← Chapters

အခန်း (၃၀၁၁-၃၀၁၅)

Vol. 130 Ch. 3011-3015

အခန်း (၃၀၁၁-၃၀၁၅)

Vol. 130 Ch. 3011-3015

အပိုင်း (၃၀၁၁)

ဘာသာပြန်သူ_တိမ်တိုက်

အခန်းထဲ၌ ရန်ကိုင်သည် တင်ပလင်ခွေထိုင်ကာ ကျင့်စဉ်ကို လှည့်ပတ်ထားခဲ့သည်။ အနီးအနားတစ်ဝိုက်တွင် ရှိနေကြသော မိုးမြေစွမ်းအင်များမှာမူ ရေကာတာကျိုးပေါက်သည့်အလား ရန်ကိုင်၏ကိုယ်ထဲသို့ တရဟော စီးဝင်နေကုန်ကြလေ၏။

တဖြည်းဖြည်းနှင့် ရန်ကိုင်ရှိနေသည့်အခန်းသည် ဝဲကတော့တစ်ခုအသွင်သို့ ပြောင်းလာခဲ့ပြီး အနီးအနားတစ်ဝိုက်တွင် ရှိနေကြသော မိုးမြေစွမ်းအင်အားလုံးကို အရူးအမူး စုပ်ယူဝါးမျိုပစ်တော့လေသည်။

လက်ရှိအချိန်တွင် ရန်ကိုင်သည် သူ့စိတ်အစုံကို ကြည်လင်အောင် လုပ်ထားခဲ့သည်။ သူ့ခေါင်းထဲ အခြားမည်သည့်အတွေးကိုမှ စဉ်းစားမနေခဲ့ဘဲ လက်ရှိကျင့်ကြံခြင်းအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားလေ၏။ တစ်စ တစ်စနှင့် ရန်ကိုင်၏အရှိန်အဝါမှာ အားကောင်းသည်ထက် အားကောင်းလာခဲ့လေသည်။

ဧကရာဇ်ပထမအဆင့်၏ အချုပ်အနှောင်များသည် သာယာလှပသော ရှုခင်းအဖုံဖုံနှင့်တကွ ရောယှက်တည်ရှိနေသော တောင်တစ်လုံးနှင့် ရန်ကိုင်၏လမ်းတွင် ကာဆီးနေကြသော အတားအဆီးများပမာ ရှိနေကြလေသည်။ ရန်ကိုင်သည်သာ သဘာဝရှုခင်းများ၏ အလှထဲ မိန်းမောသွားခဲ့မည်ဆိုပါက သူ၏သိုင်းတာအိုသည် ဤနေရာတွင်သာ အဆုံးသတ်သွားရပေလိမ့်မည်။ တောင်ထိပ်တွင် တည်ရှိနေကြသော လေပြင်းများ၊ မိုးကြိုးမုန်တိုင်းများမှာမူ ရန်ကိုင်၏တိုးတက်မှုကို နှောင့်နှေးအောင်လုပ်မည့် စိန်ခေါ်မှုများသာ ဖြစ်ကြလေသည်။ ကျင့်ကြံသူပေါင်းများစွာသည် ထိုအခက်အခဲများနှင့်အတွေ့တွင် ရပ်တန့်သွားခဲ့ကြရပြီး တစ်သက်စာ နောင်တရသွားခဲ့ကြရသည်။ ယခုနေမှ နောင်တရလွန်း၍ သူတို့၏ရင်ဘတ်ကို မိုးမြေစည်တီးနေသည့်ပမာ ထုနှက်နေမည်ဆိုလျှင်ပင် နောက်တစ်ကြိမ် ပြန်လည်ကြိုးစားခွင့် ရနိုင်တော့လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်သည် လေပြင်းများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ကျော်လွှားသွားခဲ့သည်။ မိုးကြိုးမုန်တိုင်းများသည်လည်း သူ့အား တားဆီးနိုင်ခဲ့ခြင်း မရှိချေ။ လက်ရှိအချိန်တွင် ရန်ကိုင်၏စိတ်ထဲ အတွေးတစ်ခုသာ ရှိလေသည်။ သူ့ရှေ့တွင်ရှိနေသည့် တောင်ကို ကျော်၍ ပိုမိုမြင့်မားသည့် နေရာတစ်ခုဆီသို့ တက်လှမ်းနိုင်ရန်သာ ဖြစ်လေ၏။

အချိန်အတိုင်းအတာတစ်ခုအထိ ကြာသွားပြီးသည့်နောက်တွင် ရန်ကိုင်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင်သည် ရုတ်တရက်ကြီး မျက်မှောင်ကျုံ့သွားခဲ့လေ၏။ ထို့နောက်တွင် သူ့အမူအယာ ပြောင်းလဲမှုမှာ ပိုပို၍ သိသာလာတော့သည်။

နောက်ဆုံးတွင် ရန်ကိုင်မှာ သွေးတစ်ပွက်ကို ထိုးအန်ချတော့လေသည်။ တစ်ချိန်တည်းတွင် သူ့ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာလည်း လေလျှော့ခံလိုက်ရသည့် ပူပေါင်းတစ်လုံးနှယ် ရုတ်ချည်း ထိုးကျသွားခဲ့ရလေသည်။

အဆင့်တက်ရသည်မှာ သူ့ရှေ့တွင်ရှိနေသည့် တောင်ကို တက်ရသည်နှင့် တူလျှင် ရန်ကိုင် ယခုဖြစ်ပျက်သွားသည်မှာ တောင်ပေါ်မှ ပြုတ်ကျလာခြင်းနှင့် အလားသဏ္ဍာန် တူပေသည်။ ရန်ကိုင်၏ပန်းတိုင်သည် သူ့ရှေ့တည့်တည့်တွင် ရှိနေခဲ့လေသည်။ အနည်းငယ်လောက်ကြိုးစားလိုက်ရုံဖြင့် သူ့ပန်းတိုင်ကို ဆွတ်ခူးနိုင်ပေလိမ့်မည်။ သို့သော်ငြား နောက်ဆုံးအဆင့်တွင်မှ ကျရှုံးသွားခဲ့ရသည်။ ရန်ကိုင်သည် သူ့ပန်းတိုင်ကို မရနိုင်ခဲ့ရုံမက တောင်ပေါ်မှပင်လျှင် ပြန်လည်ပြုတ်ကျလာခဲ့ရကာ ဒဏ်ရာ ရသွားခဲ့ရလေသည်။

ရန်ကိုင်၏အမူအယာမှာ အတော်လေးကိုမှ မှုန်ကုပ်နေခဲ့လေသည်။ မျက်လုံးပြန်ဖွင့်လာပြီး ဘေးတစ်ဝိုက်ကို လှည့်ပတ်ကြည့်လိုက်ရာ သူပုံထားသည့် အရင်းအမြစ်ကျောက်များ၏ ရှစ်ဆယ်ရာခိုင်နှုန်းလောက် ပြောင်စင်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်သည် ပါးစပ်မှ စီးကျလာနေသော သွေးများကို သုတ်လိုက်ပြီးသည့်နောက် ဧကရာဇ်အဆင့်ဆေးလုံးများစွာကို ထုတ်သောက်လိုက်လေသည်။

ထို့နောက်တွင် သူ့လက်ကို ဝှေ့ယမ်းလျက် အဆင့်မြင့်အရင်းအမြစ်ကျောက်များကို ထပ်ထုတ်လိုက်လေ၏။

“နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်မယ်…”

ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်သည် ယခင်ကထက်ပို၍ သတိထားနေခဲ့လေသည်။ ဧကရာဇ်အဆင့်သို့ ရောက်လာပြီးသည့်နောက်တွင် အဆင့်သေးတစ်ဆင့်ကို ချိုးဖြတ်ဖို့ရာမှာ မလွယ်ကူတော့ချေ။ အဆင့်သေးတစ်ဆင့်အား ချိုးဖြတ်သွားတိုင်းလည်း ကျင့်ကြံသူတစ်ဦး၏ခွန်အားမှာ သိသိသာသာကို တိုးတက်လာခဲ့ရလေသည်။ ကံမကောင်းစွာဖြင့် ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့်၏ အထွဋ်အထိပ်တွင် တစ်ဆို့နေခဲ့သည်။ ဧကရာဇ်ဒုတိယအဆင့်သည် သူနှင့် လက်တစ်လှမ်းအကွာတွင်သာ ရှိနေပါသော်ငြား ရန်ကိုင်မှာ ထိုလက်တစ်လှမ်းအကွာလေးကို မည်သို့မျှ မရောက်နိုင်အောင် ဖြစ်နေခဲ့ရလေသည်။ ထိုအကြောင်းကြောင့် သူ့အနေဖြင့် စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားကာ ကြိုးစားရပေတော့မည်။

ပထမဦးစွာ ရန်ကိုင်သည် ဒဏ်ရာမှ သက်သာသွားအောင် အနားယူလိုက်သည်။ ထို့နောက် သူ့စိတ်အခြေအနေကို တည်ငြိမ်အောင် လုပ်လိုက်လေသည်။ အကုန်လုံး ပြင်ဆင်လို့ ပြီးသွားသည့်အခါမှသာ နောက်တစ်ကြိမ်အဆင့်တက်ရန် ထပ်မံကြိုးစားကြည့်လေသည်။ မိုးမြေစွမ်းအင်များသည် ရန်ကိုင်၏ကိုယ်ထဲသို့ တရဟော ပြန်လည်စီးဝင်လာကုန်ကြလေသည်။ တစ်ချိန်တည်းတွင် အခန်းထဲ၌ရှိနေသော အရင်းအမြစ်ကျောက်များမှာလည်း တစ်စစီ ပေါက်ကွဲထွက်ကုန်ပြီး မြူမှုန်များအသွင်သို့ ပြောင်းကာ ရန်ကိုင်၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာလေ၏။

ရန်ကိုင်၏အရှိန်အဝါမှာ တည်တည်ငြိမ်ငြိမ်နှင့် ပြန်လည်မြင့်တက်လာနေခဲ့လေသည်။ နေ့တစ်ဝက် မရှိတတ်သေးခင်မှာပင် ရန်ကိုင်၏ ဧကရာဇ်ပထမအဆင့်အရှိန်အဝါမှာ အထွဋ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားခဲ့လေသည်။ ထို့နောက်တွင် အဆင့်တစ်ဆို့အတားအဆီးကို စတင်ချိုးဖြတ်ရန် ကြိုးစားတော့လေသည်။

“ဘုန်း…”

ရန်ကိုင်၏ဝိဉာဉ်တစ်ခုလုံး တုန်ရီသွားခဲ့ပြီး သူ့မြင်ကွင်းတစ်ခုလုံး ဝေဝါးသွားခဲ့ရလေသည်။ မထိန်းနိုင်တော့သည့်အဆုံး၌ သွေးတစ်ပွက် ထိုးအန်ချလိုက်ရပြီး သူ့အရှိန်အဝါမှာလည်း ညှိုးကျသွားသည့်ပန်းတစ်ပွင့်ပမာ အလွန်ကိုမှ အားနည်းသွားခဲ့ရလေသည်။

(နီးနီးလေးပဲ…) ရန်ကိုင်၏မျက်လုံးထဲ ပြတ်သွားသည့်အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး ချက်ချင်းပဲ စိတ်ထဲမှနေ၍ အော်ပြောလိုက်လေသည်။ (နောက်တစ်ကြိမ်…)

ရန်ကိုင်မှ သိုင်းတာအိုခရီးလမ်းကို စတင်လျှောက်လှမ်းသည့်အချိန်မှစ၍ အမျိုးမျိုးသော အခက်အခဲမျိုးစုံနှင့် ကြုံခဲ့ရလေသည်။ သူ့အနေဖြင့် သေဘေးမှ ကပ်သီးလေး လွတ်မြောက်ခဲ့ရသည်မှာ တစ်ကြိမ်မကတော့ချေ။ ထို့အပြင် မဖြစ်နိုင်သည့်အရာများကို ဖြစ်အောင်လုပ်ခဲ့သည်မှာလည်း တစ်ကြိမ်မကတော့။ ထိုကဲ့သို့သောအရာများနှင့် ယှဉ်လိုက်သော် လက်ရှိကြုံနေရသည့် အခက်အခဲလေးသည် ဘာများ ပြောပဦးမည်နည်း။ သူ့အနေဖြင့် ဧကရာဇ်ဒုတိယအဆင့်သို့ မရောက်နိုင်ဟု ရန်ကိုင် လုံးဝ ယုံကြည်ခြင်းမရှိချေ။

နောက်တစ်ရက်ကြာပြီးသည့်နောက် ရန်ကိုင်၏ပါးစပ်မှ သွေးများ စီးကျလာခဲ့လေသည်။ (နီးနီးလေးပဲကွာ… နောက်ထပ် နည်းနည်းလောက်ပဲ လိုတော့တာ…)

ရန်ကိုင်မှာ လုံးဝကို အလျှော့မပေးခဲ့ချေ။ သူ့အနေဖြင့် မအောင်မြင်လျှင်ပင် ထပ်တလဲလဲ ကြိုးစားနေပေဦးမည်။

(ငါမသေသေးသရွေ့ အောင်မြင်နိုင်ချေဆိုတာ ရှိပြီးသား…)

ရက်မည်မျှ ကြာသွားလို့ ကြာသွားမှန်းမသိရ။ ထိုရက်များအတောအတွင်း ရန်ကိုင်သည် သူ့အကန့်အသတ်ကို တစ်ကြိမ်ပြီးတစ်ကြိမ် စိန်ခေါ်ခဲ့လေသည်။ အကြိမ်တိုင်းတွင်လည်း ကျရှုံးခဲ့ရသည်။ နောက်ဆုံးတွင်တော့ ရန်ကိုင်မှာ လက်မခံချင်သည့်တိုင် အမှန်တရားကို လက်ခံလိုက်ရတော့သည်။ သူ့ကျင့်ကြံခြင်းမှာ အဆင့်တစ်ဆို့သည့်အခြေအနေသို့ ရောက်ရှိနေခဲ့လေပြီ။

ထိုအချက်ကိုနားလည်လိုက်သော် ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလျက် ဗလောင်ဆူနေသည့် သူ့ရင်တစ်ခုလုံးကို တည်ငြိမ်သွားအောင် လုပ်လိုက်လေသည်။ နောက်တစ်ဆင့်သို့ချိုးဖြတ်ရန် ဆက်၍ ကြိုးစားမနေတော့ဘဲ စိတ်ကို တည်တည်ငြိမ်ငြိမ်ထား၍သာ တင်ပလင်ခွေ ထိုင်နေခဲ့လေသည်။

သူ၏ ကျင့်ကြံခြင်းခရီးလမ်းတစ်လျှောက်တွင် ရန်ကိုင်သည် အမျိုးမျိုးသော အန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရပြီး တစ်ကြိမ်မက သေခါနီး ဖြစ်ခဲ့ရသည်။ သို့သော်ငြား ယခုအကြိမ်သည်သာ ဤကဲ့သို့သောအဖြစ်မျိုးနှင့် ပထမဦးဆုံး ကြုံရဖူးခြင်း ဖြစ်လေသည်။ ရှင်းရှင်းပြောရသော် ဧကရာဇ်အဆင့်သို့မရောက်ခင်အထိ ရန်ကိုင်သည် အဆင့်တစ်ဆို့သည့် အတားအဆီး၏ တကယ့်အနှစ်သာရကို ကြုံခဲ့ရဖူးခြင်းမရှိချေ။ သူ့အဖို့ အဆင့်ချိုးဖြတ်ရန်မှာ လုံလောက်သည့် အတွေ့အကြုံနှင့် စွမ်းအင်ကို စုစည်းလိုက်ရုံပင်။ ထိုသို့သာလုပ်လိုက်နိုင်မည်ဆိုပါက နောက်တစ်ဆင့်သို့ ချိုးဖြတ်သွားနိုင်ပေလိမ့်မည်။

(တကယ်ကို နီးနီးလေးပဲ… လက်တစ်လှမ်းလောက် လှမ်းလိုက်ရင် အဲ့အဆင့်ကို ရောက်နေပြီကို ဘာဖြစ်လို့များ မရောက်နိုင်ရတာလဲ…)

