အခန်း (၃၀၀၆-၃၀၁၀)
Vol. 130 Ch. 3006-3010
အပိုင်း (၃၀၀၆)
ဘာသာပြန်သူ_တိမ်တိုက်
လေတိမ်တိုက်စံအိမ်ထဲဝယ် ယင်ယန်ဓါတ်ကြီးငါးပါးပြောင်းလဲခြင်းဓါးပုံစံကွက်မှာ ပျက်စီးသွားခဲ့ရလေပြီ။ ထိုအကြောင်းကြောင့် ဓါးပုံစံကွက်ကို ဖွဲ့စည်းရာတွင် ပါဝင်ကြသော ရာနှင့်ချီသည့် ကျင့်ကြံသူများမှာလည်း ပြန်ပေါ်လာကုန်ကြလေ၏။ လက်ရှိအချိန်တွင် ထိုတပည့်များမှာ ရန်ကိုင်၏ကြောက်မက်ဖွယ်ရာပုံစံကြီးကိုကြည့်ရင်း အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေကြလေသည်။
(ဘယ်လိုမွန်းစတားကောင်ကြီးလဲ…)
“နင် ဘယ်ဘက်ကိုတာဝန်ယူ… ငါ ညာဘက်ကို တာဝန်ယူလိုက်မယ်…” ရန်ကိုင်သည် လူအုပ်ကြီးအား အေးစက်စက်အကြည့်ဖြင့် ဝေ့ကြည့်လိုက်ပြီးသည့်နောက် လင်းယွင်အာအား လှမ်းပြောလိုက်သည်။
လင်းယွင်အာသည် ဘာမျှပြန်ပြောမနေခဲ့ဘဲ သံမဏိဒယ်အိုးကို သူမခေါင်းထက်တွင် ဝဲနေစေလျက် လူအုပ်ကြီးဆီသို့ ပြေးဝင်သွားခဲ့လေသည်။ လင်းယွင်အာပြေးထွက်သွားသည့်အရပ်တွင် လေတိမ်တိုက်စံအိမ်မှ တပည့်သုံးဦး အတူတကွ စုဝေးနေကြလေ၏။ ထိုတပည့်သုံးဦးမှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ လင်းယွင်အာ၏လက်သီးချက်ကြောင့် သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားကြရလေသည်။
ရန်ကိုင်သည်လည်း စတင်လှုပ်ရှားနေလေ၏။ ရန်ကိုင်မှ သူ့လက်ကို လေထဲသို့ ဆန့်ထုတ်၍ ဆွဲညှစ်ချလိုက်ရာ မီတာသုံးဆယ်ခန့်အကွာတွင် ရှိနေသော တတိယအကြီးအကဲမှာ တစ်စုံတစ်ခုသောစွမ်းအား၏ ချုပ်နှောင်ခြင်း ခံလိုက်ရသည့်ပမာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ ရန်ကိုင် မည်ကဲ့သို့များ ထိုကဲ့သို့ လုပ်နိုင်သလဲဆိုသည်ကို မည်သူမျှ မသိကြချေ။
တတိယအကြီးအကဲ ဘာမှပြန်မပြောနိုင်သေးခင်မှာပင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရလေသည်။ ထို့နောက်တွင် အလွန်ပြင်းထန်သောအားတစ်ရပ်၏ ဖိချေခြင်း ခံလိုက်ရကာ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့ပြီး အကြီးအကဲချုပ်၏လမ်းစဉ်နောက်သို့ လိုက်သွားခဲ့ရလေသည်။
ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်အား နောက်တစ်ဖန် ဝှေ့ယမ်းချလိုက်လေသည်။ ယခုတစ်ကြိမ်တွင်တော့ တတိယအကြီးအကဲနားတွင် ရှိနေသော အခြားသောအကြီးအကဲတစ်ဦးသည် သွေးအပွက်ပွက်အန်ထွက်ရင်း ကြိုးပြတ်သွားသည့်စွန်တစ်စင်းပမာ လွင့်စင်ထွက်သွားခဲ့လေသည်။ မြေပေါ်သို့ ဘုတ်ခနဲ ကျသွားသည့်အချိန်တွင်တော့ ထိုအကြီးအကဲမှာ အသက်မရှိတော့ပေ။
နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို အသုံးပြုပြီးသည့်နောက် ရန်ကိုင်၏ကိုယ်ထဲရှိ နဂါးအမြုတေစွမ်းအားမှာ လှုံ့ဆော်ခံလိုက်ရလေရာ ရန်ကိုင်ကိုယ်တိုင်သည်လည်း အလွန်ကိုမှ အားကောင်းလှသည့် စွမ်းအားကို ထုတ်သုံးလာနိုင်ခဲ့လေသည်။ ထိုသို့ဖြစ်လေရာ ဧကရာဇ်ပထမအဆင့်သာရှိသေးသော ထိုလူများသည် မည်ကဲ့သို့များ သူ့ပြိုင်ဘက် ဖြစ်နိုင်ပါတော့မည်နည်း။
ရန်ကိုင်နှင့် လင်းယွင်အာတို့သည် သိုးအုပ်ထဲသို့ ဝင်ရောက်သောင်းကျန်းနေကြသည့် ကျားနှစ်ကောင်ပမာ ထိုလူများကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်နေခဲ့လေသည်။ လေတိမ်တိုက်စံအိမ်၏ အကြီးအကဲများနှင့် တပည့်များအားလုံး မည်သူမျှ ရန်ကိုင်တို့အား ခုခံနိုင်ခဲ့ခြင်း မရှိကြချေ။
အသက်သုံးရှိုက်စာအတွင်းမှာပင် လူတစ်ရာကျော်အနက် တစ်ဝက်ကျော်လောက်မှာ သေသွားခဲ့ရလေပြီ။ ကျန်သည့်လူများမှာတော့ အိပ်မက်ဆိုးတစ်ခုမှ နိုးထလာသည့်အလား ထိတ်လန့်တကြားဖြင့် စတင်ထွက်ပြေးနေကြလေ၏။
ထိုကြောက်မက်ဖွယ်ရာမွန်းစတားနှစ်ကောင်ရှေ့တွင် မည်သူမျှ ပြန်တိုက်ရဲသည့်သတ္တိ ရှိမနေကြချေ။ အထူးသဖြင့် သူတို့၏မှော်ရတနာများ လုယူထားခံရသည့် အချိန်မျိုးတွင်ပင်။ ထို့အတွက်ကြောင့် လက်ရှိအချိန်တွင် ထွက်ပြေးခြင်းသည်သာ အကောင်းဆုံးရွေးချယ်မှုတစ်ရပ် ဖြစ်ပေသည်။
“ရွှစ်… ရွှစ်… ရွှစ်…”
လဓါးသွားများ တစ်စင်းပြီးတစ်စင်း ဘက်ပေါင်းစုံဆီသို့ ပျံထွက်သွားလေ၏။ ဓါးပုံစံကွက်ကို ဖန်တီးရာတွင် ပါဝင်ခဲ့ကြသည့် မည်သည့်လေတိမ်တိုက်စံအိမ်၏ မည်သည့်တပည့်မှ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့ခြင်း မရှိကြပေ။ အကုန်လုံးမှာ သွေးပျက်ခြောက်ခြားစွာ အော်ဟစ်ရင်း မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လဲပြိုကျကုန်ရလေ၏။ လဓါးသွားဖြတ်သန်းသွားရာလမ်းတစ်လျှောက်တွင် ရှိနေသည့် မည်သူမျှ ခုခံနိုင်ခဲ့ခြင်းမရှိပဲ အသက်ပျောက်ခဲ့ကြရသည်။
လင်းယွင်အာသည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေခဲ့လေသည်။ သူမအနေဖြင့် လူအနည်းငယ်ကိုသာ သတ်ရသေးပါသော်ငြား အသက်ရှင်ကျန်ရစ်သည့်လူတစ်ဦးမှ ရှိမနေတော့ကြောင်း တွေ့လိုက်ရလေ၏။
ထိုမြင်ကွင်းကို အဝေးမှရပ်ကြည့်နေကြသည့် လေတိမ်တိုက်စံအိမ်၏ တပည့်များမှာတော့ ဆောင်းတွင်းရောက်နေသည့်ပမာ အဆက်မပြတ် တုန်ရီနေကြလေသည်။ သူတို့၏မျက်နှာများမှာလည်း လူသေကောင်ပမာ ဖြူလျော်နေလေ၏။
(ဒီတစ်ကြိမ် ငါတို့ဂိုဏ်း ဘယ်လိုရန်သူမျိုးကို သွားရန်စမိတာလဲကွာ… ဂိုဏ်းရဲ့ လက်ရွေးစင်တပ်တစ်ခုလုံးတောင် ရှင်းပစ်ခံရတယ်ဆိုတော့…)
လက်ရှိအချိန်တွင် ဧကရာဇ်အဆင့်သို့ရောက်နေသည့်လူဆို၍ ဟွာရှင်းတစ်ဦးတည်းသာ ရှိတော့ပေသည်။ လေတိမ်တိုက်စံအိမ်ကို စတင်တည်ထောင်သည့်အချိန်မှစ၍ ယခုအချိန်အထိ ဤကဲ့သို့သောအဖြစ်အပျက်မျိုးနှင့် ကြုံခဲ့ရဖူးခြင်းမရှိချေ။ ယနေ့တိုက်ပွဲပြီးသည့်နောက် လေတိမ်တိုက်စံအိမ်အနေဖြင့် ရန်သူများကို ပြန်လည်တွန်းလှန်နိုင်ခဲ့မည်ဆိုလျှင်ပင် ဂိုဏ်းတစ်ခုလုံးအား ပြန်လည်ကောင်းမွန်လာအောင် လုပ်နိုင်ဖို့ရာတော့ လွယ်ကူတော့လိမ့်မည်မဟုတ်ချေ။ ထို့အပြင် ထိုမွန်းစတားနှစ်ကောင်ကို မည်သူကများ တွန်းလှန်နိုင်ပါမည်နည်း။ သူတို့၏ဂိုဏ်း ပျက်စီးတော့မည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ထိုအခိုက်အတန့်မှာပင် ဟွာရှင်း၏ ဒေါမာန်တကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။ “နတ်သားရဲ ထွက်လာစမ်း…”
ထိုစကား ဟွာရှင်း၏ပါးစပ်မှ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေတိမ်တိုက်စံအိမ်မှ တပည့်ပေါင်းများစွာ၏ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။ လက်ရှိအချိန်တွင် ထိုတပည့်များမှာ ရန်ကိုင်နှင့်လင်းယွင်အာတို့ သူတို့ဂိုဏ်း၏ လက်ရွေးစင်တပ်ဖွဲ့များအား သတ်ဖြတ်နေသည်ကို ကြည့်နေစဉ်ကထက် ပို၍ ကြောက်လန့်တုန်လှုပ်နေကြလေသည်။
“စံအိမ်သခင် ဘာပြောလိုက်တာလဲ…”
“သူ နတ်သားရဲကို လွှတ်ပေးချင်နေတာလား…”
“ပြေးပေတော့… မင်း ဘာတွေ ကြောင်ပြီး ရပ်ကြည့်နေတာလဲ…”
“မင်း အခုနေမပြေးရင် နောက်ကျသွားလိမ့်မယ်နော်…”
အဝေးမှ တိုက်ပွဲကို ရပ်ကြည့်နေကြသော လေတိမ်တိုက်စံအိမ်မှ တပည့်များသည် အလွန်တရာကိုမှ ကြောက်မက်ဖွယ်ကောင်းသည့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရတော့မည့်ပမာ ထိတ်လန့်တကြားဖြင့် ထွက်ပြေးကုန်ကြတော့လေသည်။
ဂိုဏ်းထဲသို့ ဝင်ထားသည်မှာ မကြာသေးသည့် အချို့သောတပည့်များမှာတော့ ကြောင်တောင်တောင်ဖြင့်သာ ရှိနေကြလေသည်။ လေတိမ်တိုက်စံအိမ်ကို ကာကွယ်ပေးနေသော နတ်သားရဲတစ်ကောင်ရှိနေမှန်း သိထားကြပါသော်ငြား ထိုနတ်သားရဲကို သူတို့ တစ်ခါမှ မြင်ခဲ့ဖူးခြင်းမရှိချေ။ မည်ကဲ့သို့သော နတ်သားရဲမျိုး လေတိမ်တိုက်စံအိမ်ထဲတွင် ရှိနေသလဲဆိုသည်ကိုလည်း သူတို့မသိကြ။ သူတို့သိသည်မှာ ထိုနတ်သားရဲသည် အလွန်တရာကိုမှ အားကောင်းသည်ဟူသော အချက်သာ။
နတ်သားရဲ၏ခွန်အားသည် စံအိမ်သခင်ဖြစ်သော ဟွာရှင်းအောင် နိမ့်ကျခြင်းမရှိချေ။
သို့သော်ငြား ဂိုဏ်းထဲမှ သူတို့၏စီနီယာများ ကြောက်လန့်တကြားဖြင့် ထွက်ပြေးနေကြသည်ကိုမြင်သော် သူတို့သည်လည်း စတင်၍ ထိတ်လန့်လာကြတော့လေသည်။ နတ်သားရဲသည် မည်ကဲ့သို့သောနတ်သားရဲမျိုးဖြစ်ပါစေ သူတို့အတွက် ကောင်းမွန်သည့်နတ်သားရဲတစ်ကောင် မဟုတ်သည်မှာတော့ သေချာလှပေသည်။
ဟွာရှင်း၏အော်ဟစ်သံ ထွက်ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် အားကောင်းလှသော ရန်လိုစိတ်တစ်ရပ်သည် လေတိမ်တိုက်စံအိမ်၏ အတွင်းပိုင်းဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ အိပ်စက်နေသောနဂါးတစ်ကောင် နိုးထလာသည့်ပမာ ပတ်ဝန်းကျင်လောကကြီးတစ်ခုလုံး တသိမ့်သိမ့် တုန်ရီသွားခဲ့လေသည်။
“ဟမ့်…” ရန်ကိုင်သည်လည်း ထိုအရှိန်အဝါ ထွက်ပေါ်လာရာဘက်ဆီသို့ လှမ်း၍ကြည့်လိုက်လေသည်။ ဘာကြောင့်မှန်းမသိ လေတိမ်တိုက်စံအိမ်၏ အတွင်းပိုင်းတွင် ရှိနေသည့် အရာနှင့် တိုက်ခိုက်ချင်နေသည့်အလား သူ့သွေးများမှာ စတင်၍ ဆူပွက်လာခဲ့လေသည်။
လင်းယွင်အာသည် ရန်ကိုင်ဆီသို့ ပျံသန်းလာခဲ့လေ၏။ သံမဏိဒယ်အိုးကြီးမှာတော့ သူမခေါင်းထက်တွင် ဝဲနေပေသေးည်။ လက်ရှိအချိန်တွင် လင်းယွင်အာသည် အစောပိုင်းက အရှိန်အဝါထွက်ပေါ်လာခဲ့သော လေတိမ်တိုက်စံအိမ်၏ အတွင်းပိုင်းသို့ လှမ်းကြည့်၍ နှာခေါင်းလေးတရှုံ့ရှုံ့လိုက်သည်။ ထို့နောက် သူမ၏မျက်လုံးများ တလက်လက်တောက်ပလာတော့လေသည်။
“ဝေါင်း…”
နောက်ထပ်အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုအော်ဟစ်သံ ထွက်ပေါ်လာပြီးပြီးချင်းမှာပင် ဧရာမပုံရိပ်ကြီးတစ်ခု လေတိမ်တိုက်စံအိမ်၏ အတွင်းပိုင်းဆီမှ ပျံထွက်လာခဲ့လေ၏။ ထိုအရာမှာ အခြားမဟုတ်။ မီးတောက်များဖြင့် လွှမ်းခြုံနေသော သားရဲကြီးတစ်ကောင်သာ ဖြစ်လေသည်။
(အဲ့ဒါ လေတိမ်တိုက်စံအိမ်ရဲ့ ကာကွယ်သူနတ်သားရဲလား…) ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး သူ့စိတ်ထဲ ခံစားနေရသည့် တိုက်ခိုက်လိုစိတ်မှာ ပို၍ အားကောင်းလာခဲ့လေသည်။ ထိုသို့ဖြစ်သည်မှာလည်း အဆန်းတော့မဟုတ်။ ထိုသားရဲဆီမှ နတ်သားရဲတစ်ကောင်၏ အရှိန်အဝါအချို့ကို ခံစားမိလိုက်သည့်အတွက်ကြောင့်ကိုး။
(လေတိမ်တိုက်စံအိမ်မှာ နတ်သားရဲတစ်ကောင်ကို ကာကွယ်သူသားရဲအဖြစ် ထားထားလိုက်မယ်လို့ ငါ တကယ်မထင်ထားခဲ့ဘူး…)
မကြာခင်တွင် ထိတ်လန့်ဖွယ်ကောင်းသည့် အဖြစ်အပျက်တစ်ခုကို ရန်ကိုင် မြင်တွေ့သွားခဲ့ရလေသည်။ နတ်သားရဲသည် လေတိမ်တိုက်စံအိမ်အတွင်းထဲမှ ထွက်လာပြီးသည့်နောက် ရန်ကိုင်တို့ဆီသို့ ပျံသန်းလာခဲ့ခြင်းမရှိ။ ထို့အစား ထွက်ပြေးနေသော လေတိမ်တိုက်စံအိမ်မှတပည့်များနောက်သို့ ပြေးလိုက်သွားခဲ့လေသည်။ မကြာမီတွင် ထိုတပည့်များရှိနေရာအရပ်ဆီမှ သွေးပျက်ခြောက်ခြားဖွယ်ရာအော်ဟစ်သံများ ထွက်ပေါ်လာခဲ့လေ၏။ ကြည့်ရသလောက် နတ်သားရဲသည် ထိုတပည့်များကို လိုက်လံစားသုံးပစ်နေသည့်ပုံပင်။
ထိုမြင်ကွင်းကိုကြည့်ရင်း ဟွာရှင်းမှာတော့ အလွန်တရာကိုမှ ရင်နာနေခဲ့ရသည်။ လေတိမ်တိုက်စံအိမ်သည် ကာကွယ်သူသားရဲတစ်ကောင်ကို နှစ်ပေါင်းထောင်နှင့်ချီတိုင်အောင် ထိန်းထားနိုင်ခဲ့လေသည်။ ကံမကောင်းစွာဖြင့် ထိုနတ်သားရဲမှာ ရက်စက်ကြမ်းကြုတ်လှသည့် သားရဲတစ်ကောင် ဖြစ်နေခဲ့၏။ ထိုသားရဲကို လေတိမ်တိုက်စံအိမ်၏ ဆယ်ဆက်မြောက်ဖြစ်သော စံအိမ်သခင်မှ ပြန်သယ်လာခဲ့ခြင်း ဖြစ်လေသည်။ ဆယ်ဆက်မြောက်စံအိမ်သခင် အသက်ရှင်နေစဉ်က ထိုနတ်သားရဲသည် အတော်လေးကိုမှ ငြိမ်ခဲ့ပါသော်ငြား စံအိမ်သခင်ကွယ်လွန်ပြီးသည့်နောက်တွင် ထိုနတ်သားရဲ၏ ရက်စက်ကြမ်းကြုတ်သည့်စရိုက်မှာ ပြန်ပေါ်လာခဲ့လေသည်။
နတ်သားရဲသည် လေတိမ်တိုက်စံအိမ်မှ ထွက်သွားခြင်းမရှိပါသော်ငြား မည်သူ၏အမိန့်ကိုမှလည်း နာခံခြင်းမရှိပေ။ မျိုးဆက်တစ်ခုချင်းစီ၏ လေတိမ်တိုက်စံအိမ်သခင်များသည်သာ ထိုနတ်သားရဲနှင့် နည်းနည်းပါးပါး ဆက်သွယ်နိုင်ကြပေသည်။
