← Chapters

ဧကရာဇ်ချုန်းကိုး၏စေတနာ

Vol. 20 Ch. 274

ဧကရာဇ်ချုန်းကိုး၏စေတနာ

Vol. 20 Ch. 274

အခန်း (၂၇၄) ဧကရာဇ်ချုန်းကိုး၏စေတနာ

သေရည်ဆိုင်တွင်တော့…

ရှောင်ယွိနှင့် အဋ္ဌမမင်းသား စကားပြောနေသည်ကို ကျန်းလန်က နားထောင်နေ၏။

ထိုစဉ် ကျန်းလန်၏ နားထဲတွင် ယောင်ဝါးဝါး အသံတစ်သံကို ကြားလိုက်ရသည်။ သူ၏ နတ်ဘုရားရာထူးမှ တုံ့ပြန်မှုတစ်ခု ဖြစ်လာခြင်းပင်။

ဤတုံ့ပြန်မှုကို အသုံးချပြီး တစ်ဖက်လူမှ ပြောဆိုသည့်စကားများကို နားထောင်နိုင်သလို တည်နေရာကို သိရှိနိုင်ကြောင်း ခံစားလိုက်ရသည်။

သို့သော် လောလောဆယ်တွင် ကျန်းလန်က တန်ခိုးစွမ်းအားနည်းပါးနေသည့်အတွက် ထိုသူများ၏ တည်နေရာကို အာရုံခံနိုင်ခြင်း မရှိသေးပေ။

စကားသံက ပြန်လည်ပျောက်ကွယ်သွားသည်။

ကျန်းလန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ ရှောင်ယွိနှင့် အဋ္ဌမမင်းသား စကားပြောနေသည်ကို ဆက်လက် နားထောင်နေ၏။

ကျန်းလန်နှင့် စိန်ခေါ်ပွဲတွင် သူ မည်သို့ရှုံးနိမ့်ခဲ့ရကြောင်း လုန်မန်က ရှောင်ယွိကို ပြောပြနေသည်။ လုန်မန်၏စိတ်ထဲမှ အတွေးများကို သိချင်သောကြောင့် ကျန်းလန်ကလည်း နားထောင်နေမိသည်။

တစ်ချိန်တည်းမှာပင် ရုတ်တရက်ကြားလိုက်ရသည့်အသံနှင့်ပတ်သက်ပြီး ခန့်မှန်းမှုများကိုလည်း ပြုလုပ်နေခဲ့သည်။

တစ်စုံတစ်ယောက်က ခွန်လွန်တောင်ပတ်ဝန်းကျင်သို့ ရောက်ရှိနေပြီး သူ့နာမည်ကို ခေါ်နေခြင်း ဖြစ်သည်။ ထိုအသံက ယခင်က ကြားဖူးနေကျဖြစ်သည့် တစ္ဆေတိုင်းပြည်မှ ဆုတောင်းသံများနှင့် တူညီခြင်း မရှိပေ။

သို့သော် နတ်ဘုရားရာထူး၏ အကန့်အသတ်ရှိနေသောကြောင့် သူ့နာမည်ကို ရွတ်ဆိုနေသည်ကိုသာ ကြားရပြီး အခြားမည်သည့်အရာကိုမှ သိရှိနိုင်ခြင်း မရှိခဲ့ပေ။

သို့တည်းမဟုတ် ထိုသူများရောက်ရှိနေသည့်နေရာက အတန်ငယ်အလှမ်းဝေးသောကြောင့်လည်း ဖြစ်နိုင်သည်။

"သေချာတာပေါ့… ငါ ဧကရာဇ်ရှီးဟယ်ဆိုတဲ့နာမည်ကို မခေါ်မိတာ မှန်သွားတယ် ၊ မဟုတ်ရင် သူ သေချာပေါက် ငါဘယ်သူလဲဆိုတာ သိသွားမှာပဲ"

ဧကရာဇ်ရှီးဟယ်သာ သူနှင့် နီးကပ်သည့်နေရာပတ်ဝန်းကျင်တွင် ရှိနေလျှင် ထိုပုဂ္ဂိုလ် သူ့ကို ကျိန်းသေ သတိထားမိသွားမည် ဖြစ်သည်။

