← Chapters

👑 It’s All Right, Be Good

Vol. 20 Ch. 196

👑 It’s All Right, Be Good

Vol. 20 Ch. 196

မျက်စိတစ်မှိတ်အချိန်အတွင်း ကျန်းကျီမြောင်ထံ ပထမဆုံးမြား ပျံသန်းလာခဲ့သည်။

တုံရှောင်း၏ မျက်လုံးများက ကျန်းကျီမြောင်ကိုသာ စူးစူးရှရှ စိုက်ကြည့်နေခဲ့သည်။

သူ့လေးအတတ်စွမ်းရည်ကိုသူ ယုံကြည်မှုရှိသည်။ ကျန်းကျီမြောင်သာ အမှန်တကယ် မလှုပ်ရှားဘဲ ရပ်နေပါက သေမှာ သေချာပါသည်။

ကျန်းကျီမြောင်၏ ခန္ဓာကိုယ်လည်း အနည်းငယ် တုန်ယင်သွားခဲ့သည်။

မသေဆုံးခြင်းရောင်ဝါရှိနေသေးသဖြင့် သူမ ဘာမှမဖြစ်နိုင်မှန်း သိပါသည်။ သို့သော် သူမဆီ တန်းတန်းမတ်မတ် ပျံသန်းလာသည့် မြားကို ကြည့်ရင်း မသိစိတ်မှ ချောက် ချားမိတာတော့ အမှန်ပင်။

ယွဲ့လင်းလည်း နှုတ်ခမ်းကို သွေးထွက်သည်အထိ ကိုက်ထားလိုက်မိသည်။

ဒါသူ့အပြစ်တွေပင်…သူလုံလုံလောက်လောက် မသန်မာခဲ့တာကြောင့်၊ အသုံးမကျခဲ့တာကြောင့် မြောင်မြောင် အခုလို စွန့်စားနေရခြင်းဖြစ်သည်။

သူသာ နည်းနည်းလောက် ပိုသန်မာခဲ့လျှင်…

ယွဲ့လင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိတော့သည်။

ကျန်းကျီမြောင် ခန္ဓာကိုယ်အတွင်း ဖောက်ဝင်ခါနီးဆဲဆဲအချိန်တွင် မမြင်ရသည့် အကာအရံတစ်ခုကြောင့် မြားက ကန်ထွက်သွားပြီး မြေကြီးပေါ်ပြုတ်ကျသွားခဲ့သည်။

“ဒါ…!”

“ဒါဘယ်လိုဖြစ်တာလဲ!”

“မိဖုရားကြီးမှာ နတ်စွမ်းအင်တွေ တကယ်ရှိနေတာလား!”

နှစ်ဖက်စလုံးက စစ်သည်တော်များ အုတ်အော်သောင်း တင်းဖြစ်ကုန်ကြသည်။

မျက်စိရှေ့က မြင်ကွင်းကို သူတို့ဉာဏ်မမီနိုင်ကြတော့ပေ။

ယွဲ့လင်း လက်သီးဆုပ်တွေလည်း ပြေလျော့သွားခဲ့သည်။

ရှဲ့ချန်းနှင့် ဝန်ကြီးမှူးမတ်များကတော့ သိပ်အံ့အားသင့်ပုံမပေါ်ပါ။

နတ်စွမ်းအင်တွေ ပိုင်ဆိုင်ထားတဲ့ မိဖုရားကြီးအတွက် ဒီလောက်ကတော့ သာမန်ပဲမဟုတ်ပါလား ?

ကျန်းကျီမြောင် စကားလုံးတွေကို သူတို့ ပိုပိုပြီး ယုံကြည်လာကြပါပြီ။

အရှင်မင်းကြီးက ကောင်းကင်ဘုံ၏သားတော် အမှန်တကယ် မဟုတ်လျှင် မိဖုရားကြီးလို နတ်စွမ်းအင်ပိုင်ဆိုင်ထားသူက ကမ္ဘာမြေပေါ်အထိ ဆင်းသက်လာပြီး အခုလို ကာကွယ်ပေးနေမည် မဟုတ်ပါ။