ထိုကဲ့သို့သောအခြေအနေမျိုးကို ဇွဲကောင်းရုံသက်သက်ဖြင့် ကျော်လွှားနိုင်လိမ့်မည်မဟုတ်ချေ။ ရန်ကိုင်မှာ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ဖူးပြီးသွားလေပြီ။ သူသာ အဆက်မပြတ် ကြိုးစားနေရုံဖြင့် နောက်တစ်ဆင့်သို့ ချိုးဖြတ်နိုင်မည်ဆိုလျှင် ယခုအချိန်လောက်ဆို ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေလောက်ပေပြီ။ ဧကရာဇ်ပထမအဆင့်တွင်သာ တစ်နေတော့လိမ့်မည်မဟုတ်။

(ဒီတော့ ဒါက ဧကရာဇ်အဆင့်ပေါ့… ဒီအဆင့်မှာကြုံရတဲ့ အဆင့်တစ်ဆို့အတားအဆီးက အခြားအဆင့်တွေတုန်းက ကြုံရတာတွေထက် အများကြီး ပိုခက်ခဲတာပဲ…) ဤကဲ့သို့ဖြစ်ရခြင်းမှာ အလွန်ကိုမှ ဖြောင့်ဖြူးလွန်းလှသော သူ့ကျင့်ကြံခြင်းနှင့် ပတ်သက်နေလိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေပေသည်။ ရန်ကိုင်သည် ရှင်းရှင်းပြောရသော် တကယ့်အဆင့်တစ်ဆို့အတားအဆီးနှင့် တစ်ခါမှ ကြုံခဲ့ရဖူးခြင်းမရှိချေ။ ထို့အတွက်ကြောင့် အဆင့်တစ်ဆို့အတားအဆီးသည် ကျင့်ကြံသူတစ်ဦးအား မည်မျှ ကူကယ်ရာမဲ့အောင် လုပ်ပစ်နိုင်သလဲ ဆိုသည်ကိုလည်း မသိချေ။ ယခုအချိန်တွင်တော့ ရန်ကိုင်သည် ထိုကဲ့သို့သော အဆင့်တစ်ဆို့ အတားအဆီးမျိုးကို ဧကရာဇ်အဆင့်သို့အရောက်တွင် ကြုံခဲ့ရလေပြီ။ ယခုမှသာလျှင်လည်း ရန်ကိုင်သည် သာမန်ကျင့်ကြံသူများ မည်ကဲ့သို့ခံစားရသလဲဆိုသည်ကို နားလည်သွားရတော့သည်။

ကောင်းကင်မှာ အမှန်တကယ်ကို မျှတပေသည်။ အောင်မြင်ခြင်း၏အသီးအပွင့်သော အမျိုးမျိုးအခက်အခဲကို ကြုံပြီးမှသာ ခံစားနိုင်ပေသည်။ ထို့အပြင် ထိုကဲ့သို့သောအခက်အခဲများကို ကြုံပြီးသည့်အခါမှသာလျှင် ကျင့်ကြံခြင်းခရီးလမ်းမှာ ပြီးပြည့်စုံသွားသည်ဟု ပြော၍ရပေသည်။

ရန်ကိုင်မှာ စိတ်ဓာတ်ကျသွားခြင်းမရှိ။ ထို့အစား သူ့ကိုယ်သူ ကံကောင်းသည်ဟုပင် တွေးနေခဲ့သည်။ ယခုအဆင့်တစ်ဆို့အတားအဆီးကို ဧကရာဇ်ပထမအဆင့်တွင် ကြုံခဲ့ရသည်မှာ တကယ်ကို ကံကောင်းပေသည်။ ဤအဆင့်တစ်ဆို့သည့် အတားအဆီးကို ကျော်ဖြတ်ဖို့ရာ အတော်လေးကိုမှ ခက်ခဲသည့်ပုံပေါက်ပါသော်ငြား မျှော်လင့်ချက်မရှိတော့သည်တော့ မဟုတ်ချေ။ ယခုကဲ့သို့အဆင့်တစ်ဆို့အတားအဆီးသည်သာ ဧကရာဇ်တတိယအဆင့်တွင် ပေါ်လာခဲ့ပါလျှင်မူ ယခုထက်ပို၍ ပြဿနာများရပေလိမ့်မည်။

ထိုအချက်ကိုနားလည်လိုက်သော် ရန်ကိုင်၏စိတ်မှာ တည်ငြိမ်သွားခဲ့လေသည်။ သူသာ ဤအတားအဆီးကို ကျော်ဖြတ်လိုက်နိုင်သရွေ့ သူ၏ သိုင်းတာအိုခရီးလမ်းမှာ ပို၍ ချောမွေ့လာလိမ့်မည်မှန်း ရန်ကိုင် ခံစားမိနေခဲ့သည်။

ရန်ကိုင်သည် သူ့လက်ကိုဝှေ့ယမ်း၍ အခန်းထဲတွင်ရှိနေသော လက်ကျန်အရင်းအမြစ်ကျောက်များကို ပြန်သိမ်းလိုက်လေသည်။ ထို့နောက် ထိုင်ရာမှထ၍ အပြင်သို့ ထွက်လိုက်လေ၏။ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်ဖို့ရာ ဇွဲကောင်းနေရုံဖြင့် မရတော့ချေ။ သူ့ဘက်မှ မည်မျှကြိုးစားနေသည့်တိုင် အကျိုးမထူးတော့သဖြင့် ယခုကိစ္စသည် ရောက်ရှိမလာသေးသည့် အခွင့်အလမ်းတစ်ခုခုနှင့်သာ ပတ်သက်နေရပေတော့မည်။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် မရသည့်အရာမျိုးကို အတင်းလုပ်ယူနေ၍ မရတော့ချေ။

အခန်းတံခါးကိုဖွင့်လိုက်သည့်အခါတွင် ခွေးပေါက်လေးသည် ရန်ကိုင်အား ခေါင်းမော့၍ ကြည့်လာခဲ့လေသည်။ ခွေးပေါက်လေး ဤနေရာတွင် ရက်မည်မျှကြာအောင် ရပ်စောင့်နေသလဲ ရန်ကိုင်မသိ။ သို့သော်ငြား ခွေးပေါက်လေးနှင့်ပတ်သက်၍မူ ဘာမျှပြောင်းလဲသွားခြင်း မရှိသည့်ပုံပင်။ ရန်ကိုင် လမ်းလျှောက်ထွက်လာသည်ကိုမြင်သည့်အခါ ခွေးပေါက်လေးသည် ရန်ကိုင်ကို တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် မျက်လုံးပိတ်ကာ ပြန်အိပ်နေလေ၏။

ရန်ကိုင်သည် သူ့ခြေထောက်ဖြင့် ခွေးပေါက်လေးကို လှမ်း၍ လှုပ်နှိုးလိုက်ပါသော်ငြား ခွေးပေါက်လေးမှာမူ မသိချင်ယောင်ဆောင်၍သာ အိပ်မြဲဆက်အိပ်နေခဲ့သည်။ ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်လည်း ရယ်သွမ်းသွေးလျက် ရပ်နေရာမှ ပျောက်ကွယ်သွားတော့လေ၏။ ရန်ကိုင်ပြန်ပေါ်လာသည့်အချိန်တွင် အခြားသောတောင်တစ်လုံးဆီသို့ ရောက်နေခဲ့လေပြီ။

တောင်ပေါ်သို့ရောက်ရောက်ချင်းမှာပင် ခေါ်သံများကို ရန်ကိုင် ကြားလိုက်ရသည်။

“အကြီး အကြီး အကြီး…”

“အကြီး အကြီး အကြီး…”

ရန်ကိုင်လည်း အသံကြားရာဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ မွန်းစတားဘုရင်သုံးပါးသည် မျက်နှာနီသည်အထိ အားမာန်တကြီးဖြင့် ထိုင်အော်နေကြောင်းကို တွေ့လိုက်ရလေသည်။ လက်ရှိအချိန်တွင် မွန်းစတားဘုရင်သုံးပါး၏ ရှေ့၌ ဟိုယုရှိနေခဲ့ပြီး ဟိုယု၏လက်ထဲတွင်မူ အံစာတုံးခွက်တစ်ခွက်ကို ကိုင်ထားခဲ့လေသည်။ အံစာတုံးခွက်ဆီမှ ဂလောက်ဂလောက်မြည်သံများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေခဲ့လေ၏။

ထက်ကောင်းကင်နန်းတော်၏ ပန်းပဲပညာရှင်မှူးလည်းဖြစ် ကြယ်တာရာအစုအဝေးတစ်ခုလုံးတွင် မျောက်ပန်းပဲပညာရှင်အဖြစ်လည်း နာမည်ကျော်ကြားသည့် ဟိုယုသည် သူ၏အင်္ကျီလက်ကို လိပ်တင်ထားခဲ့လေသည်။ ထို့နောက်တွင် စားပွဲခုံပေါ်သို့ ခြေတစ်ချောင်းကို ထောက်ထားလေရာ သူမ၏စကပ်ရှည်လေးမှာ အနည်းငယ်ပြေလျော့နေခဲ့ပြီး ခြေသလုံးသားများကို အထင်းသား ပေါ်လွင်နေစေခဲ့လေသည်။

မည်သို့ပင်ဖြစ်နေလင့်ကစား ဟို့ယုမှာတော့ ထိုအချင်းအရာများကို ဂရုစိုက်မနေခဲ့ပဲ သူမရှေ့တွင်ရှိနေသော မွန်းစတားဘုရင်သုံးပါးကိုပါ ပြုံးစိစိအမူအယာဖြင့် မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။

မည်သူမျှ ရန်ကိုင်ရောက်လာသည်ကို သတိမထားမိကြ။ အကုန်လုံးသည် အံစာတုံးခွက်ပေါ်တွင်သာ အာရုံရောက်နေကြလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်၏မျက်နှာကြီး သုန်မှုန်သွားရတော့လေသည်။

ဟို့ယု၏လောင်းကစားဝါသနာကို ရန်ကိုင်သေချာသိပေသည်။ ယခင်က ဟို့ယုသည် သူမ၏ လောင်းကစားဝါသနာကြောင့်ပင်လျှင် အရင်းအမြစ်ကျောက်များစွာကို ဆုံးရှုံးခဲ့ရပြီး အခြားသူများလည်း အကြွေးတင်ခဲ့ရသည်။ နောက်ဆုံးတွင်တော့ အကြွေးရန်မှ ရှောင်ရှားနိုင်ရန်အတွက် နန်မန်တကျွင်း၏အကူအညီဖြင့် ကျွန်းတစ်ကျွန်းပေါ်တွင် ပုန်းအောင်းနေရသည့်ဘဝသို့ ရောက်သွားခဲ့ရလေသည်။ ရန်ကိုင်ကြောင့်သာလျှင် ဟို့ယုမှာ ထိုကျွန်းလေးဆီမှ ပြန်လည်ထွက်ခွာလာနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ထိုသို့သာမဟုတ်ပါက ယခုအချိန်အထိ ထိုကျွန်းထဲတွင်သာ ဆက်၍ သောင်တင်နေပေလိမ့်ဦးမည်။

ရန်ကိုင်သည် ဟို့ယုအား သူမ၏မြင့်မားလှသော ပန်းပဲစွမ်းရည်ကြောင့် ထက်ကောင်းကင်နန်းတော်ထဲသို့ ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ပေသည်။ သူမျှော်လင့်ထားသည့်အတိုင်း ဟို့ယု၏ ပန်းပဲစွမ်းရည်သည် ရန်ကိုင်အား အမှန်တကယ်ကို အထင်ကြီးအောင် လုပ်နိုင်ခဲ့လေသည်။ အထူးသဖြင့် သူမဖန်တီးထားသော ပန်းတိမ်တိုက်လွန်းပျံဆိုလျှင် ရန်ကိုင်အတွက် အလွန်ကိုမှ အသုံးဝင်နေရလေပြီ။

ထက်ကောင်းကင်နန်းတော်သို့ ရောက်လာပြီးသည့်နောက်ပိုင်း ဟို့ယုမှာ ထွက်ပြေးရန် တစ်ကြိမ်မက ကြိုးစားခဲ့သည်။ ကံမကောင်းစွာဖြင့် မွန်းစတားဘုရင်သုံးပါးမှာ သူမအား အလှည့်ကျ စောင့်ကြည့်နေသဖြင့် ဟို့ယုမှာ ထွက်ပြေးခွင့်မရခဲ့ချေ။ ထွက်ပြေးရန်ကြိုးစားလိုက်တိုင်းလည်း အမြဲတမ်း ပြန်လည်အဖမ်းခံခဲ့ရလေသည်။

ယခုအခြေအနေကိုကြည့်ရသလောက် ဤအမျိုးသမီး၏ လောင်းကစားဝါသနာသည် အခြားသူများအပေါ်ကိုပါ လွှမ်းမိုးနိုင်သည့်ပုံပင်။ မွန်းစတားဘုရင်များသည် မည်ကဲ့သို့သောလူများ ဖြစ်လေသနည်း။ ထိုလူများသည် ဘာအကြောင်းကြောင့်များ ဤအမျိုးသမီးနှင့် အလောင်းအစား လုပ်နေရလေသနည်း။

လက်ရှိ သူတို့၏ပုံစံကိုကြည့်ရသလောက် သုံးဦးစလုံးမှာ လောင်းကစားလုပ်ရသည့်အပေါ် အလွန်ကိုမှ နှစ်သက်နေကြသည့်ပုံပင်။ ထိုလူများ၏ပုံစံကိုတွေးရင်း ရန်ကိုင်မှာ ထက်ကောင်းကင်နန်းတော်၏ အနာဂတ်ကိုပင် တွေးပူသွားရတော့လေသည်။

(ဟို့ယုကိုခေါ်လိုက်တာ မှန်ရောမှန်ရဲ့လား…) ထိုသို့တွေးနေရင်းမှ ရန်ကိုင်သည် အံစာတုံးခွက်ဆီသို့ လှမ်း၍ကြည့်လိုက်ရာ သူ့မျက်နှာကြီး သုန်မှုန်သွားခဲ့ရလေသည်။ (အဲ့ဒါကြီးက ဧကရာဇ်အဆင့်မှော်ရတနာကြီးပဲဟ… ငါ့ကောင်းကင်စိတ်အာရုံတောင် အထဲမှာ ဘာရှိနေသလဲကို မမြင်ရဘူး…)

သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်မည်ဆိုပါက ဟို့ယုလက်ထဲရှိ အံစာတုံးခွက်သည် ဧကရာဇ်အဆင့်မှော်ရတနာ ဖြစ်နေမှသာ အဆင်ပြေပေလိမ့်မည်။ မွန်းစတားဘုရင်သုံးပါးသည် အလွန်ကိုမှ အားကောင်းလှလေရာ ထိုခွက်သည်သာ သာမန်ခွက်ကလေးတစ်လုံး ဖြစ်နေမည်ဆိုပါက မွန်းစတားဘုရင်သုံးပါး၏ ကောင်းကင်စိတ်အာရုံသည် အထဲတွင်ရှိနေသော အရာအားလုံးကို ဖောက်မြင်သွားနိုင်ပေလိမ့်မည်။

“ကဲ… ရှင်တို့ လောင်းကြေးထပ်လို့ရပြီ…” ဟို့ယုသည် အံစာတုံးခွက်ကို နောက်ဆုံးအကြိမ်အဖြစ် ခလောက်လိုက်ပြီးသည့်နောက် ခွက်ကို သူမရှေ့တွင်ရှိနေသော ကျောက်တုံးစားပွဲပေါ်သို့ ကောက်အုပ်ချလိုက်လေသည်။ ထို့နောက် လှောင်ပြုံးပြုံးလျက် မွန်းစတားဘုရင်သုံးပါးအား ကြည့်လိုက်လေ၏။ သူမပုံစံကိုကြည့်ရသလောက် ဤအလောင်းအစားပွဲကို နိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်နေသည့်ပုံပင်။