ဧကရာဇ်ရှီးဟယ်၏ နတ်ဘုရားနာမည်တန်ခိုးစွမ်းအား ဖြန့်ကျက်နိုင်သည့် ပိုင်နယ်နယ်မြေက မည်မျှကျယ်ဝန်းကြောင်း ကျန်းလန် မသိရှိပေ။

သူ၏ကျင့်ကြံခြင်းအဆင့်က မြင့်မားခြင်းမရှိသောကြောင့် နတ်ဘုရားရာထူးနှင့် အပြည့်အ၀ ပေါင်းစပ်နိုင်ခြင်းမရှိသေးပေ။

ထို့ကြောင့် သူ၏နာမည်ကို ခေါ်ဆိုလျှင် တည်နေရာကိုပါ ခန့်မှန်းနိုင်သည့် ပိုင်နယ်နေယ်မြေက အတော်လေး ကျဉ်းမြောင်းသည်။

သို့သော် သူ၏ပိုင်နက်နယ်မြေ မည်မျှကျယ်ပြန့်သည်ကို အခွင့်အရေးရလျှင် စမ်းသပ်ကြည့်ရန် အစီအစဉ်တစ်ခု သူပြုလုပ်ထားသည်။ ထိုအစီအစဉ်ကို နောက်မှ အကောင်အထည်ဖော်ရမည် ဖြစ်၏။

"ဘန်း…"

ရုတ်တရက် သေရည်တစ်အိုး ကျကွဲသွားသည်။

ထိုအသံကြားသည်နှင့် လုန်မန် မျက်မှောင်များ ကြုတ်လိုက်သည်။

သေရည်အိုးက ကွဲပြန်ပြီလား။

သေရည်အိုးများနှင့် ပန်းကန်ခွက်ယောက်များက နေ့တိုင်းကျကွဲနေခြင်းပင်။

"အစ်မ… ကျွန်တော် သန့်ရှင်းရေးသွားလုပ်လိုက်ဦးမယ်…"

အဋ္ဌမမင်းသား မည်သို့မှမတတ်နိုင်စွာဖြင့် ပြောသည်။

ရှောင်ယွိက ဘာပစ္စည်းများထပ်ပြုတ်ကျဦးမှာလဲဟု မေးမြန်းသည့်ဟန်ဖြင့် ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။

ကျန်းလန်က သေရည်အိုးတစ်အိုး၏တည်နေရာကို လက်ညှိုးညွှန်ပြလိုက်၏။

ရှောင်ယွိလှမ်းကြည့်လိုက်သည့်အခါ အဋ္ဌမမင်းသား၏ ဘေးနားမှ သေရည်အိုးတစ်အိုး ပြုတ်ကျလုနီးပါး ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

"လုန်မန်… နင့်ဘယ်ဘက်က သေရည်အိုး ကျကွဲတော့မယ်"

ရှောင်ယွိက လှမ်းအော်သည်။

အဋ္ဌမမင်းသားက လှည့်ကြည့်လိုက်ရာ အမှန်တကယ်ပင် သေရည်အိုး ပြုတ်ကျတော့မည်ကို တွေ့လိုက်ရသည်။

အစ်မဖြစ်သူက သေရည်အိုးကျကွဲတော့မည်ကို မည်သို့ သိရှိပါသနည်း။

လုန်မန် ပဟေဠိ ဖြစ်နေဆဲ ရှောင်ယွိက စိတ်လှုပ်ရှားစွာဖြင့်…

"မောင်လေး… အဲဒါဘာဖြစ်တာလဲဆိုတာ အစ်မ သင်ပေးမယ်"

ယခုတော့ သူမ ဆရာကြီးလုပ်ရမည့်အလှည့် ရောက်လာပြီ မဟုတ်ပါလား။

ကျန်းလန်ကတော့ ဆိုင်ထောင့်တစ်နေရာတွင်ထိုင်ရင်း မျက်လုံးများ မှိတ်ထားလိုက်သည်။

ဤနေရာက အနည်းငယ်တိတ်ဆိတ်ပြီး ရှောင်ယွိကိုလည်း လှမ်းမြင်နိုင်လေသည်။ ထို့နောက် ကျန်းလန်က စိတ်ကိုတည်ငြိမ်အောင် ပြုလုပ်လိုက်သည်။

