← Chapters

👑 Upon the Imperial Court

Vol. 21 Ch. 201

👑 Upon the Imperial Court

Vol. 21 Ch. 201

ကူးပြောင်းလာသူမရှိသည့် ဇာတ်လမ်းထဲတွင် ယွဲ့လင်း ကြိုတင်ပြင်ဆင်မှုတွေ အများကြီးပြုလုပ်ခဲ့သည်။

စုစည်းနိုင်သည့် အင်အားစုမှန်သမျှကို စုစည်းပြီး မြို့တော်ဝန်းကျင်မှာ တုံရှောင်း၏ စစ်တပ်ကို ကြားဖြတ်ဟန့်တားခဲ့သည်။ ရက်ပိုင်းလောက်ကြာအောင် ခုခံပြီးနောက်ပြည် နယ်အသီးသီးမှ စစ်ကူများစွာ ရောက်ရှိလာခဲ့သည်။

နောက်ဆုံးတော့ တစ်ဦးတည်းဖြစ်နေသည့် တုံရှောင်းလည်း ယွဲ့လင်းမဟာမိတ်များကို မယှဉ်နိုင်တော့ဘဲ သေလမ်းကိုသာ ရောက်ရှိသွားခဲ့ရသည်။

တုံရှောင်း သေဆုံးပြီးနောက် မယ်တော်ကြီးလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး တုံရှောင်းနောက်လိုက်ပါသွားခဲ့သည်။

မူလဇာတ်လမ်းထဲ ယွဲ့ဟွာ၏မျိုးရိုးအစစ်အမှန်မှာ လျှို့ ဝှက်ချက်တစ်ခုအဖြစ်သာကျန်ရှိခဲ့သည်။ သို့တိုင် အရေး ကြီးတာ ဒါမဟုတ်ပေ။

တုံရှောင်းနှင့် မယ်တော်ကြီးတို့ သေဆုံးသွားပြီးနောက် ယွဲ့ဟွာ အားကိုးအားထားပြုစရာမရှိတော့ဘဲ နောက်ဆုံး အဆိပ်သေရည်တစ်ခွက်ကြောင့် အသက်ဆုံးရှုံးခဲ့ရလေတော့သည်။

မူလဇာတ်လမ်းထဲမှာ အခြေအနေတွေ ပိုခက်ခဲခဲ့ပြီး ယခုဘဝထက် ဆုံးရှုံးမှုတွေ ပိုများပြားခဲ့သော်လည်း နောက် ဆုံးတော့ ယွဲ့ဟွာအား ယွဲ့လင်း ရှင်းထုတ်နိုင်ခဲ့ပြီး ပုန်ကန်သူများကိုပါ အမြစ်ပြတ်နှိမ်နင်းနိုင်ခဲ့သည်။ ထို့နောက် အကြွင်းမဲ့ အာဏာကိုပိုင်ဆိုင်ထားသည့် ဘုရင်တစ်ပါး အမှန်ကယ်ဖြစ်လာခဲ့သည်။

သို့သော် ယွဲ့လင်း ငါးနှစ်သာ အသက်ရှင်နိုင်ခဲ့သည်။ ထိုယွဲ့လင်းကလည်း သူ့ခန္ဓာကိုယ်မှာ ပြဿနာရှိနေသဖြင့် မျိုး ဆက်မရရှိနိုင်ကြောင်းကို စောစောစီးစီး သိရှိခဲ့ရသည်။ ထို့ကြောင့် သူ မည်သူနှင့်မှ လက်ဆက်ထိန်းမြှားခြင်းမပြုခဲ့ဘဲ တော်ဝင်မျိုးနွယ်စုတွေထဲက ပါရမီရှင်ကလေးတွေကိုသာ ရွေးချယ်ပျိုးထောင်ပေးခဲ့သည်။

ငါးနှစ်ဟူသည့်အချိန်အတွင်း နယ်စားစနစ်ကို တစ်ဆင့်ချင်းဖျက်သိမ်းခဲ့သည်။ ထို့နောက် တရားမျှတမှုပိုရှိသည့် နန်းတွင်းစာမေးပွဲစနစ်ကို တည်ဆောက်ခဲ့သည်။

