တကယ်တော့ ကျွန်တော်က ဆေးပညာမျိုးရိုးက ဆင်းသက်လာတာပါ
Vol. 47 Ch. 703
ကမ္ဘာ့စီးပွားရေးထိပ်သီးအစည်းအဝေးကြီးမှာ ဟင်းသီးဟင်းရွက်ဈေးတစ်ခုအလား ဆူညံပွက်လောရိုက်ရင်း ပြီးဆုံးသွားခဲ့သည်။
အသစ်ချေးယူထားသော ငွေများကြောင့် ရင်တမမဖြင့် အဆိုးဆုံးအခြေအနေကို တွေးကြောက်နေကြရသည့် ကိုယ်စားလှယ်များမှာ အဆုံးတွင်မူ သက်ပြင်းချနိုင်သွားကြသည်။
ယခု သူတို့အားလုံး အကြွေးတင်သွားကြသော်လည်း အနည်းဆုံးတော့ လက်ရှိကြုံတွေ့နေရသည့် အကျပ်အတည်းကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်၏။
တင်နေသော အကြွေးများကိုမူ ဖြည်းဖြည်းချင်းပင် ပြန်ဆပ်ရတော့မည်။ အခြားနည်းလမ်းလည်း မရှိပါချေ။ ကျန်းမုန့်လောင်သာ ညတွင်းချင်းသေမသွားပါက သူတို့တစ်သက်လုံး ကျန်းမိသားစု၏ လွှမ်းမိုးမှုအောက်မှာ နေသွားရတော့မည်ဖြစ်ကြောင်း ကောင်းကောင်းသိထားကြသည်။
"ကောင်စုတ်လေး ဒီနေ့ ဘယ်လိုအခြေအနေရှိလဲ"
လောင်ကျိုးက ကျန်းမုန့်လောင်၏ အနောက်က အေးအေးဆေးဆေး လျှောက်လာရင်း မေးလိုက်သည်။
"အမြတ်တွေ အများကြီးရလိုက်တယ်မလား"
"မဆိုးပါဘူး"
ကျန်းမုန့်လောင်က ပြုံးပြလိုက်သည်။
"အမေရိကန်ဒေါ်လာ ၂၂ထရီလီယံလောက် ထုတ်ချေးလိုက်တယ်။ လက်ရှိအတိုးနှုန်းနဲ့ဆိုရင် တစ်နှစ်ကို ဒေါ်လာထရီလီယံနည်းနည်းလောက်ကတော့ အသာလေးပဲ"
"ဟားဟား ကောင်းတယ်"
လောင်ကျိုးက အားရပါးရ ရယ်မောလိုက်သည်။ ဟွာရှားနိုင်ငံက ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကြိုးစားပမ်းစားစုဆောင်းခဲ့ရသည့် ဒေါ်လာများကို ကျန်းမုန့်လောင်ကတော့ တစ်နှစ်တည်းနှင့် နိုင်ငံ၏ဆယ်စုနှစ်တစ်ခုစာကြိုးပမ်းမှုကို အမီလိုက်နိုင်ပေသည်။
ထိုငွေများမှာ ကျန်းမုန့်လောင်၏ ပုဂ္ဂလိကပိုင်ဖြစ်စေ၊ နိုင်ငံပိုင်ဖြစ်စေ လောင်ကျိုးအတွက်မူ ကိစ္စမရှိပေ။ အကြောင်းမှာ ကျန်းမုန့်လောင်က ဟွာရှားလူမျိုးဖြစ်ပြီး မျိုးချစ်စိတ်အပြည့်ရှိသူတစ်ဦးဖြစ်သောကြောင့်ပင်။
"နှစ်သစ်ကူးဖို့ကလည်း နည်းနည်းပဲလိုတော့တယ်။ ဘာအစီအစဉ်ရှိလဲ။ ဇာတိမြေကို ပြန်မှာလား"
လောင်ကျိုးနှင့် ကျန်းမုန့်လောင်က မိသားစုရေးရာကိစ္စများကို ပြောဆိုဆွေးနွေးနေကြသည်။