“မြန်မြန်ဖွင့်လိုက်တော့…” ရှီလဲ့က ပြောလိုက်သည်။

“ရှောင်ဟို့… နင်ရှုံးရင် ငါ့ရဲ့ သိမ်းငှက်လက်သည်းကို ကောင်းကောင်းသန့်စင်ပေးရမှာနော်…” ယင်ဖေးက ပြုံး၍ ပြောလိုက်သည်။

“ငါလား ရှုံးမှာ… ငါ့လိုလူက ရှုံးစရာလား…” ဟို့ယုက လှောင်ပြုံးပြုံးလိုက်လေ၏။

ရှဲ့ဝူဝေက ဝင်ပြောလိုက်သည်။ “ငါ့ကိုလည်း မမေ့နဲ့ဦး…”

ဟို့ယုက နှာခေါင်းရှုံ့လျက် “စိတ်မပူနဲ့… ငါတကယ်ကြီး ရှုံးသွားလို့ရှိရင် ရှင်ရဲ့ ကဏန်းခွံကိုသာ ထားခဲ့လိုက်…”

“ဒါမှပေါ့… အဲ့ဒါဆို မြန်မြန်ဖွင့်လိုက်ပေတော့…”

“ရှင်တို့သေချာပြီလား…”

“သေချာပြီ…”

“အဲ့ဒါဆို သေသေချာချာကြည့်ပေတော့…” ဟို့ယုသည် အပြုံးကြီးပြုံးလျက် အံစာတုံးခွက်ကို တဖြည်းဖြည်းချင်း ဖယ်ပြလိုက်လေသည်။

အံစာတုံးများ ပေါ်လာသည့်အခါတွင် မွန်းစတားဘုရင်သုံးပါး အပြုံးကြီးပြုံးလိုက်လေ၏။ ဟို့ယု၏မျက်နှာမှာတော့ အီးမှန်သွားသည့်အလား ရှုံ့မဲ့သွားခဲ့လေသည်။

“ရှောင်ဟို့… နင့်ကတိ နင်မမေ့နဲ့…” ရှီလဲ့ အပြုံးကြီးပြုံးနေခဲ့လေသည်။

ဟို့ယုသည် ဒေါမာန်တကြီးအမူအယာဖြင့် ချက်ချင်း အကြည့်လွှဲသွားလေ၏။ တစ်ခုခုအား ပြန်ပြောတော့မည်အပြု သူမ၏အမူအယာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ အားတင်းပြုံးလျက် အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်လေ၏။ “နန်း… နန်း… နန်းတော်သခင် ရောက်လာတာလား… နန်းတော်သခင်ရောက်လာတယ်ဆိုရင် ဘာဖြစ်လို့ အစောကြီးတည်းက မပြောတာလဲ…””

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၁၂)

ဘာသာပြန်သူ_တိမ်တိုက်

ဟို့ယု ပြောသည်ကို ကြားပြီးနောက်တွင် မွန်းစတားဘုရင်သုံးပါးသည်လည်း ရန်ကိုင်အား သတိထားမိသွားပြီး အလျင်စလို လက်သီးဆုပ် နှုတ်ဆက်လိုက်ကြလေသည်။

ထို့နောက်တွင် ယင်ဖေးသည် ကျောက်စားပွဲပေါ်တွင် ရှိနေသော အံစာတုံးခွက်နှင့် အံစာတုံးကို လှမ်းဆွဲယူလိုက်လေသည်။

မွန်းစတားဘုရင်သုံးပါးနှင့် ဧကရာဇ်အဆင့် ပန်းပဲပညာရှင်တစ်ဦးသည် ကိုယ့်အလုပ်ကိုယ် မလုပ်ကြဘဲ ဤနေရာတွင်လာပြီး လောင်းကစား လုပ်နေကြသည်ကို ရန်ကိုင်မှ လက်ပူးလက်ကြပ် မိသွားခဲ့လေသည်။

“ခင်ဗျားတို့အားလုံး ဒီမှာ ရောက်နေတာကို ကျုပ်အာရုံခံမိလို့ ဒီကို လာခဲ့တာ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ရှီလဲ့က အလျင်စလို ပြန်မေးလိုက်၏ “သခင်လေးရန်၊ ကျုပ်တို့ကို ခိုင်းစရာရှိလို့လား”

“မရှိပါဘူး” ရန်ကိုင်သည် လောင်းကစားဝိုင်းအကြောင်းကို ဘာမှပြောမနေဘဲ ထွက်ပြေးရန် ပြင်နေသည့် ဟို့ယုကိုသာ လှမ်းဆွဲဖမ်းထားလိုက်လေသည်။

“နန်းတော်သခင်ရန်... ကျွန်မ နောက်တစ်ကြိမ် ထပ်မလုပ်တော့ပါဘူး” ရန်ကိုင်၏ လက်ထဲ ကြက်ကလေးငှက်ကလေးနှယ် ဖမ်းထားခံရသော ဟို့ယုသည် အားတင်းပြုံးလျက် “ကျေးဇူးပြုပြီး ဒီတစ်ကြိမ်လောက်ပဲ ခွင့်လွှတ်ပေးပါနော်။ ကျွန်မ ပန်းပဲထုတဲ့နေရာဆီ ချက်ချင်း ပြန်သွားလိုက်ပါမယ်။ နန်းတော်သခင်ရန် ကျွန်မအတွက် ပန်းပဲပစ္စည်းတွေ အများကြီး ယူလာပေးထားတာတွေ ရှိတယ်လေ။ စိတ်မပူနဲ့၊ အဲ့ဒါတွေ အကုန်လုံးကို ကျွန်မ တာဝန်ထားလိုက်”

ရန်ကိုင်သည် ဟို့ယုကို လွှတ်ပေးလိုက်ပြီး မေးလိုက်လေ၏ “ခင်ဗျားတို့ ကျင့်ကြံခြင်း အဆင့်တစ်ဆို့တဲ့ အခြေအနေနဲ့ ကြုံရရင် ဘာလုပ်လဲ”

“ဟန်”

“အဆင့်တစ်ဆို့တဲ့ အတားအဆီး”

“ဘာအဆင့်တစ်ဆို့တဲ့ အတားအဆီးလဲ”

မွန်းစတားဘုရင်သုံးပါးသည် ရန်ကိုင်အား ဇဝေဇဝါ အမူအရာဖြင့် ကြည့်လိုက်လေသည်။ ရန်ကိုင်သည် ဤကဲ့သို့သော အကြောင်းအရာမျိုးကို ရုတ်တရက်ကြီး ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ယင်ဖေးက ပြန်ပြောလိုက်လေသည် “ကျုပ်တို့ တစ်ခါမှ အဆင့်တစ်ဆို့တဲ့ အတားအဆီးနဲ့ မကြုံဖူးဘူး”

ရန်ကိုင်သည် ယင်ဖေးအား အံ့အားသင့်တကြီး ကြည့်လျက် “တစ်ကြိမ်တောင် မကြုံဖူးဘူးလား”

ရှီလဲ့က ရယ်သွမ်းသွေးလျက် “သခင်လေးရန်၊ ကျုပ်တို့ မွန်းစတားမျိုးနွယ်စုတွေရဲ့ ကျင့်ကြံခြင်းက လူသားမျိုးနွယ်တွေနဲ့ မတူဘူး။ ကျုပ်တို့မှာဆိုရင် သွေးမျိုးဆက်နဲ့ ရနိုင်တဲ့ အရင်းအမြစ်တွေကပဲ ကျုပ်တို့ ဘယ်အဆင့်ထိ ရောက်မယ်ဆိုတာကို ပြောသွားတာ။ အချို့ ချွင်းချက်တွေ ရှိတယ်ဆိုပေမယ့် ယေဘုယျအားဖြင့်တော့ ကျုပ်တို့ မွန်းစတားမျိုးနွယ်က ဘယ်သူမှ အဆင့်တစ်ဆို့တဲ့ အတားအဆီးနဲ့ မကြုံရဘူး”

“ဟုတ်တယ်” ရှဲ့ဝူဝေက ခေါင်းညိတ်ပြလိုက်လေသည် “မွန်းစတားမျိုးနွယ်ဝင်တွေရဲ့ ကျင့်ကြံခြင်းက သွေးမျိုးဆက်တွေပေါ်မှာ မူတည်နေတာ။ လူသားတွေလို ကျင့်စဉ်တွေကို အားကိုးပြီး ကျင့်ကြံကြတာ မဟုတ်တော့ အဆင့်တစ်ဆို့ အတားအဆီးမျိုးနဲ့ မကြုံရဘူး”

“ဟုတ်တာပဲ၊ ကျုပ်အဲ့အချက်ကို မေ့သွားတယ်” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ဟို့ယုကို ကြည့်လျက် “ခင်ဗျားကော”

“ကျွန်မလား” ဟို့ယုမှာ ကြောက်ရွံ့၊ ထိတ်လန့်နေရာမှ အသိပြန်မဝင်လာသေးချေ။ ရန်ကိုင် သူမဘက်သို့ လှည့်လာသည်ကိုမြင်သော် ရှက်ရှက်ဖြင့် ပြုံးလျက် “နန်းတော်သခင်၊ ကျွန်မက ပန်းပဲပညာရှင်ဆိုတော့ ကျင့်ကြံခြင်းကို သိပ်ပြီး အာရုံမစိုက်ဘူး။ ကျွန်မကိုယ်မ ဘယ်လိုလုပ်ပြီး ဧကရာဇ်အဆင့် ပညာရှင် တစ်ယောက် ဖြစ်လာလဲဆိုတာကိုတောင် သိတာမဟုတ်ဘူး။ ဒီတော့ နန်းတော်သခင်ရဲ့ မေးခွန်းက... ကျွန်မ... နားမလည်တဲ့အပိုင်း ရောက်နေပြီ...”

“ခင်ဗျား အဆင့်တစ်ဆို့တဲ့ အခြေအနေနဲ့ တစ်ခါမှ မကြုံဖူးဘူးလား” ရန်ကိုင်သည် ဟို့ယုအား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။

“မဟုတ်သေးဘူး၊ ကျွန်မ စဉ်းစားကြည့်ဦးမယ်...” ဟို့ယု ထိုင်စဉ်းစားတော့လေသည် “အင်း၊ ကျွန်မ ကြုံဖူးတယ်”

“အဲ့တုန်းက ဘယ်လို နောက်တစ်ဆင့် တက်သွားတာလဲ”

“ဒီအတိုင်းပဲ ပန်းပဲထုလိုက်၊ လောင်းကစားလုပ်လိုက်နဲ့ စောင့်နေလိုက်တာ၊ အချိန်တန်တော့ သူ့ဘာသာ နောက်တစ်ဆင့် တက်သွားတာပဲ”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင် လက်မှိုင်ချရတော့လေသည်။

“သခင်လေးရန်..” ယင်ဖေးသည် တုန့်ဆိုင်းနေသည့် အမူအရာဖြင့် ရန်ကိုင်ကို ကြည့်လိုက်သည်။

“ဘာမှမဟုတ်တော့ဘူး။ ထားလိုက်ပေတော့” ထို့သို့ ပြောပြီးနောက် ရန်ကိုင်သည် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။

“သခင်လေးရန် အဆစ်တစ်ဆို့တဲ့ အခြေအနေနဲ့ အခြေအနေနဲ့ ကြုံနေရတာလား” ရှီလဲ့က တွေးတွေးဆဆဖြင့် ရေရွတ်လိုက်သည်။

“ဖြစ်နိုင်တယ်” ရှဲ့ဝူဝေ ခေါင်းညိတ်လိုက်သည် “လွန်ခဲ့တဲ့ ရက်တွေတုန်းက သခင်လေးရန် တောက်လျှောက် တံခါးပိတ်ကျင့်စဉ်ဝင်နေတာတဲ့။ အခု သူ့ကျင့်ကြံခြင်းက ဘာမှ မပြောင်းလဲသွားဘူး။ ဒီလိုမျိုး မေးခွန်းတွေကိုလည်း လာမေးနေတယ်ဆိုတော့ ကြည့်ရတာ သူတကယ် အဆင့်တစ်ဆို့တဲ့ အတားအဆီးနဲ့ ကြုံနေရတာနဲ့တူတယ်”

ယင်ဖေးက ဝင်ပြောလိုက်လေသည် “လူသားတွေ ကျင့်ကြံခြင်းတဲ့ နည်းလမ်းက သူတို့ရဲ့ ကျင့်ကြံခြင်းကို ငါတို့ မွန်းစတားမျိုးနွယ်ဝင်တွေထက် ပိုပြီး မြန်မြန် တိုးတက်အောင် လုပ်ပေးနိုင်တယ်ဆိုပေမယ့် အဆင့်တစ်ဆို့တဲ့ အတားအဆီးနဲ့ ကြုံရပြီဆို သူတို့အတွက် နောက်တစ်ဆင့်တက်ဖို့က အရမ်း ခက်သွားရော။ သခင်လေးရန် ဧကရာဇ်ပထမအဆင့်မှာပဲ တစ်မနေဖို့ မျှော်လင့်ရတော့မှာပဲ”

ရှီလဲ့က ဝင်ပြောလိုက်သည် “သခင်လေးရန်က ငယ်ငယ်လေးပဲ ရှိသေးတယ်။ ဒီအချိန်မှာ အခုလို အဆင့်တစ်ဆို့တဲ့အတားအဆီးနဲ့ ကြုံရတာ ဘာမှသိပ်မဖြစ်သေးဘူး။ ပြီးတော့ ဒီလောကကြီးမှာ အခက်အခဲတွေနဲ့ မကြုံရတဲ့လူ ဘယ်သူရှိလို့လဲ။ သခင်လေးရန်ရဲ့ အရည်အချင်းနဲ့ဆို ကျိန်းသေ နောက်တစ်ဆင့်ကို တက်နိုင်လိမ့်မယ်”

“မျှော်လင့်ရတာပဲ”

“ကျွန်မတို့ လောင်းကြဦးမလား” ဟို့ယုသည် မွန်းစတားဘုရင်သုံးပါးအား သနားစဖွယ် အမူအရာဖြင့် ကြည့်လျက် မေးလိုက်လေ၏။

ရှီလဲ့က ဟို့ယုဘက်သို့ စောင်းကြည့်လျက် ပြန်မေးလိုက်သည် “ခင်ဗျားမှာ လောင်းကြေးထပ်စရာ ဘာရှိသေးလို့လဲ”

ဟိုယုမှာ ခဏမျှ ရပ်စဉ်းစားနေပါသော်ငြား ထိုအမေးကို ပြန်ဖြေနိုင်ခြင်း မရှိခဲ့ပေ။

…

ဆေးလုံးတောင်ကြားသည် ထက်ကောင်းကင်နန်းတော်၏ အဓိကတောင်ထွတ်များအနက် တစ်ခု ဖြစ်ပြီး ရှုခင်းရော၊ မိုးမြေစွမ်းအင်ပါ ပြီးပြည့်စုံသည့် နေရာတစ်ခု ဖြစ်သည်။ ဤနေရာသည် အခြားမဟုတ်၊ ထက်ကောင်းကင်နန်းတော်၏ ဆေးပညာရှင်မှူးလည်းဖြစ်၊ ဆေးလုံးမဟာဧကရာဇ်၏ ငါးယောက်မြောက် တပည့်လည်း ဖြစ်သော ကျိယင်နေသည့် နေရာ ဖြစ်ပေသည်။

တောင်ပေါ်သို့ ရောက်လာသည့်အခါ တစ်ခုခု သင်ကြားပို့ချနေသည့် အသံများကို ကြားလိုက်ရသဖြင့် ရန်ကိုင်လည်း အသံကြားရာဘက်သို့ လှမ်းကြည့်လိုက်ရာ လူတစ်ဦးသည် တောင်ထိပ်ပေါ်တွင် တင်ပျဉ်ခေါထိုင်လျက် ဆေးပညာအကြောင်း သင်ကြားပို့ချနေသည်ကို တွေ့လိုက်ရလေသည်။ ထိုလူရှေ့တွင်မူ ကျင့်ကြံခြင်းအဆင့် မတူကွဲပြားသည့် လူဆယ်ဦးကျော် ထိုင်နေကြလေ၏။