အနောက်က တပ်သားများ၏ဆူညံသံတွေကို နားထောင်ရင်း တုံရှောင်းမျက်နှာ အကျည်းတန်သွားသည်။ ထို့နောက် ခက်ထန်စွာ အမိန့်ပေးလိုက်ပါသည်။

“အားလုံး ဇဝေဇဝါမဖြစ်ကြနဲ့! ဒီမိန်းမခန္ဓာကိုယ်ပေါ်မှာ ဓားသွားတွေ၊ မြားတွေကို ခုခံနိုင်တဲ့ ချပ်ဝတ်တန်ဆာတစ်ခုခု ဝတ်ဆင်ထားလို့ ဖြစ်နိုင်တယ်!”

ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားလို့ဟုတ်လား…

စစ်သည်တော်များ ခေါင်းတညိတ်ညိတ်ဖြစ်ကုန်ကြသည်။ ဒါလည်းဖြစ်နိုင်ပါသည်။

ကျန်းကျီမြောင်က လူ့လောကသို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးဖြစ်ပြီး အလွန်အစွမ်းထက်သည့် စွမ်းအားတွေကို ပိုင်ဆိုင်ထားသည်ဆိုတာထက် ဒီရှင်းလင်းချက်က သူတို့အတွက် လက်ခံနိုင်စရာ ပိုကောင်းသည်။

ကျန်းကျီမြောင် နည်းနည်းလေးမှ စိတ်မလှုပ်ရှားခဲ့ပါ။ အော်လန်က အချိန်မပြည့်သေးသဖြင့် သူမ အော်ပြောလိုက်သည်။

“ကောင်းပြီလေ၊ ခန္ဓာကိုယ်ပေါ်မှာ ချပ်ဝတ်တန်ဆာ ဝတ် ဆင်ထားနိုင်ချေရှိတယ်ပေါ့၊ အဲ့တာဆို မျက်လုံးကြားထဲကို ဆိုရင်ကော၊ ခေါင်းတည့်တည့်ကို ချိန်ရွယ်ပြီး ပစ်လိုက်လေ”

ထို့နောက် သူမ မျက်ခုံးကြားထဲကနေရာကို လက်ဖြင့်ထောက်ပြကာ ကျန်းကျီမြောင် ပြောလိုက်သည်။

“လာလေ၊ ဒီတည့်တည့်ကို မြားနဲ့ပစ်လိုက်စမ်းပါ!”

ကျန်းကျီမြောင်က ယုံကြည်မှုရှိလွန်းနေသဖြင့် တုံရှောင်း အံကြိတ်မိသည်။

သို့သော် မြားကို လေးပေါ်မှာ တင်ပြီးနေပြီဖြစ်သဖြင့် ရွေးချယ်စရာမရှိတော့ပါ။

အားလုံးရဲ့စောင့်ကြည့်မှုအောက်မှာ တုံရှောင်း ဒုတိယမြားတစ်စင်းကို ပစ်လွှတ်လိုက်သည်။

အားလုံး မျှော်လင့်ထားသည့်အတိုင်း ထိုမြားကို ကျန်းကျီမြောင်၏ နဖူးတည့်တည့်သို့ ချိန်ရွယ်ကာ ပစ်လွှတ်လိုက်ခြင်း ဖြစ်ပါသည်။

ဒီတစ်ခါတော့ မြင်ကွင်းက အံ့အားသင့်စရာ ပိုကောင်းခဲ့သည်။

အဟန့်အတားမရှိလျှင် ကျန်းကျီမြောင်နဖူးပေါ် မြားစိုက်ဝင်သွားတော့မှာ သေချာပါသည်။

သို့သော် သူမ အသားနဲ့ ထိခါနီးဆဲဆဲအချိန်တွင် မမြင်ရသည့် စွမ်းအားတစ်ခုခုကြောင့် လေထဲမှာပင် မြားနှစ်ပိုင်းကျိုးသွားပြီး မြေကြီးပေါ် ပြုတ်ကျသွားခဲ့သည်။

