အခန်း (၁-၃)
Vol. 1 Ch. 1-3
The Path To The Throne
ရာဇပလ္လင်သို့ လျှောက်ရာလမ်း
ရေးသားသူ- မေတ္တာရှင် ( Min Thu )
စာစဉ် ၁
ချီစွမ်းအင် ကျင့်ကြံခြင်း
ချီ စုဆောင်းခြင်း
အခြေခံ တည်ဆောက်ခြင်း အဆင့် ကိုးဆင့်
အခြေတည် အဆင့် ကိုးဆင့်
ချီ စစ်သူကြီး အဆင့် ကိုးဆင့်
ချီ ဘုရင် အဆင့် ကိုးဆင့်
ချီ ဧကရာဇ် အဆင့် ကိုးဆင့်
အင်မော်တယ် အဆင့် ကိုးဆင့်
အင်မော်တယ် ဘုရင် အဆင့် ကိုးဆင့်
အင်မော်တယ် ဧကရာဇ် အဆင့် ကိုးဆင့်
အင်မော်တယ် သူတော်စဥ် အဆင့် ကိုးဆင့်
အခန်း ၁
( ငါဘယ်ရောက် နေတာလဲ )
" အရှင်မင်းသား သတိထားပါဦး "
" အရှင်မင်းသား "
"အရှင့်သား ... အရှင့်သား"
[ အယ် ... ဘာတွေ ဖြစ်နေတာလဲ ]
[ ငါဘယ်ရောက် နေတာလဲ ]
စောရန်နိုင်တစ်ယောက် ကြောင်တောင်တောင် ဖြစ်ရချေပြီ၊၊
စောရန်နိုင်က ရှမ်းဗမာ ကပြားတစ်ယောက်ပါ ၊၊
တရုတ်ပြည်မှ မြန်မာပြည်သို့အပြန် လေယာဥ် မတော်တဆမှုဖြင့် ကြုံခဲ့ရပြီး ကံကောင်းထောက်မမှုကြောင့် အသက် မသေဆုံးခဲ့ပေ၊၊
သို့သော် သူ၏လက်ကျန် တစ်ဘဝလုံးသည် အိပ်ယာပေါ်တွင်သာ
ကုန်ဆုံးရမည် ဖြစ်သောကြောင့် မိမိကိုယ်ကို ဆေးသောက်၍ အဆုံးစီရင်ရာမှ ယခုကဲ့သို့ အမျိုးအမည် မသိရသော နေရာသို့ ရောက်ရှိ လာခြင်းပင်။
သူရဲ့ ပတ်ဝန်းကျင်ကို မျက်စိ ကစားမိရာ
[ ဘုရားရေ ဘာတွေလဲဟ ]
"ငါသေပြီး နတ်ပြည် ရောက်နေတာလား၊ အဲဒီလိုလဲ ဟုတ်ပုံမရပါဘူး"
"အရှင်မင်းသား ... သတိထားပါဦး"
"ဟုတ်ပါတယ်၊ အရှင်မင်းသား ... သေလွန်သူက သေလွန်သွားပါပြီ"
"မယ်တော်ကြီးရဲ့ နောက်ဆုံးခရီးကို ကောင်းမွန်စွာ ပို့ဆောင်ရ တော့မယ်လေ"
"ခေါင်းတလားကို လက်လွှတ် လိုက်ပါတော့လား အရှင့်သား"
"ဘာလဲဟ ... နင့်အဘကြီး ခေါင်းတလားကို လက်လွှတ်လိုက်ပါလား ... ငါဆွဲချင်လို့ ဆွဲထားတာ ထင်လို့လားဟ"
[ အယ် ... ဒါက ငါ့အမေ ဆိုတာလား ]
[ ငါ့ညီမမဟုတ်ဘူးလား ... ချောတယ်ဟ ]
စောရန်နိုင် တွေဝေနေသည်ကို မြင်ကြရချိန်မှာ ဘေးမှ လူတချို့က အတင်းတုတ် နေကြပါတယ်။
"အင်း သနားစရာပဲ ငယ်ကထဲက စွမ်းအင် မကျင့်ကြံနိုင်လို့ ကိုယ်လုပ်တော်ဝူက စောက်ရှောက် ပေးခဲ့ရတာ"
"ဟုတ်ပါ့ ဟုတ်ပါ့ ဒီလိုမဟုတ်ရင် ဒီလောက် ရှုပ်ထွေးတဲ့ နန်းတွင်းမှာ မြေဇာပင် ဖြစ်တာကြာ ပေါ့"
