ချေးချင်ချေး မချေးချင်နေ။ မချေးရင် လစ်လိုက်တော့
Vol. 47 Ch. 702
"ကျန်းမုန့်လောင်ပဲ။ ဒါ ကျန်းမုန့်လောင်ပဲ"
"သူက ဒီကို ဘာလာလုပ်တာလဲ။ ငါတို့ကို ဒုက္ခပေးလို့ မဝသေးဘူးလား"
"ရီထျန်းအပြည်ပြည်ဆိုင်ရာဘဏ်တဲ့လား။ ဒါက သူ့ဘဏ်လား"
"ငါသဘောပေါက်ပြီ။ ဒါက ထောင်ချောက်ပဲ။ သက်သက်အကွက်ဆင်ထားတာ"
ကျန်းမုန့်လောင်ကို မြင်လိုက်ရချိန်မှာပင် သူတို့အားလုံး ချက်ချင်းသဘောပေါက်သွားကြသည်။
ဒါက သူတို့ပြောတဲ့ အဖြေဆိုတာလား...
အမှန်တကယ်တော့ အပြည်ပြည်ဆိုင်ရာဘဏ်များမှ ငွေချေးရန် လူတိုင်း စဉ်းစားခဲ့ကြဖူးသည်။ သို့သော် ငွေကြေးလိုအပ်နေသူက အလွန်များပြားပြီး ချေးငွေပမာဏကလည်း တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ဘီလီယံရာဂဏန်းအထိ ရှိနေလေရာ မည်သည့်ဘဏ်ကမှ ထိုအတိုင်းအတာအထိ ထုတ်ချေးနိုင်စွမ်းမရှိပေ။
အကယ်၍ တစ်စုံတစ်ယောက်ကသာ ဤမျှများပြားသောငွေကို ထုတ်ချေးနိုင်သည်ဆိုပါက ထိုလူမှာ ကျန်းမုန့်လောင်တစ်ယောက်တည်းသာ ရှိသည်။ အကြောင်းမှာ သူသည် ကမ္ဘာပေါ်ရှိ အမေရိကန်ဒေါ်လာအားလုံးကို အပိုင်သိမ်းထားသောကြောင့်ပင်။
နိုင်ငံတကာဈေးကွက်ကို တည်ငြိမ်အောင်လုပ်ပြီး ယခင်အခြေအနေသို့ ပြန်ရောက်နိုင်ရန်အတွက် ငွေသားချည်းသက်သက် အမေရိကန်ဒေါ်လာ၁၅ထရီလီယံမှ ၁၈ထရီလီယံအထိ လိုအပ်သည်ဟု လူတိုင်း တွက်ချက်ထားကြသည်။
ကျန်းမုန့်လောင်အတွက်တော့ ဤပမာဏမှာ ပထမအကြိမ်တန်ပြန်တိုက်စစ်မှ ရရှိထားသော အမြတ်ငွေ၏ သုံးပုံတစ်ပုံမျှသာရှိသည်။
အမှန်အတိုင်းပြောရလျှင် ဤသည်မှာ အဖြေတစ်ခုဖြစ်သော်လည်း မည်သူကများ ဤအဖြေကို လိုချင်မည်နည်း။
ဤလုပ်ရပ်သည် မိမိတို့ပိုက်ဆံကို ခိုးယူသွားသောဓားပြက ယခုအခါ 'မင်းတို့ ပိုက်ဆံချေးချင်သေးလား'ဟု ပြန်မေးနေသလိုပင်။ အမှန်တကယ် မျက်နှာပြောင်တိုက်လွန်းလှသော လုပ်ရပ်ပင်။
ဤပြဿနာမှာ သူတို့ကိုယ်တိုင်မီးမွှေးခဲ့ခြင်းဖြစ်သော်လည်း မည်သူကမှ မိမိတို့အမှားကို ဝန်မခံချင်ကြချေ။