နှစ်ဖက်စစ်သည်တော်များ၏ဆူညံသံတွေ ပိုမိုကျယ်လောင်လာခဲ့သည်။

ဒီလို ဖြစ်ရပ်မျိုး သူတို့တစ်ခါမှ မတွေ့ဖူးမကြုံဖူးခဲ့ပါ။

မိဖုရားကြီးက ဓားပြီးလှံပြီးရုံတင်မကဘဲ မြားတစ်စင်းကိုပါ လေထဲမှာ နှစ်ပိုင်းကျိုးသွားအောင် လုပ်နိုင်စွမ်းရှိသည်။

ဧကန္တ သူမ ပြောခဲ့တာတွေက တကယ်ပဲလား…

ကောင်းကင်ဘုံရဲ့သားတော် ယွဲ့လင်းကို ကာကွယ်ပေးဖို့ ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးပြန်ဝင်စားလာတာဆိုတာ အမှန်ပဲလား…

ဒါဆို ယွဲ့လင်းကို ဓားတွေလှံတွေနဲ့ ရွယ်ထားကြတဲ့ သူတို့တွေက ကောင်းကင်ဘုံရဲ့ အလိုဆန္ဒကို ဆန့်ကျင်နေသလို ဖြစ်သွားပြီး ပုန်ကန်သူတွေ ဖြစ်မသွားနိုင်ဘူးလား…

“နောက်ဆုံးတစ်ချက် ကျန်သေးတယ်နော်”

တုံရှောင်းကို ကျန်းကျီမြောင် ခံစားချက်မဲ့စွာ ကြည့်လိုက်သည်။

တုန်ရှောင်းက သဘာဝလွန်ဖြစ်ရပ်များကို အယုံအကြည်ရှိသူမဟုတ်ပါ။ သို့သော် ဒီလိုဖြစ်ရပ်မျိုးကို မျက်ဝါးထင် ထင် မြင်တွေ့လိုက်ရသောအခါမှာတော့ သူ့နှလုံးသား အလိုလိုတုန်ယင်လာမိပါသည်။

တုန်ရှောင်း နောက်တစ်ဖန် လေးတင်လိုက်သည်။ သို့သော် သူ့လက်တွေ ထိန်းမနိုင်သိမ်းမရဖြစ်အောင် တုန်ယင်လာပါပြီ။ ခွန်အားတွေကိုတောင် ထုတ်မသုံးနိုင်တော့ပေ။

တုံရှောင်း အကြောက်တရားကို ခံစားနေရလေပြီ။

ဧကန္တ… ဒါလည်း ကျန်းကျီမြောင်ရဲ့နတ်စွမ်းအားပဲလား…

တုံရှောင်း အချိန်အတော်ကြာအောင် တွန့်ဆုတ်နေခဲ့သဖြင့် ကျန်းကျီမြောင်ကပဲ ရန်သူ့တပ်တွေဆီ လျှောက်သွားခဲ့သည်။

ကျန်းကျီမြောင်ကို အော်ဟစ်တားဆီးချင်သည့် စိတ်များအား ယွဲ့လင်း မနည်းထိန်းချုပ်ထားခဲ့ရပါသည်။

မြောင့်မြောင့်ကို ယုံကြည်ပါ့မည်ဟု သူ ကတိပေးထား သည်။

တုံရှောင်း စစ်တပ်ဆီ ဦးတည်ကာ ကျန်းကျီမြောင်တစ်လှမ်းချင်းလှမ်းလာခဲ့သည်။

“အရမ်းဝေးနေလို့ မထိမှာစိတ်ပူနေတာလား တုန်ရှောင်း၊ ကျွန်မ အနီးအနားကို ရောက်နေပြီလေ! ပစ်လိုက်စမ်းပါ! ရှင်တို့ထဲက ကျွန်မကို ဘယ်သူထိခိုက်အောင်လုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့!”

