စိတ်ကစဉ့်ကလျား ရောဂါနဲ့ သည်းထိတ်ရင်ဖွယ် ကိစ္စများကို စူးစမ်းသူ စထွင်မာ
Vol. 18 Ch. 171
ချန်ယွီ့တွင် ဒုတိယနည်းလမ်းရှိနေတာကို အတည်ပြုပြီးနောက် [ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]၏ စိုးရိမ်မှုများက ပျော်ရွှင်မှုသို့ ပြောင်းလဲသွားခဲ့ပြီး “ စိတ်ချ ဒေါက်တာချန် … ငါ အဲ့လို သဘောမျိုး မထားတတ်ဘူး …. ငါ့ ကလေးနှစ်ယောက်ကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ကြီးပြင်းလာစေနိုင်သရွေ့ ဘယ်လို အကြောင်းအရာမျိုးပဲ ဖြစ်ဖြစ် စော်ကားတယ်လို့ ခံစားရမှာ မဟုတ်ဘူး …”
“ ကုမ္ပဏီနဲ့ အိမ်ယာပိုင်ဆိုင်မှုတွေ အကုန်လုံးကို ခင်များနာမည်နဲ့ ရောင်းပြီး စုငွေ အကောင့်တစ်ခု ဖွင့်ရမယ် …” ချန်ယွီ့ပြောလိုက်ပြီး
“ အဲ့ဒီ စုငွေ အကောင့်က ခင်များရဲ့ ကလေးနှစ်ယောက်အတွက် အမြတ်တွေ ထုတ်ပေးမယ် …”
“ ခင်များကတော့ သူတို့နဲ့ အဆက်အသွယ်ဖြတ်ဖို့ မလိုသလို ဇာတိမြေကနေ ထွက်သွားဖို့လည်း မလိုဘူး …”
“ ဒါပေမယ့် လုံဟူတောင်ကို သွားပြီး တာအိုရသေ့ ဝတ်ရမယ် …”
“ ??? “
[ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]သည် သူ နားကြားမှားလေသလောဟု စိတ်ထဲ ခံစားလိုက်ရသည်။
တာအိုရသေ့ ဝတ်ရမယ် ဆိုတာက ဘာကို ပြောချင်နေတာ …
လူ့ဘောင်သူ့ဘောင်မှာတောင် ပျော်ပိုက်လို့ မဝသေးတာကို ဘာကိစ္စ တာအိုရသေ့ ဝတ်ရမှာလဲ …
ချန်ယွီ့က သူ ဘယ်နေရာမှာ တာအိုရသေ့ ဝတ်ရမလဲဆိုတာတောင် ဆုံးဖြတ်ပေးပြီးနေပြီ …
ဒါက ပူးပေါင်းကြံစည်မှု တစ်ခုလား …
“ တာအိုဝါဒမှာ ဒဿန တစ်ခု ရှိတယ် …” ချန်ယွီ့က အေးအေးဆေးဆေးပဲ ပြောလိုက်ပြီး “ သုံးလောကနဲ့ ဓာတ်ကြီးငါးပါးကနေ လွတ်မြောက်အောင် ကျင့်ကြံခြင်း …”
“ ဒီလိုနည်းနဲ့မှပဲ ခင်များက လူသားကမ္ဘာနဲ့ အဆက်အသွယ်တွေ အကုန်ဖြတ်ပြီး ဘာသာရေး ဒဿနတွေကို ဆင်ခြင်ရင်း စိတ်နှလုံးကို သန့်စင်နိုင်မယ် …”
“ ခင်များရဲ့ ကလေးနှစ်ယောက်ကိုလည်း ပြဿနာတွေ အကုန်လုံးကနေ တစ်ခါတည်း ဖယ်ရှားပေးပြီးသား ဖြစ်တာပေါ့ ….”