ထိုင်နားထောင်နေကြသည့် ကျင့်ကြံသူများမှာ ဆေးပညာကို သင်ယူရန် စိတ်ဝင်စားကြသည့် ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်များ ဖြစ်ကြပေသည်။ ကျိယင်ကိုယ်တိုင်မှာလည်း ထိုလူများကို သင်ပေးဖို့ရာ မဖြစ်နိုင်ပေ။ ကျိယင် ကဲ့သို့သော လူတစ်ဦး ပြောသည့်စကားများကို ထိုတပည့်များ နားလည်နိုင်လိမ့်မည် မဟုတ်။

လက်ရှိအချိန်တွင် ထိုတပည့်များကို သင်ကြားပြသပေးနေသည်မှာ ကျိယင်၏ တပည့်သာ ဖြစ်လေသည်။ ရန်ကိုင်သည် ထိုတပည့်ကို သွားနှုတ်ဆက်လိုက်လေသည်။

“ရောင်းရင်းရန်၊ မင်းရောက်လာတာလား။ အထဲဝင်လာခဲ့လေ” ထိုစဉ် ကျိယင်၏အသံ ရန်ကိုင်၏နားထဲ ပျံ့လွင့်လာခဲ့သည်။

ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် အပူလှိုင်းတို့ ပြည့်နေသော ခန်းမထဲသို့ လျှောက်ဝင်သွားလေသည်။ လက်ရှိအချိန်တွင် ကျိယင်သည် ယဲ့ယဲ့လေးပြုံးလျက် ခန်းမအလယ်တွင် ရှိနေသော ဆေးမီးဖိုတစ်လုံးဘေးတွင် ရပ်နေလေသည်။ ရန်ကိုင် ရောက်လာသည်ကိုမြင်သော် ကျိယင်က ဝမ်းသာအားရဖြင့် ပြောလိုက်လေ၏ “ရောင်းရင်းရန်၊ မင်းရောက်လာတာ အချိန်ကောင်းပဲဟေ့၊ ငါဒီတစ်လော မင်းကို လိုက်ရှာနေတာ၊ မန်နေဂျာဟွာက မင်းတံခါးပိတ်ကျင့်ကြံနေတယ်ဆိုလို့”

“ကျုပ်ဆီကနေ တစ်ခုခုလိုလို့လား ရောင်းရင်းကျိ” ရန်ကိုင်က ပြန်မေးလိုက်သည်။

“ဒီလို၊ ငါအခု ဘုံကိုးသွယ်ကြမ္မာကောင်းချီး ဆေးလုံးကို ဖော်စပ်ဖို့ လုပ်နေတာ။ ဒါပေမယ့် ဆေးအရည် သိပ်သည်းတာနဲ့ ဆေးလုံးပေါ် အစီအရင်တွေ ပေါင်းထည့်တဲ့ နေရာမှာ သိပ်မရှင်းတာလေးတွေ ရှိနေလို့၊ မင်းကို မေးကြည့်ချင်နေတာ”

“ဘုံကိုးသွယ်ကြမ္မာကောင်းချီးဆေး” ရန်ကိုင်က အံ့အားသင့်သွားခဲ့လေသည်။ ထိုဆေးလုံးသည် ဧကရာဇ်အဆင့် ဆေးလုံးတစ်လုံးဖြစ်ပြီး ဖော်စပ်ရ အလွန်ခက်သည့် ဆေးလုံးများအနက် တစ်လုံးအပါအဝင် ဖြစ်ပေသည်။ ဧကရာဇ်အဆင့် ဆေးပညာရှင် တစ်ဦး အစွမ်းကုန်ကြိုးစား၍ ဖော်စပ်မည်ဆိုလျှင်ပင် ထိုဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်လိမ့်မည် ဆိုသည်မှာ မသေချာချေ။ ကျိယင်သည် ဆေးလုံးမဟာဧကရာဇ်၏ ငါးယောက်မြောက်တပည့် ဖြစ်ပါသော်ငြား သူ့ဆေးစွမ်းရည်သည် သူ့ဆရာအဆင့်တွင် ရှိမနေခဲ့ချေ။ ထို့ကြောင့် သူကိုယ်တိုင်သည်လည်း ထိုဆေးလုံးအား အောင်မြင်စွာ ဖော်စပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိခြင်းဖြစ်သည်။ လက်ရှိအခြေအနေအရ သူနှင့်အတူ ထိုဆေးလုံးအကြောင်းကို ဆွေးနွေးနိုင်သည့်လူဆို၍ ရန်ကိုင် တစ်ဦးသာ ရှိပေသည်။

“အကြံတော့ မပေးရဲပါဘူး။ ဒါပေမယ့် ကျုပ်သိထားတာလေး အချို့တော့ရှိတယ်။ ကျုပ်တို့ အတူတူ လေ့လာကြည့်ကြမလား” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ငါလည်း အဲ့ဒါကို မျှော်နေတာ။ မင်းအကူအညီနဲ့ဆို ဒီဆေးလုံးကို ဖော်စပ်ဖို့က ပြဿနာ မဟုတ်တော့ဘူး ရောင်းရင်းရန်ရေ” ကျိယင် ဝမ်းသာသွားခဲ့လေသည်။

သုံးရက်ကြာပြီးနောက် ရန်ကိုင် ဆေးလုံးတောင်ထွတ်မှ ပြန်ထွက်လာခဲ့သည်။ သို့ရာတွင် သူ့မျက်လုံးများမှာ အလွန်ကိုမှ တောက်ပနေခဲ့လေ၏။

လမ်းလျှောက်လာနေရင်းမှ ရန်ကိုင်သည် ရုတ်တရက် မဲ့ပြုံးပြုံးလိုက်လေသည် (ကျိယင်ဆီကနေ အဆင့်တစ်ဆို့အတားအဆီးကို ဘယ်လိုကျော်ဖြတ်ရမလဲ၊ လာမေးပါတယ်။ သူနဲ့အတူတူ ဘုံကိုးသွယ်ကြမ္မာကောင်းချီး ဆေးလုံးကို ဘယ်လို ဖော်စပ်ရမလဲဆိုတာကို လေ့လာဖြစ်သွားမယ်လို့ မထင်ထားဘူး။ လာရင်းကိစ္စကိုတောင် မေ့သွားတယ်...)

ကျိယင်မှာ ထိုဆေးလုံးကို စတင် ဖော်စပ်နေပြီ ဖြစ်သည့်အတွက်ကြောင့် သူ့အား သွားနှောင့်ယှတ်၍ အဆင်မပြေတော့ချေ။ ထို့အပြင် ရန်ကိုင် သွားမေးလျှင်ပင် ကျိယင် ပြန်ဖြေနိုင်လောက်လိမ့်မည် မဟုတ်။ ကျိယင်သည် ဟို့ယုကဲ့သို့ပင် ဖြစ်လေသည်။ သူ၏ ဦးတည်ရာမှာ ဆေးတာအိုသာ ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် ကျင့်ကြံခြင်း၌ အဆင့်တစ်ဆို့ အတားအဆီးနှင့် ကြုံခဲ့ရလျှင်ပင် အရေးစိုက်နေခဲ့လိမ့်မည် မဟုတ်ပေ။

ရန်ကိုင်သည် သက်ပြင်းအမောကြီး ချလိုက်ရင်း ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်လေသည် (ထက်ကောင်းကင်နန်းတော်က ဒီလောက်ကျယ်တာ၊ ငါစကားပြောနိုင်တဲ့လူ ဘာလို့ တစ်ယောက်မှ မရှိရတာလဲ)

ထိုစဉ် သူ့စိတ်ထဲ ချောမောလှပသည့် အမျိုးသမီးများ၏ပုံရိပ်တို့ ပေါ်လာခဲ့လေသည်။ ရန်ကိုင်လည်း ချက်ချင်းပဲ ဟင်းလင်းပြင်အစီအရင်ဆီသို့ လျှောက်သွားလိုက်လေ၏။

“မင်္ဂလာပါ နန်းတော်သခင်” အစီအရင်ကို စောင့်ကြပ်နေကြသည့် တပည့်များသည် ရန်ကိုင်အား ဦးညွှတ်နှုတ်ဆက်လိုက်ကြလေသည်။

ရန်ကိုင်သည် ခေါင်းပြန်ညိတ်ပြလိုက်ပြီးနောက် ဟင်းလင်းပြင် အစီအရင်ပေါ်သို့ တက်လိုက်လေ၏။

တပည့်တစ်ဦးက မေးလိုက်လေသည် “နန်းတော်သခင် အပြင်သွားမလို့လား။ ဘယ်အချိန်ပြန်လာမလဲ သိလို့ရမလား။ မန်နေဂျာမှူးဟွာ မေးလာရင် ဖြေလို့ရအောင်ပါ”

“ငါရေခဲနှလုံးသားတောင်ကြားဆီ သွားမလို့” ရန်ကိုင်သည် ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းလိုက်ရင်းမှ ပြန်ပြောလိုက်သည်။ ထို့နောက် အလင်းတန်းများ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့ပြီး ရန်ကိုင်သည်လည်း ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေ၏။

ရန်ကိုင် ပြန်ပေါ်လာချိန်တွင် ရေခဲနှလုံးသားတောင်ကြား၏ တားမြစ်နေရာဖြစ်သော ရေခဲကန်ဆီသို့ ရောက်နေခဲ့လေပြီ။ ရန်ကိုင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် အမျိုးသမီး တစ်ဦး၏ အသံကို ကြားလိုက်ရလေ၏ “ရှင်က ထက်ကောင်းကင်နန်းတော်ကလား”

“ဟုတ်တယ်” ရန်ကိုင်က ပနြ်ပြောလိုက်သည်။

ဤအစီအရင်သည် ရေခဲနှလုံးသားတောင်ကြားနှင့် ထက်ကောင်းကင်နန်းတော်ကို ဆက်သွယ်ထားပြီး ဂိုဏ်းနှစ်ဂိုဏ်းမှ ကျင့်ကြံသူများသာ အသုံးပြုနိုင်ကြသည်။ သို့တိုင် အစီအရင်ကို စောင့်ကြပ်နေကြသည့် တပည့်များမှာတော့ အစီအရင် အသက်ဝင်လာသည်ကို မြင်သည့်အခါ မည်သူ အသုံးပြုနေသလဲ ဆိုသည်ကို အတည်ပြုရပေသေးသည်။

ထက်ကောင်းကင်နန်းတော်မှလူမှန်း သေချာသွားသော် ထိုတပည့်က ရှေ့သို့ တက်လိုက်လေသည်။ သို့သော် ရောက်လာသည့်လူကို မြင်သည့်နောက် အံ့အားသင့်နေသည့် အမူအရာဖြင့် “နန်း... နန်း... နန်းတော်သခင်ရန်လား”

ရန်ကိုင် ထိုအမျိုးသမီးကို ကြည့်လိုက်သည်။ သူမ မည်သူမှန်း သူမသိ၊ ထိုကောင်မလေးမှာ ကလေးမျက်နှာနှင့် မိန်းမငယ်လေးတစ်ဦး ဖြစ်ပေသည်။ သူမပုံစံမှာ အသက် ဆယ့်ရှစ်၊ ဆယ်ကိုးပုံစံသာ ပေါက်ပါသော်ငြား ဧကရာဇ်ပထမအဆင့်သို့ ရောက်နေသည်ကို ကြည့်လျှင် သူမ၏အသက်ကို ရုပ်ရည်ဖြင့် သွားဆုံးဖြတ်၍မရမှန်း ရန်ကိုင် သိလိုက်၏။

“နင်ငါ့ကို သိလို့လား” ရန်ကိုင်က ပြန်မေးလိုက်သည်။

အမျိုးသမီးက ပြန်ပြောလိုက်၏ “ရေခဲနှလုံးသားတောင်ကြားကလူတိုင်း နန်းတော်သခင်ရန်ကို သိတယ်”

သူမ၏ စကားကြောင့် ရန်ကိုင်မှာ အနည်းငယ် ချွေးပျံသွားခဲ့ရသည်။ သို့သော် သေချာ စဉ်းစားကြည့်လိုက်သည့်အခါ ထိုကိစ္စမှာ အထူးအဆန်းမဟုတ်မှန်း သိသွားရလေ၏။ ရေခဲနှလုံးသားတောင်ကြားကို ရမ္မက်ရှာဂိုဏ်းမှ တိုက်ခိုက်စဉ်က တိုက်ပွဲအခြေအနေကို တဆစ်ချိုး ပြောင်းလဲပေးခဲ့သူမှာ ရန်ကိုင် ဖြစ်ပေသည်။ ရန်ကိုင် တိုက်ခိုက်နေသည်ကို ရေခဲနှလုံးသားတောင်ကြားမှ တပည့်များစွာ မြင်ခဲ့ရသည်။ အချို့မှာ ရန်ကိုင်ကို မတွေ့ခဲ့ရသည့်တိုင် သူတို့၏ အပေါင်းအပါများဆီမှ ရန်ကိုင်အကြောင်း ပြန်ကြားသိခဲ့ရလေသည်။

“နန်းတော်သခင်ရန် ဘိုးဘေးတည်ထောင်သူကို လာရှာတာလား၊ ဒါမှမဟုတ်... ဂိုဏ်းတူဒေါ်လေးကျိယောင်ကို လာရှာလာတား” ရန်ကိုင်နှင့် ကျိယောင် အတော့်ကိုမှ ရင်းနှီးကြမှန်း ရေခဲနှလုံးသားတောင်ကြားမှ လူတိုင်း သိကြသည်။ ထို့အပြင် သူတို့၏ တတိယဂိုဏ်းတူဒေါ်လေး နှစ်အတော်ကြာအောင် ပျောက်ဆုံးနေရမှာ ရေခဲနှလုံးသားတောင်ကြားဆီသို့ ရုတ်တရက် ပြန်လာနိုင်ခြင်းမှာလည်း ရန်ကိုင်ကြောင့်သာ ဖြစ်လေသည်။

“စီနီယာ ပင်းယွင်နဲ့ တွေ့ဖို့ လာခဲ့တာ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ကျွန်မ ချက်ချင်း လှမ်းပြောလိုက်ပါ့မယ်” ထိုတပည့်သည် သူမ၏ ဆက်သွယ်ရေး မှော်ရတနာကို ထုတ်၍ ချက်ချင်း လှမ်းအကြောင်းကြားလိုက်လေသည်။ ခဏအကြာ၌ ရန်ကိုင်အား လှမ်းခေါ်လိုက်လေ၏ “နန်းတော်သခင်ရန်၊ ကျွန်မနောက် လိုက်ခဲ့ပေးနော်”

“ကျေးဇူးပါပဲ”

ထိုတပည့်နောက် လိုက်သွားရင်းမှ လမ်းတစ်လျှောက် ရေခဲနှလုံးသားတောင်ကြားမှ တပည့်များစွာကို ရန်ကိုင် တွေ့ခဲ့ရလေသည်။ အများစုမှာ ရန်ကိုင်ကို မြင်သော် ဦးညွှတ်ပြကြပြီး အခြားသူများမှာတော့ ခပ်လှမ်းလှမ်းနေ၍ အုပ်ဖွဲ့ရင်း ရန်ကိုင်ကို ကြည့်ကာ တီးတိုးပြောနေကြလေသည်။

တစ်ခဏမျှကြာအောင် လျှောက်လာပြီးသည့်နောက်တွင် နန်းတော်တစ်လုံးရှေ့သို့ ရောက်လာခဲ့လေ၏။ ထိုနေရာသို့ ရောက်လာပြီးနောက် ရန်ကိုင်အား ဦးဆောင် ခေါ်လာပေးသည့် အမျိုးသမီးတပည့်က ရပ်၍ ပြောလိုက်လေ၏ “နန်းတော်သခင်ရန်၊ အထဲ ဝင်သွားလိုက်နော်၊ အထဲမှာ ဘိုးဘေးတည်ထောင်သူ စောင့်နေပါတယ်”

“ကျေးဇူးပါပဲ”

အမျိုးသမီးတပည့်က အလျင်စလို လက်ဝှေ့ရမ်း၍ “မလိုပါဘူး နန်းတော်သခင်ရန်၊ အခုလိုမျိုးတွေ လုပ်စရာ မလိုပါဘူး”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၁၃)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင် ရှေ့သို့ တစ်လှမ်း လှမ်းပြီးပြီးချင်းမှာပင် သူ့ရှေ့၌ လူတစ်ဦး လာပိတ်ရပ်နေခဲ့လေသည်။

