← Chapters

သူ ဒီကို ဘာအတွက် ရောက်လာတာလဲ

Vol. 18 Ch. 175

သူ ဒီကို ဘာအတွက် ရောက်လာတာလဲ

Vol. 18 Ch. 175

“ အဲ့လူက ဘာကို စိုးရိမ်စိတ်ဖိစီးနေလဲဆိုတာ ကျွန်မကို တိတိကျကျ ပြောပြလိုက်လို့ မရဘူးလား …”

ကျိုးခဲ့ရှင်းက ဦးဦးဖျားဖျား သတင်းထူးကို အာရုံခံမိတော့ မျက်လုံးများ ဝင်းလက်တောက်ပလာခဲ့သည်။

သူမက ကျင်လည်ပေါ့ပါးစွာဖြင့် ကုလားထိုင်တစ်လုံးကို ရွေ့လျားလိုက်ပြီး ချန်ယွီ့နှင့် မျက်နှာချင်ဆိုင်တွင် ချထားလိုက်၏။

“ မင်း နောင်ကျ သိလာမှာပါ …” ချန်ယွီ့ ပြောလိုက်ပြီး “ ထိုင်မနေနဲ့ … မြန်မြန်သွားပြီး အလုပ်လုပ်တော့ …”

ချန်ယွီ့က မပြောလိုသည်ကို မြင်တော့ ကျိုးခဲ့ရှင်းမှာ အကြီးအကျယ် စိတ်ပျက်မိသွားခဲ့သည်။

နှလုံးသားမည်းညစ်လေ့ရှိသည့် သူဌေးဘော့စ်များကို စိတ်အတွင်း၌ ကြိတ်ပြီး ကျိန်ဆဲလိုက်၏။

ပထမဆုံး အလုပ်တက်သည့် ရက်မှာတင်ပဲ ချန်ယွီ့က သက်တောင့်သက်တာ ရှိစွာဖြင့် သူမအား အမိန့်ပေး စေခိုင်းတတ်နေလေသည်။

ဤသည်က သူမ၏ အနာဂတ်အတွက် ကောင်းမည့်လမ်း မမြင်ရချေ။

တကယ်တော့ သက်လတ်ပိုင်း အမျိုးသားကို ချန်ယွီ့ ပေးမဝင်တာ မဟုတ်ဘဲ သက်လတ်ပိုင်းအမျိုးသားတွင် ဆိုးယုတ်သည့် ရည်ရွယ်ချက်တို့ ရှိနေသဖြင့် အပြင်ဘက်တွင် ခင်းထားသည့် အစီအရင်၏ အလိုအလျောက် ပိတ်ဆို့ခြင်းကို ခံနေရခြင်းပင်။

အစီအရင် ဆေးဒယ်အိုးမှတစ်ဆင့် ချန်ယွီ့က များပြားလှသည့် အစီအရင်များကို လေ့လာသင်ယူနိုင်ခဲ့သည်။

တိတ်ဆိတ်ငြိမ်းချမ်းမှုကို ထိန်းသိမ်းနိုင်ရန်အတွက် ချန်ယွီ့က အထူး အစီအရင် တစ်ခုကို ခင်းကျင်းထားခဲ့၏။ အကယ်၍ တစ်စုံတစ်ယောက်က မစင်ကြယ်သည့် ရည်ရွယ်ချက်တို့ဖြင့် ဤနေရာသို့ ရောက်လာမည်ဆိုပါက သူတို့ စိတ်နှလုံးသားထဲရှိ မကောင်းသည့် အတွေးအကြံတို့သည် အစီအရင်ကို လှုံ့ဆော်မိသလို ဖြစ်ပြီး အပြင်ဘက်မှာပဲ ပိတ်မိနေမှာ ဖြစ်၏။

“ ကျွန်မ ပင်ပန်းနေပြီ ….”

တစ်နာရီကျော်ကြာပြီးနောက် ကျိုးခဲ့ရှင်းက မောဟိုက်ပြီး ချွေးများစီးကျနေသည့် မျက်နှာဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ချန်ယွီ့ထံမှ စစ်မှန်သည့် ပညာရပ်များကို သင်ယူနိုင်ရန်အတွက် ခက်ခဲခါးသီးမှုတို့ကို ရင်ဆိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပါသော်လည်း သန့်ရှင်းရေး အလုပ်တစ်ခုတည်းကပင် သူမကို ဤမျှ ခက်ခဲနေစေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။

ကြမ်းခင်းကို တံမြက်လှည်းကျင်းသည်ကပင် လူကို မောဟိုက်သွားစေဖို့ လုံလောက်၏။

“ အိမ်အကူမလေးကျိုး … ပင်ပန်းသွားပြီ …”

“ ဟင် ..”

