← Chapters

ဒါက အဲဒီလောက်ကြီး အဖိုးတန်နေတာမှ မဟုတ်တာ

Vol. 47 Ch. 704

ဒါက အဲဒီလောက်ကြီး အဖိုးတန်နေတာမှ မဟုတ်တာ

Vol. 47 Ch. 704

အလွန်လောနေသဖြင့် ကျန်းမုန့်လောင်လည်း လောင်ကျိုးနှင့်အတူ ကိုယ်ပိုင်လေယာဉ်ဖြင့် ယန်ကျင်းသို့ ထွက်လာခဲ့သည်။ ယန်ကျင်းလေဆိပ်တွင် စစ်သုံးဂျစ်ကားတစ်စီးက သူတို့ကို ကြိုတင်စောင့်ဆိုင်းနေလေသည်။

ကားပေါ်တွင် အသက်လေးဆယ်ငါးဆယ်နီးပါးခန့်ရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရှိနေပြီး သူ့ထံမှ သံမဏိကဲ့သို့ ခိုင်မာတောင့်တင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ထိုလူက စစ်ယူနီဖောင်း ဝတ်မထားသော်လည်း စစ်တပ်ကဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။

"အကြီးအကဲကျိုး ရောက်လာပြီပဲ"

"မင်းအဖေ အခြေအနေဘယ်လိုရှိလဲ"

လောင်ကျိုးက မေးလိုက်သည်။

"ဩော်... မိတ်ဆက်ပေးရဦးမယ်။ ဒါက ဗိုလ်ချုပ်ချင်းရဲ့သား ချင်းဖုန်းရဲ့အဖေ ချင်းရှို့ကျန်းပဲ"

"ရှိုကျန့်း... ဒါက မုန့်လောင်။ မင်း သူ့အကြောင်း သိမှာပါ"

"မင်္ဂလာပါ ဦးလေးချင်း"

ကျန်းမုန့်လောင်မှာ ထိုလူကို တီဗီပေါ်တွင် ခဏခဏမြင်ဖူးသော်လည်း အပြင်မှာ တွေ့ရသည်မှာ ပထမဆုံးပင်။ သူ့ပုံစံမှာ စစ်သည်ပေါင်းများစွာကို ကွပ်ကဲနေသည့် တီဗီထဲရှိ ပုံရိပ်ထက်ပင် ပိုထူးခြားနေသည်။

"မင်္ဂလာပါ။ ချင်းဖုန်းဆီက မင်းအကြောင်း ကြားဖူးတယ်"

ချင်းရှို့ကျန်းက ကျန်းမုန့်လောင်ကို အနည်းငယ် ဦးညွှတ်နှုတ်ဆက်ရင်း ပြောလိုက်သည်။

"ငါ့အဖေကိုပေးခဲ့တဲ့ လက်ဆောင်အတွက်လည်း ကျေးဇူးတင်ပါတယ်။ ငါတို့ချင်းမိသားစုက မင်းကို အကြွေးတင်သွားပြီ"

"ဦးလေးချင်း ဒီလိုမလုပ်ပါနဲ့"

ကျန်းမုန့်လောင်က ချင်းရှို့ကျန်းကို အမြန်ထိန်းထားလိုက်သည်။

"ချင်းဖုန်းနဲ့ ကျွန်တော်က သူငယ်ချင်းတွေပါ။ သူ့အဘိုးက ကျွန်တော့်အဘိုးပါပဲ။ ဒါက သာမန်အကူအညီလေးတစ်ခုတင်ပါ။ ဦးလေး ဒီလိုလုပ်ရင် အရမ်းအားနာဖို့ကောင်းလိမ့်မယ်"

"ကဲကဲ... မင်းတို့နှစ်ယောက် အာလာပသလ္လာပတွေ ပြောမနေကြနဲ့တော့။ လောင်ချင်းဆီကို အမြန်သွားရအောင်"

လောင်ကျိုးက လောဆော်လိုက်သည်။

"ဟုတ်တယ်"

