အနီရောင်စည်းကို ကျူးကျော်လာသူ ( ၂ )
Vol. 8 Ch. 114
“ ပြန်ကြမယ် ”
အသင်းဝင်များက ရယ်ရယ်မောမော စကားများ ပြော၍ သူတို့၏ ပျက်စီးနေသော တိုက်ပွဲဝင်လက်နက်များကို ယူလိုက်ပြီး စံအိမ်ထဲမှ ထွက်သွားကြသည်။ လမ်းတစ်လျှောက်၌ သူတို့က ရွှီချင်းကို လေးစားသည့်အကြည့်များဖြင့် ကြည့်နေကြသည်။
ရန်သူခေါင်းဆောင်ကို သတ်နိုင်ရလောက်အောင် အသင်းခေါင်းဆောင်ကဲ့သို့ အစွမ်းမျိုး လူတိုင်း၌ မရှိသည် မဟုတ်ပါလား။ ယင်းအပြင် တခြားအသင်း၏ခေါင်းဆောင်ကို ဆုကြေးငွေအတွက် တိုက်ခိုက်ဝံ့သူ တစ်ယောက်မှ မရှိပေ။
သို့ဖြစ်၍ ဆုကြေးငွေ မည်မျှရသည်ဖြစ်စေ အရေးမပါတော့ပေ။ ရန်သူခေါင်းဆောင်ကို အသက်ရှင်လျက် ဖမ်းဆီးနိုင်ခဲ့သည်က ရွှီချင်း၏ခွန်အားကို ပြသနေပေသည်။
ရွှီချင်းသည် နောက်မှနေ၍ လျှောက်ရသည်ကို အသားကျနေပြီး ခေါင်းဆောင်သည်လည်း သူ့ဘေးမှ လျှောက်လာသည်။ ခေါင်းဆောင်က သူ့ကို အပြာရောင်အဆောင်လေးတစ်ရွက် ပေးလိုက်သည်။ ၎င်းသည် အစောပိုင်းက လက်ကြီးအသွင်ဖြင့် ရွှီချင်းကို တိုက်ခိုက်ခဲ့သော ညဉ့်ငှက်အဖွဲ့ကျင့်ကြံသူ၏ တစ္ဆေလက်အဆောင်ဖြစ်သည်။
ညဉ့်ငှက်အဖွဲ့ငယ်ခေါင်းဆောင် သေဆုံးသွားသည်ဖြစ်၍ ဤတစ္ဆေလက်အဆောင်က အောင်ပွဲရ အထိမ်းအမှတ်ပစ္စည်းဖြစ်လာသည်။ သို့သော်လည်း ထိုအဆောင်၏နေရာအများစုက စုတ်ပြနေပြီး တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ အသုံးပြုနိုင်သည်။
“ ယူလိုက်၊ ဒါက မင်းနဲ့ ထိုက်တန်တယ် ”
ရွှီချင်း အနည်းငယ် အံ့အားသင့်သွားရပြီး တိတ်ဆိတ်စွာ ယူ၍ ခေါင်းဆောင်ကိုကြည့်လိုက်သည်။ ထိုအချိန်၌ ခေါင်းဆောင်၏အမူအရာက အလွန် လေးနက်နေသည်။
“ ငါ ထွက်လာလိုက်တာ စောသွားလား ”
ရွှီချင်းက ခပ်ဆိတ်ဆိတ်သာနေ၏။
“ ဒီမှာ လူတွေအများကြီးရှိတယ်။ လူဆိုးထိန်းဌာနက မဟုတ်ဘဲ လူသားမဟုတ်တဲ့မျိုးနွယ်က ပုန်းအောင်းနေတဲ့ စောင့်ရှောက်သူတွေရှိတယ်။ သူတို့ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်တာမဟုတ်ပေမဲ့ သူတို့နဲ့ မဟာမိတ်ဖွဲ့ထားတာ ရှိသေးတယ်လေ။ ရေသူမမျိုးနွယ်ရဲ့သဘာဝက ပြောင်းလဲလွယ်တယ်။ ဟိုးအရင်နှစ်ပေါင်းများစွာက ရေသူမမျိုးနွယ်က သစ္စာဖောက်ဖို့ စီစဉ်နေတာကို တောင်ပေါ်က ဝါရင့်ပုဂ္ဂိုလ်တွေ သိသွားကြတယ်။ အဲဒါကြောင့် သူတို့က ပြိုင်ပွဲကို အသုံးချပြီး ရေသူမမျိုးနွယ်ကို ဖိနှိပ်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ငါတို့နဲ့ မဟာမိတ်တွေ မဟုတ်လား။ ပေါ်ပေါ်ထင်ထင် သွားလုပ်တာ မကောင်းဘူး ”
“ အဲဒီငါးက ဘာဖြစ်နေတာလဲ မသိဘူး။ တစ်ခါတလေ အစောင့်အရှောက်တွေမပါဘဲ တစ်ယောက်တည်းလည်း အပြင်ထွက်ရတာကို သဘောကျတယ် ”
ခေါင်းဆောင်၏အပြုံးက အလွန် တောက်ပနေသည်။
ရွှီချင်း အတွေးနက်သွားသည်။ ထို့နောက် တစ္ဆေလက်အဆောင်ကို သူ ယူလိုက်ပြီးနောက် သူ၏အိတ်ရှုံ့ထဲမှ သစ်တော်သီးနှစ်လုံးကို ထုတ်လိုက်သည်။ ခေါင်းဆောင်ကို သူ တစ်လုံးပစ်ပေးလိုက်ပြီး တစ်လုံးကို သူ ကိုက်စား၍ မေးလိုက်သည်။
“ ခေါင်းဆောင်၊ လူသားမျိုးနွယ်နဲ့ အဲဒီလူသားမဟုတ်တဲ့မျိုးနွယ်တွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက မတူဘူးလား ”
ရွှီချင်းက အသီးပေးလာသည့်အတွက် ခေါင်းဆောင် အနည်းငယ် အံ့အားသင့်သွားရသည်။ သူက အသီးကို လက်ခံလိုက်ပြီး ပွတ်သပ်ကြည့်လိုက်သည်။
“ မတူတာနည်းနည်းတော့ ရှိတယ်။ ဥပမာပြောရရင် အဆိပ်ပေါ့။ ငါတို့လူသားမျိုးနွယ် မခံနိုင်တဲ့ အဆိပ်တွေက အဲဒီကောင်တွေအပေါ်မှာ ဘာသက်ရောက်မှုမှမရှိဘူး။ ဆန့်ကျင်ဘက်အနေနဲ့ လူသားမျိုးနွယ်အတွက် တချို့အားဆေးတွေကလည်း အဲဒီကောင်တွေကျ အဆိပ်ဆေးဖြစ်သွားတယ် ”
ရွှီချင်းက ခေါင်းဆောင်ကို ကြည့်လိုက်ပြီး ခေါင်းဆောင်ကလည်း ရွှီချင်းကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက် နောက်ထပ် စကားမဆိုဖြစ်ကြတော့ပေ။
ရွှီချင်းက ရှေ့ဆက်သွားနေရင်း သူ၏မျက်လုံးများထဲ အေးစက်စက်အငွေ့အသက်တစ်ခု ယှက်သန်းလာသည်။ သူ၏ပင်ကိုယ်စရိုက်၌ မျဉ်းနီ သတ်မှတ်ထားသည်။ ထိုမျဉ်းနီကို ထိပါးလာသည်နှင့် အန္တရာယ်ဆူးညှောင့်အား ဆွဲနှုတ်ပစ်ရမည့်နည်းလမ်းကို သူ သေချာပေါက် စဉ်းစားမည်ဖြစ်သည်။ အခြေအနေနှင့် ခွန်အားက မလုံလောက်သေးပါက ထိုအန္တရာယ်ကို သူ စွဲနေအောင် မှတ်သားထားမည်ဖြစ်ပြီး ထိုအန္တရာယ်ဆူးညှောင့်ကို မဖြေရှင်းရသေးမချင်း သူ၏လည်ချောင်း၌ ငါးရိုးစူးနေသလို သူ ခံစားရသည်။