စိတ်ရှိတိုင်းသာဆိုလျှင် အစည်းအဝေးတက်ရောက်လာသည့် ကိုယ်စားလှယ်၈၉ယောက်စလုံး အခန်းထဲမှ ချက်ချင်းထွက်သွားချင်ကြသည်။ သို့သော် လက်တွေ့အခြေအနေက သူတို့ကို ထွက်မသွားနိုင်ကြောင်း ပြောနေချေသည်။ ဝန်မခံချင်သော်လည်း ယခုအချိန်တွင် သူတို့ကိုကယ်တင်နိုင်သူမှာ ကျန်းမုန့်လောင် တစ်ယောက်တည်းသာ ရှိတော့သည်။
အကယ်၍ သူတို့သာ စိတ်လိုက်မာန်ပါထွက်သွားကြလျှင် သူတို့နိုင်ငံ၏စီးပွားရေးကို မည်သူက ကယ်တင်ပေးတော့မည်နည်း။
"သေစမ်း။ ဒါက ဘော့စ်ကျန်းမဟုတ်ဘူးလား"
"ဘော့စ်ကျန်းက ကမ္ဘာ့စီးပွားရေးထိပ်သီးအစည်းအဝေးကို တကယ်တက်တာလား"
"ရီထျန်းအပြည်ပြည်ဆိုင်ရာဘဏ်တဲ့လား။ ဒီလိုဘဏ်မျိုးရှိတယ်လို့ တစ်ခါမှ မကြားဖူးပါလား"
နိုင်ငံတကာအခမ်းအနားတစ်ခု ဖြစ်သဖြင့် အစည်းအဝေးတစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်နေလေရာ ပရိသတ်များက ကျန်းမုန့်လောင်ကို ချက်ချင်းတွေ့သွားကြသည်။
"တွေ့ပြီ။ ရှာတွေ့ပြီ။ ဒီဘဏ်က နိုင်ငံခြားမှာ မှတ်ပုံတင်ထားတဲ့ အပြည်ပြည်ဆိုင်ရာဘဏ်ပဲ။ မှတ်ပုံတင်ထားတဲ့ မတည်ငွေက အမေရိကန်ဒေါ်လာ၅၀ထရီလီယံတဲ့...။ ပြီးတော့ ဒါက တကယ်ထည့်ထားတဲ့ ငွေသားတွေနော်"
"ဘာ! ၅၀ထရီလီယံက မှတ်ပုံတင်ထားပြီးသား မတည်ငွေတဲ့လား။ အကုန်လုံးက ငွေသားတွေပေါ့"
ဤသတင်းကြောင့် အင်တာနက်အသုံးပြုသူများမှာ တစ်နှစ်လုံးစာ ထိတ်လန့်သွားရသည်။
မှတ်ပုံတင်ထားသည့် မတည်ငွေဆိုသည်မှာ အဘယ်နည်း။
၎င်းမှာ ကုမ္ပဏီတစ်ခု မှတ်ပုံတင်စဉ်က ပိုင်ဆိုင်ထားသော ငွေကြေးအင်အားနှင့် အန္တရာယ်များအပေါ် ခံနိုင်ရည်ရှိမှုကို ဖော်ပြနေခြင်းပင်။
သီအိုရီအရဆိုလျှင် မည်သည့်ပမာဏကိုမဆို ချရေးနိုင်ပြီး ဘီလီယံနှင့်ချီ၍လည်း ရေးထားနိုင်သည်။
အကြောင်းမှာ ယခုခေတ်တွင် ကုမ္ပဏီထောင်လျှင် မတည်ငွေကို အစုရှယ်ယာဖြင့် ဖော်ပြနိုင်ပြီး ငွေသားအမှန်တကယ်ရှိမရှိ စစ်ဆေးရန် မလိုသောကြောင့်ပင်။
