← Chapters

👑The Level 3 Store

Vol. 21 Ch. 205

👑The Level 3 Store

Vol. 21 Ch. 205

နန်းတော်ထဲမှ နေ့ရက်များ ကန်ရေပြင်လိုတည်ငြိမ်အေးချမ်းခဲ့သည်။

လဝက်ခန့်ကြာပြီးနောက် လောတိုင်းပြည်က နယ်စပ်ကို ရုတ်တရက် တိုက်ခိုက်လာခဲ့သည်။ သို့သော် ဝူကျီးနှင့် ဝူချုံးလန်တို့က အားလုံး ပြင်ဆင်ထားပြီးသားဖြစ်ပါသည်။ ခံစစ်ကို အောင်နိုင်ရုံသာမကဘဲ လောစစ်တပ်ကို အဆုံးထိ တန်ပြန်တိုက်ခိုက်နိုင်ခဲ့ကာ အောင်ပွဲဆင်နွှဲခဲ့ကြပါသည်။

ထို့နောက် တိုင်းပြည်နှစ်ခုအကြား တရားဝင် စစ်ကြေညာခဲ့သည်။ ဝူကျီးနှင့် ဝူချုံးလန်တို့ မောင်နှမနှစ်ယောက် အပေး အယူမျှမျှ တိုက်ပွဲဝင်ခဲ့ကြသဖြင့် တိုက်ပွဲတိုင်းကိုဆက် တိုက်ဆိုသလိုအောင်မြင်နိုင်ခဲ့သည်။

ထိုကာလအတွင်း ဟန်ရုန်ကလည်း ခန့်မှန်းထားသည့်အတိုင်း ပုန်ကန်လာခဲ့သည်။ ယုံမင်းဆက်၏ စစ်ရေးဗျူဟာများကို လောတိုင်းပြည်ထံ ပေါက်ကြားအောင် လုပ်ခဲ့သည်။ ဒါကိုလည်း ဝူချုံးလန် မျှော်လင့်ထားပြီးသား ဖြစ်ပါသည်။

ထိုစစ်ရေးဗျူဟာတွေက အတုအယောင်တွေသာဖြစ် သည်။ ထိုစစ်ရေးဗျူဟာတွေအတိုင်း လောစစ်တပ် ချီတက်လာသောအခါ ရန်သူများ၏ဝန်းရံတိုက်ခိုက်မှုကို ခံခဲ့ရလေသည်။

လောတိုင်းပြည် အကြီးအကျယ်ရှုံးနိမ့်ခဲ့ရသည်။ ဟန်ရုန်ကိုလည်း စစ်မြေပြင်မှာပဲ ကွပ်မျက်ခဲ့ကြသည်။ အစ်ကိုဖြစ်သူ သေဆုံးသွားမှန်း ကြားသိရသောအခါ ဟန်ရှို့ရုန်လည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါသည်။

ယုံစစ်တပ် အောင်ပွဲခံကာ ပြန်ရောက်လာသည့်အချိန်တွင် ယုံမင်းဆက်၏ပထမဆုံးအမျိုးသမီးစစ်သူကြီးကို အား လုံးရှုမြင်ခဲ့ရသည်။ ထိုဆုံးဖြတ်ချက်ကို ဘယ်သူမှမကန့် ကွက်ခဲ့ကြတော့ပါ။

နောက်တော့ စစ်သူကြီးမောင်နှမနှစ်ယောက် အောင်ပွဲရနေသည့် အရှိန်အဟုန်ကို အသုံးချပြီး လောတိုင်းပြည်တစ်ခုလုံးကို သုံးနှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့ကြသည်။ ထိုအချိန်ကစပြီး ကမ္ဘာကြီးတစ်ခုလုံး ပေါင်းစည်နိုင်ခဲ့ကြသည်။

အရှင်မင်းကြီး၏အမြော်အမြင်ရှိမှုကိုလည်း အားလုံး ချီးကျူးမဆုံးဖြစ်ခဲ့ကြသည်။

စုရှင်းယွဲ့တို့ ဖွဲ့စည်းထားသည့် ပြဇာတ်အဖွဲ့က တိုင်းသူ ပြည်သားများအကြား အလွန်ကျော်ကြားအောင်မြင်နေပြီး တိုင်းပြည်တစ်ခွင်လုံးကို လှည့်လည်ဖျော်ဖြေနေရပါပြီ။

