← Chapters

အခက်အခဲကိုယ်စီ ( ၂ )

Vol. 8 Ch. 116

အခက်အခဲကိုယ်စီ ( ၂ )

Vol. 8 Ch. 116

“ ငါလည်း အဲဒီအကြောင်း ကြားတယ်။ အခုတလော ရွှမ်အမှတ်ခြောက်အသင်းနဲ့ ပတ်သက်ပြီး ကောလာဟလတွေ တော်တော်လေး ပြန့်နေတာ ”

ဘေးတွင် ရှိနေသော ရွှီရှောင်ဟွေ့က ရွှီချင်းနှင့် ကျိုးချင်ဖုန်းတို့၏ ပန်းကန်များထဲသို့ အစားအသောက်များ ထည့်ပေးလိုက်ရင်း အပြုံးကလေးဖြင့် ဝင်ပြောသည်။

ပြီးခဲ့သည့်ရက်အနည်းငယ်က သတ္တမမြောက်တောင်ထိပ်ရှိ ဌာနအသီးသီးက ဂိုဏ်းသားများက ညဉ့်ငှက်အဖွဲ့စစ်ဆေးရေးအကြောင်း အမှန်ပင် ဆွေးနွေးပြောဆိုနေကြသည်။ အထူးသဖြင့် ထိုစစ်ဆေးရေးထဲက အစွမ်းထက်ဂိုဏ်းသားများအကြောင်းပင်။

ရွှီချင်း အတန်ငယ် အံ့အားသင့်သွားရသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်က သူသည် ရေသူထီးလူငယ်ကိုသာ သတ်ဖြတ်ရန် အခွင့်အရေးရှာနေခဲ့၍ ထိုကိစ္စများကို အာရုံမစိုက်ခဲ့မိချေ။ အပြင်ဘက်လောကမှ ကောလာဟလများအကြောင်း သူ ပထမဆုံး ကြားဖူးခဲ့ခြင်း ဖြစ်ပြီး သူ ရာထူးတိုးတော့မည့်အကြောင်းကိုလည်း သူ ယခုမှ ကြားလိုက်ရခြင်း ဖြစ်သည်။

“ အဲဒါက ငါတို့နဲ့ မဆိုင်ပါဘူး။ ငါတို့အတွက်က အသက်ရှင်နေဖို့က အဓိကပဲလေ ”

ကျိုးချင်ဖုန်းက သက်ပြင်းချ၍ သူ့ခြေထောက်ကို ပွတ်သပ်လိုက်သည်။ ထိုနေရာတွင် ကောင်းစွာ အနာမကျက်သေးသော အမာရွတ်တစ်ခုရှိသည်။ သူက တချိန်လုံး ငြိမ်သက်နေသော ရွှီချင်းကို ကြည့်၍ တိုက်တွန်းပြောဆိုလိုက်သည်။

“ ညီလေး ရွှီချင်း၊ မင်း အဲဒီလိုကြီး အမြဲ ငြိမ်မနေနဲ့။ မင်းရဲ့ပင်ကိုယ်စရိုက်ကို ပြောင်းလဲပြီးနေ။ ဘယ်လိုလိုက်လျောညီထွေဖြစ်အောင် နေရမလဲ သိအောင်လုပ်၊ ပြီးတော့ ကိုယ့်အထက်လူတွေကိုလည်း လက်ဆောင်လေးဘာလေးပေး။ အဲဒါမှ မင်း အကာအကွယ်ရပြီး အသက်ရှင်နိုင်ချေများမှာ ”

ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။ သူက စကားပြောမကျွမ်းကျင်သူဖြစ်ပြီး ဘယ်လိုပြောရမလဲ မသိသည့်အတွက် အများအားဖြင့် နားထောင်နေခြင်းသာ ဖြစ်သည်။ ကျိုးချင်ဖုန်းသည်လည်း ဂိုဏ်းထဲကို မရောက်ခင်က သူ့ကိုယ်သူကို တဖြည်းဖြည်း ပြန်လည်ရှာတွေ့သွားပြီး ရံဖန်ရံခါ ခွက်ကိုမြှောက်၍ ရယ်မောကာ စကားဆိုနေသည်။ သို့ဖြစ်၍ စကားဝိုင်းလေးက အသက်ဝင်နေတော့သည်။