မကြာမီ သူ၏ နတ်ဘုရားရာထူးအမည်ကို ခေါ်နေသည့်အသံတစ်သံ ထပ်မံကြားရပြီး ယခင်တစ်ခေါက် ခေါ်ဆိုခြင်းထက် ပိုမိုရှင်းလင်းစွာကြားရသည်။

သို့သော် တစ်ဖက်လူ မည်သည့်နေရာတွင်ရှိကြောင်း ကျန်းလန် သိရှိနိုင်စွမ်း မရှိပေ။

ခေါ်သံက (၂)ကြိမ်ဆက်တိုက် ထွက်ပေါ်လာခြင်း ဖြစ်လေရာ တစ်ဖက်လူက သူ၏ နတ်ဘုရားရာထူးအမည်ကို အတိအကျ သိရှိနေဟန် ရှိသည်။

သို့ဆိုလျှင် နတ်မိစ္ဆာများမှလွဲပြီး အခြားသူ မဖြစ်နိုင်ပေ။

နတ်ဘုရာတစ်ပါး၏ နတ်ဘုရားရာထူးကို နတ်ဘုရားရာထူးရှိသူများအချင်းချင်းသာ သိရှိကြသည်။ ထို့ပြင် လုန်မန်ကဲ့သို့ မွေးရာပါအင်မော်တယ်များလည်း သိရှိနိုင်ကြ၏။

အခြားသာမန်လူများဆိုလျှင်တော့ နတ်ဘုရားရာထူးကို သိရှိသူတစ်ယောက်ယောက်က ပြောမပြဘဲနှင့် နာမည်အတိအကျကို သိရှိနိုင်မည် မဟုတ်ပေ။

သို့ဖြစ်ရာ ဧကရာဇ်ရှီးဟယ်နှင့် လုန်မန်ကို ဘေးဖယ်ထားပါက ကျန်းလန်၏ နတ်ဘုရားရာထူးအမည်ကို အတိအကျ သိရှိသူမှာ "ဧကရာဇ်ချုန်းကိုး" သာလျှင် ရှိသည်။

ထို့ကြောင့် ယခု ရောက်လာသူများက သေချာပေါက် နတ်မိစ္ဆာများ ဖြစ်နိုင်ပြီး သူတို့ရောက်လာရသည်က ကောင်းသည့်ရည်ရွယ်ချက် မဟုတ်နိုင်ပေ။

ကံမကောင်းသည်မှာ နတ်မိစ္ဆာများ စောစီးစွာ ရောက်လာခြင်းပင် ဖြစ်သည်။

နောက်ထပ် အနှစ် (၂၀) ၊ (၃၀) ခန့်မှ ရောက်လာမည်ဆိုလျှင် ကျန်းလန်က မိုးကောင်းကင်အင်မော်တယ်အဆင့် ရောက်နေလောက်ပြီ ဖြစ်သည်။

မိုးကောင်းကင်အင်မော်တယ်အဆင့်သို့ တက်ရောက်သည့်အခါ မူမမှန်သည့် သဘာဝဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ခြင်း ရှိ မရှိ စစ်ဆေးကြည့်ရဦးမည် ဖြစ်သည်။ ရှိမည်ဆိုလျှင် ထိုအရာများကို ဖုံးကွယ်ရန် သူ့အနေဖြင့် စီစဉ်ရပေဦးမည်။

မိုးကောင်းကင်နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ပြီးလျှင်လည်း မဟာတာအိုကို နားလည်ရန် ဆက်လက်ကြိုးစားရဦးမည် ဖြစ်လေရာ ပြင်ပလောကသို့သွားရောက်ရောက် မဖြစ်နိုင်သေးပေ။

အင်မော်တယ်အဆင့်များနှင့်ပတ်သက်သည့် ဉာဏ်အလင်းပွင့်ခြင်းဆိုင်ရာ စာအုပ်များကိုလည်း ဖတ်ရှုရဦးမည် ဖြစ်သည်။

သက်ဆိုင်ရာအဆင့်သို့ မရောက်မချင်း အင်မော်တယ်အဆင့်များနှင့်ပတ်သက်သည့် စာအုပ်များကို ကြိုတင်ဖတ်ရှုထား၍လည်း မဖြစ်ပေ။

