အခန်း (၃၀၀၁-၃၀၀၅)
Vol. 130 Ch. 3001-3005
အပိုင်း (၃၀၀၁)
ဘာသာပြန်သူ_တိမ်တိုက်
(ဘယ်မဟာဧကရာဇ်နဲ့မှ မပတ်သက်ဘဲနဲ့များ ငါ့ရှေ့မှာ မြောက်ကြွမြောက်ကြွ လာလုပ်ရဲတယ်ပေါ့…) ဟွာရှင်း၏အမူအယာ ရုတ်ချည်း အေးစက်သွားခဲ့သည်။
လီကျောက်နှင့် ဟွာရှင်းတို့ စကားပြောနေစဉ်အတောအတွင်း ရန်ကိုင်သည် လင်းယွင်အာကို အပြစ်တင်နေခဲ့လေသည်။ “ငါတို့ အတူတူ အလစ်ချောင်းတိုက်ခိုက်မယ်လို့ ပြောထားတာမဟုတ်ဘူးလား… ဘာဖြစ်လို့ အထဲရောက်တာနဲ့ ချက်ချင်း သွားပြေးတိုက်ခိုက်တာလဲ…”
လင်းယွင်အာသည် ခေါင်းကိုကုတ်ရင်းမှ လျှာလေးတစ်လစ်တစ်လစ်ထုတ်လျက် “မေ့သွားလို့…”
ရန်ကိုင်က သက်ပြင်းချလျက် “ကောင်းရော… နင် အခုလိုလုပ်လိုက်လို့ ရန်သူကို သတိပေးသလိုဖြစ်သွားပြီ… သူ့ကို အနိုင်ယူဖို့က လွယ်တော့မှာမဟုတ်ဘူး…”
“ဒါဆိုရင် ကျွန်မတို့ အခု ဘာလုပ်ကြမလဲ…” လင်းယွင်အာသည် ရန်ကိုင်ကိုကြည့်၍ မေးလိုက်လေသည်။ တိုက်ခိုက်ပြီးသည့်အခါမှသာလျှင် ဟွာရှင်းသည် လွယ်ကူသည့်ပြိုင်ဘက်မဟုတ်မှန်း နားလည်သွားခဲ့သည်။ ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးသည့် အချိန်မှစ၍ လင်းယွင်အာသည် သူမ၏ဆရာနှင့်သာ အမြဲတမ်း အတူတူ ရှိနေခဲ့ခြင်း ဖြစ်လေသည်။ သူမကြုံခဲ့ရသည့် တိုက်ပွဲများမှာလည်း တစ်ဖက်သတ်တိုက်ပွဲများသာ ဖြစ်ခဲ့ကြပြီး ယခုမှသာလျှင် နှစ်ပေါင်းများစွာအတွင်း ကြုံခဲ့ရသည့် တကယ့်အစစ်အမှန်တိုက်ပွဲတစ်ခုဖြစ်သည်ဟု ပြော၍ရသည်။
သူမဆရာဆီမှ ထွက်ပြေးလာပြီးသည့်နောက်တွင် အပြင်လောကကြီးထဲရှိ ကျင့်ကြံသူများမှာ ထိုမျှအားကောင်းခြင်းမရှိကြောင်း သိခဲ့ရလေသည်။ သူမကြုံခဲ့ရသည့်လူများသည် သူမ၏တိုက်ခိုက်မှုများကို ခုခံနိုင်ခဲ့ခြင်းမရှိဘဲ လက်သီးတစ်ချက်နှစ်ချက်နှင့်ပင် အသက်ထွက်သွားခဲ့ကြသည်မှာ များပေသည်။ ထိုအကြောင်းကြောင့် လူတိုင်းသည် ထိုကဲ့သို့ချည်း ဖြစ်သည်ဟုသာ ယုံကြည်ခဲ့ပေသည်။ သို့သော်ငြား ဟွာရှင်း၏စွမ်းဆောင်ရည်သည် လင်းယွင်အာကို အမြင်ကျယ်သွားစေခဲ့ပြီး ဤလောကကြီးထဲတွင် အားကောင်းသည့်လူများ ရှိနေသေးကြောင်းကိုလည်း သူမအား နားလည်သွားစေခဲ့လေသည်။
“ဘာလုပ်ရမှာလဲ… ဒီတိုင်း ထိပ်တိုက်ရင်ဆိုင်ရရုံပေါ့…” ရန်ကိုင်က ပုခုံးတွန့်ပြလိုက်သည်။
ရန်ကိုင်ပြောသည်ကိုကြားသော် လင်းယွင်အာက ခေါင်းညိတ်၍ “သိပြီ… ဒါဆို သူ့ကို အတူတူသတ်ကြတာပေါ့…”
လင်းယွင်အာသည် တိုက်ပွဲကို လုံးဝ နိုင်လိမ့်မည်ဟူသော ပုံစံမျိုးဖြင့် ပြောနေလေရာ သူမပြောသည့်စကားကို ဟွာရှင်းကြားသွားသော် ဒေါသူပုန်ထသွားလေ၏။ “ရိုင်းလိုက်တဲ့ကောင်တွေ… အစကတော့ မင်းတို့အဆင့်ရောက်အောင် ငါ့ကိုယ်ငါ မနှိမ့်ချင်ဘူး… ဒါပေမယ့် မင်းတို့က သေတွင်းထဲ ကိုယ့်ဘာသာကိုယ် ခုန်ဆင်းလာကြတယ်ဆိုမှတော့ ဒီနေရာက မင်းတို့ရဲ့ သင်္ချိုင်း ဖြစ်ပြီသာ မှတ်ပေတော့…”
ထိုနှစ်ဦးသည် မည်သည့်မဟာဧကရာဇ်နှင့်မှ ပတ်သက်ခြင်းမရှိကြောင်း သိလိုက်ရပြီးသည့်နောက်တွင် သူ အလွန်ကိုမှ သတိကြီးနေခြင်းဖြစ်မှန်း ဟွာရှင်း နားလည်သွားခဲ့လေသည်။ လူငယ်များသည် သွေးဆူလွယ်ကြသည်မှာ သဘာဝသာ ဖြစ်ကြသည်။ သူသည်ရော ငယ်ရွယ်စဉ်က ထိုကဲ့သို့မဟုတ်ခဲ့လေသလော။ မွေးကင်းစသားပေါက်များသည် ကျားများကို ကြောက်လေ့မရှိသည်မှာ သဘာဝသာ ဖြစ်ကြလေသည်။ လူတိုင်းသည် ငယ်ရွယ်စဉ်အခါက သူတို့ကိုယ်သူတို့ အလွန်ကိုမှ အားကောင်းလှသည်ဟု ထင်ကြသည်။ သူတို့ရှေ့ရှိ ခရီးလမ်းသည် ဆူးများဖြင့် ပြည့်နေမည်ဆိုလျှင်ပင် ထိုဆူးခင်းလမ်းကို ရဲရဲဝံ့ဝံ့ လျှောက်လှမ်းရဲကြပေသည်။ အသက်အရွယ်ကြီးရင့်လာသည့်အခါမှသာ အခြေအနေကို သေချာစဉ်းစားသုံးသပ်တတ်လာပြီး ဂုဏ်မောက်လေ့မရှိတော့ခြင်း ဖြစ်လေ၏။
ဟွာရှင်းသည် စိတ်ထဲမှကြိတ်၍ တွေးလိုက်လေသည်။ (ဒီနေ့ သူတို့ကို ကိုယ့်နေရာကိုယ်သိအောင် လုပ်ပစ်ပေးရမယ်…) ထို့နောက်တွင် အံကိုတင်းတင်းကြိတ်၍ လီကျောက်ကိုကြည့်ကာ သတိပေးလိုက်လေသည်။ “ရောင်းရင်းလီ… မင်း အခုနေ ထွက်သွားမယ်ဆိုလို့ရှိရင် ငါတို့ မိတ်ဆွေတွေ ဖြစ်နိုင်သေးတယ်နော်…”
ဟွာရှင်းမှာ အငယ်နှစ်ယောက်ကို စိတ်မပူပေ။ သူစိတ်ပူနေသည်မှာ လီကျောက်သာ ဖြစ်လေသည်။ တကယ်တော့ လီကျောက်သည် နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသလို သူ့ထက်လည်း ပို၍အားကောင်းသည် မဟုတ်ပေလော။
“ငါ့မှာ မင်းလို မယုံကြည်ရတဲ့မိတ်ဆွေမျိုး မရှိဘူး…” လီကျောက်က ချက်ချင်းပဲ ပြန်ပြောလိုက်သည်။
ဟွာရှင်းက သက်ပြင်းချလျက် “အဲ့လိုဆိုမှတော့ ငါ့မှာလည်း ဘာမှပြောစရာမရှိတော့ဘူးပေါ့…”
ထိုသို့ပြောပြီးသည့်နောက် သူ့လက်ကို လေထဲသို့မြှောက်၍ အော်ပြောလိုက်လေသည်။ “သတ်…”
ထိုစကား သူ့ပါးစပ်ထဲမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဟွာရှင်းသည် ဦးဆောင်၍ တိုက်ခိုက်လိုက်သည်။ မိုးပြာရောင်ဓါးသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလုမတတ် ကြီးမားလှသော ဓါးပုံရိပ်ကြီးတစ်ခုအသွင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။ တစ်ချိန်တည်းတွင် အနီးအနား၌ ရှိနေကြသော လေတိမ်တိုက်စံအိမ်တပည့်များမှာလည်း ပြိုင်တူ တိုက်ခိုက်လိုက်ကြလေသည်။ အမျိုးမျိုးသော မှော်ပညာရပ်များ၊ သိုင်းပညာရပ်များ ပျံသန်းထွက်လာခဲ့ပြီး ရန်ကိုင်တို့သုံးဦးစလုံးကို တမုဟုတ်ချည်း လွှမ်းခြုံသွားခဲ့လေ၏။
“နန်းတော်သခင်ရန်… ကျုပ် အဲ့ခွေးအိုကြီးကို ထိန်းထားပေးမယ်… ကျန်တဲ့လူတွေကို ရှင်းပြီးသွားရင် ကျုပ်ကို တစ်ချက်လာကူပေးနော်…” လီကျောက်က အော်ပြောလိုက်သည်။
ထို့နောက်တွင် သူ့လက်ကို လေထဲသို့ မြှောက်လိုက်ရာ ရှေးဟောင်းစာလိပ်တစ်ခု ပေါ်လာခဲ့လေသည်။ ထိုစာလိပ်သည် တဖြည်းဖြည်း ပြန့်ကားထွက်လာပြီးသည့်နောက် သူတို့ဆီသို့ တိုးဝင်လာနေသည့် တိုက်ခိုက်မှုအလုံးစုံကို တားဆီးသွားခဲ့လေ၏။
ထို့နောက်တွင် လီကျောက်သည် ဟွာရှင်းဆီသို့ ပြေးဝင်သွားခဲ့လေသည်။
ဟွာရှင်းက ဒေါမာန်တကြီးဖြင့် အော်ပြောလိုက်၏။ “အရှက်မရှိတဲ့ကောင်…”
ဟွာရှင်းမှာ ယမ်းမီးပုံကျ ဒေါသထွက်နေခဲ့သည်။ လီကျောက် လေတိမ်တိုက်စံအိမ်သို့ ရောက်လာသည့်အခါ သူသည် လီကျောက်အား အလွန်ကိုမှ ဖော်ရွေပျူငှာစွာ ဆက်ဆံခဲ့လေသည်။ လီကျောက်အား စားကောင်းသောက်ဖွယ်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ရုံမက လီကျောက်ပျော်ပါးနိုင်ရန်အတွက်လည်း မိန်းမချောလေးများစွာကို စေလွှတ်ပေးခဲ့သေးသည်။ သို့သော်ငြား ယခုအချိန်တွင် လီကျောက်သည် သူ့ကိုသစ္စာဖောက်ကာ ရန်သူများနှင့် ပူးပေါင်းနေခဲ့လေသည်။
ဟွာရှင်းမှာ ထိုအချက်နှင့်ပတ်သက်၍ အလွန်ကိုမှ ဒေါသထွက်နေလေရာ ချက်ချင်းပဲ လီကျောက်နှင့် ဒေါမာန်တကြီး တိုက်ခိုက်တော့လေသည်။
ဧကရာဇ်တတိယအဆင့်ပညာရှင်များ ဖြစ်ကြသည့်အတွက်ကြောင့် လီကျောက်နှင့် ဟွာရှင်းတို့၏ တိုက်ခိုက်မှုတစ်ခုချင်းစီသည် ဟင်းလင်းပြင်တစ်ခုလုံးအား ပျက်စီးသွားစေခဲ့ပြီး အနီးအနားတွင်ရှိနေသော မိုးမြေစွမ်းအင်များကို ကသောင်းကနင်း ဖြစ်စေခဲ့လေသည်။
သူတို့နှစ်ဦး တိုက်ခိုက်နေစဉ်တွင် လေတိမ်တိုက်စံအိမ်မှ အခြားသောတပည့်များမှာလည်း ငြိမ်မနေခဲ့ပေ။ လူအရေအတွက်များသည်ကို အားကိုး၍ ရန်ကိုင်နှင့် လင်းယွင်အာတို့အား ဘက်ပေါင်းစုံမှ ပူးပေါင်း၍ တိုက်ခိုက်ကြသည်။ ကံမကောင်းစွာဖြင့် သူတို့၏တိုက်ခိုက်မှုများမှာ ရန်ကိုင်တို့အပေါ် သက်ရောက်မှုမရှိခဲ့ပေ။ လေတိမ်တိုက်စံအိမ်၏ တပည့်အများစုသည် တာအိုသခင်အဆင့်တွင်သာ ရှိနေသေးသည့်အတွက်ကြောင့် ရန်ကိုင်တို့နှစ်ဦး၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ကြပေ။
ထိုလူများ၏တိုက်ခိုက်မှုများ ရန်ကိုင်နှင့် လင်းယွင်အာတို့ဆီ ရောက်ရှိလာချိန် ရန်ကိုင်နှင့် လင်းယွင်အာသည် ဆန့်ကျင်ဘက်အရပ်ဆီသို့ ပြိုင်တူပြေးထွက်သွားကြပြီး ရပ်နေရာမှ အသီးသီး ပျောက်ကွယ်သွားကုန်ကြလေသည်။ ထို့အတွက်ကြောင့် တိုက်ခိုက်မှုများမှာ ရန်ကိုင်ကိုရော လင်းယွင်အာကိုပါ ထိမှန်သွားခြင်း မရှိခဲ့ပေ။
ချက်ချင်းဆိုသလို သွေးပျက်ခြောက်ခြားဖွယ်ရာအော်သံများ လေတိမ်တိုက်စံအိမ်တပည့်များကြားမှ ထွက်ပေါ်လာခဲ့ပြီး လေတိမ်တိုက်စံအိမ်၏ တပည့်များ တစ်ယောက်ပြီးတစ်ယောက် သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်ကုန်ကြလေသည်။ ထိုသို့ဖြင့် အသက်ဆယ်ရှိုက်စာအတွင်းမှာပင် လူအယောက်လေးဆယ်ကျော်မက သေဆုံးသွားခဲ့လေ၏။ ထိုအဖြစ်အပျက်ကြောင့် လက်ကျန်တပည့်များမှာ ထိတ်လန့်တုန်လှုပ်ကုန်ကြပြီး ကြောက်ကြောက်လန့်လန့် ဖြစ်ကုန်ကြလေသည်။
မူလက ရန်ကိုင်နှင့် လင်းယွင်အာတို့သည် ဧကရာဇ်ပထမအဆင့်တွင်သာ ရှိကြသေးသည့်အတွက်ကြောင့် သူတို့ဘက်မှ လူအင်အား အသာရနေလေရာ တစ်ဖက်အဖွဲ့အပေါ် ဖိအားပေးနိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော်ငြား တကယ်တမ်း ယှဉ်ပြိုင်တိုက်ခိုက်ပြီးသည့်နောက်တွင် သူတို့အထင်မှားသွားမှန်း ထိုတပည့်များ နားလည်သွားကြသည်။ ရန်ကိုင်တို့နှစ်ဦးသည် သတ်ဖြတ်သူများသာ ဖြစ်ကြလေသည်။ မည်သူမျှ သူတို့အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့ခြင်းမရှိကြ။ သူတို့နှစ်ဦး ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော လေတိမ်တိုက်စံအိမ်မှ တပည့်များအားလုံး သေကြေကုန်ကြရသည်။
(ဒီမွန်းစတားတွေကို ငါတို့ ဘယ်လိုတိုက်ခိုက်ကြရမှာလဲ…) အသက်ရှင်ကျန်ရစ်နေသော တပည့်များမှာ ရန်ကိုင်တို့အား ဆက်လက်တိုက်ခိုက်ချင်စိတ်မရှိတော့ဘဲ ထွက်ပြေးချင်စိတ်များသာ သူတို့စိတ်ထဲ ဖြစ်ပေါ်လာနေခဲ့ရသည်။ ထိုအခိုက်အတန့်တွင် လေတိုးသံများ အဝေးတစ်နေရာဆီမှ ထွက်ပေါ်လာခဲ့လေသည်။
အသံကြားရာဘက်သို့ လှမ်းကြည့်လိုက်ရာ လေတိမ်တိုက်စံအိမ်မှ တပည့်များ ဝမ်းသာအားရ ဖြစ်ကုန်ကြလေသည်။ “အကြီးအကဲချုပ် ရောက်လာပြီ…”
“အခြားအကြီးအကဲတွေလည်း ပါတယ်…”
“စီနီယာအစ်ကို စီနီယာအစ်မတွေလည်း ပါတယ်ဟ…”
“အကြီးအကဲတို့… ကျေးဇူးပြုပြီး ကျုပ်တို့ကို ကယ်ပါဦး…”
လေတိမ်တိုက်စံအိမ်၏ အကြီးအကဲချုပ်နှင့် အခြားသော အကြီးအကဲများ သူတို့ဆီသို့ ပျံသန်းလာနေသည်ကို ကြည့်ရင်း အသက်ရှင်ကျန်ရစ်နေသော တပည့်များမှာ ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်ပမာ လှမ်းအော်ဟစ်ကာ အကူအညီတောင်းကြတော့လေသည်။
လေတိမ်တိုက်စံအိမ်သည် အနောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည့်အလျောက် ဧကရာဇ်တတိယအဆင့်သို့ရောက်နေသော ဟွာရှင်းအပြင် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်နှစ်ဦးနှင့် ဧကရာဇ်ပထမအဆင့် ပညာရှင်များစွာ ပိုင်ဆိုင်ထားပေသည်။
ဧကရာဇ်ဒုတိယအဆင့်ပညာရှင်နှစ်ဦးအနက် တစ်ဦးမှာ အကြီးအကဲချုပ်ဖြစ်ပြီး ကျန်တစ်ဦးမှာတော့ ဒုတိယအကြီးအကဲဖြစ်ပေသည်။ ကံမကောင်းစွာဖြင့် ဒုတိယအကြီးအကဲသည် တိမ်တိုက်မြို့တွင် အသတ်ခံလိုက်ရသည့်အတွက်ကြောင့် လေတိမ်တိုက်စံအိမ်၏ စုပေါင်းခွန်အားမှာ သိသိသာသာကို လျော့ကျသွားခဲ့ရသည်။
ဟွာရှင်းဆီမှ အချက်ပြမှုကို ရလိုက်သည့်အတွက်ကြောင့် အကြီးအကဲချုပ်သည် ရှိရှိသမျှလူအင်အားအကုန်ကို ခေါ်ဆောင်လာလျက် ဤနေရာသို့ ထွက်လာခဲ့သည်။ ယခု ဤနေရာသို့လာသည့်လူများထဲ သူနှင့်အတူ လေတိမ်တိုက်စံအိမ်၏ အဖွဲ့သားပေါင်းများစွာ ပါဝင်နေခဲ့ပြီး ထိုလူများအနက် အားအနည်းဆုံးမှာ တာအိုသခင်တတိယအဆင့်ဖြစ်ပေသည်။ ဤလူအုပ်ကြီးသည် လေတိမ်တိုက်စံအိမ်၏ လက်ရွေးစင်တပ်ဖွဲ့များလည်း ဖြစ်ကြပေသည်။
လေတိမ်တိုက်စံအိမ်အနေဖြင့် ၎င်း၏ ခွန်အားအကုန်အစင်ကို ထုတ်သုံး၍ ရန်သူတစ်ဦးကိုရင်ဆိုင်ခဲ့သည်မှာ အတော်လေးကိုမှ ကြာနေခဲ့လေပြီ။ သို့သော်ငြား လက်ရှိအချိန်သည် သူတို့အတွက် အလွန်ကိုမှ အန္တရာယ်များနေသည့်အတွက်ကြောင့် သူတို့၏ခွန်အားအကုန်အစင်ကိုသာ ထုတ်မသုံးလျှင် ဤတိုက်ပွဲကို အနိုင်ရနိုင်ချေ လုံးဝမရှိပေ။
ဤနေရာသို့ ရောက်လာပြီးသည့်နောက် ဂိုဏ်း၏တပည့်များ သတ်ဖြတ်ခံနေရသည်ကိုမြင်သော် အကြီးအကဲချုပ်သည် ဒေါမာန်တကြီးဖြင့် လှမ်းအော်ပြောလိုက်လေ၏။ “အခုချက်ချင်း ရပ်လိုက်စမ်း…”
ထိုသို့ပြောနေရင်းမှ ရှေးကျသည့် ဓါးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် ဓါးထဲသို့ ဧကရာဇ်ချီကို ထည့်သွင်းလျက် ရန်ကိုင်တည့်တည့်သို့ ခုတ်ချလိုက်လေ၏။ ထိုတိုက်ခိုက်မှုမှာ အလွန်တရာကိုမှ အားကောင်းလှကာ ဓါးစိတ်ဆန္ဒတို့သည်လည်း ကောင်းကင်တစ်ခွင်ကို လွှမ်းခြုံသွားခဲ့လေသည်။
ဓါးအလင်းတန်းသည် ရန်ကိုင်၏ခန္ဓာကိုယ်ကို နှစ်ပိုင်းတိတိ ပိုင်းဖြတ်သွားခဲ့သည်။ ထိုအချင်းအရာကိုမြင်သော် လေတိမ်တိုက်စံအိမ်မှတပည့်များ ဝမ်းသာအားရ ထအော်ကုန်ကြလေ၏။
“အကြီးအကဲချုပ်က တကယ်အားကောင်းတာပဲ…”
“ဧကရာဇ်ပထမအဆင့်လေးနဲ့ အကြီးအကဲချုပ်ရဲ့ ဓါးချက်ကို အဲ့ခွေးကောင်လေး ဘယ်လိုလုပ်ပြီး ခံနိုင်မှာလဲ… ဓါးတာအိုမှာဆိုရင် အကြီးအကဲချုပ်က အနောက်ဘက်နယ်မြေမှာ ထိပ်တန်းဆယ်ယောက်ထဲတောင် ပါတယ်ကွ…”
“ဟား ဟား ဟား… ခွေးကောင်လေး… မင်းအခုတော့ မှတ်ပြီလား… သေတာနည်းတောင်နည်းသေးတယ်… ကိုယ့်နေရာကိုယ်မသိဘဲ ငါတို့ကိုမှ လာရန်စချင်တာကိုး…”
ကြောက်လန့်တကြားဖြင့် ထွက်ပြေးနေကြသော လေတိမ်တိုက်စံအိမ်၏ တပည့်များမှာ ရန်ကိုင်နှစ်ပိုင်းပြတ်ထွက်သွားသည်ကို မြင်သော် ဝမ်းသာအားရ ထအော်ကုန်ကြလေသည်။
လင်းယွင်အာ၏မျက်နှာလေးမှာတော့ တမုဟုတ်ချည်းကို ဖြူလျော်သွားပြီး အလန့်တကြား ထအော်လေ၏။ “ဦးလေးရန်…”