သို့သော် ကုမ္ပဏီသာ ဒေဝါလီခံရပါက မှတ်ပုံတင်ထားသော ပမာဏအတိုင်း အကြွေးပြန်ဆပ်ရသဖြင့် များသောအားဖြင့် မည်သူကမှ အလွန်များပြားသောပမာဏကို မရေးကြပေ။
ဘဏ်လုပ်ငန်းများအတွက်မူ မတည်ငွေကို စစ်ဆေးရန် လိုအပ်သည်။ ဘဏ်ဖွင့်မည့်လူက ပိုက်ဆံမရှိဘဲ ဖြစ်နိုင်ပါမည်လော။ ပိုက်ဆံမရှိလျှင် ဘာကြောင့် ဘဏ်ဖွင့်မည်နည်း။
ယနေ့အထိ ဟွာရှားနိုင်ငံတွင် မတည်ငွေအမြင့်ဆုံးဘဏ်မှာ ယွမ်၃၃၄ဘီလီယံရှိပြီး အခြားဘဏ်ကြီးများမှာ ၂၀၀ဘီလီယံအထက်တွင် ရှိသည်။
ဟွာရှားနိုင်ငံတွင် မှတ်ပုံတင်ပမာဏ အများဆုံးကုမ္ပဏီမှာ ၁.၅၅ထရီလီယံ ဖြစ်သော်လည်း ၎င်းမှာ ငွေသားအဖြစ် တစ်ခါတည်းထည့်ဝင်ထားခြင်းမဟုတ်ပေ။
ဤပမာဏကတင် မယုံနိုင်စရာကောင်းလောက်အောင် များပြားလှသည်။
ယခုမူ ရီထျန်းအပြည်ပြည်ဆိုင်ရာဘဏ်၏ အမှန်တကယ်ထည့်ဝင်ထားသည့် ငွေသားပမာဏမှာ ၅၀ထရီလီယံ ဖြစ်နေပေသည်။ ထို့ပြင် ၎င်းမှာလည်း အမေရိကန်ဒေါ်လာဖြစ်နေသဖြင့် အခြားဘဏ်များထက် အဆပေါင်း ရာနှင့်ချီ၍ သာလွန်နေပေသည်။ ထို၅၀ထရီလီယံမှာ လက်ငင်းသုံးစွဲနိုင်သော ငွေသားများ ဖြစ်နေပြန်သည်။
တရားဝင်ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်စဉ်က ကျန်းမုန့်လောင်သည် သူ့နာမည်ကို မသုံးခဲ့ဘဲ ရှယ်ယာမှတ်ပုံတင်ရာတွင်လည်း အစိတ်အပိုင်းအနည်းငယ်ကိုသာ မှတ်ပုံတင်ခဲ့သည်။
အကယ်၍ သူသာ အကုန်လုံးကို သူ့နာမည်ဖြင့် ရင်းနှီးမြှုပ်နှံခဲ့လျှင် Forbesမဂ္ဂဇင်းတွင် ဟိုးလေးတကြော်ကြော်ဖြစ်သွားပေဦးမည်။
'ဒီလူက ဘဏ်တစ်ခုတည်ထောင်ဖို့ ဒေါ်လာ ၅၀ထရီလီယံတောင် ထုတ်သုံးနိုင်တာကို မင်းတို့ကတော့ သူ့ပိုင်ဆိုင်မှုက ၁၀ထရီလီယံပဲရှိတယ်လို့ ပြောနေတာလား.. မင်းတို့ ဘာတွေလုပ်နေကြတာလဲ'ဟု အပြောခံရနိုင်သည်။
မိုင်ပေါင်းများစွာကွာဝေးသော Forbesမဂ္ဂဇင်းဌာနချုပ်ရှိ ဝန်ထမ်းများမှာလည်း ဤအကြောင်းကို သိလိုက်ရသောအခါသက်မချလိုက်မိတော့သည်။
...