ကျိုးချင်ဖုန်းသည် သောက်တာများသွားပြီး သူ၏အောင်မြင်မှုများကို ကြွားလုံးထုတ်လေသည်။

ဥပမာအနေဖြင့် ကမ်းရိုးတန်းစောင့်ဌာနမှ သူ၏အထက်လူကြီးနှင့် ရင်းနှီးသော ဆက်ဆံရေးများ ရှိသည့်အကြောင်းနှင့် သူ့၌ သူငယ်ချင်းများစွာ ရှိနေပြီး အကျိုးကျေးဇူးများစွာ ရရှိသည့်အကြောင်းတို့ကို အာပေါင်အာရင်းသန်သန်ဖြင့် ပြောသည်။ သူက ရွှီရှောင်ဟွေ့ကိုပင် သူမ၏ဆက်ဆံရေးအသိုင်းအဝိုင်း ကျယ်ပြန့်အောင် ကူညီပေးမည်ဖြစ်ကြောင်း စတင်ပြောလာခဲ့သည်။ ရွှီချင်းကိုလည်း သူ၏အပြုအမူများအား ပြောင်းလဲရန် ကြိမ်ဖန်များစွာ ပြောရန်လည်း သူ မမေ့ပေ။ လီကျစ်မေ့ကိုလည်း ကမ်းရိုးတန်းဌာနက တောက်တိုမယ်ရအလုပ်သမားများ လိုအပ်နေသေးသည်ဖြစ်ပြီး သူမသာ ဆန္ဒရှိပါက သူ ထောက်ခံပေးမည်ဖြစ်ကြောင်း ပြောသည်။

“ ငါ့သူဋ္ဌေးက ငါ့ရလဒ်တွေ အခုထက်ပိုကောင်းရင် ငါ့ကို ဂိုဏ်းတူအစ်ကို တင်းရှောင်ဟိုင်နဲ့ မိတ်ဆက်ပေးမယ်ပြောတယ်။ ဂိုဏ်းတူအစ်ကိုတင်းကို မင်းတို့ သိတယ်မလား။ ငါတို့ သတ္တမမြောက်တောင်ထိပ်က ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူတွေထဲ အဆင့်တစ်လေ ”

ကျိုးချင်ဖုန်းက သူ့ကိုယ်သူ အလွန် ဂုဏ်ယူနေသည်။ ရွှီရှောင်ဟွေ့သည်လည်း အပြုံးကလေးဖြင့် သူ့ကို မြှောက်ပင့်နေပေရာ သီးသန့်ခန်းထဲရှိ စကားဝိုင်းလေးက စည်းချက်ကျစွာ ထွက်ပေါ်နေတော့သည်။

ရွှီချင်းသည်လည်း ပြုံး၍ သူ့ကို ဂုဏ်ပြုရန် ခွက်ကို မြှောက်လိုက်သည်။

ကျိုးချင်ဖုန်းကို သူ မမုန်းပေ။ လူတိုင်း အသက်ရှင်သည့်နည်းလမ်းကိုယ်စီ ရှိကြသည်။ ရွှီရှောင်ဟွေ့က မှော်လှေတစ်စီးကို မြန်ဆန်စွာ ရယူနိုင်ခဲ့သည့်အတွက်ကြောင့် ရွှီရှောင်ဟွေ့မှာလည်း ကိုယ်ပိုင်အရည်အချင်းများ ရှိပေသည်။ လီကျစ်မေ့ကိုလည်း သူ မရင်းနှီးသည့်တိုင်အောင် သူ့ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားသည့်အတွက် လီကျစ်မေ့မှာလည်း စူးရှသောအမြင်များ ရှိရပေမည်။

ထိုစားသောက်ပွဲလေးက နှစ်နာရီနီးပါး ကြာမြင့်သွားခဲ့သည်။

သုံးကြိမ် သောက်ပြီးသွားသည့်နောက် အပြင်ဘက်တွင် ညဉ့်နက်နေပြီဖြစ်သည်။ ကျိုးချင်ဖုန်းက ဆက်သောက်နေခဲ့သည်။ အားလုံး စားသောက်ပြီးစီးသွားသည့်အခါ ကျိုးချင်ဖုန်းက တစ္ဆေဆန္ဒကို ရွှီချင်းအား ပေးလိုက်သည်။ သို့သော်လည်း ရွှီချင်းက ကျသင့်ငွေမပေးခင် ကျိုးချင်ဖုန်းက လက်ကာပြ၍ ပြောလိုက်သည်။

