← Chapters

👑 Everyone Can Hear?

Vol. 20 Ch. 199

👑 Everyone Can Hear?

Vol. 20 Ch. 199

နောက်ဆုံးတော့ တတိယအတင်းအဖျင်းထံ ရောက်ရှိလာပြီဖြစ်သည်။

[ယွဲ့ဟွာသေသွားတဲ့ သတင်းကိုကြားပြီး ဟန်ရှို့ရုန်အကြီး အကျယ် ရင်ကွဲနာကျခဲ့တယ်တဲ့၊ သူ့အတွက် ကလဲ့စား ပြန်ချေပေးမယ်လို့လည်း သစ္စာဆိုခဲ့တယ်၊ ဟန်ရုန်က သူ့ညီမကိုသည်းခံထားဖို့ တိုက်တွန်းပြီး ယွဲ့ဟွာအတွက် ကလဲ့စား ချေနိုင်ဖို့ ကူညီပေးမယ်လို့လည်း ကတိပေးခဲ့တယ်]

ကျန်းကျီမြောင် မျက်ခုံးပင့်လိုက်မိသည်။

[အိုး… အဲ့တာဆို ဟန်ရှို့ရုန်လည်း ပါနေတာပေါ့၊ ယွဲ့ဟွာကို အဲ့လောက်တောင် မြန်မြန်ဆန်ဆန် စွဲလမ်းသွားတာလား]

ကျန်းကျီမြောင် နားမလည်နိုင်ဖြစ်မိသည်။

ဟန်ရှို့ရုန်ဆိုတာ ဟန်ရုန့် ညီမဖြစ်သည်။ မူလဝတ္ထုထဲမှာ ဟန်ရုန်ဆိုတာ ဝူကျီးအားသစ္စာဖောက်ခဲ့သူဖြစ်သည်။ ဟန်ရုန်နှင့် ဟန်မိသားစုတို့က ဝူကျီးအရိုးစုများကို နင်းခြေရင်း အာဏာရလာခဲ့ကြသူများဖြစ်သည်။

ဝတ္ထုထဲမှာ ဟန်မိသားစု ဒီလိုသစ္စာဖောက်ခဲ့ရတာက ယွဲ့ဟွာကြောင့်ဆိုလျှင် ယခု ယွဲ့ဟွာသေဆုံးသွားပြီဖြစ်သော် လည်း ဟန်ရှို့ရုန် ကလဲ့စားချေချင်နေရခြင်းက ‘အချစ်ရူး’တစ်ယောက်၏လုပ်ရပ်ဟု ယူဆလို့ရသည်။

သို့သော် ဟန်ရုန်၏လုပ်ရပ်ကမူ နားလည်ရခက်သည်။ ယွဲ့ဟွာ မရှိတော့တာတောင် ညီမဖြစ်သူအား ဘာကြောင့်ကူညီပေးနေရမှန်း ကျန်းကျီမြောင် နားမလည်နိုင်ပါ။

သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…

ယွဲ့ဟွာ စစ်မြေပြင်မှာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သူ့ကို ကွပ်မျက်ဖို့ အမိန့်ပေးခဲ့သူကလည်း ယွဲ့လင်းကိုယ်တိုင်သာ။ သူကလဲ့စားချေချင်လျှင် ယွဲ့လင်းအားလက်တုန့်ပြန်မှရလိမ့်မည်။

အလောင်းကောင်ဖြစ်သွားတဲ့ ယွဲ့ဟွာအတွက် ဒီလောက်ထိလုပ်ပေးရတာ တန်လို့လား…

တစ်ခုခု သံသယဖြစ်စရာကောင်းနေသည်ဟု ကျန်းကျီမြောင် ခံစားမိသည်။

သို့သော် စနစ်မှဖော်ပြထားသည့် အချက်အလက်တွေကို ကြည့်ရသလောက် ဟန်မိသားစုက စစ်မြေပြင်၌ပုန်ကန်တာမျိုးသာ လုပ်နိုင်လောက်သည်။

ပုံမှန်ဆိုလျှင်တော့ ယွဲ့လင်းကို ဒီအကြောင်းတွေ သွယ်ဝိုက်ပြီး သဲလွန်စပေးဖို့ ကျန်းကျီမြောင် နည်းလမ်းရှာရဦးမှာ ဖြစ်သည်။ ယခုတော့ ကျန်းကျီမြောင် အပင်ပန်းခံစရာမလိုတော့ပါ။

အတွေးဖလှယ်ခြင်းအဆောင်က အချိန်မပြည့်သေးသဖြင့် သူ့အတွေးသံတွေကို ယွဲ့လင်းကြားနေရလောက်သေးသည်။