သူ့လက်အောက်ခံ စစ်သူကြီးတွေကလည်း လောတိုင်း ပြည်ကို အောင်နိုင်ခဲ့ပြီး ယုံမင်းဆက်၏နယ်မြေတစ်ခုအဖြစ် သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် တိုင်းတပါးမျိုးနွယ်စုများစွာကို ငြိမ်ဝပ်ပိပြားစေခဲ့ပြီး ယုံမင်းဆက်ပိုင်နက်ကို ပိုမိုကျယ်ပြန့်လာအောင်တိုးချဲ့နိုင်ခဲ့သည်။

ငါးနှစ်ဟူသည့်အချိန်အတွင်း ဧကရာဇ်မင်းအများစု တစ် သက်တာလုံး မလုပ်ဆောင်နိုင်မည့် အရာများစွာကို ယွဲ့လင်း အကောင်အထည်ဖော်ဆောင်ပေးသွားခဲ့သည်။

ထို့နောက် အရည်အချင်းပြည့်ဝသည့် အိမ်ရှေ့မင်းသား တစ်ပါးကို ရွေးချယ်ပေးပြီးနောက်မှာတော့ လောကကြီးထဲမှ ယွဲ့လင်း အေးအေးချမ်းချမ်းထွက်ခွာသွားလေတော့ သည်။

ယွဲ့လင်း နတ်ရွာစံပြီးနောက် နန်းတွင်းအရာရှိများမှစလို့ တိုင်းသူပြည်သားများအထိ ဖြေမဆည်နိုင်စွာ ငိုကြွေးခဲ့ကြသည်။

တိုးတောင်းလှသည့် သက်တမ်းကိုကောင်းမွန်စွာအသုံးချပြီး တန်ဖိုးရှိအောင် နေထိုင်သွားခဲ့သည်။

စနစ်မှ ဖန်တီးပေးထားသည့် မူလကံကြမ္မာဇာတ်လမ်းကို ကျန်းကျီမြောင်နှင့် ယွဲ့လင်းတို့ အတူတူ ကြည့်လိုက်ကြပါသည်။

ကျန်းကျီမြောင် ခံစားချက်များ အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

ဇာတ်လမ်းထဲက ယွဲ့လင်း မျက်လုံးတွေ ဖြည်းညှင်းစွာ မှိတ်လိုက်တာကို သူမ မြင်ခဲ့ရသည်။ ထိုခံစားချက်က လူ့လောကမှ သူအမှန်တကယ် ထွက်ခွာသွားသည့် ခံစားချက်မျိုးဖြစ်သည်။

ကျန်းကျီမြောင် ရုတ်တရက် ရင်တုန်သွားခဲ့သည်။

ယခု… ယွဲ့လင်းရောဂါကို အမြစ်ပြတ်ကုသပေးဖို့ နည်းလမ်း သူ ရှာမတွေ့သေးပါ။

နောက်လေးနှစ်ခန့်အကြာတွင် ယွဲ့လင်း သေဆုံးရတော့မည်။

ထိုသို့ တွေးမိရုံနဲ့ ကျန်းကျီမြောင် အသက်ရှူပင်ကြပ်လာမိသည်။

သို့သော် ရုတ်တရက်ဆိုသလို သူ့လက်ကို တစ်စုံတစ် ယောက်က လာကိုင်ပေးထားခဲ့သည်။

ညအမှောင်ထဲမှာ ယွဲ့လင်းမျက်လုံးများက နူးညံ့သိမ်မွေ့ပြီး အလွန်တောက်ပနေသည်။

သူတိုးညှင်းစွာ ပြောလိုက်သည်။

“ကိုယ် အသက်ရှင်နေပါသေးတယ်”

ကျန်းကျီမြောင်လည်း သူ့ကို ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။

“အင်း… ရှင် အသက်ရှင်နေပါသေးတယ်”

စနစ်စတိုးဆိုင်ကို Level 3 ထိ ရအောင်တင်ပြီး ယွဲ့လင်းကို သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်အောင် လုပ်ပေးဖို့အတွက် သူမ ကျိန်းသေပေါက် နည်းလမ်းရှာဖွေပါမည်။။