ထိုမျဉ်းနီက သူ၏ဘဝလုံခြုံရေးပင် ဖြစ်သည်။
ဆင်းရဲသားရပ်ကွက်၌ဖြစ်စေ၊ ရတနာမုဆိုးစခန်း၌ဖြစ်စေ၊ ချီရွှဲ့ထုံဂိုဏ်း၌ဖြစ်စေ အတူတူပင်ဖြစ်သည်။
ကွာခြားသွားသည်မှာ ဤနေရာ၌ အခွင့်အရေးရရန် သူ ပို၍ သတိထားနေရပြီး သတ်ခွင့်ကြုံလာပါက ပို၍ပြတ်သားစွာ သတ်ဖြတ်ခြင်း ဖြစ်သည်။
ရေသူထီးလူငယ်က သူ၏မျဉ်းနီကို ကျော်ဖြတ်လာခဲ့ပြီး ပန်းချွမ်လမ်းမှ အဘိုးအိုထက်ပင် ပို၍ ပြင်းထန်နေသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် အဆင့်အတူတူပင် ဖြစ်နေပြီဖြစ်သည်။
သို့ဖြစ်၍ ထိုလူငယ်ကို သူ တတ်နိုင်သမျှ မြန်ဆန်စွာ သတ်ချင်နေခြင်း ဖြစ်သည်။
ရွှီချင်းက အမှတ်ခြောက်အသင်းဝင်များနောက်မှ တိတ်ဆိတ်စွာ လိုက်ပါ၍ တခြားလူများနှင့်အတူ သူ၏တာဝန်ကို အပ်လိုက်သည်။ အသင်းဝင်များ လူစုခွဲသွားကြပြီးနောက် သူက မှော်လှေဆီ ချက်ချင်း ပြန်မသွားသေးပေ။ ထိုအစား လူဆိုးထိန်းဌာနအနီးတွင် ပုန်းအောင်း၍ တိတ်ဆိတ်စွာ စောင့်နေသည်။
နှစ်နာရီကြာပြီးနောက် ရေသူထီးလေးကို သူ မြင်လိုက်ရသည်။
သို့သော်လည်း ထိုလူငယ်က တစ်ယောက်တည်း မဟုတ်ပေ။ ရွှီချင်းက သတိထားစောင့်ကြည့်နေခြင်းကြောင့် ဘေးပတ်ဝန်းကျင်တွင် ပုန်းကွယ်နေသော အငွေ့အသက်များ ရှိနေသည်ကို တစ်စွန်းတစ မြင်လိုက်ရသည်။ အရှိန်အဝါအကောင်းဆုံးအငွေ့အသက်က အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကဲ့သို့ ခံစားချက်မျိုး သူ ရနေသည်။ ထို့ကြောင့် သူ ပို၍ သတိထားသွားရသည်။
ရေသူထီးလူငယ်က အဆိပ်မိသွားသည့် လက္ခဏာမျိုး မပြသည်ကိုလည်း သူ သတိထားမိလိုက်သည်။
သူ အဆိပ်ခတ်ခဲ့သည်မှာ သေချာသည်။ သို့ဖြစ်ရာ ခေါင်းဆောင်၏စကားများ မှန်ကန်ကြောင်း ဖော်ပြနေ၏။ ယင်းအပြင် ရေသူထီးလူငယ်၌ ကာကွယ်စောင့်ရှောက်ပေးနေသည့် အစွမ်းထက်ကျင့်ကြံသူများ ရှီနေသည်။ ထို့ကြောင့် ရွှီချင်းက အလျင်အမြန် နောက်ယောင်ခံလိုက်မသွားဘဲ ခန့်မှန်းခြေတည်နေရာကိုသာ အကဲခတ်၍ ပြန်ထွက်လာခဲ့သည်။