ထို့အပြင် ထိုနတ်သားရဲကို တောတောင်ထဲမှ ခေါ်ထုတ်လိုက်သည့်အကြိမ်တိုင်း သူတို့လေတိမ်တိုက်စံအိမ်အနေဖြင့် ကြီးမားလှသည့် တန်ရာတန်ကြေးတစ်ခုကို ပြန်လည်ပေးဆပ်ရပေသည်။ ပြင်ဆင်ချိန်သာရမည်ဆိုလျှင်တော့ ထိုနတ်သားရဲ စိတ်ကျေနပ်သည်အထိ စားသောက်နိုင်အောင် သူတို့အနေဖြင့် ယဇ်ကောင်များကို ကြိုတင်ပြင်ဆင်ပေးထားပေလိမ့်မည်။ ထိုအခါမှသာလျှင် နတ်သားရဲသည် သူတို့ဂိုဏ်း ရင်ဆိုင်နေရသော် ရန်သူများကို ပြန်လည်တိုက်ခိုက်ပေးပေလိမ့်မည်။ ထိုသို့ပင်ဖြစ်လင့်ကစား ယခုတစ်ကြိမ်တွင်တော့ လေတိမ်တိုက်စံအိမ်အနေဖြင့် ဘာမျှ ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းမရှိပေ။ ထိုအကြောင်းကြောင့် သူတို့ပေးချေရမည့်တန်ကြေးမှာ သူတို့တပည့်များသာ ဖြစ်သွားကြရတော့သည်။
လွန်ခဲ့သော နှစ်ပေါင်းရာနှင့်ချီခန့်က လေတိမ်တိုက်စံအိမ်သည် ကပ်ဘေးကြီးကြီးမားမားနှင့် ရင်ဆိုင်ခဲ့ရသည့်တိုင် စံအိမ်သခင်မှ ဤနတ်သားရဲအား မခေါ်ထုတ်ခဲ့ရခြင်းမှာ ထိုအကြောင်းကြောင့်သာ ဖြစ်လေသည်။ မည်သို့ပင်ဖြစ်လင့်ကစား ဟွာရှင်းသည် လက်ရှိကြုံနေရသည့် အဖြစ်အပျက်ကြောင့် ထိုအကြောင်းအရာကိုများကို ဂရုစိုက်နေချိန် မရှိတော့ပေ။
သွေးပျက်ခြောက်ခြားဖွယ်ရာအော်ဟစ်သံများမှာ အဆက်မပြတ်ကို ထွက်ပေါ်လာနေခဲ့လေသည်။
“အဲ့ဒါဘာကြီးလဲ…” ရန်ကိုင်သည် မျက်လုံးမှေးစင်း၍ အော်ဟစ်သံများ ထွက်ပေါ်နေရာဆီသို့ လှမ်းကြည့်လိုက်လေသည်။ သို့သော်ငြား အတော်လေးကိုမှ ဝေးကွာနေသည့်အတွက်ကြောင့် မွန်းစတားသားရဲကြီး၏ပုံစံကို သေချာမမြင်ရချေ။ သူသိသည်မှာတော့ ထိုအရာကြီးသည် နတ်သားရဲတစ်ကောင်ဖြစ်ပြီး ရန်သူများကို လာမတိုက်ခိုက်သေးဘဲ ကိုယ့်လူကိုယ်ပြန်စားနေသည့် နတ်သားရဲတစ်ကောင်ဖြစ်သည်ဟူသော အချက်သာ။
“အင်း… တကယ်ကို အရသာရှိမယ့်ပုံပဲ…” လင်းယွင်အာမှာတော့ နှာခေါင်းတရှုံ့ရှုံ့ကို လုပ်နေလေ၏။
လင်းယွင်အာ၏ပုံစံကိုကြည့်၍ ရန်ကိုင် ဆွံ့အသွားတော့လေသည်။ (ဒီကောင်မလေးခေါင်းထဲမှာ ဘာလို့ စားစရာအကြောင်းတွေပဲ ရှိနေရတာလဲ…)
ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် နတ်သားရဲကြီးသည် စိတ်ရှိတိုင်း စားသောက်ပစ်ပြီးသွားသည့်အလား ရန်ကိုင်တို့ဆီသို့ ပြေးလာခဲ့လေ၏။ ၎င်း၏ခွာများမှာ မီးတောက်များဖြင့် လောင်မြိုက်နေခဲ့ပြီး မျက်လုံးများထဲတွင်လည်း မီးတောက်များဖြင့် ပြည့်နေခဲ့လေသည်။
ထိုနတ်သားရဲအကြီးကြီး သူတို့ဆီသို့ ချဉ်းကပ်လာသည့်အခါမှသာလျှင် ရန်ကိုင်သည်လည်း ထိုနတ်သားရဲ၏ပုံစံကို သေချာမြင်ရတော့သည်။ ထိုနတ်သားရဲသည် နဂါးခေါင်း၊ သမင်ချို၊ ခြင်္သေ့မျက်လုံး၊ ကျားတစ်ကောင်၏ကျောပြင်၊ ဝက်ဝံတစ်ကောင်၏ခါး၊ မြွေအကြေးခွံ၊ မြင်းခွာနှင့် နွားတစ်ကောင်၏အမြီးကို ပိုင်ဆိုင်ထားပေသည်။ ထို့အပြင် ၎င်း၏ပုံစံမှာလည်း အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်လှသည်။
“မီးချီလင်လား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။ ထိုသားရဲကြီးတွင် နတ်သားရဲတစ်ကောင်၏ အရှိန်အဝါ ရှိနေသည်မှာ အထူးအဆန်းမဟုတ်တော့။ ထိုသားရဲမှာ မီးချီလင်တစ်ကောင်ဖြစ်နေသည်ကိုး။ ဤလောကကြီးထဲတွင် ချီလင်အမျိုးအစားပေါင်းများစွာ ရှိကြပါသော်ငြား အားလုံးသည် နတ်သားရဲများ ဖြစ်ကြပေသည်။ ရန်ကိုင်၏သွေးကြောထဲတွင် နဂါးတစ်ကောင်၏သွေးများ စီးဆင်းနေခဲ့လေသည်။ မီးချီလင်နှင့်နဂါးတို့သည် နတ်သားရဲများအနက် ထိပ်တန်းနတ်သားရဲများ ဖြစ်ကြသည့်အတွက်ကြောင့် ထိုမီးချီလင်၏အရှိန်အဝါကို ခံစားမိလိုက်သည့်အခိုက် ရန်ကိုင်စိတ်ထဲ ပြိုင်ဆိုင်လိုစိတ်များ ထွက်ပေါ်လာရသည်မှာ အထူးအဆန်းတော့မဟုတ်။
“အဲ့ဒါ မီးချီလင်တစ်ကောင်နဲ့ပဲတူတာ…” လင်းယွင်အာသည် နတ်သားရဲများအကြောင်းကို အတော်လေး နှံ့နှံ့စပ်စပ် သိထားသည့်အလား မီးချီလင်ကိုကြည့်နေသည့် သူမ၏မျက်လုံးလေးများမှာ တဖျတ်ဖျတ်ကို တောက်ပနေခဲ့လေသည်။ “အဲ့ကောင်မှာ ချီလင်သွေးမျိုးဆက်တော့ရှိတယ်… ဒါပေမယ့် သန့်စင်တဲ့အထဲတော့ မပါဘူး…”
ရန်ကိုင်သည် လင်းယွင်အာအား ဆွံ့အနေသည့် အမူအယာဖြင့် ကြည့်ရင်းမှ “ယွင်အာ… နင် သွားရည်ကျနေတယ်နော်…”
လင်းယွင်အာသည် လက်တစ်ဖက်ဖြင့် သူမပါးစပ်မှ စီးကျနေသော သွားရည်များကို သုတ်လျက် စိတ်လှုပ်ရှားစွာ ပြောလိုက်လေ၏။ “အဲ့ကောင်ကို ကျွန်မတာဝန်ထားလိုက်…”
ထိုသို့ပြောပြီးသည့်နောက်တွင် မီးချီလင်ဆီသို့ ပြေးထွက်သွားလေသည်။
“သတိထားဦး…” ရန်ကိုင်က လှမ်းအော်ပြောလိုက်သည်။ လင်းယွင်အာ၏ခွန်အားမှာ အံ့အားသင့်ဖွယ် ကောင်းလှပါသော်ငြား နတ်သားရဲတစ်ကောင်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော ရက်စက်ကြမ်းကြုတ်လှသည့် သားရဲတစ်ကောင်နှင့် ရင်ဆိုင်နိုင်လောက်သည်အထိတော့ အားကောင်းခြင်း မရှိသေးပေ။ သို့တိုင် လင်းယွင်အာမှာ ယုံကြည်ချက်အပြည့်ဖြင့် ပြောသွားသည့်အတွက်ကြောင့် ရန်ကိုင်သည်လည်း သူမအား စိတ်ဓာတ်ကျသွားအောင် မလုပ်နိုင်ချေ။ ထိုအကြောင်းကြောင့်ပင်လျှင် မတော်တဆတစ်ခုခု ဖြစ်လာခဲ့သည်ရှိသော် အချိန်မရွေး လှုပ်ရှားနိုင်ရန်သာ ပြင်ဆင်ထားလိုက်လေသည်။
လူသားနှင့် နတ်သားရဲကြီးသည် တစ်ဦးနှင့်တစ်ဦး လျင်မြန်စွာ နီးကပ်လာခဲ့သည်။ မီးချီလင်သည် ကျိန်းသေကို အသိဉာဏ်ရှိပေသည်။ လင်းယွင်အာမှ သူ့ဆီသို့ ပြေးဝင်လာနေသည်ကိုမြင်သော် ဒေါမာန်တကြီး ထအော်လိုက်လေရာ ၎င်းကိုယ်ထက်တွင် တောက်လောင်နေသော မီးတောက်များမှာ ယခင်ကထက်ပို၍ အားကောင်းလာခဲ့လေ၏။
လင်းယွင်အာမှာတော့ အနည်းငယ်မျှပင် တုန်လှုပ်သွားခဲ့ခြင်းမရှိဘဲ ဆက်၍သာ ပြေးသွားခဲ့လေသည်။
တဖြည်းဖြည်းနီးကပ်လာသည့်နောက်တွင် မီးချီလင်သည် ၎င်း၏ပါးစပ်ကြီးကိုဟလျက် လင်းယွင်အာဆီသို့ မီးဘောလုံးတစ်လုံး ပစ်လွှတ်လိုက်လေ၏။ သို့ရာတွင် လင်းယွင်အာမှာ မျက်တောင်တစ်ချက်ပင် ခတ်သွားခဲ့ခြင်းမရှိဘဲ သံမဏိဒယ်အိုးကိုသုံး၍ မီးဘောလုံးကို ကာလိုက်လေသည်။
သံမဏိဒယ်အိုးမှာ သိပ်မကြီးလှ။ လက်ဆေးဇလုံ တစ်လုံးအရွယ်အစားလောက်သာ ရှိပေသည်။ မီးဘောလုံးနှင့်ယှဉ်လိုက်သော် သံမဏိဒယ်အိုးသည် အဆပေါင်းများစွာ ပိုမိုသေးငယ်ပေသည်။ သို့သော်ငြား မီးဘောလုံး သံမဏိဒယ်အိုးနား ရောက်လာချိန်တွင်တော့ တဖြည်းဖြည်း အရွယ်အစား သေးငယ်သွားခဲ့ပြီး သံမဏိဒယ်အိုးထဲသို့ သဲလွန်စမကျန် တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
လှုပ်ရှားရန်ပြင်နေသော ရန်ကိုင်သည်ပင်လျှင် ထိုမြင်ကွင်းကိုကြည့်ရင်း ကြောင်တောင်တောင် ဖြစ်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း သူ့စိတ်ထဲ၌ ထိုသံမဏိဒယ်အိုးသည် မည်ကဲ့သို့သော ရှေးဟောင်းမှော်ရတနာများ ဖြစ်သလဲဆိုသည်အပေါ် မေးခွန်းထုတ်မိလာလေ၏။
ထိုအခိုက်အတန့်မှာပင် လင်းယွင်အာသည် မီးချီလင်ရှေ့သို့ ရောက်လာခဲ့လေသည်။ ချက်ချင်းပဲ မြေပြင်ကို ကန်ကျောက်၍ မီးချီလင်ပေါ်သို့ ခုန်တက်လိုက်ပြီးသည့်နောက် မီးချီလင်၏ခေါင်းကို သူမ၏ သံမဏိဒယ်အိုးဖြင့် အုပ်ချလိုက်လေသည်။
မီးချီလင်ကမူ ၎င်း၏လက်သည်းများကို မြှောက်လျက် သံမဏိဒယ်အိုးအား ကုတ်ချလိုက်လေ၏။ ၎င်း၏လက်သည်း ဖြတ်သန်းသွားရာလမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော ဟင်းလင်းပြင်တစ်ခုလုံး တွန့်လိမ်သွားခဲ့ရသည်။ ဟင်းလင်းပြင်ထဲ၌ လက်သည်းရာကြီးများပင် ထင်ကျန်ရစ်ခဲ့လေသည်။
လင်းယွင်အာသည် သူမ၏ခန္ဓာကိုယ်လေးကို တွန့်လိမ့်လျက် ထိုတိုက်ခိုက်မှုကို အသည်းအသန် ရှောင်တိမ်းလိုက်သည်။ သို့တိုင် မီးချီလင်၏လက်သည်းမှာ သူမ၏ဝမ်းဗိုက်အား ရှပ်ထိသွားခဲ့သေး၏။ ထိုသို့ပင် ဖြစ်လင့်ကစား လင်းယွင်အာမှာတော့ သူမ၏ဒဏ်ရာကို အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိဘဲ သံမဏိဒယ်အိုးဖြင့်သာ မီးချီလင်၏ခေါင်းကို အမိအရ ဖမ်းအုပ်လေသည်။
ထို့နောက်တွင် အလွန်ကိုမှ ဆန်းကြယ်လှသည့် မြင်ကွင်းတစ်ရပ် အားလုံးရှေ့ ထွက်ပေါ်လာခဲ့သည်။ ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးနှင့်ပင် ယှဉ်ပြိုင်နိုင်သည့်ခွန်အားကို ပိုင်ဆိုင်ထားသလို နတ်သားရဲတစ်ကောင်၏ သွေးမျိုးဆက်ဖြစ်သော မီးချီလင်ကြီးသည် ထိတ်လန့်တကြား ထအော်ရင်း အဆက်မပြတ် ရုန်းကန်တော့လေသည်။ လက်ရှိအချိန်တွင် သံမဏိဒယ်အိုးသည် မီးချီလင်ခေါင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည့်ပမာ မီးချီလင်မှ မည်မျှပင် သူ့ခေါင်းကို အဆက်မပြတ် ခါယမ်းနေစေကာမူ သံမဏိဒယ်အိုးမှာ ပြုတ်ထွက်သွားခဲ့ခြင်းမရှိ။ ထို့အစား သံမဏိဒယ်အိုးဆီမှ ကြောက်မက်ဖွယ်ရာဆွဲအားတစ်ရပ်သည်သာ ထွက်ပေါ်လာနေခဲ့လေသည်။
အရွယ်အစားကြီးမားလှသော မီးချီလင်ကြီးသည် ရှင်းပြမရသော ဆွဲအားတစ်ရပ်ကြောင့် ဖြည်းဖြည်းချင်း ကျုံ့ဝင်လာခဲ့ပြီး သံမဏိဒယ်အိုးထဲသို့ ဆွဲယူခြင်း ခံလိုက်ရလေ၏။ နောက်ဆုံးတွင် မီးချီလင်မှာ အားလုံး၏မြင်ကွင်းမှ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ပြီး သံမဏိဒယ်အိုးထဲသို့ ရောက်သွားခဲ့ရလေသည်။
ရန်ကိုင်မှာ ထိုမြင်ကွင်းကိုကြည့်ရင်း မှင်တက်နေခဲ့လေသည်။ လီကျောက်သည်လည်း မှင်တက်နေလေသည်။ ဟွာရှင်းမှာလည်း အလားတူပင်။ လင်းယွင်အာကိုယ်တိုင်သည်ပင်လျှင် ထိုအဖြစ်အပျက်ကြောင့် အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေမိလေ၏။ ဘာဖြစ်လို့ဖြစ်သွားသလဲဆိုသည်ကို နားမလည်သည့်အလား လင်းယွင်အာမှာ ခေါင်းတကုတ်ကုတ်ကို လုပ်နေလေသည်။
မှော်ရတနာ၏စွမ်းအားကို သိထားသလို ဤရတနာဖြင့်သာဆိုပါက မီးချီလင်အား ရင်ဆိုင်နိုင်လိမ့်မည်ဟု သိထားခဲ့သည့်တိုင် မီးချီလင်ကို ရင်ဆိုင်ဖို့ရာ ဤမျှ လွယ်ကူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ မီးချီလင်ကို သူမ၏ဒယ်အိုးထဲ စုပ်ထည့်ဖို့ရာ အသည်းအသန် တိုက်ခိုက်ရလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား လက်တွေ့မှာ သူမ ထင်ထားသည်ထက်ကို အများကြီး ပိုမိုလွယ်ကူနေခဲ့သည်။
လင်းယွင်အာသည် အလွန်ကိုမှ ရိုးသားပွင့်လင်းလှသည့် ကောင်မလေးတစ်ဦးဖြစ်လေရာ ထိုအကြောင်းအရာများကို ခေါင်းရှုပ်ခံ၍ တွေးမနေဘဲ သံမဏိဒယ်အိုးကိုသာ ပြန်ဆွဲယူလိုက်လေသည်။ ထို့နောက် ဘယ်ကမှန်းမသိသည့် အဖုံးတစ်ခုကို ယူလျက် သံမဏိဒယ်အိုးကို ပိတ်ချလိုက်လေ၏။ ထိုသို့လုပ်ပြီးသည့်နောက်တွင် လင်းယွင်အာ၏မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေ၏။ သူမ၏မျက်လုံးများမှာလည်း စိတ်လှုပ်ရှားမှုဖြင့် တလက်လက် တောက်ပနေခဲ့လေသည်။
လင်းယွင်အာမှာ စိတ်လှုပ်ရှားပျော်ရွှင်နေပါသော်ငြား လီကျောက်မှာတော့ ထိုမြင်ကွင်းကိုမြင်ပြီးသည့်နောက် သူ့မျက်နှာအမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရလေသည်။ သူ့အနေဖြင့် အလွန်ကိုမှ အန္တရာယ်များလှသော အခြေအနေအရပ်ရပ်မျိုးစုံနှင့် ကြုံခဲ့ရဖူးသည့်တိုင် လက်ရှိမြင်ကွင်းကိုကြည့်ရင်း အထိတ်ထိတ်အလန့်လန့်ဖြစ်နေခဲ့သည်။ ဟွာရှင်းမှ လေတိမ်တိုက်စံအိမ်၏ စံအိမ်သခင်ရာထူးကို ရယူခဲ့စဉ်က လီကျောက်ကိုယ်တိုင်သည်လည်း ဤနတ်သားရဲ၏စွမ်းအားကို စမ်းသပ်ကြည့်ခဲ့ဖူးသည်။ ထိုစဉ်က သူ့ခွန်အားအကုန်အစင်ကိုထုတ်သုံး၍ တိုက်ခိုက်ခဲ့သည့်တိုင် ဤနတ်သားရဲ၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။ သို့သော်ငြား ထိုမျှကြောက်မက်ဖွယ်ကောင်းလှသော နတ်သားရဲတစ်ကောင်သည် သံမဏိဒယ်အိုးလေးတစ်ခုကြောင့် မရှုမလှအဖြစ်နှင့် ကြုံခဲ့ရပေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း လီကျောက်မှာ လုံးဝကို မစဉ်းစားတတ်နိုင်တော့အောင် ဖြစ်နေခဲ့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၀၇)
ဘာသာပြန်သူ_တိမ်တိုက်
(နေပါဦး… ဒီသံမဏိဒယ်အိုးက…) လီကျောက်၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။ ရုတ်တရက် သူ့စိတ်ထဲ အကြောင်းအရာတစ်ခုကို ပြန်သတိရသွားခဲ့၏။ ထိုအရာကို သတိရပြီးပြီးချင်းမှာပင် လီကျောက်မှာ ကြောက်သေးပါမတတ် ထိတ်လန့်သွားခဲ့လေ၏။
“အဲ့ရတနာကြီးက…” ဟွာရှင်းမှာလည်း သံမဏိဒယ်အိုးကို ကျိန်းသေ သိနေခဲ့လေသည်။ ထို့ကြောင့် အလွန်ကိုမှ ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအယာဖြင့် “အဲ့ဒါကြီးလို့တော့ ငါ့ကို လာမပြော…”