ချင်းရှို့ကျန်းက သူတို့နှစ်ယောက်ကို ကားပေါ်သို့ အမြန်ဖိတ်ခေါ်လိုက်သည်။

"အဖေက မနေ့ညကတော့ အခြေအနေတည်ငြိမ်နေသေးတယ်။ ဒါပေမဲ့ ဒီမနက်မှာ သွေးဖြူဥအရေအတွက်က ပြန်ကျသွားတယ်။ နာရီပေါင်းများစွာ အရေးပေါ်ကုသလိုက်လို့သာ အခြေအနေကို မနည်းထိန်းထားနိုင်တာ။ ဒါပေမဲ့ ဆရာဝန်တွေကတော့ နောက်တစ်ကြိမ်သာ ထပ်ဖြစ်ရင် သူတို့လည်း မတတ်နိုင်တော့ဘူးလို့ ပြောတယ်"

ချင်းရှို့ကျန်း၏လေသံမှာ ကူကယ်ရာမဲ့မှုများဖြင့် ပြည့်နှက်နေသည်။ အမှန်တကယ်တော့ ဗိုလ်ချုပ်ချင်းက ခန့်မှန်းထားသည်ထက် ပိုအသက်ရှည်သည်။ ကောင်းကင်ဘုံမှ အချိန်များစွာကို လုယူထားနိုင်ခဲ့သည်။ သို့သော် တစ်သက်လုံး စစ်တပ်အတွက် အနစ်နာခံခဲ့သော စစ်သည်တော်ဟောင်းတစ်ဦးအတွက် ရောဂါဝေဒနာကြောင့် လောကကြီးထဲက ထွက်ခွာရတော့မည့်အဖြစ်မှာ အလွန်စိတ်မကောင်းဖြစ်ချင်စရာကောင်းလှသည်။

"တခြားနည်းလမ်း မရှိတော့ဘူးလား"

"ရှိတော့ရှိတယ်"

ချင်းရှို့ကျန်းက ဆိုသည်။

"ဒါပေမဲ့ အခုခေတ် ဆေးပညာအရဆိုရင် တိုင်းရင်းဆေးဖြစ်ဖြစ် အနောက်တိုင်းဆေးဖြစ်ဖြစ် အဖေ့ရဲ့အသက်ကို ခဏပဲထိန်းထားနိုင်မှာ။ အမြစ်ပြတ်အောင်ကုချင်ရင်တော့ တခြားနည်းလမ်းတွေ လိုလိမ့်မယ်"

"ဘာနည်းလမ်းတွေလဲ"

"ရှေးဟောင်းအဂ္ဂိရတ်ပညာလေ"

ချင်းရှို့ကျန်းက ပြောပြသည်။

"လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းက မသေဆေးတွေတောင်ရှိခဲ့ဖူးတဲ့ ထူးခြားတဲ့ခေတ်ကာလတစ်ခု ရှိခဲ့ဖူးတယ်။ မသေဆေးဆိုတာက ဒဏ္ဍာရီတစ်ပုဒ်ဖြစ်နိုင်ပေမဲ့ အဲဒီတုန်းက ဆေးတွေကတော့ တကယ့်ကို အံ့ဩစရာ ကောင်းခဲ့တာ။ ဒါပေမဲ့ ဆေးဖော်စပ်နည်းတွေ အကုန်လုံးနီးပါးက ပျောက်ကွယ်သွားပြီလေ။ ဒါပေမဲ့ လုံရှားအဖွဲ့က .."

ချင်းရှို့ကျန်းက ကျန်းမုန့်လောင်ကို တစ်ချက်ကြည့်ကာ စကားဆက်ပြောရန် တုံ့ဆိုင်းနေပုံရသည်။

"ဗိုလ်ချုပ်ချင်း.. လုံရှားအထူးစစ်ဆင်ရေးတပ်ဖွဲ့အကြောင်း ပြောချင်တာမဟုတ်လား။ ကျွန်တော် သိပြီးသားပါ။ ဘာမှဖုံးကွယ်နေစရာ မလိုပါဘူး။ ကျွန်တော် ဒုတိယကမ္ဘာအကြောင်း အကုန်သိတယ်"

"မင်းက ငါထင်ထားတာထက်တောင် ပိုသိနေတာပဲ"