ဤသည်ကို ကြားတော့ ကျိုးခဲ့ရှင်း အံ့အားသင့်သွားခဲ့သည်။

ချန်ယွီ့က သူမကို ညွှန်းဆိုချင်နေမှန်း ကျိုးခဲ့ရှင်းနားလည်သည်။

ချန်ယွီ့က သူမကို နာရီလိုက်ငှားထားတဲ့ အိမ်အကူတစ်ယောက်လို့ တကယ်ပဲ ထင်နေတယ်ပေါ့ …

“ ဒေါက်တာချန် … ကျွန်မ နှစ်ထပ်လုံးကို သန့်ရှင်းရေး လုပ်ပြီးသွားပြီ … ခဏနားလို့ရလား …”

ကျိုးခဲ့ရှင်းက ချန်ယွီ့ကို သတိချပ်သည့် မျက်လုံးအရိပ်အယောင်တို့ဖြင့် ကြည့်လိုက်သည်။

“ ဒါပေါ့ … ရတာပေါ့ … ဘာလို့ မရမှာ …”

ချန်ယွီ့က ခေါင်းပင် မမော့ဘဲ ကီးဘုတ်ရိုက်ရင်း ပြောလိုက်သည်။

ကျိုးခဲ့ရှင်းက စပ်စပ်စုစုနှင့် အနားကပ်လာကြည့်တော့ ဒေါသထွက်လွန်း၍ သူမ၏ နှာတံများပင် ကွေးကောက်လုနီးပါး ဖြစ်သွားခဲ့သည်။

Arcade simulator က အဲ့လောက်ထိ ပျော်စရာ ကောင်းနေလို့လား …

ဂိမ်းထဲ နစ်မြောနေလိုက်တာများ မျက်စိတောင် မခွာဘူး …

သူမ အပေါ်ထပ်တွင် သန့်ရှင်းရေး လုပ်နေစဉ်က ကျိုးခဲ့ရှင်း တွေးထင်ထားသည်မှာ ချန်ယွီ့က ကွန်ပျူတာ တစ်လုံးဖြင့် အခြားသူများ၏ ပြဿနာများကို ကူညီဖြေရှင်းပေးနေသည်ဟူ၍ပင်။ သို့ကြောင့်သာ ကွန်ပျူတာ ထိုင်ခုံရှေ့က မခွာခြင်း ဖြစ်၏။

“ ဒေါသမထွက်ဘူး … ငါလေး ဒေါသမထွက်ဘူး …”

ကျိုးခဲ့ရှင်းက ကုလားထိုင်ပေါ် ထိုင်ပြီး မျက်လွှာအောက်ချလျက် လက်ဖဝါးနှစ်ခုကို အတူထပ်ထားလိုက်သည်။ သူမ၏ သွင်ပြင်က တရားထိုင်နေသည့် ဘုန်းတော်အိုကြီးကဲ့သိုပင်။

ခေတ္တ အနားယူပြီးနောက် ကျိုးခဲ့ရှင်း အမောပြေသွားပြီး ယခင်ကလောက် ပင်ပန်းသည်ဟု မခံစားရတော့ပေ။ သူမ ချန်ယွီ့ဘက်သို့ လှည့်ကြည့်လိုက်၏။

ဒင်းက ကွန်ပျူတာ ကီးဘုတ်ကို အသည်းအသန် ရိုက်နေသည်။

“ ချီးပဲ … ငါ့ဖန်တွေ အများကြီး ပျောက်သွားပြီ ….”

ကျိုးခဲ့ရှင်းက ဖုန်းထုတ်ပြီး ဟူယွီ ပလတ်ဖောင်းထဲသို့ ဝင်ကြည့်လိုက်သည်။

အားဝေ့ကို တိုင်တန်းပြီးစဉ်ကတည်းက သူမ၏ လိုက်စထွင်းများကို ရပ်နားထားခဲ့တာ ဖြစ်၏။

ချန်ယွီ့က အားဝေ့၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ပြီးနောက်တွင် သူမက လက်စားချေခံရမှာကို ကြောက်ရွံ့ပြီး ဟန်ကျိုးမြို့သို့ ထွက်ပြေးရန် ဆုံးဖြတ်ကာ ချန်ယွီ့ထံသို့ အကူအညီ တောင်းချင်ခဲ့သည်။