သူ့စကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် သူ့လက်မောင်းဘက်မှ စူးရှသည့်နာကျင်မှုကို ခံစားလိုက်ရလေသည်။ လီကျောက်သည် သူ သတိလက်လွတ်ဖြစ်နေသည်ကို အခွင့်ကောင်းယူလျက် သူ့အား တိုက်ခိုက်လာခဲ့ရာ သူ့လက်မောင်းတစ်ဖက်မှာ ပေါက်ကွဲထွက်သွားခဲ့ရလေသည်။
“ခွေးအိုကြီးလီ… မင်းဘယ်လိုတောင် ငါ့ကို လိမ်ရဲတာလဲ…” ဟွာရှင်းက ဒေါမာန်တကြီးဖြင့် ထအော်လေသည်။ ချက်ချင်းပဲ လီကျောက်ဆီမှ ခပ်ခွာခွာသို့ ပြန်ဆုတ်လိုက်လေ၏။ လက်ရှိအချိန်တွင် ပြတ်ထွက်သွားသည့် သူ့လက်မောင်းဆီမှ သွေးများ ရေတံခွန်ပမာ တရဟော စီးကျနေခဲ့လေသည်။
လီကျောက်သည် ဟွာရှင်းနောက်သို့ ထပ်ကြပ်မကွာလိုက်လာရင်း အဆက်မပြတ်တိုက်ခိုက်ကာ ပြန်ပြောလိုက်လေ၏။ “မင်း ထမင်းကို စားချင်တိုင်းစားလို့ရတယ်… စကားကိုတော့ ပြောချင်တိုင်း ပြောလို့မရဘူးကွ… ငါ ဘယ်တုန်းက မင်းကို လိမ်ခဲ့လို့လဲ…”
“အဲ့နှစ်ယောက်က ဘယ်မဟာဧကရာဇ်နဲ့မှ ဘာမှမပတ်သက်ဘူးလို့ မင်းပဲ ငါ့ကို ပြောခဲ့တာမဟုတ်ဘူးလား…” ဟွာရှင်း၏မျက်နှာကြီးမှာ သုန်မှုန်နေခဲ့လေသည်။ သူ့စိတ်ထဲ ဒေါသထွက်နေမိသလို စိုးလည်း စိုးရိမ်နေမိလေသည်။ (ငါသာ အဲ့ကလေးမလေးနဲ့ မဟာဧကရာဇ်တစ်ပါးပါးနဲ့ ပတ်သက်နေမှန်းသိခဲ့ရင် သူ့ကို ငါ့ရန်သူ မလုပ်ခဲ့ပါဘူးကွာ…)
လီကျောက်မှာလည်း ဇောချွေးပြန်လျက် ပြန်ပြောလိုက်လေ၏။ “တကယ်မသိဘူးလို့ပြောရင် မင်း ငါ့ကို ယုံမှာလား…”
ဤသည်မှာ သူအမှန်အတိုင်းကို ပြောနေခြင်း ဖြစ်လေသည်။ လီကျောက်သည် ရန်ကိုင်သည် မည်သည့်မဟာဧကရာဇ်နှင့်မှ ပတ်သက်ခြင်းမရှိမှန်း သိထားသည်။ ထိုအကြောင်းကြောင့် ဤကောင်မလေး၏နောက်ခံသည်လည်း ထူးခြားလိမ့်မည်မဟုတ်ဟု ထင်ခဲ့လေသည်။ သို့သော်ငြား နတ်သားရဲတစ်ကောင်၏ မျိုးဆက်ကိုပင်လျှင် တမုဟုတ်ချည်း စုပ်ယူပစ်သွားနိုင်သော သံမဏိဒယ်အိုးကို မြင်ပြီးသည့်အခါမှသာလျှင် သူအမှားကြီးမှားသွားခဲ့ခြင်းဖြစ်ကြောင်း လီကျောက် နားလည်သွားခဲ့ရသည်။
ထိုကောင်မလေးသည် မဟာဧကရာဇ်တစ်ပါးပါးနှင့် ပတ်သက်နေရုံမဟုတ် အလွန်ကိုမှ နီးကပ်သည့်လူတစ်ဦး ဖြစ်ရပေလိမ့်မည်။ ထို့အပြင် ထိုကောင်မလေးနှင့် နီးကပ်သည့်ဆက်ဆံရေးကို ပိုင်ဆိုင်ထားသော မဟာဧကရာဇ်သည် မဟာဧကရာဇ်ဆယ်ပါးအနက် တိုက်ပွဲအပေါ်ကို အလွန်ကိုမှဆာလောင်ပြီး ရက်စက်ကြမ်းကြုတ်လှသည့် မဟာဧကရာဇ်တစ်ပါး ဖြစ်ပေသည်။ အခြားသော မဟာဧကရာဇ်များသည်ပင်လျှင် ထိုမဟာဧကရာဇ်အား အလွယ်တကူ သွားရန်မစရဲကြပေ။
ဟွာရှင်း သူ့ဘာသာသူ တွေးလိုက်လေ၏။ (အဲ့ကောင်မလေး အဲ့ဆရာနဲ့ ကျိန်းသေ ပတ်သက်နေရလိမ့်မယ်… ငါ သူ့ကို လုံးဝ ရန်မစလိုက်သင့်ဘူး…) “မင်းပြောတာကို ယုံစရာလား…” ဟွာရှင်းက ဒေါမာန်တကြီး ပြန်အော်ပြောလိုက်လေသည်။ လက်ရှိအချိန်တွင် သူ့တစ်ကိုယ်လုံးမှာ အချိန်မရွေး ပေါက်ကွဲထွက်တော့မည့် မီးတောင်ရှင်တစ်လုံးနှယ် ဖြစ်နေခဲ့လေသည်။ ဒေါသငယ်ထိပ် ဆောင့်တက်နေခဲ့လေရာ သူ့တိုက်ခိုက်မှုများမှာ ပရမ်းပတာနိုင်လာခဲ့လေသည်။ ထို့အတွက်ကြောင့် လီကျောက်၏ တရစပ် တိုက်ခိုက်ခြင်းသာ ခံနေခဲ့ရပြီး တစ်ချက်ကလေးမျှပင် ပြန်တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိပေ။
မူလအခြေအနေတွင်သာဆိုလျှင်တော့ သူ့အနေဖြင့် လီကျောက်အား အတိုင်းအတာတစ်ခုအထိ ပြန်တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်ပေလိမ့်ဦးမည်။ သို့သော်ငြား သံမဏိဒယ်အိုး၏ ဇစ်မြစ်ကို သိသွားပြီးသည့်နောက် ဟွာရှင်းမှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့ရလေသည်။ ထို့အပြင် သူ့လက်မောင်းတစ်ဖက်ကိုပါ ဆုံးရှုံးသွားခဲ့လေရာ သူနှင့်လီကျောက်ကြားမှ ကွာခြားချက်မှာ အထင်းသားကြီး သိသာလာတော့လေ၏။
လီကျောက်၏ နောက်တစ်ကြိမ်တိုက်ခိုက်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် ဟွာရှင်း ပက်လက်လန်ကာ လွင့်စင်ထွက်သွားခဲ့လေသည်။ သူ့ကိုယ်သူ ဟန်ချက်ညီအောင် မထိန်းနိုင်ရသေးခင်မှာပင် ဧရာမပုံရိပ်ကြီးတစ်ခု ကောင်းကင်ပေါ်မှ သူ့အပေါ်သို့ ခုန်ချလာခဲ့လေသည်။
ဟွာရှင်းမှာ အထိတ်ထိတ်အလန့်လန့်ဖြင့် ခေါင်းမော့ကြည့်လိုက်ရာ ရန်ကိုင်သည် သူ့တည့်တည့်အား လက်သီးဖြင့် ထိုးချလာနေကြောင်း တွေ့လိုက်ရလေသည်။ ဟွာရှင်းမှာ အနည်းငယ်မျှပင် သတိလက်လွတ်မနေရဲခဲ့ပဲ ရန်ကိုင်၏တိုက်ခိုက်မှုကို အလျင်စလို ခုခံလိုက်သည်။ သို့တိုင် သူ၏ခုခံမှုသည် ရန်ကိုင်၏လက်သီးချက်အောက်တွင် စက္ကူဖြူတစ်ရွက်ပမာ ပါးလျလွန်းနေခဲ့သည်။
ရန်ကိုင်၏လက်သီးချက်ကြောင့် ဟွာရှင်း မြေကြီးထဲသို့ ကျွံဝင်သွားခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် ဟွာရှင်းဘေးနားသို့ ရောက်လာခဲ့ပြီး ဟွာရှင်းကိုယ်ပေါ်သို့ ခြေတစ်ချက် ဆောင့်နင်းချလိုက်လေ၏။
ဟွာရှင်းသည် ထိတ်လန့်ကြောက်ရွံ့မှုအပြည့်ဖြင့် တောင်းပန်လိုက်လေသည်။ “ကျေးဇူးပြုပြီး ငါ့ကို ချမ်းသာပေးပါကွာ…”
ရန်ကိုင်သည် ဟွာရှင်းအား အထက်စည်းမှ ငုံ့ကြည့်နေခဲ့လေသည်။ “ခင်ဗျားအသက်က ကျုပ်လက်ထဲမှာမဟုတ်ဘူး…” ထို့နောက်တွင် ရန်ကိုင်သည် လင်းယွင်အာဘက်သို့ လှည့်၍ မေးလိုက်လေသည်။ “ဒီလူကို ဘယ်လိုလုပ်မလဲ…”
လင်းယွင်အာက ပြန်ပြောလိုက်သည်။ “ဆရာကပြောထားတယ်… ပြဿနာဆိုလို့ရှိရင် အမြစ်ကနေရှင်းပစ်…”
သူမစကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်သည် သူ့ခြေထောက်အား ဖိချလိုက်လေသည်။
“ဘုန်း…” ဟူသောမြည်သံနှင့်အတူ ဟွာရှင်း၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့လေ၏။
လီကျောက်မှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ဇောချွေးပြန်နေခဲ့လေသည်။ (စံအိမ်သခင်လည်း ဟုတ်တယ်… ဧကရာဇ်တတိယအဆင့်ပညာရှင်လည်း ဟုတ်တဲ့ ဟွာရှင်းကို နန်းတော်သခင်ရန် ဒီလိုပဲ သတ်ပစ်လိုက်လိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားဘူး… ဘာမှတောင် စကားပြောနေချိန် မရလောက်ဘူး… နန်းတော်သခင်ရန်က ဒီလိုလူမျိုးပဲဟာကို… နန်းတော်သခင်ရန်က ဒီလောက်တောင် ရူးသွပ်တာလား… အင်း... နန်းတော်သခင်ရန်က ဒီလိုလူမျိုးပဲဟာကို… ရမ္မက်ရှာဂိုဏ်းတုန်းကလည်း ဘာထူးလို့လဲ… အကုန်လုံးကို ရှင်းပစ်လိုက်တာ… ဒီတော့ ဟွာရှင်းကို ဒီလိုလုပ်တာလည်း ဘာမှတော့ မဆန်းပါဘူး…)
ထို့နောက်တွင် လီကျောက်သည် ပရမ်းပတာဖြစ်နေသော လေတိမ်တိုက်စံအိမ်တစ်ခုလုံးအား ဝေ့ကြည့်လိုက်ပြီးသည့်နောက် သက်ပြင်းချလိုက်လေသည်။ လေတိမ်တိုက်စံအိမ်မှာ လုံးဝကို သွားလေပြီ။ နှစ်ပေါင်း သောင်းနှင့်ချီတိုင်အောင် တည်တံ့လာခဲ့သော လက်ဆင့်ကမ်းလာခဲ့သည့် လေတိမ်တိုက်စံအိမ်၏ အမွေအနှစ်သည် ယခုအချိန်တွင်တော့ အဆုံးသတ်သွားခဲ့ရလေပြီ။ စံအိမ်သခင်မှ အစပြု၍ ဂိုဏ်းတစ်ခုလုံး၏ လက်ရွေးစင်တပည့်အားလုံး ရှင်းပစ်ခံခဲ့ရလေရာ လေတိမ်တိုက်စံအိမ်မှာ နလန်ပြန်ထူလာနိုင်စရာအကြောင်း မရှိတော့ချေ။
(ခေါင်းကိုက်စရာပါလား…) ရန်ကိုင်သည် မြောက်ဘက်နယ်မြေတွင် ရှိစဉ်က ထိုနယ်မြေကြီးတစ်ခုလုံးကို အထက်အောက်ပြောင်းပြန် လှန်ပစ်ခဲ့လေသည်။ အနောက်ဘက်နယ်မြေသို့ ရောက်လာပြီးသည့်တိုင် ရန်ကိုင်သည် သူ့ကိုယ်သူ မထိန်းထားသေးဘဲ ထိုကဲ့သို့ ထပ်လုပ်ဦးလိမ့်မည်ဟု လီကျောက် ထင်ထားခြင်း မရှိခဲ့ပေ။
ဟွာရှင်းအား ရှင်းပစ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် မူလပုံစံသို့ ပြန်ပြောင်းသွားခဲ့လေသည်။ ကံကောင်းစွာဖြင့် နဂါးနက်ပျံချပ်ကာကြောင့် ရန်ကိုင်မှာ ကိုယ်လုံးတီးမဖြစ်ခဲ့ရပေ။
“ဝုတ် ဝုတ် ဝုတ်…”
ထိုစဉ် ခွေးပေါက်လေး အလျင်စလို ပြေးထွက်လာခဲ့လေသည်။ တိုက်ပွဲစဖြစ်သည့်အချိန်မှစ၍ ခွေးပေါက်လေးမှာ ပျောက်ချင်းမလှကို ပျောက်ကွယ်သွားခဲ့သည်။ ယခု တိုက်ပွဲပြီးသွားသည့်အချိန်တွင် ချက်ချင်း ပြန်ပေါ်လာခဲ့လေသည်။ အန္တရာယ်ကိုမြင်သည်နှင့် ပုန်းရှောင်နေနိုင်သည့် ခွေးပေါက်လေး၏ မွေးရာပါစွမ်းရည်မှာတော့ တကယ်ကို ဩချဖွယ်ရာပင်။
ရန်ကိုင်သည် ခွေးပေါက်လေးအား သုန်သုန်မှုန်မှုန်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်ပြီးသည့်နောက် လျစ်လျူရှုထားလိုက်လေ၏။ လက်ရှိအချိန်တွင် ရန်ကိုင်၏ခန္ဓာကိုယ်တစ်ခုလုံး ယင်ယန်ဓါတ်ကြီးငါးပါးပြောင်းလဲခြင်းဓါးပုံစံကွက်ကြောင့် ရထားသည့် ဒဏ်ရာများဖြင့် ပြည့်နေခဲ့လေသည်။ အချို့သောဒဏ်ရာများဆိုလျှင် အရိုးထိပင် နက်နေလေ၏။ သို့တိုင် ရန်ကိုင်သည် ထိုဒဏ်ရာများကို လျစ်လျူရှုထားပြီး အဝတ်အစားအသစ်တစ်စုံလဲဝတ်၍ လီကျောက်ကိုကြည့်ကာ ပြောလိုက်လေသည်။ “အဲ့ကောင်မလေးကို တစ်ချက်ကြည့်ထားပြီးတော့ ဒီကဟာတွေကိုရှင်းထားလိုက်… ကျုပ် ခဏနေပြန်လာခဲ့မယ်…”
လီကျောက်က အလျင်စလိုပြန်ပြောလိုက်သည်။ “နန်းတော်သခင်ရန် စိတ်ချထားလိုက်ပါ…. ကျုပ်သေရမယ်ဆိုရင်တောင် ဒီကောင်မလေးကို ကျိန်းသေ ကာကွယ်ပေးမှာပါ…”
ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့လေသည်။
ထိုအချိန်အတောအတွင်း လေတိမ်တိုက်စံအိမ်တစ်ခုလုံးမှာတော့ ပရမ်းပတာကို ဖြစ်နေခဲ့လေသည်။ မရေမတွက်နိုင်သော တပည့်များမှာ သူ့ထက်ငါ အလုအယက် ထွက်ပြေးနေကြလေသည်။ စံအိမ်သခင်မှာ သေသွားခဲ့လေပြီ။ အကြီးအကဲချုပ်လည်း သေသွားခဲ့လေပြီ။ လက်ရွေးစင်တပည့်များစွာနှင့်တကွ အကြီးအကဲအားလုံးမှာလည်း သေသွားခဲ့ကြပြီဖြစ်လေရာ လေတိမ်တိုက်စံအိမ်မှာ ပျက်စီးဖို့ရာ မုချမလွဲပင်။ ထိုလူများသည် အရူးမဟုတ်ကြ။ ကြောက်မက်ဖွယ်ရာရန်သူများသည် သူတို့ဂိုဏ်းကို တိုက်ခိုက်လာခြင်းဖြစ်လေရာ သူတို့အနေဖြင့် ယခုနေထွက်မပြေးပါက စီနီယာအစ်ကိုများ၏ လမ်းစဉ်နောက်သို့ လိုက်သွားရမည်မှန်း သိထားကြလေသည်။
ထောင်နှင့်ချီသော တပည့်များကို ပိုင်ဆိုင်ထားသည့် ဂိုဏ်းကြီးတစ်ဂိုဏ်းပင် ဖြစ်လင့်ကစား အသက်ရှင်ကျန်ရစ်နေသော တပည့်များအဖို့ ထွက်ပြေးရန် ဆယ့်ငါးမိနစ်လောက်သာ အချိန်ယူလိုက်ရလေသည်။ ထိုလူအားလုံးသည် နောက်သို့ပင် လှည့်မကြည့်ခဲ့ဘဲ အမြီးကုပ်ကာ တန်းနေအောင်ကို ထွက်ပြေးခဲ့ကြသည်။
အပျက်အစီးပုံကြီးထဲ အတန်ကြာအောင် လိုက်လံရှာဖွေနေပြီးသည့်နောက်တွင် လေတိမ်တိုက်စံအိမ်၏ ရတနာဂိုထောင်ကို ရန်ကိုင် ရှာတွေ့သွားခဲ့လေပြီ။ ဤကဲ့သို့သောထိပ်တန်းဂိုဏ်းကြီးတစ်ဂိုဏ်းတွင် အဖိုးတန်ရတနာများစွာ ကျိန်းသေ ရှိနေရပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ထိုအဖိုးတန်ရတနာများကို အလကား မထားရစ်နိုင်ခဲ့ပေ။ လက်ရှိရန်ကိုင်သည် အလွန်ကိုမှ ချမ်းသာကြွယ်ဝနေပြီဖြစ်ပါသော်ငြား သူတစ်ယောက်တည်း၏အားဖြင့် တစ်ဂိုဏ်းလုံးကို အတန်ကြာအောင် တောက်လျှောက်ကြီး ထောက်ပံ့ပေးနေဖို့ရာ မဖြစ်နိုင်ပေ။ ထို့အတွက်ကြောင့် အခွင့်အရေးရတုန်းရခိုက် ရနိုင်သမျှ ကျင့်ကြံရေးအရင်းအမြစ်များကို ရသလောက် စုဆောင်းထားရပေလိမ့်မည်.။ သို့မှသာ အရိပ်ကြယ်မှသူ့မိတ်ဆွေများ၊ မိသားစုများ ကြယ်တာရာအစုအဝေးသို့ ရွှေ့ပြောင်းလာကြသည့်အခါ ရန်ကိုင်အဖို့ ထိုလူများအား ထောက်ပံ့ပေးနိုင်ပေလိမ့်မည်။
နေ့ဝက်ခန့်ကြာအောင် ရတနာဂိုထောင်ထဲ အလုပ်ရှုပ်နေပြီးသည့်နောက်တွင် ရန်ကိုင်သည် အဖိုးတန်ရတနာတစ်ပြုံကြီးဖြင့် ပြန်လာခဲ့လေသည်။ လေတိမ်တိုက်စံအိမ်၏ရတနာဂိုထောင်ထဲတွင် သိုလှောင်ထားသည့် အဖိုးတန်ရတနာများမှာ ရမ္မက်ရှာဂိုဏ်း၏ ရတနာဂိုထောင်ထဲတွင်ရှိနေသည့် အဖိုးတန်ရတနာများအောက် နိမ့်ကျခြင်းမရှိပေ။ အဆင့်မြင့်အရင်းအမြစ်ကျောက်တစ်ခုတည်းနှင့်ပင်လျှင် တစ်ဘီလျံနီးပါး ရှိနေခဲ့လေသည်။ အခြားသောကျင့်ကြံရေးအရင်းအမြစ်များကိုတော့ ထည့်မတွက်ရသေးပေ။
(ဒီရတနာတွေက ထက်ကောင်းကင်နန်းတော်ရဲ့အုတ်မြစ် ဖြစ်လာမှာ…) ရန်ကိုင်သည် လေတိမ်တိုက်စံအိမ်ထဲ လျှောက်ပတ်သွားလာနေပြီးသည့်နောက် အဖိုးတန်သည့် အရာမှန်သမျှကို သိမ်းကျုံးယူဆောင်ခဲ့လေသည်။ ညနေစောင်းသို့ ရောက်လာသည့်အခါမှသာ ပြန်လာခဲ့လေ၏။