စနစ်ထဲက ဆက်သွယ်ရေးမုဒ်ကို ကျန်းကျီမြောင်ပိတ်ကာ ယွဲ့လင်းကို ပြောလိုက်သည်။

“တွေ့လား အရှင်မင်းကြီး၊ ဒီမိဖုရားမရှိဘဲနဲ့တောင် အရှင် မင်းကြီးက အရာရာစွမ်းဆောင်နိုင်ခဲ့တာပဲ၊ မူလကံကြမ္မာအရဆို အရှင်မင်းကြီးက လူတိုင်းရဲ့လေးစားကြည်ညိုမှုကို ခံခဲ့ရတဲ့ ပညာရှိဧကရာဇ်တစ်ပါး ဖြစ်လာခဲ့တာလေ”

ယွဲ့လင်း မျက်လုံးများနက်ရှိုင်းနေသည်။

“အင်း…”

“အဲ့တာကြောင့်…”

ကျန်းကျီမြောင် သတ္တိမွေးလိုက်ပြီး တစ်ခုခုပြောဖို့ ကြံလိုက်သည်။

“ဒါပေမယ့်”

ယွဲ့လင်း ရုတ်တရက် စကားဖြတ်ပြောလိုက်ပါသည်။

“အဲ့ဒီယွဲ့လင်းက တစ်ကြိမ်တစ်ခါမှ မပြုံးခဲ့ဖူးဘူးလေ”

တစ်ကြိမ်တစ်ခါမှ… မပြုံးခဲ့ဖူးဘူး ဟုတ်လား…

ကျန်းကျီမြောင် မှင်သက်သွားခဲ့သည်။

ကျန်းကျီမြောင်လက်ကိုယူပြီး သူ့နှလုံးသားပေါ် ယွဲ့လင်း တင်ထားပေးလိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းထက် ခပ်ပါးပါး အပြုံးတစ်ခုပေါ်လာခဲ့သည်။

“ပြီးတော့… ကိုယ်က အဲ့ဒီယွဲ့လင်းထက် အများကြီးပိုပျော်ရွှင်ရတယ်”

ကျန်းကျီမြောင်ခေါင်းထဲ အတွေးတစ်ခုသာရှိတော့သည်။

စနစ်ဆက်သွယ်ရေးမုဒ်ကို အချိန်မီပိတ်လိုက်လို့ တော်သေးတာပေါ့!!

မဟုတ်လျှင် ယခု သူ့အာရုံထဲ ပေါ်နေသည့် အတွေးသံတွေကို ယွဲ့လင်းကြားသွားနိုင်ပြီး သူမ မျက်နှာတောင်ဖော်ရဲတော့မည်မဟုတ်တော့ပါ။

ကျန်းကျီမြောင် လက်ကိုအမြန်ပြန်ရုတ်သိမ်းလိုက်သည်။

“မနက်ဖြန် ညီလာခံ ကြွမြန်းရဦးမယ်မဟုတ်လား ? အရှင် မင်းကြီး အိပ်စက်တော့နော်”

ထို့နောက် ကျန်းကျီမြောင်စောင်ခြုံကာ ယွဲ့လင်းကို ကျော ခိုင်းလိုက်တော့သည်။

ယွဲ့လင်း မျက်လုံးထဲပန်းတွေပွင့်နေသည်။ သူဘာမှ မပြောတော့ပါ။

သို့သော် ကျန်းကျီမြောင်ကမူ ယွဲ့လင်းအတွေးသံကို ကြားလိုက်ရသည်။

[ကောင်းသောညလေးပါ မြောင်မြောင်]

သာမန်ဆန်သည့် စကားလုံးများဖြစ်သော်ငြား ကျန်းကျီမြောင်မျက်နှာ ခရမ်းချဉ်သီးလို ချက်ချင်းနီမြန်းသွားခဲ့သည်။

သူ့ကို ညီအစ်မတွေ အပြစ်လာတင်လို့မရပါ။

ဒီယွဲ့လင်း… နည်းနည်းလောက်သာ ရုပ်ဆိုးခဲ့ရင်!