"သူ့ဘဝလဲ သနားစရာပါဗျာ"
"သူအားကိုးရာ ကိုယ်လုပ်တော်ဝူ ရုတ်တရက် ဆုံးပါးသွားတော့၊ သူ့ရဲ့ တစ်ခုထဲသော ထောက်တိုင် ကျိုးပြီပေါ့ဗျာ"
"ဟွန့် နည်းတောင် နည်းသေးတယ် အခုတော့ သူမောက်မာနိုင်ပါဦးမလား"
"ဟုတ်တယ် နန်းတွင်းက အပျိုတော်တွေက သူဆိုရင် ရွံမုန်းနေကြတာ"
အခြားတစ်ယောက်ကလဲ ခေါင်းငြိမ့်၍
"အဲဒါအမှန်ပဲ အမတ်ကြီးရန်နဲ့ ကိိုယ်လုပ်တော်ရန်တို့ ရှိနေလို့သာ ထင်သလို သောင်းကျန်းခဲ့တာ မလား"
"ဟုတ်ပါ့ဗျာ အခုတော့ ကျွတ် ကျွတ်"
"တိတ်ကြစမ်း မင်းတို့အဆင့်က ဘာမလို့ မင်းသား ငါး ကို ဝေဖန်နေကြတာလဲ တော်ကြစမ်း"
"ငါ့သမီးရဲ့ နာရေးမှာ၊ ငါ့မြေးကို ရှုတ်ချနေတာ ကောင်းကြသေးရဲ့လားကွ"
ထိုသူသည် ကိုယ်လုပ်တော်ရန် တနည်း ကိုယ်လုပ်တော်ရဲ့ ဖခင်ဖြစ်သူ စောရန်နိုင်၏အဖိုး အမတ်ကြီးမာရှု ဖြစ်ပါတယ်။
စောရန်နိုင်သည် အမတ်ကြီး ရန်နိုင်စိုး၏ အချစ်ဆုံး တစ်ဦးတည်းသော မြေးဖြစ်ကာ အလွန်ချစ်မှန်း သိကြသောကြောင့်၊ ဝေဖန်နေသော အမတ်များနှင့် အမျိုးသမီးများ ငြိမ်ကျ သွားလေသည်၊၊
[ အယ် ... အဲ့ဒါက ငါ့အဖိုး ဆိုပါလားဟ ]
[ အစ်ကိုကြီးလောက်ပဲ ထင်နေတာ ]
[ ဘာတွေလဲ ... ဘာတွေ ဖြစ်ကုန်တာလဲ ]
"အိုး ... အမတ်ကြီးမာရယ်.. ကိုယ့်သမီးရဲ့ နာရေးမှာ ဒေါသကို ထိန်းဦးမှပေါ့ဗျာ ... ဟား ... ဟား"
"တိုက်မျိုးနွယ် ကောင်"
"ငါ့သမီးရဲ့ နာရေးမှာ မင်းကို မကြိုဆိုဘူး"
"အခု ထွက်သွား"
နောက်ထပ် ဝင်လာသူမှာ အမတ်ကြီး တိုက်လင်း ဖြစ်ကာ၊ အမတ်ကြီး ရန်နိုင်စိုး နှင့် အပြိုင်အဆိုင် ဖြစ်လေသည်၊၊
[ ဘာလဲဟ ... ကြည့်ရတာ ငါတော့ ပွဲကြည့်ရဦးမယ် ထင်တယ် ]
သူတွေးလို့မှ မဆုံးခင်
"သူတို့ ပြောတာလဲ အမှန်ပဲလေ အမတ်ကြီးမာရဲ့"
"ခင်ဗျားမြေးက အဖိုးနဲ့အမေ အားကိုးပြီး ဆိုးနေတာကိုး"
[ ဘာလဲဟ ဘလိုင်းကြီး ]
[ ငါလဲ ဘာမှမသိ ရဘူးလေ ]
စောရန်နိုင် တစ်ယောက်တော့ ခေါင်းခြောက်ရပြီလေ။
"မင်းသားတစ်မှ ကိုယ်လုပ်တော်ရန်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ပါတယ်"
"မင်းသားလေးမှ ကိုယ်လုပ်တော်ရန်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ပါတယ်"
"မင်းသမီးတစ်မှ ကိုယ်လုပ်တော်ရန်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ပါတယ်"