လက်တွေ့မကျဘဲ စာတွေ့ကို ကြိုတင်လေ့လာထားခြင်းက ရှေ့ဆက်ရမည့် ကျင့်စဉ်လမ်းကို အနှောက်အယှက် ဖြစ်နိုင်သည်။

ခဏအကြာတွင် ရှောင်ယွိ ကျန်းလန် ရှေ့သို့ ရောက်လာသည်။

သူမက မေးဖျားလေးကို လက်ဖြင့်အသာထောက်ရင်း ကျန်းလန်ကို ရှက်ရွံ့သိမ်ငယ်သည့် အမူအရာလေးဖြင့် ကြည့်နေသည်။

ထို့နောက် သူမက အလေးအနက် အမူအရာဖြင့်…

"ဂိုဏ်းတူမောင်လေး… ကျွန်မ နောက်ထပ်နှစ်ပေါင်းအများကြီးကြာရင် ဒီနာမ်ဝိညာဉ်သေရည်ဆိုင်မှာ ဂိုဏ်းတူမောင်လေးလိုမျိုး အာရုံခံနိုင်စွမ်း မြင့်မားလာမှာလားဟင်…"

ကျန်းလန်က အဋ္ဌမမင်းသားရှိရာသို့ လှမ်းကြည့်လိုက်ပြီး ယေဘူယျအခြေအနေကို နားလည်သွားသည်။

သေရည်အိုးနှင့် ပန်းကန်ခွက်ယောက်များ ပြုတ်ကျခြင်းကို မည်သို့ အာရုံခံရမည်ဖြစ်ကြောင်း ရှောင်ယွိက လုန်မန်ကို သင်ပေးလိုက်သည်။

သို့သော် မကြာမီပင် လုန်မန်က ဆရာထက် တပည့်လက်စောင်းထက်သွားပြီး ရှောင်ယွိထက် သာသွားလေသည်။ ထို့ကြောင့် ရှောင်ယွိ စိတ်ဓာတ်ကျသွားရခြင်း ဖြစ်၏။

အဋ္ဌမမင်းသားက အလွန်တော်သူ ဖြစ်သည်။

ရှောင်ယွိက ကျောက်စိမ်းရေကန်တွင် ကျင့်ကြံနေသူ ဖြစ်သည့်တိုင် အဋ္ဌမင်းသား၏ အရည်အချင်းများကို လိုက်မမီနိုင်ပေ။

လုန်မန်က မွေးရာပါအင်မော်တယ်တစ်ပါးဖြစ်ပြီး အစစ်အမှန်အင်မော်တယ်တစ်ပါးလည်း ဖြစ်သည်။ ထို့ပြင် သူ့တွင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ (၂)ခုကိုလည်း ပိုင်ဆိုင်ထား၏။

ဤသည်က လုန်မန်၏ လက်ရှိအခြေအနေမျှသာဖြစ်ပြီး အနှီမင်းသားငယ်သည် အကန့်အသတ်မဲ့သည့် အနာဂတ်အလားအလာကောင်းများဖြင့် ပြည့်နက်နေသူ ဖြစ်သည်။

အထူးသဖြင့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ (၂)ခု ရှိနေခြင်းက အလွန်ထူးခြားနေပြီ ဖြစ်သည်။ ထိုရောင်ဝါများက ကံကောင်းမှသာ ရရှိနိုင်သည့်အရာများ ဖြစ်သည်။

နတ်ဘုရားရာထူးများစွာ ရှိကောင်းရှိနိုင်သော်လည်း ထိုသို့သောအခွင့်အရေးမျိုးကတော့ ရရှိနိုင်ရန် ခက်ခဲသည်။

ထို့ကြောင့်လည်း ခွန်လွန်တောင်က လုန်မန်ကို လက်မလွှတ်နိုင်ခြင်း ဖြစ်သည်။ လုံလောက်သည့် တန်ဖိုးတစ်ခု နဂါးမျိုးနွယ်များဘက်မှ မရရှိသရွေ့ လုန်မန်အနေဖြင့် ခွန်လွန်တောင်တွင် နေထိုင်ရမည် ဖြစ်သည်။