ယနေ့ အန်းရှောင်းယွီ ပို့ဆောင်ပေးထားသည့် ကျန်းနန်ဒေသန္တရ အစားအသောက်တွေကို သုံးဆောင်ရင်း စုရှင်းယွဲ့ ပို့ဆောင်ပေးထားသည့် ဇာတ်လမ်းအသစ်တွေကို ကျန်းကျီမြောင် ဖတ်ရှုနေခဲ့သည်။

သုံးနှစ်အတွင်း ကျန်းကျီမြောင်လည်း အမှတ်တွေကို ခြစ်ခြစ်ကုပ်ကုပ် စုဆောင်းခဲ့ပါသည်။ ယွဲ့ချန်းရှီ၏ကံကြမ္မာ ပြောင်းလဲသွားပြီးနောက် ဆုကြေးအဖြစ် အမှတ်တွေအများကြီး ပိုင်ဆိုင်ခဲ့ရသည်။

ရံဖန်ရံခါ ကြုံတွေ့ရသည့် အတင်းအဖျင်းမစ်ရှင်များနှင့် ပေါင်းစပ်လိုက်သောအခါ သူမလက်ထဲ အမှတ် ၂,၀၀၀ ကျော်လောက် စုမိဆောင်းမိ ရှိလာခဲ့ပါသည်။ စနစ်စတိုးဆိုင်ကို အဆင့်မြှင့်တင်ပြီးနောက် သက်ရှည်ဆေးကို ဝယ် ယူဖို့ လုံလောက်လိမ့်မည်ဟု ကျန်းကျီမြောင် ယုံကြည်သည်။

ယွဲ့လင်း သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်စေဖို့အတွက် သက်ရှည်ဆေးလုံးကို ဝယ်ယူရန် စနစ်တိုးဆိုင်အား Level 3 တင်နိုင်မည့် အချိန်ကို ကျန်းကျီမြောင် စောင့်မျှော်နေခဲ့တာဖြစ်သည်။

“စနစ်၊ နင်ပြောတော့ မကြာခင် Level 3 တင်လို့ရတော့မယ်ဆို” ကျန်းကျီမြောင် မေးလိုက်သည်။

စနစ်၏ပြောဆိုချက်အရ ဒီတစ်ခေါက် စနစ်စတိုးဆိုင်ကို Level 3 တင်နိုင်ဖို့ လိုအပ်ချက်များက အလွန်ရှုပ်ထွေးသည်ဟု ကျန်းကျီမြောင် သိခဲ့ရသည်။ ထိုလိုအပ်ချက်တွေကို ကျန်းကျီမြောင် အသေးစိတ်မသိခဲ့သော်လည်း ဒီကမ္ဘာထဲ ပြောင်းလဲမှုတွေ အများကြီး ဖြစ်ပေါ်ခဲ့တာကြောင့် ထိုလိုအပ်ချက်များ အလိုလိုပြည့်မှီသွားခဲ့သည်ဟု ဆိုသည်။

ကျန်းကျီမြောင် ဒီလိုနေ့ရက်မျိုး ရောက်လာဖို့ မျှော်လင့်ခဲ့တာကြာပါပြီ။ ယွဲ့လင်းရောဂါကို ကုသမပေးနိုင်သေးသရွေ့ သူ့ရင်ထဲ အမြဲတမ်း လေးလံနေဦးမှာဖြစ်သည်။

“မကြာတော့ပါဘူး၊ လုံးဝ မကြာတော့ဘူး”

စနစ်က ပျော်ရွှင်စွာ ပြောလိုက်သည်။

“အချက်အလက်တွေကို ကြည့်ရသလောက်တော့ နောက် ထပ် တစ်ရက်နှစ်ရက်လောက်ဆို ပြီးပါပြီ”

