အခန်း (၇၀၅)
Vol. 47 Ch. 705
ဤစကားတစ်ခွန်းကြောင့် ကျန်းမုန့်လောင်ကိုကြည့်သော ထိုလူနှစ်ယောက်၏အကြည့်က ပြောင်းလဲသွားသည်။
လွန်ခဲ့သည့်နှစ်ပေါင်း၁၂၀၀ခန့်က မျိုးတုံးသွားခဲ့သော အပင်တစ်ပင်ကို သူ့ကိုယ်ပိုင်ဆေးဥယျာဉ်ထဲမှာ စိုက်ပျိုးထားသတဲ့လား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..
ဤသို့သော အပင်မျိုးမှာ မီးတောင်ဝကဲ့သို့ အလွန်အမင်းပူပြင်းသည့် နေရာမျိုးတွင် ပေါက်ရောက်နိုင်သည်။
ကျန်းမုန့်လောင်.. မင်းက မီးတောင်ထိပ်မှာနေတယ်လို့တော့ မပြောနဲ့နော်...
"မဖြစ်နိုင်ဘူး။ မင်း ဒါကို ဘယ်မှာရှာတွေ့တာလဲ။ နောက်ဆုံးမှတ်တမ်းတင်ထားတာက စုန့်မင်းဆက်တုန်းက ဆေးမြစ်စုဆောင်းသူတစ်ယောက်က ဂူထဲမှာ ရှာတွေ့ခဲ့တယ်လို့ပဲ ရေးထားတာ။ ဒါကို လူလုပ်စိုက်ခင်းထဲမှာ စိုက်ပျိုးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး"
"ဒါဆိုရင်တော့ ခင်ဗျားတို့ တော်တော်ဗဟုသုတနည်းတာပဲ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ကျုပ်တို့မိသားစုက စိတ်စွမ်းအားရှင်တွေကို အလုပ်ခန့်ထားပြီး ဒီအပင်တွေရှင်သန်ဖို့လိုအပ်တဲ့ အပူချိန်အမြင့်ကြီးတွေကို ဖန်တီးပေးထားတာ။ ဒီလိုဆိုရင်ရော စိုက်ပျိုးလို့မရဘူးလား"
"အလုပ်ဖြစ်တယ်လား"
ကျန်းမုန့်လောင်က ချမ်းသာကြောင်း လူတိုင်း သိပါသော်ငြား ယခုလိုကိစ္စမျိုးအတွက်နှင့် စိတ်စွမ်းအားရှင်များကို ငှားရမ်းရလောက်သည်အထိ ချမ်းသာခြင်းလေလား။
"အဲဒါတင်မကဘူး"
ကျန်းမုန့်လောင်က ဆက်ပြောလိုက်၏။
"ကျုပ်တို့မိသားစုထဲက စိတ်စွမ်းအားရှင်တွေက ရေပူစမ်းတွေ ပူနေအောင်လုပ်ပေးတာတို့၊ နှင်းလျှောစီးကွင်းတွေ ဆောက်ပေးတာတို့၊ ဥယျာဉ်ခြံမြေကို ထိန်းသိမ်းစောင့်ရှောက်တာတို့၊ မိုးအတုရွာအောင်လုပ်ပေးနိုင်တာတို့လည်း ကူညီပေးကြတယ်"
"စိတ်စွမ်းအားရှင်တွေက ဘယ်တုန်းကတည်းက ဒီလောက်အထိ သိက္ခာမဲ့သွားတာလဲ"
အကြီးအကဲပိုင်က ခပ်တိုးတိုးရေရွတ်လိုက်သည်။
စိတ်စွမ်းအားရှင်များက ဤမျှအထိ ပိုက်ဆံပြတ်လပ်နေကြသလား။
သို့သော် သူ့ထိတ်လန့်မှုက မပြီးဆုံးသေးချေ။ ကျန်းမုန့်လောင်က အမြန်ချောပို့ဘူးထဲမှ အပင်တစ်ပင်ပြီးတစ်ပင် ဆက်တိုက်ထုတ််နေဆဲပင်။
