ငါ့ငွေကို အလစ်သုတ်ချင်တာလား ( ၁ )
Vol. 8 Ch. 111
ဤတစ်ကြိမ် ဆုကြေးငွေက မက်မောစရာကောင်းလှသည်။
ထိုအချက်ကိုကြည့်၍ ချီရွှဲ့ထုံဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များက ညဉ့်ငှက်အဖွဲ့အစည်းကို အရိုးထဲထိ မုန်းတီးနေကြောင်းမြင်နိုင်သည်။
ရွှီချင်းသာ စိတ်ဝင်စားသွားရသည်မဟုတ်၊ အမှတ်ခြောက်အသင်းဝင်များအားလုံး မျက်လုံးများ ဝင်းလက်နေကြသည်။ တချို့အသင်းဝင်များက ရယ်သွမ်းသွေးနေကြပြီး တချို့က လျှာများဖြင့် နှုတ်ခမ်းများကို သပ်နေကြသည်။ မျက်လုံးများထဲတွင် လိုချင်တပ်မက်စိတ်များ တောက်လောင်နေသည့် လူအနည်းအကျဉ်းပင် ရှိသည်။
ချီရွှဲ့ထုံဂိုဏ်းသားများအတွက် ကျင့်ကြံခြင်းရင်းမြစ်များ ပိုင်ဆိုင်ခြင်းသည် အရာအားလုံးကို အဆုံးအဖြတ်ပေးသည်။
ပုံမှန်အားဖြင့် လူအားလုံးက ဝရမ်းထုတ်ထားသော ရာဇဝတ်ကောင်များကို ဖမ်းဆီး၍ အပိုဝင်ငွေရှာရန် နည်းလမ်းအမျိုးမျိုးသုံးကြရသည်။ ယခုကဲ့သို့ ကြီးမားသော စစ်ဆင်ရေးများစွာ ကြုံရခဲသည်။ ယခု ဤတာဝန်ကိုသာ သူတို့ အောင်မြင်ပါက နောက်ကျလျှင် သူတို့ ရင်းမြစ်များ ကင်းမဲ့နေတော့မည် မဟုတ်ပေ။
ထို့ကြောင့် လူအားလုံး၏ အသက်ရှူသံများ မြန်ဆန်နေပြီး ခေါင်းဆောင်ကို ကြည့်၍ တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
“ ခေါင်းဆောင်၊ ကျုပ်တို့ ဘယ်အချိန်သွားရမှာလဲ ”
“ အခုပဲ သွားကြမလား ”
အမှတ်ခြောက်အသင်းဝင်များ၏ စိတ်မရှည်သော အသံများကို ကြား၍ ခေါင်းဆောင်က ပြုံးကာ လက်ထဲရှိ ပန်းသီးကို ကိုက်လိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းပေလွှာကို ထုတ်ကာ လူအားလုံးကို သတင်းစကားဖြန့်ဝေလိုက်သည်။
“ ငါတို့ပစ်မှတ်က ကြီးကြီးမားမားမဟုတ်ဘူး။ ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်ကို ရောက်နေတဲ့ ရန်သူခေါင်းဆောင်နှစ်ယောက်က ငါတို့အတွက်ပဲ ”
“ ငါတို့ ပန်းတိုင်ကို ရောက်ရင် အထဲကို ခိုးဝင်ပြီး တိုက်ခိုက်ကြမယ်။ အဲဒီအချိန် ငါက အဲဒီနှစ်ယောက်ထဲက တစ်ယောက်ကို ရှင်းလိုက်မယ်။ နောက်တစ်ယောက်ကို မင်းတို့မြင်ရင် ချက်ချင်း ဝိုင်းထားပြီးတော့ မင်းတို့ သတ်နိုင်ရင် သတ်လိုက်ကြ။ မသတ်နိုင်ရင် ငါ ရောက်လာတဲ့အထိ အချိန်ဆွဲထား။ ဒီတာဝန်ပြီးသွားရင် မင်းတို့အားလုံး အသက်ရှင်နေဖို့ ငါ မျှော်လင့်တယ် ”
