← Chapters

👑Extra: Worth Living

Vol. 21 Ch. 207

👑Extra: Worth Living

Vol. 21 Ch. 207

ကျန်းကျီမြောင် ကိုယ့်မျက်လုံးတွေကိုယ် မယုံကြည်နိုင်တော့ပါ။

သူမ ရှေ့မှောက် ရောက်လာသူက ယွဲ့လင်းဖြစ်သည်။ တိတိကျကျ ပြောရလျှင် ငယ်ရွယ်နုပျိုစဉ်က ယွဲ့လင်းဖြစ်သည်။

ယွဲ့လင်းလည်း ကျန်းကျီမြောင်ကို စိုက်ကြည့်နေသည်။ ပထမတော့ သူလည်း မသေချာမရေရာခဲ့ပါ။

သို့သော် ကျန်းကျီမြောင်၏ခေါ်သံကို ကြားပြီး သူ့မျက်နှာပေါ် မယုံကြည်နိုင်မှုများ ရုတ်တရက် ထင်ဟပ်လာခဲ့သည်။

ယွဲ့လင်းတစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။

“မြောင်မြောင် လား!”

သူ့နာမည်ကို ထိုလူ မှတ်မိနေသည်။

သူကား… အမှန်တကယ် ယွဲ့လင်းဖြစ်နေသည်။

ကျန်းကျီမြောင် သူ့ကိုငေးကြည့်ရင်း မျက်လုံးတွေနီမြန်းကာ မျက်ရည်တွေကျလာပါသည်။

ထိုကမ္ဘာကို ပြန်သွားဖို့ သူမနည်းလမ်းပေါင်းစုံ ရှာဖွေခဲ့သည်။ သို့သော် သူမဆီကို ယွဲ့လင်းက အရင်ရောက်လာလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ခဲ့ဖူးပေ။

“မြောင်မြောင် မငိုပါနဲ့”

ယွဲ့လင်းပျာယာခတ်သွားပြီး ကျန်းကျီမြောင်ကို ရင်ခွင်ထဲ ဆွဲခေါ်လိုက်သည်။

ကျန်းကျီမြောင်လည်း သူ့ရင်ခွင်ထဲမှာ နားခိုရင်းမျက်ရည်တွေ တိတ်တဆိတ်ကျနေခဲ့သည်။

ယွဲ့လင်းနှုတ်မှလည်း အကြိမ်ကြိမ်ရေရွတ်ရင်း ကျန်းကျီမြောင်ကို ချော့မြူနေခဲ့သည်။

“မငိုနဲ့တော့နော် ဘာမှမဖြစ်တော့ဘူး မငိုနဲ့တော့…”

အချိန်အတော်ကြာမှ ကျန်းကျီမြောင် မျက်ရည်တွေသုတ်ကာ သူ့ကို မော့ကြည့်လိုက်သည်။

“ရှင်… ရှင် ဘယ်လို ရောက်လာတာလဲ? သမိုင်းစာအုပ်တွေထဲမှာ ဖော်ပြထားတာက ရှင်… ရှင်ဒီတိုင်း နတ်ရွာစံသွားခဲ့တာဆို…”

