မင်းက ကံဆိုးသွားတဲ့ တစ်ယောက်တည်းသောသူပဲ
Vol. 18 Ch. 173
စုံထောက်လင်းမှာ လက်သီးပြင်းနှင့် ထိုးနှက်ခံလိုက်ရသည့်နှယ် ခံစားသွားခဲ့ရသည်။
သူ စိတ်ကယောင်ချောက်ချားတွေ ဖြစ်နေတာက သူ့ရဲ့ လုပ်ရပ်နဲ့ ဘာဆိုင်လို့လဲ …
အဲ့တာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိပြီး အလောင်း အစစ်တွေ သုံးထားတဲ့ ဖယောင်းရုပ်ထု ပြတိုက်ပိုင်ရှင်ရဲ့ အမှားဆိုတာ ရှင်းနေတာကြီးပဲကို …
“ ဒေါက်တာချန်… ငါ လေဆိပ်ကို ရောက်လာပြီးတော့ ငါ့ကိုယ်ငါ ပြဿနာတက်စေမယ့် ဘယ်လိုလုပ်ရပ်မျိုးကို လုပ်ခဲ့မိလို့ …”
စုံထောက်လင်းက စိတ်မရှည်နိုင်တော့ဘဲ တိုက်ရိုက်မေးမြန်းလာခဲ့သည်။
“ မင်း ထွက်လာခဲ့တုန်းက … ပြတိုက်ပိုင်ရှင် မင်းကို တစ်ခုခု မပေးခဲ့ဘူးလား …..”
“ တစ်ခုခုပေးတယ် … ဟုတ်တယ် ဟုတ်တယ် ….”
စုံထောက်လင်းမှာ ကနေဦးတွင် အနည်းငယ် တုံ့ဆိုင်းသွားသည်။ ထို့နောက် “ ငါ ပြန်တော့မယ်လုပ်တော့ ပြတိုက်ပိုင်ရှင်က ငါ့ကို တားပြီး ရေတစ်ပုလင်း ပေးတယ် …”
“ သူပြောတာတော့ ငါကြောက်ပြီး စိတ်ဒဏ်ရာ ရသွားနိုင်တယ်တဲ့ … အဲ့ပုလင်းထဲမှာ သူတို့ ဇာတိက နည်းလမ်းတွေနဲ့ ဘာတွေဆိုလား မသိဘူး လုပ်ထားတာ … စိတ်တည်ငြိမ်စေတဲ့ အာနိသင် ရှိတယ်လို့ ပြောတယ် ….”
“ မင်း သောက်ခဲ့လား …”
ချန်ယွီ့ မေးလိုက်သည်။
စုံထောက်လင်းက ခေါင်းယမ်းလိုက်၏။
“ ရေက နောက်ကျိကျိနဲ့ … ကန်ရေလား ကျနေတာပဲ … မသန့်ရှင်းတဲ့ရေကို ငါက သောက်စရာလား ….”
ထို့နောက် စုံထောက်လင်းက မည်သည်ကိုမျှ ထိမ်ချန်မထားဘဲ ထိုစဉ်အချိန်တုန်းက အခြေအနေကို ပြန်ပြောင်းပြောပြသည်။
ပြတိုက်ပိုင်ရှင်က သူ့ကို ရေသောက်ဖို့ တိုက်တွန်း၏။
သောက်ပြီးနောက်တွင် သူ မည်သည့်ကြောက်လန့်မှုကိုမျှ ခံစားရတော့မှာ မဟုတ်ချေ။
သူ့ကို ပိုပြီး ဖျောင်းဖျသိမ်းသွင်းလေလေ၊ စုံထောက်လင်းမှာ တစ်ခုခု မူမမှန်သည်ဟု ခံစားလာရလေလေ ဖြစ်၏။
ဗိုက်နာသည်ဟု အကြောင်းပြကာ အိမ်ပြန်လမ်းတွင် သောက်ပါမည်ဟု စကားကတိပေးလိုက်သည််။
ထူးဆန်းသည့် ပြတိုက်ပိုင်ရှင်ကို ကြောက်ရွံ့ပြီး ထိုနေရာမှ အလျင်အမြန် ပြေးထွက်လာခဲ့လိုက်၏။
ပြတိုက်မှ ထွက်ခွာလာခဲ့ပြီးနောက် စုံထောက်လင်းက တက္ကစီစီးပြီး လေဆိပ်သို့ ဦးတည်လာခဲ့သည်။ လေဆိပ်ရောက်တော့ ရေပုလင်းက သူနှင့်အတူ ရှိနေသေးတာကို သတိရလိုက်၏။
နှစ်ခါစဉ်းစားမနေဘဲ ရေပုလင်းကို အမှိုက်ပုံးထဲထည့်ကာ သူ့ အိမ်သို့ ပြန်လာခဲ့လိုက်သည်။
အခြေအနေကို ရှင်းပြပြီးနောက် စုံထောက်လင်းက တစ်ဖန် ထပ်မေးမြန်း၏။ “ ဒေါက်တာချန်…. အဲ့ဒီ ရေပုလင်းက တစ်ခုခု မှားနေလို့လား …”
“ ပိုင်ရှင်က မလိမ်ဘူး ….” ချန်ယွီ့ ပြောလိုက်ပြီး “ ရေက တကယ်လည်း စိတ်တည်ငြိမ်စေတဲ့ အကျိုးအာနိသင်ရှိတယ် ….”
