← Chapters

👑A Thousand Years Later

Vol. 21 Ch. 206

👑A Thousand Years Later

Vol. 21 Ch. 206

ကျန်းကျီမြောင် မျက်နှာ အလွန်အကျည်းတန်သွားခဲ့သည်။

သုံးမိနစ်တဲ့လား…

ယွဲ့လင်း ရောဂါက ယခုမှပျောက်ရုံရှိသေးသည်။ ခွေးစနစ်က သူမကို အချိန်သုံးမိနစ်သာပေးမည်ဟု ဆိုနေလေသည်။

ဖြစ်နိုင်လျှင် ဒီခွေးစနစ်ကို သုံးနာရီလောက်ကြာအောင် ဆဲဆိုပစ်ချင်သည်။

သို့သော်… စနစ်လိမ်ညာနေတာ မဟုတ်မှန်း ကျန်းကျီမြောင်သိသည်။ စနစ်မျက်နှာပြင်ပေါ်မှာ အချိန်ရေတွက်မှုတစ်ခု စတင်နေပါပြီ။ ခွေးစနစ်အတွက်နဲ့ ထိုသုံးမိနစ်ကို ဖြုန်းတီးပစ်လို့ မဖြစ်ပါ။

ယွဲ့လင်းကို ကျန်းကျီမြောင် ရုတ်တရက်လှည့်ကြည့်လိုက်သည်။

“မြောင်မြောင်?”

ယွဲ့လင်းနှလုံးသားလည်း တုန်လှုပ်သွားခဲ့သည်။ မြောင်မြောင့် မျက်နှာပုံမှန်မဟုတ်ပါ။

ကျန်းကျီမြောင် အမြန်ပြောလိုက်သည်။

“ကျွန်မပြောတာ သေချာနားထောင် ယွဲ့လင်း၊ အကြောင်းအရင်းတစ်ခုကြောင့် ကျွန်မ ဒီကမ္ဘာကနေထွက်သွားရတော့မယ်”

ယွဲ့လင်း မျက်လုံးသူငယ်အိမ်တွေ ကျုံ့ဝင်သွားခဲ့သည်။

အဲ့တာ ဘာအဓိပ္ပာယ်လဲ…!

ကျန်းကျီမြောင်လည်း စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားခဲ့ပါသည်။ သူမ ပြန်လာနိုင်မည့် နည်းလမ်းတစ်ခုခုကျိန်း သေရှာဖွေမည်ဟု ပြောချင်ခဲ့သော်လည်း သူမ မရှာနိုင်မှာ စိုးရိမ်မိသည်။

ထို့ကြောင့် ကျန်းကျီမြောင် စိတ်အားတင်းကာ ခက်ခက်ခဲခဲပြောလိုက်ရသည်။

“ခုနက ရှင့်ကို ကျွန်မအပိုင်လို့ပြောခဲ့တာ ဒီတိုင်းကျီစယ်ခဲ့တာပါ၊ ကျွန်မ ထွက်သွားတဲ့အခါ ရှင်တစ်ယောက်တည်း လျှောက်လှမ်းရမယ့် ခရီးလမ်းတွေအရှည်ကြီးရှိသေးတယ်၊ ဘဝကို အကောင်းဆုံးနေထိုင်ပြီး ယုံမင်းဆက်ကိုလည်း အကောင်းဆုံး အုပ်ချုပ်စေချင်တယ်၊ ရှင်က မျိုးဆက်တစ်ခုရဲ့ ပညာရှိဧကရာဇ်ဖြစ်လာမယ့်သူ၊ ရှင့်အမည်က သမိုင်းကြောင်းတစ်လျှောက် ထင်ပေါ်ကျော် ကြားသွားတော့မှာ၊ ရှင့်ရဲ့ ဂုဏ်သတင်းကလည်း ထာဝရ တည်တံ့သွားတော့မှာ၊ အဲ့တာကြောင့် ယွဲ့လင်း… ကျွန်မ ဘယ်တုန်းကမှ ရောက်မလာခဲ့သလိုပဲ သဘောထားလိုက် ပါတော့…”