ကျန်းကျီမြောင် အသံက စူးရှထက်မြက်သည်။

စိတ်မထိန်းနိုင်တော့သည့် တုံရှောင်း၏ကိုယ်ရံတော်များက ကျန်းကျီမြောင်ထံ မြားတွေပစ်လွှတ်ခဲ့ကြသည်။

သို့သော် အသုံးမဝင်ပါ။

ကျန်းကျီမြောင်ထံမရောက်ခင် လေထဲမှာပင် မြှားတွေ ပျက်စီးသွားကြလေသည်။ ဆန်းကြယ်သည့် ထိုမြင်ကွင်းကြောင့် စစ်သည်တော်များစွာ၏ ခံယူချက် ပြောင်းလဲကုန်ကြသည်။

မြားမိုးတွေကြားထဲမှာ လျှောက်လှမ်းရင်း တုံရှောင်းရှေ့သို့ ကျန်းကျီမြောင် ရောက်လာခဲ့ပါသည်။

ရန်သူ့စစ်သည်တော်တစ်ဦး၏ ဓားချက်ကိုပင် သူမ ခံနိုင် ရည်ရှိခဲ့သည်။

အားလုံး နှုတ်ခမ်းတွေ တုန်ယင်သွားပြီး ဘာမှဝင်မပြောဝံ့တော့ပါ။

ကျန်းကျီမြောင် ဓားတစ်လက်ကိုယူကာ သူမလက်ချောင်းတွေကို ဖြတ်ဖို့ ကြိုးစားပြလိုက်သည်။ သို့သော် သူမ လက် ချောင်းတွေ ဘာမှမဖြစ်ဘဲ ဓားကသာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ပါသည်။

သူတို့ဒီကို ဘာလို့ လိုက်လာခဲ့မိမိပါလိမ့်…!

သူတို့ရင်ဆိုင်နေရတာ သေမျိုးမဟုတ်ဘူး!

ကောင်းကင်ဘုံရဲ့ မသေမျိုးတစ်ယောက်ပဲ!!

ကျန်းကျီမြောင် တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။

“တုံရှောင်းကို သတ်ပစ်လိုက်ကြ၊ အဲ့တာဆို နင်တို့ အသက်ရှင်ဖို့ အခွင့်အရေးရှိလိမ့်မယ်”

တုံရှောင်းအသံတွေ တုန်ယင်လာသည်။

“စုန်းမ… မဟုတ်တာတွေ… မပြောနဲ့!”

ကျန်းကျီမြောင်ကို ခုတ်ဖို့အတွက် တုံရှောင်း ဓားမြှောက်လိုက်သည်။

“တုံရှောင်းကိုသတ်!!”

“တုံရှောင်းကို သတ်ကြ!!!”

ဘေးနားမှ စစ်သည်တော်များက ရုတ်တရက် ကြွေးကြော်လိုက်ကြလေသည်။

ကျန်းကျီမြောင်ကို တုံရှောင်း မတိုက်ခိုက်နိုင်ခင်မှာပင် သူ့စစ်သည်တော်များ၏ ဝန်းရံမှုကို ခံလိုက်ရပြီး ဓားပေါင်းများစွာ၏ ခုတ်ထစ်မှုကို ခံလိုက်ရပါသည်။

တုံရှောင်း စူးစူးဝါးဝါးအော်သံတစ်သံသာ ထွက်နိုင်ခဲ့ပြီး ခပ်မြန်မြန်ပဲ တိတ်ဆိတ်သွားခဲ့သည်။ တုံရှောင်း၏ ကိုယ် ရံတော်တွေက တုံရှောင်းကို ကာကွယ်ပေးဖို့ကြိုးစားကြသော်လည်း သူတို့တွေပါ ခုတ်သတ်ခံလိုက်ရသည်။

သွေးထွက်သံယိုမြင်ကွင်းကို မကြည့်ချင်သဖြင့် ကျန်းကျီမြောင် အမြန်ဘေးရှောင်နေလိုက်ပါသည်။

ဒီလိုနဲ့ မင်းဆက်တစ်ခု၏ ပုန်ကန်သူခေါင်းဆောင်တစ်ဦး ကျဆုံးခဲ့ရသည်။

ထို့နောက် တုံရှောင်း၏စစ်သည်တော်များက ကျန်းကျီမြောင်ကို မျှော်လင့်တကြီးကြည့်လိုက်ကြသည်။