“ မင်းသာ အဲ့တုန်းက သောက်လိုက်ရင် အခုလို စိတ်ကယောင်ချောက်ချားတွေလည်း ဖြစ်လာမှာ မဟုတ်ဘူး ….”
“ ဒေါက်တာချန် … မင်း လိုရင်းကို တန်းပြောလို့ မရဘူးလားကွာ ….”
စုံထောက်လင်းမှာ ခေါင်းတစ်ခုလုံး ပူထူနေပြီ ဖြစ်သည်။ သူ့ဦးနှောက်က ဘာကိုမျှ မစဉ်းစားချင်တော့ပေ။
ချန်ယွီ့ကို တိုက်ရိုက် ရှင်းပြပေးဖို့ပဲ တောင်းဆိုလိုက်တော့၏။
သူ့ဘက်က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသည်။ ဘယ်လောက်ပဲ ကြောက်မက်ဖွယ်ရာ ကောင်းနေပါစေ၊ သူ ကြားချင်သည်။
“ မင်းက ခေါင်းမာနေတော့လည်း အစကနေ စပြောကြတာပေါ့ ….”
“ သရဲ ဖယောင်းရုပ်ထု ပြတိုက်ပိုင်ရှင်ရဲ့ အထောက်အထား အစစ်အမှန်က အလောင်းထမ်းသမားပဲ …” ချန်ယွီ့က တည်ငြိမ်သည့် လေသံဖြင့် စကားချီလိုက်သည်။
“ လူ့အဖွဲ့အစည်း တိုးတက်လာတာနဲ့အမျှ နာရေးနယ်ပယ်ကလည်း ကမ္ဘာမြေကြီး တုန်ဟီးသွားရလောက်အောင်ကို ပြောင်းလဲသွားခဲ့တယ် …”
“ တနယ်တကျေးမှာ ဆုံးပါးသွားတဲ့လူတွေက သူတို့ရဲ့ နေရပ်ဌာနေကို ပြန်ဖို့ မလိုတော့ဘူး ….”
“ တစ်နှစ်ပတ်လုံး အလုပ်မရတော့ သူတို့ရဲ့ နေ့ရက်တွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ခဲယဉ်းသထက်ခဲယဉ်းလာတယ် ….”
“ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက သူ့ရဲ့ အငယ်ဆုံးသားလေးမှာ သွေးကင်ဆာ လာဖြစ်တယ် …”
“ ရိုးတွင်းချဉ်ဆီ အစားထိုးဖို့ ကုန်ကျစရိတ်က သိန်းနဲ့ချီတယ် …”
“ သူ တတ်ထားတဲ့ ပညာကလည်း အသုံးမဝင်ဘူး … ပြီးတော့ တစ်နှစ်ပတ်လုံး အလုပ်လည်း မရတော့ အချိန်ပိုင်း အလုပ်လေးတွေ လုပ်ပြီးပဲ စားဖို့သောက်ဖို့ စားရိတ်ရှာရတယ် …”
“ သူ စုဆောင်းထားတဲ့ ငွေလေးတွေကလည်း သားဖြစ်သူရဲ့ ရိုးတွင်းချဉ်ဆီ အစားထိုးဖို့ ကုန်ကျစရိတ်ကို မကာမိဘူး …”
“ ကြံရာမရ ဖြစ်နေတဲ့အချိန်မှာ သူ့ မွေးရပ်မြေ အနီးနားက တစ်စုံတစ်ယောက် သေထားတဲ့ အိမ်တစ်အိမ်မှာ အတော်လေး ရေပန်းစားနေတာကို သွားပြီးတွေ့တယ် …”
“ လူတွေက နေ့တိုင်းနေ့ ဓာတ်ပုံတွေရိုက် ၊ စထွင်းတွေလွှင့် ….”