အခုတော့ သူမရှေ့ကို ငယ်ရွယ်နုပျိုသည့်အသွင်ဖြင့် ယွဲ့လင်း ရောက်ရှိလာခဲ့သည်။

ယွဲ့လင်းမျက်လုံးတွေလည်း အံ့အားသင့်မှင်သက်နေခဲ့သည်။

သူ နူးညံ့သိမ်မွေ့စွာ ရှင်းပြခဲ့သည်။

“ကိုယ်တကယ် နတ်ရွာစံသွားခဲ့တာ… မြောင်မြောင်ထွက်သွားတော့ မြောင်မြောင့်စကားကို ကိုယ်နားထောင်ခဲ့တယ်လေ၊ ကိုယ်အကောင်းဆုံး ရှင်သန်ခဲ့တယ်၊ တိုင်းပြည်ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ခဲ့တယ်၊ ကိုယ့်ဘဝရဲ့ နောက်ဆုံးအချိန်အထိ အလုပ်တွေ များခဲ့ရတယ်၊ ကိုယ်သေဆုံးသွားတော့ အဆုံးအစမရှိတဲ့ ဟင်းလင်းနယ်ကြီးတစ်ခုထဲ ရောက်သွားခဲ့တာ… အဲ့ဒီမှာ အသံတစ်သံကို ကြားခဲ့ရတယ်၊ ကိုယ်ကောင်းမှုတွေ အများကြီး လုပ်ခဲ့တာကြောင့် ကိုယ့်နှလုံးသားထဲက လိုအင်ဆန္ဒတစ်ခုကို ဖြည့် ဆည်းပေးမယ်တဲ့…”

“အဲ့ဒီနောက် ကိုယ် ဒီကို ရောက်လာခဲ့တာပဲ…”

ကျန်းကျီ‌မြောင်ကို ယွဲ့လင်းမျက်တောင်ပင်မခတ်ဘဲ ငေးကြည့်နေခဲ့သည်။ ယခင်ဘဝတုန်းက သူမကိုတစ်သက်လုံး မဆုတ်မနစ် ရှာဖွေခဲ့ရတာဖြစ်သည်။

နောက်ဆုံးတော့ ရှာတွေ့ခဲ့ပါပြီ…

ကျန်းကျီမြောင် မျက်ဝန်းတွေ ပိုမိုနီမြန်းသွားခဲ့သည်။

ဒီကမ္ဘာကို သူမ ရောက်လာတာ ၁၈ နှစ်ရှိပါပြီ။ ၁၈ နှစ်လုံးလုံး သူ့နှလုံးသားရဲ့အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေသလို ခံစားခဲ့ရသည်။

သို့သော် ယွဲ့လင်းတစ်ယောက်တည်း ဘဝကို အထီးကျန်စွာ ဖြတ်သန်းခဲ့ရချိန်က သူ့ထက်ပင် ပိုများခဲ့ပါသေးသည်။ ရှည်လျားလှသည့် နှစ်ပေါင်းများစွာကို အမှန်တကယ် သူတစ်ယောက်တည်း နာနာကျင်ကျင် ဖြတ်ကျော်ခဲ့ရသည်။

ထိုနာကျင်မှုတွေကို ယွဲ့လင်း ပေါ့ပေါ့တန်တန် ပြောဆိုခဲ့သော်လည်း သူဘယ်လောက် ခါးသီးခဲ့ရမလဲ ကျန်းကျီမြောင် ကောင်းကောင်းနားလည်သည်။ ထိုအတွေးဖြင့် သူ့နှလုံးသားထဲ စူးစူးရှရှ နာကျင်သွားခဲ့ရသည်။

“မြောင်မြောင်…”

ကျန်းကျီမြောင် မျက်ဝန်းထောင့်တွေကို ယွဲ့လင်းလက်ဖြင့် ပွတ်သပ်ပေးလိုက်သည်။

“ကြည့်ပါဦး… ကောင်းကင်ဘုံကတောင် ကိုယ့်ကို သက် ညှာပေးခဲ့တာပဲ…”

မြောင်မြောင်နဲ့ ပြန်တွေ့ဆုံလိုက်ရတာနဲ့တစ်ပြိုင်နက် ယခင်ဘဝက ခံစားခဲ့ရသည့် အထီးကျန်မှုတွေ နာကျင်မှုတွေဆိုတာ ဘာမှမပြောပလောက်တော့ပေ။

ကျန်းကျီမြောင်လည်း မျက်ရည်တွေနဲ့ ခေါင်းညိတ်လိုက်ပါသည်။ ဘာတွေပဲဖြစ်ခဲ့ပါစေ သူမထံကို ယွဲ့လင်းရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဒီဘဝမှာတော့ သူမတို့ အသက်အရွယ်တွေ ကြီးရင့်သွားသည်အထိ အတူတူပျော်ရွှင်စွာနေထိုင်နိုင်ပါတော့မည်။

