အခက်အခဲကိုယ်စီ ( ၁ )
Vol. 8 Ch. 115
လီကျစ်မေ့၏စကားသံကြောင့် ရွှီချင်းကို ကြည့်နေသည့် ရွှီရှောင်ဟွေ့၏ မျက်လုံးများ အလိုလို ပြူးကျယ်သွားသည်။
ရွှီချင်းကို မမှတ်မိသည့်အတွက် သူမကို အပြစ်မတင်နိုင်ချေ။ သူမ၏မှတ်ဉာဏ်ထဲတွင် ရွှီချင်းက ညစ်ပတ်ပေရေနေသည့်လူငယ်လေးတစ်ယောက် မဟုတ်ပါလား။
ယခုတွင် သီးသန့်ခန်းအဝ၌ ရပ်နေသော လူငယ်လေးက ကျစ်လျစ်တောင့်တင်းကာ မြင့်မားသော အရပ်အမောင်းရှိသည်။ သူ၏ရှည်လျားနက်မှောင်သော ဆံပင်ရှည်များက ပခုံးနှစ်ဖက်ပေါ် ဝဲကျနေပြီး ဖော်ပြ၍ မစွမ်းသာအောင် တပ်မက်ဖွယ်ကောင်းနေသည်။ အထူးသဖြင့် ကြည့်မိသူတိုင်းကို ညှို့ငယ်ဖမ်းစားနိုင်စွမ်းရှိသည့် သူ၏မျက်နှာပင်။
သူသည် တုဖက်ကင်းလောက်အောင် ချောမောသည်။
သူ့၌ ပန်းပုဖြင့် ထုဆစ်ထားသည့်အလား မျက်နှာတစ်ခုရှိသည်။ ဓားသွားပမာ ဖြောင့်တန်းသော မျက်ခုံးမွေးများအောက်၌ နက်မှောင်သော အေးစက်စက်မျက်ဝန်းတစ်စုံရှိသည်။ သူ့ထံမှ အမှတ်တမဲ့ ထွက်ပေါ်နေသော အရှိန်အဝါများနှင့် သူ၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားအငွေ့အသက်များ ပေါင်းစပ်လိုက်သောအခါ တစ်ယောက်မှ သူ့ကို အထင်မသေးရဲတော့သည့်ပုံစံ ဖြစ်သွားသည်။
“ ဟုတ်တယ် ”
ရွှီချင်းက ခေါင်းညိတ်လိုက်သည်။
ရွှီရှောင်ဟွေ့၏ လှပသော မျက်နှာလေး အနည်းငယ် နီမြန်းသွားသည်။ သူမက သေရည်ခွက်ကို ယူ၍ မော့ချကာ ရင်ထဲရှိ ခံစားချက်လှိုင်းများကို ဖိနှိပ်လိုက်သည်။
ဘေးတွင်ရှိနေသော ကျိုးချင်ဖုန်းက တဟားဟား ရယ်မော၍ သူ့ကို ကြိုဆိုရန် လျှောက်လာသည်။
“ ညီလေးရွှီချင်း၊ ထိုင်ကွာ ”
ရွှီချင်းက သူတို့ကိုကြည့်၍ ယဉ်ကျေးစွာ လက်နှစ်ဖက်ဆုပ်ပြလိုက်ပြီး ဘေးတွင် ထိုင်လိုက်သည်။ ဂိုဏ်းထဲရှိ ရက်စက်ကြမ်းကြုတ်သော ဂိုဏ်းသားများနှင့်ယှဉ်လျှင် သူနှင့် တစ်သုတ်တည်း ဝင်ရောက်လာခဲ့သည့် ဤဂိုဏ်းသားသုံးယောက်တွင် အနွေးဓာတ်အနည်းအကျဉ်း ရှိနေသေးသည်။
သို့သော်လည်း ဂိုဏ်းပတ်ဝန်းကျင်က သူတို့ကို ပြောင်းလဲစေခဲ့သည်မှာ သိသာသည်။ ကျိုးချန်ဖုန်းက ထည်ဝါနေဟန်ရှိပါသော်လည်း မောပန်းနွမ်းနယ်ခြင်းများ ရှိနေသည်ကို ရွှီချင်း မြင်နိုင်သည်။
အထူးသဖြင့် သူ၏ခန္ဓာကိုယ်ပေါ်မှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်အနည်းအကျဉ်းပင်။ ယင်းသည် တချို့ကိစ္စများကို သူ ကြုံတွေ့လိုက်ရပြီးနောက် ရင့်ကျက်လာခဲ့ခြင်း ဖြစ်သည်။