ကျန်းကျီမြောင် အလွန်မျှော်လင့်ထားမိသည်။ ထိုနေ့ရက်တွေက သူ့အတွက် အရှည်ကြာဆုံးဖြစ်ခဲ့ပါသည်။

ယွဲ့လင်းကျန်းမာရေးကလည်း စတင်ယိုယွင်းလာခဲ့ပြီဖြစ်သည်။ အမြန်ဆုံးကုသမပေးပါက သူ့မှာသက်တမ်း ၂ နှစ်သာ ကျန်ရှိတော့မည်ဖြစ်သည်။

ယွဲ့လင်းကတော့ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားပါပြီ။ တော်ဝင်မျိုးနွယ်စုများမှ ပါရမီရှင် ကလေးများကို ရွေးချယ်ပျိုးထောင်နေပြီဖြစ်သည်။။ ကလေးအများစုကလည်း ရလဒ်ကောင်းတွေပြနေကြပါသည်။

ထို့အပြင် နန်းတော်ပြင်ပ တိုင်းပြည်တစ်ဝှမ်းလုံးမှာ အိမ်ခြံမြေများစွာကို ဝယ်ယူပြီး သူမ နာမည်နှင့် ချန်ထားခဲ့မှန်း ကျန်းကျီမြောင်သိပါသည်။ သူ သေသွားလျှင်ပင် ကျန်းကျီမြောင်အား တစ်သက်လုံးအေးအေးချမ်းချမ်း နေထိုင်နိုင်အောင် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

သို့သော် ကျန်းကျီမြောင်ကမူ ဒီလိုဇာတ်သိမ်းမျိုးကို လက်မခံနိုင်ပါ။

သုံးနှစ်လောက် အတူတူနေခဲ့ရပြီးနောက် ယွဲ့လင်းအပေါ်ထားသည့် သူမ ခံစားချက်တွေက အလွန်နက်ရှိုင်းနေခဲ့ပါပြီ။ မျှော်လင့်ချက်က အပ်ချည်မျှင်ပမာသာ ရှိမည်ဆိုလျှင်တောင် သူ့အသက်ကို ရအောင် ကယ်တင်ပေးပါမည်။

-

ထိုနေ့ညက ယွဲ့လင်း စောစောအိပ်စက်သွားခဲ့သည်။

သူ့ကိုကြည့်ရင်း ကျန်းကျီမြောင်သက်ပြင်းချမိပါသည်။ ယွဲ့လင်း ခုတလော အားအင်တွေယုတ်လျော့လာခဲ့သည်။ အဖျားရောဂါကြောင့် သူ့ခန္ဓာကိုယ်လည်း နာကျင်ခံစားနေရမှာသေချာသည်။ သို့သော် ကျန်းကျီမြောင်ကို အသိမပေးချင်သဖြင့် အမြဲတမ်း ဖုံးကွယ်ထားခဲ့သည်။

သို့သော် ကျန်းကျီမြောင် မသိဘဲမနေခဲ့ပါ။

၃ နှစ်အတွင်း သူ့အမှတ်တွေ ကုန်ဆုံးခဲ့ရသည့် အဓိကအကြောင်းအရင်းက ယွဲ့လင်းအတွက် အကိုက်အခဲသက် သာဆေးတွေ လဲလှယ်ဝယ်ယူပေးနေရသောကြောင့် ဖြစ်သည်။

သူမလုပ်ပေးနေတာတွေကို ယွဲ့လင်းသိသည်။ ယွဲ့လင်း သိနေတာကို ကျန်းကျီမြောင်လည်း သိသည်။ တစ်ယောက်အကြောင်းကိုတစ်ယောက် နားလည်ထားကြသဖြင့် နှုတ်ဖြင့် ထုတ်ပြောစရာမလိုခဲ့ပါ။

“စနစ်ပိုင်ရှင်၊ စနစ်စတိုးဆိုင်ကို အဆင့်မြှင့်တင်လို့ရပါပြီ!”

