← Chapters

အနီရောင်စည်းကို ကျူးကျော်လာသူ ( ၁ )

Vol. 8 Ch. 113

အနီရောင်စည်းကို ကျူးကျော်လာသူ ( ၁ )

Vol. 8 Ch. 113

ရန်သူခေါင်းဆောင်ကို သတ်ဖြတ်ခြင်းမှ ဝိညာဉ်ကျောက်တုံးရှစ်ဆယ် သူ ရနိုင်ပြီး စွမ်းဆောင်မှုရမှတ်အနေဖြင့် အမြာက်အမြား သူ ရမည်မှာ တွေးကြည့်၍ပင် သိနိုင်သည်။

ရွှီချင်းသာ ထိုရန်သူခေါင်းဆောင်ကို မတွေ့ခဲ့ဘဲ မတိုက်ခိုက်ခဲ့ဘူးဆိုပါက အဆင်ပြေသေးသည်။

သို့သော် ထိုရန်သူခေါင်းဆောင်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီဖြစ်သည်။ သူ ပွဲသိမ်း တိုက်ခိုက်တော့မည့်အချိန်မှာပင် ရေသူထီးလူငယ်က ဆုကြေးငွေများကို အလစ်သုတ်ရန် သူ့ကို တိုက်ခိုက်လာခဲ့သည်။ ထို့ကြောင့် သူ၏မျက်လုံးများက လူသတ်ငွေ့များဖြင့် ဝင်းလက်လာတော့သည်။

သို့သော်လည်း ယခုတွင် ရန်သူခေါင်းဆောင်ကို လိုက်လံသတ်ဖြတ်ရန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် အဆောင်မှဖြစ်ပေါ်လာသော အပြာရောင်လက်ကြီးသည်လည်း သူ့နောက်မှ တရွှီရွှီမြည်သံပေး၍ ချဉ်းကပ်လာနေပြီဖြစ်သည်။

ရေသူထီးလူငယ် အောင်မြင်တော့မည်ကို မြင်၍ ရွှီချင်းက ချက်ချင်း လက်ဟန်များ ဖော်လိုက်သည်။ ရုတ်တရက် ရေသူထီးလူငယ်ဘေးတွင် ရေစက်အမြောက်အမြား ထွက်ပေါ်လာပြီး ဧရာမရေခူကြီးတစ်ကောင်အဖြစ် ပေါင်းစည်းသွားသည်။ ထို့နောက် ဧရာမ ရေခူကြီးက ရေသူထီးလူငယ်ထံ လေဟုန်ခွင်း၍ ပြေးဝင်သွားသည်။

“ ကလေးကွက်တွေ ”

ရေသူထီးလူငယ်က အေးစက်စက်နှာမှုတ်လိုက်သည်။ သူ အနည်းငယ်မျှပင် ရပ်မသွားဘဲ သူ၏ခန္ဓာကိုယ်အပြင်ဘက်တွင် ဝင်းခနဲ လင်းလက်သွားပြီး အကာအကွယ်အလွှာတစ်ခု ပေါ်လာသည်။ ရေခူကြီးက နီးကပ်လာပြီး အကာအကွယ်အလွှာကို ရိုက်ခတ်သွားသည်။ သို့သော် အကာအကွယ်အလွှာက တောင့်တင်းခိုင်မာလွန်းနေ၍ ရေခူကြီး ပြိုကွဲသွားသည်။

သို့သော်လည်း ရေသူထီးလူငယ်က ရွှီချင်း၏ ရေခူကြီးကို လျော့တွက်ခဲ့ပေသည်။

ရေခူကြီး၏ခန္ဓာကိုယ်က မရေမတွက်နိုင်သော ရေလုံးများအဖြစ် ပြောင်းလဲသွားပါသော်လည်း ပျောက်ကွယ်မသွားပေ။ ထိုအစား ၎င်းတို့က စုစည်းသွားပြီး ပိုက်ကွက်ကြီးတစ်ခုအသွင်ပြောင်းလဲ၍ ရေသူထီးလူငယ်ကို လွှမ်းခြုံသွားကာ နေရာမှမလှုပ်နိုင်အောင် ဖမ်းချုပ်လိုက်သည်။