"ဒီနေ့ အခုလိုလူစုံတက်စုံတွေ့ရတာ ဝမ်းသာပါတယ်"
ကျန်းမုန့်လောင် ပြုံးလိုက်သည်။ သူ အမှန်တကယ် ပျော်နေချေသည်။ သူ့ဆီက ငွေချေးရန် လူတွေတန်းစီနေကြသည်ဖြစ်ရာ သူလည်း အတိုးများကို ရိတ်သိမ်းရတော့မည်မဟုတ်လား။ မပျော်ဘဲ ဘယ်နေနိုင်မည်နည်း။
အောက်ဘက်ရှိလူတစ်သိုက် ပျော်မပျော်ဆိုသည်မှာမူ သူ့ကိစ္စမဟုတ်ပေ။
"နိုင်ငံတကာငွေကြေးကစားသူတွေကြောင့် စီးပွားရေးတွေ အကြီးအကျယ်ပျက်စီးသွားပြီး လူတိုင်း အသည်းအသန်ငွေလိုနေကြတယ်ဆိုတာ ကျုပ်သိပါတယ်။ အဲဒါကြောင့် ကျုပ်နာမည်အောက်မှာ ဘဏ်တစ်ခု တည်ထောင်ထားပါတယ်။ နိုင်ငံတကာကို ကူညီပံ့ပိုးပေးဖို့လည်း အဆင်သင့်ပါပဲ။ အဲဒါကြောင့် 'ချေးချင်ချေး မချေးချင်နေ'ဆိုတဲ့ ဝန်ဆောင်မှုနဲ့ မိတ်ဆက်ပေးချင်ပါတယ်"
"ဟားဟားဟား ချေးချင်ချေး မချေးချင်နေတဲ့... ရယ်ရလွန်းလို့ သေတော့မယ်"
"ဒီနာမည်ကို သူဌေးကျန်း အခုမှစဉ်းစားပြီး ပေးလိုက်တယ်ဆိုတာ ဆင့်ငါးဆယ်ကြေးလောင်းရဲတယ်"
"ဟားဟားဟား... သတ္တိရှိစမ်းပါ။ ငါကတော့ ငါးဒေါ်လာလောင်းတယ်ဟေ့"
...
"နိုင်ငံတကာငွေကြေးကစားသူဆိုတာ မင်းကိုယ်တိုင်ပဲ မဟုတ်ဘူးလား'
ပရိသတ်အားလုံး ထိုအကြောင်းကို သိနေကြသော်လည်း မည်သူကမှ ထုတ်မပြောရဲကြပေ။
"မစ္စတာကျန်း...ခင်ဗျားဘဏ်ကပေးမယ့် အတိုးနှုန်းကို သိချင်လို့ပါ"
"အားလုံးပဲ ဒီမှာကြည့်လိုက်ပါ"
ကျန်းမုန့်လောင်က ပါဝါပွိုင့်တစ်ခုကို ဖွင့်လိုက်သည်။
"အမေရိကန်ဒေါ်လာ ၁ဘီလီယံကို တစ်ယူနစ်အဖြစ်သတ်မှတ်ပြီး ချေးယူမယ့်သက်တမ်းအပေါ် မူတည်ပြီး တစ်နှစ်အတိုးနှုန်းက ၃.၉ရာခိုင်နှုန်းကနေ ၆.၁၅ရာခိုင်နှုန်းအထိ ရှိပါ့မယ်"
အမှန်အတိုင်းပြောရလျှင် ဤမျှများပြားသော ပမာဏအတွက် ဤအတိုးနှုန်းမှာ မများလှပေ။
အကြောင်းမှာ ဘဏ်တချို့၏ ငွေစုဝန်ဆောင်မှုများမှာပင် ဒေါ်လာသိန်းဂဏန်းအတွက် အတိုးလေးရာခိုင်နှုန်းကျော် ပေးနေရသောကြောင့်ပင်။
သူတို့က ဘီလီယံနှင့်ချီ၍ ငွေချေးမည်ဖြစ်ရာ ဤအတိုးနှုန်းမှာ အမှန်တကယ် နည်းလှပေသည်။
"ကျုပ်တို့ဘဏ်ရဲ့ အသင်းဝင်ဖြစ်ပြီဆိုရင် အောက်ပါဝန်ဆောင်မှုတွေကိုလည်း ခံစားခွင့်ရဦးမှာပါ"
ကျန်းမုန့်လောင်က ဆက်ပြောသည်။
"ပထမအချက် အရုဏ်ဦးနိုင်ငံတကာဆေးရုံမှာ တစ်သက်တာအသင်းဝင်ခွင့်ရမယ်။ နှစ်တိုင်း အခမဲ့ဆေးစစ်နိုင်သလို 'အရုဏ်ဦးစိတ်ကျန်းမာရေးဆေးရုံ'မှာလည်း အခမဲ့တက်ရောက်ခွင့်ရမှာပါ"
...
