← Chapters

👑The Arrival of Bian Chenxi

Vol. 21 Ch. 204

👑The Arrival of Bian Chenxi

Vol. 21 Ch. 204

ယခင်ဘဝတုန်းက ကောလဟာလတွေအရဆို ယွဲ့လင်းက စိတ်ပျော်ရွှင်မှုရဖို့အတွက်နဲ့ လူသတ်တတ်သည့် မကောင်း ဆိုးဝါးတစ်ကောင်ဖြစ်ပြီး လူသားစားသည်ဟုပင် ဆိုကြသည်။

ထို့ကြောင့် ပြန့်ချန်းရှီ နှလုံးသားထဲ အကြောက်တရားတွေ ဖုံးလွှမ်းနေခဲ့ရသည်။

“မြောင်မြောင် ဒီမှာထိုင်နော်”

ကျန်းကျီမြောင်ကို နေရာတကျ ထိုင်ခိုင်းလိုက်ပြီးနောက် မျက်လှည့်ဆရာတစ်ယောက်လို ဘယ်ကမှန်းမသိသည့် ဖရုံစေ့တွေ၊ မြေပဲတွေ ထုတ်ပေးလိုက်ကာ ကျန်းကျီမြောင်အတွက် သေသေချာချာ ပြင်ဆင်ပေးနေသော ယွဲ့လင်းကို ပြန့်ချန်းရှီ မြင်လိုက်ရပါသည်။

ပြန့်ချန်းရှီ: “???”

သွေးအေးရက်စက်တဲ့ လူသတ်သမားဟုတ်လား ?

မင်းဆိုးမင်းညစ်ဟုတ်လား ?

သူမမျက်စိရှေ့ကလူ အမြီးပေါက်ပြီး တနှံ့နှံ့လှုပ်မနေတာတောင် ကံကောင်းလှပြီဟုဆိုရမည်။

ယွဲ့လင်းကို ကျန်းကျီမြောင် အူမြူးစွာကြည့်လိုက်သည်။

“ဒီမိဖုရား အဲ့လောက်ငတ်နေတာ မဟုတ်ပါဘူး၊ အရေး ကြီးတာ အရင်ပြောကြရအောင်”

ယွဲ့လင်းခေါင်းညိတ်လိုက်သည်။ ထိုအခါမှ ပြန့်ချန်းရှီကို သူလှည့်ကြည့်လာသည်။

ပြန့်ချန်းရှီ ရင်ထဲ ဂယောင်ချောက်ချားဖြစ်သွားပြီး ချက် ချင်းဆိုသလို ဒူးထောက်ချလိုက်ပါသည်။

ပြန့်ချန်းရှီကို ယွဲ့လင်းအကဲခတ်ကြည့်ကာ မိန့်လိုက်သည်။ “ထပါ”

ထိုအခါမှ ပြန့်ချန်းရှီ မဝံ့မရဲမတ်တပ်ပြန်ရပ်လာခဲ့သည်။

“မင်းကနှောင်းဧကရာဇ်မင်းရဲ့သမီးတော်ဆိုတော့ ရွေးချယ် စရာလမ်းနှစ်ခုပေးမယ်”

ယွဲ့လင်း တည်ငြိမ်စွာ မိန့်လိုက်သည်။

ပြန့်ချန်းရှီ ရင်ထဲ တင်းကြပ်သွားခဲ့သည်။

သူ့အကြောင်း ယွဲ့လင်းတကယ်သိနေတာပဲ!!

ပြန့်ချန်းရှီ မျက်နှာဖြူရော်သွားခဲ့သည်။ ဘယ်လိုပဲ စဉ်းစားကြည့်ပါစေ သူ့အတွက် ဇာတ်သိမ်းကောင်းနိုင်တော့မှာ မဟုတ်ပါ။

သို့သော် မျှော်လင့်ချက်သေးသေးလေးတစ်ခုကို ဆုပ်ကိုင်ရင်း သူ လျှောက်တင်လိုက်သည်။

“မိန့်ကြားတော်မူပါ အရှင်မင်းကြီး”

“ပထမလမ်းက…”