မိန်းမစိုး၏ အော်သံကြောင့် နာရေးတစ်ခုလုံး တိတ်ဆိတ်သွား ငြိမ်သက် သွားလေသည်။
"မင်းသားနဲ့ မင်းသမီးတို့ကို အရိုအသေ ပြုပါတယ်"
မင်းသားတစ်ဆိုသူ အောင်ဇေယျပိုင်က
"နေသာသလို နေကြပါ"
"အခုလို ကျွန်တော့်သမီးရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်
ပေးကြတဲ့ မင်းသားနဲ့ မင်းသမီးတို့ကို ဒီလူအိုကြီး ရန်က ကျေးဇူး
တင်ပါတယ်ဗျာ"
"ပို့ဆောင်ရမှာပေါ့ဗျာ၊ ကိုယ်လုပ်တော်ရန် ဆိုတာက ကျွန်တော်တို့ကို ငယ်ငယ်ကထဲက အမေတစ်ယောက်လို ပြုစုခဲ့တာပဲလေ"
မင်းသားများနဲ့ မင်းသမီးတို့သည် ကိုယ်လုပ်တော်၏ ခေါင်းတလားအား အရိုအသေ ပြုကြပြီးနောက် အမတ်ကြီးရန်နှင့် စကားပြောနေ ကြပါတော့တယ်။
စောရန်နိုင် ကိုကား ဖုတ်လေငပိ ရှိသည်ဟုပင် မထင်ကြ ချေတကား။
အခန်း ၁ ပြီး
အခန်း ၂
( စနစ်တစ်ခုကို အသက်သွင်းခြင်း )
နာရေးခန်းမ အတွင်း ဟိုတစ်စု ဒီတစ်စုဖြင့် စုဖွဲ့ရင်း စကားပြော နေကြဆဲ ဖြစ်သည်၊၊
"အိုး ... ညီတော်ကော ရှိနေပါလား ... အပျိုတော်တွေကို လာကြည့်တာလား"
"ဟား ... ဟား ... ဟား"
မင်းသားတစ်၏ မထိတထိ စကားကို မာရှုကြားလိုက်သော်လည်း မင်းသားတစ်သည် ဘုရင်မင်းမြတ်၏ အချစ်ဆုံးသား ဖြစ်သည်မို့ ပြန်မလှန်ဝံ့ချေ။
"ဟား ... အစ်ကိုတော်ကလဲ ... မင်းသားငါးက သူ့အမေရဲ့ ဇာပနကို
ဘယ်သူ့ဇာပနမှန်း မသိလို့ လာကြည့်တာ နေမှာပါ ... ဟား"
မင်းသား လေး ကလဲ အပင့်ကောင်းပြန်၏ ။ ထို့အပြင်
"အော် ... ညီမလေး ဇင်မာအောင် ... မနေ့က ဒီကောင် ညီမလေး ရေချိုးတာကို လာချောင်းသေးတယ်ဆို ... အတွင်းဝတ်လဲ ပျောက်သွားသေးတယ်ဆို ... ပြန်မတောင်းတော့ဘူးလား"
"ဖူး ... ခွီး ... ခ်ခ်ခ်ခ် ... ဟား ... ဟား"
ငေးမောနေသော စောရန်နိုင်အား ကြည့်၍ နာရေးခန်းမ တစ်ခုလုံး ရန်မိသားစု၏ အစေခံများမှ လွဲ၍ အသောမသတ်နိုင်အောင် ရီမောကြ လေတော့သည်။
ထူးဆန်းစွာဖြင့် မင်းသမီး ဇင်မာအောင်သည် မျက်နှာနီ နှင့်သာ ရှိနေပြီး စကားတခွန်းမှ မဟချေ။
[ အာ ... ဘာလဲကွာ ... ငါဘာမှမဘာ၊ ဘာမှလဲ မသိဘူးလေ ]
သို့သော် စောရန်နိုင်မှာ ဂရုမစိုက် အားချေ၊၊
သူငေးကြည့်နေသည်မှာ သူ့ရှေ့မှ စာလုံးများကို ဖြစ်သည်။