"မပြန်ဖြစ်လောက်တော့ဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ကျွန်တော့်မိသားစုက မရှိတော့ဘူးလေ"
သူ့မိသားစုဝင်များမှာ ကမ္ဘာသစ်တစ်ခု၏ တံခါးဝသို့ ရောက်ရှိသွားကြပြီဟု ထုတ်ပြော၍ မဖြစ်နိုင်ပေ။ အကယ်၍သာ ထိုသို့ပြောလိုက်လျှင် လောင်ကျိုးက သူ့ကို ရူးနေပြီဟု ထင်သွားပေလိမ့်မည်။
"မင်းရဲ့ချစ်သူကိုခေါ်ပြီး နှစ်သစ်ကူးကို ယန်ကျင်းမှာပဲ လာဖြတ်သန်းပါလား"
လောင်ကျိုးက အကြံပေးလိုက်သည်။
"ငါမိတ်ဆက်ပေးချင်တဲ့ လူတချို့နဲ့လည်း တွေ့လို့ရတာပေါ့"
"ကောင်းသားပဲ"
ကျန်းမုန့်လောင်က ခဏမျှစဉ်းစားကြည့်ပြီး သဘောတူလိုက်သည်။ သို့မဟုတ်ပါက နှစ်သစ်ကူးကို အခြားဘယ်နေရာတွင် သွားဖြတ်သန်းရမည်နည်း။ လောင်ကျိုးကလည်း သားသမီးမရှိသဖြင့် အထီးကျန်နေမည်မှာ သေချာသည်။
"ခဏလေး.. ငါ ဖုန်းတစ်ချက်ကိုင်လိုက်ဦးမယ်"
လောင်ကျိုး၏ဖုန်းက ရုတ်တရက်မြည်လာလေသည်။
"ပြီးရင် နေ့လယ်စာ အတူသွားစားကြမယ်"
"ရပါတယ်။ ခင်ဗျား ဖုန်းသွားပြောလိုက်ဦးလေ။ ကျွန်တော်လည်း စာရင်းလေးတွေ ပြန်စစ်လိုက်ဦးမယ်"
ကျန်းမုန့်လောင်က ဤအပေးအယူမှတစ်ဆင့် အမြတ်ဘယ်လောက်ရမလဲဆိုသည်ကို တွက်ချက်ရန် ပြင်လိုက်သော်လည်း လောင်ကျိုး၏ အမူအရာက ရုတ်ခြည်းတည်ကြည်သွားကြောင်း သတိထားမိလိုက်သည်။
"ဘာပြောတယ်။ လောင်ချင်းရဲ့အခြေအနေက ပိုဆိုးလာတယ် ဟုတ်လား။ ဆရာဝန်တွေက ဘာလုပ်နေကြတာလဲ။ အနည်းဆုံး တစ်နှစ်နှစ်နှစ်တော့ ခံဦးမယ်လို့ ပြောထားကြတာ မဟုတ်ဘူးလား"
"နောက်ဆုံးပေါ် ပစ်မှတ်ထားကုသတဲ့နည်းပညာကရော"
"ကောင်းပြီ။ ငါသိပြီ။ လောင်ချင်းကို သေချာဂရုစိုက်ထားကြ။ ငါ ဒီညပဲ ယန်ကျင်းကို ပြန်လာခဲ့မယ်"
"ဆောရီးပဲ မုန့်လောင်... အရေးကြီးကိစ္စလေး ပေါ်လာလို့ ငါ အမြန်ပြန်ရတော့မယ်။ နောက်မှပဲ ငါ မင်းကို ညစာဝယ်ကျွေးတော့မယ်"
လောင်ကျိုးခမျာ အလွန်လောနေပုံပင်။
"ဘာဖြစ်လို့လဲ လောင်ကျိုး.. လောင်ချင်းအကြောင်းပြောနေတာ ကြားလိုက်တယ်။ သူက ချင်းဖုန်းရဲ့အဘိုးလား"
လောင်ကျိုးကလည်း ခေါင်းညိတ်ပြသည်။
"ဒီအဘိုးကြီးက တစ်သက်လုံး နိုင်ငံအတွက် ကြိုးစားခဲ့တာ။ အခု အသက်ကြီးခါမှ ဒီလိုဝေဒနာတွေခံစားနေရတာ တကယ်စိတ်မကောင်းစရာပဲ"
"ဘာလို့အဲဒီလိုဖြစ်ရတာလဲ"