ရွှီရှောင်ဟွေ့၏ အပြောင်းအလဲများကို ရွှီချင်း မဖော်ပြတတ်ပေ။ ရတနာမုဆိုးစခန်းရှိ ငှက်မွေးတောင် ရွက်ဖျင်တဲထဲမှ အမျိုးသမီးများနှင့် ပို၍ တူလာနေသည်ကိုသာ သူ ခံစားမိသည်။
လီကျစ်မေ့သည်သာ များစွာ ပြောင်းလဲသွားခြင်း မရှိချေ။ သိမ်ငယ်သည့်ခံစားချက်များနှင့် မဝံ့မရဲဖြစ်နေသည့် အမူအရာကြောင့် သူမ၏မျက်လုံးများထဲတွင် သတိထားနေသည့် အရိပ်အယောင်များ ရှိနေသည်။ သူမကိုကြည့်ရသည်မှာ ပတ်ဝန်းကျင်ရှိ မည်သူမဆို သူမကို စိုးရိမ်ထိတ်လန့်အောင် လုပ်နိုင်သည့်အလားပင်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ လူအားလုံး စကားလက်ဆုံကျနေပြီး အများအားဖြင့် ရွှီချင်းက နှုတ်ဆိတ်နေပါသော်လည်း အခန်းထဲရှိ စကားဝိုင်းလေးက သက်ဝင်လှုပ်ရှားနေသေးသည်။ သူတို့အတွက် ဂိုဏ်းထဲ ရောက်နေသည့်အချိန်က တိုတောင်းနေသေးသည် မဟုတ်ပါလား။
သို့သော်လည်း ကျိုးချင်ဖုန်းနှင့် ရွှီရှောင်ဟွေ့တို့သည်သာ တဟားဟား ရယ်မောကာ စကားအများဆုံး ပြောနေကြသည်။ ရွှီချင်းကဲ့သို့ လီကျစ်မေ့သည်လည်း နှုတ်ဆိတ်နေ၏။ ရံဖန်ရံခါ ရွှီချင်းကို သူမက သိမ်ငယ်သည့််အမူအရာဖြင့် ရွှီချင်းကို လှမ်းကြည့်တတ်သည်။
မကြာခင် သေရည်အနည်းငယ် ပိုသောက်မိလာသောအခါ ကျိုးချင်ဖုန်းက ခံစားချက်အပြည့်ဖြင့် ဆိုလိုက်သည်။
“ တကယ်တော့ ငါ ဂိုဏ်းကို မရောက်ခင်ကတည်းက ဂိုဏ်းနဲ့ပတ်သက်ပြီး ရိပ်ဖမ်းသံဖမ်းလောက်တော့ သိခဲ့တယ်။ ဒါပေမဲ့ကွာ ငါ ဂိုဏ်းထဲရောက်ပြီး ကိုယ်တိုင် ကြုံလိုက်ရတော့မှပဲ ငါ ကြားထားတာနဲ့ လွဲနေမှန်း သိလိုက်ရတယ်။ ချီရွှဲ့ထုံဂိုဏ်းထဲမှာ ကောင်းမွန်တဲ့ဘဝရဖို့ သိပ်ခက်တယ်။ ငါတို့ နည်းနည်းလောက် ပေါ့ဆလိုက်တာနဲ့ သေပြီပဲ ”
“ မင်းတို့လည်း ငါ့လို ခံစားရမှာ သေချာတယ်။ ညီလေးရွှီချင်း၊ မင်း ဘယ်ဌာနမှာ အလုပ်လုပ်နေတာလဲ။ ငါက ကမ်းရိုးတန်းစောင့်ဌာနမှာ။ ရွှီရှောင်ဟွေ့ကလည်း သိပ်တော်တယ်။ ဒီလောက်အချိန်တိုလေးအတွင်းမှာ မှော်လှေတစ်စီးကို ဝယ်နိုင်တယ်။ ပြီးတော့ စေလွှတ်ရေးဌာနမှာတောင် သူ အလုပ်ရနေပြီကွ ”
ထိုစကားကို ကြားသောအခါ ရွှီရှောင်ဟွေ့က အနည်းငယ် ဝေခွဲရခက်သည့်အပြုံးဖြင့် ပြုံး၍ ခေါင်းညိတ်လိုက်သည်။
“ ကျနော်က လူဆိုးထိန်းဌာနက ”
