← Chapters

စက်သေနတ် ဖန်ရှင်နဲ့ ဆံပင်လေမှုတ်စက်

Vol. 18 Ch. 176

စက်သေနတ် ဖန်ရှင်နဲ့ ဆံပင်လေမှုတ်စက်

Vol. 18 Ch. 176

“ Buzz…….”

အသံပျောက်ဟု ဆိုထားသည့် သူ့လက်ထဲက ဆံပင်လေမှုတ်စက်ထဲမှ ကျယ်လောင်သည့် အသံများ ထွက်ပေါ်လာသည်။

လေမှုတ်စက် အနောက်တွင် မီးပွားများ ပျံထွက်လာပြီး ကြည့်ရသည်မှာ အတော်လေး မျက်စိပသာဒ ဖြစ်လှ၏။

ကျိုးခဲ့ရှင်း၏ စိတ်မှာ ဟာလာဟင်းလင်းဖြစ်သွားခဲ့ပြီး သူမ၏ နားထဲတွင်လည်း တဝီဝီ မြည်သံတို့ ကြီးစိုးနေသည်။

ဘာဖြစ်သွားတာလဲ …

အသံက နားနံဘေး အမြောက်ပေါက်ကွဲထွက်သွားသလိုပဲ …

မဟုတ်သေးဘူး … ရဟတ်ယာဉ်ရဲ့ လေဒလက်တွေ ခေါင်းပေါ် ပျံသန်းသွားတာနဲ့ ပိုတူတယ် …

ဆံပင်လေမှုတ်စက်က အသံပျောက် ဟုတ်မဟုတ် မပြောတတ်ပေမယ့် ကျိုးခဲ့ရှင်းကတော့ လိုက်စထွင်းအသံကို ပိတ်ပစ်လိုက်သည်။

ချန်ယွီ့က နားရွက်အုပ်ထားသည့် သူ့လက်များကို အောက်သို့ ချလိုက်၏။

ညာဘက်လက်ကို အသုံးပြုပြီး ကျိုးခဲ့ရှင်းက ညာဘက်နားကို နှစ်ခါ ဝှေ့ယမ်းလိုက်သည်။

လိုက်စထွင်းခန်းထဲရှိ ကွန်းမန့်များလည်း ယာယီ ရပ်တန့်သွားခဲ့ပြီး … ထို့နောက်တွင်တော့ တာတမံ ရေကျိုးပေါက်သည့်နှယ် ကွန်းမန့်များ ပြည့်လျှံနေအောင် ထွက်ပေါ်လာခဲ့တော့သည်။

“ အစ်ကိုကြီးကျားကတော့ နောက်မျိုးဆက်တွေအထိ လက်ဆင့်ကမ်းသယ်ဆောင်သွားမယ့် စကားပုံ အသစ်ကို ဖန်တီးခဲ့ရုံတင် မကဘူး … တိတ်ဆိတ်တယ် ဆိုတဲ့ စကားအဓိပ္ပာယ်ကိုလည်း ပြန်ပြင်ရေးထိုးသွားခဲ့တာပဲဟ …”

“ အသံရဲ့ ကြိမ်နှုန်းတွေ … ညီကိုတို့ … ငါ အသံရဲ့ ကြိမ်နှုန်းတွေ မြင်လိုက်တယ် …”

“ အဓိပ္ပာယ် မရှိတာ … ဒါ အသံဗုံးဆိုတာ အသိသာကြီး …”

“ တာဘို Hairdryer “

“ ငါတော့ သူ့ရဲ့ စွမ်းအင်စားသုံးနှုန်းက ဘယ်လောက်ရှိမလဲပဲ သိချင်တယ် ….”

“ လေမှုတ်တဲ့ ဖန်ရှင် အပြင်ကို စက်သေနတ်ပစ်လို့ရတဲ့ ဖန်ရှင်လည်း ပါနေတာလားဟ ….”

