကမ္ဘာ့စီးပွားရေးထိပ်သီးအစည်းအဝေးကို တက်ရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"

အစီအစဉ်တင်ဆက်သူက ပြုံးလျက် စင်ပေါ်သို့ တက်လာသည်။

"နောက်ဆုံးတစ်ခေါက်အစည်းအဝေးက နှစ်ပေါင်းတော်တော်ကြာသွားခဲ့ပါပြီ။ အဲဒီနှစ်တွေအတွင်းမှာ..."

မိန့်ခွန်းတစ်ခု၊ ဗီဒီယိုတစ်ခုနှင့် ပါဝါပွိုင့်တစ်ခုက ဟွာရှားနိုင်ငံ၏ လက်ရှိစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ကမ္ဘာကြီးအား ပြသနေခဲ့သည်။

ပုံမှန်အားဖြင့် နိုင်ငံအသီးသီးရှိ ကိုယ်စားလှယ်များက အစီရင်ခံစာများ တင်ပြကြရမည်ဖြစ်သော်လည်း ဟွာရှားနိုင်ငံကလွဲ၍ ကျန်နိုင်ငံအများစုမှာ စီးပွားရေးကျဆင်းနေပြီး တချို့က သိသာထင်ရှားသော တိုးတက်မှုများ မရှိကြချေ။ ထို့ကြောင့် ရက်အတော်ကြာကျင်းပရန် စီစဉ်ထားသည့် အစီအစဉ်မှာ သုံးနာရီအတွင်း ပြီးဆုံးသွားခဲ့သည်။

လူတိုင်း၏ စောင့်ကြည့်စစ်ဆေးမှုအောက်တွင် အစီအစဉ်တင်ဆက်သူက စင်ပေါ်သို့ ပြန်တက်လာသည်။ နောက်လာမည့်အပိုင်းမှာ လူတိုင်း စိတ်လှုပ်ရှားစွာ စောင့်မျှော်နေသည့် ကဏ္ဍပင်။ လက်ရှိစီးပွားရေးအကျပ်အတည်းအတွက် ဟွာရှားတွင် မည်သို့သောအဖြေမျိုးရှိသလဲ။

"နောက်လာမယ့်အပိုင်းကို လူတိုင်း စောင့်မျှော်နေကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အခုအချိန်မှာ လူတိုင်း စီးပွားရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကို ကျွန်တော်တို့ သိပါတယ်။ အဲဒါကြောင့် ဒီနေ့မှာတော့ ခင်ဗျားတို့အားလုံးအတွက် အဖြေတစ်ခုရှာပေးဖို့ ကျွန်တော်တို့က နိုင်ငံတကာတာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်ပေးသွားမှာပါ"

"ဘယ်လိုအဖြေမျိုးလဲ"

"ဟုတ်တယ်။ ဘယ်လိုဖြေရှင်းနည်းမျိုးလဲ"

"အခုအချိန်မှာ ငွေလဲနှုန်းကို တည်ငြိမ်အောင်ထိန်းနိုင်ဖို့ နိုင်ငံခြားငွေတွေအများကြီးမရဘူးဆိုရင် ဘာမှလုပ်လို့ရမှာမဟုတ်ဘူး"

"ရိုးရိုးလေးပါ။ ဘဏ်ကနေ ငွေချေးလိုက်ရုံပေါ့"

အစီအစဉ်တင်ဆက်သူက တိုတိုတုတ်တုတ်ပင် ပြောလိုက်သည်။

"ဒါကတော့ ရှင်းနေတာပဲလေ။ ကျုပ်တို့သာ ငွေချေးလို့ရခဲ့ရင် ဒီလိုအခြေအနေမျိုးအထိ ရောက်ပါ့မလား"

"ဟုတ်တယ်။ ခင်ဗျားတို့က ကျုပ်တို့ကို ဒါလေးပြောဖို့အတွက်နဲ့ ဒီအထိ လှည့်စားပြီးခေါ်ထားတာလား။ ကျုပ်တို့ကို အရှက်ခွဲဖို့သက်သက် ခေါ်ထားတာလား"

"ကမ္ဘာ့အကြီးဆုံးအပြည်ပြည်ဆိုင်ရာဘဏ်ကြီးတွေတောင် အခုအချိန်မှာ ချေးငွေအများကြီး ထုတ်မပေးနိုင်တော့ဘူး။ သူတို့က ချေးငွေကိုရပ်ဆိုင်းထားလိုက်ပြီ။ ကျုပ်တို့ ဘယ်လိုမှချေးလို့မရဘူး"

"လူကြီးမင်းတို့... ကျွန်တော်တို့က အားလုံးကို စုဝေးခိုင်းခဲ့တာက နောက်ပြောင်ဖို့ မဟုတ်ပါဘူး။ အခု ခင်ဗျားတို့ရဲ့ငွေလဲနှုန်းကို ထိန်းညှိပေးပြီး အခက်အခဲတွေကို ကျော်လွှားနိုင်အောင် ကူညီပေးနိုင်တဲ့အထိ အင်အားတောင့်တင်းတဲ့ ဘဏ်တစ်ခုကို ကျွန်တော်တို့ ရှာတွေ့ထားပါတယ်"

"ဘယ်လိုဘဏ်မျိုးကများ အဲဒီလောက်အထိ အစွမ်းအစရှိတာလဲ"

"အမေရိကန်ဒေါ်လာထရီလီယံပေါင်းများစွာရှိတဲ့ လက်ငင်းငွေသားမရှိရင် မဖြစ်နိုင်ဘူး။ အမေရိကမှာရှိတဲ့ ဘဏ်တွေအားလုံးပေါင်းရင်တောင် အဲဒီလောက်အများကြီး မရှိနိုင်ဘူးမဟုတ်လား"

"ကဲ... ရီထျန်းအပြည်ပြည်ဆိုင်ရာဘဏ်ရဲ့ ဥက္ကဋ္ဌကို စင်ပေါ်ကို ဖိတ်ခေါ်လိုက်ရအောင်ပါ"

"ရီထျန်းအပြည်ပြည်ဆိုင်ရာဘဏ်တဲ့လား"

"အဲဒါက ဘာဘဏ်လဲ။ တစ်ခါမှမကြားဖူးပါဘူး"

...

အားလုံး၏ စောင့်ကြည့်စစ်ဆေးမှုအောက်တွင် လူငယ်တစ်ယောက်က စင်မြင့်ပေါ်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်။ သူက အောက်ဘက်ရှိ ပရိသတ်များကို လက်ဝေ့ယမ်းပြပြီးနောက် ပြောလိုက်လေသည်။

"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ ကျန်းမုန့်လောင်ပါ။ ခင်ဗျားတို့ အဆင်ပြေကြရဲ့လား"

******************

All Chapters