← Chapters

👑The Arrival of Bian Chenxi

Vol. 21 Ch. 203

👑The Arrival of Bian Chenxi

Vol. 21 Ch. 203

[သူ့ ခံယူချက်ကို နားထောင်ပြီး နင်တို့စိတ်နဲ့ ယှဉ်ကြည့်လိုက်စမ်း! နင်တို့ကိုယ်စား ရှက်လိုက်တာ!]

အတိုင်ပင်ခံအမတ်ကြီး အံကြိတ်ကာ ဆက်လျှောက်တင်လိုက်သည်။

“ရှေးယခင်ကတည်းက ဒီလိုပဲကျင့်ကြံ…”

[အရင်တုန်းက ကျင့်ကြံခဲ့တာနဲ့ပဲ အခုဆက်ကျင့်ကြံရမယ်ဆိုတဲ့သဘောလား၊ လုပ်ငန်းတာဝန် ခွဲဝေပေးတာကို ပါရမီနဲ့အစွမ်းအစအပေါ် အခြေမခံဘဲ ယောက်ျားမိန်းမကွဲပြားမှုအပေါ် အခြေခံရမှာပေါ့ ဟုတ်လား၊ အကုန်လုံး 666 ပဲ!]

‘666’ဆိုတာ ဘာမှန်း အတိုင်ပင်ခံအမတ်ကြီး နားမလည်သော်လည်း ကျန်းကျီမြောင် အရွဲ့တိုက်နေတာဖြစ်မည်ဟု ခံစားမိပါသည်။

သို့သော် ခံယူချက် မပြောင်းလဲသေးဘဲ အတိုင်ပင်ခံအမတ်ကြီး ဆက်လျှောက်တင်လိုက်သည်။

“ဒီတိုင်းပြည်မှာ ယောက်ျားသားတွေ အများကြီးရှိပါတယ်၊ ဝူချုံးလန်ဒီလို လုပ်ဖို့ မလိုအပ်-…”

[ယောက်ျားသားတွေ အများကြီးရှိတာ ဟုတ်တယ်! ဒါပေမယ့် အဲ့ဒီနေ့က မြို့တော်တံတိုင်းပေါ်မှာ ဝူချုံးလန်တစ် ယောက်တည်း လှုပ်ရှားနိုင်ခဲ့တာ မဟုတ်ဘူးလား! ဒီလောက်ထူးချွန်တဲ့ ပါရမီရှင်ကို မိန်းမသားတစ်ယောက် ဖြစ်နေတာနဲ့ပဲ နန်းဆောင်ထဲ တစ်သက်လုံးပိတ်လှောင်ထားချင်နေတာလား ? ဒီအတိုင်ပင်ခံအမတ်ကြီးက လောတိုင်းပြည်ရဲ့ သူလျှိုများလား!]

အတိုင်ပင်ခံအမတ်ကြီး: “…”

သူ့နှုတ်ခမ်းတွေ တုန်ယင်သွားပြီး ဘာပြောရမှန်းမသိတော့ချေ။

ယွဲ့လင်းပြုံးလိုက်ပြီး အောက်မှာ ချွေးတွေထိုင်သုတ်နေကြသည့် အမတ်တွေကိုကြည့်ရင်း မိန့်လိုက်ပါသည်။

“တိုင်းပြည်အပေါ် အကျိုးပြုသူကို ဆုချီးမြှင့်သင့်တယ်လို့ ငယ်သားတို့ပဲ လျှောက်တင်ခဲ့ကြတာ မဟုတ်ဘူးလား ? မိန်းမသားတစ်ဦးဖြစ်နေတာနဲ့ပဲ အကျိုးပြုခဲ့တာကို မေ့လျော့လိုက်လို့မဖြစ်ဘူးလေ၊တော်ဝင်အမိန့်တော်ကို ကြေညာလိုက်ပါ လီသဲ့ဟွိုက်”

အရှင်မင်းကြီးဘက်မှာ တော်ဝင်အမိန့်တော်ကိုတောင် ကြိုတင်ပြင်ဆင်ထားပြီးပါပြီ။ ဒါကိုကြည့်ခြင်းအားဖြင့် အရှင်းမင်းကြီး အစောကြီးကတည်းက ဆုံးဖြတ်ချက်ချပြီးသားဖြစ်မှန်း သိသာသည်။