“ ဒါ လေပင်လေမှုတ်စက်မှ မဟုတ်ဘဲနဲ့ … Space X rocket ကြီး …”

ကွန်းမန့်များကို ဖတ်ရှုရင်း ကျိုးခဲ့ရှင်းမှာ ဒေါသကြောင့် ရယ်မောလုနီးပါး ဖြစ်သွားခဲ့သည်။

အဆိုပါ ကျယ်လောင်သည့် အသံကြီးက သူမကို လိပ်ပြာလွင့်လုနီးပါး ကြောက်လန့်သွားစေခဲ့၏။

“ ဒေါက်တာချန် … ရှင်မြင်တယ်မလား … ဒါ ဆံပင်လေမှုတ်စက်တောင် မဟုတ်ဘူး … ရုပ်ဖျက်ထားတဲ့ ဖောက်ခွဲရေး ပစ္စည်းကိုပဲ …”

ကျိုးခဲ့ရှင်းက မပျော်မရွှင် ဖြစ်စွာဖြင့် နှာမှုတ်လိုက်၏။

“ ဒီ မျိုးမစစ်ကောင်ကို ဘာလို့ ဘယ်သူကမှ အရေးမယူကြလဲ မသိပါဘူး ….”

“ ဒေါက်တာချန် … ကျွန်မ အစ်ကိုကြီးကျားရဲ့ လိုက်စထွင်း စတိတ်စင်ပေါ် တက်လိုက်မယ် .. ရှင်ရော ဘယ်လိုထင်လဲ …”

ဤစကားကြားတော့ ချန်ယွီ့ခေါင်းခါယမ်းလိုက်ပြီး ခါးသက်စွာ ပြုံးလျက် “ မင်းက သူ လိမ်ညာနေပါတယ်လို့ ပြောချင်နေတာမလား …”

“ ခစ်ခစ်ခစ် ….”

ကျိုးခဲ့ရှင်းက ရှက်ရွံ့မှုကို ဖုံးကွယ်ရန် တခစ်ခစ် ရယ်မောလိုက်သည်။

“ လုပ်လေ … ခဏနေလို့ မင်းမေးချင်တာရှိရင် ငါ စာရိုက်ပြီး ဖြေပေးမယ် …” ချန်ယွီ့ ပြောလိုက်သည်။

“ အိုကေ …”

ချန်ယွီ့၏ ပံ့ပိုးပေးမှုဖြင့် ကျိုးခဲ့ရှင်းက ယုံကြည်ချက်တို့ ပြည့်နှက်သွားပြီး တိုက်ရိုက်စကားပြောဖို့ တောင်းဆိုလိုက်သည်။

ယနေ့တွင်တော့ … အနှီ အစ်ကိုကြီးကျား ဆိုသူ၏ ဂုဏ်သတင်းကို ဖျက်စီးပြီး အင်တာနက် တစ်ခွင်တွင် နေစရာ နေရာမရှိအောင် ပြုလုပ်ပစ်ရမည်။

ဝိုင်အတု ဖြစ်ရပ်ဖြစ်ပွားပြီး နာမည်ကြီး စကားပုံအသစ်ကို ဖန်တီးပြီးနောက်တွင် စထွင်မာနီးပါးတိုင်းက အစ်ကိုကြီးကျားနှင့် စကား မပြောဆိုဝံ့ကြတော့ပေ။

ဒါပေါ့ … အစ်ကိုကြီးကျားကလည်း စထွင်မာအသေးစားလေးတွေ စကားပြောဆိုလာမှာကို လက်ခံမှာမှ မဟုတ်တာ … စထွင်မာအကြီးစားတွေကလည်း သူတို့ရဲ့ နာမည် ဂုဏ်သတင်းကို တန်ဖိုးထားပြီး အစ်ကိုကြီးကျားနဲ့ စကားပြောလိုက်ရင် သူတို့ချင်းက ကြံရာပါတွေဆိုပြီး အထင်မှားသွားနိုင်မယ်လေ …