ထိုအချိန်ကတည်းက သူမ၏ ချာနယ်ကို ပစ်ထားမိခဲ့၏။ ယခု ဝင်ကြည့်တော့မှ ပရိသတ် တစ်သိန်းကျော်လောက်က မရှိတော့ပေ။

မည်သို့ပင် ဖြစ်စေကာမူ သူမ ယနေ့ညတွင်တော့ လိုက်စထွင်း လွှင့်ကိုလွှင့်မှ ရတော့မည်။

စိတ်ပိုင်းဖြတ်ပြီးနောက် ကျိုးခဲ့ရှင်းက အက်ပ်ကို ပိတ်ပြီး နေ့လည်စာ ချက်ပြုတ်ရန်အတွက် မီးဖိုချောင်ထဲ ဝင်သွားခဲ့၏။

“ အိမ်အကူမလေးကျိုး … ရေလေးတစ်ခွက်လောက် ခပ်ပေးစမ်းပါဦး …”

“ အိုး အိုး … လာနေပြီ ….”

ကျိုးခဲ့ရှင်းက ထိတ်ထိတ်ပျာပျာနှင့် ဖုန်းချပြီး ရေတစ်ခွက် သွားယူတော့မည့် အချိန်မှာပဲ မတော်တဆ အခြားသူတစ်ဦး၏ လိုက်စထွင်းကို နှိပ်မိသွားခဲ့သည်။

“ ငါ့ရဲ့ ချစ်ပရိသတ်တို့ … ဒီရဲ့ အသံပျောက် ကြိုးမဲ့ ဆံပင်လေမှုတ်စက်ကို ထိပ်တန်း စက်ရုံကနေ ထုတ်လုပ်ထားတာ …”

“ ဒီရဲ့ လေမှုတ်စက်ထဲမှာ သုံးထားတဲ့ ချစ်ပ်က နောက်ဆုံးပေါ် Evil Dragon 888 ချစ်ပ်ကို သုံးထားတယ် …”

“ ငါ့အကြောင်း သိတဲ့လူတွေကတော့ မင်းတို့အစ်ကိုကြီး ပစ္စည်းရောင်းတယ်ဆိုတာ ငါ့ရဲ့ ချစ်ပရိသတ်တွေကို ကျေးဇူးပြန်ဆပ်ဖို့ဆိုတာ သိကြတယ် … ဒီပစ္စည်းတွေ ရောင်းပြီး မင်းတို့ အစ်ကိုကြီးက ဘာပိုက်ဆံ တစ်ပြားတစ်ချပ်၊ ဘာဝင်ငွေမှ မရှာဘူး ….”

စားပွဲပေါ်ရှိ ကျိုးခဲ့ရှင်း၏ ဖုန်းထဲမှ ကျယ်လောင်သည့် အသံကြီးက ထွက်ပေါ်လာသည်။

ခေါင်းတစ်ချက် မော့ပြီး ချန်ယွီ့ ကျိုးခဲ့ရှင်းကို လှမ်းကြည့်လိုက်သည်။

ထိုအချိန်အခိုက်အတန့်၌ ကျိုးခဲ့ရှင်းမှာ ကျင်းပေါက်တစ်ပေါက်ထဲသို့ ပြေးပုန်းအောင်ချင်စိတ်တို့ ဖြစ်ပေါ်မိသွားခဲ့၏။

သူမ ထိတ်ထိတ်ပျာပျာနှင့် အခြားလူတစ်ဦး၏ လိုက်စထွင်းကို နှိပ်မိသွားခဲ့တာ ဖြစ်လိမ့်မည်။

“ ငါ့ရဲ့ချစ်ပရိသတ်တို့ … ငါ့ကို လူလိမ်ဆိုပြီး ပြောမယ့်လူတွေကတော့ မင်းတို့ထဲ တစ်ယောက် မဟုတ် တစ်ယောက် ရှိကြမယ်ဆိုတာ ငါသိတယ် … ဒီနေ့ သူတို့ရဲ့ အတွေးတွေ မှားယွင်းကြောင်း သက်သေပြဖို့ အတွက် ငါ့အိတ်ထောင်ထဲက ပိုက်ဆံနဲ့ ငါ့ဘာငါ ရှင်းပေးမယ် …”

“ အဲ့ဒီ ဟိတ်တာအမုန်းသမားတွေရဲ့ မျက်နှာကို ဖြတ်ရိုက်ပစ်မယ် ….”