ရန်ကိုင်လည်း ခေါင်းမော့၍ ကြည့်လိုက်ရာ ချောမောလှပလှသည့် အေးစက်စက်မျက်နှာတစ်ခုကို မြင်လိုက်ရလေသည်။ ထိုအမျိုးသမီး၏ ကိုယ်လုံးကိုယ်ပေါက်မှာ သွယ်လျလှပြီး နှင်းဖြူရောင်စကပ်ရှည်သည် လေအဝှေ့နှင့်အတူ တလူလူ လွင့်ပျံနေခဲ့လေသည်။ သူမပုံစံမှာ နတ်ဘုံနတ်နန်းမှ နတ်သက်ကြွေလာသည့် နတ်သမီးလေးတစ်ပါးအလား။ သင်းပျံ့သည့် ကိုယ်သင်းရနံ့တစ်ခုမှာလည်း ရန်ကိုင်၏ နှာခေါင်းဝအား လာရောက်ပွတ်သပ် ကျီစယ်နေခဲ့လေသည်။

“ဂျူနီယာညီမယောင်… မတွေ့ရတာကြာပြီနော်… ငါတို့မတွေ့ဖြစ်တဲ့အတောအတွင်း အဆင်ပြေတယ်မလား…” ရန်ကိုင်က ပြုံး၍ နှုတ်ဆက်လိုက်သည်။

ကျိယောင်သည် ခေါင်းသာ ညိတ်ပြလိုက်ပြီး ရန်ကိုင်အား တစ်ချက်မျှ ဝေ့ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင် သွေးအန်လုမတတ်စကားကို ပြောလိုက်လေသည်။ “စီနီယာအစ်ကို အခုချိန်အထိ အသက်ရှင်နေသေးတာပဲနော်…”

“ဟဲ ဟဲ…” ရန်ကိုင်၏နှုတ်ခမ်း မဲ့သွားခဲ့လေသည်။ “အခုလိုမျိုး စိတ်ပူပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဂျူနီယာညီမ… ငါ တကယ်ကို အဆင်ပြေပါတယ်…”

“စီနီယာအစ်ကို ဒီတလောလုံး ဘယ်ကိုရောက်နေတာလဲ…” ကျိယောင်က မေးလိုက်သည်။

“ဒီအတိုင်း လျှောက်သွားနေတာပါ…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ သူ့စိတ်ထဲတွင်တော့ လိမ်လိုက်ရသည့်အပေါ် အနည်းငယ် အပြစ်မကင်းသလို ခံစားနေခဲ့ရသည်။

ရှင်းရှင်းပြောရသော် ရမ္မက်ရှာဂိုဏ်းအား ဖျက်ဆီးပစ်ပြီးသည့် အချိန်မှစ၍ ရန်ကိုင်သည် တောက်လျှောက်ကို လျှောက်ပတ်သွားနေခဲ့ရာ ကျိယောင်နှင့်ပင်လျှင် မတွေ့ဖြစ်နိုင်အောင် ဖြစ်ခဲ့ရသည်။ သို့သော်ငြား သူမရှိစဉ်အတောအတွင်း ကျိယောင်သည် ထက်ကောင်းကင်နန်းတော်ဆီသို့ ရောက်လာပြီး သူပြန်လာရောက်လာလား ဆိုသည့်အကြောင်းကို လာလာမေးကြောင်း ဟွာချင်းစီမှ ပြန်ပြောပြခဲ့လေသည်။ ရန်ကိုင်မှာလည်း ထိုအကြောင်းကို ကြားပြီးသည့်နောက် ထက်ကောင်းကင်နန်းတော်သို့ ပြန်ရောက်လာသည့်တိုင် ခဏလောက်ကြာအောင် နေလေ့ရှိပါသော်ငြား ကိစ္စရပ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည့်အတွက်ကြောင့် ခဏခဏကို အပြင်ပြန်ထွက်ရပြန်လေသည်။

ရန်ကိုင်နှင့် ကျိယောင်ကြား သဘောထားကွဲလွဲမှုများစွာ ရှိပေသည်။

အရှေ့ဘက်နယ်မြေထဲရှိ ရှေးဟောင်းတောအုပ်ကြီးထဲတွင် လျှောက်ပတ်သွားစဉ်က ကျိယောင်၏စိတ်အခြေအနေမှာ ပုံမှန်မဟုတ်ခဲ့ပေ။ ထိုအချိန်အတောအတွင်း ကျိယောင်သည် ရန်ကိုင်အား သူမ၏ဆရာ ပင်းယွင်နှင့် အထင်မှားခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရှက်စရာမတော်တဆ အဖြစ်အပျက်အချို့ ဖြစ်ခဲ့ရသည်။ ယခုအချိန်ထိတိုင် လွမ်ဖုန်း၏ ရေချိုးဆောင်ထဲတွင် ဖြစ်သွားသည့်အကြောင်းအရာများကို ရန်ကိုင် ကွက်ကွက်ကွင်းကွင်း မှတ်မိနေဆဲပင်။

ထို့အတွက်ကြောင့် ကျိယောင်ကိုမြင်လိုက်သည်နှင့် ရန်ကိုင်စိတ်ထဲ ထိုရေချိုးဆောင်ထဲရှိ ကိစ္စသာ ပြန်ပေါ်လာခဲ့လေသည်။

ကံကောင်းစွာဖြင့် နောက်ပိုင်းတွင် ကျိယောင်သည် သူမ၏ဆရာပင်းယွင်ကို ပြန်မြင်ပြီးသည့်နောက် စိတ်ဂယောင်ခြောက်ခြား ဖြစ်နေရာမှ အသိပြန်ဝင်လာခဲ့လေသည်။ မည်သို့ပင်ဖြစ်နေစေကာမူ ကျိယောင်ကိုပြန်တွေ့လိုက်တိုင်း ရန်ကိုင်စိတ်ထဲ လိပ်ပြာမလုံသလို ခံစားရလေသည်။ ကျိယောင်သည် ထိုစဉ်ကအဖြစ်အပျက်များအကြောင်းကို မှတ်မိနေသေးမှန်း ရန်ကိုင် သေချာသိပေသည်။ မည်သို့ပင်ဖြစ်စေကာမူ ကျိယောင်ကိုယ်တိုင်က ထိုအကြောင်းကို အစမဖော်လာသဖြင့် ရန်ကိုင်ကလည်း ရူးရူးမိုက်မိုက်ဖြင့် ထိုအကြောင်းကို သွား စကားစလိမ့်မည်မဟုတ်ချေ။

ကျိယောင်သည် ရန်ကိုင်အား တစ်ခဏမျှကြာအောင် အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေပြီးသည့်နောက် မေးလိုက်လေသည်။ “စီနီယာအစ်ကို… ရှင် ဒီတစ်ကြိမ်ရော ဘယ်ပန်းတွေ သွားခူးလာပြန်ပြီလဲ…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်နားနားသို့ကပ်ကာ နှာခေါင်းတရှုံ့ရှုံ့လုပ်လျက် ခေါင်းညိတ်လိုက်လေသည်။ “အင်း… အရမ်းမွှေးတာပဲ…”

ရန်ကိုင်မှာ ပို၍ လိပ်ပြာမလုံ ဖြစ်သွားခဲ့ပြီး နဖူးထက်ဝေ့သီလာသော ချွေးအေးများကို အလျင်အမြန်သုတ်ပစ်လျက် ပြုံးကာ ပြောလိုက်လေသည်။ “ဂျူနီယာညီမ… နင် ဘာပြောနေတာလဲ…”

ထိုသို့ပြောနေရင်းမှ သူ့ကိုယ်သူ ပြန်အနံ့ခံကြည့်လိုက်ပြီးသည့်နောက် တွေးလိုက်လေသည်။ (အကြာကြီးရှိနေပြီကို ကျုချင်းရဲ့ကိုယ်ရနံ့က ဘာဖြစ်လို့ ငါ့ကိုယ်ပေါ်မှာ အခုထိ ကပ်ကျန်နေရသေးတာလဲ…)

“ရန်ကိုင်လား… ရောက်ရင်ဝင်လာခဲ့လေ… အပြင်မှာ ဘာရပ်လုပ်နေတာလဲ…” ထိုစဉ် နန်းတော်အတွင်းပိုင်းဆီမှ ပင်းယွင်၏အသံ ရုတ်တရက် ထွက်လာခဲ့လေသည်။

ပင်းယွင်၏အသံကို ကြားလိုက်သည့်အခါ ရန်ကိုင်သည် ကယ်တင်ရှင်တစ်ဦး၏အသံကို ကြားလိုက်ရသည့်ပမာ နန်းတော်ထဲသို့ အလျင်စလို ဝင်ပြေးသွားလေသည်။ ကျိယောင်ကမူ ရန်ကိုင်အား စူးရဲသည့်အကြည့်ဖြင့် စိုက်ကြည့်နေလေရာ ရန်ကိုင်မှာ သူ့ကျောပြင်ကို တစ်စုံတစ်ဦးမှ ဓါးဖြင့် တနုတ်နုတ် ထိုးနေသလို ခံစားနေရလေသည်။

အခန်းထဲသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ပင်းယွင်အား အလျင်စလို နှုတ်ဆက်လိုက်လေသည်။

ပင်းယွင်သည် ရန်ကိုင်အား ပြုံးကာ ကြည့်နေပြီးသည့်နောက် ရန်ကိုင်နှင့်အတူ အခန်းထဲသို့လိုက်ဝင်လာသော ကျိယောင်အား လှမ်း၍ ခေါင်းညိတ်ပြလိုက်လေသည်။ ထို့နောက်တွင် ရန်ကိုင်ဘက်သို့လှည့်၍ ပြန်ပြောလိုက်လေ၏။ “နင်က အပြင်လူလည်းဟုတ်တော့တာမဟုတ်ဘူး… အဲ့လိုတွေလုပ်မနေစမ်းပါနဲ့… လာ ဒီမှာလာထိုင်…”

ရန်ကိုင်သည် ပင်းယွင်အား ကျေးဇူးတင်လိုက်ပြီးသည့်နောက် သူမနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်လေသည်။

ကျိယောင်သည် ထူးမခြားနားဟန်ဖြင့် အနားတွင် ဝင်ထိုင်လိုက်လေသည်။ ထို့နောက် ရေနွေးကြမ်းအိုးနှင့် ခွက်များကိုထုတ်၍ ရေနွေးကြမ်းကို စတင်ပြင်ဆင်ပေးတော့လေသည်။ ကျိယောင်မှာ ဤအလုပ်နှင့် ရင်းနှီးနေလေပြီ။ သူမဆရာအတွက် အမြဲလိုလို ရေနွေးကြမ်းဖော်စပ်ပေးနေလေ့ ရှိသူတစ်ဦး မဟုတ်လေလော။

“နင်ဘယ်တုန်းက ပြန်ရောက်တာလဲ…” ပင်းယွင်က မေးလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်လလောက်က ပြန်ရောက်တာ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ကျိယောင်၏လက် တုံ့ခနဲရပ်သွားခဲ့ပြီး ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်လေသည်။

တိုက်တိုက်ဆိုင်ဆိုင် ရန်ကိုင်သည်လည်း ကျိယောင်ဆီသို့ လှမ်းကြည့်နေခဲ့လေရာ နှစ်ဦးသားမှာ အကြည့်ချင်းဆုံသွားလေ၏။ အကြည့်ချင်းဆုံသွားသည့်အခိုက် ကျိယောင်၏မျက်လုံးထဲ သူ့အား အပြစ်တင်လိုသည့် အရိပ်အယောင်အချို့ကို ရန်ကိုင် သတိထားမိလိုက်လေသည်။ ကျိယောင်ထင်နေသည်မှာတော့ ရန်ကိုင်သည် မကြာသေးခင်ကမှ ပြန်ရောက်လာသည်ဟူ၍ပင်။ သို့သော်ငြား ရန်ကိုင်သည် လွန်ခဲ့သောနှစ်လခန့်တည်းက ပြန်ရောက်နေလိမ့်မည်ဟု သူမ မည်ကဲ့သို့များ ထင်ထားပါမည်နည်း။ သို့တိုင် ရန်ကိုင်ပြန်ရောက်လို့ရောက်ကြောင်းကို သူ့ဆီမှ သတင်းစကားတစ်ခွန်းပင် မကြားခဲ့ရပေ။

ရန်ကိုင်သည် ကျိယောင်ဆီမှ ချက်ချင်း အကြည့်ပြန်ရုတ်လိုက်ပြီး ကသိကအောက်အမူအယာဖြင့် ခါးကို မတ်လိုက်လေသည်။

“စီနီယာရော အဆင်ပြေရဲ့လား…” ရန်ကိုင်သည် ကသိကအောက် ဆက်၍ မဖြစ်ချင်တော့သည့်အတွက်ကြောင့် ချက်ချင်း ခေါင်းစဉ်တစ်ခု ရှာမေးလိုက်လေသည်။

ပင်းယွင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “အင်း… အဆင်ပြေတယ်…”

ရန်ကိုင်မှ ရေခဲနှလုံးသားတောင်ကြားကို ကူညီပေးပြီးသွားသည့် အချိန်မှစ၍ ရေခဲနှလုံးသားတောင်ကြားမှာ အလွန်ကိုမှ အဆင်ပြေနေခဲ့ရလေသည်။ ယခုဆိုလျှင် ရေခဲနှလုံးသားတောင်ကြားမှာ ထက်ကောင်းကင်နန်းတော်နှင့် ရင်းနှီးသည့်ဆက်ဆံရေးကို ပိုင်ဆိုင်ထားလေရာ မြောက်ဘက်နယ်မြေရှိ မည်သူကများ သူတို့အား လာရောက်ရန်စရဲပါဦးမည်နည်း။ ရေခဲနှလုံးသားတောင်ကြားသည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်ခဲ့ဖူးပေသည်။ သို့သော်ငြား ပင်းယွင်ပျောက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့သည်။ ထိုအချိန်အတောအတွင်း ဂိုဏ်းတစ်ခုလုံးကို ပင်းယွင်၏တပည့်များကသာ စီမံနေခဲ့ခြင်း ဖြစ်လေသည်။ ပင်းယွင်၏တပည့်များမှာ အားကောင်းသည့်ကျင့်ကြံသူများ ဖြစ်လင့်ကစား ပင်းယွင်လောက်တော့ အားကောင်းခြင်းမရှိလှ။ ထို့အပြင် သူတို့အားလုံးမှာ အမျိုးသမီးများသာ ဖြစ်နေကြလေရာ အခြားသောဂိုဏ်းများသည် သူတို့အား အထင်သေးလျှင်သေး မသေးလျှင် သူတို့ဂိုဏ်းအပေါ် လိုချင်တပ်မက်စိတ်များ ဖြစ်ကြလေသည်။ မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဟူသော ဂုဏ်ပုဒ်မှာ စာရွက်ပေါ်ရှိ နာမည်တစ်ခုထက် မပိုချေ။ ထို့ကြောင့်သာမဟုတ်ပါက ရမ္မက်ရှာဂိုဏ်းသည် ရေခဲနှလုံးသားတောင်ကြားကို တိုက်ခိုက်ရဲခဲ့လိမ့်မည် မဟုတ်ချေ။

သို့သော်ငြား လက်ရှိအခြေအနေမှာတော့ မတူတော့ချေ။ ထက်ကောင်းကင်နန်းတော်သည် ဆေးလုံးတောင်ကြားပြီးလျှင် မြောက်ဘက်နယ်မြေ၏ ဒုတိယအားအကောင်းဆုံးသော အင်အားစုတစ်ခု ဖြစ်လာခဲ့သည်။ ထိုသို့ဖြစ်လာသည့်အလျောက် ထက်ကောင်းကင်နန်းတော်နှင့် အလွန်ကိုမှ ရင်းနှီးသော ရေခဲနှလုံးသားတောင်ကြား၏ အဆင့်အတန်းမှာလည်း သူ့အလိုလို မြင့်တက်လာခဲ့ရလေသည်။ ယခုဆိုလျှင် မည်သူကမျှ ရေခဲနှလုံးသားတောင်ကြားမှ တပည့်များကို ရန်စရဲခြင်း မရှိကြတော့ချေ။