ထိုအချိန် လိုက်စထွင်းထဲ၌ အစ်ကိုကြီးကျားက ကျိုးခဲ့ရှင်း စင်ပေါ်တက်ဖို့ တောင်းဆိုလာတာကို မြင်တော့ သူက တုံ့ဆိုင်းခြင်း မရှိ ‘လက်ခံမည်’ကို နှိပ်လိုက်သည်။

စင်ပေါ်ရောက်သွားသည်နှင့် ချန်ယွီ့က သူ့ ကွန်ပျူတာခုံသို့ ရောက်ရှိသွား၏။

ကွန်ပျူတာမှတစ်ဆင့် လိုက်စထွင်းကို ဆက်ပြီး စောင့်ကြည့်သည်။

“ မမလေးကျိုးက တကယ်ပဲ ဝင်လာတယ် … သူလည်း စပွန်ဆာ လာလုပ်တာများလား …”

“ မမလေးကျိုးရဲ့ အခုနေရာကို ငါ တစ်နေရာရာမှာ မြင်ဖူးသလိုလိုပဲ … ဘယ်နေရာမှာပါလိမ့် …”

“ မမလေးကျိုး … ငါတို့ အကြံပေးတာကို နားထောင် … အစ်ကိုကြီးကျားရဲ့ လိုက်စထွင်းထဲ ဝင်ပြီး စကားပြောတာက မင်းရဲ့ ဂုဏ်သတင်းကို ပိုပြီး ဆုံးရှုံးသွားစေလိမ့်မယ် … ထွက်သွားလိုက်တော့ …”

“ မမလေးကျိုး x အစ်ကိုကြီးကျား ကော်လဘရေးရှင်း …”

ကြည့်ရှုသူတို့မှာ မမလေးကျိုးက အစ်ကိုကြီးကျား၏ လိုက်စထွင်းထဲ ရောက်လာလိမ့်မည်ဟု ဘယ်တုန်းကမျှပင် အိပ်မက်မမက်ခဲ့ဖူးကြချေ။

ဖန်နှစ်ဘက်လုံးက ပျော်ပါးစနောက်နေကြပြီး မမလေးကျိုး၏ ဂုဏ်သတင်းကြောင့် အစ်ကိုကြီးကျား၏ လိုက်စထွင်းသည်လည်း ကြည့်ရှုသူ နှစ်သန်း နီးကပ်သည်အထိကို ရောက်ရှိသွားခဲ့သည်။

အစ်ကိုကြီးကျားက စိတ်အားထက်သန်သွားခဲ့သည်။

အစောပိုင်းတွင်တုန်းကပဲ သူ့မှာ ဤကိုးရို့ကားယားနိုင်သည့် အခြေအနေကို မည်သို့ ကျော်ဖြတ်ရကောင်းနိုးနိုး ဖြစ်နေခဲ့ရသည်။

ဆံပင်လေမှုတ်စက်က အရည်အသွေးနိမ့်သည့် ပစ္စည်းဖြစ်မှန်း သူသိသော်ငြားလည်း ၎င်းက သူ့ကို‌ နောက်ဘဝသို့ ပို့ဆောင်ပေးလုနီးပါး ဖြစ်သည်အထိ ဆိုးရွားလွန်းနေလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ချေ။

ထိုအချိန်အခိုက်အတန့်မှာပဲ ကျိုးခဲ့ရှင်းထံသို့ ချန်ယွီ့၏ မက်ဆေ့ချ် ရောက်လာခဲ့ပြီး အစ်ကိုကြီးကျားကို စားပွဲပေါ်ရှိ ဒုတိယမြောက် ဆံပင်လေမှုတ်စက်အား စမ်းသပ်ပေးဖို့ ဖျောင်းဖျခိုင်းနေသည်။

ဒုတိယမြောက် ဆံပင်လေမှုတ်စက်က တစ်ခုခု မှားယွင်းနေသည်ကို အာရုံခံမိတော့ ကျိုးခဲ့ရှင်းက ပြုံးလိုက်ပြီး “ ဟယ်လို အစ်ကိုကြီးကျား …. ကျွန်မ အစောပိုင်းတုန်းက ရှင့်ရဲ့ လိုက်စထွင်းကို ကြည့်နေတာလေ … ပြီးတော့ ရှင် မိတ်ဆက်ပေးနေတဲ့ ဒီရဲ့ ဆံပင်လေမှုတ်စက်ကိုရောပဲ … အတော်လေး စိတ်ဝင်စားမိလို့ ….”