ချင်းရှို့ကျန်းက ပြုံးလျက် ဆိုလေသည်။

"အံ့ဩစရာမရှိပါဘူး"

ကျန်းမုန့်လောင်က ပြန်ဖြေသည်။

"ခင်ဗျားမိသားစုက နှစ်ပေါင်းထောင်ချီ လက်ဆင့်ကမ်းလာတဲ့ အမွေတွေရှိနေရင် တချို့အရာတွေကို မသိဘဲနေဖို့ကတောင် ပိုခက်ပါလိမ့်မယ်"

"အမှန်ပဲ။ လုံရှားတပ်ဖွဲ့ရဲ့ သိုလှောင်ရုံထဲမှာ ရှေးဟောင်းဆေးဖော်စပ်နည်းတချို့ရှိတယ်။ တချို့ကို ရှေးဟောင်းအပြိုအပျက်တွေထဲက တွေ့တာ။ တချို့ကိုတော့ ရှေးခေတ်ဧကရာဇ်တွေဆီကရတာ။ အဲဒီထဲမှာ သွေးကင်ဆာကို ကုသနိုင်ခြေရှိတဲ့ ဆေးဖော်စပ်နည်းတစ်ခုကို ငါတို့ တွေ့ထားတယ်"

"ဩော်"

ကျန်းမုန့်လောင် မျက်ခုံးပင့်လိုက်မိသည်။

"ကျွန်တော်သိသလောက်တော့ သွေးကင်ဆာဆိုတာ မျိုးရိုးဗီဇသန္ဓေပြောင်းမှုကြောင့် ဖြစ်တာ။ အပြင်ပန်းအချက်အလက်တွေနဲ့ ဆက်စပ်နေပေမဲ့ အခြေခံအားဖြင့်တော့ မျိုးရိုးဗီဇရဲ့ အနက်ရှိုင်းဆုံးအဆင့်မှာ ဖြစ်တာ"

"ဟုတ်တယ်"

ချင်းရှို့ကျန်း ခေါင်းညိတ်ပြလိုက်သည်။

"ဒီဆေးဖော်စပ်နည်းက မျိုးရိုးဗီဇကို တည်ငြိမ်အောင်လုပ်ပေးပြီး မျိုးရိုးလိုက်တဲ့ရောဂါတွေကို ဖြေရှင်းဖို့ ဖန်တီးထားတာ"

"မှတ်တမ်းတွေအရတော့ အဂ္ဂိရတ်ပညာနဲ့ ဆေးဖော်စပ်နည်းတွေက အဲဒီခေတ်တုန်းက ပျံ့နှံ့နေတယ်ဆိုပေမဲ့ တစ်ခေတ်ဆန်းတဲ့လူတချို့က မျိုးရိုးဗီဇပြောင်းလဲစေတဲ့ ဆေးဖော်စပ်နည်းတွေကို ဖန်တီးခဲ့ဖူးတယ်။ အဲဒီဆေးက ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကို မြှင့်တင်ဖို့ လူသားတွေကို မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲပေးနိုင်တယ်။ အဲဒီဆေးတွေကြောင့် ဖြစ်လာတဲ့ ပျက်စီးမှုတွေကို ကုသဖို့အတွက် ဒီဆေးနည်းကို ဖော်စပ်ခဲ့တာ"

"ဒါဆို အဲဒီဆေးနည်းအတိုင်းသာ ဖော်စပ်နိုင်ရင် လောင်ချင်းကို ကုနိုင်မယ်လို့ ဆိုလိုတာလား"

"သီအိုရီအရတော့ ဟုတ်တယ်"

ချင်းရှို့ကျန်း ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေမဲ့ ခေတ်သစ်ဆေးပညာရော သိပ္ပံပညာရော ဒီဆေးကို ထုတ်နိုင်စွမ်းမရှိဘူး။ အဲဒါကြောင့် ဆေးနည်းတွေက သိုလှောင်ရုံထဲမှာပဲ ဖုန်တက်နေခဲ့ရတာ။ တကယ့်အဂ္ဂိရတ်ပညာရှင်တွေမှပဲ ဒီဆေးကိုဖော်နိုင်မှာ"

"လုံရှားမှာ ဒီလိုလူတွေရှိမှာပါ"