နည်းနည်းလောက်သာ ရုပ်ဆိုးခဲ့လျှင် သူ ဒီလောက်ထိတွေဝေနေစရာအကြောင်းမရှိချေ။

မျက်နှာတစ်ခုလုံးလည်း ရှက်စရာကောင်းအောင် နီမြန်းနေမည်မဟုတ်ပေ။

-

နောက်တစ်နေ့…

ပုန်ကန်သူတွေ မရှိတော့တာကြောင့်လား မသိနိုင်သော် လည်း ကြည်လင်နေသည့် ကောင်းကင်ပြာကြီး ကမ္ဘာမြေပေါ် ပြန်လည်ရောက်ရှိလာကာ နေမင်းကြီးကလည်း အလွန်တောက်ပနေခဲ့ပါသည်။

အလွန်သာယာသော နေ့လေးတစ်နေ့ဖြစ်သည်။

နန်းတွင်းအရာရှိတွေလည်း ညီလာခံသို့ တက်တက်ကြွကြွရောက်ရှိလာခဲ့ကြပါသည်။

တုံရှောင်း၏ ပုန်ကန်မှုပြဿနာကြောင့် သူတို့တွေလည်း ညပေါင်းများစွာ မအိပ်စက်နိုင်ဘဲ ရှိခဲ့ကြသည်။ မနေ့ညက သူတို့ အချိန်အတော်ကြာမှ အေးအေးချမ်းချမ်း ပြန်လည်အိပ်စက်နိုင်ခဲ့သည့် ပထမဆုံးညလေးဟု ဆိုနိုင်သည်။

ခန္ဓာကိုယ်တွေက အနည်းငယ် ပင်ပန်းနေဆဲဖြစ်သော် လည်း စိတ်ဓာတ်တွေကတော့ တက်ကြွလျက်ရှိကြသည်။

ယွဲ့လင်းနှင့် ကျန်းကျီမြောင်တို့ အတူတူကြွမြန်းလာတာကို မြင်ပြီး ဘယ်သူမှ အထူးအဆန်းမလုပ်ကြတော့ပါ။

အရှင်မကိုယ်တိုင် မိန့်ကြားထားပြီးသားမဟုတ်လား…

ယုံမင်းဆက်ကို ကယ်တင်ဖို့ အရှင်မင်းကြီးကို ကောင်းကင် ဘုံမှ စေလွှတ်ထားခြင်းဖြစ်ကာ အရှင်မင်းကြီးအားကာကွယ်ဖို့အတွက် မိဖုရားကြီးကိုလည်း ကောင်းကင်ဘုံမှ ထို့နည်းတူ စေလွှတ်ထားခဲ့သည်။

ထို့ကြောင့် မိဖုရားကြီးနှင့်အရှင်မင်းကြီးတို့ ညီလာခံအတူ တူ တက်ရောက်လာခြင်းမှာ ဘာပြဿနာမှ မရှိနိုင်ပါ။

ထိုနေ့က စစ်မြေပြင်မှာ ကျန်းကျီမြောင် စွမ်းဆောင်ခဲ့သည့်အရာများက ကောင်းကင်ဘုံတမျှဆန်းကြယ်လွန်းသည်။

ကျန်းကျီမြောင်က ကောင်းကင်ဘုံမှ ဆင်းသက်လာသူဖြစ်သည်ဆိုတာကို တချို့တွေက ယုံရခက်နေကြဆဲဖြစ် သည်။ သို့သော် နန်းတော်အတွင်းမှာ သံသယအများတတ်ဆုံး ဝန်ကြီးမှူးမတ်တွေကတော့ ဒါကို ယုံကြည်နေကြလေသည်။

ဟာသပဲ…!

မိဖုရားကြီးထံမှာ ရှိနေသည့်ဆန်းကြယ်မှုများက ဒီတစ်ခုတည်းမဟုတ်ပေ။

မိဖုရားကြီးသာ နတ်ဘုရားတစ်ပါးဝင်စားလာတာ မဟုတ်လျှင် သူမ အတွေးသံကို သူတို့တွေကြားရမည်မဟုတ်ပါ။ ထို့အပြင် သူမနှင့်အတူတူ ဇာတ်လမ်းတွဲတွေ ကြည့်နိုင်ကြမှာလည်း မဟုတ်ပေ။