“ Evil drogon 888 ချစ်ပ် သုံးထားတဲ့ ဒီရဲ့ အသံပျောက် မြန်နှုန်းမြင့် ကြိုးမဲ့ ဆံပင်လေမှုတ်စက်ရဲ့ မူရင်းလေးက ၃၉၉၉ ယွမ် ကျတယ် ….”

“ ဒါပေမယ့် ငါ့ရဲ့ ချစ်ပရိသတ်တွေကတော့ ဒီနေ့ ၃၉၉၉ယွမ်နဲ့ပဲ ရမှာလား … မဟုတ်ဘူး … မင်းတို့ အစ်ကိုကြီးက အဲ့လောက်ထိ ကပ်စေးမနည်းဘူး … ၂၉၉၉ ယွမ်နဲ့လား …. မဟုတ်သေးဘူး … ဒါဆို ၁၉၉၉ ယွမ်နဲ့လား …. ဒါလည်း များသေးတယ် … ကိုယ့်ရဲ့ ချစ်ပရိသတ်တွေကို ဒီဈေးနဲ့ ပေးလိုက်ရင် ငါ့မျက်နှာ ဘယ်နားသွားထားရတော့မှာ ….”

“ ငါ့ရဲ့ ချစ်ပရိသတ်ကြီးကို ၉၉၉ ယွမ်နဲ့ပဲ ထားပေးလိုက်မယ် …”

အသက် သုံးဆယ်ပိုင်းအရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးက သူ့လက်ထဲတွင် ဆံပင်လေမှုတ်စက်ကို ကိုင်ထားရင်း အာဘောင်အာရင်း သန်သန်ဖြင့် ပြောဆိုနေလျက် ရှိသည်။

“ လူတိုင်းပဲ တစ်ချက် ကြည့်ကြပါ …. ဒါ ဒီပစ္စည်းကို အွန်လိုင်းမှာ ရှာကြည့်တာ ဒီဈေးနော်… ၃၉၉၉ ယွမ်တောင် ပေးရတယ် … ဘာလျှော့ဈေး ၊ ဘာချစ်ကြေးမှ မပါဘူး …”

“ ဒါပေမယ့် ငါကတော့ ကိုယ့်ရဲ့ ချစ်ပရိသတ်တွေကို ၉၉၉ ယွမ်နဲ့ပဲ ရောင်းပေးမှာနော်… ၉၉၉ ယွမ် ….”

“ ပိုက်ဆံဆိုတာ ငါ့အတွက် မရှားဘူး … ကိုယ့်ရဲ့ ပရိသတ်တွေဆီကနေ ပိုက်ဆံလည်း မရှာချင်ဘူး … ကိုယ်က ကိုယ့်ပရိသတ်တွေကိုပဲ ပေးချင်တာ …. မင်းတို့ နားလည်တယ်မလား ….”

ခေါင်းတုံးပေါက်ကေနှင့် အမျိုးသားက ပါးစပ် အမြုပ်ထွက်မတတ် စကားတွေ ပြောနေပြီး မသိသူ ဆိုလို့ကတော့ တစ်စုံတစ်ယောက်နဲ့ ရန်ဖြစ်နေသည်ဟုပင် ထင်သွားနိုင်သည်။

“ ဒေါက်တာချန် … တောင်းပန်ပါတယ် … ကျွန်မ အခုချက်ချင်းပဲ အဲ့ဒီ ချာနယ်ထဲက ထွက်လိုက်ပါ့မယ် …”

ကျိုးခဲ့ရှင်းက ရေခွက်ကို ချန်ယွီ့ဘေးနား ချပေးပြီး လိုက်စထွင်းအက်ပ်ကို ပိတ်ဖို့ လုပ်လိုက်၏။

“ ဒါ နာမည်ကြီး အစ်ကိုကြီးကျား မဟုတ်လား … ဟားဟား … စိတ်ဝင်စားစရာပဲ ….”