“ဟမ်…” သို့သော်ငြား အကြီးအကဲချုပ်မှာတော့ အနည်းငယ်မျှပင် ပျော်ရွှင်နေခြင်းမရှိ။ သူ့ဓါးရေးအကြောင်းကို သူသိပြီးသားပင်။ ထို့အပြင် ရန်ကိုင်အား ဓါးဖြင့်ခုတ်လိုက်စဉ် သူ့ဓါးသည် အစိုင်အခဲတစ်ခုခုအား ဖြတ်တောက်သွားသည့်ခံစားချက်မျိုးကို လုံးဝ ခံစားခဲ့ရခြင်းမရှိချေ။ သေသေချာချာ ပြန်ကြည့်လိုက်သည့်နောက် အကြီးအကဲချုပ် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရလေသည်။
သူခုတ်လိုက်သည့်လူမှာ တကယ့်လူမဟုတ်။ ပြတ်ထွက်သွားသည့်လူဆီမှ မည်သည့်သွေးတစ်စက်မှ ဖြာထွက်လာခဲ့ခြင်းမရှိပေ။ ထိုအရာသည် ပုံရိပ်ယောင်တစ်ခုသက်သက်သာ ဖြစ်လေသည်။ ပုံရိပ်ယောင်ပင်ဖြစ်လင့်ကစား အလွန်ကိုမှ အသက်ဝင်လွန်းလှသဖြင့် လူပေါင်းများစွာကို လှည့်စားသွားနိုင်ခဲ့လေသည်။
(သူ ဘယ်ရောက်နေတာလဲ… အဲ့ဒါက ပုံရိပ်ယောင်ဆိုရင် ဒီကောင် ဘာမှမဖြစ်ဘဲ လွတ်သွားတာပေါ့… ဒီကောင် ဘယ်လိုများလှုပ်ရှားလိုက်တာလဲ… ငါတောင် သတိမထားမိလိုက်ဘူး…) ထိုအတွေး အကြီးအကဲချုပ်၏စိတ်ထဲ ဖြတ်ပြေးသွားစဉ်မှာပင် သူ့ရှေ့တည့်တည့်၌ ထူးဆန်းသည့်လူတစ်ဦး ရုတ်တရက် ပေါ်လာခဲ့လေသည်။
“ဟူး…”
အကြီးအကဲ အံ့အားသင့်တကြီးဖြင့် သက်ပြင်းရှိုက်လိုက်ပြီးသည့်နောက် သူ့ဓါးအား ရှေ့တည့်တည့်သို့ ထိုးချလိုက်လေ၏။
အကြီးအကဲချုပ်ကိုင်ထားသည့်ဓါးမှာ ဧကရာဇ်အဆင့်မှော်ရတနာတစ်ခု ဖြစ်သည်မှာ လုံးဝသေချာပေသည်။ ဓါးဆီမှ ဧကရာဇ်ဖိအားတို့ ဖြာထွက်နေသည်ကိုကြည့်လျင် သိနိုင်ပေသည်။ ထို့အပြင် အကြီးအကဲချုပ် ဤဓါးကို ကိုင်စွဲလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်သည့်အတွက်ကြောင့် ဤဓါးသည် သူ့ခြေသူ့လက်ကဲ့သို့ ဖြစ်နေလေပြီ။ အကြီးအကဲသည် သူ့ဓါးအား ကမန်းကတမ်းဖြင့် ရှေ့သို့ ကောက်ထိုးလိုက်သည့် ပုံစံမျိုး ပေါက်နေပါသော်ငြား တကယ့်တကယ်တွင်တော့ သူ၏ဓါးချက်ထဲ မည်သည့်ဟာကွက်မှ ရှိမနေခဲ့ပေ။ ဓါးစိတ်ဆန္ဒတို့သည် ဓါးထိပ်ဖျားတွင် လုံးဝကို သိပ်သည်းကိန်းအောင်းနေခဲ့ပြီး အရှိန်အဝါမှာလည်း အနည်းငယ်မျှပင်လျှင် လှုပ်ခါနေခြင်းမရှိပေ။
ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့လေသည်။ သူသည် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်ပေါင်းများစွာကို တွေ့ခဲ့ဖူးပြီး ထိုဧကရာဇ်ဒုတိယအဆင့် ပညာရှင်များအနက် အချို့ပင်လျှင် သတ်ပစ်ခဲ့ဖူးသည်။ သို့သော်ငြား ထိုလူများသည် လေတိမ်တိုက်စံအိမ်၏ အကြီးအကဲချုပ်နှင့် ယှဉ်လိုက်သော် သိသိသာသာကို အားနည်းကြပေသည်။
အကြီးအကဲချုပ်၏ဓါးချက်သည် သာမန်ကာလျှံကာဓါးချက်တစ်မျိုး ပုံစံသာ ပေါက်ပါသော်ငြား တကယ့်တကယ်တွင်တော့ အလွန်ကိုမှ အသေးစိတ်ကျသည်ဟု ပြော၍ရသည်။ ရန်ကိုင်အနေဖြင့် ထိုဓါးချက်ကို မည်သို့ပင် ရှောင်နေစေကာမူ ဓါးချက်သည် သူ့အား ထိမှန်လိမ့်မည်ဟု ခံစားနေရသည်။ ထို့အတွက်ကြောင့် မရှောင်နိုင်တော့လေရာ ထိပ်တိုက်ရင်ဆိုင်ရုံသာ တတ်နိုင်တော့လေ၏။
ရန်ကိုင်သည် အနန္တဓါးကိုထုတ်ယူ၍ တိုးဝင်လာနေသည့် ဓါးဆီသို့ ခုတ်ချလိုက်လေ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရန်ကိုင်သည် အကြီးအကဲချုပ်နှင့် ဓါးချက်ပေါင်းများစွာ ဖလှယ်ခဲ့လေသည်။
ရုတ်တရက်ဆိုသလို ရန်ကိုင် နောက်သို့ ပြန်ဆုတ်လိုက်ပြီး အကြီးအကဲချုပ်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။
အကြီးအကဲချုပ်၏ မျက်နှာမှာတော့ ဖြူလျော်နေခဲ့ပြီး ဓါးကိုကိုင်ထားသည့်သူ့လက်မှာလည်း တုန်တုန်ရီရီ ဖြစ်နေခဲ့လေသည်။ ထို့နောက် အံကြိတ်၍ လှမ်းအော်ပြောလိုက်လေသည်။ “ဘာကြီးလဲ…”
ဓါးရေးပိုင်းတွင် ရန်ကိုင်သည် သူ့ဖိနပ်ကို သယ်ပေးဖို့ရာပင် မထိုက်တန်ပေ။ သို့သော်ငြား ဤလူငယ်လေးသည် ဧကရာဇ်ပထမအဆင့်သာလျှင် ဖြစ်လင့်ကစား သူ၏ဓါးချက်အားလုံးကို ခုခံပြသွားခဲ့သည်။ ရန်ကိုင်သည် ဓါးပညာအပေါ် ကျွမ်းကျင်မှုကို အားကိုး၍ သူ့တိုက်ကွက်များကို ခုခံပြသွားခဲ့ခြင်းမဟုတ်။ ထို့အစား သူ၏တုံ့ပြန်နိုင်စွမ်းနှင့် ကြောက်မက်ဖွယ်ရာခွန်အားကို အားကိုး၍ ခုခံသွားပြခဲ့ခြင်း ဖြစ်လေသည်။ ရှင်းရှင်းပြောရသော် ဤလူငယ်လေး၏ ခွန်အားသည် အကြီးအကဲချုပ်ကိုပင်လျှင် အံ့အားသင့်သွားစေခဲ့လေသည်။ သူ၏မြင့်မားလှသော ကျင့်ကြံခြင်းကြောင့်သာ မဟုတ်ပါက ရန်ကိုင်၏စွမ်းအားကြောင့် အကြီးအကဲချုပ်မှာ သူ့ဓါးကိုပင်လျှင် ကောင်းကောင်း ကိုင်ထားနိုင်တော့လိမ့်မည်မဟုတ်ချေ။
“ဒီလောကကြီးမှာ အရေးကြီးဆုံးက ခွန်အားပဲ… ခွန်အားရှိနေသရွေ့ ကျန်တာ ဘာမှအရေးမကြီးဘူး…” ရန်ကိုင်က အကြီးအကဲချုပ်အား ပြုံးကာ လှမ်းကြည့်လိုက်ပြီးသည့်နောက် “အကြီးအကဲချုပ်… ခင်ဗျားရဲ့ဓါးရေးကတော့ တကယ်ကို အံ့ဩစရာပဲနော်…”
ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်၏ ခြေလက်များဆီမှ သွေးများ စီးကျလာခဲ့လေသည်။ သူဝတ်ထားသည့် အဝတ်အစားများသည်ပင်လျှင် စုတ်ပြဲကုန်ရလေ၏။ အကြီးအကဲချုပ်နှင့် တိုက်ခိုက်ရာတွင် ရန်ကိုင်မှာ အတော်လေး ထိခိုက်သွားခဲ့ရလေသည်။ ရန်ကိုင်နှင့် ရင်ဆိုင်ပြီးသည့်နောက် အကြီးအကဲ၏ရင်တစ်ခုလုံး ဗလောင်ဆူသွားခဲ့ရသလို ဓါးကိုင်ကိုင်ထားသည့်သူ့လက်မှာလည်း တုန်တုန်ရီရီဖြစ်သွားခဲ့ရပါသော်ငြား ရန်ကိုင်သည်သာ ပို၍ဒဏ်ရာရသွားခဲ့သူတစ်ဦး ဖြစ်ပေသည်။ နဂါးနက်ပျံချပ်ကာကို ဝတ်ဆင်ထားသည့်အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်၏ဒဏ်ရာများသည် ယခုထက်ပင် ပို၍ ဆိုးရွားသွားရနိုင်ပေ၏။
“ဦးလေးရန် အဆင်ပြေရဲ့လား…” လင်းယွင်အာ၏အသံ ထွက်လာခဲ့လေသည်။ လင်းယွင်အာသည် သူမ၏လက်သီးလေးများကို ဝှေ့ယမ်းရင်းဖြင့်သာ တိုက်ခိုက်နေပါသော်ငြား လေတိမ်တိုက်စံအိမ်တပည့်များမှာတော့ သူမ၏လက်သီးချက်များကြောင့် သေလျှင်သေ မသေလျှင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားကုန်ကြရသည်။ အစောပိုင်းက ရန်ကိုင် နှစ်ပိုင်းပြတ်ထွက်သွားသည်ကို မြင်သော် လင်းယွင်အာသည် ရန်ကိုင်သေသွားပြီဟု ထင်ခဲ့လေသည်။ သူမစိတ်ထဲ ဝမ်းနည်းလွန်းသဖြင့် အော်ငိုလုမတတ်ပင် ဖြစ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် ရန်ကိုင်မှာ ချက်ချင်းပြန်ပေါ်လာခဲ့လေရာ လင်းယွင်အာမှာ သူအမြင်မှားသွားကြောင်း နားလည်သွားခဲ့ရပြီး စိတ်သက်သာရာ ရသွားခဲ့ရလေ၏။
“ငါအဆင်ပြေတယ် ယွင်အာ… နင့်ကိုယ်နင်သာ ဂရုစိုက်…” ရန်ကိုင်က ပြောလိုက်သည်။
“ဟုတ်ကဲ့…” လင်းယွင်အာက ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်လေ၏။ “သူတို့ ကျွန်မကို မနိုင်ဘူး…”
လင်းယွင်အာ၏ သူတို့အား အမှုမထားသည့်ပုံစံသည် အကြီးအကဲချုပ်နှင့်တကွ အခြားသောအကြီးအကဲများကို ဒေါသူပုန်ထသွားစေခဲ့လေသည်။ ရန်ကိုင်နှင့် လင်းယွင်အာတို့သည် အလွန်တရာကိုမှ အားကောင်းမှန်း သူတို့သိကြသည်။ သူတို့သည်သာ သတိထား၍ မလှုပ်ရှားလျှင် ထိုနှစ်ဦး၏လက်ချက်ကြောင့် အသက်ပျောက်သွားရနိုင်ပေသည်။
အကြီးအကဲချုပ်သည် လီကျောက်နှင့် ဟွာရှင်းတို့ တိုက်ခိုက်နေသည့်နေရာဆီသို့ လှမ်းကြည့်လိုက်လေသည်။ ထိုနှစ်ဦး၏တိုက်ပွဲ ပြီးဖို့ရာ အတော်လေးကြာပေလိမ့်ဦးမည်။ ထို့အတွက်ကြောင့် သူ့မျှော်လင့်ချက်အားလုံးကို စံအိမ်သခင်ပေါ်တွင်သာ ပုံအပ်ထား၍မရပေ။ ထိုအချက်ကို နားလည်လိုက်သော် အကြီးအကဲချုပ်၏မျက်လုံးထဲ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး ချက်ချင်း အော်ပြောလိုက်လေ၏။ “ပုံစံကွက် ဖွဲ့မယ်…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၀၂)
ဘာသာပြန်သူ_တိမ်တိုက်
ဤလောကကြီးထဲရှိ ကျင့်ကြံသူများသည် အစီအရင်များကို နည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုလေ့ ရှိကြလေသည်။ ဂိုဏ်းကြီးတိုင်းတိုင်းလိုတွင်လည်း ကိုယ်ပိုင်အစီအရင်များ ရှိကြသည်။ ဂိုဏ်းကာကွယ်ရေးအစီအရင်များကို ဖယ်ထားလိုက်မည်ဆိုပါက ကျင့်ကြံသူများကို အချင်းချင်း ချိတ်ဆက်ပေးပြီး ခွန်အားကောင်းသည့်ရန်သူများကို ရင်ဆိုင်နိုင်အောင် လုပ်ပေးသည့် အစီအရင်များလည်း ရှိကြပေသေးသည်။ ထိုကဲ့သို့သော အစီအရင်များကို ပုံစံကွက်များဟု ခေါ်လေ့ရှိကြသည်။ ဂိုဏ်းထဲတွင်ရှိနေကြသော တပည့်များသည် ယေဘုယျအားဖြင့် ထိုကဲ့သို့သောပုံစံကွက်များကို လေ့ကျင့်ထားလေ့ ရှိကြပေသည်။ ပုံစံကွက်များသည် အားနည်းသည့်တပည့်ပေါင်းများစွာကို အတူတကွ စုဝေးစေ၍ အားကောင်းသည့်ရန်သူများကို ရင်ဆိုင်နိုင်အောင် ကူညီပေးနိုင်ပေသည်။
ထို့အတွက်ကြောင့် လေတိမ်တိုက်စံအိမ်တွင်လည်း ကိုယ်ပိုင်ပုံစံကွက်များ ရှိနေသည်မှာ သဘာဝသာ ဖြစ်လေသည်။ ထို့အပြင် ထိုပုံစံကွက်သည် သာမန်ပုံစံကွက်မျိုးမဟုတ်။ သတ်ဖြတ်ခြင်းကို အထူးအလေးပေးသည့် အလွန်ကိုမှ အားကောင်းလှသော ဓါးပုံစံကွက်တစ်မျိုး ဖြစ်ပေသည်။
လေတိမ်တိုက်စံအိမ်၏ ဓါးပုံစံကွက်သည် ယင်ယန်ဓာတ်ကြီးငါးပါးပြောင်းလဲခြင်းဓါးပုံစံကွက်ဟု လူသိများကြပေသည်။ ထိုအရာသည် လေတိမ်တိုက်စံအိမ်၏ ဘိုးဘေးအစဉ်အဆက် လက်ဆင့်ကမ်းလာသော အမွေအနှစ်တစ်ခုလည်း ဖြစ်လေ၏။ ထိုဓါးအစီအရင်ကွက်သည် လေတိမ်တိုက်စံအိမ်၏ သမိုင်းကြောင်းတစ်လျှောက်တွင် အတော်လေးကိုမှ နာမည်ကျော်ခဲ့ပြီး လေတိမ်တိုက်စံအိမ်ကြုံတွေ့ခဲ့ရသည့် အခက်အခဲပေါင်းများစွာကို ဖြေရှင်းနိုင်အောင်လည်း ကူညီပေးနိုင်ခဲ့ပေသည်။
ယင်ယန်ဓာတ်ကြီးငါးပါးပြောင်းလဲခြင်းဓါးစီရင်ကွက်ကို ထုတ်သုံးနိုင်ရန်အတွက် အနည်းဆုံး လူငါးဦးလိုအပ်ပေသည်။ သို့သော်ငြား အများဆုံးလူအရေအတွက်မှာတော့ အကန့်အသတ်မရှိချေ။ အတူတကွထုတ်ဖော်သည့် လူအရေအတွက်ပိုများလေ ဓါးပုံစံကွက်၏စွမ်းအား ပိုမိုမြင့်မားလာလေပင်။
ပုံမှန်အားဖြင့် တာအိုသခင်တတိယအဆင့်သို့ ရောက်နေသော တပည့်ဆယ်ဦးသည်သာ ထိုဓါးပုံစံကွက်ကို ထုတ်ဖော်လိုက်မည်ဆိုပါက သာမန်ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူတစ်ဦးကို ထိန်းထားနိုင်ပေသည်။ တပည့်နှစ်ဆယ်သာ အတူပူးပေါင်း၍ ပုံစံကွက်ကို ထုတ်ဖော်လိုက်မည်ဆိုလျှင်တော့ ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူတစ်ဦးကိုပင် သတ်ရန် လုံလောက်လေ၏။
လေတိမ်တိုက်စံအိမ်၏ တပည့်တိုင်းသည် တာအိုသခင်အဆင့်သို့ ရောက်ပြီးသည့်နောက်တွင် ထိုဓါးပုံစံကွက်ကို လေ့ကျင့်ကြရလေသည်။ ထို့အပြင် လတိုင်းလတိုင်းဆိုသလို တပည့်ပေါင်းများစွာ အတူပူးပေါင်း၍ ထိုပုံစံကွက်အား လေ့ကျင့်ရသည့် အခိုက်အတန့်မျိုးလည်း ရှိသေး၏။ ထိုအကြောင်းကြောင့်ပင်လျှင် တာအိုသခင်အဆင့်သို့ရောက်နေသော လေတိမ်တိုက်စံအိမ်၏ တပည့်များသည် ဓါးပုံစံကွက်နှင့် အလွန်ကိုမှ ရင်းနှီးနေကြလေပြီ။ လေတိမ်တိုက်စံအိမ်သည် ဤကဲ့သို့သော လေ့ကျင့်မှုမျိုးကို အားကောင်းသည့်ရန်သူတစ်ဦးနှင့် ရင်ဆိုင်ခဲ့ရသည်ရှိသော် ခုခံနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းလည်း ဖြစ်လေသည်။
လေတိမ်တိုက်စံအိမ်မှ ယင်ယန်ဓာတ်ကြီးငါးပါးပြောင်းလဲခြင်းဓါးပုံစံကွက်ကို နောက်ဆုံးအကြိမ် ထုတ်သုံးခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်းရာနှင့်ချီခန့်က ဖြစ်ပေသည်။ ထိုစဉ်က ဟွာရှင်းသည် ကြယ်တာရာအစုအဝေးထဲ လျှောက်ပတ်သွားကောင်းနေဆဲပင်။ လေတိမ်တိုက်စံအိမ်၏ စံအိမ်သခင်ဟောင်းမှာတော့ အသက်အရွယ်ရလာနေပြီဖြစ်ကာ ဂိုဏ်းမှာ စတင်၍ နိမ့်ကျစ ပြုလာခဲ့လေ၏။ ထို့အတွက်ကြောင့် အနောက်ဘက်နယ်မြေထဲရှိ အင်အားစုပေါင်းများစွာသည် လေတိမ်တိုက်စံအိမ်၏ အဖိုးတန်ရတနာများကို မျက်စိကျကာ အတူတကွပူးပေါင်း၍ လေတိမ်တိုက်စံအိမ်ကို တိုက်ခိုက်ခဲ့ကြသည်။
ထိုစဉ်က ဂိုဏ်းကာကွယ်ရေးအစီအရင်ကို ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးမှ ကျူးကျော်ဝင်ရောက်လာခဲ့လေသည်။ ထိုအချိန်တွင် လေတိမ်တိုက်စံအိမ်၏ တပည့်များသည် အတူတကွ ပူးပေါင်း၍ ဓါးပုံစံကွက်ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်လေသည်။ ထိုဓါးပုံစံကွက်၏အကူအညီဖြင့် ကျူးကျော်ဝင်ရောက်လာသော ရန်သူများကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့ပြီး လေတိမ်တိုက်စံအိမ်၏ ဂုဏ်သတင်းမှာလည်း မြင့်မားလာခဲ့ရလေသည်။ နောက်ဆုံးတွင်တော့ ဟွာရှင်း ပြန်ရောက်လာပြီး စံအိမ်သခင်ရာထူးကို ယူလိုက်ပြီးသည့်နောက် လေတိမ်တိုက်စံအိမ်၏အခြေအနေမှာ ပြန်လည်တည်ငြိမ်သွားရတော့လေသည်။
ယခု နှစ်ပေါင်းရာနှင့်ချီ ကြာပြီးသည့်နောက်တွင် ယင်ယန်ဓာတ်ကြီးငါးပါးပြောင်းလဲခြင်းဓါးပုံစံကွက် နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့လေသည်။ သို့သော်ငြား ယခုတစ်ကြိမ် သူတို့၏ရန်သူမှာတော့ ဧကရာဇ်ပထမအဆင့်သို့ရောက်နေသော ဂျူနီယာလေးနှစ်ဦးသာ ဖြစ်လေ၏။
အကြီးအကဲချုပ် အလွန်အမင်း သတိပိုနေခြင်းမဟုတ်။ ထိုလူငယ်လေးနှစ်ဦး မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သိထားသည့်အတွက်ကြောင့် ယခုကဲ့သို့ လုပ်လိုက်ရခြင်း ဖြစ်လေသည်။ ယခုအချိန်မတိုင်ခင်က လေတိမ်တိုက်စံအိမ်သည် ထိုလူငယ်လေးနှစ်ဦးကိုသတ်ဖြတ်ရန်အတွက် ပညာရှင်ပေါင်းများစွာကို စေလွှတ်ခဲ့သည်။ ထို့အပြင် ဆုကြေးကိုမက်၍ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်ပေါင်းများစွာမှာလည်း ထိုလူငယ်လေးနှစ်ဦးအား သတ်ရန် ကြိုးစားခဲ့ကြသည်။ သို့တိုင် အဆုံးတွင်တော့ ထိုလူငယ်လေးနှစ်ဦးသည် အသက်ရှင်လျက် ရှိနေပေသေးသည်။ သူတို့အား သတ်ဖြတ်ရန် လာခဲ့ကြသည့် ပညာရှင်များကို ပြန်သတ်ကာ လေတိမ်တိုက်စံအိမ်ထိသို့ပင် ရောက်အောင် လာနိုင်ခဲ့ကြသည်။