သူတို့ဘာလုပ်နိုင်ဦးမှာလဲ…

ဖိအားပေး ကန့်ကွက်ရမှာလား…

သို့သော် လက်ရှိဧကရာဇ်မင်းကြီးက ကောင်းကင်ဘုံမှ သက်ဆင်းလာသည့် ကြယ်စင်နတ်ဘုရားတစ်ပါးဖြစ် သည်။ ဒီလိုနတ်ဘုရားတစ်ပါး၏ ဆုံးဖြတ်ချက်တွေက မှားယွင်းနိုင်သည်ဟု သူတို့ မထင်မိပါ။

ဒါဆို မှားယွင်းနေတာ သူတို့တွေပဲလား…

အားလုံးရီဝေသွားကြပြီး ဒူးထောက်လိုက်ကြပါသည်။

လီသဲ့ဟွိုက်က တော်ဝင်အမိန့်တော်ကို ထုတ်ပြန်ကြေညာလိုက်သည်။

ဝူချုံးလန်ကို ဝူကျီး၏လက်ထောက်စစ်သူကြီးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ ရက်ပိုင်းလောက်ကြာသောအခါ လောတိုင်းပြည်နှင့် စစ်ခင်းဖို့ ပြင်ဆင်ရန်အတွက် ဝူကျီးနှင့်အတူတူ နယ်စပ်ကို သွားရောက်ရမည်ဖြစ်သည်။

ဝူချုံးလန်း ပီတိဖြာနေသော မျက်လုံးများဖြင့် အမိန့်တော်ကိုလက်ခံခဲ့သည်။

အနောက်နန်းဆောင်ကို စတင်ဝင်ရောက်လာခဲ့စဉ်တုန်းက အခြေအနေတွေ ဒီလောက်ထိပြောင်းလဲသွားနိုင်လိမ့်မည်ဟု ဝူချုံးလန်တစ်ခါမှ မတွေးခဲ့ဖူးပါ။

စစ်မြေပြင်ထံ အမှန်တကယ် သွားရောက်ခွင့်ရရှိလာခဲ့ပြီဖြစ်သည်။ သူမအတွက် အားလုံးက အိပ်မက်တစ်ခုလိုပင်…

“အရှင်မင်းကြီး! ကြင်ယာတော်သဲ့က အနောက်နန်းဆောင်ရဲ့ ကြင်ယာတော်တစ်ပါး ဖြစ်နေတုန်းပဲလေ၊ အဲ့တာကြောင့်…”

အမတ်တစ်ဦးကမူ အလျှော့မပေးသေးဘဲ ကန့်ကွက်ဖို့ ကြံလိုက်သည်။

“နောက်ဆို ဖြစ်မှာ မဟုတ်တော့ဘူး”

ယွဲ့လင်း မိန့်လိုက်သည်။

အားလုံးကြက်သေသေသွားခဲ့ရပြန်သည်။

“လီသဲ့ဟွိုက် တော်ဝင်အမိန့်တော်ကို ဆက်ကြေညာလိုက် ပါ”

ယွဲ့လင်း မိန့်လိုက်သည်။

အားလုံး ပျာယာခတ်ကုန်ကြပါပြီ။

တော်ဝင်အမိန့်တော်… ရှိသေးတယ်လား…

ကြောင်စီစီဖြစ်နေသည့် အရာရှိအမတ်တွေကို ကြည့်ရင်း လီသဲ့ဟွိုက်ပင် ကရုဏာသက်သွားမိသည်။

ထို့နောက် လည်ချောင်းရှင်းကာ ဒီနေ့အတွက် နောက်ဆုံးတော်ဝင်အမိန့်တော်ကို လီသဲ့ဟွိုက် ကြေညာလိုက်လေတော့သည်။

တော်ဝင်အမိန့်တော်၏ အကြောင်းအရာက အလွန်ရိုးရှင်းပါသည်။ အနောက်နန်းဆောင်အား ဖြုတ်သိမ်းတော့မည်ဖြစ်ကာ အနာဂတ်မှာလည်း ကြင်ယာာတော်တွေ ထပ်မံရွေးချယ်တော့မှာမဟုတ်ကြောင်း ယွဲ့လင်းကြေညာခဲ့သည်။

ရှေ့လျှောက် နန်းတော်ထဲမှာ ဆက်ရှိနေဦးမည်ဖြစ်သည့် မုန့်ချိုက်ရမ်နှင့် ဝမ်ပေါင်လင်တို့မှအပ ဧကရာဇ်မင်းကြီးအတွက် မိဖုရားကြီးတစ်ပါးတည်းသာ ရှိစေရမည်။

အနောက်နန်းဆောင်ကို ဖြုတ်သိမ်းမယ် ??!!!