ကျန်းမုန့်လောင် မေးလိုက်သည်။
"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်တော် လောင်ချင်းကို ဆေးတစ်လုံးပေးခဲ့တယ်လေ။ အဲဒီဆေးရဲ့အာနိသင်အရဆိုရင် လောင်ချင်းရဲ့ကျန်းမာရေးက နောက်ထပ်ဆယ်နှစ်လောက်အထိ အသာလေးနေနိုင်တယ်"
"မင်းပေးတဲ့ဆေးကို သောက်ပြီးတဲ့နောက် လောင်ချင်းက တကယ်ကျန်းမာလာပြီး စစ်တပ်ထဲက လူသစ်တွေနဲ့တောင် နပန်းသတ်နိုင်ခဲ့သေးတယ်"
လောင်ကျိုးက ဆိုလေသည်။
"ဒါပေမဲ့ သူက အသက်ကြီးပြီလေ။ ပြီးခဲ့တဲ့ အပတ်တုန်းက စခန်းထဲမှာ ရုတ်တရက် သတိလစ်သွားသေးတယ်။ လူတိုင်းကတော့ စိတ်လှုပ်ရှားလွန်းလို့ဖြစ်တာလို့ ထင်နေကြတာ။ ဘယ်သူကသိမှာလဲ... ဒီအဘိုးကြီးက သွေးကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေတာတဲ့"
"သွေးကင်ဆာလား"
ကျန်းမုန့်လောင် နားလည်လိုက်သည်။ သူပေးခဲ့သည့်ဆေးလုံးမှာ ခန္ဓာကိုယ်ဆဲလ်များကို အားဖြည့်ပေးပြီး သက်တမ်းရှည်စေရန်သာ ဖြစ်၏။ အမှန်အတိုင်းပြောရလျှင် ၎င်းမှာ အားဆေးတစ်လုံးသာဖြစ်ပြီး ရောဂါကုသဆေး မဟုတ်ပေ။
အဘိုးချင်း၏ အသက်အရွယ်နှင့်ဆိုလျှင် ခန္ဓာကိုယ်က ဤမျှပြင်းထန်သည့်ရောဂါကို ခံနိုင်ရည်မရှိချေ။
"တစ်ညလုံး အရေးပေါ်ကုသပြီးတဲ့နောက် သူ့အခြေအနေက ခဏတည်ငြိမ်သွားပေမဲ့ အချိန်မရွေး ပြန်ဆိုးဝါးသွားနိုင်တယ်လို့ ဆရာဝန်က ပြောတယ်။ အခုလေးတင်ပဲ သွေးဖြူဥအရေအတွက်က ပြန်ကျသွားပြီတဲ့"
သွေးကင်ဆာမှာ ကုသရန် အလွန်ခက်ခဲနိုင်သလို တစ်ခါတစ်ရံတွင်လည်း ရိုးရှင်းလေသည်။ ကိုက်ညီသော ရိုးတွင်းခြင်ဆီကို ရှာဖွေပြီး အစားထိုးကုသမှုခံယူနိုင်လျှင် အသက်ရှင်နိုင်ခြေမှာ အလွန်မြင့်မားလှသည်။
မူလတန်းတုန်းက ကျန်းမုန့်လောင်၏ သူငယ်ချင်းတစ်ယောက်ကလည်း သွေးကင်ဆာဖြစ်ခဲ့ဖူးသည်။ ရိုးတွင်းခြင်ဆီအစားထိုးမှု အောင်မြင်သွားသဖြင့် ယခုဆိုလျှင် သူ့ကျန်းမာရေးက အလွန်ကောင်းမွန်နေပြီဖြစ်၏။
သို့သော် သွေးကင်ဆာ၏ ထူးခြားချက်မှာ အခြေအနေဆိုးဝါးမှု မြန်ဆန်ခြင်းပင်။ ကိုက်ညီသည့် ရိုးတွင်းခြင်ဆီအလှူရှင်ကို ရှာဖွေရန် အချိန်မလောက်ချေ။
ရှာတွေ့ခဲ့လျှင်ပင် အဘိုးချင်း၏အသက်အရွယ်ဖြင့် ခွဲစိတ်မှုကို ခံနိုင်ရည်ရှိမရှိ မသေချာလှပေ။