ရေသူထီးလူငယ် မျက်မှောင်ကြုတ်သွားသည်။ သူ့အနေဖြင့် အနည်းငယ် နောက်ဆုတ်ရန်မှတစ်ပါး တခြားရွေးချယ်စရာ မရှိချေ။ ထို့ကြောင့် သူ နောက်ဆုတ်လိုက်ရာ ရန်သူခေါင်းဆောင်အား ဖမ်းဆုပ်နိုင်မည့် အခွင့်အရေးကို လွဲချော်သွားခဲ့ပြီး ရန်သူခေါင်းဆောင်က ပေသုံးဆယ်ကျော်အကွာအထိ ရောက်သွားသည်။

ရွှီချင်းက ထိုအခွင့်အရေးကို အသာစီးယူ၍ တဟုန်ထိုး ပြေးထွက်သွားသည်။ သူ့နောက်မှ တရွှီရွှီမြည်သံပေး၍ ဝင်ရောက်လာသော လက်ကြီးကိုလည်း သူ ရှောင်မနေတော့ပေ။

ဘုန်းခနဲ မြည်သံ ဟိန်းထွက်သွားသည်။

ရွှီချင်းမှာ သွေးများ အန်ထွက်သွားသည်။ သို့သော် ထိုလက်ကြီး၏ ရိုက်အားကို အားပြု၍ သူ၏အရှိန်ကို မြှင့်တင်လိုက်ပြီး ပို၍ပင် မြန်ဆန်စွာ ပြေးထွက်သွားသည်။ မျက်တောင်တစ်ချက်ခတ်အတွင်း ရေသူထီးလူငယ်ကို သူ ဖြတ်ကျော်သွားပြီး ရန်သူခေါင်းဆောင်ထံ ရိပ်ခနဲ ဝင်ရောက်သွားသည်။

သူက အနီးကပ်လာသည့်အခိုက် ညာလက်ကို ဆတ်ခနဲ မြှောက်လိုက်ရာ အေးစက်စက်ဝင်းလက်နေသော သံတုတ်ကလေး ပေါ်လာသည်။

ထိုစဉ် ရေသူထီးလူငယ်လေးသည်လည်း အချုပ်အနှောင်များမှ လွတ်မြောက်သွားပြီဖြစ်သည်။ သူ၏မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ချက် ဝင်းလက်သွားပြီး သူ၏နှုတ်ခမ်းထောင့်စွန်းက အေးစက်စက်အပြုံးတစ်စအဖြစ် ကွေးညွတ်သွားသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ အစောပိုင်းက ရွှီချင်းထံ ဝင်ရောက်သွားခဲ့သည့် စူးရှသော လွန်းပျံကလေးသည် ရန်သူခေါင်းဆောင်ထံ ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ပြေးဝင်သွားသည်။

၎င်းက ရန်သူခေါင်းဆောင်ထံ ရောက်လုရောက်ခင် ဖြစ်နေသည်။

ထိုအကျဉ်းအကြပ်ထဲတွင် သံတုတ်ကလေးက အနက်ရောင်အလင်းတန်းအသွင်ပြောင်းကာ ပို၍ပင် မြန်ဆန်စွာ ရွေ့လျားသွားသည်။ အနက်ရောင်မိုးကြိုးလျှပ်စီးအလား ၎င်းက လွန်းပျံလေးမရောက်ခင် ရန်သူခေါင်းဆောင်၏နဖူးကို ထွင်းဖောက်သွားပြီး သံတုတ်ကလေး၏ထိပ်ဖျား ထွက်နေသည်။

စူးစူးရှရှအော်ဟစ်သံ လွင့်ပျံလာစဉ်မှာပင် လွန်းပျံလေးသည်လည်း လေဟုန်ကိုခွင်း၍ ခေါင်းဆောင်၏ လည်ပင်းကို တိခနဲ ပိုင်းဖြတ်သွားသည်။ ခေါင်းဆောင်၏ခေါင်း လေပေါ် ပျံတက်သွားပြီး သွေးစိမ်းများ ပန်းထွက်သွားသည်။

ရွှီချင်းက လွန်းပျံလေးကို လျစ်လျူရှုထားပြီး အရှိန်မလျော့ဘဲ ခုန်ပျံကာ ရန်သူခေါင်းဆောင်၏ခေါင်းကို ဆုပ်ယူလိုက်သည်။ ထို့နောက် မျက်နှာထားတင်းမာနေသော ရေသူထီးလူငယ်ကို သူ အေးတိအေးစက် လှည့်ကြည့်လိုက်သည်။