ယွဲ့လင်း ပွင့်ပွင့်လင်းလင်း မိန့်လိုက်သည်။

“အပြင်လောကမှာ မင်းတစ်သက်လုံး အေးအေးချမ်းချမ်း နေနိုင်ဖို့အတွက် လုံလောက်တဲ့ စည်းစိမ်ဥစ္စာတွေ ပေးသနားမယ်၊ သို့ပေမယ့် ယုံကျိုးကိုပြန်ပြီး အဲ့ဒီကနေ တစ်သက်လုံး ထွက်လာခွင့်မရှိဘူး၊ မင်းရဲ့ နောက်ဆုံးနေ့ရက်တွေအထိ စောင့်ကြည့်ထားဖို့ ကျန်းလူတွေကို စေလွှတ်ထားမှာ”

ပြန့်ချန်းရှီ ကြက်သေသေသွားပြီး မျက်လုံးများရုတ်တ ရက် တောက်ပလာခဲ့သည်။

သူ သေစရာမလိုဘူးလား…

ယုံကျိုးမှာပဲ သွားနေဖို့လိုတာလား…

ဒီလိုဇာတ်သိမ်းကပင် အတော်လေးကောင်းမွန်နေပြီဟု ခံစားရသည်။

ပထမတော့ ပြန့်ချန်းရှီ ပြန်လည်မွေးဖွားလာပြီးနောက် ယွဲ့ဟွာကို ကလဲ့စားချေဖို့ ကြံရွယ်ထားခဲ့တာဖြစ်သည်။ ယခု သူမ ကလဲ့စားချေမည့် ပစ်မှတ်ကသေဆုံးသွားခဲ့ပါပြီ။ ထို့ကြောင့် ယုံကျိုးမှာ ဘဝကိုအေးအေးချမ်းချမ်း ဖြတ် သန်းနိုင်ခြင်းက ကောင်းမွန်သည့် ရလဒ်တစ်ခုဖြစ်သည်။

“ဒီငယ်သား မဝံ့မရဲ မေးမြန်းပါရစေ… ဒုတိယလမ်းကကော ဘာများပါလဲ…”

ပြန့်ချန်းရှီ မဝံ့မရဲ မေးမြန်းလိုက်သည်။

“ဒုတိယလမ်းကတော့ မင်းရဲ့မျိုးရိုးအစစ်အမှန်ကို တိုင်းသိ ပြည်သိဖြစ်အောင်ကြေညာပြီး တော်ဝင်မိသားစုထဲ မင်းအမည်ကို ထည့်သွင်းပေးမယ်၊ အဲ့ဒီအခါ မင်းက ယုံမင်း ဆက်ရဲ့ တရားဝင်မင်းသမီးတစ်ပါးဖြစ်သွားလိမ့်မယ်”

ယွဲ့လင်း ဖြည်းညှင်းစွာ မိန့်လိုက်သည်။

ပြန့်ချန်းရှီ မျက်လုံးများ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားခဲ့သည်။

ယွဲ့လင်းက သူ့ကို ညီမတော်အဖြစ် အသိအမှတ်ပြုမယ်ဆိုတဲ့ သဘောလား…

ဒီလိုဖြစ်လာနိုင်မည်ဟု ပြန့်ချန်းရှီတစ်ခါမှ မတွေးခဲ့ဖူးပါ။ သူမသည် မင်းဆက်ဟောင်း မင်းသမီးတစ်ပါး၏တရားမဝင် သမီးတော်တစ်ယောက်သာ။ ထို့ကြောင့် သူ့ကို ဒီလို အသိအမှတ်ပြုလိုက်ခြင်းအားဖြင့် နှောင်းဧကရာဇ်မင်းကြီး၏ဂုဏ်သိက္ခာကို ဖျက်ဆီးရာကျပါလိမ့်မည်။

ပြန့်ချန်းရှီအတွေးတွေကို ဖောက်မြင်နိုင်သည့်အလား ယွဲ့လင်း လှောင်ပြုံးပြုံးလိုက်သည်။

“နှောင်းဧကရာဇ်မင်းကြီးရဲ့ ဂုဏ်သတင်းက နဂိုကတည်း ကမှ အပုပ်နံ့ထွက်နေပြီးသားပါ၊ နောက်ထပ် မကောင်းသတင်းတစ်ခုလောက် ထပ်ထွက်လာလို့ ဘာမှမထူးခြားနိုင်ဘူး”