စနစ်၏စိတ်လှုပ်ရှားနေသောအသံ ထွက်ပေါ်လာခဲ့သည်။

ကျန်းကျီမြောင် မျက်လုံးများ အရောင်လက်သွားခဲ့သည်။ ဒီလိုအခိုက်အတန့်ရောက်လာဖို့အတွက် သူမအချိန်အကြာကြီး စောင့်နေခဲ့ရတာဖြစ်သည်။

“အမှတ်တွေသုံးလိုက်! မြန်မြန်တင်လိုက်!”

ကျန်းကျီမြောင် မဆိုင်းမတွ အမိန့်ပေးလိုက်သည်။

စနစ်ကလည်း ချက်ချင်းအမိန့်နာခံလိုက်သည်။ စနစ်မျက် နှာပြင်ပေါ် ဘားတန်းလေးတစ်ခု ပေါ်လာခဲ့သည်။ ထိုဘားတန်းလေးကို ကျန်းကျီမြောင် မျက်တောင်ပင်မခတ်ဘဲ စိုက်ကြည့်နေခဲ့ပါသည်။

ထိုဘားတန်းလေး ၁၀၀ ရာခိုင်နှုန်းပြည့်သွားသည့်အခါ ကျန်းကျီမြောင်မျက်နှာပေါ် အတိုင်းထက်အလွန် ဝမ်းသာမှုများ ပေါ်လွင်လာခဲ့သည်။

စနစ်စတိုးဆိုင်ထဲ အမြန်ဝင်ရောက်ကာ သူလိုချင်နေသည့် ပစ္စည်းကို အမြန်ရှာဖွေလိုက်ပါသည်။

“သက်ရှည်ကျန်းမာဆေးလုံး: ဒီဆေးလုံးကို သောက်သုံးလိုက်ခြင်းအားဖြင့် အဆိပ်ဟူသမျှကိုဖြေနိုင်ပြီး အဖျားရောဂါဟူသမျှကို ကုသပေးနိုင်ပါလိမ့်မယ်။ ကျန်သက် တမ်းတစ်လျှောက်လုံးမှာလည်း နာကျင်မှုတွေ၊ ကပ်ရောဂါတွေကင်းဝေးပြီး အသက် ရာကျော်တိုင်အောင် ကျန်းကျန်းမာမာ နေထိုင်နိုင်ပါလိမ့်မယ်။ စိတ်တွေလည်း အမြဲတမ်း ကြည်လင်လန်းဆန်းနေပါလိမ့်မယ်”

ကျန်းကျီမြောင် တစ်စက္ကန့်ပင် မနှောင့်နှေးဘဲ အမြန်ဝယ် ယူလိုက်သည်။ ကျန်းကျီမြောင် အလွန်စိတ်လှုပ်ရှားနေပြီး အိပ်ရာထဲ ဂနာမငြိမ်ဖြစ်နေသဖြင့် ယွဲ့လင်းပင် အိပ်ရာနိုးလာပြီး မျက်လုံးများကိုဖြည်းညှင်းစွာဖွင့်လိုက်သည်။

“မြောင်မြောင်…”

ယွဲ့လင်းဘာမှမပြောနိုင်ခင် ကျန်းကျီမြောင်က သက်ရှည်ကျန်းမာဆေးလုံးကို သူ့ပါးစပ်ထဲ ထိုးထည့်ပစ်လိုက်သည်။ ယွဲ့လင်းလည်း ယောင်ပြီးမျိုချလိုက်မိသည်။

သို့သော် ယွဲ့လင်းမျက်နှာထား ချက်ချင်းပြောင်းလဲသွားခဲ့ပါသည်။ နဂိုကလေးလံနေသည့် ခန္ဓာကိုယ်လည်း ငှက်မွေး တမျှပေါ့ပါးသွားခဲ့သည်။ သူ့ခံစားချက်တွေ အလွန်ကောင်းမွန်လာခဲ့ပါသည်။

“မြောင်မြောင် ဒီဆေးလုံးက…”

ကျန်းကျီမြောင်ကို ယွဲ့လင်း ငေးကြည့်လိုက်သည်။

“ဒီဆေးလုံးက အစွမ်းထက်လိုက်တာ… ဒီလိုနတ်ဆေးလုံးမျိုးရဖို့ မြောင်မြောင် ဘာတွေပေးဆပ်ခဲ့ရတာလဲ”