-

ယွဲ့လင်း လေထုထဲမှ ရုတ်တရက် ပေါ်လာတာကြောင့် လောလောဆယ်တော့ သူ့ကို ကျန်းကျီမြောင် ယာယီထွက်သွားခိုင်းရသည်။

ထို့နောက် မိဘမဲ့ ယွဲ့လင်းကို သူမ မိဘတွေ ‘မတော်တ ဆ’တွေ့ဆုံသွားစေဖို့ ကျန်းကျီမြောင်အကွက်ချစီစဉ်ခဲ့သည်။ ကျန်းကျီမြောင်၏တောင်းဆိုမှုဖြင့် မိဘတွေက ယွဲ့လင်းပညာရေးကို တာဝန်ယူပေးခဲ့ကြသည်။

ယွဲ့လင်းကြောင့် ကျန်းကျီမြောင် သမိုင်းစာအုပ်တွေကိုပစ်ချပြီး ပြန်လည်ရွှင်လန်းလာခဲ့တာကိုမြင်သောအခါ သမီးမျက်နှာတစ်ကမ္ဘာဖြစ်နေသည့် မိဘတွေလည်း ကျန်တာဘာမှ ဂရုမစိုက်တော့ဘဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြသည်။

ထို့အပြင် ဒီယွဲ့လင်းဆိုသူက… အတော်လေး သဘောကျစရာကောင်းသည်။ မိဘမဲ့တစ်ဦးဖြစ်သော်လည်း အလွန်ကြိုးစားချင်စိတ်ရှိပြီး မြောင်မြောင့်အပေါ်လည်း အလွန်ကောင်းမွန်ခဲ့သည်။

တစ်ခုတည်းသောပြဿနာက… သူ့နာမည် အလွန်ခမ်းနားနေတာပင်…

ဧကရာဇ်မင်းယုံဟယ်ရဲ့အမည်နာမကိုတောင် ယူထားရဲတယ်ပေါ့…

ထိုသို့စဉ်းစားကြည့်ခါမှ မြောင်မြောင်ကလည်း ဧကရာဇ်မင်းယုံဟယ်ကို အလွန်စွဲလမ်းနေတာဖြစ်သည်။ ထို့ကြောင့် ဒီယွဲ့လင်းကို အလွန်သဘောကျနေရခြင်းက ဧကရာဇ်မင်းယုံဟယ်နှင့် အမည်ချင်းတူနေတာကြောင့်များလားဟု တွေးမိစရာဖြစ်ရသည်။

နောက်တော့ ယွဲ့လင်းနှင့် ကျန်းကျီမြောင်တို့ တက္ကသိုလ်အတူတူတက်ခဲ့ကြပြီး တရားဝင်ချစ်သူတွေ ဖြစ်သွားခဲ့ကြသည်။

ထိုအခါ ကျန်းကျီမြောင်၏မိဘနှစ်ပါးက တိတ်တဆိတ်ဆွေးနွေးခဲ့ကြပါသည်။

“နောက်ဆို ကျွန်မတို့ စကားကိုထိန်းထိန်းသိမ်းသိမ်းပြောရမယ်နော်၊ မြောင်မြောင် သူ့ကို သဘောကျတာက ဧကရာဇ်မင်းယုံဟယ်နဲ့ နာမည်တူလို့ဆိုတာကို ရှောင်လင်း သိသွားလို့မဖြစ်ဘူး၊ ရှောင်လင်းက လူကောင်းလေးပါ၊ အဲ့တာကြောင့် လန့်ပြေးသွားမှာစိုးရတယ်”

ကမ္ဘာသစ်ကို ရောက်ရှိလာသော်လည်း ယွဲ့လင်းက ရေကန်ပြောင်းသည့် ငါးတစ်ကောင်ပမာ ခပ်မြန်မြန်လိုက်လျောညီထွေးဖြစ်သွားခဲ့သည်။ သို့သော် ဒီဘဝနဲ့ လိုက်လျောညီထွေးဖြစ်အောင် နေထိုင်ဖို့အခက်ခဲဆုံးကဏ္ဍက ခေတ်သစ် လူတွေရဲ့ အဆုံးမရှိသော ချီးကျူးမြှောက်ပင့်စကားတွေကိုနားထောင်နေရခြင်းဖြစ်သည်။