“ ငါ့ဆုကြေးငွေကို အလစ်သုတ်ချင်ရလောက်အောင် မင်းက ဘာကောင်တုံး ”

ရွှီချင်း မပြောသေးခင်မှာပင် ရေသူထီးလူငယ်က အံကြိတ်၍ ဆိုသည်။

သူ၏မျက်လုံးများထဲတွင် လူသတ်ငွေ့များဖြင့် ဆူဝေနေသည်။ သူက လက်ကိုမြှောက်၍ ပြန်လည်ရောက်ရှိလာသော လွန်းပျံလေးကို ဖမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ လူသတ်ငွေ့များ တရိပ်ရိပ် ထွက်ပေါ်နေပြီး ရွှီချင်းကို သွေးဆာနေသောအကြည့်ဖြင့် ကြည့်ကာ တစ်လှမ်းချင်း လျှောက်သွားသည်။

ရန်သူခေါင်းဆောင်၏ခေါင်းကို ဆုပ်ကိုင်ထားသော ရွှီချင်း၏မျက်လုံးများထဲတွင် လူသတ်ငွေ့များ ရှိနေသည်။ သူ စကားတစ်ခွန်း မဆိုပါသော်လည်း တိုက်ခိုက်ရန် အသင့်ပြင်ထားပြီးဖြစ်သည်။ သူက အဆိပ်ဆေးလုံးတစ်လုံးကိုပင် တိတ်ဆိတ်စွာ ချေ၍ လေထဲ မျောလွင့်သွားစေလိုက်သည်။

တချိန်တည်းမှာပင် သူ၏ခြေထောက်အောက်မှ အရိပ်က ရေသူထီးလူငယ်၏ရှေ့ကို ရောက်သည်အထိ တိတ်ဆိတ်စွာဖြင့် အလျင်အမြန် ပြန့်ကားသွားသည်။ ထိုရေသူထီးလူငယ်သာ နောက်တစ်လှမ်း တိုးလာသည်နှင့် အရိပ်ပေါ် တက်နင်းသွားမိမည်ဖြစ်သည်။

သူ အရိပ်ပေါ်ရောက်သည်နှင့် အရိပ်က ချက်ချင်း ဝုန်းခနဲ ထလာမည်ဖြစ်ကာ ရွှီချင်းသည်လည်း တိုက်ခိုက်လိုက်မည် ဖြစ်သည်။

ရေသူထီးလူငယ်ကို အလွန် တိုတောင်းသောအချိန်လေးအတွင်း သတ်ဖြတ်ပစ်နိုင်မည်ဟု သူ ယုံကြည်မှု ရှိနေသည်။

သို့သော် ရေသူထီးလူငယ်က ညာခြေကို မြှောက်၍ အောက်ချတော့မည့်အခိုက် ရွှီချင်း၏မျက်လုံးများထဲမှ လူသတ်ငွေ့များ ဝုန်းခနဲ ထကြွလာတော့မည့်အချိန်တွင် မြူခိုးများထဲမှ အေးတိအေးစက် ရယ်မောသံ လွင့်ပျံလာသည်။

“ မင်းကိုယ်မင်း ဘာကောင်ကြီး ထင်နေတာတုံး။ ငါ့အမှတ်ခြောက်အသင်းရဲ့ ဆုကြေးငွေကို ဝင်လုရလောက်အောင် မင်းက အတင့်ရဲလှချည်လားကွ ”

ထို့နောက် ပန်းသီးတစ်လုံးကို စားနေသော အမှတ်ခြောက်အသင်းခေါင်းဆောင် မြူခိုးထဲမှ ထွက်လာသည်။ သူက လမ်းလျှောက်ရင်း စားနေပြီး သူ့နောက်တွင် အမှတ်ခြောက်အသင်းဝင် အနည်းအကျဉ်း ရှိသည်။ အမှတ်ခြောက်အသင်းမှ လူလေးယောက် မရှိတော့ဘဲ လက်ကျန်လူများအားလုံး ခေါင်းများကို လက်ထဲတွင် ကိုင်ထားကြသည်။ သူတို့ထံမှ သွေးဆာနေသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

အထူးသဖြင့် ခေါင်းဆောင်ပင်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးညှီနံ့များ ထောင်းခနဲ ထနေပြီး သူ၏သွေးအေးသောအကြည့်သည်လည်း ပတ်ဝန်းကျင်တစ်ခုလုံးကို အေးခဲသွားလောက်အောင် ဖြစ်စေသည်။