[ဒီလိုစဉ်းစားကြည့်တော့လည်း အတွေးဖလှယ်ခြင်းအဆောင်က အသုံးဝင်သားပဲ၊ အာညောင်းခံပြီး စကား ပြောစရာတောင် မလိုဘူး၊ ငါ့လို ငပျင်းနဲ့ တကယ်လိုက် ဖက်တယ်]

ကျန်းကျီမြောင် စိတ်ကျေနပ်စွာတွေးလိုက်သည်။

ကိုယ်လုပ်တော်များအားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

အင်း…

ဘယ်လို ပြောရမလဲ…

တကယ်တော့ သူတို့အားလုံးလည်း မိဖုရားကြီး၏အသံကို ကြားနေရသည်။

သူတို့ တစ်ခုခုပြောသင့်သလား…

အမှန်တရားကိုသိသွားလျှင် မိဖုရားကြီး စိတ်ဆိုးသွားမလား သူတို့ မပြောတတ်ပါ။

အားလုံးတွန့်ဆုတ်နေကြစဉ် ကျန်းကျီမြောင် ရုပ်ရှင်စုဆောင်းမှုထဲ မဆိုင်းမတွဝင်ရောက်လိုက်သည်။ ညီအစ်မတွေနှင့် စကားပြောနေခြင်းဖြစ်သော်လည်း အနောက်မှာ ဆူညံသံလေးတချို့ ဖွင့်ထားချင်မိသည်။

ဒီတစ်ခေါက် ဘာရွေးရင်ကောင်းမလဲ…

ကျန်းကျီမြောင် ဇာတ်လမ်းတွဲတွေထဲ အချိန်အတော်ကြာအောင် မွှေနှောက်ရှာဖွေလိုက်ပြီး နောက်ဆုံးတော့ မျက်နှာပေါ်မှာ သဘောတွေ့သွားသည့် အမူအရာဖြစ်သွားခဲ့သည်။

[ဟုတ်ပြီ ဟုတ်ပြီ ဒီတစ်ခုပဲ! ယူမယ့် ယူ ဒီလိုမျောက်မျိုးကို ယူသင့်တာပေါ့!]

ယွဲ့လင်း: “???”

ဘယ်က မျောက်လဲ!

ဘယ်မျောက်က မြောင်မြောင်နဲ့ ထိုက်တန်လို့လဲ!

ယွဲ့လင်းမျက်လုံးများ ရုတ်တရက် စူးရှသွားခဲ့သည်။

ကျန်းကျီမြောင် ‘အနောက်အရပ်သို့ခရီးသွားခြင်း’ကို ဖွင့်ကြည့်လိုက်သည်။

အဖွင့်သီချင်းကိုမြင်လိုက်ရသည်နှင့် ယွဲ့လင်း မှင်သက်သွားခဲ့ရသည်။

ဒါ… ဒါ တကယ့်မျောက်ကြီးလား…

[မျောက်တွေအကြောင်း ဖော်ပြထားတဲ့ ရုပ်ရှင်တွေ ဇာတ် လမ်းတွဲတွေတောင် ရှိတယ်ပေါ့]

မကြားရတာကြာပြီဖြစ်သည့် ဇာတ်လမ်းတွဲ အဖွင့်သီချင်းသံကို ကျန်းကျီမြောင် နားဆင်နေစဉ် ယွဲ့လင်းအတွေးသံ ကြီးကို ရုတ်တရက်ကြားလိုက်ရပါသည်။

ယွဲ့လင်းကို ကျန်းကျီမြောင် အံ့အားသင့်စွာလှည့်ကြည့်လိုက်သည်။

[အရှင်မင်းကြီး… မြင်ရတယ်လား]

အတွေးဖလှယ်ခြင်းအဆောင်က အစွမ်းထက်လွန်းလို့ ပုံရိပ်တွေကိုပါ ဖလှယ်နိုင်တာများလား…

ယွဲ့လင်း အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။

[ကျန်း အမြဲတမ်း မြင်ခဲ့ရတာပါ]

ကျန်းကျီမြောင်: “???”

‘အမြဲတမ်း’ဆိုတာ ဘာစကားလဲ!!!