ရန်ကိုင်ပြန်လာသည့်အချိန်တွင် လင်းယွင်အာနှင့်လီကျောက်သည် အနီးအနားရှိတောင်တစ်လုံးပေါ်သို့ ရောက်နေကြလေသည်။ ပြန်ရောက်ရောက်ခြင်းမှာပင် ရန်ကိုင်သည် သင်းပျံ့မွှေးကြိုင်သည့် မွှေးရနံ့တစ်ခုကို ရလိုက်သည်။ ထိုမွှေးရနံ့မှာ အရသာရှိလှသည့် စားကောင်းသောက်ဖွယ်တစ်မျိုးမျိုး၏ အနံ့မျိုး ဖြစ်သည့်ပုံပင်။ ထိုအနံ့ကိုရလိုက်သည့်အခိုက် ရန်ကိုင်စိတ်ထဲ စားချင်စိတ်တို့ ဖြစ်ပေါ်လာခဲ့ရလေသည်။ လင်းယွင်အာ အစားပုပ်မလေး တစ်ခုခုကို ချက်နေခြင်းပေလော။
“နင် ဘာတွေလုပ်နေတာလဲ…” ရန်ကိုင်သည် ရောက်လာပြီးသည့်နောက် ကောက်ခါငင်ခါဖြင့် မေးလိုက်လေသည်။ ထို့နောက် တစ်ချက်လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ကြောင်သွားခဲ့လေသည်။
လင်းယွင်အာသည် တောင်ပေါ်တွင် မီးပုံကြီးတစ်ခုကို ဖိုထားခဲ့လေသည်။ လက်ရှိအချိန်တွင်တော့ ထိုမီးဖိုကြီးကိုသုံးလျက် သံမဏိဒယ်အိုးဖြင့် တစ်ခုခုကို ချုပ်ပြုတ်နေလေ၏။ ပူပေါင်းများ ပလုံစီထွက်နေသည့်အသံများမှာလည်း သံမဏိဒယ်အိုးဆီမှ ထွက်ပေါ်လာနေခဲ့လေသည်။ အစောပိုင်းက သူရလိုက်သည့်သင်းရနံ့မှာလည်း ဤသံမဏိဒယ်အိုးဆီမှသာ လာနေခြင်းဖြစ်၏။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်၏နဖူးထက် ချွေးအေးများ ဝေ့သီလာရတော့လေသည်။ ဤကောင်မလေးသည် သံမဏိဒယ်အိုးကိုသုံး၍ တကယ်ကြီး ချက်ပြုတ်နေခြင်းပေလော။ သို့သော်ငြား သံမဏိဒယ်အိုးထဲတွင်…
ထိုအကြောင်းကိုတွေးမိလိုက်ရုံဖြင့် ရန်ကိုင်မှာ ခေါင်းကိုက်ချင်သလို ဖြစ်လာခဲ့လေသည်။
“နန်းတော်သခင်ရန် ပြန်လာပြီလား…” လီကျောက်က ရန်ကိုင်အား စိတ်အားထက်သန်စွာ လာရောက်နှုတ်ဆက်ပြီး သိုလှောင်လက်စွပ်များကို ပေးလိုက်လေသည်။ “ဒါတွေက ကျုပ်လိုက်ရှာလို့ရထားတဲ့ သိုလှောင်လက်စွပ်တွေပါ… တစ်ချက်စစ်ဆေးကြည့်လိုက်ပါဦး နန်းတော်သခင်ရန်…”
ဟွာရှင်းဖြစ်စေ လေတိမ်တိုက်စံအိမ်၏အကြီးအကဲများဖြစ်စေ သူတို့၏သိုလှောင်လက်စွပ်ထဲတွင် အဖိုးတန်ရတနာများစွာ ရှိနေရပေလိမ့်မည်။ အထူးသဖြင့် စံအိမ်သခင်ဖြစ်သော ဟွာရှင်း၏ သိုလှောင်လက်စွပ်ထဲတွင်ပင်။ ထို့အပြင် သေဆုံးသွားသော ရာနှင့်ချီသည့် တာအိုသခင်တတိယအဆင့်သို့ရောက်နေသည့် ကျင့်ကြံသူပေါင်းများစွာလည်း ရှိနေကြပေသေးသည်။ ထိုလူများ၏ သိုလှောင်လက်စွပ်ထဲတွင်လည်း အဖိုးတန်ရတနာများ အနည်းနှင့်အများဆိုသလို ရှိကြရပေလိမ့်မည်။
လီကျောက်သည် ထိုလူအားလုံး၏ သိုလှောင်လက်စွပ်များကို ကောက်ယူလာခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်ငြား သူ့ဘာသာသူ သိမ်းမထားရဲခဲ့ပဲ ရန်ကိုင်ပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်ဆီသို့ ချက်ချင်း တန်းအပ်လိုက်လေ၏။
ရန်ကိုင်သည် သိုလှောင်လက်စွပ်များကို တစ်ချက်ပင်မစစ်ဆေးခဲ့ဘဲ ယူထားလိုက်လေသည်။ ထို့နောက် သံမဏိဒယ်အိုးရှေ့တွင် ဆောင့်ကြောင့်ထိုင်နေသော လင်းယွင်အာကို လှမ်းကြည့်လျက် မျက်နှာကြီးမဲ့ကာ မေးလိုက်လေ၏။ “ယွင်အာ… ဘာတွေဖြစ်နေတာလဲ…”
လက်ရှိအချိန်တွင် လင်းယွင်အာသည် သံမဏိဒယ်အိုးအား တောက်ပသည့်မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့လေသည်။ သွားရည်များမှာတော့ သူမပါးစပ်မှ ကျလုနီးပါးပင်။ ရန်ကိုင်ပြန်ရောက်လာသည်ကို သတိပြုမိလိုက်သည့်အခိုက် လင်းယွင်အာသည် အမှုမဲ့အမှတ်မဲ့အမူအယာဖြင့် ရန်ကိုင်အား ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးသည့်နောက် သံမဏိဒယ်အိုးကိုသာ အားတက်သရော ပြန်စိုက်ကြည့်နေတော့လေသည်။ တစ်ချိန်တည်းတွင်လည်း တံတွေးများကို တစ်လုပ်ပြီးတစ်လုပ် မျိုချနေလေ၏။
“သခင်မလေးက စားစရာတစ်ခုခုချက်နေတာပါ…” လီကျောက်က ကသိကအောက်အမူအယာဖြင့် ချောင်းဟန့်လျက် ပြောလိုက်လေသည်။
“တစ်ခုခုကိုချက်နေတာ… ဘာကိုချက်နေတာလဲ…” ရန်ကိုင်က ပြန်မေးလိုက်သည်။ သို့သော်ငြား ထိုကဲ့သို့မေးပြီးပြီးချင်း သူ့မျက်နှာသုန်မှုန်သွားခဲ့ပြီး ချက်ချင်းပဲ လီကျောက်ကိုကြည့်၍ မေးလိုက်လေ၏။ “ဖြစ်နိုင်တာက…”
လီကျောက်လည်း မျက်နှာကြီးမဲ့ကာ ခေါင်းညိတ်ပြလိုက်လေသည်။
ရန်ကိုင် ထိတ်လန့်သွားလေတော့၏။ “အဲ့ဒါ အဆင်ရောပြေရဲ့လား…”
လီကျောက်က တုံ့ဆိုင်းတုံ့ဆိုင်းအမူအယာဖြင့် “နန်းတော်သခင်ရန်… အဲ့ထူးဆန်းတဲ့ရတနာရဲ့ ဇစ်မြစ်ကို တကယ်မသိတာလား…”
“ခင်ဗျားရော သိလို့လား…”
လီကျောက်က ပြန်ပြောလိုက်သည်။ “ကျုပ် ကြားတော့ ကြားဖူးတယ်… ကျုပ်ထင်တာမမှားလို့ရှိရင် အဲ့သံမဏိဒယ်အိုးက ပြန်လမ်းမဲ့လို့ နာမည်ကျော်နေတဲ့ ဒယ်အိုးပဲ ဖြစ်လိမ့်မယ်…”
“ပြန်လမ်းမဲ့…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ထိုကဲ့သို့သောနာမည်မျိုးကို သူတစ်ခါမှ မကြားခဲ့ဖူးချေ။ သို့တိုင် လက်ရှိအချိန်တွင် သူ့အား စိတ်ပူနေစေသည့်အချက် တစ်ခုသာ ရှိလေသည်။ ချက်ချင်းပဲ လင်းယွင်အာဆီသို့ လျှောက်သွားလိုက်ပြီး လှမ်းအော်ခေါ်လိုက်လေ၏။ “ယွင်အာ…”
လင်းယွင်အာသည် ခေါင်းပင်မမော့ဘဲ ပြန်ထူးလာခဲ့လေသည်။ “ပြီးတော့မယ်ဦးလေးရန်… ခဏလေးပဲစောင့်…”
ရန်ကိုင်သည် နဖူးထက်ဝေ့သီလာသော ချွေးအေးများကိုသုတ်ရင်းမှ ပြန်မေးလိုက်သည်။ “ယွင်အာ… အဲ့ချီလင်မျိုးဆက်ကို တကယ်ကြီးချက်နေတာလား…”
“ဟုတ်တယ်… နတ်သားရဲတစ်ကောင်ရဲ့မျိုးဆက်ပဲဟာကို… ကျွန်မ တစ်ခါမှမစားဖူးဘူး… ဒါပေမယ့် အရသာရှိမယ်ဆိုတာတော့ ကျိန်းသေတယ်…”
ထိုစကားကိုကြားလိုက်သည့်နောက် လီကျောက် တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။ သူသည်လည်း နတ်သားရဲတစ်ကောင်၏မျိုးဆက်ပင် မဟုတ်လေလော။
(တစ်နေ့ကျ ဒီကောင်မလေးရဲ့ ဒီဒယ်အိုးထဲထည့်ပြီးချက်တာကို မခံရပါစေနဲ့ကွာ…)
လင်းယွင်အာပြောသည့်စကားကို ကြားပြီးသည့်နောက်တွင် လီကျောက်သည် လင်းယွင်အာအား မွေးရာပါသဘာဝရန်သူတစ်ဦးကို ကြည့်နေသည့်အကြည့်မျိုးဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။
(ထင်ထားတဲ့အတိုင်းပဲ… နန်းတော်သခင်ရန်အနားနေရင် ဘယ်တော့မှ ကောင်းတယ်ဆိုတာ မရှိဘူး… နဂါးကလန်မပြောနဲ့ဦး… နဂါးကလန်နဲ့တွေ့ရင်တောင် ငါ့ခွန်အား ဖိနှိပ်ခံရရုံပဲ ရှိမှာ… ဒါပေမယ့် ဒီကောင်မလေးကတော့ ပိုပြီးတော့တောင် ကြောက်ဖို့ကောင်းသေးတယ်… ပြန်လမ်းမဲ့ကိုသုံးပြီးတော့များ နတ်သားရဲတစ်ကောင်ရဲ့မျိုးဆက်ကို ချက်နေရတယ်လို့ကွာ…)
လီကျောက်မှာ သူ့ကိုယ်သူ အချိန်မရွေး နှလုံးရောဂါရကာ သေရတော့မလိုပင် ခံစားနေခဲ့ရလေသည်။ (ငါသာ နန်းတော်သခင်နား ဆက်နေဦးလို့ရှိရင် တစ်နေ့နေ့တော့ အကြောက်လွန်ပြီး သေရလိမ့်မယ်… အသက်မတိုချင်လို့ရှိရင် နန်းတော်သခင်ရန်ဆီကနေ ခပ်ခွာခွာနေမှပဲ ဖြစ်တော့မယ်…)
ရန်ကိုင်၏မျက်နှာ သုန်မှုန်သွားတော့လေသည်။ “ယွင်အာ… ဒီကိစ္စကို သေချာစဉ်းစားပြီးသွားပြီလား… နင်စားချင်တိုင်း စားလို့မရဘူးနော်… အဲ့ကောင်ကြီးက ခုနတုန်းက လေတိမ်တိုက်စံအိမ်ရဲ့ တပည့်တွေအများကြီးကို စားထားတာ…” ထိုကဲ့သို့ပြောပြီးသည့်နောက် ရန်ကိုင်၏မျက်နှာ မသိမသာလေး ဖြစ်လျော်သွားခဲ့လေသည်။
နတ်သားရဲတစ်ကောင်၏မျိုးဆက်သာဆိုလျှင်တော့ ကိစ္စမရှိသေးပေ။ ထို့အပြင် ထိုနတ်သားရဲအား ချက်ပြုတ်နေသည့်အနံ့မှာ အလွန်ကိုမှ အရသာရှိလှရာ ၎င်း၏အရသာဆိုလျှင် ပို၍ပင် စွဲမက်ဖွယ်ကောင်းပေလိမ့်ဦးမည်။ သို့သော်ငြား ပြဿနာမှာမူကား နတ်သားရဲ၏မျိုးဆက်မှ လေတိမ်တိုက်စံအိမ်တပည့်များအား စားပစ်နေသည်ကို ရန်ကိုင် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည့်အချက်ပင်။
(ဒီလိုဆိုတော့ အဲ့လူတွေလည်း ဒီအိုးထဲမှာ ရှိနေမှာပေါ့…) ထိုအတွေး သူ့ခေါင်းထဲ ပေါ်လာရုံဖြင့် ရန်ကိုင်မှာ စားချင်စိတ် ပျောက်သွားရတော့လေသည်။ သူ့အနေဖြင့် စားဖို့ရာမဆိုထားနှင့် မအန်လျှင်ပင် ကံကောင်းနေလေပြီ။
သို့သော်ငြား လင်းယွင်အာက ပြုံးလျက် လက်ဝှေ့ယမ်းကာ ပြန်ပြောလိုက်လေသည်။ “စိတ်မပူနဲ့ဦးလေးရန်… ကျွန်မ အကုန်လုံးကို သေသေချာချာ သန့်ရှင်းရေးလုပ်ပြီးသွားပြီ…”
ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး လီကျောက်ဘက်သို့လှမ်း၍ ကြည့်လိုက်လေသည်။
လီကျောက်က ခေါင်းညိတ်ပြလိုက်သည်။ “တကယ်ကို သန့်ရှင်းပြီးသွားပြီ နန်းတော်သခင်ရန်… ဒယ်အိုးထဲမှာရှိနေတဲ့ ဓါးတွေအကုန်လုံးကိုလည်း နန်းတော်သခင်ရန်ဆီပေးလိုက်တဲ့ သိုလှောင်လက်စွပ်တစ်ကွင်းထဲမှာ ထည့်ထားလိုက်တယ်…”
(ကြည့်ရတာ ငါ သွားနေတဲ့အချိန်အတောအတွင်း ယွင်အာက အကုန်လုံးကို သေသေချာချာ သန့်ရှင်းရေးလုပ်ခဲ့တဲ့ပုံပဲ…)
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၀၈)
ဘာသာပြန်သူ_တိမ်တိုက်
လင်းယွင်အာပြောသည်ကို ကြားပြီးသည့်အခါမှသာလျှင် ရန်ကိုင်ရင်ထဲ ဒွိဟဖြစ်နေသည့် ခံစားချက်တို့မှာ တည်ငြိမ်သွားခဲ့ရလေသည်။ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် လင်းယွင်အာဘေးတွင် သွားထိုင်လေ၏။ သံမဏိဒယ်အိုးထဲမှ ပလုံစီနေသည့်အသံများကို နားထောင်ရင်း မွှေးရနံ့လေးကိုရှူရှိုက်လျက် အသားကျက်သွားမည့်အချိန်ကို ထိုင်စောင့်နေလေ၏။
တစ်ခဏအကြာ၌…
“အရသာရှိလိုက်တာ…” လင်းယွင်အာသည် အရိုးကြီးတစ်ချောင်းကို လက်ထဲတွင်ကိုင်ရင်း အသားကို အားပါးတရ ဝါးစားရင်းမှ ဝမ်းသာအားရဖြင့် ဆိုလိုက်လေသည်။
“ဖြည်းဖြည်းစား…” ရန်ကိုင်သည် လင်းယွင်အာ၏နှုတ်ခမ်းတွင် ကပ်ပေနေသော အဆီများကို သုတ်ပေးလိုက်ရင်းမှ ပြောလိုက်သည်။ “ဘယ်သူမှ နင့်ဆီကနေ လုမစားဘူး…”
ပြောသာပြောနေပါသော်ငြား ရန်ကိုင်စားနေသည့်နှုန်းမှာလည်း မနှေးလှပေ။ သူ့ဘေးနားတွင် အရိုးပုံကြီးတစ်ပုံ ရှိနေခဲ့လေသည်။ သို့သော်ငြား လင်းယွင်အာဘေးနားတွင်ရှိနေသော အရိုးပုံနှင့်စာလျှင်တော့ အတော်လေးကိုမှ သေးနေပေသေးသည်။ လင်းယွင်အာဘေးနားတွင်ရှိနေသော အရိုးပုံမှာ တောင်တစ်တောင်နှယ် မြင့်မားနေခဲ့လေသည်။
နတ်သားရဲတစ်ကောင်၏မျိုးဆက်ဆိုသည့်အတိုင်း မီးချီလင်၏အသားမှာ အလွန်ကိုမှ စားကောင်းလှသလို စွမ်းအင်အဆီအနှစ်တို့ဖြင့်လည်း ပြည့်နေလေသည်။ အသား သူ့လည်ချောင်းတစ်လျှောက် ပျော်ဝင်သွားသည်နှင့်တစ်ပြိုင်နက် နွေးထွေးလှသည့် စွမ်းအင်စီးကြောင်းတစ်ခုမှာ သူ့ဝမ်းဗိုက်တစ်လျှောက် စီးဆင်းသွားခဲ့လေသည်။
မည်သည့်ဟင်းခတ်အမွှေးအကြိုင်မှ ထည့်မထားပါသော်ငြား မီးချီလင်၏အသားသည် ရန်ကိုင်စားဖူးခဲ့သည့် အစားအသောက်များအနက် အရသာအရှိဆုံးသော အစားအစာတစ်မျိုး ဖြစ်နေခဲ့လေသည်။ သံမဏိဒယ်အိုးသည် အတော်လေးကိုမှ ဆန်းကြယ်လှပေသည်။ လင်းယွင်အာသည် ချီလင်၏အသားကို ချက်ပြုတ်ရာတွင် သာမန်ကာလျှံကာ ရိုးရိုးလေး ထည့်ချက်ပြုတ်လိုက်သည့်တိုင် မီးချီလင်၏အသားကို အလွန်ကိုမှ အရသာရှိသည့် စားကောင်းသောက်ဖွယ်တစ်မျိုးအဖြစ်သို့ ပြောင်းလဲပေးခဲ့သည်။
တစ်ကိုက်ပြီးတစ်ကိုက် စားနေပြီးသည့်နောက်တွင် ရန်ကိုင်သည် အသားပြုတ်ရည်တစ်ငုံကို ကောက်မော့သောက်လိုက်လေသည်။ ထို့နောက် အနားတွင်ရပ်နေသော လီကျောက်ကို လှမ်းကြည့်၍ ပြောလိုက်လေ၏။ “ရောင်းရင်းလီ… မင်းရောမစားချင်ဘူးလား…”
“ရ… ရပါတယ်… မလိုပါဘူး…” လီကျောက်က တယဉ်တကျေး ပြန်၍ငြင်းဆိုလိုက်သည်။
“အဲ့ဒါဆို ဘာဖြစ်လို့ သွားရည်တွေကျနေတာလဲ…”
လီကျောက်က ရယ်မောလျက် “ဒါဆိုရင် ကျုပ်လည်း ငြိမ်မနေတော့ဘူးနော်…”
မီးချီလင်၏အသားကို စားရမည့်အတွေးမှာ သူ၏စိတ်ကို တထင့်ထင့် ဖြစ်နေစေလေသည်။ တကယ်တော့ သူကိုယ်တိုင်သည်လည်း နတ်သားရဲတစ်ကောင်၏မျိုးဆက် မဟုတ်လေလော။ ဒယ်အိုးထဲတွင်ရှိနေသော နတ်သားရဲတစ်ကောင်၏မျိုးဆက်ကို ချက်ပြုတ်ထားသည့်ဟင်းပွဲမှာ အတော်လေးကိုမှ သန့်ရှင်းမည့်ပုံ ပေါက်ပါသော်ငြား မီးချီလင်၏အသားကို စားဖို့ရာမှာ လီကျောက်အား တွေဝေတုံ့ဆိုင်းနေစေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်၏ကမ်းလှမ်းချက်ကို ငြင်းဖို့ရာလည်း အဆင်မပြေပြန်။ ထို့အပြင် သူကိုယ်တိုင်သည်လည်း မီးချီလင်၏အသား မည်ကဲ့သို့သောအရသာမျိုး ရှိမလဲဆိုသည်ကို မြည်းစမ်းချင်နေမိလေသည်။