အကြီးအကဲချုပ်သည် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးသာ ဖြစ်လေသည်။ ရန်ကိုင်၏စွမ်းအားအကြောင်းကို သေချာသိလိုက်ရသည့်နောက်တွင် အတိတ်မှအမှားများကို သင်ခန်းစာယူကာ ဂိုဏ်း၏ဝှက်ဖဲကိုပင်လျှင် တုံ့ဆိုင်းခြင်းမရှိ ထုတ်သုံးတော့လေသည်။
အကြီးအကဲချုပ်၏အမိန့်ကို ကြားသည့်အခါ လေတိမ်တိုက်စံအိမ်၏ အကြီးအကဲများနှင့် တပည့်များ၏ အမူအယာများ လေးနက်တည်ကြည်သွားကုန်ကြလေသည်။
“ချိတ်ဆက်မယ်…” အကြီးအကဲချုပ်က ထပ်မံအော်ပြောလိုက်သည်။ ထို့နောက် သူ့ဓါးကိုမြှောက်၍ ကောင်းကင်ပေါ်သို့ ချိန်ရွယ်လိုက်ရာ အားကောင်းလှသည့် ဓါးစိတ်ဆန္ဒတို့ ဓါးသွားဖျားဆီမှ ဖြာထွက်လာခဲ့လေသည်။
ဧကရာဇ်ပထမအဆင့်သို့ရောက်နေသော အကြီးအကဲခြောက်ဦးနှင့် တာအိုသခင်တတိယအဆင့်သို့ရောက်နေသော ရာနှင့်ချီသည့် လေတိမ်တိုက်စံအိမ်၏ တပည့်များသည် ကိုယ်ပိုင်ဓါးအသီးသီးကို ထုတ်၍ အမျိုးမျိုးသော ပညာရပ်များကို ထုတ်သုံးလိုက်ကြသည်။ ဓါးသွားများ အဆက်မပြတ် တုန်ရီလာခဲ့ပြီး အားကောင်းလှသည့် ဓါးစိတ်ဆန္ဒတို့ ဓါးသွားအသီးသီးမှ ဖြာထွက်လာကုန်ကြလေသည်။
တစ်ချိန်တည်းတွင် အကုန်လုံး ပြိုင်တူအော်ဟစ်လိုက်ကြသည်။ “ချိတ်ဆက်မယ်…”
ရာနှင့်ချီသော လူပေါင်းများစွာ၏ အသံတို့ ဟိန်းထွက်လာခဲ့လေသည်။ သူတို့၏အရှိန်အဝါများသည် ဆန်းကြယ်သောစွမ်းအားတစ်ရပ်၏ ချိတ်ဆက်ပေးခြင်း ခံလိုက်ရသည့်အလား အတူတကွ ပေါင်းစည်းသွားခဲ့လေရာ ထိုအားကောင်းလှသည့် ဖိအားအောက်ဝယ် လောကကြီးတစ်ခုလုံး တသိမ့်သိမ့်တုန်ခါလာပြီး ဟင်းလင်းပြင်သည်ပင်လျှင် လှုပ်ခါလာခဲ့ရလေသည်။
ရန်ကိုင်ကမူ ထိုမြင်ကွင်းကို မျက်လုံးမှေးစင်း၍ စိုက်ကြည့်နေခဲ့သည်။ ဘာတွေဖြစ်လို့ဖြစ်နေမှန်း သေချာမသိပါသော်ငြား တစ်ခုခုမှားယွင်းနေပြီမှန်းတော့ သိလိုက်လေသည်။ ထို့နောက် ရန်သူအများဆုံးစုဝေးနေရာအရပ်ဆီသို့ လှမ်းကြည့်၍ အော်ဟစ်လိုက်လေ၏။ “အနန္တဓါးချက်…”
ရန်ကိုင်မှ အနန္တဓါးကို ဝှေ့ယမ်းချလိုက်ရာ ထောင်နှင့်ချီသော ဓါးအလင်းတန်းများ ကောင်းကင်တစ်ခွင် အုပ်မိုးသွားခဲ့ပြီး တာအိုသခင်အဆင့်တွင်ရှိနေသော ကျင့်ကြံသူများဆီသို့ တဟုန်ထိုး ထိုးဆင်းသွားလေသည်။
ပုံမှန်အခြေအနေမျိုးတွင် ရန်ကိုင်၏တိုက်ခိုက်မှုကို ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူတစ်ဦးသည်ပင်လျှင် ရင်ဆိုင်ဖို့ရာ အတော်လေး ခက်ခဲပေလိမ့်မည်။ တာအိုသခင်အဆင့်ကျင့်ကြံသူများဆိုလျှင်တော့ ကျိန်းသေကို သေသွားရပေလိမ့်မည်။ သို့သော်ငြား တာအိုသခင်အဆင့်တွင်ရှိနေသော လေတိမ်တိုက်စံအိမ်၏ တပည့်များသည် ဓါးအလင်းတန်းများ သူတို့ဆီသို့ တိုးဝင်လာနေသည်ကို မြင်သည့်တိုင် အနည်းငယ်မျှပင် ပျာယာခတ်နေခြင်းမရှိ။ သူတို့၏ ဓါးစိတ်ဆန္ဒနှင့် ဓါးအရှိန်အဝါကို ထုတ်လွှတ်ထားရင်းဖြင့်သာ တိုးဝင်လာနေသည့် ဓါးအလင်းတန်းများကို ထူးမခြားနားဟန်ဖြင့် ကြည့်နေကြလေသည်။
“လာစမ်း…” အကြီးအကဲချုပ်သည် သူ၏ဓါးရှည်အား လွှဲယမ်းချလိုက်လေသည်။
လေထဲတွင် ထူးဆန်းသည့်အစီအရင်တစ်ခု ထွက်ပေါ်လာခဲ့လေ၏။ ထိုအစီအရင်သည် ဖြည်းဖြည်းချင်း လည်ပတ်ရင်းမှ အကာအရံတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး တာအိုသခင်အဆင့် ကျင့်ကြံသူများရှေ့တွင် ပိတ်ကာလိုက်လေသည်။
“ဘုန်း… ဘုန်း… ဘုန်း…”
ရန်ကိုင်ပစ်လွှတ်လိုက်သော ဓါးအလင်းတန်းများသည် အကာအရံပေါ်သို့ ကျရောက်သွားခဲ့သည်။ သို့သော်ငြား အကာအရံမှာမူ ဘာမျှဖြစ်မသွားခဲ့။ ထို့အစား ရန်ကိုင်ပစ်လွှတ်လိုက်သည့် ဓါးအလင်းတန်းများသည်သာ ထိုအကာအရံ၏ စုပ်ယူခြင်း ခံလိုက်ရလေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားတော့လေ၏။ (ပြဿနာတော့များတော့မှာပဲ… ဒီပုံစံကွက်က တော်တော်အားကောင်းတာပဲ…)
သူ့အတွေးများ မဆုံးသေးခင်မှာပင် အကြီးအကဲချုပ်က ထပ်မံအော်ပြောလိုက်သည်။ “သွားစမ်း…”
အစီအရင်သည် ဆန့်ကျင်ဘက်လားရာအတိုင်း စတင်လည်ပတ်တော့သည်။ ထို့နောက်တွင် အစီအရင်အတွင်းမှ ဓါးအလင်းတန်းပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်ဆီသို့ တိုးဝင်သွားလေ၏။
“ဦးလေးရန်… သတိထား…” လင်းယွင်အာက လှမ်းအော်ဟစ်၍ သတိပေးလိုက်သည်။
ရန်ကိုင်သည် သူ၏အနန္တဓါးကို ဝှေ့ယမ်းလျက် သူ့ဆီသို့ တိုးဝင်လာနေသော ဓါးအလင်းတန်းများကို ခုတ်ပိုင်းချရင်းမှ မျက်ခုံးပင့်လျက် ပြောလိုက်လေသည်။ “ပြန်ကန်ထွက်လာတာလား…”
ထိုအစီအရင်ထဲမှ ထွက်ပေါ်လာသည့် ဓါးအလင်းတန်းများသည် အစီအရင်မှ ဖန်တီးထားသည့် ဓါးအလင်းတန်းများ မဟုတ်ကြပေ။ ထိုဓါးအလင်းတန်းများသည် အစောပိုင်းက ရန်ကိုင်ပစ်လွှတ်လိုက်သည့် ဓါးအလင်းတန်းများသာ ဖြစ်လေသည်။ ကြည့်ရသလောက် ဤအစီအရင်သည် တိုးဝင်လာနေသော တိုက်ခိုက်မှုများကို စုပ်ယူပြီး ထိုတိုက်ခိုက်မှုများကို ပြန်လည်ထုတ်လွှတ်နိုင်စွမ်း ရှိသည့်ပုံပင်။
“ပုံစံပြောင်းမယ်…” အကြီးအကဲချုပ်သည် ဓါးအရှိန်အဝါကို နောက်တစ်ကြိမ်ထုတ်လွှတ်ရင်းမှ အော်ပြောလိုက်လေသည်။
လောကကြီးတစ်ခုလုံး ချက်ချင်းဆိုသလို ပြောင်းလဲသွားတော့လေသည်။ ရန်ကိုင်မြင်မြင်ရာအရပ်တွင် ရှိနေကြသော တာအိုသခင်အဆင့် ကျင့်ကြံသူအားလုံး ပျောက်ကွယ်သွားကုန်ကြလေ၏။ ရန်ကိုင်မြင်ကွင်းထဲ ကျန်ရစ်တော့သည်မှာ မရေမတွက်နိုင်သော ဓါးရှည်များသာ ဖြစ်ကြလေသည်။ လက်ရှိအချိန်တွင် ကောင်းကင်ထက်၌ မရေမတွက်နိုင်သော ဓါးရှည်ပေါင်းများစွာ ရှိနေကြလေ၏။
တစ်ချိန်တည်းတွင် အားကောင်းလှသည့် ဓါးစိတ်ဆန္ဒသည် ရန်ကိုင်တို့အပေါ် သို့ ဘက်ပေါင်းစုံမှ ဖိချလာခဲ့လေသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ မမြင်နိုင်သည့် ဓါးချီလှိုင်းတို့မှာလည်း ရန်ကိုင်တို့အား တစ်လှိုင်းပြီးတစ်လှိုင်း လာရောက်ရိုက်ခတ်နေရာ ရန်ကိုင်မှာ သူ့အသားကို တစ်ယောက်ယောက်မှ အပ်နှင့်ထိုးနေသလိုပင် ခံစားနေရလေ၏။
ရန်ကိုင်၏နဖူးထက် ချွေးအေးများ ဝေ့သီလာတော့လေသည်။ အခြေအနေမှာ သိပ်၍မကောင်းတော့ပေ။ ပုံစံကွက်၏ စွမ်းအားအပြည့်အဝကို မခံစားရသေးပါသော်ငြား ဤပုံစံကွက်သည် သာမန်ပုံစံကွက်တစ်ခုမဟုတ်မှန်းတော့ ရန်ကိုင်ပြောနိုင်နေလေပြီ။
“ဓါးပုံစံကွက်ထဲကို ဝင်လိုက်တည်းက သေလမ်းတစ်လမ်းပဲရှိတယ်… သေလိုက်ပေတော့…” အကြီးအကဲချုပ်၏အသံ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာခဲ့လေသည်။ သို့သော် သူ့အသံ မည်သည့်နေရာမှ လာနေသလဲဆိုသည်ကိုတော့ ပြောရခက်လှသည်။
“ဓါးပုံစံကွက်ထဲကို ဝင်လာတည်းက သေလမ်းတစ်လမ်းပဲရှိတယ်…” ရာနှင့်ချီသော လူပေါင်းများစွာ၏ အသံမှာလည်း ဘက်ပေါင်းစုံမှ ထွက်ပေါ်လာခဲ့ကြလေသည်။ ထိုလူများ၏အသံထဲတွင် အားကောင်းလှသည့် ဓါးစိတ်ဆန္ဒတို့ ကိန်းအောင်းနေသည့်အလား အသံလှိုင်းများသည် မမြင်နိုင်သည့် ဓါးလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်နှင့် လင်းယွင်အာတို့၏စိတ်အစုံကို လာရောက်တိုက်ခိုက်ကြလေသည်။
ဤသည်မှာ စိတ်ဝိဉာဉ်တိုက်ခိုက်မှုတစ်မျိုးသာ ဖြစ်လေသည်။ ထို့အပြင် သာမန်စိတ်ဝိဉာဉ်တိုက်ခိုက်မှုတစ်မျိုးမဟုတ်ဘဲ ဓါးစိတ်ဆန္ဒတို့ ပေါင်းစပ်ပါဝင်နေသည့် စိတ်ဝိဉာဉ်တိုက်ခိုက်မှုတစ်မျိုး ဖြစ်သည့်အတွက်ကြောင့် အလွန်ကိုမှ ထိုးဖောက်နိုင်စွမ်း ပြင်းထန်သည်ဟု ပြော၍ရပေသည်။
ရန်ကိုင်၏စိတ်အစုံ နာကျင်သွားခဲ့ရပြီး သူ့အသိစိတ်ပင်လယ်မှာလည်း လှိုင်းထန်လာခဲ့ရသည်။ ရန်ကိုင်၏အသိစိတ်ပင်လယ် အတားအဆီးများမှာလည်း တမုဟုတ်ချည်း ချိုးဖျက်ခံလိုက်ရပြီး အားကောင်းလှသည့်ဓါးလှိုင်းသည် သူ့ဝိဉာဉ်အား လာရောက်ရိုက်ခတ်လေသည်။ ရန်ကိုင်မှာ အထိတ်ထိတ်အလန့်လန့်ဖြစ်သွားခဲ့ပြီး ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်း၏ စွမ်းအားကို ငှားယူလျက် တိုက်ခိုက်မှုကို အသည်းအသန် ခုခံလိုက်လေသည်။ ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ဓါးလှိုင်းနှင့် ခုနှစ်ရောင်စဉ်အလင်းတို့ ထိပ်တိုက်တွေ့သွားခဲ့လေသည်။
ထိုသို့ဖြင့် နှစ်ဖက်လုံးမှာ မျှခြေအခြေအနေတွင် အတန်ကြာအောင် ရှိနေခဲ့ပြီးသည့်နောက် ဓါးလှိုင်းများ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေ၏။
ရန်ကိုင်သည် ကြောက်ကြောက်လန့်လန့်ဖြင့် လင်းယွင်အာဆီသို့ ကမန်းကတမ်း လှမ်းကြည့်လိုက်ရာ ထိုကောင်မလေးသည် လက်သီးကို တင်းတင်းဆုပ်ထားရင်း မျက်လုံးကို ကျယ်ကျယ်ဖွင့်လျက် ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ အစောပိုင်းက သူမရှေ့တွင် ရှိနေသည့်လူများ ပျောက်သွားသည့်အတွက်ကြောင့် ထိုလူများကို လိုက်ရှာနေသည့်ပုံပင်။
(ဒီကောင်မလေးက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ…) အစောပိုင်းက စိတ်စွမ်းအင်တိုက်ခိုက်မှုသည် ရန်ကိုင်တစ်ဦးတည်းကိုသာ ချိန်ရွယ်ခြင်းမဟုတ်။ လင်းယွင်အာကိုလည်း ချိန်ရွယ်ခဲ့ရပေလိမ့်မည်။ သို့သော်ငြား လင်းယွင်အာသည် မည်သည့်ဒဏ်ရာမှ မရရှိခဲ့ရုံမက တိုက်ခိုက်ခံရသည့် အရိပ်အယောင်မျိုးကိုပင် မပြချေ။ ထိုအချက်မှာ အနည်းငယ် ထူးဆန်းနေခဲ့လေသည်။
သူမ၏ကျင့်ကြံခြင်းသည် ရန်ကိုင်နှင့် အဆင့်တူသာ ဖြစ်ပါသော်ငြား လင်းယွင်အာ၏စိတ်စွမ်းအင်သည် သူ့ထက်ပိုအားကောင်းလိမ့်မည်ဟု ရန်ကိုင် မယုံကြည်ချေ။ ရန်ကိုင်၏ဝိဉာဉ်ကို ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းမှ နှစ်ပေါင်းများစွာကြာအောင် အားဖြည့်ပေးလာခဲ့ခြင်း ဖြစ်ပေသည်။ ရှင်းရှင်းပြောရသော် ရန်ကိုင်၏စိတ်စွမ်းအင်သည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ စိတ်စွမ်းအင်နှင့်ပင် ယှဉ်နိုင်နေလေပြီ။ ထို့အတွက်ကြောင့် လင်းယွင်အာ၏ စိတ်စွမ်းအင်မှာ သူ့ထက်အားကောင်းဖို့ရာ လုံးဝမဖြစ်နိုင်ပေ။ သို့တိုင် စိတ်စွမ်းအင်တိုက်ခိုက်မှုကို ကြုံပြီးသည့်နောက် လင်းယွင်အာအနေဖြင့် ယခုကဲ့သို့ အေးအေးဆေးဆေးရှိနေသည်ကို ကြည့်လျှင် ထိုသို့ ဖြစ်ရခြင်းသည် သူမ၏ အထူးခန္ဓာကိုယ်ကြောင့်ဖြစ်လျှင်ဖြစ် မဖြစ်လျှင် သူမတွင်ရှိနေသော အားကောင်းလှသည့် မှော်ရတနာတစ်ခုကြောင့်သာ ဖြစ်ရပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်ကမူ ဒုတိယတစ်ခုမှာ ပို၍ဖြစ်နိုင်သည်ဟု ယုံကြည်နေမိလေသည်။ တိုက်တန်ခွန်အားခန္ဓာကိုယ်၏ သိသာထင်ရှားလှသည့် လက္ခဏာများမှာ ရုပ်ပိုင်းဆိုင်ရာတွင်သာ မူတည်နေပြီး ဝိဉာဉ်ပေါ်တွင် မူတည်နေခြင်းမရှိပေ။
ရန်ကိုင်တွင် ထိုအကြောင်းအရာများကို ထိုင်စဉ်းစားနေရန် အချိန်မရှိ။ ချက်ချင်းပဲ လင်းယွင်အာနားသို့ ရောက်လာပြီးသည့်နောက် သူမအား လှမ်းဖမ်းလျက် လေဟာနယ်နိယာမစွမ်းအားများကို အသက်သွင်းကာ ရပ်နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့လေသည်။
အစီအရင်မှာ ထူးဆန်းပြီး ခန့်မှန်းရခက်လှသည်။ ထို့အတွက်ကြောင့် သူတို့သည်သာ ဤနေရာတွင် ဆက်နေနေမည်ဆိုပါက ဆိုးဆိုးရွားရွားအဆုံးသတ်နှင့် ကြုံသွားရနိုင်ပေသည်။ ထိုအကြောင်းကြောင့် ယခုအချိန်တွင် လုပ်ရန်အကောင်းဆုံးအရာမှာ ထွက်ပြေးရန်သာ ဖြစ်လေသည်။
“ထွက်ပြေးချင်နေတာလား…” အကြီးအကဲချုပ်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ ကောင်းကင်ထက်တွင် ဝဲနေသည့် ဓါးရှည်ကြီးသည် ရုတ်တရက်ဆိုသလို တုန်ခါလာခဲ့ပြီး ဝှစ်ခနဲဟူသော အသံနှင့်အတူ ရန်ကိုင် ရပ်နေခဲ့သော ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားခဲ့လေ၏။
တစ်ခဏအကြာတွင် ရန်ကိုင်နှင့် လင်းယွင်အာတို့ ဒယီးဒယိုင်အမူအယာများဖြင့် ပြန်ပေါ်လာကြသည်။ လင်းယွင်အာသည် ဒေါမာန်တကြီးအမူအယာဖြင့် ဓါးရှည်တစ်ချောင်းကို သူမလက်ထဲတွင် ကိုင်ထားခဲ့လေသည်။
“အခြေအနေမကောင်းပါလား…” ရန်ကိုင်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ သူ၏လေဟာနယ်စွမ်းအင်ကိုပင်လျှင် အသုံးမဝင်အောင် လုပ်နိုင်သည်ကိုကြည့်လျှင် ဤပုံစံကွက်သည် သူထင်ထားသည်ထက်ကို ပို၍ နက်နဲဆန်းကြယ်နေပြီမှန်း ရန်ကိုင် သဘောပေါက်သွားလေသည်။
“လေဟာနယ်နိယာမလား…” အကြီးအကဲချုပ်သည်လည်း အံ့အားသင့်သွားခဲ့သည်။ ပုံမှန်အခြေအနေမျိုးတွင် သူ့အနေဖြင့် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသော ရန်ကိုင်ကို အနိုင်ယူဖို့ရာ မဖြစ်နိုင်ပေ။ သို့သော်ငြား ဓါးပုံစံကွက်ကို ဖန်တီးလိုက်ပြီးသည့်နောက် သူသည် ဓါးပုံစံကွက်၏ ပင်မအူတိုင်ဖြစ်သည့်အတွက်ကြောင့် ဓါးပုံစံကွက်ထဲတွင် ရှိနေသည့် အရာမှန်သမျှကို ထိန်းချုပ်နိုင်ပေသည်။ ထိုသို့ဖြင့် သူသည် ရန်ကိုင် မည်ကဲ့သို့လှုပ်ရှားသွားသလဲ ရန်ကိုင် မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို အလုံးစုံသိနေခဲ့ကာ ရန်ကိုင်အား ဟင်းလင်းပြင်ထဲမှ ပြန်ထွက်လာအောင် တွန်းအားပေးနိုင်ခဲ့ခြင်း ဖြစ်လေသည်။
“ယွင်အာ… နင်ကြောက်လား…” သူ၏ ကောင်းကင်စိတ်အာရုံကို အဆုံးစွန်ထိ ဖြန့်ကျက်ထားသည့်တိုင် လေတိမ်တိုက်စံအိမ်မှလူများ မည်သည့်နေရာတွင် ပုန်းအောင်းနေသလဲဆိုသည်ကို အာရုံခံမရခဲ့ပေ။ သူ့မြင်ကွင်းထဲရှိနေသည့် အရာမှန်သမျှမှာ ဓါးရှည်များ၊ ဓါးစိတ်ဆန္ဒနှင့် ဓါးအရှိန်အဝါတို့သာ ဖြစ်ကြလေသည်။ ထိုအရာများမှလွဲ၍ အခြား ဘာဆိုဘာမှ ရှိမနေခဲ့ပေ။
“မကြောက်ပါဘူး…” လင်းယွင်အာက ပြန်ပြောလိုက်သည်။ ထို့နောက် သူမ၏လက်ကလေးအား တင်းတင်းဆုပ်လိုက်ရာ သူမလက်ထဲတွင်ရှိနေသော ဓါးရှည်မှာ အလင်းစက်လေးများအသွင်သို့ တစ်စစီ ပျက်စီးပျောက်ကွယ်သွားခဲ့လေ၏။ ထိုဓါးမှာ ပုံရိပ်ယောင်ဓါးတစ်ခုသာ ဖြစ်ပါသော်ငြား ဓါးအစီအရင်ထဲတွင်မူ တကယ့်ဓါးအစစ်တစ်ချောင်းနှင့် မခြားပေ။