ဤစကားကြားပြီးသည့်နောက် [ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]၏ ရင်ထဲ ခါးသီးမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
ချန်ယွီ့ ပြောလိုက်သည့် စကားတစ်လုံးချင်းစီတိုင်းကို သူ နားမလည်ခြင်း မဟုတ်။ နားလည်သည်။
သို့ပေမယ့်လည်း တစ်ကြောင်းလုံးကို ခြုံငုံကြည့်လိုက်သည့်အချိန်၌ သူ့မှာ ရှုပ်ထွေးသွားခဲ့ရ၏။
“ ဒေါက်တာချန် … မင်းမှာ တတိယနည်းလမ်း မရှိတော့ဘူးလား ….”
“ အင်း … “
“ တတိယ နည်းလမ်းက နောက်ဆုံးနည်းလမ်းဆိုလည်း ဟုတ်တယ် … အဲ့တာကတော့ ကောင်းတဲ့အမှုတွေ ပြုလုပ်ရင်း ပျော်ရွှင်မှုကို ရရှိဖို့ပဲ … ကံဆိုးမှုတွေနဲ့ ကြုံလာနိုင်ချေကိုလည်း လျှော့ချရင်းပေါ့ …” ချန်ယွီ့က ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။
“ ဟူး ….”
[ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]က သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်သည်။
ချန်ယွီ့က လူကို ဆန့်တငံ့ငံ့ဖြစ်အောင် လုပ်တဲ့နေရာမှာ တကယ်ကို တော်လွန်းပါတယ် …
သူ့မှာ ဒီလိုနည်းလမ်း ရှိတယ်ဆိုလည်း အစောကြီးကတည်းက တစ်ခါတည်း တန်းပြောလိုက်လေ …
[ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]၏ ရင်ထဲရှိ အတွေးများကို ရိပ်စားမိတော့ ချန်ယွီ့က ညင်သာစွာ ပြုံးလျက် “ ခင်များရဲ့ ထူးခြားတဲ့ အခြေအနေကြောင့်မို့ အသေးအမွှား ပရဟိတ အလုပ်လေးတွေကတော့ ဖြစ်မှာ မဟုတ်ဘူးနော်…”
“ ခင်များ အကြီးကြီး လုပ်ဖို့ လိုတယ် …”
“ ဘယ်လောက်ထိလဲ ….”
[ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]က မေးမြန်းလိုက်၏။
ချန်ယွီ့ ‘ခုနစ်’ ဂဏန်း လက်ဟန်ကို လုပ်ပြလိုက်သည်။
“ ခင်များ ကုမ္ပဏီရဲ့ တစ်နှစ် အမြတ်ငွေ ၇၀ ရာခိုင်နှုန်းကို ပရဟိတလုပ်ဖို့ သုံးရမယ် … တစ်ပြားတစ်ချပ်ချင်းစီတိုင်းကလည်း ထိထိရောက်ရောက် ဖြစ်ရမယ် …”
“ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကိုတော့ ကိုယ့်ဘာကိုယ် သိမ်းထားလိုက်… အဲ့တာနဲ့ ခင်များရဲ့ ကုမ္ပဏီကို တိုးချဲ့ရင်လည်းချဲ့ … မဟုတ်လည်း ဝန်ထမ်းတွေကို ဘောနပ်စ် ဖြစ်ဖြစ် ပေးပေါ့ …”
“ အတိုချုပ်ပြီး ပြောရရင် ခင်များရဲ့ လက်ထဲ အများဆုံး ၃၀ ရာခိုင်နှုန်းပဲ ထားလို့ရမယ် …”
ထိုစကားကြားတော့ [ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]က စိတ်ထဲ လွန်ဆွဲသွားခဲ့ရသည်။
နှစ်တိုင်းနှစ် သူတို့တွေသည် မအိပ်မစား သေမတတ် အလုပ်လုပ်ရပါသော်လည်း အမြတ်ငွေ၏ သုံးပုံတစ်ပုံကိုသာလျှင် ထိန်းသိမ်းထားနိုင်မည်။