ညဉ့်ငှက်အဖွဲ့အစည်းကို ဖမ်းဆီးမည့် သတ္တမမြောက်တောင်ထိပ်၏ စစ်ဆင်ရေးက လုံးဝ အောင်မြင်သည်။ ဆိပ်ကမ်းနယ်မြေရှိ အသိုက်ခုနစ်သိုက်လုံး တစ်ချီတည်းဖြင့် အဖမ်းခံလိုက်ရသည်။ ညဉ့်ငှက်အဖွဲ့နှင့် ဆက်စပ်နေသည့်တခြားအင်အားစုများလည်း အဖမ်းခံလိုက်ရပြီး လူဆိုးထိန်းဌာန၏ အမြစ်မှ ဖြိုခွင်းခြင်း ခံလိုက်ရသည်။
လက်ထောက်ဌာနမှူးအနည်းငယ်သည်လည်း ကိုယ်တိုင်ဝင်ရောက်လှုပ်ရှားကာ ညဉ့်ငှက်အဖွဲ့အစည်း၏ အစွမ်းထက်ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သည်။ တခြားဒေသများတွင်လည်း ထိုနည်းတူပင်။
ထိုစစ်ဆင်ရေးထဲ၌ ညဉ့်ငှက်အဖွဲ့ဝင်နှစ်ရာနီးပါး အသတ်ခံလိုက်ရပြီး သူတို့နှင့် ဆက်နွယ်သူများ အသတ်ခံရသည့်ပမာဏက ပို၍ များသည်။ သူတို့အားလုံး၏ခေါင်းများကို နောက်တစ်နေ့ မြို့ရိုးများထက်တွင် ချိတ်ဆွဲထားပြီး ပတ်ဝန်းကျင်တွင် သွေးညှီနံ့များ လွင့်ပျံနေတော့သည်။
သို့သော် လူဆိုးထိန်းဌာန ပြန်လည်ပေးဆပ်လိုက်ရသည့် တန်ကြေးသည်လည်း နည်းနည်းနောနော မဟုတ်ပေ။ လူဆိုးထိန်းဌာနကို ရွှီချင်း ပထမဆုံး ရောက်လာသည့်နေ့က တွေ့ခဲ့သော လူငယ်နှင့် မိန်းမပျိုအပါအဝင် ဂိုဏ်းသားသုံးရာကျော် သေဆုံးသွားခဲ့သည်။
အနှစ်ခြုပ်ဆိုရလျှင် ထိုတိုက်ပွဲရလဒ်က ဟိုးလေးတကြော်ကြော်ဖြစ်သွားပြီး မြို့ထဲရှိ လူဆိုးဂိုဏ်းများသည်လည်း ငြိမ်ကုပ်သွားကြသည်။ နောက်နေ့များ၌ ထိုကိစ္စကြောင့် လူအများ စိတ်အားတက်ကြွနေကြပြီး ဂိုဏ်းသားအချင်းချင်းကြား လုပ်ကြံသတ်ဖြတ်ခြင်းများလည်း သိသိသာသာ လျော့ကျသွားသည်။
ယင်းအပြင် ထိုတာဝန်နှင့်ပတ်သက်၍ ဆုကြေးငွေကိုလည်း အလျင်အမြန် ခွဲဝေပေးလိုက်လေသည်။ ရွှီချင်းသည် စုစုပေါင်း ဝိညာဉ်ကျောက်တုံး တစ်ရာ့သုံးဆယ်ကို လက်ခံရရှိခဲ့ပြီး တစ်ခါမှ မကြုံဖူးလောက်အောင် ချမ်းသာသွားသည်။ ထို့ကြောင့် ဘေးပတ်ဝန်းကျင်ရှိ လောဘကြီးသောလူများကို သူ သတိထားနေခဲ့ပြီး သူ၏ရင်ထဲတွင် လူသတ်စိတ်များလည်း မြင့်တက်လာခဲ့သည်။
သူ၏ ဝိညာဉ်ကျောက်တုံးများအား လုယူချင်သူမှန်သမျှ သူ သတ်ပစ်မည်သာ ဖြစ်သည်။