"ရှိပါတယ်။ လုံရှားမှာ အဂ္ဂိရတ်ပညာရှင်မျိုးဆက်တွေ ရှိတယ်။ အထက်ကို တင်ပြထားပြီးပြီ။ အခု သူတို့တွေ အဖေ့အနားမှာ ရှိနေကြတယ်"

"ဒါဆိုရင်တော့ အကောင်းဆုံးပေါ့"

လောင်ကျိုးလည်း အတန်ငယ် စိတ်သက်သာရာရသွားသည်။

"သူတို့ အောင်မြင်ပါစေလို့ပဲ ဆုတောင်းရမှာပေါ့"

...

ချင်းမိသားစုက ယန်ကျင်းရှိ ရှေးဟောင်းစံအိမ်ကြီးတစ်ခုတွင် နေထိုင်ကြသည်။ ထိုရပ်ကွက်မှာ နိုင်ငံတော်၏ တည်ထောင်သူများသာ နေထိုင်သည့်နေရာဖြစ်ပြီး အပြင်မှာ ရွှံ့တလူးလူးဖြင့် ကစားနေသည့် ကလေးတစ်ယောက်၏ မိဘကပင် ရာထူးကြီးမားသူတစ်ယောက် ဖြစ်နေတတ်သည်။

လောင်ချင်း၏အခန်းမှာ ခြံဝင်း၏အတွင်းအကျဆုံးအပိုင်းတွင် ရှိပြီး အခန်းထဲတွင် ကုတ်အင်္ကျီအဖြူဝတ်ထားသည့် ဆရာဝန်လေးငါးယောက်ခန့် ရှိနေပေသည်။ သူတို့က ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း လောင်ချင်း၏ရောဂါကိုမူ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပုံရသည်။

ချင်းဖုန်းလည်း ထိုနေရာတွင် ရှိနေပြီး သူ့ဘေးရှိ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးမှာ သူ့အမေပင်ဖြစ်ရမည်။ ချင်းဖုန်း၏အမူအရာကား လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ အမြတ်ရလိုက်စဉ်ကလို မဟုတ်ဘဲ ညှိုးငယ်နေချေသည်။

"လောင်ချင်း"

ကျန်းမုန့်လောင်က လှမ်းခေါ်လိုက်သည်။

"မုန့်လောင်.. မင်း ဒီကို ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"

ချင်းဖုန်းမှာ ကျန်းမုန့်လောင်ကို တွေ့လိုက်ရသည့်အတွက် အံ့ဩသွားသည်။

"မစ္စတာကျိုးက မင်းရဲ့အဘိုးအခြေအနေအေကြောင်း ပြောနေတာကို ကြားမိလို့လေ။ အဲဒါကြောင့် ငါ ဘာများကူညီနိုင်မလဲလို့ လိုက်လာတာ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"အခု သူ ဘယ်လိုနေလဲ"

ချင်းဖုန်းက ခေါင်းခါယမ်းပြသည်။

"အဘိုးက ကိုမာဝင်နေတုန်းပဲ။လုံရှားအဖွဲ့ထဲက လူတွေက အထဲမှာ ဆေးဖော်နေကြတယ်။ မနေ့ညကတည်းဆိုရင် တော်တော်ကြာသွားပြီ"

"ကျွီ"

တံခါးဖွ့င်သံနှင့်အတူ မုတ်ဆိတ်ဖြူဖြူနှင့် အဘိုးကြီးနှစ်ယောက်က အထဲက ထွက်လာလေသည်။

"အကြီးအကဲပိုင် အကြီးအကဲစွန်း.. ဘယ်လိုလဲ။ အောင်မြင်ခဲ့လား"

ချင်းရှို့ကျန်းတို့လည်း အနားသို့ ဝိုင်းသွားလိုက်ကြသည်။

"အမလေး"

သူတို့နှစ်ယောက်က ခေါင်းခါယမ်းပြလိုက်သည်။

"ကျွန်တော်တို့ဆရာသာရှိရင် စမ်းကြည့်လို့ရဦးမှာ။ ဒါပေမဲ့ ကျွန်တော်တို့အစွမ်းအစက မလုံလောက်ဘူး။ ဆေးရဲ့အာနိသင်ကလည်း အားနည်းနေတယ်။ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်"