ကျန်သည့် အကျိုးအမြတ်များအားလုံးကို ပရဟိတ လုပ်ငန်းများ၊ လှူဒါန်းသည့် နေရာတွင် အသုံးပြုဖို့ လိုအပ်၏။
ဆိုတော့ ဘယ်အချိန်ထိ အဲ့လို လုပ်နေရမှာ …
ကြည့်ရတာတော့ သူ သေမှပဲ ရပ်တန့်ရမယ်နဲ့ တူပါတယ်လေ …
ဒီနှစ်ထဲမှာဆိုရင် သူ့အသက်က ၅၀ ထဲကို ရောက်နေပြီ … နောက် နှစ် ၂၀ ၊ ၃၀ လောက်တော့ အသက်ရှင်နိုင်သေးတယ် …
အနာဂတ်နေ့ရက်တွေကတော့ ခက်ခဲလာတော့မှာပဲ …
နည်းလမ်းသုံးခုလုံးတွင် သူ့ကောင်းကျိုး ဆိုးပြစ်တို့ ကိုယ်စီ ရှိနေကြသည်။
သေချာစဉ်းစားပြီးနောက် တတိယနည်းလမ်းကို လိုက်နာဖို့ရာ ဆုံးဖြတ်လိုက်တော့၏။
ပထမနည်းလမ်းက သူ့သားသမီးနှစ်ယောက်ကို လူရှုပ်သည့် လမ်းကြားထဲတွင် ရွှေတုံးကြီး ပေးလိုက်သည်နှင့် တူသည်။
ဒုတိယ နည်းလမ်းအတွက်ကတော့ သူသည် သားသတ်လွတ်လည်း မစားနိုင်သလို ဓမ္မကျမ်းစာများ ရွတ်ဖတ်ခြင်း၊ နတ်ဘုရား ရုပ်ထုနှင့် အမွှေးတိုင်များကို နေ့စဉ် ထိတွေ့ကိုင်တွယ်ရှူရှိုက်နေရမှာကိုလည်း မနှစ်သက်ပေ။
တွေးကြည့်ရုံမျှနှင့်တင် လူက သူ့အလိုလိုကို စိတ်ဖိစီးလာသည်။
“ နည်းလမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒေါက်တာချန် … ငါ တတိယ နည်းလမ်းကို ရွေးချယ်ပါ့မယ် …”
[ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]က ထို့နောက် ဆက်ပြော၏။ “ ငါ့ သမီးလေးရဲ့ ရောဂါအတွက်က ……..”
“ တိုင်ပင်ဆွေးနွေးခနဲ့ သမားခ ပေးပြီးရင် ကျုပ် ခင်များကို ဝီချက် နံပါတ်ပို့လိုက်မယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ဒီအကြောင်းကို သီးသန့် ဆွေးနွေးကြတာပေါ့ …”
“ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် … ငါ အခုချက်ချင်း ပေးပါ့မယ် …”
ယွမ် တစ်သောင်းကို တုံ့ဆိုင်းခြင်းမရှိ ပေးပြီးနောက် သက်လတ်ပိုင်း အမျိုးသားက လိုင်းဆင်းသွားခဲ့ပြီး ချန်ယွီ့နှင့် သီးသန့် အစီအစဉ် ဆွဲဖို့ လုပ်၏။
“ ကဲ … တတိယလူနာကို ဖိတ်ခေါ်လိုက်ကြရအောင် …”
ချန်ယွီ့က ညင်သာစွာ ပြုံးပြီး ပြောလိုက်သည်။
နောက်ထပ် လူတစ်ဦးက စခရင်ထက်တွင် ထွက်ပေါ်လာသည်။
“ ဟာ … ဘရိုတို့ … စုံထောက်လင်းက ဖြူချောသပ်ရပ်လို့ပါလားကွ … ကြည့်ရတာ နတ်ဆိုးတွေ ဝိုင်းသမလို့ ပေါက်စီဖြစ်နေပြီနဲ့တူတယ် …”
“ ပေါက်ကရတွေ … သူက နတ်ဆိုးမ ဖမ်းတာကို ခံရပြီး အတင်းအကြပ် လက်ထပ်ခိုင်းခံထားရလို့ ဒီလိုတွေ ဖြစ်နေတာကွ …”
“ သမိုင်းထဲ အံ့အားသင့်ဖို့ အကောင်းဆုံး ဝိဉာဏ်ရေးရာ စူးစမ်းလေ့လာသူ ၊ မျက်မှောက်ခေတ်ရဲ့ ဒဏ္ဍာရီလာ ဝှက်စာဖော်သူ တစ်ဦးပဲ …”
“ သူ့ကို မင်းတို့ကောင်တွေ တစ်ကောင်မှ မယုံကြဘူးမလား … ဘာပဲဆိုဆို စုံထောက်လင်းက သရုပ်ဆောင်ကောင်းတဲ့ကောင်ပဲလေ (ခွေးခေါင်းပုံ) ….”