“ကောင်းတယ်…” ရန်ကိုင်က အော်ရယ်မောလျက် “အဲ့လိုဆိုမှတော့ ဒီအစုတ်ပလုတ်ဓါးပုံစံကွက်ကြီးကို အတူတူဖျက်ဆီးကြတာပေါ့…”
“အရှက်မရှိလာကြွားနေသေးတယ်…” အကြီးအကဲချုပ်က အော်ပြောလိုက်သည်။ “မင်း သေတဲ့ထိရုန်းကန်နေမယ်ဆိုရင်တောင် ဒီဓါးပုံစံကွက်ထဲကနေ ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး…”
အကြီးအကဲချုပ်၏အသံ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် လေထဲတွင် ဝဲနေသည့် မရေမတွက်နိုင်သော ဓါးရှည်များသည် ရုတ်တရက်ဆိုသလို တုန်ခါလာခဲ့ကြပြီး ရန်ကိုင်နှင့်လင်းယွင်အာ ရှိနေရာဆီသို့ ချိန်ရွယ်လာခဲ့ကြလေသည်။
ထိုအချင်းအရာကိုမြင်လိုက်သော် ရန်ကိုင် မျက်နှာပျက်သွားခဲ့လေ၏။ သိပ်သည်းလှသည့် ဓါးစိတ်ဆန္ဒအလုံးစုံသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဘက်ပေါင်းစုံမှ လွှမ်းခြုံလာခဲ့ရာ ရန်ကိုင်မှာ ဧကရာဇ်ချီကိုပင်လျှင် ကောင်းကောင်းမလှည့်ပတ်တော့နိုင် ဖြစ်သွားခဲ့ရလေသည်။
“သေလိုက်ပေတော့…” ထိုအသံထွက်လာသည်နှင့်တစ်ပြိုင်နက် တရွှစ်ရွှစ်မြည်သံများနှင့်အတူ မရေမတွက်နိုင်သော ဓါးရှည်များ ရန်ကိုင်တို့ဆီသို့ တိုးဝင်လာခဲ့ကြလေသည်။ ဓါးသွားတစ်ချောင်းချင်းစီတိုင်းသည် အရာအားလုံးကို ဖြတ်တောက်ပစ်နိုင်လောက်အောင် အားကောင်းလှသည့် ဓါးစိတ်ဆန္ဒကို ထုတ်ဖော်ထားခဲ့ကြပြီး ထိုကဲ့သို့သော ဓါးသွားပေါင်းများစွာသည် ရန်ကိုင်တို့အား ဘက်ပေါင်းစုံမှ ဟာကွက်မရှိ တိုက်ခိုက်လာခဲ့ကြလေရာ ရန်ကိုင်တို့နှစ်ဦးမှာ ပြေးပေါက်ပိတ်သွားရတော့လေသည်။
“ယွင်အာ… ခေါင်းငုံ့နေ…” ရန်ကိုင်က အော်ပြောလိုက်သည်။
လင်းယွင်အာသည် တစ်ချက်ကလေးမျှပင် စဉ်းစားမနေခဲ့ပဲ ချက်ချင်း ကျုံ့ကျုံ့လေးထိုင်လိုက်ပြီး သူမ၏ခေါင်းကို လက်ဖြင့် အုပ်ကာထားလိုက်လေသည်။
“နဂါးအသွင်ပြောင်းလဲခြင်း…” ရန်ကိုင်က မာန်သွင်းအော်ပြောလိုက်သည်။ ကျယ်လောင်သည့်နဂါးဟိန်းသံ ထွက်ပေါ်လာသည့်အခါတွင် ဓါးပုံစံကွက် အနည်းငယ် တုန်ခါသွားခဲ့လေသည်။ ထို့နောက်တွင် တဂျွတ်ဂျွတ်မြည်သံများနှင့်အတူ ရန်ကိုင်၏ခန္ဓာကိုယ်ကြီးသည် လေးဆယ့်ငါးမီတာခန့် အမြင့်ရှိသော ဘီလူးကြီးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ နဂါးချိုနှစ်ချောင်းသည် ရန်ကိုင်၏နဖူးမှ ထွက်လာပြီး ရန်ကိုင်၏ လက်နှစ်ဖက်လုံးသည် နဂါးလက်သည်းများအသွင်သို့ ပြောင်းလဲသွားခဲ့ကြလေသည်။ နဂါးအကြေးခွံများမှာလည်း သူ့ခန္ဓာကိုယ်တစ်လျှောက်တွင် ထွက်ပေါ်လာလေ၏။ ထို့နောက်တွင် ရန်ကိုင်သည် ခါးကိုကုန်းလျက် လင်းယွင်အာကို သူ့ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးထားလိုက်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၀၃)
ဘာသာပြန်သူ_တိမ်တိုက်
“ဘုန်း… ဘုန်း… ဘုန်း…”
မြောက်မြားလှစွာသော ဓါးသွားပေါင်းများစွာသည် ရန်ကိုင်၏ခန္ဓာကိုယ်ကို လာရောက်ထိမှန်ပြီး ပေါက်ကွဲထွက်ကုန်ကြလေသည်။ လေးဆယ့်ငါးမီတာခန့် အမြင့်ရှိသော ရန်ကိုင်၏ခန္ဓာကိုယ်ကြီးမှာလည်း မရေမတွက်နိုင်သော ဓါးချက်များကြောင့် အချိန်မရွေး ပြိုလဲတော့မည့်အလား ယိမ်းထိုးလာခဲ့လေ၏။
ဓါးချက်များကို တောင့်ခံနေရင်း ရန်ကိုင်၏မျက်နှာကြီးမှာ ရှုံ့မဲ့နေခဲ့လေသည်။ နောက်ဆုံးတွင် ဓါးချက်များကြောင့် သူ့ခန္ဓာကိုယ်မှ သွေးများ စတင်စီးကျလာခဲ့လေ၏။ မူလကတည်းက နဂါးတစ်ပိုင်းပုံစံ ပြောင်းသွားသည့် အတွက်ကြောင့် အတော်လေး ကြောက်မက်ဖွယ်ကောင်းလှသည့် ရန်ကိုင်၏ မျက်နှာကြီးသည် နာကျင်မှုကြောင့် ရှုံ့မဲ့နေလိုက်သည့်နောက် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသွားတော့လေသည်။ ဒဏ်ရာရနေပြီဖြစ်သည့်တိုင် ရန်ကိုင်သည် သူ့ခန္ဓာကိုယ်ကို ဘောလုံးသဖွယ် ကွေးထားရင်းမှ လင်းယွင်အာအား ဆက်လက်ကာကွယ်ပေးထားသေး၏။
“ဦးလေးရန်…” လင်းယွင်အာသည် ခေါင်းမော့၍ကြည့်လိုက်ရာ ရန်ကိုင်၏ပုံစံကို မြင်ပြီးသည့်နောက် အံ့အားသင့်သွားခဲ့လေသည်။ မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်သည် ဤမျှပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော်ငြား ရန်ကိုင်မှ မြောက်မြားလှစွာသော ဓါးသွားများ၏ တိုက်ခိုက်မှုကို သူ့ခန္ဓာကိုယ်ဖြင့် ခုခံရင်း သူမအား ကာကွယ်ပေးနေကြောင်း သိလိုက်သော် လင်းယွင်အား မျက်လုံးလေးများ ရဲတက်လာတော့လေသည်။
ရန်ကိုင်က ပြုံးဖြီးလျက် “ဒါကို အရင့်တောင့်ခံထားကြတာပေါ့… ပြီးတော့မှ အဲ့ကောင်တွေနဲ့ စာရင်းရှင်းရမယ်…”
လင်းယွင်အာကလည်း ခက်ထန်ကြမ်းကြုတ်သည့် အမူအယာဖြင့် ခေါင်းညိတ်လိုက်လေသည်။
မရေမတွက်နိုင်သော ဓါးမိုးများသည် ရန်ကိုင်အပေါ်သို့ အတန်ကြာအောင် ရွာကျနေပြီးသည့်နောက် ရပ်တန့်သွားခဲ့လေ၏။
“ဘာကြီးလဲဟ…” အကြီးအကဲချုပ်၏ အံ့အားသင့်နေသည့်အသံ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်သည် ဓါးစီရင်ကွက်၏ တိုက်ခိုက်မှုကို ခုခံပြီးသည့်နောက် အသက်ရှင်နေဦးမည်ဟု မျှော်လင့်ထားခြင်းမရှိသည့်အတွက်ကြောင့် အကြီးအကဲချုပ်မှာ ပြောစရာစကားမရှိအောင်ကို အံ့အားသင့်နေခဲ့လေသည်။ ယခုတစ်ကြိမ် ထုတ်သုံးထားသော ယင်ယန်ဓာတ်ကြီးငါးပါးပြောင်းလဲခြင်းဓါးပုံစံကွက်ကို ရာနှင့်ချီသော လူပေါင်းများစွာ အတူပူးပေါင်း၍ ဖွဲ့စည်းထားရုံသာလျှင်မဟုတ် ဧကရာဇ်ဒုတိယအဆင့်သို့ရောက်နေသော သူကိုယ်တိုင်ကလည်း အစီအရင်၏ ပင်မအူတိုင်အဖြစ် တာဝန်ယူထားခဲ့သည်။ တစ်ချိန်တည်းတွင် သူ့၌ ဧကရာဇ်ပထမအဆင့်သို့ ရောက်နေသော ပညာရှင်ခြောက်ဦး၏ အထောက်အပံ့ရှိနေသည့်အပြင် ကျန်လူအားလုံးမှာလည်း တာအိုသခင်တတိယအဆင့်သို့ ရောက်နေသည့် သူများချည်းသာ ဖြစ်ကြသည်။ ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးသည်ပင်လျှင် ထိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရမည်ဆိုပါက အလောင်းပင်ကျန်ရစ်ခြင်းမရှိဘဲ သေသွားရပေလိမ့်မည်။
(သူဘယ်လို အသက်ရှင်နေသေးတာလဲ… ပြီးတော့ သူ့ပုံစံက ဘာဖြစ်လို့ ဒီလောက်တောင် ပြောင်းသွားရတာလဲ… ချိုနှစ်ချောင်းလည်း ထွက်နေတယ်… လက်တွေကလည်း လက်သည်းကြီးတွေ ဖြစ်နေတယ်… တစ်ကိုယ်လုံးမှာလည်း အကြေးခွံတွေနဲ့… ဘယ်လိုမွန်းစတားကောင်ကြီးလဲဟ…) အကြီးအကဲချုပ်မှာ စကားပင်မပြောနိုင်လောက်အောင်ကို ထိတ်လန့်နေခဲ့လေသည်။ သို့သော်ငြား အကြာကြီး ထိတ်လန့်နေခြင်း မရှိဘဲ ဓါးပုံစံကွက်၏စွမ်းအားကို နောက်တစ်ကြိမ် အမြန် အသက်သွင်းလိုက်သည်။
မြောက်မြားလှစွာသော ဓါးများကို အသုံးပြုပြီးသည့်နောက်တွင် ဓါးပုံစံကွက်ထဲ ဓါးသွားများစွာ ကျန်ရစ်ခြင်း မရှိတော့ချေ။ သို့သော်ငြား အရွယ်အစားနှင့် အရှိန်အဝါ တူညီခြင်းမရှိကြသော ဓါးပေါင်းများစွာသည် ဓါးပုံစံကွက်ထဲ တဖြည်းဖြည်းချင်း ပြန်လည်ဖြစ်ပေါ်လာနေခဲ့လေသည်။ မသိလျှင် ဤဓါးပုံစံကွက်ထဲ၌ မရေမတွက်နိုင်အောင် များပြားလှသော ဓါးများ ရှိနေသည့်အလား။ ဓါးများသည် တကယ်အစစ်ဟုတ်မဟုတ် မသေချာပါသော်ငြား ဓါးတစ်ချောင်းစီတိုင်းသည် အားကောင်းလှသည့် ဓါးချီကို ထုတ်လွှတ်နေကြလေသည်။
ဓါးများ အသစ်တစ်ဖန် ဖြစ်ပေါ်လာနေသည်ကိုမြင်သော် ရန်ကိုင်၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး စိုးရိမ်တကြီးဖြင့် ကောင်းကင်စိတ်အာရုံကို အလျင်စလို ဖြန့်ကျက်လိုက်လေသည်။
(ဒီဓါးပုံစံခွက်ထဲမှာသာ ဆက်ပြီး ပိတ်မိနေဦးမယ်ဆိုလို့ရှိရင် ယွင်အာနဲ့ငါ တဖြည်းဖြည်းနဲ့ အားကုန်ပြီးတော့ သေသွားရလိမ့်မယ်… ဒါကိုဖျက်ဆီးရင်ဖျက်ဆီး မဖျက်ဆီးရင် ဒီထဲကနေထွက်ပြေးနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာမှပဲရတော့မယ်…) လက်ရှိအချိန်တွင် ရန်ကိုင်တို့နှစ်ဦးသည် ရန်သူပေါင်းများစွာနှင့် ရင်ဆိုင်နေရခြင်းဖြစ်လေသည်။ ထို့အပြင် သူတို့၏ရန်သူများသည် အားကောင်းလှသော ပုံစံကွက်တစ်ခုကို အားကိုး၍ တိုက်ခိုက်နေကြခြင်းလည်း ဖြစ်သည်။ သို့သော်ငြား ရန်ကိုင်တို့မှာတော့ နှစ်ဦးတည်းသာ ရှိပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်တို့နှစ်ဦးသည် ထိုလူပေါင်းများစွာ၏တိုက်ခိုက်မှုကို အတန်ကြာအောင် ခုခံနိုင်မည်ဆိုသည့်တိုင် တစ်သက်လုံးခုခံနိုင်နေလိမ့်မည်မဟုတ်ချေ။
ကံမကောင်းစွာဖြင့် ရန်ကိုင်၏ကောင်းကင်စိတ်အာရုံသည် ဤပုံစံကွက်၏ မည်သည့်ဟာကွက်ကိုမှ ရှာတွေ့နိုင်ခဲ့ခြင်းမရှိခဲ့။ ထို့အပြင် ရန်ကိုင်သည် အစီအရင်များအကြောင်းကိုလည်း မသိပေ။ (နန်မန်တကျွင်းသာ ဒီမှာရှိမယ်ဆိုရင် ငါ့ကို အကြံနည်းနည်းပါးပါး ပေးတတ်မှာ…)
ရန်ကိုင် မျက်မှောင်ကြီးကြုတ်နေစဉ် လင်းယွင်အာက ဒေါမာန်တကြီးဖြင့် ပြောလိုက်သည်။ “ဦးလေးရန်… ကျွန်မကို အချိန်နည်းနည်းလောက်ဆွဲထားပေး…”
လင်းယွင်အာသည် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးပါသော်ငြား အမြဲလိုလို တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့လေသည်။ သူ့ပုံစံသည် လူသတ်လိုက်ရသည့် ပုံစံမျိုးမဟုတ်ဘဲ တွေ့ကရာကျောက်တုံးတစ်တုံးကို ကန်ထုတ်လိုက်ရသည့် ပုံစံမျိုးသာ ဖြစ်လေသည်။ ထို့အပြင် အခြားလူများမှ ခြုံခိုတိုက်ခိုက်လာသည်ကို ကြုံခဲ့ရသည့်အခါမျိုးတွင်လည်း ဒေါသထွက်ခြင်းမရှိပေ။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ သူမ အမှန်တကယ် ဒေါသထွက်သွားခဲ့လေပြီ။ ဦးလေးရန်သည် သူမကို ကာကွယ်ရန်အတွက် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားလေရာ လင်းယွင်အာဒေါသထွက်သည်မှာလည်း အဆန်းတော့မဟုတ်ချေ။
လင်းယွင်အာ၏စကားကို ကြားပြီးသည့်နောက် ရန်ကိုင်ကြောင်သွားခဲ့လေသည်။ “နင် ဒီပုံစံကွက်ကို ဖျက်ဆီးနိုင်တာလား…”
လင်းယွင်အာက ပြန်ပြောလိုက်သည်။ “ကျွန်မမှာ ဝှက်ဖဲတစ်ခုရှိတယ်… အဲ့ဝှက်ဖဲနဲ့ဆိုရင် ဒီပုံစံကွက်ကို ဖျက်ဆီးပစ်နိုင်လောက်တယ်…”
“ကောင်းပြီ…” ရန်ကိုင် ဝမ်းသာအားရ ဖြစ်သွားလေသည်။ “အဲ့ဒါဆို လုပ်သာလုပ်… ငါ နင့်အတွက် အချိန်ဆွဲထားပေးမယ်…”
“အင်း…” လင်းယွင်အာသည် ချက်ချင်း တင်ပလင်ခွေထိုင်ချလိုက်ပြီးသည့်နောက် မျက်လုံးကိုပိတ်ကာ လက်တစ်ဖက်ကို ဝမ်းဗိုက်ပေါ်တွင်တင်၍ ကျန်လက်တစ်ဖက်ဖြင့် ထူးဆန်းသောချိပ်စည်းတစ်ခုကို ထုတ်ဖော်လိုက်လေသည်။ တစ်ချိန်တည်းတွင် သူမဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာလည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေ၏။
လင်းယွင်အာ ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း ရန်ကိုင်မသိပေ။ သို့သော်ငြား လင်းယွင်အာကိုယ်တိုင်က ဤကဲ့သို့ ပြောလာသည့်အတွက်ကြောင့် ရန်ကိုင်လည်း သူမအတွက် အချိန်ဆွဲပေးရုံသာ ရှိတော့လေသည်။ ထို့အပြင် ရန်ကိုင်တွင် ဤပုံစံကွက်အား ဖျက်ဆီးနိုင်မည့်နည်းလမ်း ရှိမနေခဲ့ပေ။ ထိုအကြောင်းကြောင့် လင်းယွင်အာကိုသာ ကြိုးစားကြည့်ခိုင်းရပေလိမ့်မည်။ လင်းယွင်အာ မအောင်မြင်မှသာလျှင် နောက်ထပ်နည်းလမ်းတစ်ခုကို စဉ်းစားရပေမည်။
“မင်းတို့ကောင်တွေက ငါတို့ပုံစံကွက်ကို ဖျက်ဆီးနိုင်မယ်လို့ ထင်နေတယ်ပေါ့… တကယ်ကို သွေးနားထင်ရောက်နေတဲ့ကောင်တွေပါလားကွ…” အကြီးအကဲချုပ်၏အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်တို့နှစ်ဦး ပြောနေသည်ကို အကြီးအကဲချုပ် ကြားလိုက်ရပေသည်။ ထို့ကြောင့်ပင်လျှင် ယခုကဲ့သို့ ပြန်ပြောလာခဲ့ခြင်း ဖြစ်ပေသည်။
(ယင်ယန်ဓာတ်ကြီးငါးပါးပြောင်းလဲခြင်းဓါးပုံစံကွက်သာ ဒီလောက်ဖျက်ဆီးဖို့ လွယ်နေလို့ရှိရင် လေတိမ်တိုက်စံအိမ်ရဲ့ ဝှက်ဖဲ ဖြစ်နေတော့မှာမဟုတ်ဘူး… လေတိမ်တိုက်စံအိမ်ကိုလည်း ပျက်စီးမယ့်ဘေးကနေ အကြိမ်ကြိမ် ကယ်တင်နိုင်ခဲ့မှာမဟုတ်ဘူး… မင်းတို့နှစ်ကောင် အစီအရင်အကြောင်း သိနေမယ်ဆိုရင်တောင် ဒီအစီအရင်ရဲ့ဟာကွက်တွေကို ခဏလေးနဲ့ ရှာနိုင်မှာမဟုတ်ဘူးကွ…)
ထိုသို့တွေးနေရင်းမှ အကြီးအကဲချုပ်က ထပ်၍ အော်ပြောလိုက်သည်။ “ပိုင်းချလိုက်စမ်း…”
ဓါးလှိုင်းတစ်လှိုင်းသည် သတိမပေးဘာမပေးဖြင့် လင်းယွင်အာအား ခုတ်ပိုင်းချလာခဲ့လေသည်။ ဓါးလှိုင်းသည် မီတာပေါင်းများစွာ ရှည်လျားပြီး ဓါးလှိုင်းဖြတ်သန်းသွားရာလမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော ဟင်းလင်းပြင်တစ်လျှောက်တွင် အက်ရာများ ဖြစ်ပေါ်လာခဲ့ရသည်။ ထိုတိုက်ခိုက်မှုသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ စွမ်းအားကုန်သုံး တိုက်ခိုက်မှုနှင့်ပင် ယှဉ်ပြိုင်နိုင်ပေသည်။
ရန်ကိုင်သည် သူ၏ခန္ဓာကိုယ်ကြီးဖြင့် လင်းယွင်အာနှင့် ဓါးလှိုင်းကြား ပိတ်ရပ်လျက် တိုးဝင်လာနေသည့် ဓါးလှိုင်းတည့်တည့်သို့ လက်သီးဖြင့် ထိုးချလိုက်လေသည်။
ပေါက်ကွဲသံကြီးနှင့်အတူ ဓါးလှိုင်း ပျောက်ကွယ်သွားခဲ့လေသည်။ ရန်ကိုင်မှာတော့ နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ရလေ၏။ ဓါးလှိုင်းအား သွားထိုးလိုက်သည့် သူ့လက်သီးထက်တွင်မူ သွေးများ စီးကျနေသည့် ဒဏ်ရာတစ်ခု ရှိနေခဲ့လေသည်။
“ကောင်းလိုက်တဲ့ ရုပ်ခွန်အားပါလား…” အကြီးအကဲချုပ် အံ့အားသင့်နေခဲ့သည်။ ရန်ကိုင် မည်ကဲ့သို့သော ပညာရပ်မျိုးကို ထုတ်သုံး၍ ယခုကဲ့သို့ အသွင်ပြောင်းလိုက်သလဲဆိုသည်ကို သူမသိပါသော်ငြား ဓါးပုံစံကွက်၏တိုက်ခိုက်မှုကို သူ့ခန္ဓာကိုယ်သက်သက်နှင့် ခုခံနိုင်သည်မှာတော့ အတော်လေးကိုမှ အထင်ကြီးဖွယ်ကောင်းလှပေသည်။ သို့တိုင် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “မင်း ဘယ်လောက်ခုခံနိုင်မလဲ ကြည့်ရသေးတာပေါ့…”
“ပိုင်းလိုက်စမ်း”
“ပိုင်းလိုက်စမ်း”
“ပိုင်းလိုက်စမ်း”
ဓါးလှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း ဖြစ်ပေါ်လာခဲ့သည်။ ဤဓါးလှိုင်းများသည် အစောပိုင်းက ရန်ကိုင်ကြုံခဲ့ရသည့် ဓါးမိုးများနှင့် မတူပေ။ ဓါးမိုးများထဲတွင် တည်ရှိနေသော ဓါးသွားများသည် တစ်ချောင်းချင်းစီ၏ခွန်အားကိုသာ ပိုင်ဆိုင်ထားကြပေသည်။ သို့သော်ငြား ဤဓါးလှိုင်းမှာမူ အမျိုးမျိုးသောဓါးစွမ်းအင်များကို စုဖောင်း၍ ထုတ်ဖော်ထားသည့် တိုက်ကွက်တစ်ခု ဖြစ်သည့်အတွက်ကြောင့် ဓါးမိုးနှင့်ယှဉ်လိုက်သော် အများကြီး ပို၍ အားကောင်းလေ၏။
ရန်ကိုင်သည် တိုးဝင်လာနေသည့် ဓါးလှိုင်းများကို သူ့လက်သီးဖြင့် တစ်ချက်ပြီးတစ်ချက် ချေဖျက် ဖျက်ဆီးပစ်နေခဲ့လေသည်။ ဓါးလှိုင်းတစ်လှိုင်းကို ရင်ဆိုင်ပြီးသည့်တိုင် ရန်ကိုင်မှာ နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ရပြီး သူ့လက်သီးထက်တွင်လည်း ပြတ်ရှရာများ ဖြစ်ပေါ်လာခဲ့ရလေသည်။
နောက်ဆုံးဓါးလှိုင်း သူ့ဆီသို့ တိုးဝင်လာနေသည့်အချိန်တွင်တော့ ရန်ကိုင်၏လက်သီးတစ်ခုလုံးမှာ စုတ်ပြတ်နေခဲ့လေပြီ။ သူ့လက်သီးတစ်ခုလုံးကို လွှမ်းခြုံထားသည့် နဂါးအကြေးခွံများမှာလည်း လုံးဝကို အက်ကွဲနေကုန်လေ၏။ သို့တိုင် ရန်ကိုင်သည် အံကိုတင်းတင်းကြိတ်၍ နောက်မဆုတ်တမ်း တိုးဝင်လာနေသည့် ဓါးလှိုင်းကို ဆက်လက် ခုခံနေခဲ့လေသည်။
ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ တိုးဝင်လာနေသည့်ဓါးလှိုင်း ရန်ကိုင်အား ခုတ်ပိုင်းချလာခဲ့လေသည်။ ထိုတိုက်ခိုက်မှုသည် ရန်ကိုင်၏ခေါင်းထဲသို့ တစ်တောင်ခန့်စာမျှ နစ်ဝင်သွားခဲ့လေသည်။ ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရပြီးသည့်နောက်တွင် ရန်ကိုင်၏ခန္ဓာကိုယ်မှာ ယခင်ကထက်ပို၍ အရွယ်အစား သေးသွားခဲ့ပြီး သွေးများမှာလည်း သူ့ပါးပြင်တစ်လျှောက် ဒရဟော စီးကျလာခဲ့လေ၏။
“ဟူး…” အကြီးအကဲချုပ် သက်ပြင်းရှိုက်လိုက်လေသည်။ သူ့ရင်ထဲ အတော်လေးကိုမှ ထိတ်လန့်တုန်လှုပ်နေမိလေသည်။ (ဒီလိုတိုက်ခိုက်မှုကို ရင်ဆိုင်ရပြီးတာတောင် ဒီကောင် ဘယ်လို အသက်ရှင်နေနိုင်သေးတာလဲ… သူ့ခန္ဓာကိုယ်က ဘာဖြစ်လို့များ ဒီလောက်တောင် အားကောင်းနေရတာလဲဟ… ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးတောင် ဒီလိုတိုက်ခိုက်မှုကို ရင်ဆိုင်ရပြီးသွားရင် အသက်ပျောက်နေလောက်ပြီ။ အဲ့ဒါကို ဒီကောင်က အသက်ရှင်နေသေးတယ်ဆိုတော့ ဟုတ်တော့မဟုတ်သေးဘူးဟ…)
ထိုအတွေး သူ့ခေါင်းထဲ ပေါ်လာပြီးသည့်နောက်တွင် အကြီးအကဲချုပ်သည် ဧရာမဓါးလှိုင်းတစ်လှိုင်းကို ရန်ကိုင်ဆီသို့ ပစ်လွှတ်လိုက်လေသည်။ တစ်ချိန်တည်းတွင် အခြားသောဓါးလှိုင်းတစ်လှိုင်းကိုလည်း လင်းယွင်အာဆီသို့ မသိမသာလေး ပစ်လွှတ်လိုက်လေ၏။ သူ့အနေဖြင့် ဤကောင်လေးကို မသတ်နိုင်လျှင်ပင် ဤကလေးမလေးကိုတော့ သတ်ပစ်ရပေလိမ့်မည်။
သို့သော်ငြား ထိုဓါးလှိုင်းနှစ်လှိုင်းကို ထုတ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် အကြီးအကဲချုပ်မှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရလေသည်။ ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ သူ့အား အလွန်တရာကိုမှ အားကောင်းလှသော လူတစ်ဦးမှ ပစ်မှတ်ထားနေသလို ခံစားလိုက်ရသည်။ ထိုကြောက်မက်ဖွယ်ရာခံစားချက်သည် သူ့အသက်အား အချိန်မရွေး နှုတ်ယူသွားနိုင်သည် ဟူသော ခံစားချက်မျိုးကို အကြီးအကဲချုပ်အား ရနေစေခဲ့လေသည်။
“ဘယ်သူလဲ…” အကြီးအကဲချုပ်က အလန့်တကြား ထအော်လေ၏။ သို့သော်ငြား မည်သည့်တုံ့ပြန်သံမှ မကြားရချေ။ ထူးဆန်းစွာပင် အစောပိုင်းက သူခံစားခဲ့ရသော ခံစားချက်မှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။
ဤအဖြစ်အပျက်ကြောင့် အကြီးအကဲချုပ်မှာ အစောပိုင်းက သူခံစားလိုက်ရသော ခံစားချက်သည် သူ့စိတ်ထင်သက်သက်များ ဖြစ်နေလေသလားဟု တွေးရင်း မျက်မှောင်ကြီး ကြုတ်သွားတော့၏။
လက်ရှိအချိန်တွင် အကြီးအကဲချုပ်သည် ယင်ယန်ဓာတ်ကြီးငါးပါးပြောင်းလဲခြင်း ဓါးပုံစံကွက်၏ ပင်မအူတိုင်အဖြစ် တာဝန်ယူထားခြင်း ဖြစ်လေသည်။ ထို့အပြင် ဤအစီအရင်ကို ရာနှင့်ချီသော တပည့်ပေါင်းများစွာ အတူပူးပေါင်း၍ ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက်ကြောင့် တစ်စုံတစ်ဦးသည်သာ သူ့အား အန္တရာယ်ပေးလိုသည်ဆိုလျှင် သူ့ခန္ဓာကိုယ်ကို မရှာနိုင်ခင် ဓါးပုံစံကွက်ကို အရင်ဦးစွာ ဖျက်ဆီးရပေလိမ့်မည်။
(ဒီတော့ အစောပိုင်းက ငါခံစားမိလိုက်တဲ့ သတ်ဖြတ်လိုစိတ်က စိတ်ထင်သက်သက်ပဲပေါ့…)
ထိုအချိန်အတောအတွင်း သူပစ်လွှတ်လိုက်သည့်ဓါးလှိုင်းသည် ရန်ကိုင်နှင့် လင်းယွင်အာဆီသို့ တန်းတန်းမတ်မတ် တိုးဝင်သွားခဲ့လေသည်။ လင်းယွင်အာမှာတော့ သူမဆီသို့ တိုးဝင်လာနေသော အန္တရာယ်ကို သတိမမူသည့်အလား မလှုပ်မယှက်သာ ထိုင်နေခဲ့လေသည်။
(ဘယ်လိုဝှက်ဖဲကိုသုံးဖို့လုပ်နေလို့ ဒီလောက်တောင် အချိန်ယူနေရတာလဲ…) ထိုသို့တွေးနေရင်းမှ ရန်ကိုင်သည် လင်းယွင်အာ၏ဆရာမှာ တကယ်ကို အားမကိုးရဟု ကြိတ်ကာ အပြစ်တင်နေခဲ့လေသည်။ (ဝှက်ဖဲကို ထုတ်သုံးဖို့ ဒီလောက်အချိန်ယူနေရရင် ဘယ်လောက်ပဲအားကောင်းကောင်း ဘာမှမထူးတော့ဘူး… သေရေးရှင်ရေးအခြေအနေမျိုးမှာ ဘယ်သူက သူ့ဝှက်ဖဲကို ထုတ်သုံးနိုင်အောင် သူ့ကိုအချိန်ပေးမှာလဲ…)
ရန်ကိုင်သည် အကြီးအကဲချုပ်၏တိုက်ခိုက်မှုများကို ထိပ်တိုက်ရင်ဆိုင်နေပါသော်ငြား လင်းယွင်အာ၏အခြေအနေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်နေပေသည်။ ထို့အတွက်ကြောင့် အကြီးအကဲမှ မသိမသာလေး ပစ်လွှတ်လိုက်သည့်ဓါးလှိုင်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုဓါးလှိုင်းကို ချက်ချင်း သတိထားမိသွားခဲ့သည်။ ရွေးစရာမရှိတော့သည့်အတွက်ကြောင့် ရန်ကိုင်လည်း တောင်နဲ့မြစ်ခေါင်းလောင်းကို ထုတ်သုံးရတော့လေသည်။
ကလေးစရာအရွယ်လောက်သာရှိသော တောင်နဲ့မြစ်ခေါင်းလောင်းသည် ရန်ကိုင်၏လက်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။ သို့သော်ငြား ပေါ်လာပြီးသွားသည်နှင့်တစ်ပြိုင်နက် ခေါင်းလောင်းသည် အဆက်မပြတ် လည်ပတ်လာခဲ့ပြီး အရွယ်အစား တဖြည်းဖြည်း ကြီးမားလာခဲ့လေ၏။ ထို့နောက်တွင် လင်းယွင်အာ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်လိုက်လေသည်။ ထိုအကြောင်းကြောင့် လင်းယွင်အာဆီသို့ တိုးဝင်လာနေသော ဓါးလှိုင်းမှာလည်း လင်းယွင်အာဆီသို့ မရောက်နိုင်တော့ဘဲ ခေါင်းလောင်းမျက်နှာပြင်ကို သွားရောက်ထိမှန်လေ၏။
“ဒါက…” အကြီးအကဲ ထပ်မံ၍ ထိတ်လန့်သွားရပြန်လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းအား စိုက်ကြည့်နေသည့် အကြီးအကဲချုပ်၏မျက်လုံးထဲ ထူးဆန်းသည့်အရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ ဤမှော်ရတနာ မည်မျှနက်နဲဆန်းကြယ်ကြောင်းကို သူခံစားမိပေသည်။ ခေါင်းလောင်းဆီမှ ဖြာထွက်နေသည့် အရှိန်အဝါသည် အလွန်ကိုမှ ရှေးကျလှသလို အားလည်းကောင်းလှသည်။
“ရှေးဟောင်းမှော်ရတနာလား…” ထိုသို့အော်ဟစ်လိုက်ပြီးသည့်နောက် အကြီးအကဲချုပ်၏မျက်လုံးထဲ လောဘရိပ်တို့ ပြည့်နှက်လာခဲ့လေသည်။ ဤကောင်လေးတွင် ဤမျှ အဖိုးတန်လှသည်ဟု ရတနာတစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားသည့်အတွက်ကြောင့် အကြီးအကဲမှာ ဝါးလုံးကွဲအော်ရယ်ပစ်ချင်စိတ်များပင် ဖြစ်ပေါ်လာခဲ့ရသည်။
အကြီးအကဲချုပ်သည် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးဖြစ်ကာ သူ့တွင် ကိုယ်ပိုင်ဧကရာဇ်အဆင့်မှော်ရတနာ ရှိနေပါသော်ငြား ဧကရာဇ်အဆင့်မှော်ရတနာနှင့် ရှေးဟောင်းမှော်ရတနာများမှာ လုံးဝ မတူကွဲပြားသည့်အရာများ ဖြစ်ကြပေသည်။ ရှေးဟောင်းမှော်ရတနာများသည် အလွန်တရာကိုမှ ရှားပါးလှပြီး မယုံကြည်နိုင်လောက်အောင်ကို အားကောင်းကြသည်။ သူသာ ထိုကဲ့သို့သော မှော်ရတနာတစ်ခုကို ရလိုက်မည်ဆိုပါက သူ့ခွန်အားကို တိုးတက်အောင်လုပ်ရာတွင် အလွန်ကိုမှ အကူအညီ ဖြစ်စေပေလိမ့်မည်။
ထို့အတွက်ကြောင့် ခေါင်းလောင်းကိုကြည့်နေရင်းမှ အကြီးအကဲချုပ်သည် ဤခေါင်းလောင်းကို မရရအောင် ယူရမည်ဟု စိတ်ထဲ သံဓိဌာန်ချလိုက်လေသည်။ ဧကရာဇ်ပထမအဆင့်သာရှိသေးသော လူငယ်လေးသည် မည်ကဲ့သို့များ ဤကဲ့သို့သော ရတနာမျိုးကို ပိုင်ဆိုင်ထားရလေသနည်း။ ထိုကဲ့သို့သောရတနာမျိုးကို ဤကောင်လေး၏လက်ထဲ ထည့်ထားလိုက်ခြင်းသည် ဖြုန်းတီးခြင်းသာ ဖြစ်လေသည်။
သူသာ ဤရှေးဟောင်းမှော်ရတနာကို ရလိုက်မည်ဆိုပါက ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးကိုပင်လျှင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပေလိမ့်မည်။
အကြီးအကဲချုပ်မှာ လောဘစိတ်ငယ်ထိပ်ရောက်ကာ အတွေးများနေစဉ် ရန်ကိုင်သည် မျက်နှာပေါ်တွင် ပေကျံနေသော သွေးများကို လက်ဖြင့် သုတ်ချလိုက်ကာ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက်လေ၏။ ထို့နောက် အေးစက်စက်အရိပ်အယောင်အချို့ သူ့မျက်လုံးထဲ ဖြတ်ပြေးသွားခဲ့လေသည်။
ဖြစ်သာဖြစ်နိုင်လျှင် ရန်ကိုင်အနေဖြင့် တောင်နဲ့မြစ်ခေါင်းလောင်းကို ထုတ်မသုံးချင်ပေ။ အကြောင်းမှာ တောင်နဲ့မြစ်ခေါင်းလောင်း၏ ဖိနှိပ်နိုင်စွမ်းသည် အလွန်ကိုမှ အားကောင်းလှသည့် အတွက်ကြောင့်ပင်။ တောင်နဲ့မြစ်ခေါင်းလောင်း၏ ကာကွယ်မှုကို ရရှိလိုက်သည့်နောက် လင်းယွင်အာ၏လုံခြုံရေးနှင့်ပတ်သက်၍ စိတ်ပူစရာမလိုတော့ပါသော်ငြား တောင်နဲ့မြစ်ခေါင်းလောင်း၏ ဖိနှိပ်သည့်စွမ်းရည်သည် လင်းယွင်အာအား အနှောင့်အယှက် ဖြစ်သွားစေနိုင်ပေသည်။ ထိုသို့သာဖြစ်သွားမည်ဆိုလျှင် လင်းယွင်အာသည် သူမ လက်ရှိထုတ်သုံးနေသော ပညာရပ်ကို ကောင်းမွန်စွာ ထုတ်သုံးနိုင်တော့လိမ့်မည်မဟုတ်။
ကံမကောင်းစွာဖြင့် လက်ရှိအခြေအနေ၌ သူလုပ်နိုင်သည့်အရာ ဘာဆိုဘာမျှ ရှိမနေခဲ့ပေ။ ရန်ကိုင်စိတ်ထဲ တောင်နဲ့မြစ်ခေါင်းလောင်း၏ ဖိနှိပ်သည့်စွမ်းရည်သည် လင်းယွင်အာအပေါ် သက်ရောက်မှုမရှိပါစေနှင့်ဟု ကြိတ်၍ဆုတောင်းနေရုံသာ တတ်နိုင်ခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် တောင်နဲ့မြစ်ခေါင်းလောင်း၏စွမ်းအားကို တတ်နိုင်သမျှ အားပျော့အောင် လုပ်ထားခဲ့လေ၏။
“အခုမှပဲ စိတ်ကြိုက် တိုက်ခိုက်လို့ရတော့တယ်… ခွေးအိုကြီး… ခင်ဗျား လွတ်အောင်ပုန်းနေနော်… ကျုပ် ခင်ဗျားကို မမိစေနဲ့… မဟုတ်ရင်တော့ ကျုပ် ခင်ဗျားကို အရှင်လတ်လတ် အရေခွံနွှာမှာ…” ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ကို အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်ရင်းမှ ပြောလိုက်လေသည်။
“ခွေးကောင်လေး… သိပ်ပြီးတော့ မာန်တက်မနေနဲ့ကွ…” အကြီးအကဲချုပ်က ဒေါမာန်တကြီးဖြင့် ပြန်အော်ပြောလိုက်လေသည်။ သူ့မာနတရားမှာ စော်ကားခံနေရသည်ဟု အကြီးအကဲချုပ် ခံစားနေရလေသည်။ လက်ရှိအချိန်တွင် အကြီးအကဲချုပ်သည် ရာနှင့်ချီသောလူများမှ အတူတကွ ပူးပေါင်းဖွဲ့စည်းထားသော ဓါးပုံစံကွက်ကို ဦးဆောင်နေသည့်လူတစ်ဦး ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ယေဘုယျကျကျပြောရလျှင် သူ့အနေဖြင့် ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော ရန်ကိုင်အား အလွယ်တကူ ရှင်းပစ်နိုင်သင့်ပေသည်။ ကံမကောင်းစွာဖြင့် မှန်းချက်နှင့် နှမ်းထွက်မှာ မကိုက်ခဲ့ပေ။ ရန်ကိုင်သည် အသက်ရှင်နေသေးရုံမက သူ့ကိုပင်လျှင် ခြိမ်းခြောက်စကား ပြောနေရဲခဲ့သည်။
ဤကဲ့သို့သော ရန်စမှုမျိုးကို အကြီးအကဲချုပ် လုံးဝ သည်းမခံနိုင်ပေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၀၄)
ဘာသာပြန်သူ_တိမ်တိုက်
လေတိမ်တိုက်စံအိမ်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါနေခဲ့ပြီး မိုးမြေစွမ်းအင်များမှာလည်း ကသောင်းကနင်း ဖြစ်နေခဲ့လေသည်။
ယင်ယန်ဒြပ်ကြီးငါးပါးပြောင်းလဲခြင်း ပုံစံကွက်ကို အသက်သွင်းထားသည့် အချိန်တွင် လေတိမ်တိုက်စံအိမ်ထဲတွင် ရှိနေသော မိုးမြေစွမ်းအင်အားလုံးမှာ ပုံစံကွက်ထဲသို့ တရဟော စီးဝင်နေကုန်ကြလေ၏။ ဓါးစိတ်ဆန္ဒတို့မှာလည်း ဒီရေလှိုင်းလုံးပမာ ပတ်ဝန်းကျင် တစ်ခုလုံးကို ရိုက်ခတ်နေသည့် အတွက်ကြောင့် အထဲတွင် ဘာတွေ ဖြစ်နေသလဲ ဆိုသည်ကို ပြောရခက်လှပေသည်။
လေတိမ်တိုက်စံအိမ်မှ တပည့်များမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ပင့်သက်ရှိုက်နေကြလေသည်။ မည်သို့သော ရန်သူမျိုးကို ရင်ဆိုင်နေရ၍များ အကြီးအကဲများသည် ယင်ယန်ဒြပ်ကြီးငါးပါးပြောင်းလဲခြင်း ပုံစံကွက်ကိုပင် ထုတ်ဖော်ထားကြရလေသနည်း။
သူတို့စိတ်ထဲ သွားကူညီပေးချင်သည့်တိုင် ဘာမှလုပ်၍မရချေ။ ပုံစံကွက်ကို ထုတ်ဖော်ထားလိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် မဆင်မခြင် ပြေးဝင်သွားမည် ဆိုလျှင် တဝဲလည်လည် ရစ်သိုင်းနေသော ဓါးစိတ်ဆန္ဒများ၏ တစ်စစီ ဖြတ်တောက်ခြင်း ခံရပေလိမ့်မည်။
ဓါးပုံစံကွက်ထဲရှိ အခြေအနေကို မမြင်နိုင်သည့်အတွက်ကြောင့် အခြားသော တိုက်ပွဲကွင်းပြင်ဆီသို့သာ အာရုံလှည့်ရတော့လေသည်။ ပြောစရာမလိုအောင်ပင် ဧကရာဇ်တတိယအဆင့် ပညာရှင်နှစ်ဦးကြားရှိ တိုက်ပွဲမှာ တကယ်ကို ပြင်းထန်လှသည်။ ပညာရှင်နှစ်ဦးစလုံး၏ တိုက်ကွက် တစ်ကွက်ချင်းစီတိုင်းသည် မိုးမြေတစ်ခွင်ကိုပင် ဖျက်စီးပစ်နိုင်လောက်အောင် အားကောင်းကြလှလေရာ လေတိမ်တိုက်စံအိမ်မှ တပည့်များမှာ အံ့ဩတကြီးဖြင့် ငေးရပ်ကြည့်နေရုံသာ တတ်နိုင်ကြလေသည်။
“လီကျောက်၊ ဟိုဂျူနီယာနှစ်ယောက် ဓါးပုံစံကွက်ထဲကို ရောက်သွားပြီ။ နှစ်ယောက်စလုံးက သေတော့မှာကို မင်းဘာလို့ သူတို့အတွက် တိုက်ခိုက်ပေးချင်နေရသေးတာလဲ” ဟွာရှင်းက လီကျောက်နှင့် တိုက်ခိုက်နေရင်းမှ လှမ်းပြောလိုက်သည်။