အမှန်အတိုင်းဆိုရလျှင် လိုအပ်သည့်အရာများကို ကျန်းမုန့်လောင် မသိပါချေ။ ထို့ကြောင့် လိုအပ်လောက်မည့် အရာတိုင်းကို တစ်ပင်နှစ်ပင်စီ ကြိုပြင်ခိုင်းထားခြင်းဖြစ်၏။
သို့သော် သူ့အတွက် သာမန်ဆန်လှသော အရာများမှာ အခြားလူများအတွက်တော့ ဒဏ္ဍာရီဆန်ဆန်အရာများ ဖြစ်နေပြီး တချို့ဆိုလျှင် နာမည်ပင်မကြားဖူးကြပေ။
"ကဲ.. ဒီပစ္စည်းတွေရဲ့အာနိသင်က လောက်မှာပါ"
ကျန်းမုန့်လောင်က ဆေးဖော်စပ်နည်းကို အကြီးအကဲနှစ်ယောက်ထံသို့ ပြန်ပေးလိုက်သည်။
"သေချာလေ့လာပြီး တတ်နိုင်သလောက်သင်ယူထားကြ"
"မင်းက ဆေးဖော်စပ်တတ်တာလား"
အကြီးအကဲနှစ်ယောက်စလုံး အံ့ဩမှင်တက်သွားကြသည်။ ဤစကားမှာ ပုံမှန်ဆိုလျှင် သူတို့တပည့်များကို သူတို့ပြောတတ်သည့် စကားများပင်။ သို့သော် အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်က သူတို့အား ပြောသင့်သည်လော။
"မုန့်လောင်.. မင်း တကယ်လုပ်တတ်တာလား"
"ထူးဆန်းလို့လား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"အရင်တစ်ခေါက်တုန်းက ငါ မင်းကိုပေးခဲ့တဲ့ ပြဒါးရှင်လုံးက ခိုးထားတာလို့ ထင်နေတာလား"
"အဲဒါကို မင်းလုပ်ထားတာလား"
"တခြားဘာများဖြစ်နိုင်ဦးမှာလဲ"
ကျန်းမုန့်လောင်က ပြုံးစစဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ ငါက ဆေးဖော်စပ်နည်းကို သင်ထားတာမဟုတ်ဘူး။ အဂ္ဂိရတ်ပညာကို သင်ထားတာ"
"အဂ္ဂိရတ်ပညာလား"
အကြီးအကဲနှစ်ယောက်၏မျက်နှာကား ပိုပျက်ယွင်းသွားလေသည်။ သူတို့ကိုယ်သူတို့ အဂ္ဂိရတ်ပညာရှင်ဟု ခေါ်ဝေါ်နေကြသော်ငြား တကယ်တမ်းတွင် အခြေခံဆေးဖော်စပ်နည်းများကိုသာ တတ်မြောက်ထားခြင်းပင်။ အဂ္ဂိရတ်ပညာရှင်အစစ်ဖြစ်ဖို့ ဝေးသေးသည်။ ဆရာဝန်များထက် နည်းနည်းပိုတတ်ရုံသာ။
ရှေးခတ်တုန်းက အဂ္ဂိရတ်ပညာရှင်များမှာ ဆေးဖော်စပ်သူများထက် အဆပေါင်းများစွာ သာလွန်ပေသည်။
အဂ္ဂိရတ်ပညာရှင်များနှင့် ဆေးဖော်စပ်သူများရှိ အကြီးမားဆုံးကွာခြားမှုမှာ ဆေးပင်ကို ပြဒါးရှင်လုံးအဖြစ် ပြောင်းလဲနိုင်စွမ်းရှိမရှိပင်။ ဆေးမှုန့်ဆေးရည်နှင့် ပြဒါးရှင်လုံးကြားရှိ ကွာခြားမှုမှာ သိသာလွန်းလှသည်။
ဆေးမှုန့်နှင့် ဆေးရည်များမှာ ဆေးဖက်ဝင်အပင်၏အဆီအနှစ်ကို ထုတ်ယူနိုင်သော်လည်း အာနိသင်ကို အပြည့်အဝမပေးစွမ်းနိုင်ချေ။ ဆယ်ရာခိုင်နှုန်းမှ နှစ်ဆယ်ရာခိုင်နှုန်းခန့်သာ ထိရောက်မှုရှိတတ်သည်။