“ ကျွန်မ သိထားသလောက်ဆိုရင် အဲ့ဒီ ချစ်ပ်က ဖုန်းတွေ ၊ တက်ဘလက်တွေမှာပဲ သုံးတာ မဟုတ်ဘူးလား ….”

“ နည်းပညာတွေက အဆင့်မြင့်လွန်းလို့ ဆံပင်လေမှုတ်စက်တွေမှာတောင် အဲ့လိုချစ်ပ်မျိုး သုံးနိုင်လာလိမ့်မယ်လို့ ထင်တောင် ထင်မထားဘူး……”

“ နောက်တစ်ခေါက်လောက် ထပ်ပြပေးပါလား … တကယ်လို့ အဆင်ပြေရင် ကျွန်မ အခု ချက်ချင်းပဲ တစ်ခု အော်ဒါမှာမယ် …”

ယခုလို ပြောလိုက်တော့ ကြည့်ရှုသူများက ကျယ်လောင်စွာ ရယ်မောလာခဲ့ကြသည်။

မမလေးကျိုးက လိုက်စထွင်းကို ကြည့်နေတယ်လည်း ပြောသေးတယ် … အဲ့တာဆိုရင် သူ့ကို ဝယ်ဖို့ ဘယ်သူက သတ္တိပေးလာခဲ့ပါလိမ့် ….

အော်ဒါတင်မယ်ဆိုတဲ့ စကားလုံးမျိုးကို ဘယ်လိုတောင် ပြောထွက်ရဲနေတာ …

သူ့နားမျက်စိတွေက ဘယ်တုန်းက ကန်းသွားခဲ့တာလဲ … ဆံပင်စေမှုတ်စက်က မီးတွေ ပွင့်ထွက်ပြီး အသံတွေ ကြောက်ဖို့ ကောင်းလောက်အောင် ဆူညံနေတာတွေ သူ မမြင်ရ ၊ မကြားရတာများလား …

ကျိုးခဲ့ရှင်းဘက်က ယခုလို ထူးထူးဆန်းဆန်း တောင်းဆိုလာတာကို ကြားသိလိုက်ရတော့ အစ်ကိုကြီးကျားလည်း ကြက်သေသေသွားခဲ့သည်။

အမြင်ကန်းမနေသည့်လူတိုင်း ဆံပင် လေမှုတ်စက်နှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေသည်ကို ပြောနိုင်သည်။ ကျိုးခဲ့ရှင်းက ဘာကြောင့် ဝယ်ချင်နေရသနည်း။

ဧကန္တ ဘရန်းဘက်က ငှားထားတာကြောင့်များလား …

သေချာလေး စဉ်းစားကြည့်လိုက်တော့ ဖြစ်နိုင်ချေရှိနေသည်။

“ အစ်ကိုကြီးကျား … ကျွန်မ သေချာကြည့်လို့ရအောင် နောက် တစ်ခု ထပ် စမ်းပြပေးပါလားဟင် …”

“ စောနက တစ်ခုက စက်ပစ္စည်းပိုင်းဆိုင်ရာ error ပါသွားလို့ ဖြစ်မယ် … အစ်ကိုကြီးကျားက ပရိသတ်တွေကို မလိမ်ဘူးဆိုတာ ကျွန်မ ယုံတယ် …”

ကျိုးခဲ့ရှင်း၏ မျက်နှာထက်ရှိ အပြုံးက ပျောက်ကွယ်မသွားခဲ့ချေ။ သို့ပေမယ့် စိတ်အတွင်းဘက်တွင်တော့ ကောက်ကျစ်သည့် အပြုံးဖြင့် ကြိတ်ပြုံးနေခဲ့၏။