ချင်းမိသားစုဝင်များမှာ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။ ဤသည်မှာ အဘိုးအိုအတွက်တော့ သေဒဏ်ချလိုက်သည့်အလားပင်။

ထိုစကားကြောင့် အကြီးအကဲချင်း၏ သမီးများနှင့် မြေးမများမှာ ထိန်းမထားနိုင်ကြတော့ပေ။

"ဆေးဖော်စပ်နည်းကို တစ်ချက်လောက်ကြည့်လို့ရမလား"

ကျန်းမုန့်လောင်၏အသံက လူအုပ်ကြားက ထွက်ပေါ်လာသည်။

"မင်းက ဘယ်သူလဲ"

"ဒီဆေးနည်းက အရမ်းတန်ဖိုးကြီးတယ်။ မင်းကြည့်ချင်တိုင်း ကြည့်လို့ရမယ်များထင်နေတာလား"

ပိုင်မျိုးရိုး အကြီးအကဲက မကျေမနပ်ဖြစ်နေသော အမူအရာကို ပြသလာသည်။

"ဝန်ကြီးချင်း.. ဒီလိုအရေးကြီးကိစ္စမျိုးမှာ ဘာလို့ အပြင်လူကို ခေါ်လာရတာလဲ"

"ကျုပ်ခေါ်လာတာ"

မစ္စတာကျိုးက ကျန်းမုန့်လောင်ဘက်က ချက်ချင်းဝင်ပြောပေးသည်။

မစ္စတာကျိုးကို မြင်လိုက်ရသည်နှင့် ထိုနှစ်ယောက်စလုံး ချက်ချင်းစကားစရပ်သွားလေသည်။ သူတို့နှစ်ယောက်စလုံးက ရှေးဟောင်းသိုင်းပညာရှင်များ ဖြစ်ကြသော်လည်း မစ္စတာကျိုးကဲ့သို့သော လူတစ်ယောက်ရှေ့မှာတော့ မဝင့်ကြွားရဲပေ။

"ကျွန်တော်အထဲဝင်ပြီး ကြည့်ကြည့်မယ်"

ကျန်းမုန့်လောင်က အခန်းထဲသို့ ဝင်သွားလိုက်သည်။ အခန်းကား နွေးထွေးနေဆဲပင်။ ဆေးဖော်စပ်စဉ်က ထုတ်လွှတ်ခဲ့သော အတွင်းအားမှ အသွင်ပြောင်းလာသော အပူပင်ဖြစ်ရမည်။

ကျန်းမုန့်လောင်မှာ ဆေးဖော်စပ်နည်းကို အစအဆုံးမမြင်ခဲ့ရသော်လည်း မည်းတူးနေသည့် ဆေးအနှစ်များကို မြင်လိုက်ရရုံဖြင့် ထိုလူနှစ်ယောက်၏ ဆေးဖော်စပ်နည်းက အလွန်အကြမ်းထည်ဆန်လှကြောင်း သိနိုင်သည်။

"ဆေးတွေကို ဖြုန်းတီးလိုက်တာပဲ"

ကျန်းမုန့်လောင်က ခေါင်းခါယမ်းလိုက်မိသည်။ ဤဆေးများမှာ သူ့အတွက်တော့ မပြောပလောက်သော်ငြား ပြင်ပကမ္ဘာတွင်မူ ရှားပါးလှသည်။

"မစ္စတာကျိုး.. ကျွန်တော်က လူ့အသက်တစ်ချောင်းကို ကယ်ပေးချင်ပေမဲ့ သူတို့က ဆေးဖော်စပ်နည်းကို မပြဘူးဆိုတော့ ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘူး"

"လူကြီးမင်းတို့ ဒီဆေးဖော်စပ်နည်းက..."

