← Chapters

လက်သီးနတ်ဘုရားကို ဆင့်ခေါ်ခြင်း

Vol. 20 Ch. 273

လက်သီးနတ်ဘုရားကို ဆင့်ခေါ်ခြင်း

Vol. 20 Ch. 273

အခန်း (၂၇၃) လက်သီးနတ်ဘုရားကို ဆင့်ခေါ်ခြင်း

"ဂိုဏ်းတူမောင်လေးရဲ့ အထီးကျန်ခြင်းမန္တန်က ပိုပြီး အစွမ်းထက်လာသလိုပဲ"

လမ်းသွားရင်း ရှောင်ယွိက အံ့သြစွာ ဆိုသည်။

ကျန်းလန်၏ အထီးကျန်မန္တန်က အလွန်နက်ရှိုင်းလာကြောင်း သူမ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ အင်မော်တယ်မဟုတ်သူများအနေဖြင့် သူတို့ကို လုံး၀ အာရုံခံမိကြမည် မဟုတ်ပေ။

သူမကိုသာ မန္တန်စွမ်းအားဖြင့် ကာရံထားခြင်း မရှိလျှင် သူမသည်လည်း ကျန်းလန်၏ တည်ရှိမှုကို လုံး၀ သတိထားမိမည် မဟုတ်ပေ။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ကျန်းလန် တစ်နေ့တခြား သီးသန့်ဆန်လာကြောင်း သူမ သတိပြုမိသည်။ သူမသာ မရှိလျှင် ကျန်းလန်၏ဘဝသည် အလွန်အထီးကျန်ပေလိမ့်မည်။

ကျန်းလန်က သိမ်မွေ့သည့်လေသံဖြင့်…

"ဒီမန္တန်က ကိုယ်နဲ့ ပိုပြီး အသားကျလာလို့ နေမှာပေါ့"

သူတို့ ခွန်လွန်တောင်အပြင်ဘက်သို့ ရောက်လာကြသည်။

နှစ်ပေါင်း (၅၀) ကြာပြီးနောက် ခွန်လွန်တောင်လမ်းက တစ်ဖန် ပြောင်းလဲသွားပြန်သည်။

ဂိုဏ်းသားများအချင်းချင်း တိုက်ခိုက်ကြရင်း ခွန်လွန်တောင်လမ်း ပြောင်းလဲသွားခြင်း ဖြစ်နိုင်သည်။ အမှန်တော့ ခွန်လွန်တောင်လမ်း ပြောင်းလဲမသွားလျှင်ပင် သူ့အတွက် အံ့သြစရာ ဖြစ်နေပေလိမ့်မည်။

ရှောင်ယွိက သူမ၏ ညာဘက်လက်ကို အသာဝှေ့ယမ်းလိုက်ရင်း…

"ဂိုဏ်းတူမောင်လေးက လူမှုရေးမကောင်းဘူးနော်"

ကျန်းလန်က ခဏမျှစဉ်းစားရင်း…

"ထင်တာပဲ"

စေ့စပ်ပွဲကြောင့်သာမဟုတ်လျှင် သူက ရှောင်ယွိနှင့်လည်း ယခုလို တွေ့ဆုံဖြစ်မည် မဟုတ်ပေ။

ရှောင်ယွိနှင့်သာ မစေ့စပ်ခဲ့လျှင် ကျန်းလန်အနေဖြင့် သူမအတွက် အချိန်ပေးနေစရာ မလိုပေ။ အလျှင်အမြန် ကျင့်ကြံပြီး ဆရာဖြစ်သူကိုကျော်တက်ကာ ခွန်လွန်တောင်တွင် ပြိုင်ဘက်ကင်းဖြစ်လာရန် ရည်မှန်းချက်တစ်ခုသာ သူ့တွင် ရှိပေလိမ့်မည်။

ထိုအဆင့်ရောက်ရှိရန် အချိန်မည်မျှကြာမည်ကို မသိနိုင်သော်လည်း ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်လာလျှင် မည်သည့်အရာကိုမှ စိတ်ပူနေစရာမလိုတော့ပေ။

ဆရာဖြစ်သူက သူ လမ်းမှားရောက်သွားမည်ကို စိတ်ပူသောကြောင့် မကြာခဏ အပြင်သို့ သွားရောက်လည်ပတ်ခိုင်းလေ့ ရှိသည်။ ထိုစကားကိုတော့ သူ နားထောင်ခဲ့ပါလေ၏။