ကျန်းကျီမြောင် မျက်လုံးများကွေးသွားသည်။

“ဒီမိဖုရား ဘာမှမပေးဆပ်ရဘူး၊ အရှင်ပဲ ပေးဆပ်ရမှာ”

ယွဲ့လင်း သက်ပြင်းချလိုက်သည်။

“ဒါဆိုတော်သေးတာပေါ့”

ကျန်းကျီမြောင် ကျီစယ်အပြုံးဖြင့် ပြောလိုက်ပါသည်။

“ပေးဆပ်ရမယ်ဆိုတာ ဒီတစ်ဘဝလုံး ကျွန်မဆီမှာ ပေးဆပ်ရမယ်လို့ဆိုလိုတာ၊ ယွဲ့လင်းဆိုတဲ့ ရှင့်ကို ကျွန်မတစ်ယောက်တည်းပဲ ပိုင်ဆိုင်စေရမယ်လို့ ပြောတာ”

ယွဲ့လင်း: “???”

ဒီလိုဆုလာဘ်မျိုး တကယ်ရှိတာလား ?

“ကိုယ်လိုချင်တာလည်း ဒါပဲလေ”

ယွဲ့လင်း နှုတ်ခမ်းထက် အပြုံးတစ်ခုပေါ်လာခဲ့သည်။

“အရှင် သက်ရှည်ကျန်းမာပြီး အသက်တစ်ရာကျော်တဲ့အထိ နေနိုင်တော့မှာ၊ အဲ့တာကြောင့် ဒီမိဖုရားနာမည်နဲ့ အိမ်ခြံမြေတွေ ဝယ်ထားစရာမလိုတော့ဘူးနော်”

ကျန်းကျီမြောင် အပြုံးဖြင့် နူးညံ့စွာပြောလိုက်သည်။

“ဘယ်ဟုတ်ပါ့မလဲ၊ အဲ့တာတွေကတော့ ဝယ်ထားသင့်တာပေါ့၊ ထီးနန်းဆက်ခံသူတစ်ယောက်ကို ပျိုးထောင်ပြီးတာနဲ့ အန်းရှောင်းရီကို အတုယူပြီး ကမ္ဘာတစ်ဝှမ်းခရီးထွက်ကြမယ်လေ၊ အဲ့တာဆို ပျော်စရာမကောင်းဘူးလား”

ယွဲ့လင်းစကားကိုကြားသောအခါ ကျန်းကျီမြောင်ရင်ထဲ မျှော်လင့်တောင့်တမှုတချို့ဖြစ်တည်လာခဲ့သည်။ သူမက ပုံမှန်ဆို ခရီးသွားဖို့နေနေသာသာ အိမ်ထဲမှာနေရင်းတောင် လှုပ်ချင်သူမဟုတ်ပေ။

သို့သော် သူမ ချစ်မြတ်နိုးရသည့်လူတစ်ယောက် အနားမှာရှိနေလျှင်တော့ ထိုခရီးလမ်းတွေက ပျော်ရွှင်စရာကောင်းလာနိုင်ပါသည်။

အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ အနာဂတ်တွေအကြောင်း ဆွေးနွေးခဲ့ကြသည်။

ရုတ်တရက်…

စနစ်၏တုန်ယင်နေသောအသံ ထွက်ပေါ်လာခဲ့ပါသည်။

“စ… စနစ်ပိုင်ရှင်! သ…သတင်းထူးပါတယ်! သတင်း ကောင်းလား သတင်းဆိုးလား ကျွန်ုပ်ဝေခွဲမရတော့ဘူး…”

သူမ ဘဝအတွက် အကြီးမားဆုံးပြဿနာကိုဖြေရှင်းပြီးသွားပြီးဖြစ်သဖြင့် သတင်းကောင်းဖြစ်ဖြစ် သတင်းဆိုးဖြစ်ဖြစ် ကျန်းကျီမြောင် ဂရုမစိုက်တော့ပါ၊ သူ အေးအေး လူလူပြောလိုက်သည်။

“ပြောစေ”