သို့သော် ပြဒါးရှင်လုံးများမှာ ဒဏ္ဍာရီထဲတွင်သာ ရှိတော့သည်ဖြစ်ရာ အမတများသာ ဖော်စပ်နိုင်သည်ဟု ဟွာရှားဒဏ္ဍာရီတွင် ဖော်ပြထားသည်။
ယခုခေတ်တွင် ဆေးဖော်စပ်နည်းကို သိသူအနည်းငယ်ရှိနိုင်သော်ငြား အဂ္ဂိရတ်ပညာမှာမူ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
"လူငယ်လေး.. မင်း အဂ္ဂိရတ်ပညာကို တကယ်တတ်မြောက်ထားတာလား"
ထိုလူနှစ်ယောက်၏ စိတ်နေသဘောထား၊ လေသံနှင့် အခေါ်အဝေါ်တို့မှာ ချက်ချင်းပြောင်းလဲသွားသည်။
"ဒါက ကျုပ်တို့မိသားစုထဲမှာ မရှိမဖြစ်လိုအပ်တဲ့ စွမ်းရည်တစ်ခုလေ"
ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။
"ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော့်မိဘတွေက ကြိမ်လုံးနဲ့ရိုက်ပြီး သင်ပေးခဲ့တာ။ အဂ္ဂိရတ်မသင်ဘူးဆိုရင် ဘာမှမကျွေးဘူး"
"မုန့်လောင်.. မင်း ယုံကြည်မှုရှိလား"
ချင်းဖုန်းက စိုးရိမ်ပူပန်စွာ မေးလိုက်လေသည်။
"ငါ့ကို အဲဒီမေးခွန်းမေးတာက တစ်အပေါင်းနှစ်က ဘာရလဲလို့မေးတာနဲ့ အတူတူပဲ။ ငါ့ဉာဏ်ရည်ကို စော်ကားနေသလိုပဲ"
"ဒါဆို မင်း ဘာလိုအပ်လဲ။ ငါ ကူညီပေးမယ်"
ကျန်းမုန့်လောင်၏စကားကြောင့် ချင်းဖုန်းခမျာ မျှော်လင့်ချက်များ မြင့်တက်လာသည်။
"အဂ္ဂိရတ်ပညာက ပစ္စည်းကိရိယာတချို့တော့လိုတယ်"
ကျန်းမုန့်လောင်က ထပ်ဖြည့်ပြောလိုက်၏။
"တိတိကျကျပြောရရင် မီးပြင်းဖိုတစ်လုံးလိုတယ်။ ယဇ်ပူဇော်တဲ့နေရာတွေ ဘုရားကျောင်းတွေမှာသုံးတဲ့ အမွှေးတိုင်အိုးကို ပြောတာမဟုတ်ဘူးနော်"
"ဒါက.."
ချင်းဖုန်း၏မျက်နှာထက်တွင် ပူပန်သွားသည့် အမူအရာများ ပေါ်ပေါက်လာသည်။ အဂ္ဂိရတ်ပညာက ကွယ်ပျောက်သွားသည်မှာ ကြာလှပြီဖြစ်လေရာ မီးပြင်းဖိုကို ဘယ်ကသွားရှာရမည်နည်း။
"ထားလိုက်တော့။ မင်းဆီမှာမရှိလောက်ဘူးဆိုတာ ငါသိတယ်။ ရှိမယ်လို့လည်း မထင်ထားပါဘူး"
ကျန်းမုန့်လောင်လည်း မျက်ဆန်လည်ပြလိုက်သည်။
"ခဏနေဦး။ ငါတို့ဆီမှာ ရှိတယ်"
အကြီးအကဲနှစ်ယောက်က အမြန်ဝင်ပြောလေသည်။
"လုံရှားတပ်ဖွဲ့ရဲ့သိုလှောင်ရုံထဲမှာ ရှေးဟောင်းသင်္ချိင်းတစ်ခုကနေ ထွက်လာတဲ့ မီးပြင်းဖိုတစ်လုံးရှိတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးလေးထောင်လောက်ကလက်ရာဖြစ်နိုင်တယ်။ အဲဒါဆိုရင် အဆင်ပြေလား"