လီကျောက်သည် ဒယ်အိုးအနားဆီသို့ လျှောက်သွားလိုက်ပြီး နံရိုးတစ်ချောင်းကို ဆွဲယူလိုက်လေသည်။ လင်းယွင်အာနှင့် ရန်ကိုင်ဆီမှ ခွင့်ပြုချက် တစ်ချက်တောင်းပြီးသည့်နောက် အသာအယာကိုက်လိုက်လေ၏။ ထို့နောက်တွင် သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။ ထိုသို့ဖြစ်ပြီးသည့်နောက် လီကျောက်၏ စားသည့်နှုန်းမှာ လေအလျင်ပမာ အလွန်တရာကိုမှ မြန်ဆန်လာတော့လေသည်။
“အရသာရှိတယ်မလား…” ရန်ကိုင်က ပြုံးရင်းမှ လီကျောက်ကို လှမ်းမေးလိုက်သည်။
လီကျောက်က အားတက်သရော ခေါင်းညိတ်၍ “အရသာရှိတယ်… အရမ်းအရသာရှိတယ်… နန်းတော်သခင်ရန်နဲ့ အတူရှိနေတော့မှပဲ ဒီလောက်အရသာရှိတဲ့ အစားအစာမျိုးကို စားဖူးတော့တယ်…”
လင်းယွင်အာသည်လည်း ပလုတ်ပလောင်းဖြင့် ထိုင်စားနေလေသည်။ ရန်ကိုင်နှင့်လီကျောက် စကားပြောနေသည်ကို အခွင့်ကောင်းယူလျက် နောက်ထပ်အသားတော်တော်များများကို သူမပါးစပ်ထဲသို့ ထိုးထည့်လိုက်လေရာ သူမဘေးနားတွင် အရိုးလေးငါးချောင်း ထပ်မံပုံထပ်သွားခဲ့ရလေသည်။
ခွေးပေါက်လေးသည်လည်း ဒယ်အိုးဘေးနားတွင် လှဲနေရင်းမှ အသားတုံးတစ်တုံးကို ဇိမ်ပြေနပြေဖြင့် စားနေခဲ့လေသည်။
တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် လင်းယွင်အာသည် မြေပြင်ပေါ်တွင်လှဲရင်းမှ သူမဗိုက်ကလေးကို လက်ဖြင့်ပုတ်နေခဲ့သည်။ နတ်သားရဲ၏မျိုးဆက်သည် ရန်ကိုင်တို့သုံးဦး၏ ဗိုက်ထဲသို့ ရောက်သွားခဲ့လေပြီ။ အရိုးပြုတ်ရည်အနည်းငယ်လေးပင် ကျန်ရစ်ခဲ့ခြင်းမရှိပေ။ ရန်ကိုင်တို့သုံးဦးမှာ တစ်ခုမကျန် ပြောင်စင်အောင် ရှင်းပစ်ခဲ့သည်။
လင်းယွင်အာမှာမူ ဗိုက်ပြည့်အောင် စားလိုက်ရသည့်အလား အလွန်ကိုမှ ကျေနပ်ပီတိ ဖြစ်နေလေသည်။ သူမဆရာဆီမှ ခိုးထွက်လာပြီးသည့်အချိန်မှစ၍ ယခုကဲ့သို့ ဗိုက်ပြည့်အောင် မစားခဲ့ရသည်မှာ ကြာခဲ့လေပြီ။ သူမဆရာနှင့် အတူရှိစဉ်က စားဖို့သောက်ဖို့ကိစ္စနှင့်ပတ်သက်၍ ဘာဆိုဘာမှ စိတ်ပူစရာမလို။ သူမဆရာသည် သူမစားဖို့ရာအတွက် အစစ အရာရာ အကုန်စီမံပေးလေသည်။ နောက်ဆုံး ဆရာ့ဘေးနားမှ ထွက်လာပြီးသည့်အခါမှသာလျှင် ဘဝကြီးမှာ မလွယ်ကူလှကြောင်း လင်းယွင်အာ နားလည်သွားရတော့သည်။ ဗိုက်ပြည့်အောင် စားဖို့ရာပင်လျှင် အတော်လေးကိုမှ ခက်ခဲလှ၏။ ရုတ်တရက်ဆိုသလို သူမ၏ဆရာကိုပင်လျှင် လွမ်းချင်မိလာခဲ့လေသည်။
“ယွင်အာ… နင့်ရဲ့ဝှက်ဖဲကို ဘာလို့ အစောကြီးတည်းက ထုတ်မသုံးတာလဲ…” ရန်ကိုင်သည် ဘယ်ကမှန်းမသိသည့် တုတ်တစ်ချောင်းကို ယူရင်းမှ သွားကြားထိုးနေခဲ့လေ၏။
(အဲ့ပြန်လမ်းမဲ့ဒယ်အိုးကြီးက ဘာကြီးလဲ… ယွင်အာသာ အဲ့ဒါကို အစောကြီးတည်းက ထုတ်သုံးလိုက်လို့ရှိရင် ဓါးပုံစံကွက် ပျက်စီးသွားတာ ကြာပြီ…)
လင်းယွင်အာက မျက်လုံးလေးမှေးစင်းလျက် ပြန်ပြောလိုက်သည်။ “ဆရာပြောတာတော့ ဝှက်ဖဲတွေဆိုတာ မဖြစ်မနေအခြေအနေမျိုးနဲ့ ကြုံရမှပဲ ထုတ်သုံးရတာတဲ့…”
(လာပြန်ပြီ ဒီဆရာ… ဒီကောင်မလေးက သူ့ဆရာရဲ့စကားလုံးတိုင်းကို ဥပဒေအဖြစ်များ မှတ်ထားတာလား…)
“နောက်တစ်ကြိမ်ကျရင် ငါ နင့်ကို အရသာရှိတဲ့ အစားအစာတွေ ရှိတဲ့နေရာဆီ ခေါ်သွားပေးမယ်…” ရန်ကိုင်က ပြောလိုက်သည်။
လင်းယွင်အာ အံ့အားသင့်သွားလေသည်။ “တကယ်လား…”
“ဟုတ်တယ်… အရှေ့ဘက်နယ်မြေက ရှေးဟောင်းတောအုပ်ကြီးထဲမှာ အရသာရှိတဲ့အစားအစာတွေအများကြီးပဲ…”
(နန်းတော်သခင်ရန်က ရှေးဟောင်းတောအုပ်ကြီးကိုတောင် ပစ်မှတ်ထားချင်နေတယ်ပေါ့…) လီကျောက် ဇောချွေးပြန်သွားခဲ့လေသည်။ (အဲ့နေရာကို နတ်သားရဲတွေ စောင့်ကြပ်နေတယ်လို့ ငါကြားဖူးတယ်… နန်းတော်သခင်ရန်က တကယ်ကို ရဲတာပဲ…)
“ကျေးဇူးပဲ ဦးလေးရန်…” လင်းယွင်အာ ဝမ်းသာရွှင်မြူးသွားလေသည်။
တစ်ခဏမျှ လှဲနေပြီးသည့်နောက် ရန်ကိုင်က မေးလိုက်လေ၏။ “ဒါပြီးရင် နင် ဘယ်ကိုဆက်သွားဖို့ စဉ်းစားထားလဲ…”
လေတိမ်တိုက်စံအိမ်မှာ ပျက်စီးသွားပြီဖြစ်သည့်အတွက်ကြောင့် ဤကောင်မလေး၏ရည်ရွယ်ချက်မှာ ပြည့်မြောက်သွားပြီဟု ပြော၍ရပေသည်။
“မသိဘူး…” လင်းယွင်အာက ခေါင်းခါလိုက်လေသည်။ သူမသည် အလွန်ကိုမှ ပျင်းလွန်သည့်အတွက်ကြောင့် သူမဆရာဆီမှ ထွက်ပြေးလာခဲ့ခြင်း ဖြစ်လေသည်။ သူမတွင် သွားစရာ ဦးတည်ရာ မယ်မယ်ရရမရှိပေ။ ရန်ကိုင်နှင့်လာတွေ့ခြင်းမှာလည်း တိုက်ဆိုင်မှုသက်သက်သာ ဖြစ်လေ၏။
“အဲ့လိုလား…” ရန်ကိုင်သည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်၍ပြောလိုက်လေသည်။ “ဒါဆို ငါနဲ့အတူ မြောက်ဘက်နယ်မြေကို တစ်ခါတည်းလိုက်ခဲ့လေ… ငါ အဲ့မှာ ထက်ကောင်းကင်နန်းတော်ကို တည်ထောင်ထားတယ်…”
“ထက်ကောင်းကင်နန်းတော်…” ထိုစကားကိုကြားသည့်အခါ လင်းယွင်အာ ချက်ချင်း စိတ်ဝင်စားသွားခဲ့လေသည်။ လင်းယွင်အာသည် အရိပ်ကြယ်ပေါ်ရှိ ထက်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းသားတစ်ဦး ဖြစ်ခဲ့ဖူးသည်မဟုတ်ပေလော။ ထို့အတွက်ကြောင့် ထိုနာမည်ကိုကြားသည့်အခါ သူမစိတ်ထဲ ရင်းနှီးသည့်ခံစားချက်ကို ချက်ချင်းပြန်ရလိုက်ပြီး အားတက်သရောဖြင့် ခေါင်းညိတ်လိုက်လေသည်။ “အင်း…”
“ကောင်းပြီလေ… အဲ့ဒါဆို မနက်ဖြန် ပြန်ကြတာပေါ့…” ရန်ကိုင် ချက်ချင်းဆုံးဖြတ်လိုက်လေသည်။ လေတိမ်တိုက်စံအိမ်ပျက်စီးသွားသည့်ကိစ္စသည် ပေါ့သေးသေးမဟုတ်ချေ။ သူတို့နှစ်ဦးလုံးသည်သာ အနောက်ဘက်နယ်မြေ၏ ကျင့်ကြံသူများ ဖြစ်နေလျှင် ကိစ္စမရှိသေး။ သို့သော်ငြား တကယ့်ပြဿနာမှာ နှစ်ဦးစလုံးသည် အနောက်ဘက်နယ်မြေသားများ မဟုတ်ကြခြင်းပင်။ သူတို့သည်သာ ဤနေရာတွင် ဆက်နေမည်ဆိုပါက မဟာဧကရာဇ်အုပ်ချုပ်နေသော ဂိုဏ်း၏ အာရုံစိုက်ကို ရရှိသွားနိုင်ပေသည်။ အရိပ်သတ်ဖြတ်သူနန်းတော်နှင့် ညအရိပ်မဟာဧကရာဇ်သည် သူတို့ အလွယ်တကူ သွားရန်စနိုင်သည့်လူများ မဟုတ်ကြချေ။
ရန်ကိုင်၏စကားကိုကြားလိုက်သော် လီကျောက် စိတ်အားတက်ကြွသွားလေ၏။ (နောက်ဆုံးတော့ ငါ အိမ်ပြန်နိုင်တော့မယ်ကွ…)
ညအချိန်ကာလသည် တိတ်ဆိတ်စွာပင် ကုန်ဆုံးသွားခဲ့လေသည်။ နောက်တစ်နေ့မနက်တွင် ရန်ကိုင်သည် ဟင်းလင်းပြင်အစီအရင်တစ်ခုကို စတင်ခင်းကျင်းတော့လေ၏။
အစကမူ ရန်ကိုင်သည် အနောက်ဘက်နယ်မြေထဲ ဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းနိုင်မည့် လုံခြုံသည့်နေရာတစ်ခုကို လိုက်ရှာချင်ခဲ့ပေသေးသည်။ ထိုနည်းဖြင့် သူ့အဖို့ အနောက်ဘက်နယ်မြေသို့ လာဖို့ရာ ပို၍လွယ်ကူသွားပေလိမ့်မည်။ ကံမကောင်းစွာဖြင့် ရန်ကိုင်သည် အနောက်ဘက်နယ်မြေနှင့် မရင်းနှီးလှ။ ထို့အတွက်ကြောင့် လုံခြုံသည့်နေရာတစ်ခုကို ရှာတွေ့ဖို့ရာမှာ မလွယ်ကူလှချေ။ အနည်းဆုံး တစ်လနှစ်လခန့် အချိန်ကြာသွားနိုင်ပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်သည် သေသေချာချာစဉ်းစားပြီးသည့်နောက်တွင် မူလအစီအစဉ်အတိုင်း ဆက်မလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။
(အရင်ပဲ ပြန်ရတော့မှာပေါ့… နောက်တစ်ကြိမ် အနောက်ဘက်နယ်မြေဆီ လာဖို့ရှိလာရင် နည်းနည်းပါးပါး အားစိုက်လိုက်ရုံပေါ့…)
ထိုသို့ဖြင့် ရန်ကိုင်သည် လေတိမ်တိုက်စံအိမ်ထဲရှိ တောင်တစ်လုံးပေါ်တွင် ဟင်းလင်းပြင်အစီအရင်တစ်ခုကို စတင်ခင်းကျင်းတော့လေသည်။
လီကျောက်သည် ရန်ကိုင်ဘေးနားတွင် တင်ပလင်ခွေထိုင်နေလေ၏။ မည်သို့ပင်ဖြစ်လင့်ကစား လီကျောက်မှာ ရန်ကိုင်၏လှုပ်ရှားမှုများကို မသိမသာ ချောင်းကြည့်နေခြင်း ဖြစ်လေသည်။ နန်းတော်သခင်ဖြစ်သည့်အလျောက် သူကိုယ်တိုင်သည် အတော်လေးကိုမှ အမြင်စူးရှလှသည်။ ထို့အတွက်ကြောင့် ရန်ကိုင်ခင်းကျင်းနေသော ဟင်းလင်းပြင်အစီအရင်၏ ထူးခြားလှသည့်အချက်များကို သတိထားမိသွားခဲ့သည်။
လင်းယွင်အာမှာမူ ဘာမှလုပ်စရာမရှိသည့်အတွက်ကြောင့် ခွေးပေါက်လေးဖြင့်သာ ဆော့နေခဲ့လေသည်။
နေ့ဝက်ကြာပြီးသည့်နောက်တွင် ဟင်းလင်းပြင်အစီအရင် ခင်းကျင်းလို့ ပြီးသွားခဲ့သည်။ ထိုအခါ ရန်ကိုင်လည်း လင်းယွင်အာကို လှမ်း၍ ခေါ်လိုက်လေသည်။ လင်းယွင်အာသည် ခွေးပေါက်လေးနှင့်အတူ ရန်ကိုင်ဆီသို့ ချက်ချင်းပြေးလာခဲ့ပြီး လီကျောက်သည်လည်း ဟင်းလင်းပြင်အစီအရင်ဆီသို့ လျှောက်လာခဲ့လေသည်။
လေဟာနယ်နိယာမစွမ်းအားတို့ ဖြာထွက်လာခဲ့ပြီး ရန်ကိုင်တို့သုံးဦးလုံးကို လွှမ်းခြုံသွားခဲ့သည်။
မျက်စိကျိန်းမတတ် အလင်းရောင်တို့နှင့်အတူ ရန်ကိုင်တို့သုံးဦးစလုံး အလေးချိန်ကင်းမဲ့သည့် ခံစားချက်မျိုးကို ခံစားလိုက်ကြရပြီး ရပ်နေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။ သို့သော်ငြား ထိုအခိုက်အတန့်၌ ထူးဆန်းသောစွမ်းအားတစ်မျိုးမှ သူ့ဆီသို့ တိုးဝင်လာသည်ကို ရန်ကိုင်ခံစားမိလိုက်သည်။ ထိုစွမ်းအားသည် အားကောင်းလှခြင်းမရှိပါသော်ငြား တည်နေရာခုန်ကူးခြင်းကို ကြားဖြတ်နှောင့်ယှက်နိုင်ခဲ့လေသည်။
ရန်ကိုင် ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။ သို့သော်ငြား ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိရသေးခင်မှာပင် အသံတစ်သံသည် သူ့အသိစိတ်ပင်လယ်ထဲ ဟိန်းထွက်လာခဲ့လေသည်။ “ကောင်လေး… မင်း တကယ်ကို ရဲတင်းတာပဲ… ငါ့တပည့်ကို ဘယ်လိုများ ပြန်ပေးဆွဲရဲတာလဲ… မကောင်းတဲ့ရည်ရွယ်ချက်နဲ့မဟုတ်လို့ ဒီတစ်ကြိမ်တော့ မင်းကို ခွင့်လွှတ်ပေးလိုက်မယ်… နောက်တစ်ကြိမ် ဒါမျိုးထပ်ဖြစ်ရင်တော့ မင်း သေပြီသာမှတ်ပေတော့…”
ထိုအသံသည် ရန်ကိုင်၏အသိစိတ်ပင်လယ်ထဲ တိုက်ရိုက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်၏ အသိစိတ်ပင်လယ်အတားအဆီးအားလုံးမှာ ထိုအသံအား လုံးဝတားဆီးနိုင်ခဲ့ခြင်းမရှိခဲ့။ ရန်ကိုင် ပို၍ ထိတ်လန့်သွားခဲ့ရသည်မှာ သူ့အသိစိတ်ပင်လယ်အား တစ်စုံတစ်ဦးမှ ထိုးဖောက်ဝင်ရောက်လာသည်ကိုပင်လျှင် သတိမပြုမိခဲ့ခြင်းပင်။
(ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… ငါ့ကောင်းကင်စိတ်အာရုံ ဒီလောက်အားကောင်းတာ… ဘယ်လိုလူမျိုးကများ ငါမသိဘဲ ငါ့အသိစိတ်ပင်လယ်ထဲကို ဖောက်ဝင်လာနိုင်ရတာလဲ…)
ရန်ကိုင်စိတ်ထဲ ထိုအကြောင်းအရာများကို သေချာမစဉ်းစားနိုင်သေးခင်မှာပင် သူ့မြင်ကွင်းတစ်ခုလုံး ဝေဝါးသွားခဲ့လေသည်။ သူ့မြင်ကွင်း ပြန်လည်ကြည်လင်လာချိန်တွင်တော့ မြောက်ဘက်နယ်မြေထဲရှိ ထက်ကောင်းကင်နန်းတော်ဆီသို့ ရောက်နေကြောင်း တွေ့လိုက်ရလေ၏။ ထို့နောက် ဘေးသို့လှမ်းကြည့်လိုက်ရာ လီကျောက်ကို တွေ့လိုက်ရလေသည်။ လီကျောက်ကိုကြည့်ရသည်မှာ တည်နေရာခုန်ကူးခြင်း၏ ဘေးထွက်ဆိုးကျိုးမှ ပြန်လည်သက်သာခြင်း မရှိသည့်ပုံပင်။ ခွေးပေါက်လေးမှာမူ ငေးကြောင်ကြောင်အမူအယာဖြင့် ရန်ကိုင်ခြေထောက်နားတွင် ရပ်နေခဲ့လေသည်။ လင်းယွင်အာတစ်ယောက်ကိုသာ မည်သည့်နေရာတွင်မှ မတွေ့ရခြင်းပင်။
ရန်ကိုင်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း တည်နေရာပြန်ခုန်ကူးရန် ကြိုးစားလိုက်လေသည်။ သို့သော်ငြား သူ့ကောင်းကင်စိတ်အာရုံ ဟင်းလင်းပြင်အစီအရင်ထဲသို့ ရောက်သွားချိန် ဤဟင်းလင်းပြင်အစီအရင်နှင့် အနောက်ဘက်နယ်မြေရှိ ဟင်းလင်းပြင်အစီအရင်ကြားရှိ ဆက်သွယ်ချက်မှာ ပြတ်တောက်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရလေ၏။
(မဖြစ်နိုင်ဘူး… လီကျောက်နဲ့ငါ အခုလေးတင်မှ ဒီကိုရောက်လာတာ… ဘယ်လိုလုပ်ပြီး ဆက်သွယ်ချက်က ပြတ်တောက်သွားရတာလဲ…)
ရန်ကိုင်ခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်အားလုံးမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြလေသည်။ ထို့အတွက်ကြောင့် ဟင်းလင်းပြင်အစီအရင်တစ်ခုမှတစ်ဆင့် အခြား သူသွားချင်သည့် ဟင်းလင်းပြင်အစီအရင်များဆီသို့ သွားနိုင်ပေသည်။ ရန်ကိုင်ကိုယ်တိုင်သည် ယခုမှသာလျှင် ဟင်းလင်းပြင်အစီအရင်ကို ပထမဦးဆုံးအကြိမ် ခင်းကျင်းဖူးခြင်းမဟုတ်။ သူခင်းကျင်းလာခဲ့သည့် ဟင်းလင်းပြင်အစီအရင်များမှာ တစ်ခုမကတော့ချေ။ ထို့အတွက်ကြောင့် သူခင်းကျင်းထားသည့် ဟင်းလင်းပြင်အစီအရင်များမှာ ဤမျှ အလွယ်တကူမပျက်စီးတတ်မှန်းလည်း သူသိပေသည်။ သို့သော်ငြား ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် အစောပိုင်းက သူ့အသိစိတ်ပင်လယ်ထဲ ကြားလိုက်ရသည့် စကားလုံးများကို ရုတ်တရက် ပြန်သတိရသွားခဲ့လေသည်။