ရွှီချင်းက ခပ်တိုးတိုး ပြောလိုက်သည်။ အပြင်ဘက်ရှိ လူများက ရက်စက်ကြမ်းတမ်းသည့်အတွက် သူ ဤနေရာနှင့် အသားမကျသလို ခံစားနေရသည်။
“ လူဆိုးထိန်းဌာနလား ”
ရွှီရှောင်ဟွေ့၏မျက်လုံးများ ဝင်းလက်သွားပြန်သည်။
ဘေးရှိ လီကျစ်မေ့၏ မျက်လုံးများထဲ မနာလိုသည့်အရိပ်အငွေ့အနည်းငယ် ဖြတ်ပြေးသွားသည်။ လီကျစ်မေ့ ညစ်ပတ်စုတ်ပြတ်နေသော ရတနာမုဆိုးတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားတော့သည် မဟုတ်ပါသော်လည်း ရွှီရှောင်ဟွေ့နှင့်ယှဉ်လျှင် အလွန် ရိုးရှင်းနေသေးသည်။ ထို့ကြောင့် သူမ ပို၍ ခေါင်းငုံ့သွားရသည်။
သူမအတွက် တစ်သုတ်တည်း လူလေးယောက်အနက် သုံးယောက်က မှော်လှေကိုယ်စီ ပိုင်ဆိုင်ထားသြည်။ သူမတစ်ယောက်တည်းသာ ယခင်အတိုင်း ဖြစ်နေသေးပြီး ထို့ကြောင့်လည်း ဖိအားများစွာ ခံစားနေရသည်။
“ ဂိုဏ်းတူညီလေး ရွှီချင်း၊ လူဆိုးထိန်းဌာနကို မင်း တကယ် ရောက်သွားတာလား။ အရင်ရက်တုန်းက မင်းတို့ လူဆိုးထိန်းဌာနက ကိစ္စကြီးတစ်ခု လုပ်ခဲ့ပါသေးတယ်။ ညဉ့်ငှက်အဖွဲ့ဝင်တွေရဲ့ ခေါင်းတွေကို မြို့ရိုးမှာ ချိတ်ထားတာလေ။ အခုတလော လူတွေက အဲဒီအကြောင်း ပြောနေတာ။ သြော် ဟုတ်သားပဲ … ဝင်ခွင့်စစ်ဆေးတုန်းက မင်းရဲ့သွေးနဲ့ချီက အရိပ်ဖြစ်သွားတာဆိုတော့ မင်းလဲ အဲဒီစစ်ဆေးရေးထဲ ဝင်ပါလိုက်ရသေးလား ”
ရွှီချင်း အလုပ်လုပ်နေသည့် နေရာကို ကျိုးချင်ဖုန်း ကြားသောအခါ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ယခင်က ရွှီချင်းကို သူ မြင်ခဲ့ဖူးပြီး ရွှီချင်း၏ ဝိညာဉ်အငွေ့အသက်များကို အာရုံခံဖူးခဲ့သည်ဖြစ်ပြီး ယခုတွင် ပို၍ အစွမ်းထက်လာဟန်တူသည်။ ထို့ကြောင့် သူက ဆက်လက်၍ စကားအစ်ကြည့်လိုက်သည်။
“ ဒါပေမဲ့ အဲဒီလို တာဝန်ကြီးတွေက သိပ်အန္တရာယ်များပါတယ်ကွာ။ ညီလေးရွှီချင်းက မင်းရဲ့အပြင်ခန္ဓာက မဆိုးဘူးဆိုပေမဲ့ မန္တန်အစီအရင်တွေက အစွမ်းထက်ဆုံးကွ။ ဂိုဏ်းထဲကို အသစ်ဝင်လာတဲ့လူတွေအနေနဲ့ အရေးကြီးဆုံးက အသက်ရှင်အောင် ကြိုးစားရုန်းကန်ပြီး အမြဲတမ်း ကျင့်ကြံနေဖို့ပဲ။ နောက်ကျရင် ငါတို့ အရည်အချင်းတွေကို ထုတ်ပြနိုင်မယ့် အခွင့်အရေးတွေ အများကြီး ရလာမှာ ”