ဘယ်သူက ဒီလိုဝန်ဆောင်မှုမျိုးကို လိုချင်မှာလဲ။ ငါတို့ကို ရူးစေချင်နေတာလား...
...
"ဒုတိယအချက်! ချေးယူထားတဲ့ တစ်ရာဘီလီယံတိုင်းအတွက် တစ်ရက်တာအတိုးကင်းလွတ်ခွင့်ကို ခံစားရမှာပါ"
...
သေစမ်း...ဒါကို အကျိူးခံစားခွင့်လို့ လာပြောနေတာလား...အဲဒီအတိုးက ဒေါ်လာတစ်သန်းကျော်ပဲရှိတာ။ ငါတို့က အဲဒီလောက်လေးချို့တဲ့နေလို့လား.. တစ်ရာဘီလီယံလောက် ချို့တဲ့နေတာကွ....
ကျန်းမုန့်လောင်ပေးထားသည့် အကျိုးခံစားခွင့်များမှာ အဓိပ္ပာယ်မရှိလှပေ။ စကားကောင်းပြောနေသယောင်နှင့် အရာမရောက်သောစကားများသာ။
"ကဲ... ငွေချေးချင်တဲ့သူတွေ ဒီဘက်မှာလာတန်းစီပေးပါ။ ကျုပ် ဘဏ်ဝန်ထမ်းတွေကိုပါ တစ်ခါတည်း ခေါ်လာခဲ့တယ်။ ဒီနေ့လျှောက်လွှာတင်ရင် မနက်ဖြန် ခင်ဗျားတို့အကောင့်ထဲကို ပိုက်ဆံရောက်လာလိမ့်မယ်"
"ကျုပ်! ကျုပ်တို့ ဒေါ်လာတစ်ရာဘီလီယံချေးချင်ပါတယ်"
"ကျုပ်တို့က ၁၂၀ဘီလီယံပါ"
"ကျွန်တော်တို့က ငါးဆယ်ဘီလီယံ"
...
ကျန်းမုန့်လောင်ခေါ်လာသည့် ဝန်ထမ်းများရှေ့တွင် တန်းစီနေသူများ ချက်ချင်းပြည့်နှက်သွားသည်။
"ဘာတွေဖြစ်ကုန်တာလဲ။ ဒါက နိုင်ငံတကာ စီးပွားရေးထိပ်သီးအစည်းအဝေး မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး အရောင်းပြခန်းကြီး ဖြစ်သွားရတာလဲ"
"ဟားဟား... ဒါက မစ္စတာကျန်းရဲ့ စတိုင်ပဲလေ။ ဘာလို့လဲတော့ မသိဘူး။ သူလုပ်သမျှ ကြည့်ကောင်းနေတာပဲ"
...