ဝန်ကြီးမှူးမတ်များအားလုံး ချက်ချင်းကန့်ကွက်ဖို့ အတွေးပေါက်ခဲ့ကြသည်။

သို့သော် သူတို့ ခပ်မြန်မြန်ပင် သတိရသွားခဲ့ပါသည်…

မိဖုရားကြီးလည်း နတ်ဘုရားဝင်စားလာသူတစ်ဦးဖြစ်သည်။

ထို့ကြောင့် အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ ဒီလိုသင့်မြတ်မှုရှိတာက… ယုံမင်းဆက်အတွက် ဆိုးရွားသည့်အရာတစ်ခုတော့ မဟုတ်ပေ။

အချိန်အတော်ကြာ မှင်သက်သွားခဲ့ပြီးနောက် စုကျဲယွီ၏ ခမည်းတော် စုမင်ယွမ် မေးမြန်းလိုက်သည်။

“အရှင်မင်းကြီး… အနောက်နန်းဆောင်ကို ဖြုတ်သိမ်းပြီးတဲ့အခါ အဲ့ဒီ ကြင်ယာတော်တွေက..”

ယွဲ့လင်း ပွင့်ပွင့်လင်းလင်း ရှင်းပြလိုက်ပါသည်။

“အနောက်နန်းဆောင်ကနေ ထွက်ခွာသွားတဲ့အခါ အားလုံး နှစ်သက်သူနဲ့ လက်ဆက်ထိန်းမြှားခွင့်ရှိတယ်၊ ကျန်း ဝင်ရောက်စွက်ဖက်မှာ မဟုတ်သလို သူတို့ လက်ဆက်ထိန်းမြှားတဲ့အခါကျရင်လည်း ကျန်းနဲ့ မိဖုရားကြီးတို့ လက် ဆောင်ပဏ္ဍာတွေ ရက်ရက်ရောရော ပို့ဆောင်ပေးမယ်၊ ပြီးတော့ သူတို့တွေကို မိဖုရားကြီးက ညီမတော်တွေအဖြစ် အသိအမှတ်ပြုထားတယ်၊ဒါ‌ကြောင့် မိဖုရားကြီးကို အဖော်ပြုပေးဖို့အတွက် ရှေ့လျှောက်နန်းတော်အတွင်းကို ဆန္ဒရှိသလို ဝင်ထွက်သွားလာခွင့်ရှိတယ်”

အိုး…

မိဖုရားကြီးက သူ့သမီးကို ညီမအဖြစ်အသိအမှတ်ပြုတယ်တဲ့လား…

စုမင်ယွမ်မျက်လုံးတွေ ဂနာမငြိမ်ဖြစ်သွားသည်။ ဒါကောင်းမွန်သည့်ကိစ္စတစ်ခုဖြစ်သည်ဟု သူ ခံစားလိုက်ရသည်။ အနောက်နန်းဆောင်မှာ ဆက်နေလျှင်လည်း ရှောင်းယွီလေး အရေးပေးခံရမည် မဟုတ်လောက်ပါ။

ဒီနေ့ဒီအချိန်အထိ အခြားကြင်ယာတော်များ၏ နန်းဆောင်များထံ အရှင်မင်းကြီး ကြွမြန်းခဲ့ခြင်းမရှိပေ။

အနောက်နန်းဆောင်အတွင်းမှ ထွက်ခွာပြီးနောက် အရှင် မင်းကြီးက သူမတို့ကို လွတ်လပ်စွာလက်ဆက်ထိန်းမြှားခွင့် ပြုထားသည်။ ထို့အပြင် မိဖုရားကြီး၏ကူညီထောက်ပံ့မှုကိုလည်း ရရှိထားတာကြောင့် သူ့သမီးအတွက် ခင်ပွန်းယောက်ျားကောင်းတစ်ယောက် ရှာမပေးနိုင်မှာ စိတ်ပူစရာမလိုတော့ပါ။