ဟွာရှင်း၏ ကျင့်ကြံခြင်းသည် လီကျောက်နှင့် အဆင့်တူတွင် ရှိနေပါသော်ငြား တကယ်တမ်းသာ တိုက်ခိုက်ကြမည်ဆိုလျှင် နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော လီကျောက်ကို ဟွာရှင်း နိုင်လိမ့်မည် မဟုတ်ချေ။
သူ့အနေဖြင့် ယခုအချိန်ထိ လီကျောက်နှင့် ယှည်ပြိုင်နေနိုင်ရခြင်းမှာ နှစ်ဦးစလုံး ကိုယ့်လက်စကိုယ် ထိန်းထားကြသည့် အတွက်ကြောင့် ဖြစ်ပေသည်။ သို့တိုင် ဟွာရှင်းမှာတော့ လီကျောက်နှင့် အတော်လေးကို ယှဉ်ပြိုင်ရ ခက်နေခဲ့လေသည်။
(နဂါးသွေးလေး နည်းနည်းလောက်ကို ဆက်ခံထားတာတောင် ဒီလောက်အားကောင်းနေရင် နဂါးတစ်ကောင်သာဆိုလျှင် ဘယ်လောက်တောင် အားကောင်းနေမလဲ မသိဘူး)
သူ့အနေဖြင့် လီကျောက်နှင့်ဆက်၍ မတိုက်ခိုက်ချင်တော့ချေ။ လီကျောက်နှင့် တိုက်ခိုက်နေခြင်းသည် သူတို့ လေတိမ်တိုက်စံအိမ်အတွက် အကျိုးယုတ်ရုံသာ ရှိပေသည်။ သူတို့နှစ်ဦး တိုက်ခိုက်ရာမှ ထွက်ပေါ်လာသည် စွမ်းအင်လှိုင်းများကြောင့် လေတိမ်တိုက်စံအိမ်၏ အဆောက်အဦး အတော်များများ ပျက်စီးနေကုန်ကြရလေပြီ။ ထို့ကြောင့်ပင် ဟွာရှင်းမှာ တိုက်ပွဲအား ရပ်နိုင်ရန်အတွက် လီကျောက်အား ဖျောင်းဖျနေခြင်း ဖြစ်သည်။
(ထာဝရရန်သူဆိုတာ မရှိဘူး။ အကျိုးအမြတ်ဆိုတာပဲ ရှိတယ်။ ဟိုဂျူနီယာ နှစ်ယောက်က သေတော့မှာ၊ လီကျောက်အနေနဲ့ ဆက်တိုက်ခိုက်နေလည်း ဘာမှမထူးဘူး။ ငါနဲ့ ဆက်တိုက်ခိုက်နေလို့ သူ့အတွက်လည်း ဘာအကျိုးမှ ရှိမှာမှ မဟုတ်တာကို ဒီကောင်က ဘာလို့ ခေါင်းမာနေချင်ရတာလဲ)
ဟွာရှင်း၏ စကားကိုကြားသည့်အခါ လီကျောက် မျက်နှာမှောင်ကြုတ်သွားခဲ့သော်ငြား တိုက်ခိုက်နေသည်ကိုတော့ ရပ်တန့်လိုက်ခြင်းမဟုတ်။ သို့သော် လီကျောက်မှ သူထုတ်သုံးနေသည့် စွမ်းအားအား လျှော့ချလိုက်သည်ကိုတော့ ဟွာရှင်း သေချာ ခံစားမိလိုက်လေသည်။
ဟွာရှင်း ဝမ်းသာသွားလေ၏ (လီကျောက် တကယ်ကြီး မတိုက်ခိုက်ချင်မှန်း ငါသိသားပဲ။ ကြည့်ရတာ သူလည်း မတတ်သာလို့ ငါနဲ့ ရန်သူ လုပ်နေရတာနဲ့တူတယ်)
ဟွာရှင်းသည် သံကို ပူတုန်း ထုထားရန် ဆုံးဖြတ်လိုက်လေသည် “ရောင်းရင်းလီ၊ မင်းနဲ့ငါ မိတ်ဆွေတွေ ဖြစ်လာတာ နှစ်ပေါင်းရာနဲ့ချီနေပြီ။ ဂျူနီယာလေး နှစ်ယောက်အတွက်နဲ့ ငါတို့ အခုလို ဖြစ်နေတာကိုသာ အခြားသူတွေကြားသွားရင် လှောင်ရယ်စရာတွေ ဖြစ်ကုန်မှာ။ ငါတို့ ဒီမှာပဲ ဘာလို့ မရပ်လိုက်ကြတာလဲ...)
ဟွာရှင်းမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် လီကျောက်၏ စွမ်းအား ထပ်မံ လျော့နည်းသွားခဲ့လေသည်။ သူ့ခန့်မှန်းချက် မှန်ကန်နေပြီးမှန်း ဟွာရှင်း သိလိုက်လေသည်။ ထို့နောက် လီကျောက်နှင့် သာမန်ကာလျှံကာ တိုက်ခိုက်နေရင်းမှ ထပ်ပြောလိုက်၏ “ရောင်းရင်းလီ၊ မင်းဘာလို့ အခုလိုတွေ လုပ်နေရတာလဲ”
လီကျောက်မှာ ဘာမှပြန်မပြောပါသော်ငြား သူ့တိုက်ကွက်များမှာ ယခင်ကလောက် ပြင်းထန်ခြင်း မရှိတော့ချေ။
လီကျောက်သည် ဤတိုက်ပွဲကို မသေချာသေးသရွေ့ လုံးဝ ရပ်တန့်လိမ့်မည် မဟုတ်မှန်း ဟွာရှင်း သိနေခဲ့သည်။ ဂျူနီယာနှစ်ဦးမှာ ဓါးပုံစံကွက်ထဲသို့ ရောက်သွားပါသော်ငြား သူတို့ နှစ်ဦးမှာ မသေသေးချေ။ ထို့ကြောင့် လီကျောက်လည်း တိုက်ပွဲကို ရပ်လိမ့်ဦးမည် မဟုတ်။ ဂျူနီယာနှစ်ဦး သေသွားပြီမှန်း သေချာသွားသည့် အခါမှသာလျှင် လီကျောက်သည် ဤတိုက်ပွဲကို ရပ်တန့်ကောင်း ရပ်တန့်ပေလိမ့်မည်။
ထိုအချက်ကို သိလိုက်သော် ဟွာရှင်း ကြိတ်၍သာ လှောင်ပြောင်လိုက်လေသည်။ လီကျောက်ကိုလည်း ဆက်၍ ဖျောင်းဖျမနေတော့ချေ။ သူတို့နှစ်ဦး၏ တိုက်ပွဲကြောင့် လေတိမ်တိုက်စံအိမ် မပျက်စီးသရွေ့ အကုန် အဆင်ပြေပေသည်။ အကြီးအကဲချုပ်မှ ထိုဂျူနီယာနှစ်ဦးကို သတ်ပစ်ပြီးသည့်အခါမှသာ လေတိမ်တိုက်စံအိမ်အား ရန်စသည့် အကျိုးဆက်ကို လီကျောက် သိသွားအောင် လုပ်ပေးရပေလိမ့်မည်။
ထိုသို့ဖြင့် လီကျောက်နှင့် ဟွာရှင်းတို့ကြားရှိ တိုက်ပွဲမှာ အလွန် ပြင်းထန်ခြင်း မရှိတော့သော်ငြား နှစ်ဦးစလုံးမှာ ဧကရာဇ်တတိယအဆင့် ပညာရှင်များ ဖြစ်ကြသည့် အတွက်ကြောင့် အဆင့်နိမ့်တပည့်များအတွက်မူ သူတို့၏ တိုက်ပွဲသည် အတော့်ကိုမှ ပြင်းထန်နေပေသေးသည်။
ဓါးပုံစံကွက်ထဲတွင်တော့... ရန်ကိုင်မှာ အဆင်ပြေမနေခဲ့ချေ။ နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးပြီးသည့်တိုင် ဓါးပုံစံကွက်ကို ဖျက်စီးနိုင်ခြင်း မရှိသေးဘဲ တောက်လျှောက်သာ ခုခံနေခဲ့ရသည်။
အကြီးအကဲချုပ်မှာတော့ အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ ကြောက်လန့်လာနေခဲ့ရ၏ (ငါဒီလောက် တိုက်ခိုက်နေတာကိုတောင် ဆက်ပြီး ခုခံနိုင်နေသေးတာ ဒီကောင် လူကော ဟုတ်သေးရဲ့လား)
လူငယ်လေးမှ အသွင်ပြောင်းသွားသည့် လူဘီးလူးကြီး တစ်ကိုယ်လုံးမှာ သွေးချင်းနီနေပါသော်ငြား ၎င်းဆီမှ ဖြာထွက်နေသည့် ခက်ထန်ကြမ်းကြုတ်သည့် အရှိန်အဝါမှာ အနည်းငယ်မျှပင် အားနည်းသွားခြင်း မရှိသည့်အပြင် အချိန်နှင့်အမျှ ပိုပို၍ အားကောင်းလာနေခဲ့၏။ တစ်ခါတစ်ခါ ထိုလူဘီးလူကြီးသည် ရုတ်တရက် ရူးရူးမိုက်မိုက် အကြမ်းပတမ်း ထတိုက်ခိုက်ရာ ဓါးပုံစံကွက်တစ်ခုလုံးပင် လှုပ်ခါသွားခဲ့ရလေသည်။
ဓါးပုံစံကွက် ပျက်စီးသွားမည်ကို စိတ်ပူစရာ မလိုပါသော်ငြား အကြီးအကဲချုပ်နှင့် အခြားသူများမှာ ရန်ကိုင်၏ ရံဖန်ရံခါ တိုက်ကွက်များကို မနည်း ခုခံကြရပေသည်။
(ဒီအတိုင်းသာ ဆက်သွားနေရင် ငါတို့ ဒုက္ခရောက်သွားနိုင်တယ်) ထိုအတွေး သူ့ခေါင်းထဲ ဖြတ်ပြေးသွားသည်နှင့် တစ်ပြိုင်နက် အကြီးအကဲ၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ချက်ချင်းပဲ အမိန့်ပေးတော့လေသည်။
မကြာမီ သူ့ရှေ့တွင် လူတစ်ဦး ပေါ်လာခဲ့လေသည်။ ထိုလူမှာ အခြားမဟုတ်၊ တတိယအကြီးအကဲသာ ဖြစ်လေသည်။
“ငါ့နေရာယူထား” အကြီးအကဲချုပ်က ပြောလိုက်သည်။
ထိုစကားကို ကြားသည့်အခါ တတိယအကြီးအကဲ ထိတ်လန့်သွားပြီး အံ့ဩတကြီးဖြင့် “အကြီးအကဲချုပ် အဲ့ဒါကို တကယ်ကြီး သုံးတော့မလို့လား”
အကြီးအကဲချုပ်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်၏ “အဲ့ဒါကလွဲပြီး အခြားနည်းလမ်းမှ မရှိတော့တာ”
တတိယအကြီးအကဲသည် တစ်ခဏမျှ တိတ်နေပြီးနောက် ခေါင်းညိတ်လျက် ပြန်ပြောလိုက်၏ “အဲ့ဒါဆို သတိထားဦးနော် အကြီးအကဲချုပ်၊ အဲ့ကောင်လေးက ပုံမှန်မဟုတ်ဘူး”
“ငါသိတယ်” အကြီးအကဲချုပ် ခေါင်းညိတ်လိုက်ပြီး ပုံစံကွက်၏ ပင်မအူတိုင်နေရာကို တတိယအကြီးအကဲလက်ထဲသို့ ထည့်ပေးလိုက်လေသည်။ ထို့နောက်တွင် ရှေ့သို့ ခြေတစ်လှမ်းလှမ်း၍ သူ့လက်ကို ဆန့်ထုတ်လိုက်ရာ အဝေးတစ်နေရာဆီမှ အလင်းတန်း တစ်ခု ပျံသန်းထွက်လာပြီး အကြီးအကဲချုပ်၏ လက်ထဲသို့ ရောက်လာခဲ့လေသည်။ ထိုအရာမှာ အကြီးအကဲချုပ်၏ ဧကရာဇ်အဆင့် ဓါးမှလွဲ၍ အခြားမဟုတ်ချေ။
ဓါးပုံစံကွက်သည် လူများကိုသာလျှင်ပင်၊ ထိုလူများ၏ ဓါးများကိုပါ အုတ်မြစ်အဖြစ် အသုံးပြုထားသည့် ပုံစံကွက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ဓါးပုံစံကွက်ကို အတူတကွ ဖွဲ့စည်းထားကြသည့် ကျင့်ကြံသူများသည် ဓါးတာအိုကို ကျင့်ကြံကြသည့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။ အကြီးအကဲချုပ် အသုံးပြုသည့် ဓါးသည်လည်း ဓါးပုံစံကွက်ထဲတွင် ပါဝင်ခဲ့ပေသည်။ ပုံစံကွက်ထဲတွင် ရှိနေသော သူ့ဓါးကို ပြန်ဆင့်ခေါ်လိုက်သည်ကို ကြည့်လျှင် အကြီးအကဲချုပ်မှ သူ၏ အားကောင်းလှသာ တိုက်ကွက်တစ်ကွက်အား ထုတ်ဖော်တော့မည်မှာ သိသာလှသည်။
သူ့ဓါး သူ့လက်ထဲသို့ ရောက်လာသည့်နောက်တွင် လက်ကွက်များကို ဖန်တီးပြီး သူ့လက်ချောင်းကို ဓါးသွားဖျား ဖြတ်ဆွဲချလိုက်လေသည်။ လက်ချောင်းပေါ်ရှိ ဓါးရှရာမှ သွေးများ စီးကျလာခဲ့ပါသော်ငြား ထိုသွေးအားလုံးကို ဓါးကသာ စုပ်ယူသွားခဲ့လေသည်။ အကြီးအကဲချုပ်၏ သွေးကို စုပ်ယူပြီးနောက်တွင် ဓါး၏ အရောင်မှာ သွေးနီရောင် တောက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် အနီးအနားတစ်ဝိုက်၌ ရှိနေကြသော မိုးမြေစွမ်းအင်တို့သည်လည်း ငါးနှံ့ ရလိုက်သည့် ကြောင်တစ်ကောင်ပမာ ဓါးထဲသို့ စီးဝင်လာကုန်ကြလေ၏။
တစ်ချိန်တည်းတွင် အကြီးအကဲချုပ်၏ အရှိန်အဝါမှာလည်း တတိတိနှင့် မြင့်တက်လာ၏။ မကြာမီ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ စွမ်းအားတို့ အကြီးအကဲချုပ်ဆီမှ ဖြာထွက်လာခဲ့လေသည်။ သို့တိုင် တရိပ်ရိပ် တိုးလာနေသည့် စွမ်းအားတို့မှာ ရပ်တန့်သွားခြင်း မရှိချေ။ နောက်ဆုံး အကြီးအကဲချုပ်၏ မျက်နှာတစ်ပြင်လုံး နီမြန်းလာပြီး သူ့တစ်ကိုယ်လုံး ပေါက်ကွဲလုတော့မတတ် ဖြစ်လာသည့် အခါမှသာလျှင် အရှိန်အဟုန်ဖြင့် မြင့်တက်လာနေသော အရှိန်အဝါမှာ ရပ်တန့်သွားခဲ့လေသည်။
လက်ရှိအချိန်တွင် အကြီးအကဲချုပ်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်ပင်။ လီကျောက်နှင့် ဟွာရှင်တို့သည်ပင်လျှင် အကြီးအကဲချုပ်နှင့် မယှဉ်နိုင်တော့ချေ။ ဤသည်မှာ အကြီးအကဲချုပ်၏ ကိုယ်ပိုင် ဝှက်ဖဲတစ်ခု မဟုတ်ဘဲ အကြီးအကဲချုပ်မှ ယင်ယန်ဒြပ်ကြီးငါးပါးပြောင်းလဲခြင်း ပုံစံကွက် တစ်ခုလုံးအား စွမ်းအားကို ငှားယူသုံးထားသည့်အတွက် ယခုကဲ့သို့သော စွမ်းအားမျိုးကို ထုတ်ဖော်ထားနိုင်ခြင်းသာ ဖြစ်လေသည်။
အကြီးအကဲ၏ နီရဲနေသည့် မျက်လုံးများသည် ရန်ကိုင်ဆီသို့ ရောက်လာပြီးနောက် အသက်ကို ပြင်းပြင်းရှူသွင်းလျက် အော်ဟစ်လိုက်လေ၏ “သေလိုက်ပေတော့”
ထိုစကား သူ့ပါးစပ်ထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက်၊ အကြီးအကဲချုပ်သည် သူ့ဓါးနှင့်အတူ အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလဲသွားပြီး ရန်ကိုင်ဆီသို့ တိုးဝင်သွားလေသည်။
ဓါးပုံစံကွက်ထဲတွင် ရှိနေသော ရန်ကိုင်ကိုယ်တိုင်သည်လည်း သေခြင်းအငွေ့အသက်ကို ခံစားလိုက်ရပြီး ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။ ကောင်းကင်စိတ်အာရုံကို ကမန်းကတန်း ဖြန့်ကျက်ကြည့်လိုက်ရာ အန္တရာယ်အငွေ့အသက် မည်သည့်နေရာမှ လာနေသလဲဆိုသည်ကို ချက်ချင်း ရှာတွေ့သွားခဲ့လေသည်။
မျက်စိကျိန်းမတတ် အလင်းတန်းတစ်ခုသည် လျှပ်စီးတမျှ အမြန်နှုန်းဖြင့် သူ့ဆီသို့ ိတုးဝင်လာနေခဲ့လေသည်။ ထိုဓါးလှိုင်းသည် အလွန်ကိုမှ တောက်ပြီး ဓါးစိတ်ဆန္ဒမှာလည်း အစိုင်အခဲ တစ်ခုအသွင်သို့ ပြောင်းလဲခါနီ ဖြစ်နေသည်အထိ သိပ်သည်းနေခဲ့လေသည်။
ရန်ကိုင်၏ မျက်လုံးများ မှေးစဉ်းသွားတော့လေသည်။ ထိုတိုက်ခိုက်မှုသည် မဟာနတ်ဆိုးနတ်ဘုရား၏ ကမ္ဘာခြားတိုက်ခိုက်မှုလောက် ပြင်းထန်းခြင်း မရှိသော်ငြား ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးမှ ထုတ်လွှတ်နိုင်သည့် တိုက်ကွက်မျိုးတော့ မဟုတ်ချေ။
နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးထားသည့်တိုင် ထိုတိုက်ကွက်ကို မည်သို့မှ မခုခံနိုင်ဟု သူ့စိတ်ထဲ ခံစားနေခဲ့ရသည်။ ဓါးအလင်းတန်းမှာ သူ့ဆီသို့ ရောက်မလာသေးသည့်တိုင် ရန်ကိုင်မှာတော့ သူ့အသား ဓါးဖြင့် မွှမ်းခံနေရသလို ခံစားနေခဲ့ရသည်။
ထို့ကြောင့် ရန်ကိုင်သည်လည်း သူ့ဝှက်ဖဲကို မဆိုင်းမတွ ထုတ်သုံးတော့လေသည် “အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်”
ဓါးလှိုင်း လေခွင်းလာသည်နှင့် တစ်ပြိုင်နက် အချိန်ကုန်လွန်ခြင်း စည်းတံဆိပ်သည်လည်း ဓါးလှိုင်းဆီသို့ တိုးဝင်သွားခဲ့လေသည်။ အချိန်ကုန်လွန်ခြင်း စည်းတံဆိပ်မှာ ဓါးလှိုင်းနှင့်အတွေ့ ပျက်စီးသွားခဲ့ပါသော်ငြား ဓါးလှိုင်းမှာတော့ ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် ရန်ကိုင်ဆီသို့ ဆက်လက် တိုးဝင်လာနေလေ၏။
ရန်ကိုင် ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။ ဤသည်မှာ တစ်စုံတစ်ဦးမှ သူ၏ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်အား ဖျက်စီးပစ်နိုင်သည်ကို ရန်ကိုင်အဖို့ ပထမဦးဆုံး ကြုံရခြင်း ဖြစ်လေသည်။
ရန်ကိုင်စိတ်ထဲ လောကဓါတ်လုံးထဲ ဝင်ပုန်းလျှင်ကောင်းမလား စဉ်းစားနေစဉ်ပင်မှာ လင်းယွင်အာ၏ အသံကို ကြားလိုက်ရလေသည် “ဦးလေးရန်”
လင်းယွင်အာ၏ ပြင်ဆင်မှုမှာ ပြီးစီးသွားခဲ့လေပြီ။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး လင်းယွင်အာကို အုပ်ထားသည် တောင်နှင့်မြစ်ခေါင်းလောင်းကို ဖယ်လျက် သူ့ကိုယ်သူ အုပ်ချလိုက်လေသည်။
“ငါ့လခွမ်း” အကြီးအကဲချုပ် ပစ်ပစ်နှစ်နှစ် ကျိန်ဆဲတော့လေသည်။ ထိုရှေးဟောင်းမှော်ရတနာ၏ ခုခံနိုင်စွမ်း မည်မျှ အားကောင်းကြောင်းကို သူကိုယ်တိုင် စမ်းသပ်ထားပြီးသားပင်။
သူ့အနေဖြင့် ဓါးပုံစံကွက်၏ စွမ်းအားကို ငှားရမ်း၍ သူ့ကျင့်ကြံခြင်းအဆင့်ထက်ကို ကျော်လွန်သည့် တိုက်ကွက်ကို ထုတ်ဖော်နိုင်ခဲ့ပါသော်ငြား တောင်နဲ့မြစ်ခေါင်းလောင်းကို ထိုးဖောက်နိုင်လိမ့်မည်ဟုတော့ ယုံကြည်ချက်မရှိချေ။ တစ်နည်းဆိုရသော် သူ၏ ဝှက်ဖဲမှာ အချည်းနှီး ဖြစ်သွားခဲ့ရလေပြီ။
သူသည်သာ ဓါးတိုက်ကွက်များကို အသုံးချ၍ တိုက်ခိုက်ခဲ့မည်ဆိုလျှင်တော့ ရန်သူ ပြောင်းကာ လင်းယွင်အာကို တိုက်ခိုက်နိုင်ပေသေးသည်။ သို့သော် ဤတိုက်ကွက်သည် သူကိုယ်တိုင်ပင် စိတ်လိုလက်ရန် ထိန်းချုပ်နိုင်သည့် တိုက်ကွက်မျိုး မဟုတ်ချေ။ သူ့အနေဖြင့် ဤတိုက်ကွက်ကို ထုတ်ဖော်နိုင်ပါသော်ငြား ထိန်းတော့ မထိန်းချုပ်နိုင်ချေ။ ထို့ကြောင့် သူ့တိုက်ကွက် တောင်နဲ့မြစ်ခေါင်းလောင်း တည့်တည့်သို့ ပြေးဝင်သွားသည်ကို ငေးကြောင်ကြည့်နေရုံသာ တတ်နိုင်လေသည်။
ဘုန်း...