(ယွင်အာကို သူ့ဆရာ ပြန်ခေါ်သွားတာပဲ ဖြစ်ရလိမ့်မယ်… ဒီတော့ သူ့ဆရာက ငါတို့နောက်ကနေ တောက်လျှောက်လိုက်နေတာပေါ့… ဟုတ်တယ်… အဲ့လိုပဲဖြစ်ရလိမ့်မယ်… မဟုတ်လို့ရှိရင် ဘယ်လိုလုပ်ပြီး သူ့ကို ဒီလိုမျိုး အချိန်ကိုက် ပြန်ခေါ်သွားနိုင်မှာလဲ…) တစ်နည်းဆိုရသော် အနောက်ဘက်နယ်မြေတွင်ရှိနေသော ဟင်းလင်းပြင်အစီအရင်နှင့် ထက်ကောင်းကင်နန်းတော်တွင်ရှိနေသော ဟင်းလင်းပြင်အစီအရင်ကြား အဆက်အသွယ် ပြတ်တောက်သွားရခြင်းမှာ လင်းယွင်အာ၏ဆရာကြောင့်သာ ဖြစ်ရပေလိမ့်မည်။
ရန်ကိုင် သူ့စိတ်ထဲ ကြိတ်ကာ ကျိန်ဆဲတော့လေသည်။ ဤသည်မှာ ရန်ကိုင်အဖို့ ဤကဲ့သို့ကြုံရသည်မှာ ဒုတိယအကြိမ် ဖြစ်ပေသည်။ နောက်ဆုံးတစ်ကြိမ် ယခုကဲ့သို့ ဖြစ်ခဲ့သည်မှာ ရှေးဟောင်းတောအုပ်ကြီးထဲတွင် ဖြစ်သည်။ ထိုစဉ်က ရန်ကိုင်မှ ရှေးဟောင်းတောအုပ်ကြီးထဲမှ ထွက်လာစဉ် သူခင်းကျင်းထားခဲ့သော ဟင်းလင်းပြင်အစီအရင်ကို လွမ်ဖုန်းမှ ဖျက်ဆီးပစ်ခဲ့လေသည်။
(နောက်တစ်ကြိမ် ဒါမျိုး ထပ်ဖြစ်ရဦးမယ်လို့ ငါ တကယ်ကို မထင်ထားဘူး…)
(လင်းယွင်အာရဲ့ဆရာက ဘယ်သူများလဲ… သူ့ဆရာ ငါတို့နောက် တောက်လျှောက် လိုက်လာတာကိုတောင် ငါ လုံးဝ သတိမထားဘူး…) ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင် ဇောချွးပြန်သွားတော့လေ၏။
(မဟုတ်သေးဘူး… မဟုတ်သေးဘူး…)
လင်းယွင်အာနှင့်အတူ သွားလာနေစဉ်အတောအတွင်း မြို့တစ်မြို့၌ရှိစဉ်က ရှင်းပြမရသည့်ရန်လိုမှုတစ်ရပ် သူခံစားခဲ့ရကြောင်း ရန်ကိုင် ရုတ်တရက် ပြန်သတိရသွားခဲ့သည်။ ထိုရန်လိုသည့်ခံစားချက်မှာ ရုတ်တရက်ပေါ်လာပြီး ရုတ်တရက် ပြန်လည်ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်လေသည်။ အစကတော့ ရန်ကိုင်သည် ထိုအရာမှာ သူ့စိတ်ထင်သက်သက် ဖြစ်သည်ဟုသာ ထင်ခဲ့လေသည်။ ယခု သေချာပြန်စဉ်းစားကြည့်လိုက်သည့်နောက် သူ့စိတ်ထင်သက်သက်မဟုတ်ဘဲ ထိုရန်လိုသည့်ခံစားချက်သည် လင်းယွင်အာ၏ဆရာဆီမှ လာကြောင်းကို ရန်ကိုင် သဘောပေါက်သွားတော့လေ၏။
(သူ့ဆရာက ဘာဖြစ်လို့ ငါ့ကို ရန်လိုနေရတာလဲ…) အစောပိုင်းက လင်းယွင်အာ၏ဆရာ သူ့အသိစိတ်ပင်လယ်ထဲဝင်၍ ပြောသွားခဲ့သော စကားများကို ပြန်သတိရလိုက်သော် ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားရပြန်လေသည်။ (သူ့ဆရာ ငါ့ကို ရန်လိုအောင်လို့ ငါ လင်းယွင်အာကို ဘာမှလည်း လုပ်ခဲ့တာမှမဟုတ်တာ…)
မည်သို့ပင်ဖြစ်လင့်ကစား လင်းယွင်အာ ဘာကြောင့် သူတို့နှင့်အတူပါမလာမှန်းကို နားလည်သွားပြီးသည့်နောက် ရန်ကိုင် စိတ်အေးသွားရတော့လေသည်။ ဟင်းလင်းပြင်အစီအရင် ပြဿနာတက်သွားခြင်းမဟုတ်သရွေ့ အကုန်အဆင်ပြေပေသည်။
(လင်းယွင်အာရဲ့ဆရာက ဒီလောကကြီးထဲက ထိပ်တန်းပညာရှင်တွေထဲက တစ်ယောက် ဖြစ်ရလိမ့်မယ်… သူ့မှာလည်း လင်းယွင်အာကို ပြန်ခေါ်သွားရတဲ့အကြောင်းရှိမှာပေါ့… ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကိုပြောသွားတဲ့စကားတွေကို ကြည့်ရသလောက်တော့ သူ့တပည့်ကို တော်တော်လေး ဂရုစိုက်တဲ့ပုံပဲ…)
လင်းယွင်အာသည် လေတိမ်တိုက်စံအိမ်ထဲရှိ တောင်ပေါ်တွင် ခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်ပေါ်တွင် ဇဝေဇဝါအမူအယာဖြင့် ရပ်နေခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း သူမဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်နေလေ၏။ မည်သူ့ကိုမျှ ရှာမတွေ့တော့သည့်နောက် လင်းယွင်အာမှာ စတင်စိုးရိမ်လာခဲ့ပြီး လှမ်းအော်ခေါ်လိုက်လေသည်။ “ဦးလေးရန်… ဦးလေးရန်…”
သူမဘက်မှ အကြိမ်အနည်းငယ်ခန့် အော်ခေါ်နေပါသော်ငြား မည်သူမျှ ပြန်မထူးခဲ့ချေ။
“အော်ခေါ်မနေနဲ့တော့…” ထိုစဉ် အသံတစ်သံ ရုတ်တရက် ထွက်လာခဲ့လေသည်။ ထိုအသံထွက်လာပြီးသည်နှင့်တစ်ပြိုင်နက် သက်လတ်ပိုင်းလူကြီးတစ်ဦး တောင်ထိပ်ပေါ်တွင် ပေါ်လာခဲ့လေ၏။
လင်းယွင်အာသည် အသံကြားရာဘက်ဆီသို့ လှမ်းကြည့်လျက် အံ့အားသင့်နေဟန်ဖြင့် “ဆရာ… ဆရာ ဒီမှာ ဘာလုပ်နေတာလဲ…”
ထိုသို့ပြောပြီးသည့်နောက်တွင် လင်းယွင်အာသည် ပြုံးလျက် သက်လတ်ပိုင်းလူကြီးဆီသို့ ချက်ချင်း အမြန်ပြေးသွားလေသည်။
သက်လတ်ပိုင်းလူကြီးက သက်ပြင်းချလျက် “ငါသာမလာလို့ရှိရင် နင် ပြန်ပေးဆွဲခံရတော့မှာ… အဲ့ဒါကို ငါ ဘယ်လိုလုပ်ပြီး မလာလို့ဖြစ်ပါ့မလဲ…”
သက်လတ်ပိုင်းလူကြီးအနေဖြင့် ဤမျှစောစော ကိုယ်ထင်မပြချင်ပေ။ သူ့အနေဖြင့် နောက်ဆုံးမှသာ အမွေခံတပည့်တစ်ဦးကို ရှာတွေ့နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထို့အပြင် ဤအမွေခံတပည့်လေးကိုလည်း အလွန်ကိုမှ ဂရုစိုက်လှသည်။ လင်းယွင်အာသည် သူတို့နှစ်ဦး အတူရှိနေစဉ်အတောအတွင်း သူ့အား အနည်းငယ်မျှပင် စိတ်ပျက်စေခဲ့ခြင်းမရှိပေ။ သူမ၏ကျင့်ကြံနှုန်းမှာ အလွန်ကိုမှ လျင်မြန်စွာ တိုးတက်နေခဲ့သည်။ ထိုအကြောင်းကြောင့် ဤကောင်မလေးကို သူ အလွန်ကိုမှ မြတ်နိုးပေသည်။ လင်းယွင်အာပြောနေသည့် သူမဆရာဆီမှ ခိုးကြောင်ခိုးဝှက် ထွက်ပြေးလာခြင်းမှာ သူမ၏အတွေးသက်သက်သာ ဖြစ်လေသည်။ သူမဆရာသည်သာ လွှတ်မပေးပါက လင်းယွင်အာအနေဖြင့် မည်ကဲ့သို့များ သူမဆရာလက်မှ ခိုးကြောင်ခိုးဝှက် ထွက်ပြေးလာနိုင်ပါမည်နည်း။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၀၉)
ဘာသာပြန်သူ_တိမ်တိုက်
လင်းယွင်အာက လျှာလေးတစ်လစ်တစ်လစ် ထုတ်လျက် နှုတ်ခမ်းလေးကို ဆူလျက်မှ ပြန်မေးလိုက်၏ “ဒီတော့ ဆရာက ကျွန်မနောက်ကို တောက်လျှောက် လိုက်လာတာပေါ့”
ထိုလူက ပြန်ပြောလိုက်၏ “ဒီလောကကြီးက လွယ်တာမဟုတ်ဘူး။ ကောက်ကျစ်ပြီး ဥာဏ်နီဥာဏ်နက်များတဲ့ လူတွေနဲ့ ပြည့်နေတာ။ နင်က ဘာမှသိပ်သိသေးတာ မဟုတ်ဘူး။ ဒီတော့ ငါနင့်နောက်ကို တောက်လျှောက် လိုက်ကြည့်ပေးရတာပေါ့”
လင်းယွင်အာက ဒေါသတကြီးဖြင့် “ဒါကြောင့်ကိုး။ မနေ့တုန်းက ဟိုကောင်ကို ဘာလို့ ဒီလောက် လွယ်လွယ်နဲ့ ဖမ်းလိုက်နိုင်လဲ စဉ်းစားနေတာ၊ လတ်စသတ်တော့ ဆရာက နောက်ကနေ ကူညီပေးလိုက်တာကိုး”
လင်းယွင်အားသည် ရိုးသားပွင့်လင်းကာ တုံးအသည့် ကောင်မလေးတစ်ဦး ဖြစ်ချင် ဖြစ်လိမ့်မည် ဖြစ်သော်ငြား အရူးတော့ မဟုတ်ချေ။ ထိုနေ့က သူမစွမ်းအား ထိုမျှ တိုးတက်လာလေသလားဟုတွေးလျက် လင်းယွင်အာ အတော်လေး အံ့အားသင့်ခဲ့ရသည်။ ယခုမှသာလျှင် သူမ၏ ခွန်အား တိုးတက်လာခြင်း မဟုတ်ဘဲ သူမဆရာမှ မသိမသာလေး ကူညီပေးခြင်းဖြစ်မှန်း နားလည်သွားရတော့သည်။ ထို့ကြောင့်သာလျှင် နတ်သားရဲ၏ မျိုးဆက်ကို တစ်ချက်တည်း ဖမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
လင်းယွင်အာ၏ စကားကိုကြားသော် သူမဆရာသည် ယဲ့ယဲ့လေးသာ ပြုံးနေခဲ့လေသည်။
“ဦးလေးရန်ကော” လင်းယွင်အာက ထပ်မေးလိုက်သည်။
ထိုလူက ပြန်ပြောလိုက်သည် “ဒီနေရာနဲ့ မိုင်ပေါင်း သန်းနဲ့ချီပြီး ဝေးတဲ့နေရာဆီ ရောက်နေပြီ” ပြောနေရင်း အနည်းငယ် အံ့အားသင့်နေသည့် အကြည့်ဖြင့် ဟင်းလင်းပြင် အစီအရင်ကို လှမ်း၍ ကြည့်လိုက်လေသည်။ ဤကဲ့သို့သော အစီအရင်မျိုးကိုပင် ခင်းကျင်းနိုင်သည်ကို ကြည့်လျှင် ရန်ကိုင်၏ လေဟာနယ်တာအိုအပေါ် ကျွမ်းကျင်မှုသည် အတော့်ကိုမှ အဆင့်မြင့်နေရပေလိမ့်မည်။ သူ့စိတ်ထဲ ထိုကောင်လေးအပေါ် မည်သို့ပင် အမြင်မကြည် ဖြစ်နေစေကာမူ ထိုကောင်လေး၏ အနာဂတ်သည် အတော်လေးကို တောက်ပနေလိမ့်မည် ဟူသောအချက်ကိုတော့ သူလည်း မငြင်းနိုင်ချေ (သူ့ဘာသာ အနာဂတ်မှာ ဘာကြီးဖြစ်လာနိုင် ဖြစ်လာနိုင်၊ ငါက ဂရုစိုက်မယ်များ မှတ်နေတာလား။ ယွင်အာ မျက်နှာကြောင့်မို့လို့ပေါ့၊ မဟုတ်ရင် ဒီကောင့် ခြေထောက်နှစ်ချောင်းလုံးကို ချိုးပစ်လိုက်ပြီ)
“အား၊ မဖြစ်ဘူး။ ကျွန်မ ဦးလေးရန်ကို သွားရှာရမယ်” လင်းယွင်အာက ပြန်ပြောလိုက်သည်။
“မရဘူး” ထိုလူ၏ မျက်နှာ သုန်မှုန်သွားခဲ့လေသည် “နင်အပြင်မှာ အချိန်ဖြုန်းတာ တော်တော်လေး များသွားပြီ။ အခု အိမ်ပြန်ပြီး ကျင့်ကြံရမယ့် အချိန်ရောက်ပြီ”
“မပြန်ချင်ဘူး။ ကျွန်မ ဦးလေးရန်ကိုပဲ သွားရှာချင်တယ်” ပြောပြီးသည့်နောက် ဟင်းလင်းပြင် အစီအရင်ဆီသို့ လျှောက်သွားကာ သူမ၏ ဧကရာဇ်ချီကို အစီအရင်ထဲသို့ ထည့်သွင်းလိုက်လေသည်။ သို့သော်ငြား သူမ မည်သို့ပင် ကြိုးစားနေစေကာမူ ဟင်းလင်းပြင်အစီအရင်မှာ အသက်ဝင်လာခြင်း မရှိချေ။
လင်းယွင်အာ၏ လုပ်ရပ်ကိုမြင်သော် ထိုလူမှာ သူ့ရင်ကို ဓါးဖြင့် မွှမ်းနေသလို ခံစားလိုက်ရလေသည် (ငါဒီလောက် ကြိုးစားပမ်းစားနဲ့ သူ့ကို နှစ်တွေအများကြီး သင်ကြားပြပေးခဲ့တာတောင် ဘယ်ကမှန်းမသိ ပေါ်လာတဲ့ ဟိုဦးလေးရန် ဆိုတဲ့ကောင်ကို ရှုံးရမယ်လို့ မထင်ထားဘူး။ မိန်းကလေးတွေက တကယ်ကို စိတ်မချရတာပဲ။ ဒါပေမယ့် အခုကဟာ တော်တော်လေးကို လွန်းလွန်းမနေဘူးလားကွာ)
ထိုလူသည် မူကလည်းက ရန်ကိုင်ကို သိပ်ကြည့်မရခြင်း ဖြစ်ရာ ယခုအချိန်တွင်မူ လင်းယွင်အာ၏ ပုံစံကြောင့် ရန်ကိုင်အား ပို၍ပင် အမြင်ကတ်သွားတော့လေသည်။ သူ့စိတ်ထဲ ထိုကောင်လေးအား သွားဖမ်းပြီး ထိုင်နှိပ်စက်ပစ်ချင်စိတ်များပင် ဖြစ်ပေါ်လာရလေသည်။
ထိုလူကြီးသည် အသက်ကို ပြင်းပြင်း ရှူသွင်းလျက် သူ့ရင်ထဲရှိ ဝမ်းနည်းမှုကို မျိုသိပ်လျက်မှ ပြန်ပြောလိုက်၏ “တပည့်၊ ဆရာတို့ ခဏလောက် စကားပြောကြရအောင်”
“ဘာပြောမလို့လဲ” လင်းယွင်အာသည် သူမဆရာကို ဒေါသတကြီးဖြင့် ပြန်စိုက်ကြည့်လိုက်သည်။
“တပည့် အဲ့မျိုးရိုးနာမည်ရန်နဲ့ကောင်ကို ကြိုက်လား”
“ဦးလေးရန်က ကျွန်မအတွက် အဖိုးတန်တဲ့ လူတစ်ယောက်ပဲ”
“သမီး သူ့ကို သွားရှာချင်လား”
“ရှာချင်တာပေါ့။ ဆရာ၊ ကျွန်မကို မြန်မြန် လာကူပေးဦး။ ဒီမှာ ဘာဖြစ်လို့ ဖြစ်နေမှန်းမသိဘူး”
(နင့်ဆရာက အဲ့ဒါကို သုံးလို့မရအောင် ပိတ်ထားမှတော့ နင်သွားသုံးလို့ ရတော့မလားဟဲ့) ထိုစကားများကို သူ့စိတ်ထဲတွင်သာ ပြောလိုက်ခြင်း ဖြစ်ပေသည်။ တကယ်ကြီးသာ ပြောလိုက်လျှင် သူ့တပည့်လေးနှင့် ပြဿနာ တက်ရပေလိမ့်မည်။
“ခုနတုန်းက နင့်ဦးလေးရန် မြောက်ဘက်နယ်မြေမှာ ထက်ကောင်းကင်နန်းတော် ဆိုတဲ့ ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ထားတယ်လို့ ပြောသွားတယ်မလား” တစ်ချက်မျှ ရပ်ပြီးနောက် ထိုလူက ဆက်၍ ပြောလိုက်၏ “ဒီလိုလုပ်ကြရအောင်၊ တပည့်သာ ဧကရာဇ်တတိယအဆင့်ကို ရောက်အောင် ကျင့်ကြံနိုင်မယ်ဆိုရင် ဆရာကိုယ်တိုင် တပည့်ကို မြောက်ဘက်နယ်မြေမှာရှိတဲ့ ထက်ကောင်းကင်နန်းတော်ဆီ ခေါ်သွားပေးမယ်။ တပည့်ကိုယ်တိုင်လည်း အဲ့မှာ ကြိုက်သလောက် နေလို့ရတယ်၊ ဘယ်လိုလဲ”
ထိုစကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် လင်းယွင်အာ၏ မျက်လုံးလေးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည် “တကယ်လား”
(အို၊ ငါ့တပည့်လေးရေ) ထိုလူက အားတင်းပြုံးလျက် အသာအယာ ခေါင်းညိတ်ပြလိုက်သည် “ဟုတ်တယ်။ ဆရာတပည့်ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ”
ထိုအခါ လင်းယွင်အာသည် အစီအရင်အကြောင်းကိုပင် စဉ်းစားမနေတော့ဘဲ သူမဆရာ၏ လက်မောင်းကို ပြေးဖျက်၍ တစ်ခုသောဘက်ဆီသို့ ပျံသန်းသွားလေ၏။
“နင်ဘာလုပ်ချင်နေတာလဲ” လင်းယွင်အာ၏ ဆရာ အံ့အားသင့်သွားလေသည်။
“ပြန်ဖို့လေ၊ ဘာလုပ်ရမှာလဲ။ မြန်မြန် ပြန်ပြီး ကျင့်ကြံရမယ်လေ။ စိတ်မပူနဲ့ဆရာ၊ ကျွန်မ ခဏလေးနဲ့ ဧကရာဇ်တတိယအဆင့်ကို ရောက်မှာ”
“အင်း၊အင်း၊ ငါ့တပည့်လေး ဒီလောက် ကျင့်ကြံဖို့ စိတ်အားထက်သန်နေတာမျိုး ဆရာ တစ်ခါမှကို မမြင်ဖူးဘူး။ ဆရာရဲ့ အဖိုးတန် တပည့်လေး ဆိုတဲ့အတိုင်းပဲ၊ ဆရာ့ကို တကယ် ပျော်အောင် ထားတာပဲ” ထိုသို့ ပြောသာပြောလိုက်ရပါသော်ငြား သူ့ရင်ထဲတွင်တော့ ခါးသက်သက် ဖြစ်နေခဲ့လေသည် (ငါ့နှယ်ကွာ၊ ဘာလို့ ငါ့ဘက်က နစ်နာသွားရတယ်လို့ ခံစားနေရတာလဲ၊ ဟိုကောင်ကြောင့်ပဲ၊ ဟုတ်တယ်၊ အဲ့ကောင်ကြောင့်ပဲ... အဲ့ကောင်ကို ရန်ကိုင်လို့ ခေါ်တာမလား၊ ခွေးသား ရန်ကိုင်၊ မင်းစောင့်နေ...)