“ ကဲ … သွားကြမယ် ”
လူဆိုးထိန်းဌာနတစ်ခုလုံး ချက်ချင်း ဆူဆူညံညံ ဖြစ်သွားသည်။
အဝေးမှကြည့်ပါက လရောင်အောက်၌ လူဆိုးထိန်းဌာနထဲမှ လူအများအပြား ပြေးထွက်လာကြပြီး မြို့ထဲရှိ နေရာအသီးသီးသို့ ပြေးသွားသည်ကိုမြင်နိုင်သည်။
သူတို့က အလွန် မြန်ဆန်ပြီး လူသတ်ငွေ့များသည်လည်း ပြင်းထန်နေပေရာ လူတစ်ယောက်စီတိုင်းက လူဆိုးထိန်းဌာန၏ ဆူးချွန်များအလား ထင်ရပေသည်။ သူတို့ ဆက်လက် ခွဲထွက်နေကြသည်နှင့်အမျှ လူဆိုးထိန်းဌာနတစ်ခုလုံးက အကြောအချင်များ ဆန့်ကာ နိုးထလာနေသည့် ရှေးဟောင်းဧရာမသားရဲကြီးတစ်ကောင်နှင့် ဆင်တူနေတော့သည်။
ထိုအခြင်းအရာက မြို့ထဲရှိ လူဆိုးများကို ကြောက်လန့်တုန်ရီသွားစေသည်။
“ ခေါင်းဆောင်တစ်ယောက်ကိုသတ်ရငန် လူတိုင်း ဝိညာဉ်ကျောက်တုံးဆယ်တုံးစီ ရမယ်။ ရန်သူခေါင်းဆောင်နှစ်ယောက်ရှိတာဆိုတော့ ငါတို့အမှတ်ခြောက်အသင်းကသာ အဲဒီနှစ်ယောက်လုံးကို သတ်နိုင်ရင် ငါတို့အားလုံး အနည်းဆုံး ဝိညာဉ်ကျောက်တုံးနှစ်ဆယ်စီ ရမှာပဲ ”
ရွှီချင်းက အမှတ်ခြောက်အသင်းဝင်များနှင့်အတူ တဟုန်ထိုး ချီတက်နေပြီး မျှော်လင့်ချက်များ ပြည့်နှက်နေသည့်မျက်ဝန်းများဖြင့် စိတ်ထဲမှနေ၍ ရေရွတ်လိုက်သည်။
သူက ခေါင်းဆောင်ပေးသည့် ကျောက်စိမ်းပေလွှာကိုလည်း လေ့လာကြည့်ရှုလိုက်သည်။ ၎င်းတွင် ညဉ့်ငှက်အဖွဲ့အစည်းအသိုက်ရှိ လူအားလုံးနှင့် ပတ်သက်သော သတင်းအချက်အလက်များ ရှိနေပြီး လွန်စွာ နားလည်ရလွယ်ကူသည်။ ရန်သူများ၏ ပုံပန်းသွင်ပြင်နှင့် လျှို့ဝှက်အတတ်များအားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ သို့ဖြစ်၍ ထိုအတောအတွင်း ဌာနက ညဉ့်ငှက်အဖွဲ့အစည်းနှင့် ပတ်သက်၍ စေ့စေ့စပ်စပ် ရှာဖွေခဲ့သည်ကို မြင်နိုင်သည်။
လူအားလုံး ပစ်မှတ်များဆီ နီးကပ်လာသည်နှင့် ခြေလှမ်းများရပ်သွားကာ အသင်းခေါင်းဆောင်နောက်မှ လိုက်သွားကြသည်။ သူတို့အမြန်နှုန်းက တစတစ မြန်ဆန်လာပြီး လူသတ်ငွေ့များသည်လည်း တဟုန်းဟုန်း တောက်လောင်နေတော့သည်။
ညအမှောင်ထုကြီးထဲတွင် လူသတ်ငွေ့များက ကောင်းကင်ယံသို့တိုင်အောင် မြင့်တက်နေ၏။ လူဆိုးထိန်းဌာန၏ စစ်ဆင်ရေးက ဘယ်သူမှ မသိအောင် လုပ်သည်ဖြစ်၍ သူတို့ကို မြင်လိုက်ရသည့်လူတိုင်း ရင်တဒိန်းဒိန်းခုန်သွားကြပြီး ကြောက်စိတ်ဝင်ကာ ချက်ချင်း ပုန်းသွားကြသည်။