သူ့ဘဝထဲတွင် ရှောင်ယွိသာ ရှိမလာခဲ့လျှင် သူက တည်ငြိမ်အေးဆေးစွာဖြင့် ကိုယ့်လမ်းကိုယ် လျှောက်နေမည် ဖြစ်သည်။

သို့သော် သူ့ဘဝထဲသို့ ရှောင်ယွိ ဝင်ရောက်လာခဲ့သည်။

ရှောင်ယွိ ရှိနေခြင်းနှင့် ရှိမနေခြင်းက လုံးဝမတူညီသည့် ဘဝအခြေအနေ (၂)ခု ဖြစ်သည်။ မည်သည့်ဘဝက အန္တရယ်ပိုများမည်ကို မသိရှိနိုင်သော်လည်း ဖြစ်လာသမျှကို လက်ခံရင်ဆိုင်ရမည်ပင်။

ယခုတော့ သူ့အနားတွင် ရှောင်ယွိရှိနေခြင်းကို တည်တည်ငြိမ်ငြိမ်ဖြင့် လက်ခံနိုင်ခဲ့ပြီ ဖြစ်ပြီး ရှောင်ယွိက သူ့ဘဝအတွက် အရေးပါသူတစ်ယောက်ပင် ဖြစ်လာခဲ့ရပြီ။

"ခစ်ခစ်…"

လမ်းလျှောက်လာရင်း ရှောင်ယွိက ရယ်မောလိုက်သည်။

"လူတွေကတော့ ဂိုဏ်းတူမောင်လေးကို တောင်ပေါ်မှာတစ်ချိန်လုံးကျင့်ကြံနေတဲ့ အဘိုးကြီးလို့ ထင်ကြတော့မှာပဲ"

"အသက်ပဲ နှစ်ပေါင်း (၄၀၀) လောက်ရှိနေပြီ ၊ ဘယ်လိုလုပ် ငယ်တော့မှာလဲ"

ကျန်းလန်တွေးလိုက်၏။

သူ့အသက်က လူ့ဘ၀ (၄)ဘဝစာလောက် ဖြစ်နေပြီ ဖြစ်သည်။ သို့သော် သူကတော့ သိုသိပ်စွာပင် ကျင့်ကြံရင်း ကုန်ဆုံးခဲ့သည်။

အချိန်က လူကိုမစောင့်လေရာ တန်ခိုးစွမ်းအားမြင့်မားလာခြင်းမရှိသရွေ့ အဘယ်မှာ အချိန်ဖြုန်းတီးဝံ့ပါမည်နည်း။

ကျန်းလန်က ရှောင်ယွိအနားသို့အသာတိုးကပ်လိုက်ရင်း…

"ဂိုဏ်းတူအစ်မကရော… လူတွေက မင်းကို အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်လေးလို့ ထင်စေချင်လို့လား"

ရှောင်ယွိက …

"လုံးဝပဲ…"

သူက လက်နှစ်ဖက်ကို နောက်သို့ပစ်ရင်း ကျန်းလန်ကို ကြည့်ကာ အလေးအနက်ဖြင့်ဆိုသည်။

"ကြည့်ရတာ ကျွန်မလည်း ဂိုဏ်းတူမောင်လေးလိုပဲ လူမှုရေးမကောင်းဘူးထင်တယ် ၊ လူတွေနဲ့ဆိုရင် ကျွန်မက ပြုံးလည်းမပြုံးတတ်သလို အရောတဝင်လည်း မနေတတ်ဘူး ၊ အခုလို ဂိုဏ်းတူမောင်လေးနဲ့ ရင်းရင်းနှီးနှီး ကလေးဆန်ဆန်နေမိတာက ရှင်က ကျွန်မရဲ့ဒဏ်ကိုခံနိုင်တဲ့ တစ်ယောက်တည်းသောသူမို့လို့ပါ ၊ ဒါကြောင့်လည်း ရှောင်ယွိဟာ ဒီနေ့ ဂိုဏ်းတူမောင်လေးရှေ့မှာ ရှိနေတာပေါ့"