ယွဲ့လင်း သူငယ်အိမ်များတုန်လှုပ်သွားပြီး အက်ကွဲနေသည့် လေသံဖြင့် ပြောလိုက်သည်။

“မြောင်မြောင် ဘာတွေပြောနေတာလဲ… ကိုယ်ဘာမှ နားမလည်တော့ဘူး”

ယွဲ့လင်းကို ကြည့်ရင်း ကျန်းကျီမြောင် မျက်ရည်များဝဲလာသည်။ သို့သော် နောက်ဆုံးမှာ သူမ စကားတစ်ခွန်းတည်းသာ မှာကြားခဲ့ပါသည်။

“ကောင်းကောင်း ရှင်သန်နော်…”

ထို့နောက် ကျန်းကျီမြောင် ခန္ဓာကိုယ်လေထုထဲမှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။ ယွဲ့လင်ဘေးရှိ ကုတင်နေရာမှာ ရုတ်တရက် ဗလာကျင်းဖြစ်သွားခဲ့သည်။

သူ့ဘေးက ဗလာကျင်းဖြစ်သွားသည့် နေရာကို ယွဲ့လင်း ရီဝေစွာ ငေးကြည့်နေပါသည်။

ခုနလေးတင်မှ မြောင်မြောင်နဲ့အတူတူ ဘဝသစ်တစ်ခုစတင်ဖို့ တိုင်ပင်နေခဲ့သေးသည်။ တောတောင်ရေမြေတွေကို သူတို့နှစ်ယောက် အတူတူဖြတ်သန်းကာ အိုမင်းသွားမည့် ပုံရိပ်များအား စိတ်ကူးယဉ်မြင်ယောင်နေခဲ့ခြင်းဖြစ်သည်။

မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင်… မြောင်မြောင် ထွက်ခွာသွားရတော့မည်ဟု ဆိုခဲ့သည်။

ကုတင်ပေါ်ကို ယွဲ့လင်း တုန်ယင်နေသောလက်ဖြင့် စမ်းကြည့်လိုက်ပါသည်။ ကျန်းကျီမြောင် လှဲလျောင်းနေခဲ့သည့်နေရာမှာ အနွေးဓာတ်လေး အနည်းငယ်ရှိနေဆဲဖြစ် သည်။

သို့သော် ထိုအနွေးဓာတ်ကိုပေးစွမ်းနိုင်သည့် ပိုင်ရှင်ကမူ မရှိတော့ပေ။

ယွဲ့လင်း လမ်းပျောက်စွာ တစ်ယောက်တည်းထိုင်နေမိသည်။

မြောင်မြောင်က သူ့ကို ရှင်သန်စေချင်တယ်တဲ့လား…

သူက ဘယ်သူမှ အလိုမရှိခဲ့သည့် ကလေးတစ်ယောက်ဖြစ်သည်။ အထီးကျန် အမှောင်ထုအတွင်းမှာ တဖြည်း ဖြည်း ကြီးပြင်းလာခဲ့ရသူဖြစ်သည်။ သူ့ကို အမှောင်ထုထဲမှ ခေါ်ဆောင်ပြီးအလင်းပေးခဲ့တာ ကျန်းကျီမြောင်သာ ဖြစ်ပါသည်။

ပျော်ရွှင်မှုက လက်တစ်ကမ်းအလိုကို ရောက်ရှိနေပြီဟု ယွဲ့လင်း ထင်မှတ်ထားခဲ့သည်။ သူ့ဆန္ဒတွေပြည့်ဝလာချိန်မှာ မျှော်လင့်ချက်တွေအကုန် ပျက်သုဉ်းသွားခဲ့ရလေသည်။

မြောင်မြောင်မရှိဘဲ ရှင်သန်ဖို့ဆိုတာ…

ဘယ်လောက်တောင် ခက်ခဲလိုက်မယ့် တာဝန်လဲ ?