“ လှည့်ပတ်စပ်စုကြည့်တော့ အဲ့ သေထားတဲ့ အိမ်က သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်ဖြစ်နေတယ်…”
“ ကိုယ့်ကိုယ်ကို သတ္တိခဲတွေပါလို့ ကြိမ်းဝါးကြတဲ့ လူငယ်တစ်စုက သူတို့ရဲ့ သတ္တိသွေးတွေ ဘယ်လောက် ရဲရဲနီကြောင်း ပြဖို့အတွက် အဲ့အိမ်ကြီးထဲကို ဝင်ပြကြတယ် … ပြီးတော့ စထွင်မာတွေကလည်း လူတို့ရဲ့ စိတ်ဝင်စားမှုကို ရဖို့အတွက် အဲ့အိမ်ကြီးထဲ ဝင်ပြီး လိုက်စထွင်း လွှင့်ပြကြတယ် …”
“ အဲ့မှာ အကြံမီးစ လောင်ကျွမ်းသွားပြီး သရဲမရှိတဲ့ အိမ်ကတောင် ဒီလောက် လူအများကြီးကို ဆွဲဆောင်နိုင်နေရင် … တကယ်လို့များ နည်းနည်းလေး ပိုပြီး ကြောက်ဖို့ ကောင်းသွားမယ်ဆိုရင် … ၊ ကျိန်းသေပေါက် ဟစ်ထသွားမှာပဲလေ …”
“ ပန်းခြံတွေ ၊ ကစားကွင်းတွေထဲ လည်ပတ်သလိုမျိုး အခကြေးငွေလေးများ ကောက်ခံလိုက်ရင် သိပ်မကြာခင် သူ့သားရဲ့ ရိုးတွင်းချဉ်ဆီ အစားထိုးကုသဖို့အတွက် ကုန်ကျစရိတ်လည်း စုဆောင်းမိနိုင်မယ် ….”
ဆိုရိုးစကားများအတိုင်း ၊ မရှိနွမ်းပါးမှုက ပြောင်းလဲဖို့ အတွေးကို ဖြစ်ပေါ်စေသည်။ အလောင်းထမ်းသမားသည်လည်း သူ စိတ်ကူးမိသည့် အကြံဉာဏ်အတိုင်း စတင် အကောင်အထည်ဖော်တော့သည်။
ပိုက်ဆံပမာဏ တစ်ခုကို ကုပ်ခြစ်စုဆောင်းပြီးနောက် စွန့်ပစ်စက်ရုံအဟောင်းကြီးတစ်ခုကို ငှားယမ်းလိုက်သည်။
ဧရာမ အုတ်ဂူတော်တော်များများသို့ သွားရောက်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားသည့် အလောင်း ဒါဇင် အနည်းငယ်ခန့်ကို သွားတွေ့၏။
သူ့ ဘိုးဘေးများ သင်ကြားပေးခဲ့သည့် နည်းစနစ်မှတစ်ဆင့် အနှီ အလောင်းကောင်များကို ဖယောင်းရုပ်ထုများအသွင်သို့ ကူးပြောင်းပေးခဲ့သည်။
တကယ်လည်း သူ တွေးထင်ထားသည့် အတိုင်း ဖြစ်လာသည်။
သရဲ ဖယောင်းပြတိုက်က စတင် ဖွင့်လှစ်သည်နှင့် ဧည့်သည်တော်တော်များများ ရှိနေပြီ ဖြစ်၏။
မရေမတွက်နိုင်သည့် ကတ်စတန်မာတို့က အတွေ့အကြုံတစ်ခု ရရှိနိုင်ရန်အတွက် သူ့ပြတိုက်သို့ ရောက်လာကြသည်။ တစ်လအတွင်းမှာပဲ သူ့သားအငယ်ဆုံးလေး၏ ဆေးဖိုးကုန်ကျစရိတ်အတွက် လုံလောက်သည့် ငွေပမာဏကို စုဆောင်းမိသွားခဲ့၏။
ဤသည်ကို ကြားတော့ စုံထောက်လင်းနှင့် ကြည့်ရှုသူများအားလုံး အံ့အားသင့်သွားခဲ့ကြလေသည်။