…
“မင်္ဂလာပါ နန်းတော်သခင်”
“နန်းတော်သခင် ပြန်လာပြီလား”
“မြန်မြန် မန်နေဂျာမှူးကို သွားအကြောင်းကြားလိုက်”
ထက်ကောင်းကင်နန်းတော်၏ ဟင်းလင်းပြင်အစီအရင်ကို စောင့်ကြပ်နေကြသည့် တပည့်များသည် ရန်ကိုင် ပြန်ရောက်လာသည်ကိုမြင်သော် ဝမ်းသာအားရ ကြိုဆိုကြလေသည်။
“ဟန်” တည်နေရာခုန်ကူးခြင်း အစီအရင်၏ ဘေးထွက်ဆိုးကျိုးမှ ပြန်လည် သက်သာလာပြီးနောက်တွင် လီကျောက်က အံ့အားသင့်တကြီး အမူအရာဖြင့် “ဟိုကောင်မလေးကော”
ရန်ကိုင်က ပြန်ပြောလိုက်သည် “သူ့ဆရာ ပြန်ခေါ်သွားတယ်”
“သူ့ဆရာ” လီကျောက်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ကြောက်ကြောက်လန့်လန့်ဖြင့် “အဲ့စီနီယာ... ပေါ်လာတာလား”
လီကျောက်၏ အမူအရာကို မြင်သည့်အခါ ရန်ကိုင်က ကောက်မေးလိုက်လေ၏ “ခင်ဗျား ကြည့်ရတာ ယွင်အာရဲ့ ဆရာကို သိနေသလိုပဲနော်”
လီကျောက်သည် အမှန်အတိုင်း ပြန်၍ ပြောလိုက်လေသည် “ဒီအတိုင်း ခန့်မှန်းမိကြည့်ရုံပါပဲ”
“အို” ရန်ကိုင် စိတ်ဝင်စားလာခဲ့လေသည် “သူ့ဆရာက ဘယ်သူလဲ”
လင်းယွင်အာ၏ ဆရာသည် သာမန်လူတစ်ဦး လုံးဝ မဖြစ်နိုင်ဘဲ မဟာဧကရာဇ် တစ်ပါးပင် ဖြစ်နိုင်ပေသေးသည်။ သို့သော် မည်သူမှန်းတော့ ရန်ကိုင် မသိချေ။ ရန်ကိုင် သိထားသည့် မဟာဧကရာဇ်များသည် လင်းယွင်အားနှင့် မပက်သက်လောက်ချေ။ သို့သော် လီကျောက်ကမူ လင်းယွင်အာ ဆရာ မည်သူ ဖြစ်သလဲဆိုသည်ကို သိနေသည့်ပုံပင်။
လီကျောက်သည် ခဏမျှ စဉ်းစားနေပြီးနောက် ပြန်၍ ပြောလိုက်၏ “နန်းတော်သခင်ရန် အဲ့ကောင်မလေးရဲ့ သံဒယ်အိုးအကြောင်း ဘယ်လောက်သိလဲ”
“သိတော့မသိဘူး။ အခုမှပဲ အဲ့ဒါကို ပထမဆုံး မြင်ဖူး၊ ကြားဖူးတာ”
“ကျုပ်သိပြီ” လီကျောက် ခေါင်းညိတ်လိုက်၏ “အဲ့သံဒယ်အိုအကြောင်းမှမသိတာကိုး၊ သူ့ဆရာအကြောင်း နန်းတော်သခင်ရန် မသိတာ မဆန်းပါဘူး”
“အဲ့သံဒယ်အိုးက ဘာဖြစ်လို့လဲ”
လီကျောက်က အလေးအနက် အမူအရာဖြင့် ဆက်ပြောလိုက်သည် “နန်းတော်သခင်ရန်လည်း ခံစားမိမှာပေါ့၊ အဲ့သံဒယ်အိုးက လုံးဝကို ပုံမှန် မဟုတ်ဘူး ဆိုတာကိုလေ။ တကယ်တော့ အဲ့ဒါက ရှေးဟောင်း မှော်ရတနာတစ်ခုပဲ။ အဲ့ဒါက အခြားရတနာတွေကို ဝါးမြိုပစ်နိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သူကိုယ်တိုင်လည်း သံဒယ်အိုး၏ ဝါးမြိုခြင်းစွမ်းရည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို မျက်စိတပ်အပ် မြင်တွေ့ခဲ့ရပေသည်။ လင်းယွင်အာမှ သံဒယ်အိုး၏ စွမ်းအားကို ထုတ်ဖော်လိုက်ချိန် ယင်ယန်ဒြပ်ကြီးငါးပါး ပြောင်းလဲခြင်းဓါးပုံစံကွက်ထဲရှိ ရှိနေသော ဓါးအားလုံး သံဒယ်အိုးထဲသို့ ရောက်သွားခဲ့ရသည်။ ထို့အပြင် နတ်ဆိုးသားရဲမျိုးဆက်ဖြစ်သော မီးချီလင်ကိုလည်း သံဒယ်အိုး၏ စွမ်းအားဖြင့်သာ လင်းယွင်အာ အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
“ကျုပ်သိသလောက်ဆို သံဒယ်အိုးရဲ့ အရင်ပိုင်ရှင်က သံမဏိသွေးမဟာဧကရာဇ်ပဲ”
“သံမဏိသွေးမဟာဧကရာဇ်” ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။
“ဟုတ်တယ်။ စီနီယာသံမဏိသွေးပဲ။ အဲ့စီနီယာ သံဒယ်အိုးကို ဘယ်ကနေ ဘယ်လို ရလာလဲ ဘယ်သူမှမသိကြဘူး။ ဒါပေမယ့် အဲ့သံဒယ်အိုး စီနီယာသံမဏိသွေးဆီမှာ ရှိနေတာ နှစ်ပေါင်း ထောင်နဲ့ချီနေပြီ။ ပြီးတော့ စီနီယာသံမဏိသွေးဆိုတာကလည်း မဟာဧကရာဇ်တွေထဲမှာတောင် ထိပ်တန်းထဲပါတဲ့ မဟာဧကရာဇ်တစ်ပါး။ ဒီလောကကြီးမှာ သူ့ပြိုင်ဘက် ဖြစ်နိုင်တဲ့လူရှားတယ်။ ဒီတော့ သူ့အဖို့ အဲ့သံဒယ်အိုးကို သုံးနေစရာ မလိုတော့ဘူး။ ဒါကြောင့်ပဲ ဒီလောကကြီးကနေ သံဒယ်အိုး ပျောက်သွားတာ တော်တော်လေး ကြာနေတာ။ ဒါပေမယ့် သက်ကြီးပိုင်း မျိုးဆက်တွေ အကုန်လုံးကတော့ သံဒယ်အိုးအကြောင်းကို သိထားပြီးသား။ မသိတာဆိုလို့ အငယ်ပိုင်းတွေပဲ ရှိလိမ့်မယ်။ ဒါကြောင့်ပဲ အဲ့ကောင်မလေး သုံးသွားတဲ့ သံဒယ်အိုးကို ပြန်လမ်းမဲ့ ဖြစ်နိုင်တယ်လို့ ကျုပ်ပြောတာ”
ရန်ကိုင်၏ မျက်လုံးထဲ ထူးဆန်းသည့် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေသည် “ဒီတော့ စီနီယာသံမဏိသွေးက ယွင်အာရဲ့ ဆရာပေါ့”
“ဟုတ်တယ်။ တော်တော်လေး ဖြစ်နိုင်တယ်” လီကျောက်က ခေါင်းညိတ်လိုက်သည် “စီနီယာသံမဏိသွေးက တော်ရုံ လူရှေ့သူရှေ့ ထွက်လာလေ့မရှိတော့ သူ့ကိုသိတဲ့လူ နည်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူ့ကျင့်ကြံတဲ့ပုံစံက အဲ့ကောင်မလေးနဲ့ အရမ်းဆင်တယ်။ နှစ်ယောက်စလုံး ရုပ်ပိုင်းဆိုင်ရာ နည်းစနစ်တွေနဲ့ ခန္ဓာသန့်စင်တာကို အဓိကထားတာ”
“အင်း” ရန်ကိုင်သည် ခဏမျှ စဉ်းစားနေပြီးနောက် ပြန်၍ ပြောလိုက်၏ “ခင်ဗျား ပြောတာ ယုတ္တိရှိတယ်”
(ယွင်အာရဲ့ဆရာက သံမဏိသွေးမဟာဧကရာဇ်...) ဤသည်မှာ ရန်ကိုင် လုံးဝ မမျှော်လင့်ထားသည့်အရာ ဖြစ်သည်။ ကြည့်ရသလောက် ယန်ယန်မှ လင်းယွင်အာကို ခေါ်သွားပြီးသည့်နောက် သံမဏိသွေးမဟာဧကရာဇ် လက်ထဲသို့ အပ်ခဲ့သည့်ပုံပင်။ ထို့ကြောင့်ပင်လျှင် လင်းယွင်အာ၏ ကျင့်ကြံခြင်း ဤမျှ မြန်မြန်ဆန်ဆန် တိုးတက်လာခြင်းပေကိုး။ မဟာဧကရာဇ်တစ်ပါး ကိုယ်တိုင်မှ အနီးကပ် သင်ကြား ပြသပေးနေသလို တိုက်တွန်ခွန်အား ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားလေရာ လင်းယွင်အာ၏ ကျင့်ကြံခြင်း ဤနှုန်းဖြင့် မတိုးတက်လာမှသာလျှင် ထူးဆန်းနေပေလိမ့်မည်။
ရန်ကိုင် ရုတ်တရက် တစ်ခုခုအား စဉ်းစားမိသွားလေသည်။ ကောင်းကင်ဝါးမြိုခြင်း မဟာဧကရာဇ်နှင့် လောကတစ်သောင်း မဟာဧကရာဇ်တို့ တိုက်ခိုက်စဉ်က သံမဏိသွေး တပည့်တစ်ယောက် လက်ခံထားသည်ဟု တွမ့်ဟုန်ချန်မှ ပြောခဲ့သည်။ ကြည့်ရသလောက် ထိုတပည့်ဆိုသည့်လူမှာ လင်းယွင်အာ ဖြစ်သည့်ပုံပင်။
လင်းယွင်အာ ထိုကဲ့သို့ ဆရာတစ်ယောက် ရလိုက်သည့်အပေါ် ရန်ကိုင် ဝမ်းသာမိပေသည်။ မဟာဧကရာဇ်တစ်ပါးမှ ကျောထောက်နောက်ခံ ပေးထားလေရာ မည်သူကများ သူမအား ရန်စရဲတော့ပါမည်နည်း။ ထို့ပြင် သံမဏိသွေးမဟာဧကရာဇ်သည် သူ့တပည့်အပေါ် အလွန်ချစ်သည့်ပုံပင်။ ရန်ကိုင်မှ သူ့တပည့်အား မြောက်ဘက်နယ်မြေသို့ ခေါ်သွားရန် လုပ်သည့်အတွက် ရန်ကိုင်အား ပြစ်တင်ခြိမ်းခြောက်ခဲ့သည်ကို ကြည့်လျှင် သိနိုင်ပေသည်။
ထိုအချက်ကို စဉ်းစားမိလိုက်သည် ရန်ကိုင်သည် သူတမင်သက်သက် ပြစ်တင်ခံလိုက်ရသည်ဟု တွေးလျက် ခေါင်းကို ကုတ်လိုက်လေ၏။
လီကျောက်မှာတော့ ဇောချွေးပျံနေခဲ့ပြီး တံတွေးတစ်လုတ် မျိုချလျက်မှ ကြောက်ကြောက်လန့်လန့်ဖြင့် မေးလိုက်လေ၏ “စီနီယာ သံမဏိသွေး... ကျုပ်တို့နောက် လိုက်လာတာလား”
“ဖြစ်နိုင်လောက်တယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
လီကျောက် ပို၍ပင် ချွေးပျံလာခဲ့လေသည်။ ရန်ကိုင်နှင့် လင်းယွင်အာတို့ ဓါးပုံစံကွက်ထဲ ပိတ်မိနေစဉ်က လီကျောက်သည် အပေါ်ယံ ဟန်ပြသာ တိုက်ခိုက်ခဲ့သည်။ ရန်ကိုင်တို့ ဓါးပုံစံကွက်ထဲမှ လွတ်မြောက်လာသည့် အခါမှသာလျှင် တကယ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။ ရန်ကိုင်အနေဖြင့် လေတိမ်တိုက်စံအိမ်မှ တပည့်များကို အရူးလုပ်ချင် လုပ်လို့ရနိုင်လိမ့်မည် ဖြစ်သော်ငြား မဟာဧကရာဇ်တစ်ပါးကိုတော့ အရူးလုပ်လို့ ရလိမ့်မည် မဟုတ်ချေ။
ကံကောင်းစွာဖြင့် မဟာဧကရာဇ်မှာ သူ့လုပ်ရပ်အပေါ် စိတ်ထဲမထားခဲ့။ ထိုသို့သာ မဟုတ်ပါက လီကျောက် ဤနေရာသို့ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။ သေဘေးမှ ကပ်သီလေး လွတ်မြောက်လာပြီးသည့်နောက်တွင် လီကျောက်က ချက်ချင်းပဲ ပြောလိုက်လေသည် “နန်းတော်သခင်ရန်၊ ကိစ္စတွေလည်း ပြီးပြီဆိုတော့ ဒီလီ ပြန်တော့မယ်။ နန်းတော်ကို ပစ်ထားတာ အတော်လေး ကြာသွားတော့ ဟိုမှာ ဘယ်လိုနေနေမလဲ မသိဘူး။ ဒီတော့ ဒီလီ မြန်မြန်ပြန်မှ ဖြစ်မယ်”
“သွား၊ သွား” ရန်ကိုင်က လက်ဝှေ့ရမ်းပြလိုက်သည်။
“ဒါဆို ကျုပ်သွားလိုက်ပါဦးမယ်” လီကျောက်မှာ သူ့အိမ်မက်များ အမှန်ဖြစ်လာသည့်အလား ချက်ချင်းပဲ အလျင်စလို လှည့်ထွက်သွားလေ၏။ တစ်ချိန်တည်းတွင် သူ့စိတ်ထဲ၌လည်း ကြိတ်ကာ တွေးလိုက်လေသည် (အခုကနေစပြီး မီးဘေး၊ သူခိုးဘေးတွေအပြင် ဒီရန်ကိုင်ဆိုတဲ့ဘေးကိုပါ ရှောင်ရတော့မယ်၊ နောက်ပိုင်း ဘယ်နေရာလေး လိုက်ပါဦးဆိုပြီး လာခေါ်ရင်တောင် ချီးမှမလိုက်တော့ဘူး။ သူနဲ့ နေရတာ တစ်နေ့ထက်တစ်နေ့ အသက်တိုတယ်)
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၁၀)
ဘာသာပြန်သူ_တိမ်တိုက်
(ယွင်အာရဲ့ ဆရာက သံမဏိသွေးမဟာဧကရာဇ် ဖြစ်နေမယ်လို့ ငါမထင်ထားဘူး) ရန်ကိုင်သည် မတ်တပ်ရပ်ကြီးရပ်လျက် အတွေးရေယာဉ်ကြောထဲ နစ်မြောနေခဲ့သည်။ ထို့နောက် ရုတ်တရက် ပြုံးလိုက်လေသည်။ ယခုတစ်ကြိမ် လင်းယွင်အာကို ပြန်မခေါ်လာနိုင်ခဲ့ပါသော်ငြား နောက်ပိုင်းကျလျှင် လင်းယွင်အာနှင့် ထပ်တွေ့နိုင်မည် ဖြစ်လေရာ ကိစ္စမရှိချေ။ ယခု လင်းယွင်အာကို သူမဆရာမှ ဂရုစိုက်ပေးနေလိမ့်မည် ဖြစ်လေရာ သူမ၏ အနာဂတ်သည် ခက်ခဲနေတော့လိမ့်မည် မဟုတ်ချေ။
ထိုစဉ် ဟွာချင်းစီ ရောက်လာပြီး ပြုံးလျက် လှမ်းပြောလိုက်၏ “နန်းတော်သခင်ရန် ပြန်လာပြီလား”
သတင်းရရချင်း ဤနေရာသို့ အပြေးလာခဲ့ခြင်းဖြစ်ပြီး သူမနှင့်အတူ ပိရန်ယုချင်းကိုပါ ခေါ်လာခဲ့လေသည်။
ရန်ကိုင်ကို မြင်လိုက်သည့်အခိုက် ပိရန်ယုချင်းက တလေးတစား နှုတ်ဆက်လိုက်လေ၏ “မင်္ဂလာပါ နန်းတော်သခင်”
ရန်ကိုင် ကူညီပေးခဲ့သည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူမအနေဖြင့် ဧကရာဇ် အဆင့်သို့ ရောက်နိုင်ခဲ့လိမ့်မည် မဟုတ်ချေ။ ယခင်က သူမ၏ လက်အောက်ငယ်သား တစ်ဦး ဖြစ်ခဲ့သူသည် ယခု သူမ၏ အထက်အရာရှိတစ်ဦး ဖြစ်နေခဲ့လေပြီ။ ထို့အပြင် ထိုလူသည် သူမအတွက် ကျင့်ကြံဖို့အတွက် နေစရာကော၊ အရင်းအမြစ်များပါ ပြင်ဆင်ပေးသည်။ ထို့ကြောင့် ရန်ကိုင်အပေါ် သူမ၏ ဆက်ဆံပုံကို ပြန်စဉ်းစားမိလိုက်သည့်အခိုက် သူမစိတ်ထဲ ရှက်ရွံ့သလိုပင် ခံစားလိုက်ရသည်။ ထိုသို့ပင်ဖြစ်လင့်ကစား ပိရန်ယုချင်းသည် အတော့်ကိုမှ အပေါင်းအသင်း ကောင်းလှ၏။ ထက်ကောင်းကင်နန်းတော်သို့ ရောက်ပြီး မကြာခင်မှာပင် ဟွာချင်းစီနှင့် အတော့်ကိုမှ ရင်းနှီးသွား၏။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး ဟွာချင်းစီကို ကြည့်လျက် “မတွေ့ရတာတောင် ကြာပြီနော် အစ်မဟွာ၊ အစ်မဟွာက ပိုပိုပြီးတော့တောင် လှလာတာပဲ”
ဟွာချင်းစီသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်ပါသော်ငြား သူမ မျက်လုံးထဲရှိ အပျော်များကိုတော့ ဖုံးဖိ၍မရခဲ့ချေ “နင်အခု နန်းတော်သခင်တစ်ယောက် ဖြစ်နေပြီ။ ဒီတော့ စကားကို ဆင်ဆင်ခြင်ခြင်ပြော၊ အခြားတစ်ယောက်ယောက်သာ ကြားသွားရင် နင့်ကို ဘယ်လို ထင်ကုန်မလဲ”
“ကျုပ်က အမှန်ကိုပဲ ပြောနေတာလဲ” ထိုသို့ပြောပြီးနောက်တွင် ရန်ကိုင်သည် ပိရန်ယုချင်းဘက်သို့လှည့်၍ မေးလိုက်လေ၏ “ခင်ဗျားရော နေရတာ ဘယ်လိုနေလဲ”
ပိရန်ယုချင်းက ချက်ချင်းပဲ ပြန်ပြောလိုက်၏ “အခုလိုစိတ်ပူပေးတဲ့အတွက် ကျေးဇူးပါပဲ နန်းတော်သခင်။ နန်းတော်သခင်ရန်ရဲ့ ကျေးဇူးကြောင့်ပဲ ကျွန်မဘဝ အခုလိုမျိုး အဆင်ပြေနေခဲ့ရတာပါ”
ရန်ကိုင်က ပြန်ပြောလိုက်၏ “သိပ်ပြီးတော့လည်း တောင့်တောင့်ကြီး ဖြစ်မနေနဲ့။ ခင်ဗျားက အခု ထက်ကောင်းကင်နန်းတော်ရဲ့ အဖွဲ့သားတစ်ယောက် ဖြစ်နေပြီ။ ဒီတော့ ပေါ့ပေါ့ပါးပါးပဲနေ။ ဒီနေရာကိုလည်း ကိုယ့်အိမ်ကိုယ့်ယာလို သဘောထား”
ပိရန်ယုချင်း ယာယီမျှ တိတ်သွားပြီးနောက် အပြုံးတစ်ပွင့် သူမမျက်နှာထက် ထွက်ပေါ်လာလေသည်။
ထို့နောက်တွင် ဟွာချင်းစီက ဝင်ပြောလိုက်လေသည် “နန်းတော်သခင်၊ နန်းတော်သခင် မရှိတုန်း ဂျူနီယာညီမချင်းက ကျွန်မကို အုပ်ချုပ်စီမံရေးရာ ကိစ္စတွေနဲ့ပက်သက်ပြီး အများကြီး အကူအညီပေးထားတယ် သိလား။ ရှင်းရှင်းပြောရရင် စီမံခန့်ခွဲတဲ့အပိုင်းတွေက သူက ကျွန်မထက်တောင် ပိုပြီး အတွေ့အကြုံရှိသေးတယ်။ ဒါကြောင့် သူ့ကို ဒုမန်နေဂျာ လုပ်ခိုင်းရင် ကောင်းမလားတောင် စဉ်းစားနေတာ။ နန်းတော်သခင် ပြန်မရောက်သေးလို့သာ ဘာမှမလုပ်ဖြစ်သေးတာ”
“ရတယ်လေ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည် “အဆင်ပြေတယ်ဆိုရင် လုပ်ခိုင်းလိုက်ပေါ့ ကိစ္စမရှိဘူး”
ရန်ကိုင်သည် ဟွာချင်းစီ၏ အကြံကို ချက်ချင်း ထောက်ခံလိုက်လေသည်။
ပိရန်ယုချင်းသည် ဂိုဏ်းငယ်လေးတစ်ဂိုဏ်းမှသာ လာခဲ့ခြင်း ဖြစ်သည့်အတွက်ကြောင့် ဟွာချင်းစီလောက် အတွေ့အကြုံ ကြွယ်ဝခြင်းမရှိသော်ငြား ငှက်မွှေးပြာဂိုဏ်းတွင် ရှိစဉ်က သူမသည် ဂိုဏ်း၏ ကာကွယ်သူတစ်ဦး ဖြစ်ခဲ့သည်။ ဂိုဏ်းချုပ် ဖြစ်သည့် ဝူမုန်ချွမ် အကျဉ်းကျခံနေရစဉ် တစ်ဂိုဏ်းလုံးကို သူမနှင့် အခြားကာကွယ်သူ သုံးဦးကသာ စီမံထိန်းချုပ်နေခြင်း ဖြစ်သည့်အတွက် ဂိုဏ်းရေးဂိုဏ်းရာ ကိစ္စများနှင့် ပက်သက်လာသော် အတော့်ကိုမှ အတွေ့အကြုံရှိသူတစ်ဦး ဖြစ်သည်ဟု ပြော၍ရပေသည်။
ဟွာချင်းစီသည် ပိရန်ယုချင်းနှင့် အတူရှိနေစဉ်အတောအတွင်း အကြောင်းအရာများစွာကို သိခဲ့ရလေသည်။ လက်တလောတွင် ထက်ကောင်းကင်နန်းတော်၌ ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်များသာ ရှိသေးသည့်အတွက်ကြောင့် ဟွာချင်းစီ တစ်ဦးတည်းဖြင့် အဆင်ပြေနေပါသော်ငြား ထက်ကောင်းကင်နန်းတော်သည် သာမန် ဂိုဏ်းတစ်ဂိုဏ်း မဟုတ်။ မဟာဧကရာဇ်ဂိုဏ်းပြီးလျှင် မြောက်ဘက်နယ်မြေတစ်ကြော၌ အားအကောင်းဆုံး ဖြစ်သည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည့်အတွက်ကြောင့် များမကြာမီတွင် ဂိုဏ်းသားအရေအတွက်မှာ အဆပေါင်းများစွာ ပိုတိုးလာပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ ဟွာချင်းစီတစ်ဦးတည်းဖြင့် ထိုမျှ များပြားလှသော ဂိုဏ်းသားများကို ထိန်းချုပ်နိုင်ဦးမည်လား။