အရုဏ်တက်ချိန်အထိ ယွဲ့လင်းကုတင်ပေါ်မှာ တစ်ယောက် တည်း ထိုင်နေခဲ့သည်။ သို့သော် ကမ္ဘာမြေပေါ် အလင်း ရောင်များ ကျရောက်လာချိန်တွင် ယိမ်းယိုင်နေသည့် ခြေလှမ်းများဖြင့် သူထလာခဲ့ပါသည်။

သူ့အသက်ကို မြောင်မြောင် ပေးအပ်ခဲ့တာဖြစ်သည်။ မြောင်မြောင်က သူ့ကို အသက်ရှင်စေချင်သည်ဆိုသဖြင့်…

သူ ရှင်သန်လိုက်ပါမည်။

-

နောက်တစ်နေ့…

ယွဲ့လင်း တော်ဝင်အမိန့်တော် ထုတ်ပြန်ကြေညာခဲ့သည်။

မိဖုရားကြီးက ယုံမင်းဆက်ကိုအကျိုးပြုဖို့အတွက် ကောင်းကင်ဘုံမှ သက်ဆင်းလာသော နတ်ဘုရားတစ်ပါးဖြစ်သည်။ ယခု သူမတာဝန်တွေ အောင်မြင်ပြီးဆုံးသွားခဲ့ပြီဖြစ်တာကြောင့် ကောင်းကင်ဘုံသို့ ပြန်လည်ကြွမြန်းသွားခဲ့ပြီဟု ယွဲ့လင်း ကြေညာခဲ့ပါသည်။

နန်းတွင်းမှစလို့ တိုင်းသူပြည်သားများအထိ အားလုံးရင် ကွဲခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ကျန်းမိသားစု၌ သခင်မကျန်းကိုယ် ဝန်ထပ်လွယ်ခဲ့ရသည်။

ကျန်းဝေ သက်ပြင်းချမိပါသည်။ တစ်ခါတုန်းက မိဖုရားကြီးကို သူ သွားရောက်တွေ့ဆုံခဲ့ဖူးသည်။

မိဖုရားကြီးက အမှန်အတိုင်းဝန်ခံခဲ့ပါသည်။ သူက ကျန်းဝေ၏သမီးမဟုတ်တော့ပါ။ သမီးအရင်းကျန်းကျီမြောင် ကမူ အခြားကမ္ဘာကို ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

သို့သော် တစ်နေ့နေ့တစ်ချိန်ချိန် ကျန်းကျီမြောင်အစစ် ဒီကမ္ဘာကိုပြန်လာသည့်အခါ ကျန်းမိသားစုမှာပဲ ပြန်ဝင်စားလာနိုင်သည်ဟု မိဖုရားကြီးမိန့်ခဲ့ပါသည်။

ကျန်းဝေ မျက်လုံးများနူးညံ့သိမ်မွေ့သွားခဲ့သည်။ သူ့သမီးလေး ပြန်ရောက်လာပြီထင်ပါသည်။

၁၀ လခန့် ကိုယ်ဝန်လွယ်ခဲ့ရပြီးနောက် သခင်မကျန်း သမီးလေးတစ်ယောက် ဖွားမြင်ခဲ့သည်။ ထိုကလေးက ဉာဏ် ပညာ အလွန်ထက်မြက်ပါသည်။

ထိုကလေးလေး အရွယ်ရောက်လာသောအခါ ဘာကိုမှ ဖုံးကွယ်မထားခဲ့ဘဲ သူမက မူရင်းကျန်းကျီမြောင်ဖြစ်မှန်း ဝန်ခံခဲ့သည်။

ယခင်တုန်းက အနာဂတ် နှစ်တစ်ထောင်လောက်က ကမ္ဘာကို သူမ ရောက်ရှိသွားခဲ့တာဖြစ်သည်ဟုဆိုပါသည်။ ထိုကမ္ဘာမှာ သူမ ဘဝတစ်ခုဖြတ်သန်းခဲ့ရသည်။ ထိုဘဝမှာ သေဆုံးသွားပြီးနောက် ဒီကမိဘတွေကို မစွန့်လွှတ်နိုင်သေးသဖြင့် ပြန်ဝင်စားဖို့ရွေးချယ်ခဲ့ခြင်းဟု ဆိုခဲ့ပါသည်။