အရပ်သားတွေကြားထဲ နှောင်းဧကရာဇ်မင်းကြီးအား လှောင်ပြောင်သရော်သည့် စကားသံတွေကို ပြန့်ချန်းရှီလည်းကြားခဲ့ရသည်။ ယွဲ့လင်းသာ တားဆီးဖို့အစီအစဉ်ရှိခဲ့လျှင် ကောလဟာလတွေ ဒီလောက်ထိပြန့်နှံ့နေစရာအကြောင်းမရှိပါ။

ထို့ကြောင့် နှောင်းဧကရာဇ်မင်းကြီး၏အမည်ဆိုးကို ယွဲ့လင်း ကာကွယ်ပေးဖို့ စိတ်ကူးမရှိခြင်းသာဖြစ်ပါလိမ့်မည်။

ပြန့်ချန်းရှီ ခေတ္တစဉ်းစားလိုက်ပြီး မေးမြန်းလိုက်သည်။

“သို့ပေမယ့် ဒီငယ်သား နားမလည်တာတစ်ခုရှိပါတယ်… ဒီငယ်သားကို အသိအမှတ်ပြုလိုက်ခြင်းအားဖြင့် အရှင်မင်း ကြီးအတွက် ဘယ်လိုအကျိုးအမြတ်များ ရရှိနိုင်မှာမို့လို့လဲ၊ ဒီငယ်သား ထမ်းဆောင်ပေးရမယ့် တာဝန်တစ်ခုခုရှိနေလို့လား”

ယွဲ့လင်းကလည်း ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိပေ။

“ဒါပေါ့။ ဒီလောကမှာ ဘယ်အရာကိုမှ အလကားမရနိုင်ဘူးလေ”

ပြန့်ချန်းရှီ ရင်ထဲ ပြန်လည်လေးလံသွားခဲ့သည်။

ဒီလိုကိုး…

သူမ ထင်မှတ်ထားခဲ့သလိုပဲ လွယ်ကူသည့် လွတ်လမ်းဟူ၍မရှိလောက်ပေ။

“ဒီက မိဖုရားကြီးလက်အောက်မှာ စိတ်ပညာကို သင်ယူရမယ်၊ အဲ့ဒီပညာတွေ သင်ယူပြီးပြီဆိုတာနဲ့ ထုံးတမ်းရေးရာဝန်ကြီးဌာနထဲကိုဝင်ပြီး သံတမန်ရေးရာ ညှိနှိုင်းဆွေးနွေးမှုကဏ္ဍတွေကို တာဝန်ယူပေးရမယ်၊ အဲ့ဒီတာဝန်တွေကို ထမ်းဆောင်ပေးနိုင်မယ်ဆိုရင် မင်းတစ်သက်လုံး စည်းစိမ်ချမ်းသာကို ခံစားနိုင်စေရမယ်လို့ ကျန်းအာမခံတယ်”

ယွဲ့လင်း မိန့်လိုက်ပါသည်။

ပြန့်ချန်းရှီ: “???”

သူ့အာရုံထဲ ခန့်မှန်းထားတာတွေ အများကြီးရှိနေသည်။ ဥပမာအားဖြင့် သူမကို နယ်စပ်ပို့ပြီး တိုင်းတပါးသားနှင့် လက်ဆက်ထိန်းမြှားပေးတာမျိုးဖြစ်သည်။

သို့သော် သူမကို မိဖုရားကြီးလက်အောက်မှာ ပညာသင်ကြားပြီး ဘာသာရေးဝန်ကြီးဌာနသို့ ဝင်ရောက်စေချင်သည်ဟု အရှင်မင်းကြီးက မိန့်ကြားခဲ့သည်။

ပြန့်ချန်းရှီလုံးဝ နားမလည်နိုင်တော့ပေ။

“အ…အရှင်မင်းကြီး”