သူသည် ထိုကဲ့သို့ များပြားသော ဝိညာဉ်ကျောက်တုံးများကို လက်ထဲ ကိုင်ထားရသည့်အတွက် ယခင်ရက်များက မျက်စိကျနေခဲ့သည့် ကုန်ကြမ်းပစ္စည်းများကိုလည်း အရည်အသွေး နိမ့်ကျနေသလို ခံစားလာရသည်။ သူ၏မှော်လှေကလေးကို အဆင့်မြှင့်တင်ရန် ပို၍ ကောင်းမွန်သော ကုန်ကြမ်းပစ္စည်းများ ဝယ်သင့်၊ မဝယ်သင့် သူ စဉ်းစားတွေးတောလာသည်။
သူက ထိုနှစ်ရက်တာအတောအတွင်း ရေသူထီးလူငယ်လေးကို မျက်ခြေမပြတ် စောင့်ကြည့်ခဲ့သည်။ ထိုလူငယ်လေးနောက်ကို သူ ကြိမ်ဖန်များစွာ နောက်ယောင်ခံလိုက်ခဲ့ပါသော်လည်း အစောင့်အရှောက်များက ပုန်းလျှိုးကွယ်လျှိုးရှိနေခဲ့၍ သူ အခွင့်အရေး မရခဲ့ပေ။
သို့သော် သူသည် အလျဉ်မလိုဘဲ စိတ်ရှည်သည်။
သုံးရက်ကြာပြီးနောက် တစ်ခုသော နေ့လယ်ခင်းတွင် ရွှီချင်းက အနားယူကာ မှော်လှေကလေးပေါ် ကျင့်ကြံနေစဉ် ကျောက်စိမ်းပေလွှာမှတစ်ဆင့် ပို့လွှတ်လိုက်သော အသံလှိုင်းဖိတ်ကြားစာတစ်စောင်ကို သူ လက်ခံရရှိလိုက်သည်။
ထိုဖိတ်ကြားစာကို ပို့လွှတ်လိုက်သည့်လူက ချီရွှဲ့ထုံဂိုဏ်းကို သူနှင့်အတူ ဝင်ရောက်ခဲ့သည့် လူကုံထံမိသားစုမှ ကျိုးချင်ဖုန်းမှလွဲ၍ တခြားလူ မဟုတ်ချေ။
“ ညီလေး ရွှီချင်း၊ ငါ တစ္ဆေဆန္ဒကို ရလာခဲ့ပြီကွ။ ဒါပေမဲ့ နှစ်ကောင်ပဲ ရတယ်။ ပြီးတော့ ငါတို့ ဂိုဏ်းထဲဝင်လာခဲ့တဲ့လူတွေလည်း တစ်ကွဲတပြားစီ ဖြစ်နေတော့ ဒီည လီကျစ်မေ့နဲ့ ရွှီရှောင်ဟွေ့ကိုလည်း ငါ ဖိတ်ထားလိုက်တယ်။ ငါတို့အတူတူ ညစာစားကြတာပေါ့။ တစ္ဆေဆန္ဒကိုလည်း ငါ ယူလာခဲ့မယ် ”
သူ၏စကားများက ကြင်နာနွေးထွေးနေသည်။
ရွှီချင်း ငြိမ်သက်သွား၏။ ရေသူထီးလူငယ် အဆိပ်မမိသည်ကို သူ သိခဲ့ပြီးနောက် အဆိပ်သစ်တစ်မျိုး ဖော်စပ်ရန် တစ္ဆေဆန္ဒကို သူ အမှန်တကယ် လိုချင်နေသည်။ ထို့ကြောင့် သူ တာဝန်ကျသည့်ရက်ကို စစ်ဆေးကြည့် လက်ခံလိုက်ပြီးနောက် ဆက်လက်ကျင့်ကြံလိုက်သည်။
မကြာခင် အပြင်ဘက်တွင် မှောင်ရိပ်သမ်းလာပြီဖြစ်သည်။ ရွှီချင်းက ကျင့်ကြံနေရာမှ မျက်လုံးများပွင့်လာသည်။ အချိန်ကို သူ တွက်ကြည့်ပြီးနောက် မတ်တတ်ရပ်ကာ မှော်လှေကလေးထဲမှ ထွက်လာခဲ့ပြီး ကျိုးချင်ဖုန်း ဆုံးဖြတ်ခဲ့သည့် စားသောက်ဆိုင်ကို သွားလိုက်သည်။