ပေါက်ကွဲသံ အကျယ်ကြီးနှင့်အတူ မျက်စိကျိန်းမတတ် အလင်းတန်းတို့ ပေါက်ကွဲထွက်လာခဲ့လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်း တုန်ခါသွားပြီး အကြီးအကဲချုပ်မှာလည်း ကိုယ်ထင် ပေါ်လာလေသည်။ ခေါင်းဆောင်နှင့် ဝင်ဆောင့်မိသည့် ဒဏ်ကြောင့် အကြီးအကဲချုပ်မှာ သေမသွားခဲ့ပါသော်ငြား သူ၏ ဒွါရခုနှစ်ပေါက်မှတော့ သွေးများ စီးကျလာကုန်ရလေသည်။ လက်ရှိအချိန်တွင် အကြီးအကဲမှာ မူးတူတူး ဖြစ်နေကာ သူ့ကိုယ်ထဲရှိ ဧကရာဇ်ချီကိုပင် ကောင်းကောင်း မလှည့်ပတ်တော့နိုင် ဖြစ်နေခဲ့လေသည်။
“ဖမ်းလိုက်စမ်း” လင်းယွင်အာသည် ထိုအခိုက်အတန့်ကို အမိအရ ဖမ်းဆုပ်၍ တိုက်ခိုက်လေသည်။
ချက်ချင်းဆိုသလို မူးတူးတူး ဖြစ်နေသော အကြီးအကဲချုပ်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ အကြောင်းမှာ သူ့လက်ထဲရှိ ဓါးကို တစ်စုံတစ်ခုမှာ အလွန်ကိုမှ အားကောင်းလှသည့် ဆွဲအားဖြင့် ဆွဲယူနေသည်ကို ခံစားမိလိုက်သည့် အတွက်ကြောင့်ပင်။ ထို့နောက်တွင် သူ့ဓါးသည် သူ့လက်ထဲမှ အလိုလို ပျံထွက်သွားလေ၏။
အကြီးအကဲချုပ်မှာ အထိတ်ထိတ်အလန့်လန့်နှင့် သူ့ဓါးကို ပြန်ဆွဲယူရန် အသည်းအသန် ကြိုးစားတော့လေသည်။ ဓါးတာအိုကို ကျင့်ကြံသူများအတွက် သူတို့၏ ဓါးမှာ အလွန်ကိုမှ အရေးကြီးလှသည်။
သို့သော်ငြား အကြီးအကဲချုပ်အား ပို၍ ထိတ်လန့်သွားစေသည့်အချက်မှာ သူ့ဘက်မှ မည်သို့ပင် ကြိုးစားနေစေကာမူ၊ သူနှင့် နှစ်ပေါင်းထောင်နှင့်ချီအောင် အတူတကွ ရှိလာခဲ့သော ဓါးမှာ လုံးဝ တုန့်ပြန်မလာသည့်အချက်ပင်။ မသိလျှင် အကြီးအကဲချုပ်နှင့် ဓါးကြားရှိ ဆက်သွယ်ချက်ကို မမြင်နိုင်သည့် စွမ်းအားတစ်ရပ်ရပ်မှ ဖြတ်တောက်ပစ်လိုက်သည့်အလား။
အကြီးအကဲချုပ်မှာ မျက်လုံးအပြူးသားဖြင့် လင်းယွင်အာသာကိုသာ ကြောင်ကြည့်နေတော့လေသည်။ သူမြင်နေရသည့် မြင်ကွင်းသည် အကြီးအကဲချုပ်အား လုံးဝကို ဆွံ့အနေစေခဲ့လေသည်။ ကံမကောင်းစွာဖြင့် ထိုအခိုက်အတန့်တွင် ရန်ကိုင်၏ လက်ကြီးသည် အကြီးအကဲချုပ်ရှေ့ ရုတ်တရက် ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်၏ ခန္ဓာကိုယ်ကြီးသည် တောင်ငယ်လေးတစ်လုံးပမာ အကြီးအကဲချုပ်၏ မြင်ကွင်း တစ်ခုလုံးကို ပိတ်ကာဆီးသွားလေ၏။
(မကောင်းတော့ဘူး) အကြီးအကဲချုပ်၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားခဲ့လေသည်။ သူ့စိတ်ထဲ ဓါးပုံစံကွက်ထဲသို့ အမြန် ပြန်ပြေးပုန်းချင်ပါသော်ငြား သူမပုန်နိုင်သေးခင်မှာပင် ရန်ကိုင်သည် သူ့လက်ကြီးဖြင့် အကြီးအကဲချုပ်ကို ဖမ်းချုပ်လိုက်ပြီး ပြုံးဖြီးလျက် မေးလိုက်လေသည် “ခင်ဗျား ဘယ်သွားဖို့ လုပ်နေတာလဲ”
ထိုစကားကို ကြားလိုက်သည့်အခိုက် အကြီးအကဲချုပ်မှာ လိပ်ပြာလွင့်လုမတတ် ကြောက်လန့်သွားခဲ့လေသည်။ ထို့နောက်တွင် ထိတ်လန့်တကြား အော်ဟစ်သံများ ဘက်ပေါင်းစုံဆီမှ ထွက်ပေါ်လာခဲ့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၀၅)
ဘာသာပြန်သူ_တိမ်တိုက်
“မင်း…”
“မင်း လုပ်ရဲလား ကောင်လေး…”
“အကြီးအကဲချုပ်ကို မြန်မြန်လွှတ်လိုက်စမ်း… မဟုတ်ရင် မင်း အသေဆိုးနဲ့ သေရမှာနော်…”
ဘက်ပေါင်းစုံမှ အော်သံပေါင်းများစွာ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်သည် အကြီးအကဲချုပ်ကို လက်တစ်ဖက်တည်းတွင် ဆုပ်ကိုင်ထားရင်းမှ လှောင်ပြုံးပြုံးလျက် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
ဤပုံစံကွက် ဖြစ်ပေါ်လာသည့်အချိန်မှစ၍ ရန်ကိုင်သည် တစ်ဖက်သတ်ချည်းကို တိုက်ခိုက်ခံနေခဲ့ရသည်။ ရန်သူကိုတိုက်ခိုက်ဖို့ရာ မဆိုထားနှင့် ရန်သူ၏အရိပ်ကိုပင်လျှင် ရှာမတွေ့ခဲ့ပေ။ ထို့အတွက်ကြောင့် တရစပ်ကြီး တိုက်ခိုက်ခံနေခဲ့ရကာ ရန်ကိုင်ရင်ထဲ ဒေါသတို့ တလိပ်လိပ် ထွက်လာခဲ့ရသည်။ သို့သော်ငြား ရန်သူကိုရှာမတွေ့သည့်အတွက်ကြောင့် သူ့ဒေါသအား မည်သူ့အပေါ်ကိုမှ ဖွင့်မထုတ်နိုင် ဖြစ်ခဲ့ရလေသည်။ အဆုံးတွင်တော့ တစ်ဖက်ရန်သူ၏ အားနည်းချက်ကို ဖမ်းဆုပ်မိလိုက်ပြီး ရန်သူများ၏ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ခဲ့လေသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင်မှာ အကြီးအကဲချုပ်ကို မည်သို့များ အလွယ်တကူ လွှတ်ပေးနိုင်ပါမည်နည်း။
ရာနှင့်ချီသော လူပေါင်းများစွာသည် အတူတကွစုပေါင်း၍ ရန်ကိုင်နှင့် လင်းယွင်အာတို့အား တိုက်ခိုက်ခဲ့ကြသည်။ ထိုလူများထဲ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာပင် ပါဝင်နေပေသေးသည်။ ထိုအချိန်အတောအတွင်း ထိုလူအားလုံးမှာ အတူတကွပူးပေါင်း၍ ရန်ကိုင်အား ဖိအားပေးကာ တရစပ် ဖိနှိပ်တိုက်ခိုက်ခဲ့ကြသည်။ ယခု ရန်ကိုင်မှ တစ်ဖက်လူ၏ချက်ကောင်းကို ဆုပ်ကိုင်လာနိုင်သည့်အချိန်တွင်တော့ ထိုလူများသည် သူ့အား ဒေါမာန်တကြီးဖြင့် အော်ဟစ်ဆဲဆို ခြိမ်းခြောက်လာကြပြန်လေ၏။
ရန်ကိုင်သည် ယဲ့ယဲ့လေးရယ်သွမ်းသွေးလျက် အကြီးအကဲချုပ်ကို မမှိတ်မသုန် စိုက်ကြည့်ရင်းမှ ပြောလိုက်သည်။ “သေလိုက်ပေတော့…”
“မဟုတ်ဘူး…” အကြီးအကဲချုပ်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ကြောက်လန့်တကြား ထအော်လေသည်။ ကံမကောင်းစွာဖြင့် ရန်ကိုင်၏လက်ကြီးဆီမှ မည်သို့မျှ ရုန်းထွက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
အလွန်ကိုမှ ပြင်းထန်လှသည့် အားတစ်ရပ်သည် သူ့အား ဘက်ပေါင်းစုံမှ ဖိချလာခဲ့ရာ အကြီးအကဲချုပ်၏အရိုးများ သွင်သွင် ကျိုးကြေကုန်ကြသည်။ တစ်ချိန်တည်းတွင်လည်း သူ၏ ဒွါရခုနှစ်ပေါက်မှ သွေးများ စီးကျလာကုန်ကြလေ၏။ ရန်ကိုင်သည် သူ့လက်အားကို တဖြည်းဖြည်း တိုးမြှင့်လိုက်ရာ အဆုံးတွင်တော့ အကြီးအကဲချုပ်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားကုန်ကြရလေသည်။
“အား…”
“အကြီးအကဲချုပ်သေသွားပြီ…”
လေတိမ်တိုက်စံအိမ်မှတပည့်များ ကြောက်လန့်တကြား ထအော်ကုန်ကြလေသည်။ လက်ရှိအဖြစ်အပျက်ကို ထိုတပည့်များ လက်မခံနိုင် ဖြစ်နေကြလေသည်။ အကြီးအကဲချုပ်သည် သာမန်လူမဟုတ် လေတိမ်တိုက်စံအိမ်၏ ဒုတိယအားအကောင်းဆုံးလူ ဖြစ်ပေသည်။ သို့သော်ငြား ထိုကဲ့သို့သောလူတစ်ဦးမှာ ရန်ကိုင်၏ ဖျစ်ညှစ်သတ်ပစ်ခြင်း ခံခဲ့ရလေသည်။
“ခွေးကောင်လေး…”
“အကြီးအကဲချုပ်အတွက် လက်စားပြန်ချေကြဟေ့…”
လူအုပ်ကြီးသည် ယာယီမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ယခင်ကထက် ပိုမိုကျယ်လောင်သည့်အသံများဖြင့် ထအော်ကုန်ကြလေသည်။
ဓါးပုံစံကွက်မှာ နောက်တစ်ကြိမ် အသက်ပြန်ဝင်လာခဲ့ပြီး ကောင်းကင်အနှံ့ ဓါးများ တစ်ဖန်ပြန်လည်ပြည့်နှက်လာခဲ့ကြလေသည်။ တစ်ချိန်တည်းတွင် ဓါးပုံစံကွက်ဆီမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုစိတ်တို့မှာလည်း ယခင်ကထက်ပို၍ အားကောင်းလာခဲ့လေသည်။
ယင်ယန်ဓါတ်ကြီးငါးပါးပြောင်းလဲခြင်းဓါးပုံစံကွက်သည် ဓါးတာအိုအား ကျွမ်းကျင်ထားသော ကျင့်ကြံသူများနှင့်တကွ ထိုကျင့်ကြံသူများ အသုံးပြုကြသော ဓါးများအပေါ် အခြေတည်၍ ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။ ဤပုံစံကွက်ကြီးသည် ရှင်းရှင်းပြောရသော် သတ်ဖြတ်ခြင်းအစီအရင်ကြီးတစ်ခုသာ ဖြစ်လေ၏။ အကြီးအကဲချုပ်၏ သေဆုံးမှုသည် ထိုလူများ၏သတ်ဖြတ်လိုစိတ်ကို ပိုမိုအားကောင်းလာစေခဲ့ရာ ဓါးပုံစံကွက်၏ စွမ်းအားမှာလည်း သိသိသာသာကို မြင့်တက်လာခဲ့ရလေသည်။
ထိုသို့ပင်ဖြစ်လင့်ကစား ဓါးပုံစံကွက်၏စွမ်းအားမှာ လျော့ကျမြဲ လျော့ကျသွားခဲ့ရလေသည်။ ထိုသို့ဖြစ်သည်မှာလည်း အဆန်းတော့မဟုတ်။ ဓါးပုံစံကွက်၏ ပင်မအူတိုင်နေရာကို တာဝန်ယူထားသော အကြီးအကဲချုပ် သေဆုံးသွားခဲ့ရသည်မဟုတ်ပေလော။ အကြီးအကဲချုပ်၏နေရာကို အစားဝင်ယူထားသည့် တတိယအကြီးအကဲမှာ ဧကရာဇ်ပထမအဆင့်သာရှိသေးလေရာ အကြီးအကဲချုပ်ကိုယ်တိုင် ထိန်းချုပ်ထားသည့် ဓါးပုံစံကွက်၏စွမ်းအားကို မည်ကဲ့သို့များ ထုတ်ဖော်နိုင်ပါမည်နည်း။ ထိုအကြောင်းကြောင့် ဓါးပုံစံကွက်၏စွမ်းအားမှာ အကုန်လုံး၏ ပိုမိုအားကောင်းလာသော သတ်ဖြတ်လိုစိတ်ကြောင့် တိုးတက်လာခဲ့ရသည့်တိုင် အကြီးအကဲချုပ်သေသွားရသည့် သက်ရောက်မှုမှာ ပို၍ကြီးမားနေခဲ့လေရာ ဓါးပုံစံကွက်၏စွမ်းအားမှာ လျော့ကျသွားခဲ့ရတော့လေသည်။
ရန်ကိုင်က ရူးသွပ်စွာ အော်ရယ်မောရင်းမှ “ငါ မင်းတို့တစ်ယောက်ကိုချင်းစီကို သတ်ပစ်နိုင်ရင် မင်းတို့အကုန်လုံးကိုလည်း သတ်ပစ်နိုင်တယ်ကွ… မင်းတို့လည်ပင်းတွေကိုဆေးပြီးတော့ ငါ့ကို စောင့်နေပေတော့… ငါ မင်းတို့တစ်ယောက်ချင်းစီတိုင်းကို လိုက်သတ်ပစ်မယ်…”
“အရှက်မရှိ လာဂုဏ်မောက်ပြမနေနဲ့ကွ…” အစီအရင်၏ ပင်မအူတိုင်နေရာကို တာဝန်ယူထားသော တတိယအကြီးအကဲသည် ဒေါမာန်တကြီးဖြင့် အော်ဟစ်လိုက်ပြီးသည့်နောက် အားကောင်းလှသည့် ဓါးလှိုင်းတစ်ခုကို ဖန်တီးကာ ရန်ကိုင်ဆီသို့ ပစ်လွှတ်လိုက်လေသည်။
ရန်ကိုင်မတုံ့ပြန်နိုင်သေးခင်မှာပင် လင်းယွင်အာက နောက်တစ်ကြိမ်အော်ပြောလိုက်သည်။ “လာခဲ့စမ်း…”
ထိုစကား လင်းယွင်အာပါးစပ်မှ ထွက်သွားလိုက်သည်နှင့်တစ်ပြိုင်နက် မရေမတွက်နိုင်သော ဓါးလှိုင်းများသည် တစ်စုံတစ်ဦးဆီမှ အမိန့်ရလိုက်သည့်အလား ချက်ချင်းပဲ ဦးတည်ရာပြောင်း၍ တစ်ခုသောဘက်ဆီသို့ တိုးဝင်ပျောက်ကွယ်သွားကုန်ကြလေသည်။
ရန်ကိုင်သည် လင်းယွင်အာကိုကြည့်၍ မျက်ခုံးပင့်လျက် အံ့အားသင့်နေဟန်ဖြင့် “ဟမ်…”
လက်ရှိအချိန်တွင် လင်းယွင်အာသည် လက်ဆေးဇလုံအရွယ်အစားခန့်ရှိသော ဒယ်အိုးတစ်လုံးကို သူမခေါင်းပေါ် ကိုင်မြှောက်ထားခဲ့လေသည်။ ထိုဒယ်အိုးမှာ ပိန်းပိန်းပိတ် နက်မှောင်နေပြီး အလွန်ကိုမှ ရိုးစင်းလှသည်။ သာမန်လူများ အစားအစာချက်ပြုတ်ရန် အသုံးပြုသည့် ဒယ်အိုးတစ်လုံးနှင့် ဘာမှမခြားပေ။
ပုံပန်းအသွင်အပြင်မှာ ထိုမျှပင် ရိုးစင်းလင့်ကစား သံမဏိဒယ်အိုးသည် အလွန်တရာကိုမှ အားကောင်းလှသည့် ဆွဲအားကို ထုတ်ဖော်နိုင်ခဲ့လေသည်။ ယင်ယန်ဓာတ်ကြီးငါးပါးပြောင်းလဲခြင်းအစီအရင်မှ ဖြစ်ပေါ်လာသော ဓါးချီအားလုံးသည် ထိုဒယ်အိုးထဲသို့ စုပ်ယူပစ်ခြင်း ခံလိုက်ရသည်။ ထိုမျှများပြားလှသော ဓါးချီများကို စုပ်ယူထားရသည့်တိုင် သံမဏိဒယ်အိုးသည် အဆုံးမဲ့တွင်းနက်ကြီးပမာ ဘာဆိုဘာမှ ဖြစ်သွားခဲ့ခြင်း မရှိခဲ့။ အနည်းငယ်မျှပင် လှုပ်ခါသွားခဲ့ခြင်း မရှိချေ။
သို့တိုင် ရန်ကိုင်အား အံ့အားအသင့်စေရဆုံးအချက်မှာ ဒယ်အိုး၏စွမ်းအားမဟုတ်။ ဒယ်အိုးဆီမှ ဖြာထွက်နေသည့် အရှိန်အဝါသာ ဖြစ်လေသည်။ ဒယ်အိုးဆီမှဖြာထွက်နေသည့် အရှိန်အဝါသည် တောင်နဲ့မြစ်ခေါင်းလောင်းဆီမှ ဖြာထွက်နေသည့် အရှိန်အဝါကဲ့သို့ ရှေးကျလှပေသည်။
“ရှေးဟောင်းမှော်ရတနာလား…” ရန်ကိုင်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ လင်းယွင်အာတွင် ရှေးဟောင်းမှော်ရတနာတစ်ခု ရှိနေသည့်အပေါ် ရန်ကိုင်စိတ်ထဲ အတော်လေးကိုမှ ထိတ်လန့်တုန်လှုပ်သွားရသည်။
တကယ်တော့ ရှေးဟောင်းမှော်ရတနာများသည် အလွန်ကိုမှ အားကောင်းလှသလို အလွန်တရာကိုမှလည်း ရှားပါးလှကြသည် မဟုတ်ပေလော။ ရန်ကိုင်သိသည့် ရှေးဟောင်းမှော်ရတနာဆို၍ သူ့တွင်ရှိနေသော တောင်နဲ့မြစ်ခေါင်းလောင်းနှင့်တကွ ဟွာယုလု၏ ပန်းဗုံလေးသာ ရှိပေသည်။ သို့သော်ငြား ဟွာယုလု၏ပန်းဗုံ မည်မျှအားကောင်းသလဲဆိုသည်ကိုတော့ ရန်ကိုင် မပြောတတ်ပါချေ။
လင်းယွင်အာတွင်ရှိနေသော ဤသံမဏိဒယ်အိုးမှာတော့ အလွန်ကိုမှ အံ့ဩဖွယ်ကောင်းလှသည်။ သံမဏိဒယ်အိုးမှ ပိုင်ဆိုင်ထားသော ဝါးမျိုခြင်းစွမ်းရည်တစ်ချက်နှင့်ပင်လျှင် ထိုဒယ်အိုးမှာ သာမန်ရတနာများထက် ပို၍ အဆင့်မြင့်သွားခဲ့လေပြီ။ သို့သော်ငြား ဒယ်အိုးပုံစံမှာတော့ အတော်လေးကိုမှ ကြည့်ရဆိုးလှသည်။ မသိလျှင် သာမန်လူများ အသုံးပြုနေကြသော ဒယ်အိုးတစ်လုံးနှင့်ပင် တူနေလေ၏။