တကယ်တော့ အဘိုးချင်းကိုယ်တိုင်က သူ့ကံကြမ္မာကို လက်ခံထားပြီးသားပင်။ သူသည် ဘဝကို ပြည့်ပြည့်စုံစုံဖြတ်သန်းခဲ့ရသူဖြစ်သဖြင့် ဘာမှ နောင်တရစရာမရှိပေ။
သို့သော် စစ်တပ်အတွက် စိုးရိမ်မိသည်။ မျိုးဆက်သစ်ဗိုလ်ချုပ်များမှာ အလွန်အရည်အချင်းရှိကြသော်လည်း သူ့နေရာကို ဆက်ခံနိုင်လောက်သည့် အရှိန်အဝါမျိုး မတွေ့ရသေးပေ။
ထို့ပြင် လောင်ချင်းက စစ်တပ်တစ်ခုလုံး၏ အဓိကမဏ္ဍိုင်ဖြစ်သဖြင့် သူသာ ရုတ်တရက်ကြီး ဆုံးပါးသွားလျှင် စစ်တပ်၏စိတ်ဓာတ်ပိုင်းဆိုင်ရာကို ကြီးမားစွာထိခိုက်စေနိုင်သည်။ ခန့်မှန်း၍မရနိုင်သော အခြေအနေများအထိ ဦးတည်သွားနိုင်သည်။
တစ်နည်းဆိုရသော် သူသည် စစ်တပ်၏စိတ်ဝိညာဉ်ပင်။
"ကျွန်တော်လည်း အတူလိုက်ခဲ့မယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ချင်းဖုန်း အခုတလော ငြိမ်နေတာ ဒါကြောင့်ကိုး။ ကျွန်တော် သူ့အတွက် ပခုံးငှားပေးရဦးမယ်ထင်တယ်"
"ဒီလိုအချိန်မျိုးမှာတောင် မင်းက နောက်နေသေးတယ်"
လောင်ကျိုးက ဆူလိုက်လေသည်။
"ချင်းဖုန်းသာကြားရင် မင်းကို လာထိုးမှာသေချာတယ်"
"ဗိုလ်ချုပ်ချင်းကို ပြန်ကျန်းမာလာအောင် မလုပ်ပေးချင်ဘူးဆိုရင်တော့ လာထိုးခိုင်းလိုက်လေ"
"ဘာပြောတယ်။ မင်းမှာ နည်းလမ်းရှိလို့လား"
လောင်ကျိုး၏ မျက်ဝန်းအစုံကား ချက်ချင်းပင် တောက်ပသွားသည်။
"မင်းက ဆေးဘက်ဆိုင်ရာ ဉာဏ်ရည်တုနယ်ပယ်မှာ အောင်မြင်မှုတွေရထားမှန်း ငါသိပါတယ်။ ဒါပေမဲ့ ဒါက တကယ့်ဆေးပညာရပ်နော်။ မင်းက..."
"တကယ်တော့ ကျွန်တော်တို့ဘိုးဘေးတွေထဲမှာ နာမည်ကျော်သမားတော်တွေ အများကြီးရှိတယ်"
ကျန်းမုန့်လောင်က ဆိုသည်။
"သမိုင်းမှာ အစောဆုံးမှတ်တမ်းတင်ထားတဲ့ ဆေးကျမ်းက ဘာလဲဆိုတာသိလား"
"သိတာပေါ့။ ဟွမ်းတိရဲ့ဆေးကျမ်းလေ"
၎င်းမှာ ဟွာရှားတိုင်းရင်းဆေးပညာ၏ မဟာဂန္ဒဝင်မြောက် ကျမ်းလေးစောင်ထဲမှ ရှေးအကျဆုံးနှင့် အစောဆုံးကျမ်းတစ်စောင်ပင်။
"မဟုတ်ဘူး။ တကယ်တော့ မဟုတ်ဘူး"
ကျန်းမုန့်လောင်က ပြုံးလိုက်သည်။
"ဟွမ်းတိရဲ့ဆေးကျမ်းဆိုတာက တခြားစာအုပ်တစ်အုပ်ရဲ့ အစိတ်အပိုင်းလေးတစ်ခုပဲရှိတာ။ အဲဒီစာအုပ်ရဲ့နာမည်က 'ရှန့်နုန် ဆေးကျမ်း'တဲ့။ ဟွမ်းတိရဲ့ဆေးကျမ်းဆိုတာ ရှန့်နုန်ဆေးကျမ်းရဲ့ သုံးပုံတစ်ပုံစာတောင် မရှိဘူး"