ပင်းယွင်က မေးလိုက်သည်။ “ဆေးလုံးမဟာဧကရာဇ်က သူ့ရဲ့ဆေးတောင်ကြားဆီလာဖို့ နင့်ကို ဖိတ်ခေါ်ထားတယ်ဆို… နင် သွားပြီးသွားပြီလား…”

ရန်ကိုင်က ခေါင်းခါလျက် “မသွားရသေးဘူး… ဒီတစ်လော အခြားကိစ္စတွေနဲ့ အလုပ်များနေလို့ စီနီယာကိုတောင် သွားပြီး မတွေ့ရသေးဘူး…”

ပင်းယွင်က အကြံပေးလိုက်သည်။ “မဟာဧကရာဇ်တစ်ပါးက ဖိတ်ခေါ်တာကို မသိကျေးကျွန်လုပ်မနေနဲ့နော်… အချိန်ရှိရင် နင်သွားသင့်တယ်… နင်သာ မဟာဧကရာဇ်တစ်ပါးရဲ့ လမ်းညွှန်မှုကို ရလိုက်မယ်ဆိုရင် နင့်အတွက် အရမ်းအကျိုးများမှာ…”

“အင်း… ကျုပ်သိတယ်…” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

ရန်ကိုင်တို့နှစ်ဦးသည် အလာပ သလာပ ထိုင်ပြောနေစဉ်အတောအတွင်း ရေနွေးကြမ်းမှာ အဆင်သင့်ဖြစ်လာခဲ့လေပြီ။ ကျိယောင်သည် ရန်ကိုင်နှင့်ပင်းယွင်အတွက် ရေနွေးကြမ်းတစ်ခွက်စီ ထည့်ပေးလိုက်ပြီးသည့်နောက် ငြိမ်ငြိမ်လေး ပြန်ထိုင်နေလိုက်လေ၏။

ရေနွေးကြမ်းကို တစ်ငုံမော့သောက်လိုက်ရင်းမှ ရန်ကိုင်က ချီးကျူးစကား ဆိုလိုက်လေသည်။ “ရေနွေးကြမ်းက တကယ်ကောင်းတာပဲ… ဂျူနီယာညီမ… နင့်ရဲ့ ရေနွေးကြမ်းဖျော်စပ်တဲ့အရည်အချင်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ…”

ရန်ကိုင်ဘက်မှ ထိုကဲ့သို့ ချီးကျူးစကားပြောနေသည့်တိုင် ကျိယောင်မှာ မျက်နှာသေဖြင့်သာ ရှိနေသဖြင့် ရန်ကိုင်လည်း အရှက်ပြေ ရယ်မောလိုက်ပြီးသည့်နောက် ရေနွေးကြမ်းကိုသာ ဆက်သောက်နေလိုက်တော့လေသည်။

ပင်းယွင်က ရယ်သွမ်းသွေးလျက် “နင် ပြဿနာတစ်ခုခု တက်နေလို့လား…”

ရန်ကိုင် ကြောင်သွားခဲ့ပြီးသည့်နောက် မဲ့ပြုံးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “စီနီယာက တကယ်ကို အမြင်စူးရှတာပဲ…”

ပင်းယွင်ကမူ ပြုံး၍သာ ပြန်ပြောလိုက်လေသည်။ “နင့်ကြည့်ရတာ စိတ်နဲ့ကိုယ်နဲ့ မကပ်သလိုပဲ… အဲ့ဒါကြောင့် ငါပြောနိုင်တာ…”

ရန်ကိုင်က ခေါင်းညိတ်လျက် “ဟုတ်တယ်… ဒီတစ်လော ကျုပ် နည်းနည်း ခေါင်းစားစရာ ပြဿနာလေးတစ်ခုခုနဲ့ တိုးနေတာ…”

ထိုစကားကိုကြားသော် ကျိယောင်သည် ရန်ကိုင်အား စိုက်ကြည့်လာခဲ့လေသည်။ ပင်းယွင်က ဆက်၍ မေးလိုက်လေ၏။ “နင် စိတ်ထဲမထားဘူးဆိုရင် ငါ့ကိုပြောပြကြည့်လေ… အနည်းဆုံးတော့ ငါ့ဘက်က မကူညီပေးနိုင်ရင်တောင် နင်ပြောတာကို နားထောင်ပေးလို့တော့ရတယ်…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် “ကျုပ် အခုတလော ကျင့်ကြံခြင်းတစ်ဆို့တဲ့ အခြေအနေနဲ့ ကြုံနေရလို့…”

“အို…” ကျိယောင်သည် ရန်ကိုင်အား အံ့အားသင့်တကြီး အမူအယာဖြင့် ကြည့်လိုက်လေသည်။

“အရင်တစ်လောတုန်းက ကျုပ် တံခါးပိတ်ကျင့်စဉ်ဝင်နေတာ… ကျုပ်ဘာသာကျုပ်တော့ ခံစားမိတယ်… နောက်တစ်ဆင့်ကို ရောက်ဖို့ မလိုတော့ဘူးဆိုတာကို… ဒါပေမယ့် ဘယ်လိုပဲလုပ်လုပ် နောက်တစ်ဆင့်ကိုက မရောက်နိုင်ဘူးကို ဖြစ်နေတယ်…”

“ပြီးတော့…” ပင်းယွင်က ထပ်မေးလိုက်သည်။

“အဲ့ဒါပဲ… အဲ့ဒါနဲ့ပဲ ကျုပ် ပြဿနာတက်နေတာ…” ရန်ကိုင်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်လေသည်။

ပင်းယွင်မှာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ပြန်၍ မေးလိုက်လေသည်။ “အဲ့ဒါပဲလား…”

ရန်ကိုင်သည် ပင်းယွင်အား ဆွံ့အစွာဖြင့် ကြည့်လိုက်ရင်းမှ တွေးလိုက်လေသည်။ (အဲ့ဒါက ငါ့အတွက် ပြဿနာအကြီးကြီးလေ…)

ရန်ကိုင်၏မျက်နှာအမူအယာကိုမြင်သော် ပင်းယွင်မှာ ပို၍ပင် ရယ်မောလိုက်လေတော့သည်။ ထို့နောက် ရန်ကိုင်အား နှစ်သိမ့်စကား ပြောလိုက်လေ၏။ “နင် အသက်ဘယ်လောက်ရှိပြီလဲဆိုတာတော့ ငါမသိဘူး… ဒါပေမယ့် ငါ ခန့်မှန်းရမယ်ဆိုရင်တော့ အသက်တစ်ရာတော့ မကျော်သေးဘူးမလား…”

ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “အင်း… ဟုတ်တယ်…” တစ်ချိန်တည်းတွင်လည်း သူ့ဘာသာသူ တွေးလိုက်လေသည်။ (အခုမှပဲ ငါလည်း အဲ့အချက်ကို စဉ်းစားမိတော့တယ်… ငါ့အသက် ဘယ်လောက်တောင်ရှိနေပြီလဲမသိဘူး…)

ပင်းယွင်က ဆက်၍ပြောလိုက်သည်။ “သေမျိုးတွေအတွက်တော့ ဒီအသက်က သင်္ချိုင်းကုန်းခြေတစ်ဖက်လှမ်းနေတဲ့အသက်ပဲ… တချို့ဆိုရင် ဒီအသက်အရွယ်နဲ့တင် သေသွားကုန်ကြပြီ… ဒါပေမယ့် ငါတို့လိုကျင့်ကြံသူတွေအတွက်ကတော့ ဒီအသက်က အခုမှစတာလို့ ပြောလို့ရတယ်… နင် ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ဧကရာဇ်ပထမအဆင့်ကို ရောက်လာတာ… ပြီးတော့ နင်လာတဲ့နေရာကလည်း အဆင့်နိမ့်ကြယ်စီရင်စုက… အဲ့တစ်ချက်တည်းနဲ့တင် နင့်ကို လုံးဝ ပါရမီရှင်တစ်ယောက်လို့ ပြောလို့ရသွားပြီ…”

“စီနီယာ ကျုပ်ကို ချီးကျူးလွန်းနေပါပြီ…”

ပင်းယွင်က ခေါင်းခါလျက် “ငါ နင့်ကို ချီးကျူးနေတာမဟုတ်ဘူး… အမှန်အတိုင်းပြောနေတာ… ငါ့တုန်းက ဧကရာဇ်ပထမအဆင့်ကို ရောက်ဖို့ ဘယ်လောက်ကြာလဲ နင်သိလား…” ရန်ကိုင် ပြန်မပြောနိုင်သေးခင်မှာပင် ပင်းယွင်က လက်ညှိုးတစ်ချောင်းထောင်လျက် ဆက်ပြောလိုက်သည်။ “နှစ်တစ်ထောင်… နှစ်တစ်ထောင်လုံးလုံး ငါ တောက်လျှောက် ကျင့်ကြံခဲ့ရတာ… နင်နဲ့ယှဉ်လိုက်လို့ရှိရင် ငါ့ပါရမီက တော်တော်လေးကို လိုအပ်တယ်လို့ ပြောလို့ရတယ်…”

ရန်ကိုင်က ပြန်၍ပြောလိုက်သည်။ “ကျုပ်ကိုယ်ကျုပ် ဘယ်လိုလုပ်ပြီး စီနီယာနဲ့ ယှဉ်လို့ရမှာလဲ…”

ထို့နောက်တွင် ပင်းယွင်သည် ကျိယောင်ကို ညွှန်ပြလျက် “နင့်ဂျူနီယာညီမယောင်ရော ဧကရာဇ်ပထမအဆင့်ကိုရောက်ဖို့အတွက် ဘယ်လောက်အချိန်ယူလိုက်ရလဲ နင်သိလား…”

ရန်ကိုင်သည် ကျိယောင်ဘက်သို့ လှမ်း၍ ကြည့်လိုက်လေသည်။

ကျိယောင်သည် ချက်ချင်းပဲ ရေနွေးကြမ်းအိုးကို ကောက်ကိုင်လျက် ပင်းယွင်အတွက် ရေနွေးကြမ်းတစ်ခွက် ဖြည့်ပေးလိုက်သည့်နောက် ပြောလိုက်လေသည်။ “ဆရာ… ရေနွေးကြမ်းလေးသောက်ပါဦး…”

ပင်းယွင်သည် ပြုံးလိုက်ပြီး ထိုအကြောင်းကို ဆက်၍ မပြောတော့ချေ။ ထို့အစား မူလခေါင်းစဉ်ဆီသို့သာ ပြန်သွားလိုက်လေသည်။ “ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ဒီအဆင့်ထိရောက်လာတယ်ဆိုတော့ နင့်ကျင့်ကြံခြင်းခရီးလမ်းက အရမ်းကိုချောမွေ့နေမှာပေါ့ ဟုတ်တယ်မလား…”

(ငါ့ကျင့်ကြံခြင်းခရီးလမ်းက ချောမွေ့လို့လား…) ရန်ကိုင် သူ့ဘာသာသူ စဉ်းစားနေလေသည်။ (ချောတော့မမွေ့ပါဘူးဟ… တစ်ချိန်လုံး အခက်အခဲတွေနဲ့ပဲ ပြည့်နေရတာ…)

“အဲ့ဒါကြောင့်ပဲ အခုလိုမျိုး အဆင့်တစ်ဆို့အတားအဆီးနဲ့ ကြုံလိုက်ရတဲ့အချိန် နင် ပြဿနာအကြီးကြီး ကြုံနေရပြီလို့ တွေးမိသွားတာပဲ…” ပင်းယွင်က ပြုံးလိုက်သည်။ “ဒါပေမယ့် ငါ့အမြင်အရဆိုရင်တော့ ဒါက ဘာမှစိတ်ပူစရာလိုတဲ့ ကိစ္စမဟုတ်ဘူး… စပြီး ကျင့်ကြံလာပြီဆိုတည်းက လူတိုင်းက အဆင့်တစ်ဆို့ အတားအဆီးနဲ့ ကြုံရတာချည်းပဲ… မကြုံရတဲ့လူဆိုတာ မရှိဘူး… ပြီးတော့ နင်လည်းသိမှာပေါ့… ဓါးတစ်ချောင်းဆိုတာ သွေးမှထက်တာလေ… ငါတို့လိုကျင့်ကြံသူတွေအတွက်လည်း အတူတူပဲ… အဆင့်တစ်ဆို့တဲ့အတားအဆီးတွေ ငါတို့ကြုံရတဲ့ အခက်အခဲတွေဆိုတာ ငါတို့ကိုယ်ငါတို့ ပိုမိုအားကောင်းလာအောင် လုပ်နိုင်မယ့် ပစ္စည်းတွေပဲ…”

“စီနီယာပြောတာ ယုတ္တိရှိတယ်…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။

ပင်းယွင်က မျက်လုံးမှေးစင်းလျက် ရုတ်တရက် ပြောလိုက်သည်။ “ဒါပေမယ့် ငါမြင်ရတာကတော့ နင်က အဲ့ကိစ္စကို ဒီလောက်ကြီး စိတ်ပူနေတဲ့ပုံ မပေါက်သလိုပဲနော်… နင်တကယ်စိတ်ပူနေတာ အဆင့်တစ်ဆို့အတားအဆီး မဟုတ်ဘူးမလား…”

ရန်ကိုင် ပင်းယွင်အား အံ့ဩတကြီးဖြင့် ကြည့်လိုက်လေသည်။

ပင်းယွင်က ပြုံးလျက် ပြန်ပြောလိုက်သည်။ “ငါ ဘာပြောချင်လဲဆိုတာကို နင်နားလည်ပြီးသား… နင်ကိုယ်တိုင်လည်းသိတယ် နင် အနှေးနဲ့အမြန် နောက်တစ်ဆင့်ကိုရောက်မယ်ဆိုတာ… နင် အခုစိတ်ပူနေတာ အခြားကိစ္စတစ်ခုမလား…”

“စီနီယာဘာပြောချင်တာလဲ…” ရန်ကိုင်သည် ပင်းယွင်အား ထူးထူးဆန်းဆန်းအမူအယာဖြင့် ကြည့်လိုက်လေသည်။

ပင်းယွင်ကမူ ရန်ကိုင်အား အကြည့်စူးစူးဖြင့်သာ ပြုံးမြဲပြုံးလျက် စိုက်ကြည့်နေလေသည်။ ထိုသို့ကြည့်နေရင်းမှ ရုတ်တရက် ကောက်ပြောလိုက်သည်။ “နင့်စိတ်အလိုအတိုင်းပဲ လုပ်လိုက်… နင့်စိတ်က ဒါမျိုးလုပ်ချင်တယ်ဆိုရင် လုပ်ပစ်လိုက်… ဘာမှတွေဝေတုံ့ဆိုင်းမနေနဲ့…”

ထိုသို့ပြောပြီးသည့်နောက်တွင် မျက်လုံးပြန်ပိတ်လိုက်ပြီးသည့်နောက် ရန်ကိုင်အား သွားတော့ရန် အချက်ပြလိုက်လေသည်။

ရန်ကိုင်၏မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီးသည့်နောက် တစ်ခဏကြာမျှ တိတ်ကျသွားခဲ့လေသည်။ ထို့နောက်တွင် သူ့ရှေ့၌ရှိနေသော ရေနွေးကြမ်းခွက်ကို ကောက်ယူ၍ တစ်ကျိုက်တည်း မော့ချလိုက်ပြီးသည့်နောက် မတ်တပ်ရပ်ကာ ပင်းယွင်ကို ဦးညွှတ်လိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ…”

ပင်းယွင်သည် ဘာမျှပြန်မပြောခဲ့ပေ။ ထို့ကြောင့် ရန်ကိုင်သည် ကျိယောင်ဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “နှုတ်ဆက်ပါတယ် ဂျူနီယာညီမယောင်…” ထိုသို့ပြောပြီးသည့်နောက် အခန်းထဲမှ လျှောက်ထွက်သွားလေ၏။