နဂါးမင်းသားလေးက ရှောင်ယွိ၏ မောင်လေးဖြစ်နေလေရာ ခွန်လွန်တောင်က သူ့ကို သတ်ဖြတ်ပစ်မည်တော့ မဟုတ်ပေ။

မဟုတ်ပါက ခွန်လွန်တောင်နှင့် နဂါးမျိုးနွယ်များ တစ်သက်မကြေသည့် ရန်သူများ ဖြစ်သွားကြပေလိမ့်မည်။

ကျန်းလန်က…

"ဖြစ်မလာနိုင်ဘူး"

စိတ်စွမ်းအားကောင်းခြင်းသည် ကျင့်ကြံခြင်းအဆင့် ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် မတူကွဲပြားသည်။ အလေးအနက်ထားပြီး မကျင့်ကြံပါက စိတ်စွမ်းအား တိုးတက်လာမည် မဟုတ်ပေ။

အဋ္ဌမမင်းသားကတော့ ဆယ်စုနှစ်များစွာ လိုက်လံဖမ်းဆီးခံခဲ့ရပြီး ဖိအားများကို ခံနိုင်စွမ်းရှိကာ ခွန်လွန်တောင်သို့ မရောက်ခင်မှာပင် အစစ်အမှန်အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ဤသည်က သူ၏စိတ်စွမ်းအားကောင်းမွန်မှုကို ဖော်ပြနေသည်။

တူညီသော ကျင့်ကြံခြင်းအခြေခံ ၊ တူညီသော မှော်ဝင်ပစ္စည်းများနှင့် တူညီသောလမ်းကြောင်းအတိုင်း လျှောက်လှမ်းရသည့်တိုင် မတူညီသောကျင့်ကြံသူများတွင် မတူညီသော အဆုံးသတ်များ ရှိကြစမြဲပင်။

ရှောင်ယွိက…

"ဂိုဏ်းတူမောင်လေး… ကျွန်မ အိုမင်းသွားမှာကို ရှင် စိုးရိမ်ခဲ့ဖူးလားဟင် ၊ ဒါမှမဟုတ် အနာဂတ်မှာ ကျွန်မတို့နှစ်ယောက် အတူတူအိုမင်းသွားကြမှာလား"

ကျန်းလန်က ရှောင်ယွိကိုကြည့်ရင်း နူးညံ့သည့်လေသံဖြင့်…

"အင်း… ဂိုဏ်းတူအစ်မပြောတာလည်း မဆိုးလှပါဘူး ၊ ဂိုဏ်းတူအစ်မကို အဖော်ပြုပေးရင်း အတူတူအိုမင်းသွားရရင် ပျော်စရာကောင်းမှာပဲပေါ့"

ရှောင်ယွိက ကျန်းလန်ကို ကျီစယ်ဟန်ဖြင့် လျှာလေးထုတ်ပြရင်း…

"ခစ်ခစ်… အိုချင်ရင် တစ်ယောက်တည်းပဲအိုပါ ၊ ကျွန်မကတော့ မအိုချင်ဘူး"

ထို့နာက် သူမက ကျန်းလန်နံဘေးတွင်ဝင်ထိုင်ရင်း ပစ္စည်းများကျကွဲမည်ကို အာရုံခံနေသည့် အဋ္ဌမမင်းသားကို ကြည့်နေ၏။

"ဒါပေမဲ့ ကျွန်မက ဂိုဏ်းတူမောင်လေးအနားမှာ အမြဲနေရင်း ရှင့်ဘဝကို အသက်ဝင်ပျော်ရွှင်စေမယ် ၊ ပြီးတော့ ဂိုဏ်းတူမောင်လေး ဘယ်တော့မှ အိုမင်းမသွားအောင် ကာကွယ်ပေးမယ်"

အထီးကျန်ဆန်သူများက ဘဝတွင်ပိုမိုအိုမင်းလွယ်ကြပြီး သူတို့ဘဝသည်လည်း သက်ဝင်လှုပ်ရှားမှု ကင်းမဲ့ကြသည် မဟုတ်လား။

***

ညနခင်းတွင်တော့…

ကျန်းလန်နှင့် ရှောင်ယွိ တောင်ပေါ်သို့ ပြန်လာခဲ့ကြသည်။

ရှောင်ယွိ ကျောက်စိမ်းရေကန်သို့ ပြန်သွားသည်အထိ ကျန်းလန် ငေးမောကြည့်ရင်း ကျန်ရစ်ခဲ့သည်။