"ဟွမ်းတိဆေးကျမ်းက တိုင်းရင်းဆေးကုထုံးတွေကို အသားပေးထားပေမဲ့ ကျန်တဲ့အပိုင်းတွေကတော့ ရှေးကျတဲ့အဂ္ဂိရတ်ပညာနဲ့ ဆေးဖော်စပ်နည်းတွေကို ဖော်ပြထားတာ"
"မင်းက အဂ္ဂိရတ်ပညာနဲ့ ဆေးဖော်နည်းတွေကို သိတယ်ပေါ့"
လောင်ကျိုး အံ့အားသင့်သွားလေသည်။
ဟွာရှားနိုင်ငံတွင် ရှေးကျသော အဂ္ဂိရတ်ပညာရှင်များနှင့် ဆေးဖော်စပ်သူများ ရှိခဲ့သော်လည်း ထိုပညာရပ်များမှာ ရိုးရာဆေးကျမ်းများထက် ပိုနက်နဲခက်ခဲလှသည်။
စံသတ်မှတ်ချက်ကလည်း မြင့်မားလှသဖြင့် အဂ္ဂိရတ်ပညာနှင့် ဆေးဖော်စပ်ရာတွင် လူတိုင်း ပါရမီမပါကြချေ။ ရှေးခေတ်ကပင် ဤသို့အစွမ်းထက်လှသော ပုဂ္ဂိုလ်များမှာ ရှားပါးပြီး လျှို့ဝှက်ဆန်းကြယ်ပေသည်။ ဤသို့ဖြင့် အမွေလက်ဆင့်ကမ်းခြင်းကလည်း ပျက်စီးလာခဲ့သည်။
ယခုခေတ်တွင် အဂ္ဂိရတ်ပညာရှင်များမှာ အခြေခံဆေးဝါးများကိုသာ ဖော်စပ်နိုင်ကြတော့သည်။
အကြောင်းမှာ အဂ္ဂိရတ်ပညာနှင့် ဆေးဖော်စပ်ခြင်း၏ခက်ခဲမှုကြောင့်ဖြစ်သလို ဆေးဖော်စပ်နည်းဆုံးရှုံးမှုများကြောင့်လည်း ပါသည်။
"ကျွန်တော် နည်းနည်းပါးပါးသိတယ်"
ကျန်းမုန့်လောင်က ဝန်ခံလိုက်သည်။
"အဲဒီစာအုပ်ကို ကျွန်တော့်ရဲ့ဘိုးဘေးတွေက ပြုစုခဲ့တာ။ ရှန့်နုန်ဆိုတာကိုတော့ ကြားဖူးမှာပေါ့"
လောင်ကျိုး ခေါင်းညိတ်လိုက်သော်လည်း ရှန့်နုန်ဆိုသည်မှာ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက်မဟုတ်လော။ သူ့ဘိုးဘေးများက ရှန့်နုန်ကို သိလေသလား။
"ကျွန်တော့်ရဲ့ဘိုးဘေးက ရှန့်နုန်ပဲ"
ကျန်းမုန့်လောင်က ရေရွတ်လိုက်သည်။
"သူ့နာမည်က ကျန်းရှန့်နုန်တဲ့။ သူက ဆေးဝါးသုတေသနမှာပဲ စိတ်နှစ်ထားတဲ့လူလေ။ နိုင်ငံအနှံ့လှည့်လည်ရင်း ရှုပ်ထွေးပွေလီတဲ့ရောဂါပေါင်းစုံကို ကုသပေးခဲ့လို့ လူတွေက သူ့ကို ရှန့်နုန်လို့ တင်စားခေါ်ဝေါ်ခဲ့ကြတာ။ နောက်ပိုင်းကျတော့ သူကိုယ်တိုင်ကပဲ သူ့စာအုပ်ကို 'ရှန့်နုန်ဆေးကျမ်း'လို့ နာမည်ပေးလိုက်တော့တာပဲ"
"ဒါဆိုရင် မြန်မြန်လိုက်ခဲ့"
လောင်ကျိုးက ကျန်းမုန့်လောင်၏ပခုံးကို ဆုပ်ကိုင်ပြီး စိတ်မရှည်စွာဖြင့် ပြောလိုက်၏။
"အခုချက်ချင်း ငါနဲ့အတူ ယန်ကျင်းကိုလိုက်ခဲ့"
****************