အရက်ဆိုင်များနှင့် လောင်းကစားရုံများထဲမှ ဆူဆူညံညံအသံများလည်း ငြိမ်ကျသွားသည်။ ၎င်းတို့အထဲရှိ လူများမှာ ထိတ်လန့်တုန်လှုပ်ကာ တံခါးများကို ချက်ချင်း ပိတ်လိုက်ကြသည်။
လူဆိုးထိန်းဌာနက ယခုကဲ့သို့ လှုပ်ရှားလာလျှင် ယနေ့ညတွင် မြို့ကြီးတစ်မြို့လုံး သွေးချောင်းစီးတော့မည်ဖြစ်ကြောင်း လူဆိုးများ နားလည်ထားကြသည်။
ယနေ့ညတွင် လူမရေမတွက်နိုင်လောက်အောင် သေကြေမည်ဖြစ်သည်။ ကောင်းကင်တွင် မီးရှူးတိုင်ကြီး ထွန်းလင်းလိုက်သည့်အလား အမှောင်ကို ဖယ်ရှားတော့မည်ဖြစ်သည်။
ညအခါ စီးပွားရေးလုပ်သော တည်းခိုခန်းများသည်လည်း ယနေ့တွင် ပိတ်ထားသည်။ ပန်းချွမ်လမ်းမှာလည်း အတူတူပင်။
ထိုအချိန်၌ အမှတ်ခြောက်အသင်းက ပန်းချွမ်လမ်းကို ဖြတ်ကျော်သွားသည်။ ရွှီချင်းက တည်းခိုခန်းထဲမှ အဘိုးအိုကို ကြည့်လိုက်ရာ အဘိုးအိုက တံခါးများကို ချက်ချင်း ပိတ်လိုက်သည်ကို မြင်လိုက်ရသည်။ ထိုတံခါးမပိတ်ခင်စပ်ကြားတွင် သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားသေး၏။
“ သူ ကြောက်နေတာပဲ …”
ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး အဘိုးအို၏မျက်နှာပေါ်ရှိ ကြောက်ရွံ့ထိတ်လန့်စိတ်အနည်းငယ်ကို သတိထားမိခဲ့သည်။ သူ ခေါင်းငုံ့၍ သူ၏အင်္ကျီပေါ်ရှိ အမှတ်တံဆိပ်ကို ကြည့်လိုက်သည်။
အနည်းဆုံးတော့ ယနေ့ညတွင် သူ၏မီးခိုးရောင်တာအိုဝတ်ရုံပေါ်ရှိ အမှတ်တံဆိပ်သည် ချီရွှဲ့ထုံဂိုဏ်း၏ ဂုဏ်အရှိန်အဝါကို ကိုယ်စားပြုနေသည်။
မည်သည့်အဖွဲ့အစည်းမှဖြစ်စေ၊ အင်အားကြီးမားသော လူဆိုးဂိုဏ်းတစ်ဂိုဏ်းမှဖြစ်စေ ယနေ့ညတွင် ခေါင်းများငုံ့ကာ ပုန်းကွယ်နေကြရပေမည်။
သူတို့ အနည်းငယ်ပင် ဝင်ရောက်စွက်ဖက်လိုက်ပါက ချက်ချင်း ချေမှုန်းခံရမည် ဖြစ်သည်။
“ နေရာတိုင်းမှာ အလင်းနဲ့အမှောင်ဆိုတာ ရှိတယ်။ ဒီမှာလည်း အတူတူပဲ။ ဂိုဏ်းက ပင်မမြို့ကြီးထဲမှာ ဒုစရိုက်မှုတွေဖြစ်တာကို ခွင့်ပြုပေမဲ့ စည်းမျဉ်းတော့ရှိတယ်။ နံပါတ်တစ် သာမန်လူတွေကို မသတ်ရဘူး။ နံပါတ်နှစ်၊ အခြေတည်အဆင့်ကျင့်ကြံသူတွေက ချီစုစည်းခြင်းအဆင့်ဂိုဏ်းသားတွေကို မသတ်ရဘူး။ ဒါက တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့စည်းမျဉ်းနှစ်ခုပဲ။ အဲဒီစည်းမျဉ်းတွေကို ဖောက်ဖျက်လိုက်တာနဲ့ တန်ရာတန်ကြေး ပေးဆပ်ရမယ် ”