စနစ် တံတွေးမျိုချကာ ရှင်းပြလိုက်ပါသည်။

“စနစ်ပိုင်ရှင် မှတ်မိသေးလား… နဂိုအစီအစဉ်အရဆို ကျွန်ုပ်က စနစ်ပိုင်ရှင်ကို သက်တောင့်သက်သာ ဘဝမျိုးနဲ့ နေထိုင်နိုင်မယ့် ကမ္ဘာတစ်ခုကို ပို့ဆောင်ပေးရမှာလေ… ဒါပေမယ့် အမှားအယွင်းတစ်ခုဖြစ်သွားပြီး ဒီကမ္ဘာပေါ်ကို ရောက်လာခဲ့တာ…”

ကျန်းကျီမြောင် သဘောထားကြီးတတ်နေပါပြီ။

“ကိစ္စမရှိတော့ဘူး၊ နင်က အားကိုးလို့မရပေမယ့် ငါ အဲ့အတွက် ခွင့်လွှတ်ပေးလိုက်ပြီ”

စနစ် အချိန်အတော်ကြာ‌အောင် တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ဆက်ရှင်းပြလိုက်သည်။

“ပထမတော့ ကျွန်ုပ်တို့က Level 2 ပဲ ရှိသေးတဲ့ အသေး အဖွဲစနစ်လေးပဲမို့လို့ အထက်က သတိမထားမိခဲ့ဘူး၊ ဒါပေမယ့် အခု Level 3 တင်လိုက်တဲ့အခါ ကျွန်ုပ်တို့ကို ပင်မစနစ်က သတိပြုမိသွားပြီ…”

ကျန်းကျီမြောင် မျက်မှောင်ကြုတ်သွားသည်။

“အဲ့တော့?”

စနစ်က မဝံ့မရဲပြောလိုက်သည်။

“စနစ်ပိုင်ရှင် ကမ္ဘာမှားပြီးရောက်ရှိလာတာကို ပင်မစနစ်က သတိပြုမိသွားတယ်၊ အဲ့တာကြောင့် ပင်မစနစ်က ကြားဝင်စွက်ဖက်ပြီး စနစ်ပိုင်ရှင် ရောက်ရှိသင့်တဲ့ ကမ္ဘာကို ပြန်ပို့ဆောင်ပေးတော့မယ်၊ အဲ့ဒီကမ္ဘာမှာစနစ်ပိုင်ရှင်က သူဌေးကြီးတစ်ဦးရဲ့ သမီးဖြစ်ပြီး လူထောင်ပေါင်းများစွာရ ချစ်မြတ်နိုးမှုကို ခံစားရမှာ၊ ပြီးတော့ ခေတ်သစ်တစ်ခုပဲ၊ အဲ့ဒီမှာဆို စနစ်ပိုင်ရှင် အေးအေးချမ်းချမ်းနေနိုင်လိမ့်မယ်…”

ကျန်းကျီမြောင်မျက်နှာ ချက်ချင်းပြောင်းလဲသွားခဲ့သည်။

အစကတည်းက ထိုကမ္ဘာမျိုးကိုသာ ရောက်ရှိသွားခဲ့လျှင် ကျန်းကျီမြောင် ပျော်မိမှာဖြစ်သည်။ သို့သော် ယခုလို အချိန်မျိုးမှ ရုတ်တရက်ကြီး ကမ္ဘာပြောင်းလဲဖို့ဆိုတာ…

ကျန်းကျီမြောင် မျက်နှာဖြူဆုပ်သွားခဲ့ပါသည်။

“ဒီမှာလည်း ငါ ပျော်နေတာပဲလေ၊ ပင်မစနစ်ကို နင်စကား ပြောကြည့်လို့ မရဘူးလား”

စနစ် စကားနင်သွားခဲ့သည်။

“မရနိုင်ဘူး စနစ်ပိုင်ရှင်… အခု… သုံး… သုံးမိနစ်ပဲ အချိန် ရတော့တယ်၊ သုံးမိနစ်ပြည့်တဲ့အခါ ဒီကမ္ဘာကြီးထဲကနေ စနစ်ပိုင်ရှင် ထွက်ခွာရပါတော့မယ်”

All Chapters