နတ်ဘုရားတစ်ပါးမှလွဲပြီး ဒီလိုအရာတွေ ဘယ်လိုလူမျိုးကစွမ်းဆောင်နိုင်မည်နည်း။

ဝန်ကြီးမှူးမတ်များအားလုံး တလေးတစား ဂါဝရပြုလိုက်ကြပါသည်။

ယွဲ့လင်းရှင်းပြမှုကြောင့် စနစ်ဆက်သွယ်ရေးမုဒ်၏အသုံး ဝင်ပုံကို ကျန်းကျီမြောင် နားလည်ခဲ့ပြီဖြစ်သည်။

ထိုဆက်သွယ်ရေးမုဒ်ကို ဖွင့်ထားလိုက်လျှင် သူမအတွေးသံတွေကို ညီလာခံထဲက လူအတော်များများကြားနိုင်လိမ့်မည်။

ကျန်းကျီမြောင် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီး အကြံကောင်းတစ်ခု ရသွားခဲ့လေသည်။

အတိုင်ပင်ခံအမတ်ကြီးကို လှမ်းကြည့်ရင်း ကျန်းကျီမြောင် အာရုံထဲမှ တွေးလိုက်သည်။

[အတိုင်ပင်ခံအမတ်ကြီးရဲ့မုတ်ဆိတ်က ဖြူဖွေးပြီးရှည် လျားနေရော၊ အခွင့်အရေးရရင် လက်တစ်ဆုပ်စာလောက် ဆွဲနှုတ်ပစ်ချင်လိုက်တာ]

မုတ်ဆိတ်ကိုအမြတ်တနိုးပွတ်သပ်နေသည့် အတိုင်ပင်ခံအမတ်ကြီးလည်း ကျန်းကျီမြောင်အတွေးသံကို ကြားပြီး ရုတ်တရက် ကြက်သေသေသွားခဲ့သည်။ သူ့မျက်လုံးထဲ ချောက်ချားမှုအရိပ်အယောင်များပင် ပေါ်လာခဲ့သည်။

ကျန်းကျီမြောင် အူမြူးသွားရသည်။

သူတို့ တကယ်ကြားရတာပဲ!

ထို့နောက် နောက်ထပ်ပစ်မှတ်ကို ကျန်းကျီမြောင် ရွေးချယ်လိုက်ပါသည်။

[တရားရေးရာဝန်ကြီးရဲ့ ပါးစပ်မှာ ဘာလို့ ဆီတွေကွက်နေတာလဲ ? တစ်ခုခု ခိုးစားနေတာလား]

တရားရေးရာဝန်ကြီးလည်း လက်ထဲကမုန့်ကိုအမြန်ဖွက်လိုက်ရသည်။

ကျန်းကျီမြောင် စိတ်ပိုရွှင်သွားခဲ့လေသည်။

ယွဲ့လင်းလည်း ကျန်းကျီမြောင်ကို အမြတ်တနိုးကြည့်ကာ စစ်မက်ရေးရာဝန်ကြီးကို အရင်ဆုံး အစီရင်ခံခိုင်းလိုက်ပါသည်။

အရေးကြီး အလုပ်ကိစ္စတွေ စတင်တော့မှာဖြစ်သဖြင့် ကျန်းကျီမြောင်လည်း ငြိမ်ကျသွားခဲ့သည်။

[ထားလိုက်ပါတော့ ငါ့အတွေးသံတွေကြောင့် သူတို့ အလုပ်ကိစ္စတွေ အနှောင့်အယှက်ဖြစ်ကုန်ဦးမယ်၊ ငါ့ဖာသာ ငါပဲ ဇာတ်လမ်းတွဲတစ်ခုခုကြည့်နေလိုက်ပါ့မယ်]

အရာရှိအမတ်များ: “???”

သူတို့ကြားနိုင်တာကို မိဖုရားကြီးသိတယ်ပေါ့!!

ပြီးတော့ သူတို့နဲ့ဇာတ်လမ်းတွဲ အတူတူကြည့်ဖို့လည်း အစီအစဉ်မရှိဘူးထင်တယ်!!!