“ သရုပ်ဆောင်တယ်ဆိုရင်တောင် အံ့အားသင့်ဖို့ကောင်းတုန်းပဲ … ငါတော့ သူ့ စထွင်းတွေ ကြည့်ရတာ ကြိုက်တယ် …”
သူ့ကြည့်ရှုသူများ ပေးပို့လာသည့် ကွန်းမန့်များကို ဖတ်ရှုကြည့်ပြီးနောက် ချန်ယွီ့မှာ ယခုလေးတင် ရောက်ရှိလာသူက မည်သူမည်ဝါ ဖြစ်သည်ကို သိရှိလိုက်ရသည်။
သူကား …
ဝိဉာဏ်ရေးရာ စုံထောက်လင်း။
ဟူယွီပလတ်ဖောင်း၏ သည်းထိတ်ရင်ဖို့ ကဏ္ဍ၏ နံပါတ်ဝမ်း စထွင်မာ။
မာရည်ကြောရည်နိုင်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ အမျိုးသား။
သူက ကြောက်မက်ဖွယ်ကောင်းသည့် နေရာအမျိုးမျိုးသို့ သွားရောက် စူးစမ်း ရှာဖွေရင်း ၎င်းတို့၏ လျှို့ဝှက်ချက်အား ဖော်ထုတ်ရသည်ကို နှစ်သက်သူ တစ်ဦး ဖြစ်သည်။
လိုက်စထွင်းလွှင့်လာသည့် သက်တမ်းခြောက်နှစ်တွင် မရေမတွက်နိုင်သည့် ခေတ်သစ် ဒဏ္ဍာရီ အများအပြားကို ဖော်ထုတ်ခဲ့၏။
နိုင်ငံတစ်ဝန်းတွင်လည်း သူ့ခြေရာတို့က အနှံ့အပြားပင်။
မတ်စောက်သည့် တောင်တန်းကြီးများ၊ နက်ရှိုင်းသည့် တောအုပ်ကြီးများ၊ ရှေးကျသည့် အုတ်ဂူဟောင်းများ၊ စွန့်ပစ်ထားသည့် နေအိမ်များ၊ ပြိုပျက် အဆောက်အဦးများ … စသည့် နေရာမျိုးစုံကို လည်ပတ်ခဲ့ဖူးသည်။
သူက စစ်အတွင်း အသေအပျောက်ကြမ်းသည့် နေရာများနှင့် ဆေးရုံများသို့လည်း လည်ပတ်လေ့ ရှိ၏။
မြို့အတွင်း တစ္ဆေခြောက်သည်၊ သရဲခြောက်သည်ဟု လူပြောများသည့် နေရာတိုင်းသို့လည်း သူ ရောက်ဖူးသည်။
“ ဟဲလို … ဒီရဲ့လူနာ … ကျေးဇူးပြုပြီး မင်းရဲ့ အခြေအနေကို ပြောပါ …”
စုံထောက်လင်း၏ လိုက်စထွင်းပုံစံက အကြမ်းပတမ်း ဆန်သော်လည်းပဲ စုံထောက်ဖြစ်သူ၏ အသံကတော့ အမျိုးအမည် မသိရသည့် တစ်စုံတစ်ရာကြောင့် မသက်မသာ ဖြစ်ပြီး စိုးရိမ်ကြောင့်ကြနေဟန်ရသည်။
“ ဒေါက်တာချန် … မင်း ငါ့ကို အရင်ဆုံး ရိုးရိုးသားသား ပြောပြပေးနိုင်မလား …”
“ မင်း စိတ်ရောဂါကို ဘယ်လိုကုသရမလဲဆိုတာ သိလား …”