ချန်ယွီ့က ကျိုးခဲ့ရှင်း၏ ဖုန်းကို တောင်းလိုက်ပြီး အနားကပ်လာ တစ်ချက် ကြည့်ဖို့ လက်ဟန်ပြလိုက်သည်။

အစ်ကိုကြီးကျားက ဟူယွီပလတ်ဖောင်း၏ ဂန္တဝင်ဆန်သည့် ပုဂ္ဂိုလ်ကြီးပင်။

သူက ကိုယ်ပိုင် သတင်းမီဒီယာ ကုမ္ပဏီများနှင့် နှလုံးသား မည်းနက်သည့် စီးပွားရေး သမားများကို ထောက်ခံပံ့ပိုးပေးရုံမျှသာမက လူသိများ ကျော်ကြားလှသည့် ‘စကားပုံအသစ်’ကိုပင် ဖန်တီးခဲ့သည်။

“ ပလတ်ဖောင်းက တကယ်လည်း လွန်တယ် … နေ့တိုင်းနေ့ သူ့ကို ကွန်ပလိန်းတက်တဲ့ တိုင်စာတွေ ထောင်နဲ့ချီ၊ သောင်းနဲ့ချီ ရှိနေတာတောင်မှ သူ့အကောင့်ကို အခုထိ မဘန်းသေးဘူး …”

ချန်ယွီ့က ဒေါသမထွက်ဘဲ သက်တောင့်သက်သာဖြင့် ကြည့်ရှုနေတာကို မြင်တော့ ကျိုးခဲ့ရှင်းက စိတ်သက်သာရစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။ ပြီးနောက် မနေနိုင်ဘဲ စတင် စောဒကတက်တော့၏။

မကောင်းသည့်ဆန်များ စားပြီး ငွေမည်းများ လက်ခံနေခြင်း။

ဤသည်က သူ့ ပရိသတ်များကို လိမ်လည်လှည့်ဖျားနေသည့် အစ်ကိုကြီးကျားကို ပြီးပြည့်စုံစွာ ရည်ညွှန်းနေခြင်းပင်။

သို့တိုင် ပလတ်ဖောင်းကတော့ အခြားရှုထောင့်မှ ရှုမြင်သည်။

တစ်ချိန်က ဝိုင်အတု ကိစ္စနှင့်ပတ်သက်ပြီး ပလတ်ဖောင်းတွင် အတော်လေး ဟိုးလေးတကြော်ကြော် ဖြစ်သွားခဲ့သော်ငြားလည်း အစ်ကိုကြီးကျား၏ အရှိန်နှုန်းကို အနည်းငယ် လျော့ပါးသွားစေရုံမျှသာ ဖြစ်သည်။

“ ဒါပေါ့ …” ချန်ယွီ့က ညင်သာစွာ ပြုံးလိုက်ပြီး “ သူက ပလတ်ဖောင်းအတွက် စိတ်ဝင်စားမှုတွေ အများကြီးကို ယူဆောင်လာပေးတယ်လေ … ပလတ်ဖောင်းက သူ့အကောင့်ကို ဘယ်လိုလုပ် ဘန်းရက်မှာ …”

“ ပြီးတော့ … ဒီငနဲက သိပ်လည်း သတိကြီးတယ် … ပစ္စည်းတွေက ဆိုးရွားတယ်ဆိုပေမယ့် လိုအပ်တဲ့ စာရွက်စာတမ်းတွေ အကုန်လုံးက ပြည့်စုံပြီးသား …”

“ မင်းလည်း စောနက ကြားလိုက်တယ်မလား … သူပြောသွားတာ ဒီရဲ့ ဆံပင်လေမှုတ်စက်ကို ထိပ်တန်း စက်ရုံတစ်ခုက ထုတ်လုပ်ထားတာလို့ ပြောသွားတယ် … ဘယ်စက်ရုံကလဲ ဆိုတာတော့ ထည့်ပြောမသွားဘူး …”

ကျိုးခဲ့ရှင်း သက်ပြင်းချလိုက်၏။ ဤလူများကြောင့်လည်း ကုန်ပစ္စည်းများ ကြေညာပေးသည့် စထွင်မာများ၏ ဂုဏ်သတင်းမှာ ကြီးကြီးမားမား ထိခိုက်နေရသည်။

တစ်ခါတစ်ရံ ကျိုးခဲ့ရှင်းသည်လည်း ပစ္စည်းစပွန်ဆာ တစ်ခုခုကို လက်ခံချင်မိ၏။ သို့ပေမယ့်လည်း ဖန်များ ထေ့ငေါ့လှောင်ပြောင်ကြမှာကို တွေးတောမိတိုင်း စိတ်ထဲတွင် ဖိအားများလာရသည်။

“ ဒီ‌ကောင်က ဒီကို ပိုက်ဆံရှာဖို့ ရောက်လာတာ မဟုတ်ဘူးဆိုရင် ဘာလာလုပ်တာ …”