ပြောပြီးသည်နှင့် ရှောင်ယွိမျက်နှာလေးက နေရောင်ပမာ တောက်ပစွာဖြင့် ပြုံးလိုက်သည်။

ထိုအပြုံးလေးကြောင့် ကျန်းလန်၏ရင်မှာ မုန်တိုင်းမွှေနှောက်သည့်ပမာ တဒုန်းဒုန်းတဒိုင်းဒိုင်း ရင်ခုန်မြန်သွားရသည်။

သူက နူးညံ့သည့်အသံဖြင့်…

"ဂိုဏ်းတူအစ်မ ဒီနေ့ ပြုံးလိုက်တာ အရမ်းလှတာပဲဗျာ…"

သူက စကားအပိုပြောမိသည်ဟု မခံစားရပေ။ ရှောင်ယွိ၏ လှပသည့်အပြုံးအပေါ်တွင်သာ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ရှောင်ယွိက ကျန်းလန်ကို လှည့်ကြည့်လာပြီး…

"ဒါဖြင့် မနေ့က အပြုံးက မလှဘူးဆိုပါတော့…"

ကျန်းလန်က…

"မနေ့က ဂိုဏ်းတူအစ်မပြုံးတာ ကိုယ်မှမမြင်ရဘဲ…"

ရှောင်ယွိ ခေါင်းညိတ်လိုက်သည်။

"ဒါလည်း ဟုတ်တာပဲ"

မနေ့က သူမနှင့် ကျန်းလန် တွေ့ဆုံခဲ့ခြင်း မရှိသလို သူမသည်လည်း ပြုံးရယ်ခဲ့ခြင်း မရှိပေ။

***

အတန်ကြာပြီးနောက် သူတို့ သေရည်ဆိုင်သို့ ရောက်ရှိလာကြသည်။

နှစ်ပေါင်း (၃၀၀)ကျော်အတွင်း သေရည်ဆိုင်ကတော့ တစ်ချက်လေးပင် ပြောင်းလဲခဲ့ခြင်း မရှိပေ။ လူသူလည်း ကင်းရှင်းလျှက် ရှိ၏။

သူတို့ ဆိုင်ထဲဝင်လိုက်သည်နှင့် အဖြူရောင်ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက် ကောင်တာတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။

လူငယ်လေး၏ မျက်နှာက တည်ကြည်လေးနက်နေပြီး တစ်စုံတစ်ခုကို ငုံ့ကြည့်နေသည်။ ထိုလူငယ်လေးသည်ကား လုန်မန်ပင် ဖြစ်၏။

ကျန်းလန်နှင့် ရှောင်ယွိ ဆိုင်ထဲဝင်လာတော့မှ လုန်မန် သတိဝင်လာသည်။

သူတို့ကိုတွေ့သည့်အခါ တအံ့တသြဖြင့်…

"ဟာ… ယောက်ဖနဲ့ အစ်မပါလား"

လုန်မန်က နဝမတောင်ထွတ်သို့ မကြာခဏလာလေ့ရှိသောကြောင့် ရှောင်ယွိပုံစံကို တွေ့မြင်ဖူးပြီးသား ဖြစ်သည်။

ထိုစဉ်က သူ အတော်လေး အံ့သြမှင်တက်သွားခဲ့သည်။

ရှောင်ယွိမှာလည်း လုန်မန်နားလည်အောင် အတော်လေး ရှင်းပြလိုက်ရပြီး နောက်ဆုံးတော့ လုန်မန်က ရှောင်ယွိကို သူ့အစ်မ လုန်ယွိဖြစ်ကြောင်း လက်ခံယုံကြည်သွားခဲ့သည်။

သူမမှာ လုန်မန် ယုံကြည်စေရန်အတွက် အာပေါက်အောင်ရှင်းပြလိုက်ရရုံသာမက  နဂါးရောင်ဝါကိုပင် ထုတ်ဖော်အသုံးပြုခဲ့ရသည်။ သို့သော် သူမက လုန်မန်ရှေ့တွင် လုန်ယွိပုံစံအဖြစ် ပြောင်းလဲမပြခဲ့ပေ။

အရွယ်ရောက်ပြီးသူ လုန်ယွိ ပုံစံနှင့်ယှဉ်လျှင် ရှောင်ယွိလေးက ပို၍ခင်မင်ဖွယ်ကောင်းကြောင်း လုန်မန် နားလည်သွားသည်။