သူတို့ လက်ရှိ ဖြစ်ပေါ်နေသည့် စိတ်ခံစားချက်ကို မည်သို့ ဖော်ပြရမှန်းပင် မသိတော့ချေ။
သဘာဝလွန် ရုပ်ရှင်ဇာတ်လမ်းများနှင့် ဒရာမာတို့၏ လွှမ်းမိုးမှုကြောင့် အလောင်းထမ်းသမားများက သူတို့နှင့် စိမ်းသက်နေခြင်း မရှိပေ။
သူတို့စိတ်ထဲတွင် အနှီ အလောင်းထမ်းသမားများ၏ သွင်ပြင်က တာအိုဝတ်ရုံကြီး တစ်ထည်ဝတ်ပြီး ဝိဉာဏ်ခေါ် ခေါင်းလောင်းကို ဝှေ့ယမ်းလျက် ၊ ညအချိန်တွင် အလောင်းတစ်အုပ်စုကို ပခုံးတွင် ထမ်းပြီး ခရီးနှင်နေသူပင်။
သို့ပါသော်လည်း အနှီ အလောင်းထမ်းသမားများက မော်ဒန်ခေတ်ကြီးတွင် လူတို့ စိတ်ဝင်စားလောက်သည့် ပန်းခြံတစ်ခု ဖွင့်လှစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
“ ကတ်စတန်မာ အများစုက အလောင်းတွေ လှုပ်ရှားလာတာကို မြင်တာနဲ့ သေလုမြောပါး ကြောက်လန့်နေကြပြီ ….” ချန်ယွီ့ ဆက်ပြီး ပြောသည်။
“ ဒါပေမယ့် မင်းလို သတ္တိကောင်းတဲ့ လူတစ်ချို့လည်း ရှိစမြဲပဲ ….”
“ မင်းက မကြောက်လန့်ရုံတင် မကဘူး … အဲ့တာတွေက ဘယ်လို အလုပ်လုပ်လဲတောင် စူးစမ်းချင်လိုက်သေးတယ်မလား ….”
“ အဲ့လို အခြေအနေမျိုးမှာ ပိုင်ရှင်က လျှို့ဝှက် နည်းစနစ်တစ်မျိုးနဲ့ ကတ်စတန်မာတွေ သတိလစ်သွားအောင် အဆိပ်ရှိတဲ့ ဓာတ်ငွေ့တစ်မျိုးမှုတ်ထုတ်ဖို့ အလောင်းတွေကို စီရင်ထားတယ် …”
“ အဲ့တာက ဧည့်သည်တွေကို ရှော့ခ်ရလွန်းအားကြီးပြီး နေရာမှာတင် သတိလစ်သွားသလိုမျိုး ထင်ယောင်ထင်မှား ဖြစ်အောင်လည်း လုပ်လို့ရတာပေါ့ ….”
“ မင်း ဘယ်လို သတိလစ်သွားလိုတာ မသိတော့ ကတ်စတန်မာတွေကလည်း မင်းလိုမျိုးပဲ ပိုင်ရှင်ပြောတဲ့ စကားကို လက်ခံပြီး ကြောက်လန့်လို့ သတိလစ်သွားတယ်ပဲ ထင်ကြတယ် …”
“ အဆိပ်ငွေ့က မပြင်းဘူးဆိုပေမယ့် အဆိပ်ဖြစ်တဲ့အတွက်ကြောင့် လူ့ခန္ဓာကိုယ်ထဲ ရှူရှိုက်မိရင် ခန္ဓာကိုယ်အပေါ်မှာ အတိုင်းအတာ တစ်ခုအထိတော့ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာစေတယ် …”
“ ကြောက်လန့်ပြီး သတိလစ်သွားတဲ့ ကတ်စတန်မာတစ်ယောက် ပြန်တော့မယ်လုပ်တိုင်း ပိုင်ရှင်က သူ ကြိုတင်ပြင်ဆင်ထားတဲ့ ဖြေဆေးကို ပေးတယ် …”
“ သောက်ပြီးသွားရင် ခန္ဓာကိုယ်ထဲ ဖြစ်နေတဲ့ မကောင်းတဲ့ အခြေအနေတွေလည်း ပြန် အဆင်ပြေသွားမှာ …”
“ လာသမျှ ဧည့်သည်တွေ အများကြီးထဲမှာ အဲ့ဒီရေကို မင်းတစ်ယောက်တည်း မသောက်တာ ….”