ထို့နောက် မိုးကောင်းကင်အင်မော်တယ်အဆင့်နှင့်ပတ်သက်သည့် စာအုပ်များကို ရှာဖွေရန် နဝမတောင်ထွတ်စာကြည့်တိုက်သို့ ထွက်လာခဲ့၏။

နဝမတောင်ထွတ်စာကြည့်တိုက်တွင် သူလိုချင်သည့်စာအုပ်များမရှိလျှင် ခွန်လွန်တောင်စာကြည့်တိုက်သို့ သွားရောက်ရမည် ဖြစ်သည်။

ခွန်လွန်တောင်စာကြည့်တိုက်တွင် မူလဝိညာဉ်အဆင့်မှ မိုးကောင်းကင်အင်မော်တယ်အဆင့်အထိ စာအုပ်များ တစ်နေရာတည်းတွင် စုစည်းထားလေရာ သူ့အကြောင်း သတိထားမိသွားမည်ကို စိုးရိမ်စရာ မရှိပေ။

နတ်ဘုရားရာထူးအကြောင်း ရေးသားထားသည့်စာအုပ်များကိုတော့ ရှာဖွေမည် မဟုတ်ပေ။

တစ်ခါတစ်ရံ ထိုအကြောင်းအရာနှင့်ပတ်သက်သည့် စာအုပ်အချို့ လှန်ကြည့်မိသော်လည်း မည်သည့်အရာမှ ထူးထူးခြားခြား ရေးသားထားသည်ကို မတွေ့ရပေ။

ထိုစာအုပ်များထဲတွင် နတ်ဘုရားများကို ကိုးကွယ်ယုံကြည်ခြင်းအကြောင်းများသာ ရေးသားထားပြီး ရှေးဟောင်းဧကရာဇ်နန်းတော်နှင့် အခြားနတ်ဘုရားရာထူးအမည်များကို ဖော်ပြထားခြင်း မရှိပေ။

ထို့ကြောင့် ကျန်းလန်လည်း ဆက်လက်စူးစမ်းခြင်း မပြုလုပ်တော့ပေ။

နဝမတောင်ထွတ်စာကြည့်တိုက်မှ စာအုပ်များကတော့ အတော်များများ သူ ဖတ်ရှုပြီးနေပြီ ဖြစ်၏။

ကျန်းလန်က စာအုပ်တစ်အုပ်ကို တစ်ကြိမ်တည်းဖတ်ခြင်းမျိုး မပြုလုပ်ဘဲ အပြန်ပြန်အလှန်လှန် ဖတ်ရှုပြီး နားလည်မှုအသစ်များ ထပ်မံရရှိရန် ကြိုးစားလေ့ရှိသည်။

သူက ကျင့်ကြံခြင်းဉာဏ်အလင်းပွင့်သည့်အကြောင်းအရာနှင့် ဆက်စပ်သည့် စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။

သူ စာအုပ်ကို လှန်လိုက်စဉ်မှာပင် စိတ်အာရုံထဲတွင် အသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ထိုအသံက ခဏတာမျှဖြစ်သော်လည်း ရှင်းလင်းကြည်လင်သည်။ တစ်ဖက်လူက သူ၏ နတ်ဘုရားရာထူးနာမည်ကို ထပ်မံရွတ်ဆိုနေပြီဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။

ယခုတစ်ကြိမ်တွင်တော့ အသံများက ချက်ချင်း ပျောက်ကွယ်မသွားပေ။

သူ၏ နတ်ဘုရားရာထူးနာမည်ကိုခေါ်ဆိုနေသူများ ပြောသည့်စကားများကို ကျန်းလန် ကြားနေရသည်။

"ရှေးဟောင်းဧကရာဇ် အနိမ့်ပိုင်းနန်းတော်က တစ္ဆေတိုင်းပြည်ရဲ့ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား…"