ရွှီချင်းက ကျိုးချင်ဖုန်းကို လှမ်းကြည့်လိုက်ပြီး စကားအစ်နေသည်ကို သူ သိလိုက်သည်။ အမှန်စင်စစ် သူနှင့် တစ်သုတ်တည်း ဝင်ခဲ့သည့်လူသုံးယောက်လုံး ကောင်းမွန်သော အကျင့်စရိုက်များရှိကြပြီး ဆိုးယုတ်သော ရည်ရွယ်ချက်များ မရှိသည်ကို သူ ခံစားမိသည်။ ဤနေရာကို သူ ရောက်လာခဲ့သည့် နောက်တစ်ချက်က တစ္ဆေဆန္ဒကြောင့်လည်း ဖြစ်သည်။
သူ ခေါင်းညိတ်ပြလိုက်ပြီး ခပ်ဆိတ်ဆိတ်သာ နေလိုက်သည်။
“ သတ္တမမြောက်တောင်ထိပ်က လူဆိုးထိန်းဌာနက ငါတို့ကမ်းရိုးတန်းစောင့်ဌာနနဲ့ အတူတူပဲ။ အဲဒီဌာနမှာ လူညစ်ပတ်တွေအများကြီး ရှိတယ်။ သြော် ဒါနဲ့ ညီလေးရွှီချင်း ဒီတစ်ခေါက် မင်းတို့ စစ်ဆင်ရေးမှာ ထူးခြားတဲ့လူတစ်ယောက်အကြောင်းကို ငါ ကြားခဲ့သေးတယ် ”
“ အဲဒီလူက မင်းတို့ လူဆိုးထိန်းဌာနရဲ့ ရွှမ်ဌာနခွဲကလို့ ပြောတယ်။ သူ့နာမည်တော့ ငါ မသိဘူး။ ဒါပေမဲ့ သူက ချီစုစည်းခြင်းအဆင့်အထွတ်အထိပ်ကို ရောက်နေတဲ့ ရန်သူခေါင်းဆောင်ကို သတ်ခဲ့တာတဲ့ကွ။ အဲဒီစစ်ဆင်ရေးမှာ ခေါင်းဆောင်အဆင့်မရှိဘဲ ရန်သူခေါင်းဆောင်ကို သတ်နိုင်တာ သူ တစ်ယောက်ပဲရှိတယ်။ ပင်လယ်အသွင်ပြောင်းပညာရပ်ကို သူ တော်တော်လေး ကျွမ်းကျင်နေလောက်ပြီလို့ ငါ ထင်တာပဲ။ အဲဒီကိစ္စကြောင့် သူ ရာထူးတိုးသွားတော့မည်လို့လဲ ပြောနေကြတယ် ”
ကျိုးချင်ဖုန်းက ခံစားချက်များ၊ လေးစားမှုများဖြင့် သက်ပြင်းချလိုက်သည်။ ယင်းသည် စကားအစ်ခြင်းမဟုတ်ဘဲ အမှန်တကယ် မနာလိုခြင်း ဖြစ်သည်။
သူ သိရသလောက် ထိုကိစ္စသည် ရွှီချင်းနှင့် လားလားမျှ မသက်ဆိုင်နိုင်ချေ။ ရွှီချင်း၏ အပြင်ခန္ဓာကိုယ်က အလွန် သန်မာပြီး သူ၏သွေးနှင့်ချီက အရိပ်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည့်တိုင်အောင် ကျိုးချင်ဖုန်း ပင်လယ်အသွင်ပြောင်းပညာရပ်ကို ကျင့်ထားပြီဖြစ်၍ ပင်လယ်အသွင်ပြောင်းပညာရပ်၏ မန္တန်များ မည်မျှအစွမ်းထက်သည်ကို သိလာခဲ့သည်။ ထို့ကြောင့် လူဆိုးထိန်းဌာနကဲ့သို့ အစွမ်းထက်ကျင့်ကြံသူများစွာ ရှိနေသည့်နေရာမျိုး၌ အပြင်အားပညာရှင်တစ်ယောက်က အလွယ်တကူ အသတ်ခံရနိုင်သည်။
ဆေးဆိုင်ကလေးထဲတွင် ရွှီချင်းနှင့် ဆုံစဉ်အခါက ရွှီချင်း၏ ဝိညာဉ်စွမ်းအားအငွေ့အသက်များ အလွန် အားကောင်းသည်ကို သူ အာရုံခံမိခဲ့ပါသော်လည်း ချီစုစည်းခြင်းအဆင့်အထွတ်အထိပ်ရှိ ရန်သူ့ခေါင်းဆောင်ကို သတ်ဖြတ်ပြီး လူဆိုးထိန်းဌာနထဲရှိ ဝါရင့်ကျင့်ကြံသူများကြားထဲ ထင်ပေါ်ကျော်ကြားနိုင်လောက်အောင် သူ လုံးဝ မထင်ချေ။