ပြန့်ချန်းရှီ ထစ်ငေါ့စွာ မေးမြန်းလိုက်ပါသည်။

“အရှင်မင်းကြီးက ဒီငယ်သားကို ဘာသာရေးဝန်ကြီးဌာနထဲ ဝင်ရောက်စေချင်တာလား ? ချစ်ကြည်ရေးအတွက် တိုင်းတပါးသားနဲ့ လက်ဆက်ထိန်းမြှားခိုင်းမလို့ မဟုတ်ဘူးလား”

ယွဲ့ဟွာ မျက်မှောင်ကြုတ်သွားသည်။

“ချစ်ကြည်ရေးအတွက် လက်ဆက်ထိန်းမြှားခိုင်းရမယ်ဟုတ်လား ? ကြီးမြတ်တဲ့ ယုံမင်းဆက်ရဲ့ မင်းသမီးတစ်ပါးကို လက်ဆက်ထိန်းမြှားဖို့ ဘယ်သူက ဖိအားပေးနိုင်မှာလဲ ? ယုံမင်းဆက်ကို ရန်လိုတဲ့ တိုင်းပြည်တွေရှိရင် ချစ်ကြည်ရေးစကား ပြောနေစရာမလိုဘူး၊ ဒီတိုင်း တိုက် ခိုက်သိမ်းပိုက်လိုက်လို့ရတာပဲ။ မင်းရဲ့တန်ဖိုးက အခြားကဏ္ဍတစ်ခုမှာ ရှိနေတယ်”

ပြန့်ချန်းရှီ ရီဝေသွားခဲ့သည်။

တန်ဖိုးဟုတ်လား…

သူ့ကိုယ် သူ တန်ဖိုးရှိမှန်းပင် မသိခဲ့ပေ။

“မြန်မြန်ဆုံးဖြတ်ပါ”

ယွဲ့လင်း စိတ်သိပ်မရှည်တော့ပေ။ သူ့စိတ်ရှည်သည်းခံမှုတွေအားလုံးကို မြောင်မြောင့်အတွက်သာ ပေးအပ်ထားတာဖြစ်သည်။

ယွဲ့လင်းမျက်နှာ ရုတ်တရက် အေးစက်သွားသဖြင့် ပြန့်ချန်းရှီလည်း တုန်ယင်သွားခဲ့သည်။

အခြေအနေကို ရိပ်စားမိသည့် ကျန်းကျီမြောင်က ကြားဖြတ် လျှောက်တင်လိုက်လေသည်။

“အရှင်မင်းကြီး ခဏလောက် ရှောင်ပေးပါလား ? ချန်းရှီနဲ့ ဒီမိဖုရား စကားနည်းနည်းပြောချင်တယ်”

ကျန်းကျီမြောင်ကို ယွဲ့လင်း သနားကမား ကြည့်လိုက်လေသည်။

ကျန်းကျီမြောင် သက်ပြင်းချလိုက်သည်။

“ပြောစကားနားထောင်၊ ဒါအရေးကြီးကိစ္စနော်”

ယွဲ့လင်းလည်း ရွေးချယ်စရာမရှိတော့ဘဲ ထွက်သွားပေးလိုက်ရသည်။ သို့သော် ခြေလှမ်းသုံးလှမ်း လှမ်းပြီးတိုင်း နောက်ကို ပြန်လှည့်ကြည့်နေမိပါသည်။

ပြန့်ချန်းရှီ: “…”

သူ့မဦးနှောက်တွေ ပုံမှန်မဟုတ်တော့သလို ခံစားလိုက်ရသည်။

ဧကရာဇ်မင်းတစ်ပါးနဲ့ ဧကရီမိဖုရားတစ်ပါးရဲ့ ဆက်ဆံပုံဆက်ဆံနည်းက ဒီလိုမျိုးလား…

ပြန့်ချန်းရှီကိုကြည့်ကာ ကျန်းကျီမြောင် ရုတ်တရက်ပြုံးလိုက်သည်။

“ယွဲ့ဟွာ သေသွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဘယ်လိုသဘောရလဲ ? အရင်ဘဝတုန်းက နင့်ကို တော်တော်လေးနှိပ်စက်ခဲ့တဲ့ပုံပဲ”

ပြန့်ချန်းရှီ မျက်လုံးများ အလွန်တုန်လှုပ်သွားခဲ့သည်။

အရင်ဘဝတုန်းက ဟုတ်လား…

မိဖုရားကြီး ဘယ်လိုသိသွားတာလဲ!