ချန်ယွီ့ ပြောသည့်စကားဆိုပါက မမှားနိုင်ပေ။

ဒုတိယမြောက် ဆံပင်လေမှုတ်စက်တွင် ပြဿနာ အကြီးကြီး ရှိကို ရှိနေရမည်။

အစ်ကိုကြီးကျား၏ အမူအရာက အနည်းငယ် ကိုးရို့ကားယား နိုင်သွားခဲ့၏။

သူ မစမ်းသပ်ပြချင်တာ မဟုတ်ဘဲ သူ့ဘက်က မစမ်းသပ်ဝံ့သောကြောင့်ပင်။

တကယ်လို့ ဒုတိယ တစ်ခုကပါ အဲ့လိုမျိုး ထပ်ဖြစ်လာရင် ဘယ်လိုလုပ်မှာ ….

“ အစ်ကိုကြီးကျား … မကြောက်စမ်းပါနဲ့ … လုပ်စမ်းပါ … အလွန်ဆုံးရှိလှ ခင်များ သေရုံလေးတင်ပါပဲ …”

“ ဆံပင်လေမှုတ်စက်နဲ့ စက်သေနတ် တူးအင်ဝမ်းကြီးဟ … ငါတော့ ကြိုက်သွားပြီ …”

“ ဟယ်လို … ကျွန်တော်တို့က ဒုံးပျံ သုတေသန စင်တာကပါ … အစ်ကိုတို့အစ်မတို့ ဆံပင်လေမှုတ်စက်လေးများ အားပေးချင်လား မသိဘူး …”

“ နမောဗုဒ္ဓ မီးတောက် အသက်ရှူခြင်း ဆံပင်လေမှုတ်စက် …”

ကြည့်ရှုသူတို့က ဆံပင်လေမှုတ်စက်ကို အမျိုးမျိုး အဖုံဖုံ လှောင်ပြောင် ရယ်မောနေကြစဉ် အစ်ကိုကြီးကျားကတော့ ကြည့်ရှုသူများ၏ ဘိုးဘေးအစဉ်အဆက်ကို ဆက်တိုက် ကျိန်ဆဲနေသည်။

ထို့နောက် မျှော်လင့်စောင့်စားသည့် မျက်ဝန်းတို့ဖြင့် ဖြစ်နေသည့် ကျိုးခဲ့ရှင်းကို သူ ကြည့်လိုက်သည်။

ယခုအချိန်အခိုက်အတန့်၌ အစ်ကိုကြီးကျားခမျာ တကယ့်ကို ဘေးကြပ်နံကြပ် ဖြစ်နေမိလေသည်။ အကယ်၍ အခြား တစ်စုံတစ်ယောက်ကသာ သူ့အား တောင်းဆိုလာခဲ့မည်ဆိုပါက သပ်ချနိုင်သည့် နည်းလမ်းပေါင်း ရာနှင့်ချီ ရှိပါသော်လည်း …

သို့ပေမယ့် ဤသည်က ကျိုးခဲ့ရှင်း ဖြစ်နေသည်။ သူမ၏ ပရိသတ်အင်အားက သူ့လောက် မတောင့်တင်းသော်ငြားလည်းပဲ လွှမ်းမိုးမှုပိုင်းဆိုင်ရာတွင်တော့ သူ့အထက်တွင် ရှိသည်။

သူမ၏ ပရိသတ်များက တကယ့် ဖန်အစစ်များ ဖြစ်၏။

သူ့တွင် ပရိသတ် သန်းဂဏန်း ရှိသည်ဆိုသော်ငြားလည်းပဲ တစ်ဝက်ကျော်လောက်က သူ့အား ဆဲဖို့ ၊ လှောင်ပြောင်ဖို့ သီးသန့် ဖော်လိုလုပ်ထားကြသူများပင်။