စုမင်ယွမ်ရယ်မောလိုက်ပြီး ထောက်ခံလိုက်ပါသည်။

“ဒီငယ်သား အိမ်ပြန်ရောက်တဲ့အခါ ခန်းဆောင်တွေကို ချက်ချင်းရှင်းလင်းပြီး ရှောင်းယွီလေး အိမ်ပြန်လာမှာကို စောင့်ကြိုနေပါ့မယ်”

အခြားအမတ်များလည်း သဘောတူလိုက်ကြသည်။

ခက်ခဲမည်ဟု ထင်ရသည့် အရေးကိစ္စနှစ်ခု ဒီလိုနှင့်အောင် မြင်သွားခဲ့ကြသည်။

မြောင်မြောင် ဖန်တီးလိုက်သည့် ‘ကြယ်စင်နတ်ဘုရား’ဟူသည့် ဘွဲ့ကအတော်လေးအသုံးဝင်သည်ဟုသာ ယွဲ့လင်း တွေးမိတော့သည်။

-

ညီလာခံပြီးဆုံးသွားသောအခါ အနောက်နန်းဆောင်ညီအစ်မတွေကို ကျန်းကျီမြောင် မနှုတ်ဆက်ချင်သော် လည်း နှုတ်ဆက်ခဲ့ရပြီး နန်းတော်အဝင်ဝအထိ ကိုယ်တိုင် ကိုယ်ကျ လိုက်လံပို့ဆောင်ပေးခဲ့သည်။

ဝူချုံးလန်နှင့် ဝူကျီးတို့လည်း ညတွင်းချင်းနယ်စပ်ကိုထွက် ခွာခဲ့ကြသည်။

မူရင်းဝတ္ထုအရဆိုရင်တော့ တိုင်းပြည်နှစ်ခုအကြား စစ်မက်ဖြစ်ပွားဖို့ အချိန်လိုပါသေးသည်။ သို့သော် ပြောင်း လဲမှုတွေ အများကြီး ရှိခဲ့တာကြောင့် တပ်အပ်ပြောလို့မရနိုင်ပေ။

ထို့ကြောင့် စောစောစီးစီး ပြင်ဆင်ထားတာက အမှားမရှိနိုင်ပါ။

ရုတ်တရက် လူတွေအများကြီး ပျောက်ကွယ်သွားဖြင့် အနောက်နန်းဆောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ဗလာကျင်းဖြစ်သွားသော ဖုန့်ယီနန်းဆောင်ကိုကြည့်ရင်း ကျန်းကျီမြောင် ဝမ်းနည်းသွားခဲ့သည်။

ယခင်တုန်းကဆို အနောက်နန်းဆောင်ညီအစ်မတွေ နေ့တိုင်း ဂါဝရလာပြုတာကို ကျန်းကျီမြောင် စိတ်ထဲမှ အထွန့်တက် အပြစ်တင်ခဲ့ဖူးသည်။

သို့သော် ရှေ့လျှောက် သူမတို့ ဂါဝရပြုဖို့ ရောက်လာကြတော့မှာ မဟုတ်ပေ။

ထို့ကြောင့် ကျန်းကျီမြောင် အထီးကျန်သလို ခံစားလိုက်ရသည်။

ထိုစဉ် ရုတ်တရက်ဆိုသလို သူ့လက်ကိုတစ်စုံတစ်ယောက် လာဆုပ်ကိုင်ထားခဲ့သည်။

ကျန်းကျီမြောင်လှည့်ကြည့်လိုက်သည်။ ယွဲ့လင်းလည်း သူမကို နူးညံ့သိမ်မွေ့စွာ ကြည့်လိုက်သည်။

“ဟန်ကွမ်းနန်းဆောင်ကို ကျန်းသေချာပြင်ဆင်ခိုင်းထားတယ်၊ ရှေ့လျှောက်သူတို့နဲ့ တွေ့ဆုံချင်တဲ့အခါ အချိန်မရွေး ဆင့်ခေါ်လို့ရပါတယ်”