“အဲ့ဒါ နင့်ရဲ့ဝှက်ဖဲလား…” ရန်ကိုင်က မေးလိုက်လေသည်။
လင်းယွင်အာသည် သံမဏိဒယ်အိုးကို သူမခေါင်းပေါ် ကိုင်မြှောက်ထားရင်းမှ ရန်ကိုင်ဆီသို့ ပြုံးလျက် ပြေးလာလေသည်။ ထို့နောက် မြေပြင်အား ကန်ကျောက်၍ ရန်ကိုင်၏ပုခုံးပေါ်သို့ ခုန်တက်လိုက်ပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “ဦးလေးရန်က အရမ်းချောတာပဲနော်…”
ရန်ကိုင်က သည်းလှိုက်အူလှိုက် အော်ရယ်မောလျက် “ဟုတ်တယ်မလား၊ ငါချောတယ်မလား… ယွင်အာ… နင်က တကယ်ကို အမြင်စူးရှတာပဲ…”
တတိယအကြီးအကဲ ထိုစကားကိုကြားသော် သွေးအန်လုမတတ် ဖြစ်သွားခဲ့လေသည်။ လက်ရှိအချိန်တွင် သူသည် ထိုလူငယ်လေးနှစ်ဦးနှင့် သူသေကိုယ်သေ တိုက်ခိုက်နေကြပါသော်ငြား တစ်ဖက်ရန်သူသည် သူတို့အား အလေးမထားဘဲ ယခုကဲ့သို့ ပြောင်ချော်ချော်စကားများကိုပင်လျှင် ပြောနေနိုင်ပေသေးသည်။ ထိုလူနှစ်ဦးသည် သူတို့အား အထင်သေးနေခြင်းသာ ဖြစ်လေသည်။
ထိုသံမဏိဒယ်အိုးသည် ဤမျှအားကောင်းလှသော ဝါးမျိုခြင်းစွမ်းရည်ကို ထုတ်ဖော်နိုင်ရလောက်အောင် မည်သည့်နေရာမျိုးမှ ရောက်လာသလဲဆိုသည်ကို တတိယအကြီးအကဲ မသိပါသော်ငြား ရန်ကိုင်နှင့် လင်းယွင်အာတို့၏ ပမာမခန့် အပြုအမူများကြောင့် သူ့စိတ်ထဲ အလွန်ကိုမှ ဒေါသူပုန်ထသွားခဲ့ရလေရာ ဓါးပုံစံကွက်၏စွမ်းအားကို နောက်တစ်ကြိမ် ထပ်မံအသက်သွင်းတော့မည်အပြု ဘက်ပေါင်းစုံမှ ထိတ်လန့်တကြားအော်ဟစ်သံများကို ကြားလိုက်ရလေသည်။
“အား…”
“ဘာတွေဖြစ်နေတာလဲ…”
“ငါ့ဓါး…”
“စီနီယာအစ်ကို… ကျုပ်ကိုကယ်ပါဦး… ကျုပ်ဓါး ပါသွားပြီ…”
“မင်းကိုကူရဖို့… လခွမ်း… ငါ့ဓါးလည်း ပါသွားပြီဟ…”
ထိုအသံများ ထွက်ပေါ်လာသည့်အခါတွင် တတိယအကြီးအကဲ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ တတိယအကြီးအကဲသည် အကြီးအကဲချုပ်မသေခင် ကြုံခဲ့ရသည့် ထူးဆန်းသည့်အဖြစ်အပျက်တစ်ခုကို ပြန်စဉ်းစားမိသွားသည့်နောက် တစ်ခုခုအား နားလည်သွားပုံပေါက်ကာ သူ့အမူအယာမှာ ကြောက်ကြောက်လန့်လန့် ဖြစ်သွားတော့လေ၏။
ထိုအခိုက်အတန့်တွင် သူ၏ဓါးရှည်မှာလည်း အားကောင်းလှသည့် ဆွဲအားတစ်ရပ်၏ ဆွဲယူခြင်း ခံနေရကြောင်း တွေ့ရှိလိုက်ရသည်။ သူ့ဓါးသည် သူ့လက်ထဲမှရုန်းထွက်ရန် အဆက်မပြတ် ကြိုးစားနေခဲ့လေ၏။ ဓါးပျံသန်းသွားရန် ကြိုးစားနေသည့် လမ်းကြောင်းအား လှမ်းကြည့်လိုက်သည့်အခါ ကောင်မလေးကိုင်ထားသော သံမဏိဒယ်အိုးဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
“ရွှစ်… ရွှစ်… ရွှစ်…”
တရွှစ်ရွှစ်မြည်သံများနှင့်အတူ အလင်းတန်းပေါင်းများစွာ လေထဲ ထွက်ပေါ်လာခဲ့လေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ လေထဲ၌ပေါ်လာသည့် အလင်းတန်းများမှာ ဓါးလှိုင်းများမဟုတ်ကြတော့ဘဲ တကယ့်အစစ်အမှန်ဓါးများ ဖြစ်နေကြလေသည်။
ယင်ယန်ဓာတ်ကြီးငါးပါး ပြောင်းလဲခြင်းအစီအရင်အား အတူတကွ ဖွဲ့စည်းထားကြသည့် ကျင့်ကြံသူများမှာ တာအိုသခင်တတိယအဆင့်၌ ဖြစ်လျှင်ဖြစ် မဖြစ်လျှင် ထို့ထက်ပို၍ အဆင့်မြင့်ကြသူများသာ ဖြစ်ကြသည်။ ထိုအကြောင်းကြောင့် သူတို့ပိုင်ဆိုင်ထားကြသော မှော်ရတနာများမှာလည်း အတော်လေးကိုမှ အဆင့်မြင့်ကြပေသည်။ သူတို့၏ဓါးများမှာ အနည်းဆုံး တာအိုအလယ်အလတ်အဆင့်တွင် ရှိနေကြပါသော်ငြား အတော်များများမှာတော့ ဧကရာဇ်အဆင့်ဓါးများ ဖြစ်ကြပေသည်။
ကံမကောင်းစွာဖြင့် လက်ရှိအချိန်၌ ထိုဓါးအားလုံးသည် လင်းယွင်အာ၏ သံမဏိဒယ်အိုးထဲသို့ တိုးဝင်ပျောက်ကွယ်သွားနေကြလေသည်။ မျက်တောင်တစ်ခတ်အတွင်း သံမဏိဒယ်အိုးသည် ဓါးပေါင်းများစွာကို စုပ်ယူသွားခဲ့လေသည်။ သို့တိုင် သံမဏိဒယ်အိုးထဲသို့ ပျံသန်းလာနေသည့် ဓါးများမှာ ရပ်တန့်သွားခဲ့ခြင်း မရှိသေးပေ။
“ဘာကြီးလဲ…” တတိယအကြီးအကဲမှာ သူတို့၏ ဓါးများအား စုပ်ယူပစ်နေနိုင်သည့် သံမဏိဒယ်အိုးကိုကြည့်ရင်း အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။ ထိုကဲ့သို့သော သံမဏိဒယ်အိုးမျိုးကို သူတို့အနေဖြင့် မည်ကဲ့သို့များ ယှဉ်ပြိုင်တိုက်ခိုက် နိုင်ပါဦးမည်နည်း။ ဤလောကကြီးထဲ ဤကဲ့သို့သော ထူးဆန်းသည့် မှော်ရတနာမျိုး ရှိကြောင်းကိုလည်း သူ့အနေဖြင့် တစ်ခါမှ မကြားခဲ့ဖူးချေ။
သူ့လက်ထဲမှ ဓါးကို ဆွဲယူရန် ကြိုးစားနေသည့် ဆွဲအားမှာ အချိန်နှင့်အမျှ ပိုပို၍ အားကောင်းလာခဲ့လေရာ တတိယအကြီးအကဲသည်ပင်လျှင် အသည်းအသန် ခုခံနေခဲ့ရလေသည်။ ထို့အတွက်ကြောင့် အနည်းငယ်မျှပင် သတိလက်လွတ်မနေရဲခဲ့ဘဲ သူ့စိတ်အာရုံအလုံးစုံကို သူ၏ ဧကရာဇ်အဆင့် မှော်ရတနာအား ထိန်းချုပ်ရာတွင်သာ အပြည့်အဝ အာရုံစိုက်လိုက်ရတော့လေသည်။
“ရွှစ်… ရွှစ်… ရွှစ်….”
အသက်ဆယ်ရှိုက်စာအတွင်း ဓါးအချောင်းကိုးဆယ်မက သံမဏိဒယ်အိုးထဲသို့ ရောက်သွားခဲ့လေသည်။ တစ်ခဏအကြာတွင် တတိယအကြီးအကဲသည်ပင်လျှင် သူ၏ဓါးကို ဆွဲမထားနိုင်တော့ဘဲ လွှတ်ပေးလိုက်ရတော့သည်။ တတိယအကြီးအကဲ၏ဓါးသည် သူ့လက်ထဲမှ ရွှတ်ခနဲ လွတ်ထွက်သွားခဲ့ပြီး သံမဏိဒယ်အိုးထဲသို့ ပြေးဝင်သွားခဲ့လေ၏။
“အား…” တတိယအကြီးအကဲမှာ အရူးအမူးအော်ဟစ်ရင်း သူ၏ဧကရာဇ်အဆင့်မှော်ရတနာကို ပြန်ဆွဲယူရန် အသည်းအသန် ကြိုးစားလိုက်ပါသော်ငြား အောင်မြင်ခြင်းမရှိခဲ့ပေ။ အကြီးအကဲချုပ်သည်ပင်လျှင် သူ့ဓါးကို ပြန်ယူနိုင်ခဲ့ခြင်း မရှိလေရာ ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော တတိယအကြီးအကဲက ဘာများလုပ်နိုင်မှာမို့လို့နည်း။
နောက်ဆုံးဓါး သံမဏိဒယ်အိုးထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြီးသည့်နောက်တွင် တစ်ခုခုပျက်စီးသွားသည့်အသံနှင့်အတူ ရန်ကိုင်တို့ဘေးပတ်ဝန်းကျင်၌ လူများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကုန်ကြလေသည်။ လက်ရှိအချိန်တွင်တော့ ထိုလူများ၏မျက်နှာထက် ကြောက်ရွံ့မှုတို့ အတိုင်းသား ပြည့်နှက်နေခဲ့လေ၏။
ထိုလူများသည် ဓါးပုံစံကွက်ကို ဖွဲ့စည်းရာတွင် ပါဝင်ကြသော လေတိမ်တိုက်စံအိမ်၏ တပည့်များနှင့် အကြီးအကဲများမှလွဲ၍ အခြားမဟုတ်ကြချေ။ ယင်ယန်ဓါတ်ကြီးငါးပါးပြောင်းလဲခြင်းဓါးပုံစံကွက်သည် လူများနှင့်တကွ သူတို့အသုံးပြုသောဓါးများကို အုတ်မြစ်ထားကာ ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။ ယခု သူတို့၏ဓါးအားလုံးကို သံမဏိဒယ်အိုးမှ ဆွဲယူသွားပြီ ဖြစ်သည့်အတွက်ကြောင့် ပုံစံကွက်မှာလည်း သူ့အလိုလို ပျက်စီးသွားရတော့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် ထိုလူများ၍ ဆက်၍ ပုန်းမနေနိုင်ကြတော့ဘဲ လူမြင်ကွင်းသို့ ပြန်ပေါ်လာရခြင်း ဖြစ်လေသည်။
“ဘယ်… ဘယ်… ဘယ်လိုလုပ်ပြီး အဲ့လိုမျိုးဖြစ်သွားရတာလဲ…” ဟွာရှင်းမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ပါးစပ်အဟောင်းသားကို ဖြစ်နေခဲ့လေသည်။ ယင်ယန်ဓာတ်ကြီးငါးပါးပြောင်းလဲခြင်းဓါးပုံစံကွက်မှာ ဖျက်ဆီးခံလိုက်ရသည်။ သူတို့၏လေတိမ်တိုက်စံအိမ်ကို အန္တရာယ်အသွယ်သွယ်မှ မကြာခဏဆိုသလို ကာကွယ်ပေးခဲ့သော ဖျက်ဆီးမရသည့် ယင်ယန်ဓာတ်ကြီးငါးပါးပြောင်းလဲခြင်းဓါးပုံစံကွက်မှာ အမှန်တကယ်ကို ပျက်စီးသွားခဲ့ရလေပြီ။
ဟွာရှင်းမှာ သူ့ကိုယ်သူ အိပ်မက်ဆိုးများ မက်နေသလားဟုပင် တွေးနေလေ၏။
(မဖြစ်နိုင်ဘူး… ဒီပုံစံကွက်ကို နှစ်ပေါင်းထောင်နဲ့ချီတိုင်အောင် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းပေးခဲ့တာ… တစ်ခါမှ အခုလိုမျိုး မဖြစ်ဖူးဘူး… ဘာဖြစ်လို့ အခုကြမှ ဒါမျိုးတွေ လာဖြစ်နေရတာလဲ…)
ဤဓါးပုံစံကွက်သည် လူအရေအတွက်များလျှင်များသလောက် ဓါးပုံစံကွက်၏စွမ်းအားမှာ ပို၍အားကောင်းပေသည်။ ယခု ဓါးပုံစံကွက်ကို ဖွဲ့စည်းထားသည့်လူအရေအတွက်မှာ တစ်ရာကျော်ပေသည်။ ထိုလူများထဲ ဓါးပုံစံကွက်၏ ပင်မအူတိုင်နေရာကိုယူထားသော အကြီးအကဲချုပ်လည်း ပါဝင်နေပေသေးသည်။ ဤကဲ့သို့သော လူအင်အားမျိုးနှင့် ဖွဲ့စည်းထားသော ဓါးပုံစံကွက်ထဲသို့ ဟွာရှင်းကိုယ်တိုင် ရောက်ရှိသွားမည်ဆိုလျှင်ပင် ဆယ်ခါပြန်မက သေခဲ့ရပေလိမ့်မည်။ ထိုသို့ဖြစ်လေရာ ထိုဓါးပုံစံကွက်သည် ဘယ်ကမှန်းမသိရသော ဂျူနီယာလေးနှစ်ဦး၏ ဖျက်ဆီးခြင်းကို မည်ကဲ့သို့များ ခံလိုက်ရပါလေသနည်း။ ထို့အပြင် အကြီးအကဲချုပ်ရော ဘာဖြစ်သွားသနည်း။ ဘာကြောင့်များ အကြီးအကဲချုပ်ကို မည်သည့်နေရာတွင်မှ မတွေ့ရလေသနည်း။
ဟွာရှင်းမှာ ဘေးပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်လေသည်။ သို့သော်ငြား အကြီးအကဲချုပ်ကို မည်သည့်နေရာတွင်မှ မတွေ့ရချေ။ ထိုအချင်းအရာကို သတိပြုမိလိုက်သည့်နောက် တစ်ခုခုမှားယွင်းနေမှန်း နားလည်သွားပြီး ဟွာရှင်း ရင်တဒုန်းဒုန်း ခုန်လာတော့လေသည်။ အကြီးအကဲချုပ်သည် အစီအရင်၏ ပင်မအူတိုင်နေရာကို တာဝန်ယူထားခြင်းဖြစ်လေရာ ယခု သူ့အား မည်သည့်နေရာတွင်မှ မတွေ့ရသည့်ပုံကိုကြည့်လျှင် အကြီးအကဲချုပ် သေသွားသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
(သူ ဘယ်လိုသေသွားတာလဲ… ဘယ်သူ သူ့ကိုသတ်လိုက်တာလဲ…) ဟွာရှင်းမှာ ဓါးပုံစံကွက်ထဲ ဘာတွေဖြစ်လို့ဖြစ်သွားမှန်းဆိုသည်ကို နားမလည်သည့်အတွက်ကြောင့် ယခုကဲ့သို့ အလွန်ကိုမှ အံ့ဩတကြီးဖြစ်နေသည်မှာ အထူးအဆန်းတော့မဟုတ်ပေ။
ထိုအခိုက်အတန့်မှာပင် ဟွာရှင်း ရင်တဒုန်းဒုန်းခုန်သွားခဲ့ပြီး အန္တရာယ်အငွေ့အသက်တို့ကို ခံစားလိုက်ရလေသည်။
(မကောင်းတော့ဘူး…) ယခုမှသာလျှင် သူသည် အခြားတစ်ဦးနှင့် တိုက်ခိုက်နေကြောင်းကို ပြန်သတိရသွားခဲ့သည်။ ထို့အပြင် တစ်ဖက်ရန်သူသည် သူ့ထက်ပင် ပို၍ အားကောင်းသေးသည်။ ပုံမှန်အခြေအနေမျိုးတွင် ဟွာရှင်းအနေဖြင့် ယခုကဲ့သို့သော ရူးမိုက်သည့်အမှားမျိုးကို လုပ်မိလိမ့်မည်မဟုတ်ပေ။ သို့သော်ငြား သူမြင်လိုက်ရသည့်အရာသည် အလွန်ကိုမှ အံ့ဩဖွယ်ကောင်းလွန်းသည့်အတွက်ကြောင့် ဟွာရှင်းမှာ ယာယီမျှ သတိလက်လွတ် ဖြစ်သွားခဲ့ရလေ၏။
ကံမကောင်းစွာဖြင့် ဟွာရှင်းသတိလက်လွတ်ဖြစ်နေစဉ်အတောအတွင်း လီကျောက်မှာ ဟွာရှင်းအား အနည်းငယ်မျှပင်လျှင် အခွင့်အရေးမပေးခဲ့ချေ။ အားကောင်းလှသည့် ဧကရာဇ်ချီတို့သည် ဟွာရှင်း၏ရင်ဘတ်အား လာရောက်ထိမှန်လေရာ ဟွာရှင်းမှာ သွေးအပွက်ပွက်အန်ထုတ်ရင်း လွင့်စင် ထွက်သွားခဲ့ရလေ၏။
“ခွေးအိုကြီးဟွာ… မင်း ဘယ်လိုလုပ်ပြီး နန်းတော်သခင်ရန်ကို မင်းရန်သူလုပ်ရဲရတာလဲ… ဒီနေ့ ဒီလီ မင်းကို ကျိန်းသေ သတ်ပစ်မယ်…”
ထိုစကားကိုကြားသော် ဟွာရှင်း နောက်တစ်ကြိမ် သွေးတစ်ပွက် ထိုးအန်လိုက်ရပြီး ဒေါမာန်တကြီးဖြင့် ပြန်အော်ပြောလိုက်လေ၏။ “ခွေးကောင်လီကျောက်…”
အစောပိုင်းက သူတို့နှစ်ဦး သူတို့တိုက်ခိုက်နေကြသည်မှာ ဟန်ပြထက်မပိုပေ။ နှစ်ဦးစလုံးသည် တကယ်တမ်းတိုက်ခိုက်နေခြင်းမရှိ။ တိုက်ခိုက်ရာတွင်လည်း သူတို့၏ခွန်အား ဆယ်ပုံတစ်ပုံလောက်ကိုသာ အသုံးပြုထားခဲ့သည်။ ယခု လီကျောက်မှ သူ၏ခွန်အားအပြည့်ဖြင့် အလစ်အငိုက်ချောင်း တိုက်ခိုက်လာခဲ့လေရာ ဟွာရှင်းမှာလည်း လုံးဝမခုခံနိုင် ဖြစ်သွားခဲ့ရလေသည်။
လီကျောက် ဘာကြောင့် ဤကဲ့သို့လုပ်နေမှန်း ဟွာရှင်းသိပေသည်။ လီကျောက်သည် ပိုအသာရမည့်ဘက်ကို ရွေးချယ်နေခြင်းသာဖြစ်လေသည်။ သို့တိုင် ဟွာရှင်းမှာတော့ လီကျောက်၏လုပ်ရပ်ကြောင့် ဒေါသူပုန်ထသွားခဲ့လေ၏။ နှစ်ပေါင်းရာနှင့်ချီသော ခင်မင်ရင်းနှီးမှုသည် မည်ကဲ့သို့များ ဤကဲ့သို့ ဖြစ်သွားရလေသနည်း။
ဟွာရှင်းသည် အံကိုတင်းတင်းကြိတ်၍ ပြန်အော်ပြောလိုက်လေ၏။ “မင်း နိုင်မယ်ဆိုတာ သေချာလား… မင်း သေချာစောင့်ကြည့်နေ… ဒီနေ့ ဘယ်သူမှ ဒီနေရာက အသက်ရှင်လျက် ထွက်မသွားနိုင်စေရဘူး…” ထိုသို့ပြောပြီးသည့်နောက်တွင် ဟွာရှင်းသည် သူ့စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် လုပ်ပြီးနောက် ကောင်းကင်ပေါ်သို့မော့ကာ အော်ပြောလိုက်လေ၏။ “နတ်သားရဲ… ထွက်လာစမ်း…”