ထို့အပြင် အနာဂတ်နှစ်တစ်ထောင်မှာ ဖြစ်ပျက်လာမည့် အရာတွေကို သူမ မိဘတွေအား ရှင်းပြခဲ့သည်။

နှစ်တစ်ထောင်ကြာသည့်တိုင်အောင် ကြီးမြတ်သည့် ယုံမင်းဆက်က အဓွန့်ရှည်တည်မြဲနေဆဲဖြစ်သည်။

အနာဂတ်တွင် နောက်ဆုံး ယုံမင်းဆက်ဧကရာဇ်မင်းကြီးက အာဏာကိုစွန့်လွှတ်ပြီး ဝန်ကြီးအဖွဲ့စနစ်ကို တည်ထောင်ခဲ့သည်။ ထို့နောက် ယုံမင်းဆက်မှာ စည်းမျဉ်းခံဘုရင်စနစ်ကို ကျင့်သုံးခဲ့ကြသည်။

နှစ်တစ်ထောင်အတွင်း တာ့ယုံတိုင်းပြည်က တိုင်းပြည်များစွာအနက် အင်အားအကြီးမားဆုံးတိုင်းပြည်ဖြစ်ခဲ့သည်။

ဒါတွေအားလုံးရဲ့ စမှတ်က လက်ရှိ ယုံမင်းဆက် ဧကရာဇ်မင်းကြီးယုံဟယ်ပဲ ဖြစ်သည်။ ဧကရာဇ်မင်းယုံဟယ်က အုပ်ချုပ်ရေးစနစ်ပေါင်းများစွာကို အကောင်အထည်ဖော်ခဲ့ပြီး အဓွန့်ရှည်အောင် ဆောင်ရွက်ခဲ့သည်။

မူရင်းကျန်းကျီမြောင်က မိဘတွေကို သတိရတာကြောင့်လည်းပါပြီး၊ မျိုးဆက်ပေါင်းများစွာအထိ ချီးကျူးမြှောက်ပင့်ခံခဲ့ရသည့် ‘ထာဝရ ဧကရာဇ်’မင်းကြီး ဘယ်ပုံ ဘယ်ဝါရှိကြောင်း မြင်ချင်တာလည်းပါတာကြောင့် ဒီကမ္ဘာကိုပြန်လာခဲ့ရခြင်းဖြစ်သည်။

ကျန်းဝေ အလွန်ဂုဏ်ယူသွားမိသည်။

ဒါဆို… အရှင်မင်းကြီးက ထာဝရရွှေခေတ်တစ်ခေတ်ကို အမှန်တကယ် တည်ဆောက်နိုင်ခဲ့တာပေါ့…

အနာဂတ်နှစ်တစ်ထောင်ကမ္ဘာက ဘယ်လိုပုံစံဖြစ်မလဲဆိုတာ သူတို့မျက်လုံးနဲ့ တပ်အပ်မမြင်နိုင်သော်လည်း သူတို့သမီးလေးမြင်ခဲ့ရပြီဖြစ်သဖြင့် လုံလောက်ခဲ့ပါပြီ။

-

နှစ်တစ်ထောင်ခန့် ကြာပြီးနောက်…

စာသင်ခန်းတစ်ခုထဲ ထိုင်ရင်း ဆရာရှင်းပြတာကို ကျန်းကျီမြောင် ရီဝေစွာနားထောင်နေသည်။

“ဒီနေ့ပြောကြမယ့် အကြောင်းအရာကတော့ ဧကရာဇ်မင်းယုံဟယ်ရဲ့ သမိုင်းကြောင်းပဲဖြစ်တယ်၊ ဒီ ‘ထာဝရဧကရာဇ်’ရဲ့ အောင်မြင်မှုတွေအကြောင်းကိုတော့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေထဲမှာ အကြိမ်ကြိမ် ဖော်ပြခဲ့ပြီးပြီ၊ ဒီနေ့ဆရာပြောပြမှာက အဲ့ဒီ ‘ထာဝရဧကရာဇ်’ရဲ့ နှလုံးသား ရေးရာကိစ္စတွေကိုပဲ”