ကြည့်ရှုသူ အဟောင်းများမှာ ထိုစကားကြားတော့ ဆွံ့အသွားခဲ့ကြသည်။
ချန်ယွီ့ လိုက်စထွင်းကို တစ်ခုစ ၊ နှစ်ခုစ ကြည့်ဖူးသည့်လူတိုင်း ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း သိသင့်၏။
ချန်ယွီ့ကို စိတ်ကျန်းမာရေး ဆရာဝန်တစ်ဦးဟု ဆိုသည်ထက် စွယ်စုံရ စိတ်တန်ခိုးရှင်ဂိုဏ်းသားတစ်ဦးက စိတ်ကျန်းမာရေး ဆရာဝန် အဖြစ် ဟန်ဆောင်နေသည်ဟု ပြောလျှင် ပိုပြီး သင့်လျော်လိမ့်မည်။
“ ငါ့လို စိတ်ပညာနဲ့ ဘွဲ့ရထားတဲ့ လူတစ်ယောက်က စိတ်ရောဂါကို မကုတတ်ဘူးဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ …” ချန်ယွီ့က လေးနက်တည်ကြည်စွာ ဆိုလိုက်သည်။
“ လူနာတစ်ယောက်အနေနဲ့ ဆရာဝန်ရဲ့ အရည်အချင်းအပေါ် စိုးရိမ်ပူပန်တတတ်တာ ငါနားလည်တယ် …”
“ ဒါပေမယ့် မပူနဲ့ … ငါ့ဘက်က အကောင်းဆုံး ကူညီပေးသွားမယ် ….”
“ အခု ကျေးဇူးပြုပြီး လူနာရဲ့ အခြေအနေအကြောင်း ပြောပြပေးပါ ….”
စုံထောက်လင်းက သက်ပြင်းချပြီး သူ့ဦးနှောက်သူ လက်ညှိုးညွှန်ပြလိုက်သည်။
“ ငါ့ကိုယ်ငါ စိတ်ရောဂါ ရှိနေတယ်လို့ ထင်တယ် …”
စုံထောက်လင်းမှာ မူလက ဆေးကုသဖို့ကို အခြား စိတ်ကျန်းမာရေးဆရာဝန်များဆီ သွားပြချင်ခဲ့သည်။
သို့သော်လည်းပဲ သူ့အား ရူးနေသည်ဟု ထင်ပြီး သာမန်လျှံကာ နှင်လွှတ်လာမှာကိုလည်း စိုးရိမ်မိ၏။
သေချာလေး စဉ်းစားချင့်ချိန်ပြီးနောက်တွင်တော့ ချန်ယွီ့ထံသို့ အကူအညီတောင်းဖို့ရာ ဆုံးဖြတ်လိုက်သည်။
“ အခုတလော ညဘက်အိပ်ရင် အိပ်မက်ဆိုးတွေ မက်ပြီး အမြဲတမ်း နိုးလာလေ့ ရှိတယ် … ထူးဆန်းတဲ့ အရာမျိုးစုံကိုလည်း မျက်လုံးက မြင်နေရတယ် … ငါ့ကိုယ်ငါ ကယောင်ချောက်ချားဖြစ်တတ်တဲ့ စိတ်ရောဂါ ဝေဒနာ ရှိနေတယ်လို့ ကိုယ့်ကိုယ်ကို သံသယ ဝင်မိတဲ့အထိပဲ …”
စိတ်ကျန်းမာရေး ဆရာဝန်နှင့် မပြလိုသဖြင့် သူ့ ခံစားနေရသည်များအား အွန်လိုင်းတွင် အချက်အလက်များနှင့် နှိုင်းယှဉ်ပြီး စစ်ဆေးကြည့်ရုံသာ တတ်နိုင်လေသည်။