ကျိုးချင်ဖုန်း ရွေးသည့်စားသောက်ဆိုင်က ဆိပ်ကမ်းနှင့် မဝေးပေ။ ၎င်းက ဆိပ်ကမ်းတွင် အလွန် နာမည်ကြီးပြီး ထည်ဝါတောက်ပြောင်သော နှစ်ထပ်စံအိမ်ကြီးတစ်လုံး ဖြစ်သည်။
ထိုနေရာကို ရွှီချင်း တစ်ခါမှ မဝင်ဖူးပါသော်လည်း လူဆိုးထိန်းဌာနတွင် ဆိုင်အားလုံး၏ မှတ်တမ်းများ ရှိသည်။ ယခင်က ထိုဆိုင်များအကြောင်းကို ရွှီချင်း စေ့စေ့စပ်စပ်လေ့လာခဲ့ဖူးသည်ဖြစ်၍ ထိုစားသောက်ဆိုင်၏ နောက်ကြောင်းကို သိထားသည်။ ထိုစားသောက်ဆိုင်ကို ကမ်းရိုးတန်းစောင့်ဌာနက ဖွင့်ထားခြင်း ဖြစ်သည်။
ကမ်းရိုးတန်းစောင့်ဌာနသည် လူဆိုးထိန်းဌာနနှင့် မတူပါသော်လည်း ကင်းလှည့်ဌာနနှင့် အတော်လေး ဆင်တူသည်။ ကင်းလှည့်ဌာနက မြို့ကို တာဝန်ယူရပြီး ကမ်းရိုးတန်းစောင့်ဌာနက ဆိပ်ကမ်းပတ်လည်ကို ကင်းလှည့်ရသည်။
စားသောက်ဆိုင်အနီးကို သူ ရောက်သောအခါ ဘေးပတ်ဝန်းကျင်ကို သတိထား၍ အကဲခတ်လိုက်ပြီး မည်သည့်အန္တရာယ်မှ မရှိကြောင်း သေချာသောအခါမှသာ ဆိုင်ထဲကို ဝင်ရောက်သွားသည်။
သူ အထဲဝင်လိုက်သည်နှင့် ဆိုင်အလုပ်သမားလေးက ချက်ချင်း သူ့ကို သတိထားမိသွားပြီး နွေးထွေးပြူငှာစွာ နှုတ်ဆက်လိုက်သည်။ ရွှီချင်းက သီးသန့်ခန်းကို သွားရမည်ဖြစ်ကြောင်း သိလိုက်ရသောအခါ ထိုဆိုင်အလုပ်သမားလေးက ပို၍ပင် စိတ်အားထက်သန်စွာဖြင့် ရွှီချင်းကို ဒုတိယထပ်သို့ ခေါ်သွားသည်။
ကျိုးချင်ဖုန်း ကြိုတင်မှာထားသော အခန်းက ဒုတိယမြောက်အထပ်၏ အစွန်ဆုံးတွင် ရှိသည်။ ထိုစားသောက်ဆိုင်၏ ဒုတိယမြောက်အထပ်ကို သာမန်လူများ ဝင်ရောက်ခွင့်မရှိဘဲ ချီရွှဲ့ထုံဂိုဏ်းသားများသာ ဝင်ခွင့်ရှိသည်။
အခန်းအနီးကို သူ ချဉ်းကပ်လာသည်နှင့် သီးသန့်အခန်းမှ ကျိုးချင်ဖုန်း၏ တဟားဟား ရယ်မောသံများနှင့် တခြားနှစ်ယောက်၏ စကားသံများကို ကြားလိုက်ရသည်။
“ အစ်ကိုကျိုး … ဒီကို ညီမ အခုမှ ပထမဆုံး ရောက်ဖူးတာပဲ။ ညီမကြားတာတော့ ဒီစားသောက်ဆိုင်က အခန်းကြိုမှာရတာ အရမ်းခက်ပြီး သာမန်ဂိုဏ်းသားတွေကိုလည်း ဂရုမစိုက်ဘူးတဲ့။ ပြီးတော့ ဒီမှာ အထူးပန်းကန်သုံးချပ် ချပေးထားတယ်။ ပြောတာကတော့ ဒီဆိုင်က ကျင့်ကြံခြင်းအဆင့်မြင့်မားတဲ့လူတွေကိုပဲ အဲဒီလို လုပ်ပေးတာတဲ့ ”