"မစ္စတာကျန်း .ကျွန်တော်တို့ ဒေါ်လာ၁၂၀ဘီလီယံ ချေးလို့ရမလား"
"ကိုယ့်လူ"
ကျန်းမုန့်လောင် မော့ကြည့်လိုက်သည်။ ဤသည်မှာ သူတို့၏မိတ်ဖက်နိုင်ငံဖြစ်သော ပါကစ္စတန်ကိုယ်စားလှယ်မဟုတ်လား။
"ဟေး..သူတို့ကိုတော့ လျှော့ဈေးပေးလိုက်။ ပါကစ္စတန်ကို အတိုးအများကြီးမယူနဲ့"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဘယ်လောက်ကြာကြာချေးမှာလဲ"
"နှစ်သုံးဆယ်လောက်ပါ"
"ဒါဆိုရင် နှစ်၃၀လုံးအတွက် စုစုပေါင်း အတိုးကို ၁ရာခိုင်နှုန်းပဲယူလိုက်"
"တကယ်လား"
ထိုကိုယ်စားလှယ်၏ မျက်ဝန်းများမှာ ချက်ချင်းတောက်ပသွားချေသည်။ သူတို့က ဤ၁၂၀ဘီလီယံကို နိုင်ငံဖွံ့ဖြိုးရေးအတွက်သုံးရန် မျှော်လင့်ထားခြင်းပင်။
အတိုးနှုန်းက မများသော်လည်း သူတို့ကဲ့သို့ ဆင်းရဲသည့်နိုင်ငံတစ်ခုအတွက် နှစ်စဉ်အတိုးနှုန်းမှာ ဝန်လေးချင်စရာပင်။
ယခုမူ ကျန်းမုန့်လောင်က နှစ်သုံးဆယ်လုံးအတွက် စုစုပေါင်းအတိုးနှုန်း၁ရာခိုင်နှုန်းသာယူမည်ဟု ဆိုနေသောကြောင့် ဒေါ်လာ၁၂၀ဘီလီယံအတွက် အတိုးမှာ ၁.၂ဘီလီယံသာ ပေးရတော့မည်ဖြစ်၏။ ဤသည်မှာ အတိုးမယူထားသလောက်ပင်။
"မစ္စတာကျန်း...ကျွန်တော်တို့လည်း ဒေါ်လာ ၄၀ဘီလီယံလောက် ချေးချင်ပါတယ်။ ကျွန်တော်တို့ကိုလည်း နှစ်သုံးဆယ်အတိုး ၁ရာခိုင်နှုန်းနဲ့ ပေးနိုင်မလား"
အထူးခံစားခွင့်ရှိကြောင်း ကြားလိုက်ရသောအခါ အခြားကိုယ်စားလှယ်များမှာ ဝိုင်းအုံလာကြသည်။
သို့သော် ကျန်းမုန့်လောင်ကတော့ သူတို့ကို တစ်ချက်ကြည့်လိုက်၏။
"ခင်ဗျားက ဘယ်သူလဲ။ ကျုပ် ခင်ဗျားကိုသိလို့လား"
"ဒါပေမဲ့ သူတို့ကျတော့ ဘာလို့..."
"သူတို့က ကျုပ်မိတ်ဆွေတွေလေ။ ခင်ဗျားတို့က ဘယ်သူမို့လို့လဲ"
"ဒါတော့ မတရားဘူး"
"ခင်ဗျားက တရားမျှတမှုကို လိုချင်တာလား"
ကျန်းမုန့်လောင်က ထိုဝန်ထမ်း၏ပခုံးကို ပုတ်လိုက်၏။
"ဒီလူတွေအတွက် အတိုးနှုန်းကို ၁ရာခိုင်နှုန်းထပ်တိုးလိုက်"
"ဟုတ်ကဲ့ သူဌေး"
"ကျန်းမုန့်လောင်... မင်း လွန်သွားပြီနော်"
ထိုကိုယ်စားလှယ်မှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။ ဆယ်စုနှစ်သက်တမ်းတွင် ထို၁ရာခိုင်နှုန်းဆိုသည်မှာ ကြောက်မက်ဖွယ်ကောင်းသော ပမာဏတစ်ခု ဖြစ်သွားနိုင်သည်။
"ဒါက ကျုပ်ပိုင်တဲ့ဘဏ်... အတိုးနှုန်းကို ကျုပ်ပဲ သတ်မှတ်တယ်။ ယူချင်ရင်ယူ မယူရင် လစ်လိုက်တော့"
******************