“အခုလောလောဆယ် ရှေးခေတ်ကိုကူးပြောင်းသွားပြီး ဧကရာဇ်မင်းယုံဟယ်နဲ့ ချစ်ကျွမ်းဝင်သွားတဲ့ ခေတ်သစ်မိန်းကလေးတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ် လမ်းတွဲတစ်ပုဒ် ထုတ်လွှင့်ပြသနေတာ သိကြတယ်မလား။ အဲ့ဒီဇာတ်လမ်းထဲမှာ ဧကရာဇ်မင်းယုံဟယ် နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးရတဲ့ မိဖုရားကျန်းက ခေတ်သစ်မိန်းကလေးနဲ့ ဧကရာဇ်မင်းတို့ရဲ့အချစ်ကို ပိတ်ပင်တားဆီးမယ့် ဗီလိန်ကြီးဖြစ်သွားတယ်တဲ့”

“ဇာတ်လမ်းထဲမှာ မိဖုရားကျန်းပျောက်သွားတော့ သူ့ကို ရှာဖွေလို့ရတဲ့နေရာတွေ အများကြီးရှိတယ်၊ ဒါပေမယ့် ဇာတ်လမ်းတွဲထဲမှာ ဖော်ပြထားတာတော့ အဲ့ဒီကူးပြောင်းလာတဲ့ မိန်းကလေးကိုအနိုင်ကျင့်လို့ မိဖုရားကျန်းကို ဧကရာဇ်မင်းယုံဟယ်က ရှင်းထုတ်ပစ်လိုက်တာတဲ့လေ၊ တော်တော် အဓိပ္ပာယ်မဲ့တာပဲ!”

သမိုင်းဆရာက အားကြိုးမာန်တက် ရှင်းပြနေပါသည်။

“ကူးပြောင်းလာတဲ့မိန်းကလေး ခေတ်သစ်ကိုပြန်သွားလို့ ဧကရာဇ်မင်းယုံဟယ်က ဘယ်သူနဲ့မှလက်ဆက်ထိန်းမြှားခြင်းမရှိတော့တာလို့ ပေါက်ကရတွေ ဖော်ပြထားသေးတယ်”

“ငါ့ကိုလာမေးရင်တော့ တစ်ခွန်းတည်းပဲ ပြောလိုက်မှာ သောက်တလွဲ ဇာတ်လမ်းပဲ!”

“သမိုင်းကြောင်းထဲမှာဆိုရင် ဧကရာဇ်မင်းယုံဟယ်နဲ့ မိဖုရားကျန်းတို့ရဲ့ ချစ်မေတ္တာက မေးခွန်းထုတ်စရာမလိုအောင် နက်ရှိုင်းတယ်! ဧကရာဇ်မင်းယုံဟယ်ရဲ့ဘဝမှာ မိန်းမတစ်ယောက်ကိုပဲ ချစ်မြတ်နိုးဖူးတာ၊ အဲ့တာ မိဖုရားကျန်းပဲ”

“မိဖုရားကျန်း နတ်ရွာစံသွားတဲ့အခါမှာလည်း ဝမ်းနည်းညှိုးငယ်မှုတွေနဲ့ ကဗျာပေါင်းများစွာ ရေးစပ်ခဲ့တယ်၊ ဧကရာဇ်မင်းယုံဟယ်က စာပေပညာသိပ်မထူးချွန်ပေမယ့် သူရေးသားထားတဲ့ ကဗျာစာသားတိုင်းက သွေးမျက်ရည်တွေနဲ့ စွန်းထင်းနေခဲ့တာ!”

“သမိုင်းမှတ်တမ်းတွေထဲက ဖော်ပြချက်အရဆိုရင် မိဖုရားကျန်း နတ်ရွာစံသွားတဲ့နောက် ဧကရာဇ်မင်းယုံဟယ်က ဖုန့်ယီနန်းဆောင်ကို ပြောင်းရွှေ့နေထိုင်ခဲ့တာတဲ့၊ ဘာလို့လဲဆိုတော့ ဖုန့်ယီနန်းဆောင်မှာ မိဖုရားကျန်းရဲ့ အငွေ့အသက်တချို့ ကျန်ရှိနေသေးလို့ပဲ”