( တွန် .... တွန် ..... တွန် )
[ လက်နက်စနစ်ကို အသက်သွင်း လိုပါသလား ]
[ လက်နက်စနစ် ဟုတ်လား ]
စနစ် "ဟုတ်ပါတယ်"
[ အဲ့ဒါက ဘယ်လိုအလုပ် လုပ်တာလဲ ]
စနစ်
"မစ်ရှင်တွေ ဆောင်ရွက်ပြီး၊ ပိုင်ရှင်အတွက် ဆုလာဒ်တွေ ထုတ်ပေးတာပါ"
[ ဘယ်လို ဆုလာဒ်တွေလဲ ]
စနစ်
"အမျိုးမျိုး ရှိပါတယ် ... မှတ်ချက်၊ မြန်မြန် အသက်သွင်းပါလားဟင် ... ရှင်းပြရတာ ပျင်းလို့ပါ"
[ ဟဲ့ပလုတ်တုတ် ]
[ အသက်သွင်းလိုက်ပါ ]
စနစ်
"တွီ ... စတင်ပြီး အသက်သွင်းနေပါပြီ"
"အရှင်မင်းသားတို့ ... ကျေးဇူးပြုပြီး ကွယ်လွန်သူကို ထောက်ထားပေးကြ ပါဦးဗျာ"
ဝမ်းနည်းမှုနဲ့အတူ ရန်နိုင်စိုး ( မာရှုနဲ့ဝူ ဆိုတာက ဘွဲ့အမည်ပါ )
၏ တောင်းပန်သံ ထွက်ပေါ်လာလေသည်။
"ထောက်ထားပေးရမယ် ... ဟား ... ဟား"
အမတ်တိုက်၏ လှောင်ပြောင်သံ ထွက်ပေါ်လာပြန်လေသည်၊၊
[ ထောက်ထားရမယ်တဲ့လား ဒီအချိန်မှ မနှိပ်ကွပ်နိုင်ရင် ငါ့မျိုးရိုးနာမည် ပြောင်းပစ်မယ် ]
အမတ်တိုက်၏ စိတ်ထဲမှာလည်း ကျေနှပ်နေလေသည်။
ထိုနည်းတူစွာ မင်းသားတစ်နဲ့ မင်းသားလေး မှာလဲ ကိုယ်စီ ကိုယ်စီ
[ ဒီအောက်တန်းစားကောင် အခုတော့ ဘာတက်နိုင်သေးလဲ၊ မောက်မာဦး၊ ရမ်းကားဦးလေ၊ အရင်ကဆို ကိုယ်လုပ်တော်ရန်ကို ကြောက်လို့သာ ငြိမ်ခံနေရတာ၊ ခုတော့ ... ဟွန့် ]
မင်းသမီး ဇင်မာအောင် ဘာတွေးနေသလဲတော့ မည်သူမှ မသိနိုင်ကြပေ။
ထိုသို့သော အဖြစ်အပျက် များသည် တခဏအတွင်း ဖြစ်ပျက်နေလေရာ စောရန်နိုင်သည် စနစ်အား လေ့လာရင်း အသက်သွင်း နေချိန်ဖြစ်၍ ဘာမှသတိ မထားမိပေ။
ယခုတော့
[ ဒီကောင်တွေက ဘာအထာတွေလဲ ... ငါ့ကို ပလိန်းခွပ် နေကြပါလားဟ ]
[ ဟို မင်းသမီးတစ် ဆိုတာကကော ဘာလို့ အသံမထွက်ရတာလဲ၊ ဘာပဲဖြစ်ဖြစ်ပါလေ၊ ညီအစ်ကို မောင်နှမ တွေပဲလေ၊ နှုတ်ဆက်ရမှာပေါ့ ]
"ဒီနှိမ့်ကျတဲ့ ညီတော် စောရန်နိုင်က မယ်တော်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ပေးတဲ့ အစ်ကိုတော်မင်းသား၊ ညီမတော် မင်းသမီးနဲ့ မူးမတ် အပေါင်းတို့ကို ကျေးဇူးတင်ပါတယ်ဗျာ"
"ဟာ ... ဟင် ... အို"
"ဘာလဲဟ၊ အနောက်အရပ်က နေထွက် လာတာလား"
"အာ ... ဘယ်လိုကြီးလဲ ... နန်းတွင်းရဲ့ ချဥ်ဖတ်မင်းသား ငါးကဘယ်တုန်းက ဒီလောက်ကြီး ယဥ်ကျေးသွားတာလဲ"