“ ငါ့မိသားစုက ချမ်းသာပါတယ်ကွ။ ဒီလောက်ကတော့ မိတ်ဆွေအချင်းချင်းကြား လက်ဆောင်လို့ပဲ ထားလိုက် ”

ရွှီချင်းက တစ္ဆေဆန္ဒထည့်ထားသည့် အိတ်ကလေးကို ကြည့်လိုက်ပြီး ကျိုးချင်ဖုန်း၏ မျက်နှာပေါ်က စစ်မှန်သောသဘောထားကို သတိထားမိလိုက်ပြီး သူ့ကို လက်ဆောင်အဖြစ် အမှန်တကယ် ပေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိလိုက်သည်။ အတန်ငယ် တွေးတောပြီးနောက် သူ အတင်းအကြပ် ကျသင့်ငွေပေးမနေတော့ဘဲ ကျေးဇူးတင်သည့်အနေဖြင့် လက်နှစ်ဖက် ဆုပ်ပြလိုက်သည်။

သူတို့လေးယောက်က သီးသန့်ခန်းလေးအပြင်ဘက်ကို ထွက်လာခဲ့ကြပြီး စားသောက်ဆိုင်အဝကို ရောက်လာကြသည်။ ကျိုးချင်ဖုန်းက ရွှီချင်းကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ ဂိုဏ်းတူညီလေး ရွှီချင်း၊ ငါက ကမ်းရိုးတန်းစောင့်ဌာနရဲ့ ကွန်ဌာနခွဲကပဲ။ မင်းက လူဆိုးထိန်းဌာနရဲ့ ဘယ်ဌာနခွဲကမှန်း ငါ အခုထိ မသိသေးဘူး။ နောင်ကျ ပိုပြီး အဆက်အသွယ် လုပ်ကြတာပေါ့။ ငါ အားတဲ့အချိန်တိုင်း မင်းဆီကိုလာပြီး အတိတ်အကြောင်းတွေ ပြန်ပြောကြမယ်။ ငါတို့က တစ်သုတ်တည်းဆိုတော့ ပိုပြီး အဆက်အဆံလုပ်ရမယ်။ ဒီရက်စက်ကြမ်းတမ်းတဲ့ဂိုဏ်းထဲမှာ ငါတို့ အယုံကြည်ရဆုံးက ငါတို့အချင်းချင်းပဲရှိတာ။ ငါတို့ အတူတူရှေ့ဆက်ကြမယ် ”

ထိုစကားကို ကြားသောအခါ ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။

“ ကျနော်က ရွှမ်ဌာနခွဲက ”

“ ရွှမ်ဌာနခွဲလား။ အဲဒီငကြမ်းကြီးက အဲဒီဌာနကပဲကွ။ သူက အမှတ်ခြောက်အသင်းကပဲ။ ညီလေးရွှီချင်း … မင်းက ဘယ်အသင်းကတုံး ”

ရွှီချင်း၏အဖြေကြောင့် ကျိုးချင်ဖုန်း အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ရွှီရှောင်ဟွေ့သည်လည်း အံ့အားသင့်သွားရသည်။

ရွှီချင်းက ကျိုးချင်ဖုန်းနှင့် ရွှီရှောင်တို့ကိုကြည့်လိုက်ပြီး သူ့ကို မမှိတ်မသုန် ကြည့်နေသော လီကျစ်မေ့ကိုလည်း ကြည့်ကာ ချီတုံချတုံဖြစ်သွားသည်။

“ ကျနော်လည်း အမှတ်ခြောက်အသင်းကပဲ ”

ကျိုးချင်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး တခဏကြာသည်အထိ စကားမပြောနိုင်လောက်အောင် ဖြစ်သွားသည်။

ရွှီရှောင်ဟွေ့၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်ဟန် အရိပ်အယောင်များ ထင်ဟပ်လာပြီး အံ့အားသင့်စွာ မေးမြန်းလိုက်သည်။

“ အဲဒီလူကြမ်းနဲ့ သူက ဌာနခွဲချင်းတူပြီး အသင်းချင်းလည်း တူနေတာလား။ အဲဒီလူကြမ်းရဲ့မျိုးရိုးနာမည်မှာလည်း ရွှီပါတယ်ထင်တယ် …”