“ အဲ့တာကြောင့်မလို့လည်း မင်း ပြန်ရောက်ကတည်းက ကယောင်ချောက်ချားတွေ ဖြစ်နေတာပေါ့ ….”
စုံထောက်လင်းမှာ ကြက်သေသေပြီး ဆွံ့အမိသွားခဲ့သည်။
“ အဲ့တာက တရားမဝင်ဘူးလေ ….”
“ အလောင်းကို ဇာတ်၀င်ခန်းသုံးပစ္စည်းတစ်ခုလိုမျိုး သုံးတာက တရားမဝင်ဘူး …”
“ ဧည့်သည်တွေကို အဆိပ်ငွေ့နဲ့ ထိခိုက်စေတာကလည်း တရားမဝင်ဘူး ….”
“ ဒေသခံ အာဏာပိုင်တွေ သူ့လာရှာမှာကို မကြောက်ဘူးလားတဲ့ ….”
“ ဒါပေါ့ … သူ ကြောက်တာပေါ့ ….” ချန်ယွီ့ သက်ပြင်းချလိုက်ပြီး “ ဒါပေမယ့် ဆင်းရဲတာကို သူ ပိုကြောက်တယ် ….”
“ သူ့မိသားစုရဲ့ အခြေအနေကို ပြောင်းလဲနိုင်ပြီး သူ့သားရဲ့ သွေးကင်ဆာကို ကုသနိုင်မည့် နည်းလမ်းကို ရှာတွေ့နိုင်ဖို့က မလွယ်ကူဘူးလေ … ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ အရှုံးပေးနိုင်မှာ ….”
“ ပြီးတော့ … သရဲဖယောင်းပြတိုက်ကို ဖွင့်ပါပြီဆိုကတည်းက ပြဿနာတက်တဲ့ ဧည့်သည်တစ်ယောက်မှ မရှိသေးဘူး …”
“ တစ်ယောက်မှ မရှိတော့ ဘယ်သူကမှလည်း ရဲကို မတိုင်ကြဘူး …”
စုံထောက်လင်းမှာ သူ့မျက်နှာသူ လက်ဝါးဖြင့် အုပ်ထားမိသည်။
ထောင်နဲ့ချီတဲ့ လူတွေကြားမှာမှ သူက ကံထူးရှင် လာဖြစ်နေတာပေါ့ ….
ဘယ်လိုတောင် ကံဆိုးလိုက်တဲ့ ဖြစ်ခြင်းလဲ …
“ ငါ အခု ဘယ်လိုလုပ်သင့်လဲ ဒေါက်တာချန် ….”
“ ကံကောင်းချင်တော့ မင်းငါ့ဆီ အချိန်မီ ရောက်လာတယ် …. အခြေအနေက ပြင်းထန်တယ်ဆိုပေမယ့် ဖြေရှင်းနည်းလမ်း မရှိတာတော့ မဟုတ်ဘူး ….”
ချန်ယွီ့က ပေါ့ပါးသည့် လေသံဖြင့် ပြောလိုက်ပြီး “ ငါ မင်းကို ဝီချက်ကနေ သီးသန့် မက်ဆေ့ချ်ပို့လိုက်မယ် … မင်းရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် ဆေးဝါး ရှိတယ် ….”
“ နှစ်ရက်လောက် သည်းခံလိုက်ဦး … ဆေးရောက်လာတဲ့ အချိန်ကျရင် မင်းအဲ့ဒီ ထူးထူးဆန်းဆန်းတွေ မြင်တော့မှာ မဟုတ်ဘူး ….”
၎င်းနောက် ချက်ချင်းပဲ ညင်သာစွာ ပြုံး၍ ထပ်ဖြည့်ပြောလာခဲ့သည်။
“ မင်း ဒီစောင့်နေတဲ့ နှစ်ရက်အတွင်းမှာ ဘယ်မှ မသွားတာ ကောင်းလိမ့်မယ် … မဟုတ်လို့ကတော့ မင်းရဲ့ အခြေအနေ ပိုပိုပြီး ဆိုးရွားလာလိမ့်မယ် ….”