ကျိယောင်သည် ရန်ကိုင်၏ကျောပြင်ကိုသာ စိုက်ကြည့်နေခဲ့ပြီး ရန်ကိုင်နောက်သို့ လိုက်မသွားခဲ့ပေ။ ရန်ကိုင် အခန်းထဲမှ ထွက်သွားသည့်အခါမှသာလျှင် မေးလိုက်လေသည်။ “ဆရာ… စီနီယာအစ်ကိုရန် ဘာဖြစ်နေတာလဲ…”

“ငါလည်းမသိဘူး…” ပင်းယွင်က ဖြည်းဖြည်းချင်းခေါင်းခါလျက် “ဒါပေမယ့် သူ့ကြည့်ရတာ ကိစ္စတစ်ခုခုနဲ့ပတ်သက်ပြီး တုံ့ဆိုင်းနေတဲ့ပုံပဲ… သူပြောနေတဲ့ အဆင့်တစ်ဆို့အတားအဆီးဆိုတာ အဲ့အကြောင်းကိုရှောင်ချင်လို့ ပေးတဲ့ အကြောင်းပြချက်သက်သက်ပဲ…”

“ဒီတော့ စီနီယာအစ်ကိုရန်က အဆင့်တစ်ဆို့အတားအဆီးနဲ့ ကြုံနေရတာမဟုတ်ဘူးပေါ့…”

“သူ အဆင့်တစ်ဆို့အတားအဆီးနဲ့ ကြုံနေရတာက တကယ်ပြောတာ… သူအနေနဲ့ နောက်တစ်ဆင့်ကို ချိုးဖြတ်နိုင်မယ့်အခွင့်အရေးက ရောက်မလာသေးတာပဲရှိတာ… ဒါပေမယ့် အဲ့အခွင့်အရေးက အနှေးနဲ့အမြန် ရောက်လာမယ်မှန်း သိပြီးသား… ဒါပေမယ့် သူစိတ်ပူနေတဲ့ အခြားကိစ္စတစ်ခုကတော့ အလွယ်တကူဖြေရှင်းနိုင်မယ့် ကိစ္စမျိုးမဟုတ်ဘူး…”

ကျိယောင်သည် အပြင်ဘက်ဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။ ရန်ကိုင် မည်ကဲ့သို့သောကိစ္စနှင့်ပတ်သက်၍များ စိတ်ပူနေသလဲဆိုသည်ကို သူမစိတ်ထဲ တွေးမိသွားလေ၏။

ရေခဲနှလုံးသားတောင်ကြားအပြင်ဘက်သို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ပန်းတိမ်တိုက်လွန်းပျံကို ဆင့်ခေါ်၍ ထိုထဲသို့ဝင်ကာ မိုးကုပ်စက်ဝိုင်းအောက်ဆီသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်သည် ဟင်းလင်းပြင်အစီအရင်မှတစ်ဆင့် ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်မသွားခဲ့ချေ။ အကြောင်းမှာ သူသွားမည့်နေရာသည် မြောက်ဘက်နယ်မြေတွင် ရှိမနေသည့်အတွက်ကြောင့်ပင်။ သူ၏ရည်ရွယ်ချက်မှာ အရှေ့ဘက်နယ်မြေတွင်ရှိနေသော နဂါးကျွန်းသာ ဖြစ်လေသည်။

ကျုချင်း လုံးဝ ပြန်ရောက်မလာခဲ့ပေ။ အစကတော့ ကျုချင်းသည် လမ်းတွင် အခြားကိစ္စတစ်ခုခုကြောင့် နှောင့်နှေးနေရသည်ဟု ထင်ခဲ့လေသည်။ သို့သော်ငြား ရန်ကိုင် ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်ရောက်လာသည်မှာ နှစ်လပင် ကြာသွားခဲ့လေပြီ။ ထိုမျှလောက်ထိ ကြာသွားပြီးသည့်တိုင် ကျုချင်း ပြန်ရောက်မလာသည်ကို ကြည့်ပါက ကျုချင်းသည် နဂါးကျွန်းဆီသို့ ပြန်သွားသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

ရန်ကိုင်မှာ နဂါးကျွန်းဆီသို့ သိပ်၍ မသွားချင်သေးချေ။ သို့သော်ငြား လက်ရှိကျုချင်းနှင့် သူသည် လင်နှင့်မယား ဖြစ်နေခဲ့လေပြီ။ ယခု ကျုချင်းဆီမှ မည်သည့်သတင်းမှ မကြားရသည့်အခါ ရန်ကိုင်စိတ်မှာ ဂနာမငြိမ် ဖြစ်လာရတော့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် စိတ်အေးလက်အေးနှင့် ဆက်၍ ကျင့်ကြံနိုင်ခြင်း မရှိတော့ဘဲ နဂါးကျွန်းသို့သွားကာ ကျုချင်းအားရှာရန် ထွက်လာခဲ့ခြင်း ဖြစ်လေသည်။

(နင် ဘာလုပ်ချင်နေတာလဲ… ငါနဲ့ ချက်ချင်း ကွဲချင်နေတာလဲ… အစာစားပြီးတော့ ပိုက်ဆံမပေးဘဲ နေချင်တယ်ပေါ့ ဟုတ်လား… စောင့်နေ ကောင်မလေးရေ… ငါနင့်ကိုတွေ့တော့မှ မှတ်လောက်သားလောက်အောင် ကောင်းကောင်းရိုက်ပေးရမယ်…) ရန်ကိုင်စိတ်ထဲ ကြိတ်ကာ ကျုံးဝါးနေခဲ့လေသည်။ ထိုစဉ်က ကျုချင်းပြောသွားခဲ့သည့် စကားကို ပြန်စဉ်းစားမိလိုက်သော် ရန်ကိုင် အေးစက်စက်အမူအယာဖြင့် ပြုံးလိုက်လေသည်။

ကျုချင်း ယခုကဲ့သို့လုပ်ရခြင်းမှာ သူ့အတွက်ကြောင့်မှန်း ရန်ကိုင်သိပြီးသားပင်။ သို့သော်ငြား ကျုချင်း၏လုပ်ရပ်သည် မှန်ကန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်သည်ဟူတော့ ရန်ကိုင်မထင်။ ရန်ကိုင်ကိုယ်တိုင်သည်လည်း သူမ၏လုပ်ရပ်အပေါ် လက်မခံနိုင်ပေ။ (ငါက ယောကျ်ားတစ်ယောက်… မိန်းမတစ်ယောက်က ငါ့ကို ကာကွယ်ပေးနေစရာမလိုဘူး…)

မူလကမူ ရန်ကိုင်သည် ထက်ကောင်းကင်နန်းတော်တွင်သာ နေ၍ ကျုချင်းပြန်လာသည်ကို စောင့်လျှင်ကောင်းမလား ထိုသို့မဟုတ်ဘဲ နဂါးကျွန်းသို့သွားကာ ကျုချင်းအား သွားရှာလျှင်ကောင်းမလား ဆိုသည်နှင့်ပတ်သက်၍ ဝေခွဲမရ ဖြစ်ခဲ့လေသည်။ သို့သော်ငြား ယခုတွင်မူ ဘာဆက်လုပ်ရမလဲဆိုသည်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက် ချပြီးသွားခဲ့လေပြီ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၁၄)

ဘာသာပြန်သူ_တိမ်တိုက်

မီးနဂါးနန်းတော်ထဲရှိ တောင်တစ်လုံး၏ နောက်ဘက်ခြမ်းတွင်…

ဤနေရာရှိ ရှုခင်းအဖုံဖုံမှာ နွေဦးရှုခင်းများသဖွယ် လန်းဆန်းသစ်လွင်လှပလှပေသည်။

လက်ရှိအချိန်တွင် လီကျောက်သည် သားနားစွာဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးနှင့်အတူ ပန်းဥယျာဉ်ထဲ ဇိမ်ပြေနပြေ လမ်းလျှောက်ထွက်နေခဲ့လေသည်။ နှစ်ဦးသားမှာ လက်ချင်းချိတ်ထားခဲ့ပြီး အလွန်ကိုမှ ရင်းနှီးပုံပေါက်လေ၏။

ထိုအမျိုးသမီးသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး သူမ၏မျက်နှာလေးမှာ မက်မုံပွင့်လေးပမာ နှစ်လိုဖွယ် ကောင်းလှပေသည်။ အသားအရေမှာလည်း ဖြူဖွေးနူးညံ့လှပြီး မျက်ခုံးလေးများဆိုလျှင်လည်း ယစ်မူးဖွယ်ရာ ကောင်းလှလေ၏။ ထို့အပြင် သူမ၏အကြည့်သည် ပုံမှန်နှင့်မတူ ကျော့ရှင်းကာ အိန္ဒြေရှိလှ၏။

နဂါးများသည် တဏှာကြီးလှပေသည်။ လီကျောက်သည် သွေးသန့်နဂါးတစ်ကောင် မဟုတ်ပါသော်ငြား တဏှာကြီးသည့်စရိုက်မှာတော့ သူ့ဆီမှ ပျောက်ကွယ်သွားခဲ့ခြင်း မရှိချေ။ ထို့ကြောင့်ပင်လျှင် လီကျောက်မှာ အလွန်ကိုမှ မိန်းမလိုက်စားသည်ဟုပင် ပြော၍ရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် မီးနဂါးနန်းတော်ထဲ၌ လီကျောက်၏ မိန်းမများနှင့် ကိုယ်လုပ်တော်ပေါင်းများစွာ ရှိကြလေ၏။ သူ၏ မိန်းမများ၊ ကိုယ်လုပ်တော်များအနက် လီကျောက် ချစ်မြတ်နိုးရဆုံးမှာတော့ လက်ရှိ သူ့ဘေးနားတွင်ရပ်နေသည့် အမျိုးသမီးဟုန်သာ ဖြစ်လေသည်။

ယခင်ကဆိုလျှင် လီကျောက်သည် အားလျှင်အားသလို အမျိုးသမီးဟုန်နှင့် အချစ်ပွဲနွှဲလေ့ရှိပေသည်။ အမျိုးသမီးဟုန်မှာလည်း သူမဘဝ၏ပျော်ရွှင်မှုသည် လီကျောက်နှင့်ပတ်သက်နေမှန်း သိထားသည့်အလျောက် လီကျောက်၏လိုအင်ဆန္ဒများကို တတ်စွမ်းသလောက် ဖြည့်ဆည်းပေးလေသည်။

လီကျောက်၏ အခြားသောမိန်းမများ ကိုယ်လုပ်တော်များအားလုံး မည်သူမျှ လီကျောက်၏အချစ်အတွက် သူမနှင့် ပြိုင်ဆိုင်နိုင်ခြင်း မရှိကြချေ။ ယခင်က ထိုကဲ့သို့ဖြစ်ခဲ့လေသည်။ ယခုဆိုလျှင် ပို၍ပင် သိသာလာပေသေးသည်။

လွန်ခဲ့သောနှစ်လခန့်က မီးနဂါးနန်းတော်သို့ ပြန်ရောက်လာပြီးသည့်နောက်တွင် လီကျောက်သည် အမျိုးသမီးဟုန်အပေါ် ပို၍ပင် အလိုလိုက်လာခဲ့လေသည်။ ယခင်က သူမအပေါ် အမှန်တကယ်ကို ကောင်းမွန်စွာ ဆက်ဆံခဲ့ပါသော်ငြား ယခုဆိုလျှင် ယခင်ကထက်ကို ပို၍ ကောင်းကောင်းမွန်မွန် ဆက်ဆံလာလေသည်။ မီးနဂါနန်းတော်သို့ ပြန်ရောက်လာပြီးသည့် နှစ်လလုံးလုံး လီကျောက်သည် သူမနားမှ ခြေတစ်ဖဝါးပင် မခွာခဲ့ပေ။ ထိုအချက်ကိုကြည့်လျှင် လီကျောက် အမျိုးသမီးဟုန်အပေါ် မည်မျှ တန်ဖိုးထားကြောင်းကို မြင်တွေ့နိုင်လေ၏။

အမျိုးသမီးဟုန်သည်လည်း ပြောင်းလဲသွားသော လီကျောက်၏အပြုအမူများကို သတိထားမိပေသည်။ သို့သော်ငြား စဉ်းစားတတ်သူတစ်ဦးပီပီ သွားမေးမနေခဲ့ပေ။ ထို့အစား ထိုအခိုက်အတန့်ကို အမိအရဖမ်းဆုပ်၍ လီကျောက်၏ လိုအင်ဆန္ဒအလုံးစုံကို ဖြည့်ဆည်းပေးရန်သာ အတတ်နိုင်ဆုံး ကြိုးစားလေ၏။

“နန်းတော်သခင်… အဲ့ပန်းလေးက လှလိုက်တာ…” အမျိုးသမီးဟုန်သည် ငွားငွားစွင့်စွင့်ပွင့်လန်းနေသော အနီရောင်ပန်းတစ်ပွင့်ကို ညွှန်ပြရင်းမှ ပြောလိုက်လေသည်။

“နင်ကြိုက်လို့လား…” လီကျောက်သည် အမျိုးသမီးဟုန်အား ပြုံးကာကြည့်ရင်းမှ ပြန်မေးလိုက်သည်။

“အင်း… ကြိုက်တယ်…” အမျိုးသမီးဟုန်က သိမ်မွေ့သည့်အမျိုးသမီးတစ်ဦး၏ ပုံစံမျိုးဖြင့် အသာအယာ ခေါင်းပြန်ညိတ်ပြလိုက်လေ၏။

လီကျောက်သည်ပြုံးလျက် ထိုပန်းကိုလှမ်းခူးကာ အမျိုးသမီးဟုန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

အမျိုးသမီးဟုန်သည် လီကျောက် သူမအား ပန်းပန်ပေးလို့ ရစေရန်အတွက် သူမ၏ခေါင်းကို အသာအယာလေး ငုံ့ပေးလိုက်လေသည်။ ခေါင်းပြန်မော့လာသည့်နောက် သူမ၏ခေါင်းကို ဘယ်တစ်ပြန် ညာတစ်ပြန် လှည့်လိုက်ပြီးသည့်နောက် ယဲ့ယဲ့လေးပြုံးလျက် မေးလိုက်လေ၏။ “လှလား…”

လီကျောက်သည် အမျိုးသမီးဟုန်၏ပါးလေးကို အသာအယာလေး ဆွဲညှစ်လိုက်ပြီးသည့်နောက် ခေါင်းညိတ်လျက် ပြောလိုက်လေ၏။ “လှတယ်… ဒါပေမယ့် ငါ့မိန်းမလေးက ပိုတောင်လှသေးတယ်…”

ထိုစကားကိုကြားသော် အမျိုးသမီးဟုန်၏ရင်ထဲ ပန်းပေါင်းတစ်ရာ ဝေဝေဆာဆာ ပွင့်လန်းသွားသည့်ပမာ ခံစားလိုက်ရလေသည်။ ချက်ချင်းပဲ ကလေးဆိုးလေးတစ်ဦးပမာ စိတ်ကောက်နေသည့်ပုံစံမျိုးဖြင့် ပြန်မေးလိုက်လေ၏။ “နန်းတော်သခင်လီက ကျွန်မကို စဖို့ကြီးပဲ…”

(နန်းတော်သခင်လီ ဒီတစ်ခေါက် အပြင်မှာ ဘာတွေကြုံခဲ့လို့များ အခုတွေ ပြောင်းလဲသွားရတာလဲ… အခုဆို အရင်ကထက်တောင် ငါ့ကို ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံလာတယ်…) ယခင်ကဆိုလျှင် လီကျောက်သည် အမျိုးသမီးများနှင့် ပျော်ပါးပြီးသည့်နောက်တွင် ယခုကဲ့သို့ အချိန်ဖြုန်းနေလေ့မရှိဘဲ သူ့ဘာသာ တံခါးပိတ်ကျင့်စဉ်ဝင်နေလေ့ ရှိပေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ ကျင့်ကြံဖို့ရာပင် လုံးဝ စိတ်မဝင်စားတော့ဘဲ နှစ်လလုံးလုံး အမျိုးသမီးဟုန်ကိုသာ အဖော်ပြုပေးနေလေ၏။ ထိုအကြောင်းကြောင့်ပင်လျှင် သူ၏ အခြားသောမိန်းမများနှင့် ကိုယ်လုပ်တော်များမှာ အမျိုးသမီးဟုန်အပေါ် အလွန်ကိုမှ မနာလိုဖြစ်ခဲ့ကြရသည်။