[ပြီးတော့ မြောင်မြောင့်အတွေးသံတွေကိုလည်း အမြဲတမ်း ကြားခဲ့ရတာ]

ယွဲ့လင်း ထပ်တွေးလိုက်သည်။

ကျန်းကျီမြောင် မျက်နှာအေးခဲသွားခဲ့သည်။ တစ်ကိုယ်လုံး တောင့်တင်းလွန်းသဖြင့် ဇာတ်လမ်းတွဲထဲက ‘အစ်ကိုမျောက်မင်း’၏မွေးဖွားမှုကပင် မကယ်တင်နိုင်တော့ပေ။

ဦးနှောက်တစ်ခုလုံးလည်း ချက်ချင်းဆိုသလိုပျော့ပြဲသွားခဲ့လေသည်။

သူ့အတွေးသံတွေကို ယွဲ့လင်းကြားနေရတာက အတွေးဖလှယ်ခြင်းအဆောင်ရဲ့အာနိသင် မဟုတ်ဘူးလား…

ပြီးတော့ သုံးရက်လောက်ပဲ ကြာမှာမဟုတ်ဘူးလား…

‘အမြဲတမ်း ကြားနေခဲ့ရတာ’ဆိုတာ ဘာစကားလဲ!!!

ကျန်းကျီမြောင် စနစ်ကိုဟိန်းဟောက်လိုက်သည်။

“ခွေးစနစ်!! ငါ့ကို သေချာရှင်းပြစမ်း! ဘာတွေဖြစ်နေတာလဲ!!!”

စနစ်လည်း တုန်ယင်သွားသည်။

“စနစ်ပိုင်ရှင်… ကျွန်ုပ်က အတွေ့အကြုံမရှိသေးတဲ့ စနစ်လေးမို့လို့… အမှားအယွင်းသေးသေးလေးတစ်ခု လုပ်မိတာကို နားလည်ပေးနိုင်မယ်မလားဟင်…”

စနစ်လည်း မကြာသေးခင်ကမှ သိရှိခဲ့ရခြင်းဖြစ်သည်။ စနစ်ထဲက ‘ဆက်သွယ်ရေးမုဒ်’ကို သူ မတော်တဆဖွင့်ထားမိခဲ့သည်။

ထိုမုဒ်သည် မတူညီသည့် စနစ်ပိုင်ရှင်တွေအချင်းချင်း ဆက်သွယ်ဖို့ အသုံးပြုရသည့် မုဒ်ဖြစ်သည်။ စကားပြောစရာမလိုဘဲ အတွေးသံများနှင့် စိတ်ချင်းဆက်သွယ်နိုင်မှာဖြစ်သည်။

သို့သော်လည်း ဒီကမ္ဘာမှာ စနစ်ပိုင်ရှင်ကား ကျန်းကျီမြောင်တစ်ဦးတည်းသာရှိသည်။ ထို့ကြောင့် ကျန်းကျီမြောင် အတွေးသံကို ယွဲ့လင်းတို့ကြားနိုင်သော်လည်း သူတို့၏ အတွေးသံများကို ကျန်းကျီမြောင်မကြားနိုင်ဘဲ ‘တစ်ဖက် သတ်မုဒ်’ အဖြစ် ပြောင်းလဲသွားခြင်းဖြစ်ပါလိမ့်မည်။

“နားလည်ပေးရမယ် ဟုတ်လား ? နင့်အမေကို နားလည်ပေးရမှာလား!”

ကျန်းကျီမြောင် အလွန်သွေးပျက်နေပါပြီ။ ယခင်တုန်းက သူ့အာရုံထဲမှာ ရှက်စရာအတွေးတွေများ တွေးခဲ့မိသလား ပြန်မှတ်မိဖို့ မနဲကြိုးစားနေရသည်။

“စနစ်ပိုင်ရှင် စိတ်လျှော့ပါဦး၊ စိတ်အေးအေးထားနော်၊ ဆက်သွယ်ရေးမုဒ်ကို မတော်တဆ ဖွင့်ထားလိုက်မိတယ် ဆိုပေမယ့် လူတိုင်းကြားနိုင်တာတော့ မဟုတ်ပါဘူး၊ စည်း မျဉ်းစည်းကမ်းတချို့ရှိတယ်၊ ဥပမာ ယွဲ့လင်းတစ်ယောက် တည်း ကြားနိုင်တာမျိုးပေါ့…”

စနစ်က ကျန်းကျီမြောင်အား ချော့ဖို့ရာ အသည်းအသန် ကြိုးစားလိုက်သည်။

ကျန်းကျီမြောင် အံကြိတ်ရင်း စနစ်ကိုထပ်ဆဲဖို့ ကြံလိုက်စဉ် ယွဲ့လင်း ထင်မှတ်မထားသည့် အကြောင်းအရာတစ်ခုကိုဖွင့်ချခဲ့ပြန်သည်။

[ကျန်းအပြင် အနောက်နန်းဆောင်က ကိုယ်လုပ်တော်တွေလည်းကြားနိုင်တယ်]

ကျန်းကျီမြောင်: “…”

ကျန်းကျီမြောင် ရေခဲတိုက်ထဲရောက်သွားသလို အေးခဲသွားလေသည်။

စနစ်: “… ကျွန်ုပ်ရှင်းပြတာ နားထောင်ဦးနော် စနစ်ပိုင်ရှင်! ဒီကိစ္စက မတော်တဆပါ! ဘာလို့ ဒီလိုတွေ ဖြစ်သွားတာလဲ ကျွန်ုပ်လည်း နားမလည်ဘူး!”