ယွဲ့လင်းထံ အားကြိုးမာန်တက်အစီရင်ခံဖို့ ပြင်နေသည့် စစ်မက်ရေးရာဝန်ကြီးလည်း ချက်ချင်းဆိုသလို မျက်နှာ ညှိုးငယ်သွားလေသည်။

အရင်တစ်ခေါက်က သုံးပြည်ထောင်ရာဇဝင်ကို သူတို့လည်းကြည့်ရှုချင်ပါသေးသည်။

ယွဲ့လင်း ရယ်ချင်သွားပြီး ကျန်းကျီမြောင်ကိုအတွေးထဲမှ ဆက်သွယ်လိုက်သည်။

[ကိစ္စမရှိဘူး၊ မြောင်မြောင် နောက်ခံဆူညံသံတွေလို့ပဲ သဘောထားလိုက်ပေါ့]

မျှော်လင့်ချက်များဖြင့် ပြည့်ဝနေသည့် အောက်က ဝန်ကြီးမှူးမတ်တွေကိုကြည့်ရင်း ကျန်းကျီမြောင်လည်း ပြုံးကာ ခေါင်းညိတ်လိုက်တော့သည်။

ဘာပဲဖြစ်ဖြစ် သူ့အတွက်တော့ အခက်အခဲမရှိပေ။

သုံးပြည်ထောင်ရာဇဝင်ကို ကြည့်လက်စနေရာမှ ကျန်းကျီမြောင် ဆက်ကြည့်ခဲ့သည်။ ဝန်ကြီးမှူးမတ်များ၏အစီရင် ခံမှုတွေကိုလည်း ရံဖန်ရံခါ နားထောင်နေသည်။

တုံရှောင်း၏အညံ့ခံတပ်သားများကိစ္စကို စီစဉ်ဆောင်ရွက်ပြီးပြီဖြစ်ကြောင်း စစ်မက်ရေးရာဝန်ကြီးက အစီရင်ခံခဲ့သည်။ ထိုတပ်သားများကို တပ်ဖွဲ့များအသီးသီးခွဲကာ မတူညီသည့်နေရာများထံသို့ပို့ဆောင်လိုက်မည်။ နှစ်အနည်း ငယ်ကြာသည်နှင့် ထိုတပ်သားများ တုံရှောင်းလွှမ်းမိုးမှုမှ လွတ်မြောက်သွားကြပါလိမ့်မည်။

တုံရှောင်းပုန်ကန်မှုမှာ သူ့မိသားစုလည်း ပါဝင်နေသည်။

ထို့ကြောင့် မနေ့က တုံမိသားစု၏စံအိမ်နှင့် ပိုင်ဆိုင်မှုအား လုံးကို တိုင်းပြည်ဘဏ္ဍာအဖြစ် သိမ်းယူခဲ့သည်။ တုံရှောင်း ၏ မိသားစုဝင်အားလုံးကိုလည်း အကျဉ်းထောင်ထဲထည့်ထားပြီးပါပြီ။ ယွဲ့လင်း ဆုံးဖြတ်ချက်ချဖို့သာ လိုတော့ သည်။

ထို့အပြင် အရေးသိပ်မကြီးသည့် အသေးအဖွဲကိစ္စ တချို့လည်းရှိသေးသဖြင့် ကျန်းကျီမြောင် နားထောင်ရင်း ပျင်းရိလာခဲ့ပါသည်။

ယွဲ့လင်းက ထိုကိစ္စတွေကို ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သည်။ ထို့နောက် မျက်ခုံးပင့်ကာ သူမိန့်လိုက်ပါသည်။

“အဲ့ဒီနေ့က မြို့တော်တံတိုင်းပေါ်မှာ ရဲစွမ်းသတ္တိပြည့်ဝပြီး ပြိုင်ဘက်ကင်းတဲ့ တော်ဝင် စစ်သည်တော်တစ်ဦးကို ကျန်းမြင်ခဲ့ရတယ်၊ အဲ့ဒီအချိန်တုန်းက အခြေအနေကို သူထိန်းချုပ်နိုင်ခဲ့တာကြောင့်သာမဟုတ်ရင် အလှည့်အပြောင်းတွေ အများကြီး ဖြစ်သွားနိုင်တယ်၊ အဲ့ဒီစစ်သည်တော်ကို တခမ်းတနား ဆုချီးမြှင့်သင့်တယ်လို့ ကျန်း ယုံကြည်တယ်၊ အားလုံး ဘယ်လိုသဘောရကြလဲ”

All Chapters