ကျန်းကျီမြောင်ပြုံးလိုက်သည်။

“အားလုံးက သူတို့ရည်မှန်းချက်နဲ့သူတို့ ရှိနေပြီပဲ၊ ဒီမိဖုရား ခဏခဏ အနှောင့်ယှက်ပေးလို့ ဖြစ်ပါ့မလား”

အားလုံးမှာ ရည်မှန်းချက်ကိုယ်စီရှိလာကြတာကို ကျန်းကျီမြောင် ဝမ်းသာပီတိဖြာမိပါသည်။

ယွဲ့လင်း ခပ်သဲ့သဲ့ ရယ်မောလိုက်သည်။

“သူတို့ မအားလပ်ရင် ကျန်းကို ဆင့်ခေါ်လိုက်လေ၊ မြောင်မြောင် ဆင့်ခေါ်မှာကို အမြဲတမ်းစောင့်နေမယ်”

ကျန်းကျီမြောင် မျက်နှာနီမြန်းသွားပြီး ယွဲ့လင်းအားမျက် စောင်းထိုးလိုက်ပါသည်။

ယွဲ့လင်း အနားကပ်လာပြီး တိုးညှင်းစွာမေးလိုက်သည်။

“မိဖုရားကြီး၊ ဒီနေ့ည မိဖုရားကြီးရဲ့အပါးတော်မှာ ခစားဖို့ ဒီငယ်သားကို ဆင့်ခေါ်မလား သိချင်မိပါတယ်”

ကျန်းကျီမြောင် ရယ်ချင်သွားပြီး လည်ချောင်းရှင်းကာ ပြောလိုက်သည်။

"ဒီနေ့ည အိပ်ရာထဲမှာ ဒီမိဖုရားကို ခစားခွင့်ရစေ”

အိပ်ရာထဲမှာ ခစားရမယ်ဟုတ်လား…

ယွဲ့လင်းမျက်လုံးများ လှုပ်ခါသွားပြီး ကျန်းကျီမြောင်ကို မျှော်လင့်တကြီးကြည့်လိုက်သည်။ ကျန်းကျီမြောင်ဆိုလိုသည့် အဓိပ္ပာယ်ကိုနားလည်သွားသယောင်ဖြင့် ယွဲ့လင်း အကြည့်တွေ စူးရှလာခဲ့ရသည်။

ကျန်းကျီမြောင်လည်း မျက်နှာ ပိုမိုနီမြန်းလာခဲ့သည်။

“မခစားချင်ရင် သွားလိုက်တော့”

ကျန်းကျီမြောင် လှည့်ထွက်လာလိုက်သည်။

သို့သော် သူ့ခြေထောက်တွေ လေထဲရုတ်တရက်မြောက်သွားခဲ့လေသည်။ ယွဲ့လင်း သူမကို ပွေ့ချီလိုက်ခြင်းပင်။

“ဒီငယ်သား ခစားချင်ပါတယ်”

ယွဲ့လင်း မျက်လုံးများ အလွန်တောက်ပနေခဲ့သည်။

ကျန်းကျီမြောင်လည်း တစ်ကိုယ်လုံး ပူနွေးသွားသလိုခံစားလိုက်ရပြီး သူ့ရင်ခွင်ထဲမျက်နှာဖွက်ထားမိသည်။

“မြောင်မြောင် ဒီတစ်ခါကော အဲ့ဒီဆေးလုံးကို သုံးဦးမှာလား”

ယွဲ့လင်းရုတ်တရက်မေးလိုက်သည်။

ကျန်းကျီမြောင် ဆတ်ခနဲ ခေါင်းထောင်လာပြီး အော်လိုက်လေသည်။

“တိတ်စမ်း!!”