“ပါးစပိတ်ထား!!!”

ကျန်းကျီမြောင် ဟိန်းဟောက်လိုက်ပြန်သည်။

စနစ်က မဝံ့မရဲအသိပေးလိုက်ပါသည်။

“စနစ်ပိုင်ရှင်၊ အဲ့ဒီ ဆက်သွယ်ရေးမုဒ်ကို အချိန်မရွေး အဖွင့်အပိတ် လုပ်လို့ရတယ်နော်၊ စနစ်ပိုင်ရှင်ကိုယ်တိုင် ဆုံးဖြတ်ပါ”

ထိုသို့ပြောပြီးနောက် ထပ်အအော်ခံရမည်စိုးသဖြင့် စနစ် ဆောင်းခိုသွားလေတော့သည်။

ကျန်းကျီမြောင်: “…”

ထိုအချိန်တွင် စနစ် မျက်နှာပြင်ပေါ်၌ ခလုတ်လေးတစ်ခု ထင်ထင်ရှားရှားပေါ်လာသည်။ ယခု ခလုတ်ကလေးမှာ ‘On’ အနေအထားမှာရှိနေသည်။ တစ်ချက်လောက် နှိပ်လိုက်ရုံနှင့် ပိတ်ပစ်လိုက်လို့ရနိုင်သည်ပင်။

ကျန်းကျီမြောင် သူငယ်အိမ်များလှုပ်ခါသွားပြီး အနည်း ငယ်တွန့်ဆုတ်သွားခဲ့သည်။ ထို့နောက် သူ့အာရုံထဲမေးမြန်း လိုက်သည်။

[အားလုံး ငါ့ အတွေးသံကို ကြားနေရတာလား]

ကိုယ်လုပ်တော်များအားလုံးလည်း မျက်လုံးတွေ ဂနာမငြိမ်ဖြစ်သွားခဲ့ရသည်။

ချန်ရှုယိ ဦးဆောင်ကာ လျှောက်တင်လိုက်ပါသည်။

“ဒီကြင်ယာတော်တို့ အားလုံးကြားနိုင်ပါတယ် အရှင်မ၊ အရှင်မ ပြသခဲ့တဲ့ ဇာတ်လမ်းတွဲတွေအားလုံးကိုလည်း ဒီကြင်ယာတော်တို့ ကြည့်ခဲ့ရပါတယ်”

ကျန်းကျီမြောင်: “???”

သေချာစဉ်းစားကြည့်မှ သံသယဖြစ်စရာကောင်းခဲ့တာတွေကို ကျန်းကျီမြောင် သတိရမိပါသည်။ သို့သော်လည်း ထိုအချိန်တုန်းက ညီအစ်မများနှင့် နှလုံးသားချင်းဆက်နွယ်နေခြင်းကြောင့်ဟုသာ သူ ယူဆခဲ့တာဖြစ်သည်။

“အရှင်မ ပြသခဲ့တဲ့ အရာတွေက ဒီကြင်ယာတော်အတွက်တော့ ဉာဏ်အလင်းပွင့်စရာတွေဖြစ်ခဲ့ပါတယ်…”

အန်းကျောက်ရီလည်း အပြုံးဖြင့် လျှောက်တင်လိုက်သည်။

“ဒီကြင်ယာတော်ကို အရှင်မလှောင်ရယ်ချင်တယ်ဆိုလည်း စိတ်မဆိုးပါဘူး၊ သို့ပေမယ့် ချူးရှားရဲ့ ဇာတ်လမ်းကို ကြည့်ရှုခွင့်ရခဲ့ပြီး မိန်းမသားတွေလည်း လှပကောင်းမွန်တဲ့ဘဝမျိုးနဲ့ နေထိုင်နိုင်တယ်ဆိုတာကိုသာ မသိခဲ့ရင် ဒီကြင်ယာတော် အနောက်နန်းဆောင်ကနေထွက်ခွာဖို့ စိတ်ကူးရဲခဲ့မှာမဟုတ်ပါဘူး”