"ဒီနည်းလမ်းက တကယ်ရော ထိရောက်ရဲ့လား မသိဘူး ၊ ဒီပစ္စည်းကို ချင်းချန်မြို့က အရှေ့တံတားအောက်မှာ သွားထားလိုက်ရင် အလုပ်ဖြစ်မလား ၊ ပြိုင်ဘက်ကင်းဧကရာဇ်က အဲဒီပစ္စည်းကိုယူဖို့ တစ်ယောက်ယောက်ကို စေလွှတ်မလား မသိဘူး"

"ထားလိုက်တော့…"

"ရှေးဟောင်းဧကရာဇ် အနိမ့်ပိုင်းနန်းတော်က တစ္ဆေတိုင်းပြည်ရဲ့ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား…"

"ဒီလက်ဆောင်ပစ္စည်းက ကျုပ်တို့တွေရဲ့ စိတ်စေတနာကို ဖော်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ် ၊ ကျုပ်တို့ဧကရာဇ်က ပြိုင်ဘက်ကင်းဧကရာဇ်နဲ့ ပူးပေါင်းပြီး အလုပ်လုပ်ဖို့ ဆန္ဒရှိနေပါတယ်"

ထို့နောက် အသံများ ပျောက်ကွယ်သွားသည်။

ကျန်းလန် မျက်မှောင်ကြုတ်လိုက်၏။

စကားအရဆိုလျှင် ချင်းချန်မြို့ ၊ အရှေ့တံတားအောက်တွင် နတ်မိစ္ဆာများက ပစ္စည်းတစ်ခု ထားပေလိမ့်မည်။ ထိုလက်ဆောင်ပစ္စည်းက တစ်ဖက်လူက သူ့ကိုပေးသည့် လက်ဆောင်ပစ္စည်း ဖြစ်၏။

"ကျုပ်တို့ဧကရာဇ်က ပြိုင်ဘက်ကင်းဧကရာဇ်နဲ့ ပူးပေါင်းပြီး အလုပ်လုပ်ဖို့ ဆန္ဒရှိနေပါတယ် တဲ့"

ကျန်းလန် ထိုစကားလုံးများကို သေသေချာချာ စဉ်းစားလိုက်သည်။ နတ်မိစ္ဆာများပြောနေသည့် "ကျုပ်တို့ဧကရာဇ်" ဆိုသည်မှာ မည်သူ့ကို ရည်ညွှန်းပါသနည်း။

နတ်မိစ္ဆာတို့၏ဧကရာဇ် ၊ "ဧကရာဇ်ချုန်းကိုး" ကို ဆိုလိုခြင်းများလား။

ဖြစ်နိုင်ပေ၏။

နတ်မိစ္ဆာများ၏ ဧကရာဇ် ၊ ဧကရာဇ်ချုန်းကိုးသာလျှင် ခွန်လွန်တောင်တွင် နတ်ဘုရားရာထူးအသစ်တစ်ခု ပေါ်လာသည်ကို အာရုံခံနိုင်မည် ဖြစ်သည်။

ထို့ကြောင့် နတ်မိစ္ဆာများက သူ၏နတ်ဘုရားနာမည်ကို အသုံးပြုပြီး ဆက်သွယ်နေခြင်း ဖြစ်ဟန်တူ၏။

"ပြိုင်ဘက်ကင်းဧကရာဇ် တဲ့…"

ထိုနာမည်ကတော့ သူရရှိထားသည့် နတ်ဘုရားနာမည်ကို အတိုခေါက်ခေါ်ဝေါ်ခြင်း ဖြစ်ပေလိမ့်မည်။

"သူတို့ခေါ်တဲ့နာမည်ကမှ တစ္ဆေတိုင်းပြည်ကခေါ်တဲ့နာမည်ထက် အများကြီး ပိုကောင်းသေးတယ်"

ကျန်းလန် ခေါင်းခါယမ်းရင်း တွေးလိုက်သည်။

သူရရှိသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါက တစ္ဆေတိုင်းပြည်မှရရှိခြင်း ဖြစ်လေရာ သူ့အနေဖြင့် ဖိအားပေး ပြောင်းလဲနိုင်ခြင်းမရှိသည့် ကိစ္စရပ်များစွာ ရှိသည်။

အထူးသဖြင့် "ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား" ဆိုသည့် နတ်ဘုရားရာထူးအမည်နှင့်ပတ်သက်သည့် ကိစ္စမျိုး ဖြစ်လေ၏။

All Chapters