ပြီးတော့ သူမနှင့် ယောက်ဖကလည်း အတော်လေး အဆင်ပြေသည့် ဆက်ဆံရေး ရှိကြသည်။

သေသေချာချာ စဉ်းစားကြည့်လျှင် သူတို့ (၂)ယောက် ဆက်ဆံရေးက အစကတည်းက အဆင်ပြေကြသည်။ လုန်မန်ကသာ စောစောစီးစီး မသိခဲ့ခြင်း ဖြစ်သည်။

လုန်မန်က…

"ဒီနေ့ အကောင်းစားသေရည်ရမှာ မဟုတ်ဘူး ၊ ဆိုင်ရှင်အဘိုး ခရီးထွက်သွားတယ်လေ ၊ ဘယ်တော့ပြန်လာမလဲဆိုတာ ပြောမသွားဘူး"

သေရည်ဆိုင်သို့လာရောက်သည့် လူအများစုက အကောင်းစားသေရည်ဝယ်ရန် ရောက်လာကြသူ များသည် မဟုတ်လား။

ကျန်းလန်က အံ့အားသင့်သွားပြီး…

"ဆိုင်ရှင်အဘိုး ခရီးထွက်သွားတယ်… ဟုတ်လား"

လုန်မန်က…

"အတိအကျပြောရရင်တော့ ဟို ဇာမဏီကောင်မလေးကြောင့် ခရီးထွက်သွားတာလေ ၊ အခုတလော ဇာမဏီမလေးနဲ့ ကောင်လေးက အတော်လေး ရင်းနှီးလာကြတယ် ၊ ဒီတော့ ကောင်လေးက သူတို့ဆက်ဆံရေး တိုးတက်လာတယ်လို့ ထင်နေတာ"

နဂါးမင်းသားက ဆက်ပြောသည်။

"နှစ်ရက်လောက်လည်းနေရော ကောင်မလေးက အိမ်ပြန်ချင်တယ် ပြောလာတော့တာပဲ ၊ ယောက်ဖလည်း သိတာပဲလေ ၊ ကောင်လေးကငယ်သေးတော့ ကောင်မလေးက သူ့ကို အသုံးချသွားတာကို မသိရှာဘူး ၊ အဲဒါနဲ့ ဆိုင်ရှင်အဘိုးကို ဝူထုန်တောင်ကိုသွားဖို့ ပူဆာတော့တာပဲ ၊ အဲဒီမှာ တိုက်ပွဲကလည်း ဖြစ်နေတုန်းလေ ၊ ကလေးနှစ်ယောက်တည်းလွှတ်လိုက်ဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၊ ဒီတော့ ဆိုင်ရှင်အဘိုးပဲ လိုက်ပို့ပေးရတာပေါ့"

"သူတို့တွေ ဘယ်တော့ပြန်လာမလဲဆိုတာတော့ ကျုပ်လည်း မသိဘူး ၊ ပြန်မလာရင်တော့ ဒီသေရည်ဆိုင် ကျုပ်ပိုင်ပြီဗျာ ၊ သေချာပေါက် ဆိုင်ရှင်သူဌေး ဖြစ်လာတော့မှပဲ"

အဋ္ဌမမင်းသားကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေဟန် ရှိသည်။

ဤသေရည်ဆိုင်ကိုသာ ပိုင်ဆိုင်ရမည်ဆိုလျှင် သူလည်း ခွန်လွန်တောင်တွင် ခြေကုပ်တစ်ခု ရယူထားနိုင်မည် ဖြစ်၏။ သို့ဆိုလျှင် ခွန်လွန်တောင်တွင် နောက်ထပ် နှစ်ပေါင်းတစ်ထောင်နေထိုင်ရလျှင်လည်း အရေးစိုက်တော့မည် မဟုတ်ပေ။

ရှောင်ယွိက…

"အမေရောက်လာတယ်… မောင်လေးကို ပြန်ခေါ်သွားမလို့ထင်တယ်"

ကျန်းလန်က မည်သည့်စကားမှ ဝင်ရောက်ပြောဆိုခြင်း မရှိပေ။

ယခုလိုအချိန်မျိုးတွင် ဆိုင်ရှင်အဘိုး ဝူထုန်တောင်သို့သွားသည်က အနည်းငယ် မူမမှန်သလို ခံစားရသည်။ ပြီးတော့ ဇာမဏီမျိုးနွယ်များနှင့် နတ်လူသားမျိုးနွယ်များ၏ တိုက်ပွဲကလည်း အတော်လေး ထူးဆန်းသည်။