"ရတယ်"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေမဲ့ သွားလိုက်ပြန်လိုက်လုပ်ဖို့ဆိုရင် အချိန်ကြာဦးမှာလေ။ ဒီမှာရှိတာနဲ့ပဲ လုပ်လိုက်တော့မယ်"
ကျန်းမုန့်လောင်က ခြံဝင်းထဲတွင် လှည့်ပတ်ကြည့်ရှုနေသည်။
"ဒါက ဘာလုပ်တဲ့နေရာလဲ"
ကျန်းမုန့်လောင်က မီးခိုးထွက်နေသည့်နေရာတစ်ခုကို လက်ညှိုးထိုး၍ မေးလိုက်လေသည်။
"အဲဒါက မီးဖိုချောင်ပါ။ မြေအိုးမီးဖိုတစ်ခုပဲရှိတယ်။ အဘိုးက အရင်ခေတ်ကဆိုတော့ ထမင်းပေါင်းအိုးကိုသုံးရတာ အဆင်မပြေလို့ ဒီပစ္စည်းတွေကို ဒီအတိုင်းထားထားတာ"
ချင်းဖုန်းက ရှင်းပြလိုက်သည်။
"သွားကြစို့။ သွားကြည့်ရအောင်"
သူတို့တစ်သိုက်လည်း ကျန်းမုန့်လောင်အနောက်ကလိုက်၍ ရှေးဟောင်းမီးဖိုချောင်ထဲသို့ ဝင်လာခဲ့လိုက်သည်။ ၎င်းမှာ အလွန်ရိုးရှင်းလှသော မီးဖိုတစ်ခုပင်။ အပေါ်တွင် အိုးမဲပေနေသာအိုးတစ်လုံးနှင့် အောက်တွင်မူ ထင်းများရှိနေပေသည်။ ကျေးလက်ဒေသတွင်ပင် ဤအရာမျိုးကို ရှာတွေ့ရန် ခက်ခဲသွားပြီဖြစ်၏။
"ကောင်းပြီ။ ငါတို့ ဒါကိုအစားသုံးလိုက်မယ်"
"မင်းက ဒီအိုးနဲ့ ပြဒါးရှင်လုံးကို ဖော်စပ်မလို့လား"
အကြီးအကဲနှစ်ယောက်ခမျာ သူတို့၏လောကအမြင်များ ပြောင်းပြန်လန်သွားသလို ခံစားလိုက်ရသည်။
ရှေးဟောင်းစာပေများတွင် အဂ္ဂိရတ်ပညာ၏ လိုအပ်ချက်များမှာ အလွန်မြင့်မားလှသည်။ ဆေးဖော်သူ၏အရည်အချင်းအပြင် ဆေးဖက်ဝင်ပစ္စည်းများ၊ အဂ္ဂိရတ်မီးပြင်းဖိုနှင့် အဆင့်မြင့်မီးတောက်တို့မှာ မရှိမဖြစ်အရေးကြီးလှသည်။
ထိုအထဲတွင် မီးပြင်းဖိုမှာ အထူးအရေးကြီးလှသည်။ ၎င်းမှာ မီးအပူချိန် ညီမျှမှုရှိမရှိ အဆုံးအဖြတ်ပေးနိုင်ပြီး ဆေးဖော်စပ်မှုအောင်မြင်ခြင်းအပေါ်လည်း သက်ရောက်မှုရှိ၏။
ယခုမူ တစ်ဖက်လူက ဤအိုးတစ်လုံးဖြင့် ဆေးဖော်မည်ဟု ဆိုနေချေသည်။
ရှေးဟောင်းအဂ္ဂိရတ်ပညာရှင်များသာသိလျှင် မည်သို့တုံ့ပြန်လေမလဲ။
"လက်ရှိအခြေအနေအရ ဒါ အကောင်းဆုံးအစားထိုးနည်းလမ်းပဲ"
ကျန်းမုန့်လောင်လည်း မီးဖိုနားသို့ လျှောက်လာလိုက်သည်။ ထို့နောက် မီးဖိုအောက်တွင် ခရမ်းရောင်မီးတောက်တစ်ခုကို ပြင်းထန်စွာလောင်ကျွမ်းစေသည်။
"ကျန်းမုန့်လောင်က စိတ်စွမ်းအားရှင်တစ်ယောက်ပဲ"
လောင်ကျိုးနှင့် လောင်ချင်းတို့အနားရှိ လူများမှာ ဤအရာကို သံသယဖြစ်ခဲ့ကြသော်လည်း ယနေ့မှာတော့ အတည်ပြုနိုင်ခဲ့လေပြီ။
"ဒီမီးတောက်ရဲ့အပူချိန်က..."