“ ဒါ ဘာမှမဟုတ်ပါဘူး။ ဒါက ငါ့ကမ်းရိုးတန်းစောင့်ဌာနလေ။ ကမ်းရိုးတန်းစောင့်ဌာနက ဂိုဏ်းသားတွေဆိုရင် သူတို့လိုချင်တဲ့အခန်း ရတယ်။ နောင်ကျ မင်း အခန်းလိုချင်ရင် ငါ့ကိုပြောလိုက်။ ငါ ကူညီပေးမယ် ”
“ ဒါဆို အစ်ကိုကျိုးကို ကျေးဇူးတင်ပါတယ်။ အစ်ကိုကျိုး၊ ကမ်ပေ့လုပ်ကြစို့ ”
ထိုစကားသံများ လွင့်ပျံနေစဉ် အခန်းရှေ့ကို ရွှီချင်း ရောက်လာသည်။ ဆိုင်အလုပ်သမားလေးက သီးသန့်အခန်းတံခါးကို တွန်းဖွင့်ပေးလိုက်ရာ ပန်းကန်များဖြင့် ပြည့်နှက်နေသော စားပွဲရှည်ကြီးဘေးတွင် ထိုင်နေသော လူသုံးယောက်ကို ရွှီချင်း မြင်လိုက်ရသည်။
ထိုလူသုံးယောက်က မိန်းမပျိုနှစ်ယောက်နှင့် လူငယ်တစ်ယောက်ဖြစ်သည်။ ထိုလူငယ်က ကျိုးချင်ဖုန်းမှလွဲ၍ တခြားလူ မဟုတ်ချေ။ သူသည် ပျော်ရွှင်စွာဖြင့် သေရည်ခွက်ကို မြှောက်လိုက်သည်။ သူ့ဘေးတွင် ကိုယ်လုံးကိုယ်ပေါက်လှပ၍ စွဲဆောင်မှုရှိသော ရွှီရှောင်ဟွေ့ဖြစ်သည်။
နောက်ဆုံးတစ်ယောက်က လီကျစ်မေ့ဖြစ်သည်။ လီကျစ်မေ့က ယခင်အတိုင်း တသီးတသန့် နေဆဲပင်။ သူမက နေရာတွင် မနေတတ်မထိုင်တတ်ဖြစ်နေဟန်ဖြင့် ထိုင်နေ၏။
ရွှီချင်း၏ရုပ်ရည်သွင်ပြင်က ကျိုးချင်ဖုန်းမှလွဲ၍ တခြားနှစ်ယောက်ကို တခဏကြာ မှင်သက်သွားစေသည်။
“ ဂိုဏ်းတူအစ်ကို၊ အစ်ကိုက … ”
ရွှီရှောင်ဟွေ့က ရွှီချင်း၏မျက်နှာကိုကြည့်၍ မျက်လုံးများ ဝင်းလက်သွားသည်။ ရွှီချင်းထံမှလည်း ကြောက်ခမန်းလိလိ ဝိညာဉ်စွမ်းအားများကို သူမ အာရုံခံမိလိုက်၏။
ရွှီချင်း ရောက်လာသည်ကို မြင်သောအခါ ကျိုးချင်ဖုန်းက ပြုံး၍ မတ်တတ်ရပ်လိုက်သည်။ သို့သော်လည်း သူ စကားမဆိုခင် ဘေးတွင် ထိုင်နေသော လီကျစ်မေ့က ရွှီချင်းကို ကြည့်၍ အတန်ငယ် ချီတုံချတုံဖြစ်နေပြီးနောက် ခပ်တိုးတိုး ပြောလိုက်သည်။
“ ဒါ အစ်ကို ရွှီချင်းမလား ”
လီကျစ်မေ့သည် ရွှီချင်းကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိပေသည်။