ရေသူထီးလူငယ်၏ ခန္ဓာကိုယ် ရပ်သွားပါသော်လည်း ခြေလှမ်းများ ရပ်မသွားချေ။ သူက ယခင် သူ့နေရာကို ပြန်သွားလိုက်ပြီး အမှတ်ခြောက်အသင်းဝင်များကို လှည့်ကြည့်လိုက်သည်။ အသက်ရှူချိန်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက် အမှတ်သုံးအဖွဲ့ဝင်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

နှစ်ဖက်စလုံး အခြေအနေ တင်းမာနေသည်။ ရေသူထီးလူငယ်က ဟမ့်ခနဲ နှာမှုတ်ကာ ရွှီချင်းကို အေးတိအေးစက် ကြည့်လိုက်သည်။

“ အခုတော့ မင်း အသက်ရှင်သွားတယ်။ ဒါပေမဲ့ ငါ ဒီကိစ္စကို မှတ်ထားတယ် ”

သူက ပြောပြီးသည်နှင့် အင်္ကျီလက်ကို ဝှေ့ယမ်းကာ သူ့လူများနှင့်အတူ ထွက်သွားသည်။

ရွှီချင်းက စကားတစ်ခွန်းမပြောဘဲ တည်ငြိမ်စွာဖြင့်သာ ရပ်နေ၏။

“ မဆိုးဘူး ”

ရေသူထီးလူငယ် ထွက်သွားပြီးနောက် အမှတ်ခြောက်အသင်းခေါင်းဆောင်က ပြုံး၍ ရွှီချင်းဘေးကို လျှောက်လာသည်။ သူက ရွှီချင်းလက်ထဲရှိ ခေါင်းကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး ရွှီချင်းကို ပန်းသီးတစ်လုံးပေးကာ ပြုံး၍ ပြောလိုက်သည်။

“ ဒါ ငါ မင်းကို ပြုစုတာ ”

ရွှီချင်းက ဘယ်လက်ဖြင့် ပန်းသီးကိုယူ၍ ကိုက်စားလိုက်သည်။ ပန်းသီးအရသာက ချိုမြိန်ပါသော်လည်း သွေးအရသာပါ ထပ်ဆောင်းပါဝင်နေသည်။ ရွှီချင်းက မျိုချလိုက်ပြီးနောက် ခေါင်းမော့၍ ရေသူထီးလူငယ် ထွက်ခွာသွားသည့်ဘက်ကို ကြည့်လိုက်သည်။

ထိုအချိန်၌ အမှတ်ခြောက်အသင်းဝင်များအားလုံး စိတ်လှုပ်ရှားနေကြ၏။

“ ခေါင်းဆောင်က ရန်သူခေါင်းဆောင်တစ်ယောက်ကို သတ်တယ်။ ရွှီချင်းကလည်း ရန်သူခေါင်းဆောင်တစ်ယောက်ကို သတ်တယ်။ ဒီတစ်ခေါက် ငါတို့ ပွပြီဟေ့ ”

“ အနည်းဆုံး ဝိညာဉ်ကြေးပြားနှစ်ဆယ်ရမှာ၊ ငါတို့ ထောတာပဲ ”

“ ရွှီချင်း၊ မင်းသတ်ခဲ့တဲ့လူတွေရဲ့ ခေါင်းတွေကို ငါတို့ စုထားလိုက်ပြီ။ မင်း သတ်ခဲ့တဲ့ညဉ့်ငှက်အဖွဲ့ဝင်တွေက ရှာရလွယ်ပါတယ်။ သူတို့လည်ပင်းတွေမှာ ဓားလှီးရာလေးတွေနဲ့ ”

အများအားဖြင့် တစ်ယောက်နှင့်တစ်ယောက် အေးတိအေးစက် နေခဲ့ကြသော အသင်းဝင်များက ယနေ့ သဘောကောင်းနေကြသည်။ အသင်းတစ်သင်းဆိုသည့် ခံစားချက်ကို ရသည့်အတွက် ခေါင်းဆောင် အလွန် သဘောကျနေပြီး အသက်သေသွားသည့်လူ အနည်းအကျဉ်းကို မေ့သွားပြီဖြစ်သည့်အလား လက်ကိုဝှေ့ယမ်းလိုက်သည်။

All Chapters