ရွှီရှောင်ဟွေ့မှာ စကားမဆုံးခင် တစ်ခုခုကို တွေးမိသွားပြီး ချက်ချင်း ဆွံ့အသွားရသည်။

“ အသင်းတစ်သင်းမှာ လူနှစ်ဆယ်လောက်ပဲရှိတာပါ ”

ကျိုးချင်ဖုန်းက ခပ်တိုးတိုး ပြောလိုက်သည်။ ထိုအချိန်၌ သူ အလွန် လေးနက်လာသည်။

လီကျစ်မေ့သည်သာ ရွှီချင်းကို အံ့အားသင့်ခြင်းများ၊ နားလည်ခြင်းများ ရောယှက်နေသည့်အကြည့်ဖြင့် ကြည့်နေသည်။ အမှန်စင်စစ် ရွှီချင်းကို စမြင်ကတည်းက ရွှီချင်းကိုယ်ပေါ်တွင် သွေးညှီနံ့များ ရှိနေသည်ကို လီကျစ်မေ့ အာရုံခံမိခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း ငြိမ်ကျသွားသည်။ ခဏအကြာ ကျိုးချင်ဖုန်းက ရင်ထဲမှ ထိတ်လန့်စိတ်ကို ဖုံးကွယ်ရန် တဟားဟား ရယ်မော၍ ရွှီချင်းကို လက်နှစ်ဖက် ဆုပ်ပြလိုက်သည်။

ရွှီရှောင်ဟွေ့သည်လည်း ရွှီချင်းကို တအံ့တသြကြည့်နေပြီး တစ်ခုခုပြောချင်နေဟန်ရှိပါသော်လည်း မပြောတော့ပေ။

မကြာခင် လူအားလုံးက အတွေးကိုယ်စီဖြင့် ခပ်သွက်သွက် ထွက်ခွာသွားကြသည်။

ကျိုးချင်ဖုန်းသည် ထွက်သွားပြီးနောက် ခန္ဓာကိုယ် တုန်ရီနေသည်။ သူ၏မျက်လုံးများထဲ မယုံကြည်နိုင်ခြင်းများ၊ မျှော်လင့်ခြင်းအရိပ်အငွေ့များဖြင့် ပြည့်နှက်နေသည်။ ရွှမ်အမှတ်ခြောက်အသင်းတွင် ရွှီမျိုးရိုးနာမည်နှင့် လူဘယ်လောက်များများ ရှိနေသည်ကို သူ သိချင်စိတ်ပြင်းပြနေသည်။

ရွှီချင်းက ထွက်ခွာသွားသောလူရိပ်များကိုကြည့်၍ အမှောင်ထုထဲ တိုးဝှေ့သွားလိုက်သည်။ သူ ခြေလှမ်းအနည်းငယ်ပင် မလှမ်းရသေးခင် အသံတစ်သံကိုကြားလိုက်ရပြီး စားသောက်ဆိုင်ဘက် ပြန်လှည့်ကြည့်လိုက်သည်။

စားသောက်ဆိုင်ဝင်ပေါက်၌ ပိန်ပိန်ပါးပါးလူရိပ်လေးတစ်ခု ရှိနေသည်။ ထိုလူရိပ်က ဆိုင်အလုပ်သမားနှင့် တစ်ခုခု ဆွေးနွေးနေဟန်တူပြီး ဆိုင်အလုပ်သမားက အနည်းငယ် စိတ်မရှည်ဖြစ်နေဟန်တူသည်။

“ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဂိုဏ်းသူတစ်ယောက်လေ။ ငါ့ကို ဒုက္ခရောက်အောင် မလုပ်ပါနဲ့ကွာ။ မင်းတို့ စောစောတုန်းက စားခဲ့တာတွေကို ငါ အကုန်ရှင်းပစ်လိုက်ပြီ။ မင်း ပါဆယ်ထုပ်ပြီး ယူသွားချင်တယ်ဆိုရင်လည်း စောစောကတည်းက ပြောပါလား ”