"မင်းကိုပြလိုက်လို့လည်း ဘာမှဖြစ်မသွားဘူး"

မစ္စတာကျိုး၏ ဖိအားပေးမှုကြောင့် ပိုင်မျိုးရိုးအကြီးအကဲက ဝါကျင့်ကျင့်တိရစ္ဆာန်သားရေလိပ်တစ်ခုကို လှမ်းပေးလိုက်၏။

"မင်းလိုကလေးတစ်ယောက် ဘာနားလည်မှာလဲ"

"ဟဲဟဲဟဲ"

ကျန်းမုန့်လောင်ကတော့ လှောင်ပြုံးသာပြုံးလိုက်သည်။

အသက်ကယ်ဖို့က အရေးကြီးသဖြင့် သူတို့နှင့် စကားများမနေတော့ချေ။

"အားနိသင်ပြင်းတဲ့ဆေးတွေချည်းပဲ"

ကျန်းမုန့်လောင်က ဖုန်းထုတ်လိုက်သည်။

"ဟုန်းရီ လူတွေရောက်နေပြီလား"

"မစ္စတာကျန်း.. သူတို့တွေက ခြံဝင်းအပြင်မှာ စောင့်နေပါတယ်"

"ဦးလေးချင်း.. ကျွန်တော့်မိတ်ဆွေတစ်ယောက် အပြင်မှာရောက်နေတယ်။ သူ့ကို အစောင့်တွေက တားထားလို့ ဝင်ခွင့်ပေးလိုက်ပါဦး"

ချင်းရှို့ကျန်းက ကျန်းမုန့်လောင် ဘာလုပ်မလဲဆိုသည်ကို နားမလည်သော်ငြား ခေါင်းညိတ်ပြလိုက်ဆဲသာ။

မကြာခင်မှာပင် နိဖုန်းအမြန်ချောပို့မှ ပစ္စည်းပို့သမားတစ်ယောက်က ဘူးတစ်ဘူးကိုကိုင်၍ ပြေးဝင်လာသည်။

"ကျန်းမုန့်လောင်က ဘယ်သူလဲ"

"သေစမ်း။ ဒါကဘာလဲဟ"

ကျန်းမုန့်လောင်က ဖုန်းထဲကတစ်ဆင့် ဆဲလိုက်လေသည်။

"မစ္စတာကျန်း... ခင်ဗျားပဲ ခပ်လျှိုလျှိုနေဆို"

"ကောင်းပြီ။ ကောင်းပြီ။ ငါ အခုမအားဘူး"

ကျန်းမုန့်လောင်က ဖုန်းချလိုက်ချေသည်။ သူ့ဘဝတွင် ဤမျှအထိ ဆွံ့အဖူးခြင်းမရှိပေ။

ကျန်းမုန့်လောင်မှာ ဘူးကိုဖွင့်ကြည့်လိုက်ပြီးနောက် အနီရောင်အရွက်များပါသည့် အပင်တစ်ပင်ကို ဆွဲထုတ်လိုက်သည်။

"ဒါ.. ဒါက လွန်ခဲ့တဲ့နှစ်ပေါင်း၁၂၀၀တုန်းက မျိုးတုန်းသွားတဲ့ အာနိသင်ပြင်းဆေးဖက်ဝင်အပင်မဟုတ်လား။ မင်းက ဘယ်လိုလုပ်..."

ထိုအဂ္ဂိရတ်ပညာရှင်နှစ်ယောက်ခမျာ ကျန်းမုန့်လောင်၏လက်ထဲရှိ အရာကို မြင်သောအခါ တည်ငြိမ်မနေနိုင်တော့ပေ။

သူတို့သိထားသလောက်ဆိုလျှင် ထိုအပင်မှာ အလွန်အဖိုးတန်ပြီး သူ့အရည်က အဆင့်မြင့်ဆေးဝါးများ ဖော်စပ်ရာတွင် မရှိမဖြစ်လိုအပ်ကြောင်း သိထားသည်။

"ဘာတွေအံ့ဩနေစရာရှိလို့လဲ"

ကျန်းမုန့်လောင်က နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်ကို တွန့်ကွေးလိုက်သည်။

"တန်ဖိုးကြီးတာလည်းမဟုတ်ဘဲနဲ့။ ကျုပ်မိသားစုရဲ့ဆေးဖက်ဝင်ပန်းခြံထဲမှာ အများကြီးရှိတယ်"

****************

All Chapters