သူတို့တိုက်ပွဲက နဂါးမျိုးနွယ်များနှင့် နတ်မိစ္ဆာများတိုက်ပွဲထက်ပင် အချိန်ရှည်ကြာနေပြီ ဖြစ်သည်။

တိုက်ပွဲရလဒ်အနေဖြင့် နတ်မိစ္ဆာမျိုးနွယ်များက "ဧကရာဇ်ချုန်းကိုး" ဆိုသည့် နတ်ဘုရားရာထူးတစ်ခုကို ရရှိပိုင်ဆိုင်နိုင်ခဲ့သည်။

နဂါးမျိုးနွယ်များကတော့ စစ်ပွဲအောင်နိုင်သူများအဖြစ် ဂုဏ်သတင်းကျော်စောခဲ့သည်။

သို့သော် အဘယ့်ကြောင့် နတ်လူသားမျိုးနွယ်များနှင့် ဇာမဏီမျိုးနွယ်များကတော့ မည်သည့်အရာမှ မရရှိသေးပါသနည်း။ ဒါမှမဟုတ် ရလုနီးပါး အခြေအနေဖြစ်နေခဲ့ပြီလား။

နတ်ဘုရားရာထူးရရှိသူ အရေအတွက် များလေလေ ၊ သူ့အတွက် အန္တရာယ်ပိုများလေ ဖြစ်သည်။ သို့ရာတွင် သတင်းအချက်အလက်များ ရရှိရန်ကတော့ လွယ်ကူမည် ဖြစ်သည်။

"အခုပဲ နဂါးဟိန်းသံကြားလိုက်တာ… အဲဒါ အမေရောက်လာတာပေါ့"

အဋ္ဌမမင်းသားက အကြမ်းပန်းကန်များကို သုတ်နေရင်း အရေးမစိုက်သလို ပြောလိုက်သည်။

"အစ်မ…  ခွန်လွန်တောင်က တကယ်ကောင်းတဲ့ နေရာတစ်ခုပဲ ၊ ကျွန်တော်တောင် နောက်ထပ် နှစ်ပေါင်းတစ်ထောင်လောက် ဒီမှာ နေချင်သေးတယ် ၊ အစ်မနဲ့ယောက်ဖ လက်ထပ်ပြီးတဲ့အချိန်ကိုလည်း စောင့်ချင်သေးတယ် ၊ ပြီးတော့ ဒီမှာနေရတာက ပြေးလွှားနေစရာလည်း မလိုဘူးလေ ၊ အစ်မတို့မှာ သားသမီးတွေရလာရင်လည်း ကျွန်တော်လာလည်မယ် သိလား ၊ ပြီးတော့ အစ်မတို့နှစ်ယောက် ကလေးတစ်ယောက်တည်းယူမယ်လို့တော့ စိတ်မကူးနဲ့…"

"တော်တော့… တော်တော့…"

ရှောင်ယွိက အဋ္ဌမမင်းသား စကားဆက်မပြောစေရန် တားဆီးလိုက်သည်။

ဂိုဏ်းတူညီမလေး လင်စီးယာက ဤသို့ လင်ယူသားမွေးသည့်ကိစ္စများက အလွန်ရှုတ်ထွေးသည်ဟု ပြောပြဖူးသည်။

သူမ ကျန်းလန်ကို တစ်ချက်ခိုးကြည့်လိုက်၏။ သို့သော် ကျန်းလန်၏ မျက်နှာက မည်သည့်အမူအရာမှ ပြောင်းလဲခြင်း မရှိပေ။

အဋ္ဌမမင်းသား၏ စကားများနှင့်ပတ်သက်ပြီး ကျန်းလန်က မည်သို့မှ မခံစားရပေ။

သို့သော် သူသိချင်သည့်အချက်တစ်ချက် ရှိသည်။

လုန်ယွိက နဂါးမျိုးနွယ်ဖြစ်ပြီး သူက လူသားဖြစ်လေရာ သူတို့လက်ထပ်ပြီး သူမတွင် ကိုယ်ဝန်ရှိလာပါက လူသားများအတိုင်း ကိုယ်ဝန်ဆောင်မည်လား ၊ နဂါးများလို ဥ ဥ မည်လားဆိုသည့် အချက်ပင် ဖြစ်သည်။