ထိုပိန်ပိန်ပါးပါးလူရိပ်လေးက လီကျစ်မေ့မှလွဲ၍ တခြားလူမဟုတ်ပေ။ လီကျစ်မေ့သည် ထွက်သွားပြီးနောက် ပြန်ရောက်လာခြင်းဖြစ်ပြီး ဆိုင်အလုပ်သမား၏ စကားများကြောင့် ရင်ထဲခါးသက်သက်ခံစားလိုက်ရသည်။

ထိုမြင်ကွင်းကို ရွှီချင်းမြင်သောအခါ ငြိမ်သက်သွားပြီးနောက် လျှောက်သွားသည်။ သူ အနီးရောက်လာသောအခါ လီကျစ်မေ့က ချက်ချင်း သတိထားမိသွားပြီး လှည့်ကြည့်လိုက်ရာ ရွှီချင်းကို မြင်သွားသည်။ လီကျစ်မေ့၏မျက်နှာလေး ချက်ချင်း နီမြန်းသွားပြီးနောက် ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူမ၏မာနကြောင့် ခန္ဓာကိုယ်လေး မသိမသာ တုန်ရီနေပြီး ရွှီချင်းကို ရပ်၍ ငေးကြည့်နေသည်။

“ သူတို့က ဒီလိုမျိုး အသာတကြည် ပြောလို့မရဘူး ”

ရွှီချင်းက အနီးရောက်လာပြီးနောက် ဆိုင်အလုပ်သမားကိုကြည့်၍ တည်ငြိမ်စွာ ပြောသည်။

ဆိုင်အလုပ်သမားက ရွှီချင်းကို လှမ်းကြည့်လိုက်သည်။ စားသောက်ဆိုင်၌ ဂိုဏ်းသားများစွာကို သူ ကြုံခဲ့ဖူးပါသော်လည်း သူ၏ရှေ့၌ ရပ်နေသည့်လူက သူ သွားနောက်၍ရသည့်လူစားမျိုး မဟုတ်ကြောင်း ခံစားလိုက်ရပြီး ချက်ချင်းပင် သူ့ပုံစံက လေးစားသည့်အသွင် ဖြစ်သွားသည်။

“ အဲဒါ ထုပ်ပိုးလို့ရလောက်မှာပါ ”

သူက ပြောပြီးသည်နှင့် ဆိုင်ထဲကို ခပ်သွက်သွက်ဝင်သွားကာ မကြာခင် အထုပ်လေးတစ်ထုပ်ကို ကိုင်၍ အပြင်ထွက်လာသည်။ ထို့နောက် ထိုအထုပ်ကလေးကို လီကျစ်မေ့အား ပေးလိုက်သည်။

လီကျစ်မေ့က ကျေးဇူးတင်စကား ခပ်တိုးတိုး ပြောလိုက်ပြီး ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ နေရာတွင် ရပ်နေသည်။ သူမ ထွက်သွားပြီး ပြန်လာရသည့်အကြောင်းရင်းမှာ တခြားလူများ သူမကို မမြင်စေချင်သောကြောင့် ဖြစ်သည်။ သူမ၏မာနကြောင့် နှုတ်ခမ်းလေးကို ဖိကိုက်နေပေရာ သွေးများပင် စို့လာသည်။

“ အဆင်ပြေပါတယ်။ အစားအစာတွေက အလဟဿမဖြစ်သင့်ဘူး။ ငါ ငယ်ငယ်တုန်းက တခြားလူတွေရဲ့ အကြွင်းအကျန်တွေအများကြီးကို စားခဲ့ရတယ်။ တစ်ခါတလေ အစားအသောက်အတွက် တခြားလူတွေနဲ့ တိုက်ခိုက်ခဲ့ရတယ် ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

လီကျစ်မေ့က ရွှီချင်းကို မော့ကြည့်လိုက်သည်။ သူမ ပါးစပ်ဟလာပါသော်လည်း စကားတစ်လုံးပင် မထွက်ပေ။ လရောင်အောက်၌ လေပြေတစ်ချက်က ဆော်သွေးတိုက်ခတ်လာရာ သူမ၏ဆံပင်ရှည်များ လွင့်သွားပြီး အများအားဖြင့် ဖုံးကွယ်နေခဲ့သော လည်တိုင်လေးပေါ်ရှိ အနာရွတ်လေး ပေါ်လာသည်။