သို့သော် စကားကိုဆုံးအောင် မပြောနိုင်ခင် နွေးထွေးသည့်နှုတ်ခမ်းတစ်စုံက သူမ စကားလုံးတွေကိုပိတ်ဆို့တားဆီးခဲ့သည်။

ညတာကမူ ရှည်လျားခဲ့သည်။

အေးစက်နေသည့် အနောက်နန်းဆောင် နံရံတွေထဲ နွေးထွေးမှုတချို့ ဖြာထွက်လာခဲ့တော့သည်။

-

ရက်အနည်းငယ်ကြာပြီးနောက်…

ပြန်လည်မွေးဖွားလာသည့် သမိုင်းဝင် ဇာတ်လိုက်မင်းသမီး မြို့တော်ကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ယွဲ့လင်းက သူ့အား နန်းတော်ထဲ ချက်ချင်းခေါ်ဆောင်လာခိုင်းခဲ့သည်။

နန်းဆောင်ထဲကို ရောက်ရှိသောအခါ ပြန့်ချန်းရှီတစ်ယောက် နှလုံးသားထဲက ခိုကိုးရာမဲ့မှုကိုသတိဖြင့် ဖုံးကွယ်ထားခဲ့သည်။

သူမ ပြန်မွေးဖွားလာတာမကြာသေးဘဲ ကလဲ့စားချေဖို့ ကြံရွယ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် သတင်းတစ်ခု ရောက်လာခဲ့သည်…

မင်းသားအန်းဟယ် သို့မဟုတ် ယွဲ့ဟွာ၏ပုန်ကန်မှုမအောင် မြင်ဘဲ ခေါင်းဖြတ်ကွပ်မျက်ခံခဲ့ရလေသည်။

ချန်ကျင်းမင်လည်း ပုန်ကန်မှုမှာ ပါဝင်ခဲ့သဖြင့် ကွပ်မျက်ခံခဲ့ရသည်။ တုံရှောင်းလည်း ကွပ်မျက်ခံခဲ့ရသည်။

ယခင်ဘဝတုန်းက သူ မှတ်မိနေသည့် ဇာတ်လမ်းဇာတ် ကွက်တွေအားလုံး ဖရိုဖရဲဖြစ်ကုန်ပါပြီ။

ပြန့်ချန်းရှီ စိတ်လက်မသက်မသာဖြစ်နေသဖြင့် မြို့တော်ကိုအားတင်းပြီး လာရောက်ခဲ့သည်။

ဒီလောက်အများကြီး ပြောင်းလဲသွားမှတော့ ပြန်မွေးဖွားလာရတာက ဘာအဓိပ္ပာယ်ရှိဦးမှာလဲ…

သို့သော် မြို့တော်သို့ရောက်ရှိပြီး သိပ်မကြာလိုက်ခင်မှာပဲ ထင်မှတ်မထားစွာဖြင့် သူ့ကို နန်းတော်ထဲ အတင်းအကြပ် ခေါ်ဆောင်လာခဲ့ကြသည်။

ပြန့်ချန်းရှီ ချက်ချင်းနားလည်လိုက်ပါသည်။

သူ့ သရုပ်မှန်ကို အရှင်မင်းကြီး သိထားတာကြာလောက်ပြီဖြစ်သည်။

လက်ရှိဧကရာဇ်မင်းကြီးက ပုန်ကန်မှုတွေကို နှိမ်နင်းနိုင်ခဲ့ပြီး ကြယ်စင်နတ်ဘုရားတစ်ပါး ပြန်ဝင်စားလာခြင်းဖြစ် သည်ဟု ကောလဟာလတွေလည်း ထွက်နေသဖြင့် ဘုန်းတန်ခိုးအရှိန်အဝါ အလွန်ကြီးမားလျက်ရှိနေသည်။

သူ့ကို အရှင်မင်းကြီး ဘာလုပ်ဖို့ကြံထားမှန်း ပြန့်ချန်းရှီမသိပါ။

သူမသာ ယွဲ့လင်းနေရာမှာဆို နှောင်းဧကရာဇ်မင်းကြီး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးဖို့အတွက် ပြန့်ချန်းရှီဟူသည့် သူမကို ချက်ချင်းကွပ်မျက်ပစ်မည်ဖြစ်သည်။

သူ… အသတ်ခံရဖို့အတွက်နဲ့ ပြန်မွေးဖွားလာခဲ့တာလား ?

ပြန့်ချန်းရှီစိတ်ချောက်ချားနေစဉ် ယွဲ့လင်းနှင့် ကျန်းကျီမြောင်တို့ လက်ချင်းယှဉ်တွဲကာကြွမြန်းလာခဲ့လေသည်။

All Chapters