ကျန်းကျီမြောင် အပြုံးမပျက်ဘဲ ဆက်မိန့်လိုက်သည်။

“အရပ်သားတွေကြားမှာ ကောလဟာလမကြားမိဘူးလား ? ဒီမိဖုရားက နတ်ဘုရားဝင်စားတဲ့လူဆိုတာလေ၊ အဲ့တာမျိုးတွေကို ဒီမိဖုရားရှေ့မှာ ဖုံးကွယ်ထားလို့ မရဘူး”

‘နတ်ဘုရားဝင်စားသည်’ဟူသည့် အကြောင်းပြချက်က ပိုပိုပြီး အသုံးဝင်လာသည်ဟု ကျန်းကျီမြောင် ထင်မိသည်။

ပြန့်ချန်းရှီ မှင်သက်သွားခဲ့သည်။

“အဲ့… အဲ့တာ ကောလဟာလသက်သက် မဟုတ်ဘူးလား”

ကျန်းကျီမြောင် မျက်ခုံးပင့်လိုက်သည်။

ထို့နောက် ပြန့်ချန်းရှီအာရုံထဲ သူမအသံကြီး ထွက်ပေါ်လာခဲ့လေသည်။

[အခုကော၊ ကောလဟာလလို့ ထင်နေတုန်းပဲလား]

ပြန့်ချန်းရှီ ထိတ်လန့်လွန်းသဖြင့် ဒူးထောက်လျက်သား ပုံကျသွားခဲ့သည်။

[ထပါ]

ကျန်းကျီမြောင် လက်ပြကာ အမိန့်ပေးလိုက်သည်။

ထိုအခါမှ ပြန့်ချန်းရှီ တုန်ယင်စွာပြန်ထလာနိုင်ခဲ့ပါသည်။

ကျန်းကျီမြောင် ပြုံးလိုက်သည်။

“အခု ဒီမိဖုရားမေးတာကို ဖြေနိုင်ပြီလား”

ဒီဇာတ်လိုက်မင်းသမီးကို ကျန်းကျီမြောင်သေသေချာချာ စမ်းသပ်မှဖြစ်ပါမည်။ ‘အချစ်ကြီးတဲ့ဧကရာဇ်ရဲ့ တစ်ဦးတည်းသောအချစ်ခံလေး’ ဝတ္ထု၏ဇာတ်လမ်းကို သူ သေချာ မှတ်မိနေပါသေးသည်။

ဝတ္ထုထဲတွင် ပြန့်ချန်းရှီက ယွဲ့ဟွာကို ကလဲ့စားချေဖို့ ရောက်လာခဲ့ခြင်းဖြစ်သော်လည်း နောက်တော့ ချစ်ကျွမ်း ဝင်သွားခဲ့သည်။ ဘယ်လိုပဲကြည့်ကြည့် ဝတ္ထုထဲမှာပြန့်ချန်းရှီသည် အချစ်ရူးတစ်ယောက်သာဖြစ်သည်။

ပြန့်ချန်းရှီ မဝံ့မရဲရှင်းပြလိုက်သည်။

“ဒီငယ်သားက ပြန်လည်မွေးဖွားလာတဲ့ ဝိညာဉ်ဆိုတာကို အရှင်မ သိပြီးသားဆိုတော့ အရင်ဘဝတုန်းက ဒီငယ်သားကို အဲ့ဒီလူယုတ်မာ ယွဲ့ဟွာဒုက္ခပေးခဲ့တာတွေကိုလည်း သိပြီးလောက်ကောပေါ့၊ ပြန်မွေးဖွားလာခါစတုန်းကတော့ ယွဲ့ဟွာကို ဒီငယ်သား ကလဲ့စားချေချင်ခဲ့တာ၊ ဒါပေမယ့် အခု သူက သေပြီးသားဖြစ်နေပြီဆိုတော့ လက်ခုပ်လက်ဝါးတီးပြီး အောင်ပွဲခံရုံသာ ရှိပါတော့တယ် မိဖုရားကြီး”