ကျန်းကျီမြောင် အနည်းငယ်ပြုံးလိုက်ပြီး တည်တည်ငြိမ်ငြိမ် မိန့်လိုက်သည်။

“အဓိက အပြစ်သားကိုတော့ သုတ်သင်ပြီးပြီ။ သူ့ဦးဆောင်မှုနောက်ကို လိုက်ခဲ့တဲ့လူတွေ သေဆုံးသွားတဲ့အခါ ငရဲမခံရအောင် ဒီမိဖုရားလွတ်ငြိမ်းခွင့်ပေးလိုက်ပြီ။ လူ့လောကမှာရှိနေစဉ်အတွင်းတော့ အရှင်မင်းကြီးရဲ့ဆုံး ဖြတ်ချက် အမိန့်တော်ကို ခံယူရမယ်။ အသက်ရှင်ချင်တယ်ဆိုရင် ဘာလို့လက်နက်တွေ ကိုင်ထားကြသေးတာလဲ”

စစ်သည်တော်များ ရုတ်တရက် အသိစိတ်ကပ်သွားကြပြီး လက်နက်တွေကို တစ်ယောက်ပြီးတစ်ယောက် ပစ်ချလိုက်ကြပါသည်။

ထို့နောက် ယွဲ့လင်းရှိရာဘက်သို့ လှည့်ကာ ဒူးထောက်လိုက်ကြသည်။

ယွဲ့လင်းလည်း တည်ငြိမ်စွာ မိန့်လိုက်သည်။

“အားလုံးကို တုံရှောင်းလှည့်စားခဲ့မှန်း ကျန်းသိတယ်၊ အခု တုံရှောင်းနဲ့ သူ့သစ္စာခံတွေကို သုတ်သင်ပြီးသွားပြီဆိုတော့ ကျန်တဲ့လူတွေကို ကျန်းသေဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုတယ်”

“အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ!”

“အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ!”

စစ်မြေပြင်တစ်ခုလုံး ချီးမြှောက်သံများဖြင့် ဆူညံသွားခဲ့သည်။

သို့သော် ယွဲ့လင်းကတော့ သူတို့တွေကို ဂရုမစိုက်အားပါ၊ မိန့်ကြားပြီးတာနဲ့တစ်ပြိုင်နက် ကျန်းကျီမြောင်ထံ ပြေးလာခဲ့သည်။

သူပြေးသွားသည့်ပုံစံက ဧကရာဇ်မင်းတစ်ပါး၏ သိက္ခာနဲ့ပင် မညီလှပေ။

ကျန်းကျီမြောင် ကြက်သေသေသွားပြီး တစ်ခုခုပြောဖို့ ကြံလိုက်စဉ် သူမလက်တွေကို ယွဲ့လင်းတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

သူ့လက်တွေ… တော်တော် တုန်ယင်နေပါ့လား

[အရှင်မင်းကြီး ကြောက်နေတာလား]

[ဒီမိဖုရား ဘာမှမဖြစ်ပါဘူး]

ကျန်းကျီမြောင် နူးညံ့သိမ်မွေ့စွာ နှစ်သိမ့်လိုက်ပေးလိုက်သည်။

သို့သော် ယွဲ့လင်းကတော့ ဘာမှပြန်မပြောဘဲ ကျန်းကျီမြောင်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့သည်။

ယွဲ့လင်း၏အတွေးသံကို ကြားရဖို့ ကျန်းကျီမြောင် ကြိုးစား အာရုံခံလိုက်သည်။

သို့သော် ယွဲ့လင်းအာရုံထဲမှာ ဘာအတွေးမှရှိမနေပါ။ ကျန်းကျီမြောင်၏အမည်ကိုသာ ထပ်ခါတလဲလဲခေါ်နေခဲ့သည်။

ကျန်းကျီမြောင် နှလုံးသားရုတ်တရက်နူးညံ့သွားခဲ့ရသည်။

ခေတ္တတွန့်ဆုတ်သွားပြီးနောက် ယွဲ့လင်းကို သူမ ဖြည်း ညှင်းစွာ ပြန်ပွေ့ဖက်ထားလိုက်တော့သည်။

[အားလုံးအဆင်ပြေသွားပါပြီ မကြောက်နဲ့တော့နော်]

All Chapters