အကြီးအကဲနှစ်ယောက်စလုံးက မဟာဒဏ္ဍာရီအဆင့်ပညာရှင်များဖြစ်လေရာ ဤမီးတောက်က မည်မျှပူပြင်းကြောင်း ခံစားမိသည်။
သူတို့၏ခွန်အားဖြင့် မီးတောက်ဖန်ဆင်းနိုင်သော်လည်း အများဆုံးရှီလှ သုံးရာဒီဂရီမှ ငါးရာဒီဂရီခန့်သာ ရှိတတ်သဖြင့် ထင်းမီး၏အပူချိန်လောက်သာ။
သို့သော် ကျန်းမုန့်လောင်၏ ခရမ်းရောင်မီးတောက်ကတော့ အနည်းဆုံး အပူချိန်ထောင်ဂဏန်းခန့် ရှိပေလိမ့်မည်။ ထျန်းယွမ်အဆင့်သိုင်းပညာရှင်များပင် ဤမျှပြင်းထန်လှသော မီးတောက်မျိုးကို မဖန်တီးနိုင်ကြချေ။
"သူ့မှာ တခြား ဘာလျှို့ဝှက်ချက်တွေများ ရှိနေသေးတာလဲ"
ချင်းဖုန်းခမျာ ကျန်းမုန့်လောင်ကို အကြောင်သားငေးနေမိသည်။
"ဒီကောင်က လျှို့ဝှက်ဆန်းကြယ်မှုကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ သိသားပဲ"
"တောင်အာဖရိကမှာ ဖမ်းသွားတယ်ဆိုတာကလည်း အဲဒီလူတွေက သရုပ်ဆောင်ခိုင်းထားတာလားလို့တောင် တွေးမိနေပြီ"
လောင်ကျိုး တီးတိုးပြောလိုက်လေသည်။
"အမေရိကမှာရှိတဲ့ စွမ်းအားရှင်မဟာမိတ်ဌာနချုပ် ပျက်စီးသွားတာက ဒီကောင်စုတ်လေးရဲ့လက်ချက်ပဲဖြစ်ရမယ်"
"ကျန်းမုန့်လောင်က ဆေးဖက်ဝင်ပစ္စည်းများကို အိုးထဲသို့ ပစ်လိုက်လိုက်လေရာ ဆေးများက ပူပြင်းလှသော အပူချိန်အောက်တွင် ချက်ချင်းအရည်ပျော်သွားပြီး ပျစ်နှစ်သော ဆေးရည်များအဖြစ် ပြောင်းလဲသွားသည်။
"ဒဏ္ဍာရီလာအဂ္ဂိရတ်ပညာရှင်တချို့ကတော့ မီးဖိုမလိုဘဲနဲ့တောင် မီးကိုပဲ မီးအဖြစ်သုံးနိုင်တယ်လို့ ကြားဖူးတယ်။ သူက အဲဒီအဆင့်ကိုတောင် ရောက်နေပြီလား"
"စကားမများနဲ့။ သေချာကြည့်ထား။ ဒါက ငါတို့အတွက် လေ့လာသင်ယူနိုင်မဲ့ အခွင့်အရေးကောင်းတစ်ခုပဲ"
"ကြည့်မနေနဲ့တော့။ ခင်ဗျားတို့ သင်ယူနိုင်မှာမဟုတ်ဘူး"
ကျန်းမုန့်လောင်က ဆေးဖော်စပ်ရင်း ပြောလိုက်သည်။
ဤသည်မှာ နာမည်ကျော်ဆေးနတ်ဘုရားယောင်ချန်း၏ အဂ္ဂိရတ်နည်းပညာများပင်။ တစ်ချက်ကြည့်ရုံမျှဖြင့် တတ်မြောက်သွားမည်ဆိုပါက ဤမျှအထိ အဖိုးတန်နေမည်မဟုတ်ပေ။
ဆေးရည်များက မြင့်မားလှသော အပူချိန်အောက်တွင် တစ်စက်ပြီးတစ်စက် ပေါင်းစပ်သွားသည်။ အစတုန်းက ပါဝင်နေခဲ့သော အနံ့ဆိုးများလည်း ပျောက်ကွယ်သွားပြီး ဆေးရနံ့သင်းပျံ့လာချိန်တွင် သာမန်လူတစ်ယောက်ဖြစ်သော ချင်းဖုန်းပင် ထိုဆေးရည်တစ်စက်၏အစွမ်းကို ခံစားရသည်။
မိနစ်အနည်းငယ်ကြာသော် အနီရောင်တောက်တောက် ဆေးလုံးတစ်လုံးက အိုးထဲတွင် ဖြည်းညင်းစွာလည်နေချေသည်။
"ပြီးပြီလား"
ကျန်းမုန့်လောင်က ငါးမိနစ်မပြည့်သေးခင်မှာပင် ဆေးဖော်စပ်နိုင်ခဲ့သည်။
သေစမ်း.. ကြက်ဥကြော်တာတောင် ဒီလောက်မမြန်ဘူး။
ဤသည်မှာ လူတိုင်း အဂ္ဂိရတ်ပညာကို တတ်မြောက်နိုင်သည်ဟူသော အမြင်မှားမျိုးကို ဖြစ်စေနိုင်သည်။
"မစ္စတာကျန်း အဆင်သင့်ဖြစ်ပြီလား"
အကြီးအကဲနှစ်ယောက်က သူ့အား မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။
"ဒါပေါ့။ ဒါက အခြေခံအဆင့်ပဲလေ။ နာရီပေါင်းများစွာ အချိန်ယူနေရမှာလား"
***************