ပြန့်ချန်းရှီ မျက်နှာကိုကြည့်ရင်း ကျန်းကျီမြောင်ခေါင်း ညိတ်လိုက်သည်။ သူမ အမှန်တရားတွေ ပြောနေတာဖြစ်ပသည်။ လောလောဆယ်တော့ ယွဲ့ဟွာကို ပြန့်ချန်းရှီ အရိုးထဲထိစွဲအောင် မုန်းတီးနေမှန်းသေချာသည်။

ကျန်းကျီမြောင် အပြုံးဖြင့် ပြောလိုက်သည်။

“အရှင်မင်းကြီးပြောတာ အမှန်တရားတွေပါ၊ နင့်မှာ ပါရမီတစ်ခုရှိတယ်၊ အဲ့ဒီပါရမီကြောင့် လူတွေမျက်နှာသာပေးတာကို ခံရလိမ့်မယ်၊ ပညာတစ်ခုသာ သင်ယူလိုက်မယ်ဆို နန်းတွင်းရေးရာကိစ္စတွေမှာ အောင်မြင်မှုတွေ ရလာနိုင်တယ်၊ အဲ့တာကြောင့် တည်ငြိမ်ပြည့်စုံတဲ့ ဘဝတစ်ခုမှာ ပြန်ပြီးနေထိုင်ချင်သလား ဒါမဟုတ် အခြားဖြစ်နိုင်ချေတွေအတွက် စွန့်စားပြီး ကြိုးစားကြည့်ချင်သလားဆိုတာကို ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ပါ”

ထိုသို့ပြောပြီးနောက် ကျန်းကျီမြောင်လည်း ပြန်လည်ကြွမြန်းသွားခဲ့သည်။ ပြန့်ချန်းရှီတစ်ယောက်တည်းသာ အတွေးများသည့် မျက်နှာနဲ့ ကျန်ခဲ့လေတော့သည်။

နောက်တစ်နေ့ကူးသောအခါ မျက်တွင်းတွေနက်နေသည့် ပြန့်ချန်းရှီတစ်ယောက် ကျန်းကျီမြောင်ထံ ရောက်ရှိလာပြီး လျှောက်တင်လိုက်ပါသည်။

“အရှင်မ… ဒီငယ်သား အခြားဖြစ်နိုင်ချေတွေအတွက် စွန့်စားပြီး ကြိုးစားကြည့်ချင်ပါတယ်”

ကျန်းကျီမြောင် မအံ့ဩခဲ့ပေ။

ထို့နောက် ပြန့်ချန်းရှီ၏မျိုးရိုးအစစ်အမှန်ကို ယွဲ့လင်း ထုတ်ပြန်ကြေညာခဲ့ပြီး ယုံမင်းဆက်၏တတိယမင်းသမီးအဖြစ် အသိအမှတ်ပြုခဲ့သည်။ ကျန်းကျီမြောင်ကလည်း ယွဲ့ချန်းရှီဖြစ်သွားသည့် ပြန့်ချန်းရှီကို ခေတ်သစ် စိတ်ပညာများ သင်ကြားပေးခဲ့ပါသည်။

အရပ်သားတွေကြားထဲမှာ မျိုးရိုးအမည် အကြိမ်ကြိမ်ပြောင်းလဲပြီး ပုန်းခိုနေထိုင်ခဲ့ရသည့် မင်းသမီး ယခုတော့ ထိုက်တန်သည့် အရိုက်အရာကို ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်သည်။

နေ့တိုင်း ပညာသင်ကြားနေရသည့် ယွဲ့ချန်းရှီကို မြင်ကာ ယွဲ့မြန်လည်း အားကျသွားပြီး သူမကိုပါသင်ကြားပေးဖို့ ကျန်းကျီမြောင်အား တောင်းဆိုခဲ့ပါသည်။

ထို့ကြောင့် အားလပ်သည့်အခါတိုင်း မူလတန်းဖတ်စာအုပ်တွေထုတ်ကာ သူမတို့နှစ်ယောက်အား ကျန်းကျီမြောင် ပညာသင်ကြားပေးခဲ့တော့သည်။

All Chapters