စောရန်နိုင်
[ ဘာလား ... ငါက အကောင်းနဲ့ ကျေးဇူးတင်နေတာလေ ]
အံ့သြောဆုံးမှာ မင်းသားတစ်၊ မင်းသား လေးနဲ့ မင်းသမီး ဇင်မာအောင်ပင်။
မင်းသားတစ်
" အန် ... မင်း ... မင်း "
မင်းသား လေး မှာမူ နာရေးခန်းမ ခေါင်မိုးအား မော့ကြည့် မိလိုက်ရင်း
[ ဘာတွေများ ထူးဆန်းနေပါလိမ့်၊ ခေါင်မိုးတော့ ပြိုကျ မလာလောက်ပါဘူးနော် ]
မင်းသမီး ဇင်မာအောင် သည်ကား ပါးစပ်ဟောင်းလောင်းနဲ့သာ
[ ဒီလူက မနေ့ညက ငါ့အဆောင်ကို အရှက်မရှိ လာချောင်းတဲ့ သူကောဟုတ်ရဲ့လား ]
"အဟမ်း ... အဟမ်း"
"ဒီနေ့ ကျွန်တော့်သမီး နာရေး"
ရန်နိုင်စိုးမှ ပြောလို့ မဆုံးသေးခင်
"ဘုရင်မင်းမြတ် အမိန့်တော်"
"အမတ်ကြီး ရန်နိုင်စိုးနဲ့၊ မင်းသား ငါး ဖြစ်တဲ့ စောရန်နိုင်
လက်ခံစေရန်"
မိန်းမစိုးချုပ် လိုင်လိုင်၏ အသံထွက်ပေါ် လာလေသည်။
"ဘာတွေ ဖြစ်ကုန်ပါလိမ့်"
နာရေးခန်းမမှ လူအများလည်း အမိန့်တော်အား ဒူးထောက် နားထောင်ကြရင်း တွေးမိကြ၏။
အခန်း(၂)ပြီး
အခန်း(၃)
( နယ်နှင်ဒဏ် ခံရသောမင်းသား )
"အရှင်မင်းမြတ် သက်တော် ရာကျော် ရှည်ပါစ"
"အရှင်မင်းမြတ် သက်တော် ရာကျော် ရှည်ပါစေ"
"အရှင်မင်းမြတ် သက်တော် ရာကျော် ရှည်ပါစေ"
"ငါကိုယ်တော် အရှင်မြတ် မိန့်လိုသည်မှာ အမတ်ကြီး ရန်နိုင်စိုးသည် သူ၏ သက်တမ်း တလျှောက်၌ ငါအရှင်မြတ် အပေါ်နှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ ခဲ့ရာတွင်၊ ယခုအခါ အသက်အရွယ် ရင့်ကျက်လာပြီ ဖြစ်သောကြောင့် လည်းကောင်း ကိုယ်လုပ်တော်ရန် ဆုံးပါးထား၍ စိတ်ပြေပျောက် နိုင်စေရန် ရည်ရွယ်၍ အမတ်ကြီးအား တာဝန်မှ အနားပေးလိုက်သည်၊ အနောက်ပိုင်း နယ်စပ်၌ အေးချမ်းစွာ
နေထိုင်နိုင်ရန် ငါကိုယ်တော်မှ ခြံတစ်ခြံ၊ ကျွန်ငါးဆယ်၊ ချီအခြေတည် အဆင့် နောက်လိုက် ဆယ်ဦးတို့အား ပေးသနားသည်၊
အမိိန့်တော် နာခံစေ"
"အမတ်ကြီးရန် ... အမိန့်တော်ကို လက်ခံပေးပါဦး"
"ဟာ"
"ဒီနေ့မှ ရက်လည်တာလေ ... အဲဒီလိုကြီးက"
"အင်းလေ ... ကိုယ်ပြုသမျှ ကိုယ်ခံရတာပါပဲ"
"နန်းတွင်းတော့ မုန်တိုင်းတခု ထန်တော့မယ် ထင်တယ်"
" ........... "
" ........... "
အမတ်ကြီး ရန်နိုင်စိုးသည် ဒူးထောက်ရင်း လက်သီးကို တင်းတင်းဆုပ်လျက်