“ဧကရာဇ်မင်းယုံဟယ် သက်ရှိထင်ရှားရှိစဉ်ကာလတစ်ခုလုံး အခြားကမ္ဘာတွေကို ရှာဖွေခဲ့တယ်တဲ့၊ သမိုင်းပညာရှင်တွေရဲ့ သုံးသပ်ချက်အရတော့ မိဖုရားကျန်းခွဲခွာသွားတဲ့ အမှန်တရားကို သူ လက်မခံနိုင်လို့ အခြားကမ္ဘာတစ်ခုရှိနေသေးတယ်ဆိုပြီး စိတ်ကူးယဉ်ဖြေသိမ့်ခဲ့တာ ဖြစ်နိုင်တယ်တဲ့”

“မိဖုရားကျန်းက ဒီကမ္ဘာလောကရဲ့အပြင်ဘက်မှာ ရှိနေတဲ့ အခြားကမ္ဘာတစ်ခုကနေ လူ့လောကကို သက်ဆင်းလာတဲ့ နတ်ဘုရားတစ်ပါးဖြစ်တယ်လို့ ဧကရာဇ်မင်းယုံဟယ်က တကယ် ယုံကြည်ခဲ့တာ၊ စိတ်ဝင်စားစရာကောင်းတာတစ်ခုက အဲ့ဒီခေတ်အခါက ဝန်ကြီးမှူးမတ်တွေလည်း ဧကရာဇ်မင်းယုံဟယ်ရဲ့ စကားတွေကိုယုံကြည်ခဲ့ကြတာပဲ”

“ရှေးဟောင်းသုတေသနပညာရှင်တွေရဲ့ သုံးသပ်ချက်အရ မိဖုရားကျန်းက လူချစ်လူခင်ပေါများလွန်းလို့ သူ့ကို ဘယ်သူမှမစွန့်လွှတ်နိုင်ခဲ့ကြတာလို့ ဆိုကြတယ်”

“သိပ္ပံပညာရှင်တွေကတော့ ဧကရာဇ်မင်းယုံဟယ်ရဲ့ ယုံကြည်မှုက အခုခေတ်မှာ ပေါ်လာတဲ့ အပြိုင်ကမ္ဘာတွေရဲ့ စမှတ်လို့ဆိုကြတယ်။ ဧကရာဇ်မင်းယုံဟယ်ပြောခဲ့တဲ့ အခြားကမ္ဘာဆိုတာက ဆရာတို့အခုသတ်မှတ်ထားတဲ့ အပြိုင်ကမ္ဘာတွေကိုဆိုလိုတာ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်”

သမိုင်းဆရာက အားနှင့်မာန်နှင့် ဆက်ရှင်းပြခဲ့သည်။

ကျန်းကျီမြောင် မှိုင်တွေသွားခဲ့သည်။

သူမ ဒီကမ္ဘာကိုရောက်တာ ၁၈ နှစ်ရှိပါပြီ။ ဧကရာဇ်မင်းယုံဟယ်၏ဇာတ်လမ်းကိုလည်း အကြိမ်ကြိမ်ကြားခဲ့ပြီးပြီ ဖြစ်သည်။

သူထပ်မံကူးပြောင်းလာသည့် ဒီကမ္ဘာက ယုံမင်းဆက်၏ နှစ်တစ်ထောင်ကြာ ကမ္ဘာဖြစ်နေလိမ့်မည်ဟု ကျန်းကျီမြောင် မထင်ခဲ့မိပါ။

ယွဲ့လင်း…

သူ့စကားကို နားထောင်ပြီး အကောင်းဆုံးနေထိုင်ခဲ့သည်။

နှစ်တစ်ထောင်ကြာအောင် တည်မြဲသည့် အခြေခံအုတ်မြစ်တစ်ခုကို သူတည်ဆောက်နိုင်ခဲ့သည်။ ယုံမင်းဆက်၏ တိုင်းသူပြည်သားတွေအပေါ် တာဝန်ကျေပွန်ခဲ့သည်။