***

အနောက်ဘက်စွန့်ပစ်နယ်မြေ ၊ ခွန်လွန်တောင်၏ အစွန်အဖျားတွင်ရှိသည့် တောင်တစ်ထောင်ထက်တွင် လူရိပ် (၂)ခု ပေါ်လာသည်။

တစ်ယောက်က ဦးချိုများပါရှိသည့် လူငယ်တစ်ယောက် ဖြစ်ပြီး အခြားတစ်ယောက်ကတော့ သိမ်းငှက်မျက်လုံးများ ပိုင်ဆိုင်ထားသည့် သက်လတ်ပိုင်းလူရွယ်တစ်ယောက် ဖြစ်သည်။

ဦးချိုများပါရှိသူက နတ်တန်ခိုးစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားပြီး သိမ်းငှက်မျက်လုံးပိုင်ရှင်ကတော့ အမြင်အာရုံစူးရှသူ ဖြစ်သည်။

ဦးချိုများပါရှိသူ၏ နာမည်က ကျောင်းချင် ဖြစ်၏။

သူက အရှေ့သို့ လှမ်းမျှော်ကြည့်လိုက်ရင်း…

"ဒီနေရာဆိုရင် လုံလောက်ပြီလား"

ဟု မေးလိုက်သည်။

သိမ်းငှက်မျက်လုံးပိုင်ရှင်၏ အမည်က ကျော်ခုန်း ဖြစ်သည်။

သူက ခပ်တိုးတိုးလေသံဖြင့်…

"ကျုပ်လည်း မသေချာဘူး ၊ ဒါပေမဲ့ ကြိုးစားကြည့်ကြတာပေါ့ ၊ တစ်ခုခု သိရရင်လည်း သိရမှာပေါ့"

ကျောင်းချင်၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုအငွေ့အသက်များ ထွက်ပေါ်လာပြီး…

"သတိတော့ထားနော်… ခွန်လွန်တောင်မှာ ကျုပ်တို့နတ်မိစ္ဆာတွေ အများကြီး သေခဲ့ရပြီးပြီ"

သူတို့၏ ကျင့်ကြံခြင်းအဆင့်က အားနည်းခြင်းမရှိသလို တန်ခိုးစွမ်းအား မြင့်မားသည့်အထဲတွင်လည်း မပါဝင်ကြပေ။

ဤနေရာသို့ လာရသည်က အတော်လေး စွန့်စားရသော်လည်း သူတို့ ရောက်အောင် လာခဲ့ကြသည်။

သို့သော် သူတို့က ခွန်လွန်တောင်ကို တိုက်ခိုက်ရန် ရောက်လာကြခြင်း မဟုတ်သလို ငရဲတံခါးအတွက် ရောက်လာကြခြင်းလည်း မဟုတ်ပေ။

သူတို့က ထူးဆန်းသည့် နာမည်တစ်ခုအတွက် ဤနေရာသို့ ရောက်လာရခြင်း ဖြစ်၏။ ထိုနာမည်က မည်သည့်အရာကို ကိုယ်စားပြုမှန်းမသိသော်လည်း အလွန်အရေးကြီးသည်မှာ သေချာသည်။

နတ်မိစ္ဆာတို့၏ဧကရာဇ် "ဧကရာဇ်ချုန်းကိုး" ၏ အမည်ကဲ့သို့ နတ်ဘုရားရာထူးအမည်တစ်ခု ဖြစ်၏။

"ကျုပ် အရင်ဆုံး ကြိုးစားကြည့်မယ်"

ကျော်ခုန်းက အသံတိုးတိုးဖြင့် ပြောလိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။

ထို့နောက် တစ်စုံတစ်ရာကို ဆင့်ခေါ်သည့်ဟန်ဖြင့် ထူးဆန်းသည့် နာမည်တစ်ခုကို ရွတ်ဆိုလိုက်လေ၏။

"ရှေးဟောင်းဧကရာဇ် အနိမ့်ပိုင်းနန်းတော်က တစ္ဆေတိုင်းပြည်ရဲ့ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား…"

All Chapters