[ နောက်ဆုံးတော့ မစောင့်နိုင်တော့ဘူးပေါ့ အောင်ဇေယျ၊ ဟွန့် ... ကာကွယ်ဖို့ နောက်လိုက်တဲ့လား၊ စောင့်ကြည့်ဖို့ သိသာနေတာကို ]
"ကျွန်တော် ရန်နိုင်စိုး၊ အမိန့်တော်ကို လက်ခံ ရရှိပါတယ်"
"အရှင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ"
"မင်းသားငါး စောရန်နိုင်၊ အမိန့်တော် နာခံစေ"
ပတ်ဝန်းကျင်မှ
[ ကောင်းတယ်၊ အမတ်ကြီးတောင် အဖြုတ်ခံ ရမှတော့ သူလဲ မလွတ်ပါဘူးကွာ ]
"မင်းသား စောရန်နိုင်သည်၊ နန်းတော် အတွင်း အပြင်၌၊ သောက်စား မူးယစ် ရမ်းကားကာ မင်းသားတစ်ပါး၏ ဂုဏ်သိက္ခာကို နှိမ့်ကျစေသောကြောင့် ယခုမှစ၍ မင်းသားအရာမှ ထုတ်ပယ်ပြီးလျှင်၊
မြို့စားအဖြစ် အရာချကာ အနောက်ဘက် နယ်စပ်မြို့သို့
စေလွှတ်လိုက်သည်၊ အနှစ် ငါးဆယ် အတွင်း မြို့တော်သို့ ခြေမချရ၊
ခြေကြူးက ခြေဖျတ်၊ လက်ကြူးက လက်ဖျတ်စေ ငါအရှင်မြတ် အမိန့်တော်"
"ဟာ ... သောက်ကျိုးနည်း မှောက်ထိုးပါ လဲပြီဟ"
"အခုပဲ ကမ္ဘာကူး အခုပဲ နယ်နှင်ခံ လှတော့ လှနေပြီ မောင်ရေ"
"အဘိုးကြီးရန်၊ နုတ်ဆက်ပါတယ်"
"အဘိုးကြီးရန်၊ အိမ်မှာ လုပ်စရာလေးတွေ ရှိလို့ ခွင့်ပြုပါဦး"
"အဘိုးကြီး"
"အဘိုးကြီး"
"ဟား ... ဟား၊ ဒီနေ့ ညီအစ်ကိုတို့ အဝ သောက်မယ်ဟေ့၊ အော် ... အဘိုးကြီးရန်၊ ဂုဏ်ပြုပါတယ်၊ အငြိမ်းစား ရတဲ့အတွက် ... ဟား"
"ဖူး"
နာရေးခန်းမ အတွင်းမှ ထွက်သွားကြသော လူများအား ကြည့်၍
ရန်နိုင်စိုး သွေးတစ်လုတ် အန်မိတော့သည်။
"အမတ်ကြီး"
"လာကြစမ်း၊ သမားတော်ကို မြန်မြန် သွားပင့်ကြစမ်း"
အိမ်တော်ထိန်း ချောင်ရန်၏ အော်သံနဲ့အတူ စောရန်နိုင် သတိပြန်ဝင်လာ၏။
"အဖိုး"
"ငါအခုမှ ကမ္ဘာပြောင်းလာပေမဲ့၊ အခုအချိန်မှာ သူက ငါ့အဖိုးပဲ၊ သူ့ကိုဘယ်သူမှ နောက်ထပ် မစော်ကားနိုင် စေရဘူး"
ထိုခန၌
စနစ်
"စနစ်အားအောင်မြင်စွာအသက်သွင်းလိုက်ပါပြီ"
စောရန်နိင် တစ်ယောက် မူးလဲသွားတော့၏။
"မင်းသား ... လုပ်ကြပါဦး ...မင်းသားလဲ မေ့လဲ သွားပြန်ပြီဟ"
အိမ်တော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်မို့ မင်းသားတစ်နဲ့ မင်းသားလေးတို့လဲ နှာရှုံ့ကာ ပြန်သွားကြပြီး မင်းသမီး ဇင်မာအောင်သာ ကျန်ခဲ့လေသည်။
"အစ်ကိုနဲ့ အဖိုးရန် ဘာမှမဖြစ်ရဘူး"
အခန်း(၃)ပြီး