“ကျန်းဟွမ်ရာဇဝင်ကိုသာ မကြည့်ခဲ့ရရင် အနောက်နန်းဆောင်ဆိုတာ လှောင်အိမ်တစ်ခုဖြစ်မှန်း ဒီကြင်ယာတော် သိခဲ့မှာမဟုတ်ဘူး၊ အရှင်မလည်း လှောင်အိမ်ထဲကနေ လွတ်မြောက်အောင် ဒီကြင်ယာတော်တို့နဲ့အတူ လိုက်ခဲ့ပါလား”

ကြင်ယာတော်စုကလည်း လျှောက်တင်လိုက်သည်။

ယွဲ့လင်း ချက်ချင်း သူမအား စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။ ကြင်ယာတော်စု ကြက်သီးမွေးညှင်းများထသွားသော်လည်း မမြင်ချင်ယောင်သာဆောင်နေလိုက်ပါသည်။

“အရှင်မကြောင့် ဒီကိုယ်လုပ်တော်တို့ ရှင်ကွဲမကွဲဘဲ အတူ တူနေနိုင်ခဲ့ကြတာပါ”

မုန့်ချိုက်ရမ်နှင့် ဝမ်ပေါင်လင်တို့ တစ်ယောက်ကိုတစ်ယောက်ပြုံးပြကာ လျှောက်တင်လိုက်လေသည်။

သူမတို့ ဘဝတွေ၊ ကံကြမ္မာတွေက ကျန်းကျီမြောင်ကြောင့်သာ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အားလုံး ၏မျက်ဝန်းထဲ ကျေးဇူးတင်ပီတိဖြာမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ပထမတော့ ကျန်းကျီမြောင် အနည်းငယ်ရှက်ရွံ့မိသော် လည်း နောက်တော့ ယခုလိုတွေဖြစ်လာရခြင်းမှာ ကောင်း ကင်ဘုံ၏အလိုသာဖြစ်မည်ဟု ခံစားလိုက်ရသည်။

ညီအစ်မတွေ ဒီကမ္ဘာသစ်ထဲကို ရောက်ရှိလာကြပြီး ဘဝသစ်တွေ ပိုင်ဆိုင်သွားရအောင် ကောင်းကင်ဘုံက စီမံမေးခဲ့ခြင်းသာဖြစ်ပါလိမ့်မည်။

‘ဟင်းဟင်း’ မြည်အောင် ကျန်းကျီမြောင် ရယ်လိုက်ပြီး ရုတ်တရက်မိန့်လိုက်သည်။

“ဒီမိဖုရားတို့ အရင်တုန်းက ကြည့်ခဲ့တာတွေက ဘာမှမဟုတ်သေးဘူး! အားလုံးမြင်နိုင်တယ်ဆိုမှတော့ နောက်ဆို စိတ်လှုပ်ရှားစရာကောင်းတာတွေပဲ ဖွင့်ပြမယ်၊ နတ်ဘုရားသူရဲကောင်း ဇာတ်ကားကြီးတွေလိုမျိုးပေါ့၊ အခုတော့ အစ်ကိုတော်မျောက်မြင်းနဲ့ စလိုက်ကြစို့!”

နတ်ဘုရားသူရဲကောင်းဟုတ်လား…

အဲ့တာဘာလဲ…

မသေဆုံးမှုကို ရှာဖွေတာလား…

တရားမျှတမှုအတွက် တိုက်ပွဲဝင်တာလား…

အားလုံးပြုံးကာ ခေါင်းညိတ်လိုက်ကြသည်။

သူမတို့ကြားရှိ အဟန့်အတားတစ်ခုခု ကျိုးပေါက်သွားသလို အားလုံးခံစားလိုက်ရသည်။ အရှင်မ ထုတ်လွှင့်ပြသနေသည့် ဇာတ်လမ်းတွဲတွေအကြောင်းကို နှုတ်မှစိတ် ကြိုက်ထုတ်ပြောဆိုကာ ဆွေးနွေးနိုင်ခဲ့ကြပါပြီ။

အခါးရည်လေးသောက်လိုက် မုန့်လေးစားလိုက်နဲ့ ဇာတ် လမ်းတွဲကို အတူတူကြည့်ရှုခဲ့ကြသည်။ ကြည့်ရှုနေရင်း ညီအစ်မများနှင့်လည်း ဇာတ်လမ်းနှင့်ပတ်သတ်သော အတွေးအမြင်သစ်တွေကို ပွင့်ပွင့်လင်းလင်းဖလှယ်နိုင်ခဲ့ကြသည်။

အလွန်သက်တောင့်သက်သာရှိသည့် ဘဝလေးတစ်ခုဖြစ် လာခဲ့လေသည်။

All Chapters