သူတို့ရဲ့မြှောက်ပင့်စကားတွေက အရှက်မရှိသည့်လူကိုတောင် မျက်နှာကြီးနီမြန်းသွားစေသည်။ ကျန်းကျီမြောင်ကလည်း ယွဲ့လင်းကို အခွင့်ရတိုင်းစနောက်ခဲ့သေးသည်။

အချိန်တွေကြာလာတာနဲ့အမျှ ထိုအသံတွေကို ယွဲ့လင်း လျစ်လျူရှုတတ်လာသည်။ ခေတ်သစ်ကို ရောက်ရှိလာပြီး ဧကရာဇ်မင်းကြီးဟူသည့်ဘွဲ့ကို ဆုံးရှုံးလိုက်ရပြီးနောက် ပိုက်ဆံရှာဖို့သာ ယွဲ့လင်း အာရုံစိုက်ထားခဲ့သည်။

မြောင်မြောင် ပိုက်ဆံတွေအများကြီးကိုင်ရတာကို သဘော ကျသည်ဟု တစ်ခါတုန်းက ပြောခဲ့ဖူးသည်။ ယောက္ခထီးကအချမ်းသာဆုံး သူဌေးကြီးဖြစ်နေသော်လည်း မြောင်မြောင့်ကို လိုချင်ပါက သူ့ဘက်ကလည်း လစ်ဟာနေလို့ မဖြစ်ပါ။

ထင်မှတ်ထားသည့်အတိုင်းပဲ ယွဲ့လင်း ငွေတွေအများကြီး ရှာနိုင်ခဲ့သည်။

ဘယ်သူ့ဘဝကို အားအကျဆုံးလဲဟု အင်တာနက်ပေါ်မှာ Netizen တွေ မဲခွဲကြသောအခါ ကျန်းကျီမြောင်၏ အမည်က ထိပ်ဆုံးကို ရောက်နေပါသည်။

မိဘတွေကလည်း အတိုင်းထက်အလွန် ချစ်မြတ်နိုးပြီး၊ ချစ်သူကောင်လေးကလည်း အလိုလိုက်သည်။ သူမ ယုံကြည်စိတ်ချနိုင်သည့် သူငယ်ချင်းကောင်းတချို့ကို ပိုင်ဆိုင်ထားရပြီး ဘဝမှာလုပ်ချင်တာ မှန်မျှကိုလည်း လုပ်နိုင်သူဖြစ်သည်။

-

မင်္ဂလာပွဲနေ့တွင် ယွဲ့လင်းကို ကျန်းကျီမြောင် အချိန်အ တော်ကြာအောင်ငေးကြည့်နေခဲ့ပါသည်။

ကမ္ဘာကြီးက အဆုံးမရှိအောင်ကျယ်ပြောလှသည်။

တချို့တွေက ထိုကမ္ဘာကြီးကို နှလုံးသားထဲမှာ သိမ်းဆည်းထားပြီး ရွှေလှံတွေ စစ်မြင်းတွေနဲ့ စစ်မြေပြင်မှာ အောင်ပွဲ ခံဖို့အိပ်မက်မက်ကြသည်။ တချို့ကမူ ဘဝကို အေးအေး ချမ်းချမ်း ဖြတ်သန်းချင်ပြီး ငြိမ်းချမ်းရေးနှင့် ဘေးကင်းလုံခြုံမှုတို့ကိုသာလိုလားတတ်ကြသည်။

ကိုယ့်ရင်ထဲက ဆန္ဒအတိုင်း ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြန်သန်းနိုင်သရွေ့ ရွေးချယ်မှုအားလုံးမှန်ကန်ပါသည်။

ဒါ့ကြောင့်သာ ကမ္ဘာကြီးမှာ ရှင်သန်ရကျိုးနပ်စေခဲ့ခြင်းဖြစ် သည်။

All Chapters