ထိုအချိန်၌ ဆံပင်လေမှုတ်စက်ဘရန်း၏ စပွန်ဆာက အစ်ကိုကြီးကျားနှင့် မျက်နှာချင်းဆိုင်တွင် တိုက်ရိုက် မတ်တပ်လာရပ်ပြီး လေးပင်စွာ ခေါင်းညိတ်ပြသည်။

သဘောကတော့ ဆက်ပြီး စမ်းသပ် ဟူ၍ပင်။

ပြဿနာရှိသည့် ဆံပင်လေမှုတ်စက် တစ်ခုကြောင့်နှင့် ကျန်သည်များကလည်း အလားတူ ဖြစ်နေလိမ့်မည်ဟု မဆိုလိုပေ။

စပွန်ဆာကိုယ်၌က ခေါင်းညိတ်ပြလာပြီ ဖြစ်သဖြင့် အစ်ကိုကြီးကျားကလည်း ကျည်ဆံကို အံကြိတ်ကိုက်ရုံသာ တတ်နိုင်ပြီး ကျိုးခဲ့ရှင်း တောင်းဆိုသည့် အတိုင်း ဒုတိယမြောက် ဆံပင်လေမှုတ်စက်ကို ခလုတ်ဖွင့်လိုက်သည်။

ဆံပင်လေမှုတ်စက် ခလုတ်ကို နှိပ်လိုက်သည့် အချိန်မှာပဲ မီးညွှန့်မီးတောက်ကြီး တစ်ခုက ထွက်ပေါ်လာသည်။

ဝက်ပေါ်သကဲ့သို့ အော်ဟစ်သံတို့က လိုက်စထွင်းခန်း တစ်ခုလုံးသို့ ပျံ့လွင့်သွားခဲ့သည်။

ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်၍ပဲ ဖြစ်စေ၊ မီးတောက်က တာဝန်ခံ၏ ဆံပင်သို့ မီးဟပ်သွား၏။

“ မြန်မြန် … မြန်မြန် … ရေယူလာခဲ့ကြစမ်း … မီးမြန်မြန်ငြိမ်းပေးကြပါဟ ….”

သူ့ စပွန်ဆာက အရှင်လတ်လတ် မီးကင်ခံရတော့မှာကို မြင်တော့ အစ်ကိုကြီးကျားလည်း ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့သည်။ ကိုယ်ကို အောက်သို့ ကိုင်းလိုက်ပြီး ကြမ်းပြင်မှ ဈေးကြီးဟန်တူသည့် ဝိုင်ပုလင်းများကို ကောက်ယူလိုက်သည်။

ပုလင်းအဖုံးကို ဖွင့်လိုက်ပြီး တာဝန်ခံ၏ ခေါင်းသို့ လောင်းလိုက်၏။

ကြည့်ရှုရင်း အားပါးတရ ရယ်မောနေကြသည့် ကြည့်ရှုသူများမှာ ဤမြင်ကွင်းကို မြင်တော့ သူတို့ဦးနှောက်များမှာ ခေတ္တမျှ အေးခဲသွားခဲ့ကြ၏။

ဆံပင်လေမှုတ်စက်မှ ထွက်ပေါ်လာသည့် မီးတောက်ကြောင့် တစ်စုံတစ်ယောက်၏ ဦးခေါင်းက မီးစွဲလောင်သွားခဲ့သည်မှာ သိသာသည်။ သို့ပေမယ့် မီးငြိမ်သတ်ရန် ရေမသုံးဘဲ ဝိုင်အရက်ပုလင်းကို သုံးနေလေသည်။

မီးလောင်နေတဲ့ခေါင်းကို အရက်လောင်းထည့်ရအောင် အစ်ကိုကြီးကျားနဲ့ အဲ့လူကြားမှာ ဘယ်လောက်တောင်ကြီးမားတဲ့ ရန်ငြိုးရန်စတွေ ရှိနေလို့လဲဟင် …

သို့ပေမယ့် …

ဈေးကတော့ မသေးပေ။

All Chapters