ရှေ့တွင်ဦးဆောင်သွားနေသော ခေါင်းဆောင်က တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် သူက တာဝန်များ ခွဲဝေပေးလိုက်ပြီး ရှေ့ဆက်သွားလိုက်သည်။
ရွှီချင်းသည် ယခင်က ထိုအချက်ကို နားလည်ထားပါသော်လည်း ယခုကိုင်တိုင် ကြုံတွေ့လာရသောအခါ ချီရွှဲ့ထုံဂိုဏ်း၏ တန်ခိုးအာဏာကြီးမားပုံကို ကောင်းစွာ သဘောပေါက်သွားပြီး ရင်တဒိန်းဒိန်း ခုန်သွားရသည်။
သူက အသင်းဝင်များနောက်မှ သွားနေပြီး သူတို့ပစ်မှတ်က ရှင်းသည်။ တစ်နာရီကြာပြီးနောက် မနီးမဝေးတွင် သူတို့ပန်းတိုင်ကိုမြင်လိုက်ရသည်။
၎င်းက စံအိမ်ကြီးတစ်လုံးဖြစ်သည်။
ကောင်းကင်ယံတွင် လမင်းကြီး ထိန်ထိန်သာနေပြီး မြေပြင်က မည်းမှောင်နေသည်။ စံအိမ်ထဲတွင် အလင်းရောင်များ ရှိပါသော်လည်း မှောင်မည်းနေသော ညအခါတွင် ထိုမှိတ်တုတ်မှိတ်တုတ် အလင်းရောင်များက ငြိမ်းသက်သွားတော့မည့်အလားပင်။
စံအိမ်အပြင်ဘက်ကို အမှတ်ခြောက်အသင်းရောက်ရှိလာပြီးနောက် အမှောင်ထဲတွင် ပုန်းနေခဲ့သော လူဆိုးထိန်းဌာနမှ ဂိုဏ်းသားအနည်းငယ်က ချက်ချင်း အပြင်ထွက်လာသည်။
သူတို့သည် ဂိုဏ်းမှ စောင့်ကြည့်နေရန် တာဝန်ပေးခံထားရသူများဖြစ်သည်။ သူတို့က ခေါင်းဆောင်ကို လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးပြီးနောက် ခပ်သုတ်သုတ် ထွက်သွားသည်။
“ အစီအစဉ်အတိုင်း အရင်ဆုံး တစ်ယောက်မှ မရိပ်မိအောင် ဝင်ကြမယ် ”
ခေါင်းဆောင်၏မျက်လုံးများက အေးစက်စက်ဝင်းလက်သွားပြီး စံအိမ်ထဲကို သူ လှစ်ခနဲ ဝင်ရောက်သွားသည်။ အမှတ်ခြောက်အသင်းဝင်ရှစ်ယောက်က တားဆီးပိတ်ဆို့သည့်အနေဖြင့် စံအိမ်ကြီးကို ဝိုင်းလိုက်သည်။ လက်ကျန်လူတစ်ဒါဇင်က လူခွဲ၍ စံအိမ်ကြီး၏ နေရာအသီးသီးမှ ဝင်လိုက်ကြသည်။
ထိုလူများထဲတွင် ရွှီချင်းသည်လည်း အပါအဝင်ဖြစ်သည်။ ယခုလောလောဆယ် သူက ကိုယ်ကိုကုံး၍ မြန်ဆန်သွက်လက်စွာ သွားနေသည်။
အဝေးမှကြည့်ပါက အမှတ်ခြောက်အသင်းဝင်များက မီးရောင်ကို လှမ်းဖမ်းဆုပ်လိုက်သည့် ဧရာမလက်ကြီးတစ်ဖက်နှင့် ဆင်တူသည်။
တချိန်တည်းမှာပင် အဝေးတွင် လူဆိုးထိန်းဌာနအသင်းတစ်သင်းမှ လူရိပ်များ ပေါ်လာသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူက ရေသူမမျိုးနွယ်မှ လူငယ်မှလွဲ၍ တခြားလူမဟုတ်ချေ။ သူတို့က တိဌာနခွဲအမှတ်သုံးအသင်းမှဖြစ်ကြပြီး ယနေ့ည အမှတ်ခြောက်အသင်းနှင့်အတူ ပူးပေါင်း၍ တိုက်ခိုက်ကြမည်ဖြစ်သည်။