အွန်လိုင်းပေါ်တွင် ရောဂါရှိမရှိ ဆန်းစစ်သည်က များသောအားဖြင့် မှန်ကန်တိကျခြင်း မရှိသည်ကို သူသိသော်ငြားလည်း အကယ်၍ သူသာ ထိုသို့ မလုပ်ဘူးဆိုပါက ပို၍ပင် စိတ်ချောက်ချားလာနိုင်သည်။
“ တကယ်လို့ ကိုယ်က နာမကျန်းဖြစ်တယ်ဆိုရင် ဆရာဝန်နဲ့ ပြသင့်တာ … အွန်လိုင်းမှာ ရှာတွေ့တဲ့ဟာတွေက မင်းရဲ့ ရောဂါ အခြေအနေနဲ့ ဘာဆက်စပ်မှုမှ မရှိဘူး …”
ချန်ယွီ့က ရိုးရိုးရှင်းရှင်းပြုံးပြီး ခွန်းတုံ့ပြန်လိုက်သည်။
စကားပြောခန်းထဲတွင်လည်း ကွန်းမန့်များ တက်လာသည်။
“ မင်းက ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘူး … စိတ်ကယောင်ကတမ်းတွေ ဖြစ်နေတာ …”
“ ကိုယ့်ရဲ့ အတွေ့အကြုံကနေ အကြံဉာဏ်လေး တစ်ခုပေးလိုက်မယ် … တကယ်လို့ ကိုယ်က ပြင်းထန်တဲ့ လှုံ့ဆော်မှုတစ်ခုနဲ့ ကြုံတွေ့ရပြီဆိုရင် စိတ်က အဆင့်တစ်ခုထိအောင် အလိုလို တင်းကြပ်သွားပြီး ကြောက်ရွံ့တာ ၊ ဒေါသထွက်တာနဲ့ တခြား မကောင်းတဲ့ စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာမယ် … အဲ့လိုကနေ စိတ်ကယောင်ချောက်ခြားတွေ ဖြစ်လာတော့တာပဲ …”
“ ငါ့အမြင်ဆိုရင်တော့ စိတ်ကယောင်ချောက်ချားဖြစ်တယ်ဆိုရင် ကိုယ်က အပမိနေလို့ပဲ …”
စကားပြောခန်းထဲရှိ ဆရာကြီးများ၏ ရှင်းပြချက်ကို ဖတ်ရှုပြီးနောက် စုံထောက်လင်းမှာ ရှော့ခ်ရသွားခဲ့သည်။ သူ တုန်လှုပ်သွားခဲ့၏။ “ မဖြစ်နိုင်ဘူး … လောကကြီးထဲ တစ္ဆေသရဲဆိုတာ မရှိဘူး … ငါ့ကို တစ္ဆေဝင်ပူးနေတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး …”
“ ငါသိပြီ … အဲ့နေရာကြောင့် ဖြစ်မယ် … အဲ့တုန်းကတည်းကစပြီး ထင်ယောင်ထင်မှားတွေ မြင်လာခဲ့ရတာပဲ …”
ဤစကား ကြားတော့ ချန်ယွီ့ ပြုံးပြီး ပြောလိုက်သည်။ “ မင်းမှန်တယ် … မင်းက အဲ့နေရာကြောင့် စိတ်ကယောင်ချောက်ချား ဖြစ်တဲ့ ဝေဒနာကို ခံစားနေရတာပဲ …”