ပိရန်ယုချင်းက ပြန်ပြောလိုက်လေသည် “နန်းတော်သခင်၊ ကျွန်မ အဲ့လောက် ကူညီပေးခဲ့တာ မဟုတ်ပါဘူး။ ထက်ကောင်းကင်နန်းတော်ထဲကို ဝင်ခွင့်ရခဲ့တာနဲ့တင် ကျွန်မ အရမ်းကို ဝမ်းသာနေရပါပြီ။ ဒီတော့ ထက်ကောင်းကင်နန်းတော်ရဲ့ အဖွဲ့သား တစ်ဦးအနေနဲ့ ထက်ကောင်းကင်နန်းတော်အတွက် ကျွန်မ တတ်နိုင်သလောက် လုပ်ပေးတာပါ။ ဒါပေမယ့် ဒုမန်နေဂျာမှူး ဆိုတဲ့ ရာထူးကတော့ ကျွန်မနဲ့ မသင့်တော်ဘူး ထင်တယ်နော် နန်းတော်သခင်”
ပိရန်ယုချင်း လျှောက်ပြောနေခြင်း မဟုတ်၊ အမှန်ကို ပြောနေခြင်းသာ ဖြစ်သည်။ ထက်ကောင်းကင်နန်းတော်သို့ စလာစဉ်က သူမစိတ်ထဲ သိပ်ပြီး မစဉ်းစားခဲ့ချေ။ သူမသည် ရန်ကိုင်အပေါ် အကြွေးတင်ခဲ့သည်။ ရန်ကိုင်သည် သူမအား သူ့ဂိုဏ်းထဲသို့ ဝင်မလားဟု ကမ်းလှမ်းလာလေရာ ပိရန်ယုချင်းလည်း မငြင်းတော့ဘဲ လက်ခံလိုက်၏။ ထို့အပြင် ဂိုဏ်း၏ ပတ်ဝန်းကျင်မှာလည်း အလွန်ကို ကောင်းမွန်လှသည် မဟုတ်လေလော။
သို့သော် ထက်ကောင်းကင်နန်းတော်ထဲ အတော်လေး အနေကြာလာပြီးနောက် ဤဂိုဏ်းငယ်လေးကို သူမ အကြီးအကျယ် အထင်သေးမိခဲ့မှန်း နားလည်သွားခဲ့ရသည်။
ဤဂိုဏ်းငယ်လေးထဲတွင် ဧကရာဇ်တတိယအဆင့်နှင့်ပင် ယှဉ်ပြိုင်နိုင်သော မွန်းစတားဘုရင် သုံးပါးသည် ကာကွယ်သူသုံးဦး အနေဖြင့် ရှိနေကြသလို မဟာဆေးဧကရာဇ်၏ ငါးယောက်မြောက်တပည့်သည်လည်း ဆေးပညာရှင်မှူးအဖြစ် တာဝန်ယူထားသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ဂိုဏ်းထဲတွင် ဧကရာဇ်အဆင့် ပန်းပဲပညာရှင်၊ ဧကရာဇ်အဆင့် အစီအရင်ပညာရှင်တို့ပါ ထပ်ရှိနေသေး၏။
ထို့အပြင် နန်းတော်သခင် ဖြစ်သော ရန်ကိုင်သည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ရေခဲနှလုံးသားတောင်ကြားနှင့် မိသားစုတစ်စုပမာ ရင်းနှီးနေသေးသည့်အပြင် မြောက်ဘက်နယ်မြေ၏ အခြားသော ထိပ်တန်းဂိုဏ်း နှစ်ဂိုဏ်းဖြစ်သည့် မီးနဂါးနန်းတော်နှင့် အာကာယံကောင်းကင်ဂိုဏ်းတို့ဆိုလျှင်လည်း ထက်ကောင်းကင်နန်းတော်အပေါ် အကြွေးအများကြီး တင်ထားကြလေသည်။
တစ်ချိန်တည်းတွင်၊ ဂိုဏ်းထဲ၌ တောင်ဘက်နယ်မြေနှင့် တိုက်ရိုက် ချိတ်ဆက်ထားသည့် ဟင်းလင်းပြင်အစီအရင်တစ်ခု ရှိနေသလို ဂိုဏ်း၏ တစ်နှစ်စာဝင်ငွေမှာလည်း အခြားသော ဂိုဏ်းများထက် အများကြီး ပိုများနေပေသည်။
ရန်ကိုင်သည် နဂါးကလန်နှင့် ပက်သက်နေသည်ဟူသော ကောလာဟလများပင် ရှိနေပေသေးသည်။
မကြာသေးခင်မှ တည်ထားသော ဂိုဏ်းတစ်ဂိုဏ်းသည် ဤမျှသော အုတ်မြစ်နှင့် ခွန်အားကို ပိုင်ဆိုင်ထားသည်မှာ တကယ်ကို မယုံကြည်နိုင်ဖွယ် ကောင်းလှပေသည်။ ပို၍ မယုံကြည်နိုင်ဖွယ်ရာကောင်းသည်မှာ ထိုအရာအားလုံးသည် ရန်ကိုင် တစ်ဦးတည်းဆီမှ အရင်းခံလာခြင်းပင်။
ထက်ကောင်းကင်နန်းတော်အကြောင်း ပိုသိလာလေ ပိရန်ယုချင်းမှာ ဤဂိုဏ်းကို ပို၍ ကြောက်လန့်လာလေပင်။ ထိုသို့ဖြစ်လေရာ သူမအနေဖြင့် ဒုမန်နေဂျာမှူး ရာထူးကို မည်သို့များ လက်ခံယူဝံ့ပါမည်နည်း။ ထို့အပြင် သူမ ဧကရာဇ်အဆင့်သို့ ရောက်ထားသည်မှာ ကြာမှမကြာသေးလေဘဲ။ ဒုမန်နေဂျာမှူး ရာထူးကို ဧကရာဇ် တတိယအဆင့်သို့ ရောက်နေသည့်လူမျာသာ ယူရန် အရည်အချင်း ပြည့်မှီပေလိမ့်မည်။
ထို့ကြောင့် ရန်ကိုင်မှ သူမအား ဒုမန်နေဂျာမှူး ရာထူးအား ယူခိုင်းလာသော် ပိရန်ယုချင်မှာ ချက်ချင်း ငြင်းဆန်းလိုက်ခြင်းပင်။
ပိရန်ယုချင်း ဘာကို စိုးရိမ်နေမှန်း သတိပြုမိသည့်အလား ဟွာချင်းစီက ပြုံးလျက် “ငါတို့ ရာထူးတွေက ကျင့်ကြံခြင်းအပေါ် အခြေခံထားတာ မဟုတ်ဘူး။ တကယ် အရည်အချင်း ရှိတဲ့လူတွေကိုပဲ ခန့်ထားတာ။ ပြီးတော့ နန်းတော်သခင်က နန်းတော်ကို စီမံတဲ့နေရာမှာ လုံးဝ အားကိုးရတာမဟုတ်ဘူး။ အားနေရင် သူ့အလုပ်တွေကို အခြားသူတွေဆီ အပ်ပြီးတော့ပဲ လျှောက်သွားနေတာ။ နင်ဘယ်လောက်တော်မှန်း ငါသိပြီးသား။ ဒီတော့ ဒုမန်နေဂျာမှူး ရာထူးကို နင်ငြင်းလို့မရဘူး”
ပိရန်ယုချင်းက ပြန်ပြောတော့မည်အပြု ရန်ကိုင်က လက်ဝှေ့ရမ်း၍ ဖြတ်ပြောလိုက်၏ “ဒီကိစ္စကို ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီ”
ထိုသို့ ပြောပြီးနောက် ဟွာချင်းစီဘက်သို့လှည့်၍ “ကျုချင်း ပြန်လာပြီလား”
ဟွာချင်းစီက ခေါင်းခါလျက် “မလာသေးဘူး။ သူရေခဲနယ်မြေဆီ သွားတာ မဟုတ်ဘူးလား”
ရန်ကိုင်သည် ယခင်တစ်ခေါက်က ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်လာခဲ့သော်ငြား ပြန်လာပြီးပြီးချင်း ဘာမှမပြောဘဲ ချက်ချင်း ပြန်ထွက်သွားသဖြင့် ရန်ကိုင် ရေခဲနယ်မြေသို့ ထွက်သွားမှန်းကို ဟွာချင်းစီ မသိခဲ့ပေ။
ဟွာချင်းစီ ပြောသည့်စကားကိုကြားသော် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေ၏။ ရန်ကိုင်သည် အနောက်ဘက်နယ်မြေတွင် အတော်လေး အချိန်ဖြုန်းခဲ့သည်ဟု ပြော၍ရပေသည်။ လင်းယွင်အာနောက်သို့ တောက်လျှောက်လိုက်၍ လေတိမ်တိုက်စံအိမ်အား ဖျက်စီးရာတွင် ပါဝင်ခဲ့သဖြင့် ထိုနေရာတွင်ပင် အတော်လေး အချိန်ကုန်ခဲ့ပေသည်။ ထို့ကြောင့် ယခုအချိန်လောက်ဆို ကျုချင်း ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်ရောက်နေသင့်နေလေပြီ။ ဘာကြောင့်များ သူမအား ဤနေရာတွင် မတွေ့ရလေသနည်း။
(သူလမ်းမှာ ကြာနေတာများလား...)
ထိုသို့ စဉ်းစားပြီးနောက် ကျုချင်းအား စောင့်ရန် ဆုံးဖြတ်လိုက်လေသည်။ ကျုချင်း လမ်းတွေ ကြာနေခြင်းမဟုတ်ဟု မည်သူကများ ပြောနိုင်ပါမည်နည်း။
“နန်းတော်သခင်ရန်… တစ်ခုခု ဖြစ်သွားလို့လား” ရန်ကိုင်၏ ထူးဆန်းသည့် အမူအရာကို သတိထားမိလိုက်သော် ဟွာချင်းစီက မေးလိုက်လေသည်။
“ဘာမှမဖြစ်ဘူး” ရန်ကိုင်က ခေါင်းခါလိုက်သည်။
“နန်းတော်သခင် ဒီတစ်ကြိမ် ဘယ်လောက်ကြာကြာနေမှာလဲ”
“သေချာမပြောတတ်သေးဘူး”
“အကုန်လုံးကို ခေါ်ပြီး တွေ့ဆုံပွဲ လုပ်ချင်သေးလား”
“လုပ်လိုက်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သူ့အနေဖြင့် ဂိုဏ်းတွင် မရှိသည်မှာ များသဖြင့် ရှိတုန်းရှိခိုက် အကုန်လုံးနှင့် တွေ့ဆုံနှုတ်ဆက်ရပေမည်။
တစ်ခဏအကြာတွင် ထက်ကောင်းကင်နန်းတော်၏ အစည်းအဝေးခန်းသို့ လူတစ်ယောက်ပြီး တစ်ယောက် ရောက်လာကြလေ၏။
ရန်ကိုင်သည် ခန်းမ၏ ထိပ်ဆုံးနေရာတွင် ထိုင်နေခဲ့သည်။ သူ့ဘေးတွင် ဧကရာဇ်အဆင့် ဆေးပညာရှင်ဖြစ်သော ကျိယင် ရှိနေခဲ့သည်။ ကျိယန်၏ ခွန်အားသည် ဤနေရာရှိ လူများအနက် အမြင့်ဆုံး မဟုတ်သော်ငြား သူ့အဆင့်အတန်းမှာ သာမန်မဟုတ်ချေ။ သူသည် ဆေးလုံး မဟာဧကရာဇ်၏ ငါးယောက်မြောက် တပည့်ဖြစ်သည်။ ထို့ကြောင့်ပင် သူ့အဆင့်အတန်းသည် အခြားသူများထက် ပိုမြင့်နေရခြင်းပင်။
ရန်ကိုင်၏ ညာဘက်တွင်မူ မွန်းစတားဘုရင်တစ်ပါးဖြစ်သော ရှီလဲ့ ရှိနေခဲ့သည်။ မွန်းစတားဘုရင်သုံးပါး၏ ကျင့်ကြံခြင်းသည် အတူတူလောက်သာ ဖြစ်ပါသော်ငြား ရှီလဲ့ ကျွန်မွန်းစတားဘုရင်နှစ်ပါးဘထက် ပိုအားကောင်းပေသည်။ ထို့အပြင် ရှေးဟောင်းတောအုပ်ကြီးထဲရှိ မွန်းစတားဘုရင် သုံးဆယ်နှစ်ပါးအနက် ရှီလဲ့သည် ထိပ်ဆုံးအဆင့်ထဲ ပါပေသည်။
အောက်ဘက်သို့ ဆက်သွားလျှင် ယင်ဖေး၊ ရှဲ့ဝူဝေ၊ နန်မန်တကျွင်း၊ ဟို့ယုတို့ ရှိနေကြလေသည်။ ဟွာချင်းစီနှင့် ပိရန်ယုချင်းတို့မှာမူ ရန်ကိုင်နှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေကြလေ၏။
ဤခန်းမထဲ ဧကရာဇ်အဆင့် ပညာရှင် ကိုးဦး စုဝေးနေခဲ့ပြီး ထိုလူများထဲ ဧကရာဇ်တတိယအဆင့် သုံးဦးတိတိ ပါဝင်နေခဲ့သည်။ အခြားသောဂိုဏ်းများနှင့် ယှဉ်လိုက်သော် ထက်ကောင်းကင်နန်းတော်၏ ဧကရာဇ်အဆင့်ပညာရှင် အရေအတွက်မှာ ပိုနည်းချင် နည်းနေလိမ့်မည် ဖြစ်ပါသော်ငြား စုပေါင်း ခွန်အားနှင့် ကျွမ်းကျင်မှုဆိုင်ရာကို ယှဉ်လိုက်မည်ဆိုလျှင်တော့ မည်သည့် ထိပ်တန်းဂိုဏ်းမှ သူတို့အား မယှဉ်နိုင်တော့ချေ။
ချီယွဲ့နှင့် အခြားသူများမှာတော့ ဤနေရာတွင် ရှိမနေခဲ့ချေ။ ဟွာချင်းစီ ပြောပုံအရ၊ ထိုလူများသည် လတ်တလောတွင် ပုံရိပ်တစ်ထောင်အိမ်မက်ကမ္ဘာထဲတွင် လေ့ကျင့်နေသည်ဟူ၍ပင်။ ပုံရိပ်တစ်ထောင် အိမ်မက်ကမ္ဘာ၏ အချိန်စီးဆင်းမှုကို ပြောင်းလဲပစ်နိုင်သည့် စွမ်းရည်သည် အလွန်ကိုမှ ထူးခြားလှကာ ထက်ကောင်းကင် နန်းတော်၏ တိုးတက်မှုကိုလည်း ကြီးကြီးမားမား အထောက်အကူ ပြုပေးနိုင်ပေသည်။
အကုန်လုံးအား ဤနေရာသို့ ခေါ်လိုက်ရခြင်းမှာ အရေးကြီးကိစ္စများ ဆွေးနွေးလိုသည့် အတွက်ကြောင့် မဟုတ်ချေ။ ထက်ကောင်းကင်နန်းတော်သည် မြေနေရာအကျယ်ကြီးကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် အဖွဲ့သားအရေအတွက် နည်းပါးနေသေးသော်ငြား လုပ်စရာ ကိစ္စများမှာ အနည်းနှင့်အများတော့ ရှိနေပေလိမ့်မည်။ သို့သော် ထိုမျှလောက်သော ကိစ္စများကို ရန်ကိုင်ကိုယ်တိုင် လိုက်ဖြေရှင်းနေစရာ မလိုချေ။ ဟွာချင်းစီနှင့်ပင် ပြီးနေလေပြီ။
လတ်တလော အခြေအနေအရ ကျိယင်သည် ရန်ကိုင် ပေးထားသည့် ဆေးပင်များနှင့် အလုပ်ရှုပ်နေခဲ့သည်။ ရန်ကိုင် ရှေးဟောင်းတောအုပ်ထဲမှ ယူလာပေးသည့် ဆေးပင်များကြောင့် ကျိယင်မှာ သူတစ်ခါမှ မမြင်ဖူးသော ဆေးပင်များကိုပင် မြင်ခဲ့ရသည်။ တစ်ချိန်တည်းတွင် ကျိယင်၏ အဆက်မပြတ် ဆေးဖော်စပ်မှုကြောင့် ထက်ကောင်းကင်နန်းတော်၏ လက်ဝယ်တွင် ရှိနေသော ဧကရာဇ်အဆင့် ဆေးလုံးများမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုပို များပြားလာနေခဲ့ရသည်။
နန်းမန်တကျွင်းမှာတော့ ထက်ကောင်းကင်နန်းတော်တစ်ဝိုက် အစီအရင်အသစ်များကို လိုက်လံခင်းကျင်းနေခဲ့လေသည်။ ဟို့ယုနှင့် အတူ ပူးပေါင်းလုပ်ဆောင်နေသော တောင်နှင့်မြစ်ပုံရိပ်ကိုပင် စီစဉ်လို့ပြီးသွားခဲ့လေပြီ။ တောင်နှင့်မြစ်ပုံရိပ်ကို အသက် သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ထက်ကောင်းကင်နန်းတော်တစ်ခုလုံးကို ပုံစံငယ်လေးတစ်ခုအနေဖြင့် မြင်တွေ့နိုင်ပေလိမ့်မည်။
ဟို့ယု တစ်ဦးတည်းသည်သာ ဂနာမငြိမ် ဖြစ်နေခြင်းသည်။ ထက်ကောင်းကင်နန်းတော်သို့ ရောက်လာပြီးနောက် ထွက်ပြေးရန် အဆက်မပြတ် ကြိုးစားခဲ့သည်။ ကံမကောင်းစွာဖြင့် မွန်းစတားဘုရင်သုံးပါးမှ သူမအား တစ်ယောက်တစ်ယောက် စောင့်ကြည့်နေသည့် အတွက်ကြောင့် မည်သို့မှ မလွတ်မြောက်နိုင် ဖြစ်ခဲ့ရရာ ဟို့ယုမှာ မွန်းစတားဘုရင် သုံးပါးအပေါ် တစ်နေ့ထက်တစ်နေ့ ပိုပို၍ မကျေမနပ် ဖြစ်လာခဲ့လေသည်။
စကားနည်းနည်းပါးပါး ပြောပြီးနောက်တွင် ရန်ကိုင်သည် အကုန်လုံးကို ပြန်လွှတ်လိုက်လေ၏။
ထို့နောက်တွင် ရန်ကိုင်သည် သူ၏ ထက်ကောင်းကင်တောင်ထွတ်ဆီသို့ ပြန်လာပြီး စိတ်ကို ရှင်းလင်းလိုက်သည်။ ပြီးသည့်နောက် သူ့လက်ကို ဝှေ့ရမ်း၍ မြောက်မြားလှစွာသော အဆင့်မြင့် အရင်းအမြစ်ကျောက်များကို အခန်းထဲ ပုံချလိုက်လေ၏။ ထက်ကောင်းကင်တောင်ထွတ်သည် ထက်ကောင်းကင်နန်းတော် တစ်ခုလုံးတွင် အကောင်းဆုံး တောင်တစ်လုံး ဖြစ်သည့်အလျောက် မိုးမြေစွမ်းအင် အလွန်ကိုမှ သိပ်သည်းကြွယ်ဝပေသည်။ ရန်ကိုင်မှ အဆင့်မြင့်အရင်းအမြစ်ကျောက် များစွာကိုပါ ထပ်ပေါင်းထည့်ပေးလိုက်သော်ငြား မိုးမြေစွမ်းအင်သိပ်သည်းဆသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားတော့လေ၏။ အခန်းထဲရှိ မိုးမြေစွမ်းအင်မှာ အလွန်ကိုမှ သိပ်သည်းလာခဲ့လေရာ မြူခိုးထုအသွင်သို့ပင် ပြောင်းလဲလာခဲ့လေ၏။
ထို့နောက်တွင် ရန်ကိုင် သေချာစတင်ကျင့်ကြံရန် ပြင်တော့လေ၏။ ကြယ်ပျက်ပင်လယ်ထဲ၌ ဧကရာဇ်အဆင့်သို့ ရောက်ပြီးချိန်မှစ၍ ရန်ကိုင်၏ ကျင့်ကြံခြင်းမှာ တရိပ်ရိပ်နှင့် တိုးတက်နေခဲ့ပါသော်ငြား ယခုအချိန်ထိတိုင် အဆင့်တက်မည့် အရိပ်အယောင် မပြသေးချေ။
သူ့စိတ်ထဲ နောက်တစ်ဆင့်တက်ဖို့ရာ သိပ်မလိုတော့ဟု ခံစားနေရပါသော်ငြား အဆင့်တက်ဖို့ရာ အမြဲတစ်ခုခု လိုနေသည်ဟု ခံစားနေခဲ့ရလေ၏။
ထို့အပြင် ရန်ကိုင်သည် ကိစ္စအထွေထွေကြောင့် တစ်ခါမှ တံခါးပိတ်ကျင့်ကြံဖို့ရာ အချိန်မရခဲ့ချေ။ ထို့ကြောင့် အချိန်ရတုန်းရခိုက် နောက်တစ်ဆင့်တက်ဖို့ရာ ကြိုးစားတော့ခြင်း ဖြစ်လေသည်။
လက်ရှိအချိန်တွင် ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလေပြီ။ သူ့တွင် ရှိနေသည့် ဝှက်ဖဲ အကုန်အစင်ကိုသာ ထုတ်သုံးမည်ဆိုလျှင် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးနှင့်ပင် ယှဉ်ပြိုင်နိုင်ပြီး ကံသာကောင်းလျှင် ထိုကဲ့သို့သော ပညာရှင်မျိုးကိုပင် သတ်ပစ်နိုင်ပေသည်။ သို့တိုင် ထိုမျှလောက်နှင့် မလုံလောက်သေးချေ။ ရန်ကိုင်၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ သူရင်ဆိုင်ရသည့် ရန်သူများမှာလည်း ပိုပို၍ အားကောင်းလာကြရာ ရန်ကိုင်မှာ သူ့လိုအပ်ချက်များကို ပိုမို နားလည်လာရတော့သည်။
ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအဆင့်၏ ထိပ်ဆုံးမဟုတ်ချေ။ ဧကရာဇ်အဆင့် အထက်တွင် မဟာဧကရာဇ်ဟူသော အဆင့်တစ်ခု ရှိနေပေသေးသည်။ ရန်ကိုင်၏ ရည်မှန်းချက်သည် ထိုအဆင့်သို့ ရောက်ရန် ဖြစ်ပေသည်။
အရိပ်ကြယ်ထဲသို့ စသွားသည့်အချိန်မှစ၍ ရန်ကိုင်သည် အဖြစ်အပျက်ပေါင်းစုံနှင့် ကြုံခဲ့ရပေသည်။ မဟာဧကရာဇ်များကြား တိုက်ပွဲကို တပ်အပ် ကြုံခဲ့ရသလို ပုံရိပ်တစ်ထောင်အိမ်မက်ကမ္ဘာထဲ၌လည်း မဟာဧကရာဇ်များနှင့် ရင်ဆိုင်တွေ့ခဲ့ရသည်။ ထိုအတွေ့အကြုံများသည် ရန်ကိုင်အား နောက်တစ်ဆင့်သို့ တက်သွားအောင် လုပ်ပေးဖို့ရာ လုံလောက်နေပါသော်ငြား ဘာကြောင့်မှန်းမသိ ရန်ကိုင်သည် နောက်ဆုံး အတားအဆီးကို မည်သို့မှ မကျော်ဖြတ်နိုင် ဖြစ်နေခဲ့ရသည်။ ထို့ကြောင့် အမြင့်သို့ ထပ်တက်ဖို့ရာ ယခုထက်ပို၍ ကြိုးစားရဦးမည်ဟု သူ့စိတ်ထဲ ခံစားလိုက်ရလေသည်။