“ စောက်ရမ်း ကြင်နာလွန်းတယ် … သူက သန်းနဲ့ချီ အဆုံးရှုံးခံပြီး သူ့ ပရိသတ်တွေကို ပြန်ပေးချင်နေတယ် … ဒီလို နတ်သားမျိုးက လူသားကမ္ဘာမှာ ရှိလို့လား …”

“ အင်း … သူက လိမ်ညာနေတာ မဟုတ်ဘူး … စောက်ရူးတွေကိုက လွဲလို့ပေါ့ …”

“ မင်း အလကားပေးတောင် မယူဘူးဟျောင့် … ဒါပေမယ့် မင်း တကယ်ပဲ အလကားပေးမယ်ဆိုရင်တော့ မီးဖိုချောင်ဓားနဲ့ ဘေစင်တစ်ခု ပြန်လဲဖို့ သုံးရင်သုံးလိုက်မယ် …”

“ ဒီ သူတောင်းစားက ငါတို့ကို ဦးနှောက်ပါမလာတဲ့ကောင်တွေလို့များ ထင်နေလား မသိဘူး ….”

“ ငါ ငယ်ငယ်တုန်းကတော့ လိမ်ညာရတာတွေကို မုန်းတယ်… ကြီးလာတော့ကျ လိမ်ညာမှုတွေကြားမှာ မွေ့လျော်နေပြီ …”

မနက် ဆယ်နာရီ ဝန်းကျင်ဖြစ်၏။ သို့ပေမယ့်လည်း အံ့အားသင့်ဖို့ကောင်းလောက်အောင် လိုက်စထွင်းထဲတွင် ကြည့်ရှုသူ အရေအတွက်က ၁.၅ သန်းကျော် ရှိနေသည်။

အကြောင်းမူကား ဤသည်က ဝိုင်အတု ဖြစ်ရပ်ပြီးနောက်တွင် ပထမဆုံး အကြိမ်အဖြစ် လိုက်လွှင့်ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။

လိုက်စထွင်း စကားပြောခန်းထဲတွင် ပျော်ရွှင်စရာ အများအပြား ရှိနေပြီး ချန်ယွီ့ လိုက်စထွင်း လွှင့်စဉ်အခါကကဲ့သို့ လှုပ်ရှားသက်ဝင်နေလှ၏။

ကြည့်ရှုသူ တစ်သန်းခွဲကျော် ရှိသော်ငြားလည်း အင်မတန် နည်းပါးသည့် လူအရေအတွက်ကသာလျှင် အော်ဒါတင်ကြ၏။

သူက စကားပြောခန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့အား လှောင်ရယ်နေသည့် ကွန်းမန့်များကို တွေ့သော်လည်း မမြင်သည့်နှယ် လျစ်လျူရှုကာ မျက်နှာအမူအရာ တစ်ချက် မပျက်သွားဘဲ အာပေါင်အာရင်းသန်သန်ဖြင့် ဆံပင်လေမှုတ်စက်ကို ချီးမွမ်းထောပနာ ပြုနေလျက် ရှိသည်။

“ ငါ့ရဲ့ ချစ်ပရိသတ်တို့ … အသံပျောက် မြန်နှုန်းမြင့် ကြိုးမဲ့ လေမှုတ်စက်ထဲမှာ နိုင်ငံတကာရဲ့ ထိပ်တန်း နည်းပညာကို အသုံးပြုထားတယ် …”

“ အထဲမှာ Evil drogon 888 ချစ်ပ်ပါတော့ လုံခြုံရေးနဲ့ ပတ်သက်ပြီးလည်း စိတ်ပူစရာ မလိုဘူး …”

“ ကြိုးမဲ့သုံးလို့ရတယ် … အသံလည်း ဆူညံမနေဘူး … ဘယ်လောက် ကောင်းထားလဲ …”

“ နောက် ငါထပ်ပြီး မင်းတို့ကို သူ့ရဲ့ အရည်အသွေးမြင့် စွမ်းဆောင်ရည်တွေကို တစ်ခုချင်းစီ ပြပေးမယ် …”

ထိုစကားလုံးများ ထွက်လာသည်နှင့် ချန်ယွီ့၏ အမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။

“ ဒေါက်တာချန် … ဘာဖြစ် ……”

ကျိုးခဲ့ရှင်းက ချန်ယွီ့၏ အမူအရာပြောင်းလဲသွားသည်ကို သတိထားမိပြီး ဘာဖြစ်လို့လဲဟု မေးမြန်းတော့မည့် အချိန်မှာပဲ ချန်ယွီ့က သူ့နားသူ လက်ဝါးဖြင့် အုပ်ထားလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

All Chapters