ရွှီချင်းသည် လီကျစ်မေ့ကို ကြည့်၍ မည်သည့်အတွက်ကြောင့်မှန်း မသိရပါသော်လည်း ရတနာမုဆိုးစခန်း၌ တွေ့ခဲ့ရသော မိန်းကလေးကို သတိရသွားသည်။ လီကျစ်မေ့၏ခန္ဓာကိုယ်မှာလည်း ဓာတ်နှောများစွာ ရှိနေသည်ကို သူ အာရုံခံမိလိုက်သည်။

ဂိုဏ်းသားများ၏ ဝင်ငွေက အများကြီး မဟုတ်ပါသော်လည်း မှော်လှေများသာ မဝယ်ပါက ကောင်းစွာ နေထိုင်နိုင်သည်။

သာမန်လူများနှင့် ယှဉ်ပါက အလွန် ကောင်းမွန်သောအခြေအနေဖြစ်သည်။ ထို့ကြောင့် လီကျစ်မေ့၏ အခြေအနေက ထိုသို့ ဖြစ်မနေသင့်ပေ။ မှော်လှေတစ်စီး ပိုင်ဆိုင်နိုင်ရန်အတွက် ဝင်ငွေအားလုံးကို စွမ်းဆောင်မှုရမှတ်များအဖြစ် လဲလှယ်နိုင်ရန် သူမ ချိုးခြံခြွေတာနေခြင်းသာ ဖြစ်ပေမည်။

ထို့ကြောင့် ရွှီချင်း ငြိမ်သက်သွားပြီး သူ ဖော်စပ်ထားခဲ့သည့် အဖြူရောင်ဆေးလုံးများကို ထုတ်၍ လီကျစ်မေ့၏လက်ထဲ ထည့်ပေးလိုက်သည်။

“ အားတင်းထား။ မင်း မှော်လှေလဲမယ့်နေ့ကို ငါ စောင့်နေမယ် ”

ရွှီချင်းက ပြောပြီးသည်နှင့် လှည့်ထွက်လာခဲ့သည်။

လူအားလုံးတွင် အသက်ရှင်သန်ရန် နည်းလမ်းကိုယ်စီရှိကြသည်။ ထိုကိစ္စနှင့် ပတ်သက်၍ သူ ကူညီနိုင်သောအရာများစွာ မရှိချေ။ သူတို့တွင် ကိုယ်ပိုင်ရွေးချယ်ချက်များ ရှိကြသည် မဟုတ်ပါလား။

လီကျစ်မေ့က ရွှီချင်း၏နောက်ကျောကို ငေးကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် လက်ထဲရှိ အဖြူရောင်ဆေးလုံးများကို ငုံ့ကြည့်လိုက်သည်။ သူမ၏ရင်ထဲတွင် ဖော်ပြခြင်းငှာ မစွမ်းသာသော အနွေးဓာတ်ကလေး ဖြစ်တည်လာသည်။ ဤအေးစက်သောလောကကြီးထဲ၊ ရက်စက်ကြမ်းတမ်းသော ဤဂိုဏ်းထဲတွင် ပထမဆုံးအကြိမ်အဖြစ် ထိုကဲ့သို့ အနွေးဓာတ်ကလေးကို သူမ ခံစားရခြင်း ဖြစ်သည်။

ထို့ကြောင့် အချိန်အတော်ကြာသည်အထိ သူမ ငြိမ်သက်နေသည်။ သူမ တစ်ဖန် ခေါင်းမော့လာသောအခါ သူမ၏မျက်လုံးများထဲတွင် ကျေးဇူးတင်သည့်အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

အဖြူရောင်ဆေးလုံးများအတွက် ရွှီချင်းကို သူမ ကျေးဇူးတင်ပါသော်လည်း ထို့ထက်ပို၍ ကျေးဇူးတင်နေသည်မှာ သူ၏အားပေးစကားများ ဖြစ်သည်။

သူမ၏မာနကြောင့် ညှာတာထောက်ထားခြင်း သို့မဟုတ် သနားငဲ့ညှာခြင်းတို့ကို မလိုအပ်ဘဲ အားပေးစကားကိုသာ သူမ လိုအပ်သည်။

“ ကျေးဇူးပါပဲ။ ငါ သေချာပေါက် မှော်လှေတစ်စီး ပိုင်ဆိုင်နိုင်အောင် လုပ်မှာပါ ”

All Chapters