နှစ်တစ်ရာတိုင်အောင် ယွဲ့လင်း အမှန်တကယ် ရှင်သန်ခဲ့ပြီး နောက်ဆုံးမှာ အေးအေးချမ်းချမ်း နတ်ရွာစံသွားခဲ့သည်။

‘ထာဝရဧကရာဇ်’ ရာဇဝင်ကို ကျန်းကျီမြောင် အကြိမ် ကြိမ် ကြားခဲ့ဖူးသော်လည်း တွေးမိတိုင်း မျက်ဝန်းတွေ စိုစွတ်လာမိဆဲဖြစ်သည်။

နှစ်တွေအကြာကြီး သူတစ်ယောက်တည်း ဘယ်လိုခံနိုင်ရည်ရှိခဲ့တာလဲ…

ကျန်းကျီမြောင် တွေးပင်မတွေးဝံ့တော့ပါ။

ထို့နောက် စာကြည့်တိုက်ကိုသွားပြီး ဧကရာဇ်မင်းယုံဟယ်ခေတ် သမိုင်းစာအုပ်တွေကို ကျန်းကျီမြောင် ရှာဖွေခဲ့သည်။ ယခုတော့ ယွဲ့လင်း၏ဖြစ်တည်မှုအရိပ်အယောင်တွေကို သမိုင်းတွေထဲမှာသာ သူမ ရှာဖွေနိုင်တော့သည်။

ထိုသမိုင်းကြောင်းတွေကို ကျန်းကျီမြောင် နေ့နေ့ညည ဖတ်ရှုခဲ့သည်။

ဒီသမိုင်းတွေထဲမှာသာ ယွဲ့လင်း၏အငွေ့အသက်ကို ရရှိနိုင်တာကြောင့်ဖြစ်သည်။

ဒီဘဝမှာ သူမ အလွန်အချစ်ခံရပါသည်။ မိဘတွေကလည်း သူမကို အလွန်စိတ်ပူပေးပြီး သမိုင်းစာအုပ်တွေ သိပ်မဖတ်ဖို့ပင် အကြံပေးခဲ့သေးသည်။

သို့သော် ကျန်းကျီမြောင် စိတ်မထိန်းနိုင်ခဲ့ပါ။

ယွဲ့လင်းနှင့်ပတ်သတ်သည့် အသေးစိတ်အချက်အလက်မှန်သမျှကို သူမ သိချင်ခဲ့သည်။

မိဘတွေကလည်း ဘာမှမတတ်နိုင်ခဲ့ပေ။ ကျစ်မြောင်က အရာရာ ပြည့်စုံသော်လည်း ဧကရာဇ်မင်းယုံဟယ်ကို အလွန်စွဲလမ်းနေသည်။ ရူးသွပ်လောက်အောင် စွဲလမ်းခြင်းမျိုးဖြစ်သဖြင့် မိဘတွေအနေနဲ့ နောက်ကွယ်မှ တိတ်တ ဆိတ် စောင့်ရှောက်ပေးရုံသာရှိသည်။

ညအချိန်…

ကျန်းကျီမြောင် သမိုင်းတွေ ဖတ်ရင်းနဲ့ပဲ အိပ်ပျော်သွားခဲ့သည်။

ရုတ်တရက် အေးစက်စူးရှသည့်အသံတစ်သံကို သူမနားထဲ ကြားလိုက်ရလေသည်။

“ဒါ ဘယ်နေရာကြီးလဲ”

ကျန်းကျီမြောင် တစ်ကိုယ်လုံးတုန်ယင်သွားပြီး မျက်လုံးကို ရီဝေစွာ ဖွင့်ကြည့်လိုက်သည်။

ထို့နောက် သူမရှေ့မှာ အလွန်ရင်းနှီးကျွမ်းဝင်ခဲ့ရသည့် လူတစ်ယောက်ကို မြင်လိုက်ရလေသည်။

“ယွဲ့…လင်း?”

အိပ်မက်လား လက်တွေ့လား မသဲကွဲသော်လည်း ယွဲ့လင်းအမည်ကို ကျန်းကျီမြောင်နှုတ်မှ တိုးညှင်းစွာ ခေါ်ဆိုလိုက်တော့သည်။

All Chapters