“ဟုန်အာ… အခုကနေစပြီး ငါ နင်နဲ့ အခုလိုမျိုးပဲ နေသွားတော့မယ်… အဆင်ပြေလား…” လီကျောက်သည် အမျိုးသမီးဟုန်အား ပြုံးကာ ကြည့်နေရင်းမှ မေးလိုက်လေသည်။

အမျိုးသမီးဟုန်၏ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။ အကြည့်ချင်းဆုံသွားသည့်အခိုက် သူမ၏မျက်နှာလေး နီတက်လာခဲ့ပြီး ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏။ “နန်းတော်သခင်လီကို ကျွန်မအနားမှာပဲ ခေါ်ထားလို့မဖြစ်ဘူးလေ… နန်းတော်သခင် ကျင့်ကြံဖို့ ရှိသေးတယ်မလား…”

“ကျင့်ကြံဖို့… ဘာလို့ကျင့်ကြံရဦးမှာလဲ…” လီကျောက်က ပြန်ပြောလိုက်သည်။ “ငါ့ကျင့်ကြံခြင်းခရီးလမ်းက ဒီမှာတင် အဆုံးသတ်သွားပြီ… နောက်ပိုင်း ငါ ဘယ်တော့မှ ထပ်ပြီး မကျင့်ကြံတော့ဘူး… ကျန်တဲ့အချိန်တွေကို ငါ့မိန်းမနဲ့အတူ ပန်းလေးတွေကိုကြည့်ရင်းနဲ့ပဲ ကုန်ဆုံးလိုက်တော့မယ်…”

လီကျောက်၏စကားကို ကြားပြီးသည့်နောက်တွင် အမျိုးသမီးဟုန်မှာ သူမ၏ခံစားချက်များကို ထိန်းချုပ်ခြင်းငှာ မစွမ်းနိုင်တော့သည့်အလား သူမ၏မျက်လုံးလေးများ မျက်ရည်ဝိုင်းသွားခဲ့ရလေသည်။

“နင် ဘာလို့ ငိုနေတာလဲ…” လီကျောက်သည် အမျိုးသမီးဟုန်၏ ပါးပြင်ထက်ရှိ မျက်ရည်လေးများကို အသာအယာ သုတ်ပေးလိုက်ပြီးသည့်နောက် ရယ်မောလျက် “မိန်းမတွေက ရေကနေဖြစ်လာတာလို့ ပြောတယ်… ကြည့်ရတာ အဲ့ဒါတွေက အမှန်ဖြစ်နေတဲ့ပုံပဲ…”

“နန်းတော်သခင်က ကျွန်မအပေါ် ဒီလောက်တောင်ကောင်းတာ… ဟုန်အာ သေပျော်သွားပြီ…” ထိုသို့ပြောပြီးသည့်နောက်တွင် လီကျောက်၏လက်မောင်းကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လျက် သူ့ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်လေသည်။ လီကျောက်မှာ ယခင်က သူမအပေါ် အလွန်ကိုမှ ကောင်းခဲ့ပါသော်ငြား ယခုလောက်ထိတော့ ကောင်းမွန်ခြင်း မရှိခဲ့ပေ။

“ဘာဖြစ်လို့လဲ… ငါတို့မှာ အချိန်တွေအများကြီး ရှိသေးတာပဲဟာကို…” လီကျောက်က ပြုံး၍ အမျိုးသမီးဟုန်၏ကျောပြင်လေးကို အသာအယာ ပွတ်သပ်ပေးလိုက်လေသည်။

အမျိုးသမီးဟုန်သည် လီကျောက်၏ရင်ခွင်ထဲသို့ ပို၍တိုးဝင်သွားခဲ့ပြီး တိုးတိုးလေးပြောလိုက်လေ၏။ “နန်းတော်သခင်… ကျွန်မ လိုချင်တယ်…”

ထိုစကားကို ကြားသည့်အခါ လီကျောက်မှာ ရုတ်တရက်ဆိုသလို အားပြည့်အင်ပြည့် ဖြစ်လာခဲ့ပြီး မျက်ခုံးပင့်လျက် စနောက်လိုက်လေသည်။ “ဘာလိုချင်တာလဲ…”

အမျိုးသမီးဟုန်သည် နှုတ်ခမ်းလေးဆူလျက် လီကျောက်၏ရင်ဘတ်ကို သူမ၏လက်သီးလေးများဖြင့် ထုရိုက်ရင်းမှ ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်က အရမ်းမုန်းဖို့ကောင်းတာပဲ…”

လီကျောက် ဝါးလုံးကွဲ ထရယ်တော့လေသည်။ သို့သော်ငြား သူ့ရယ်သံသည် အစာနင်သွားသည့်အလား သူ့လည်ချောင်းတွင် ရုတ်တရက် ရပ်တန့်သွားခဲ့လေ၏။ တစ်ချိန်တည်းတွင် လီကျောက်၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်လျက် အော်မေးလိုက်လေသည်။ “ဘယ်သူလဲ…”

လီကျောက်လှမ်းကြည့်နေရာအရပ်ရှိ ကျောက်ဆောင်ပေါ်တွင် အခြားသောလူတစ်ဦး ထိုင်နေခဲ့လေသည်။ ထိုလူသည် ထိုနေရာတွင် ငြိမ်ငြိမ်လေးထိုင်နေရင်းမှ လီကျောက်နှင့် အမျိုးသမီးဟုန်တို့ အချင်းချင်း ချစ်ကြည်နူးနေသည်ကို ဇိမ်ပြေနပြေ ထိုင်ကြည့်နေလေ၏။

ထိုလူ၏မျက်နှာကို မြင်လိုက်သည့်အခိုက် လီကျောက်မှာ ကြောက်ရွံ့မှုကြောင့် လိပ်ပြာလွင့်သွားသည့်အလား အသံကုန်ထအော်လေသည်။ “မင်း…”

“ဟယ်လို…” ရန်ကိုင်က ပြုံး၍ လက်မြှောက်ကာ နှုတ်ဆက်လိုက်လေ၏။ “မတွေ့ရတာ နှစ်လလောက်ကြာသွားပေမယ့် ရောင်းရင်းလီက အရင်အတိုင်းပဲ ရှိနေသေးတာပဲ…”

“အား…” အမျိုးသမီးဟုန်သည်လည်း ထိတ်လန့်သွားခဲ့ပြီး ချက်ချင်း လီကျောက်၏ရင်ခွင်ထဲ ခုန်ထွက်လိုက်လေသည်။ ထို့နောက် အသံကြားရာဘက်ဆီသို့ ရှက်ကိုးရှက်ကန်းအမူအယာဖြင့် လှမ်း၍ကြည့်လိုက်လေ၏။ (ဒီလူ ခုနတုန်းက ငါပြောလိုက်တဲ့စကားကို ကျိန်းသေ ကြားသွားရလိမ့်မယ်…) အစောပိုင်းက သူမပြောလိုက်သည့်စကားကို ပြန်စဉ်းစားမိလိုက်သော် အမျိုးသမီးဟုန်မှာ တွင်းတစ်တွင်းတူး၍ ထိုတွင်းထဲသို့ ချက်ချင်း ပြေးပုန်းချင်စိတ်များ ဖြစ်ပေါ်လာခဲ့ရလေသည်။ ထို့နောက် ရှက်ရှက်ဖြင့် ခြေဆောင့်ကာ ဒေါမာန်တကြီး အော်မေးလိုက်လေသည်။ “ရှင် ဘယ်သူလဲ… ဘာလို့ ဒီမှာ ခိုးကြောင်ခိုးဝှက် လာလုပ်နေတာလဲ…”

အမျိုးသမီးဟုန်မှ ထိုကဲ့သို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လီကျောက်သည် အမျိုးသမီးဟုန်ကို ဖမ်းဆွဲလိုက်ပြီး သူ့နောက်သို့ ပို့လိုက်လေသည်။ အမျိုးသမီးဟုန်မှာ ရန်ကိုင်နှင့် တစ်ခါမှ မတွေ့ဖူးသည့်အတွက်ကြောင့် ရန်ကိုင်အကြောင်းကို သိလိမ့်မည်မဟုတ်ပါသော်ငြား လီကျောက်ကမူ ရန်ကိုင်အကြောင်းကို ကောင်းကောင်းသိထားပေသည်။

“နန်းတော်သခင်ရန်…” လီကျောက်၏အသံသည် ချုံးပွဲချငိုလုမတတ်ကလေးတစ်ဦး၏ အသံမျိုး ဖြစ်နေခဲ့လေသည်။ “ဘယ်တုန်းကရောက်လာတာလဲ… ရောက်တယ်ဆိုရင်လည်း ပြောပေါ့ နန်းတော်သခင်ရန်ရာ…”

(မတွေ့ချင်ဆုံးလူကိုမှ ဘာဖြစ်လို့ ခဏခဏတွေ့နေရတာလဲကွာ… နဂါးကလန်တောင် ဒီလမ်းလျှောက်နေတဲ့ကံဆိုးကောင်နဲ့ သွားယှဉ်လို့မရဘူး…) ရန်ကိုင်သည် လီကျောက်၏အိပ်မက်ဆိုး ဖြစ်သလို သဘာဝရန်သူတစ်ဦးလည်း ဖြစ်ပေသည်။

ရန်ကိုင်နားတွင် ရှိနေတိုင်း လီကျောက်မှာ ဒုက္ခလှလှနှင့် တွေ့ရသည်။ ရေခဲနယ်မြေထဲတွင် လီကျောက်ကြုံခဲ့ရသော အဖြစ်အပျက်များနှင့် အနောက်ဘက်နယ်မြေတွင် ကြုံခဲ့ရသည့် အဖြစ်အပျက်များမှာ အကောင်းဆုံးသက်သေ ဖြစ်ပေသည်။

“ကျုပ် ဒီကိုရောက်နေတာ နည်းနည်းတော့ကြာနေပြီ… ရောင်းရင်းလီတို့ပျော်နေတာကို မနှောင့်ယှက်ချင်လို့ ဒီတိုင်းပဲ ထိုင်ကြည့်နေတာ… ကျေးဇူးပြုပြီး စိတ်ထဲမထားနဲ့နော်…” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြောလိုက်လေသည်။

(ချီးကိုစိတ်ထဲမထား… ဒီလိုမျိုး ခိုးကြောင်ခိုးဝှက်ကြည့်နေရတာကို နည်းနည်းလေးမှ မရှက်တတ်ဘူးလားမသိဘူး…) လီကျောက်က စိတ်ထဲမှ ကြိတ်ကာ အပြစ်တင်နေလေ၏။ သို့တိုင် အပြင်သို့မူ ထုတ်မပြောရဲခဲ့ပေ။ ရန်ကိုင်ကို သတိထားလျက် ကြည့်နေရင်းမှသာ ပြန်၍မေးလိုက်လေသည်။ “နန်းတော်သခင်ရန်… ဒီကို ဘာလာလုပ်တာလဲ…”

“ခင်ဗျား ဆက်လုပ်ရင်လည်း ဆက်လုပ်လေ… ကျုပ်အလျင်မလိုဘူး… ခင်ဗျားကိစ္စပြီးသွားမှပဲ ပြောကြတာပေါ့…” လီကျောက်၏မျက်နှာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့ပြီး သူ့စိတ်ထဲ ကြိတ်ကာ ဆဲရေးလိုက်လေသည်။ (မင်းအခုလိုလုပ်ပြီးမှတော့ ငါတို့က ဘာဆက်လုပ်ရဦးမှာလဲကွ…) ထို့နောက် မကျေမနပ်ဖြင့် ပြန်၍ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်… ပြောစရာရှိတယ်ဆိုရင် ကျေးဇူးပြုပြီး လိုရင်းကို တန်းပြောလိုက်ပါနော်… ကျုပ် အရင်ဆုံးပြောထားလိုက်ဦးမယ်… နန်းတော်သခင်ရန် အကြွေးတောင်းဖို့ရောက်လာတယ်ဆိုရင်တော့ ကျုပ်တို့ ဘာမှ ပြောစရာမရှိတော့ဘူး…”

“ကျုပ် ဒီကို အကြွေးတောင်းဖို့ရောက်လာတာမဟုတ်ပါဘူး… ခင်ဗျား ဘာဖြစ်လို့ ကျုပ် ဒီကိုရောက်လာတာနဲ့ အဲ့အကြွေးကိစ္စပဲ စဉ်းစားနေရတာလဲ…” ရန်ကိုင်က ထိုင်ရာမှထကာ အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “ကျုပ် ရောင်းရင်းလီဆီကနေပြီးတော့ အကူအညီတစ်ခုလောက် တောင်းစရာရှိလို့…”

“ဂလု…” လီကျောက် တံတွေးတစ်လုပ် မျိုချလိုက်လေသည်။ (ငါ ဒီစကားတွေကို ရင်းနှီးနေသလိုပဲ…)

ယခင်တစ်ကြိမ် ရန်ကိုင် မီးနဂါနန်းတော်ဆီသို့ ရောက်လာခဲ့စဉ်က ဤကဲ့သို့သောစကားမျိုးကို ပြောခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် လီကျောက်မှာ ရေခဲနယ်မြေထဲသို့ ရောက်သွားခဲ့ရပြီး ထိုမှတစ်ဆင့် ဒွိလောကကမ္ဘာထဲသို့ပါ ထပ်မံရောက်ရှိသွားခဲ့ရကာ နောက်ဆုံးတွင်တော့ အနောက်ဘက်နယ်မြေသို့ ရောက်သွားခဲ့ရလေသည်။ ထိုအချိန်အတောအတွင်း လီကျောက်မှာ သေရေးရှင်ရေးအခြေအနေများနှင့် မရေမတွက်နိုင်အောင် ကြုံခဲ့ရပြီး အကြိမ်ပေါင်းများစွာ သေခါနီး ဖြစ်ခဲ့ရလေသည်။ ထိုအဖြစ်အပျက်များကို လီကျောက် လုံးဝ မေ့နိုင်လိမ့်မည်မဟုတ်ပေ။ (ငါ အသက်ရှင်လာခဲ့တာ နှစ်ပေါင်းနည်းတော့တာမဟုတ်ဘူး… အဲ့နှစ်တွေအတွင်း ကြုံခဲ့ရတဲ့ ပြဿနာတွေတောင် မင်းနဲ့ ခရီးတစ်ကြိမ်လောက်သွားတုန်းက ကြုံရတဲ့ ပြဿနာတွေလောက် မဆိုးသေးဘူး… အခု မင်းနောက်ကို ထပ်လိုက်ခိုင်းချင်သေးတယ်ပေါ့… ဟုတ်လား… မင်း ရူးနေတာလား… ငါ မင်းကို အရင်းအမြစ်ကျောက်လေး နည်းနည်းပါးပါးပဲ အကြွေးတင်မိတာပါကွာ… ဘာဖြစ်လို့ ငါ့ကို ဒီလောက်တောင် အနိုင်ကျင့်ချင်နေရတာလဲ…)

လီကျောက်မှာ ရန်ကိုင်နှင့် စိတ်ရှိလက်ရှိ ထတိုက်ခိုက်ချင်စိတ်များသာ ဖြစ်ရလာတော့လေသည်။ သူသေရမည်ဆိုလျှင်ပင် ယခုကဲ့သို့ အဆက်မပြတ် နှိပ်စက်ခံနေရသည်ထက် ပို၍ အဆင်ပြေသေးသည်။

သို့သော်ငြား ထိုအတွေးများသည် လီကျောက်၏စိတ်ထဲတွင်သာ ပေါ်လာခဲ့ခြင်း ဖြစ်လေသည်။ တကယ်တမ်းတိုက်ခိုက်ကြမည်ဆိုလျှင် သူ့အနေဖြင့် ရန်ကိုင်၏ပြိုင်ဘက် မဖြစ်နိုင်မှန်း လီကျောက်သိပြီးသားပင်။ သွေးမျိုးဆက်ဖိနှိပ်ခြင်းသည် သူ၏ စိတ်စွမ်းအင်သက်သက်ဖြင့် ကျော်လွှားနိုင်မည့် အရာမျိုးမဟုတ်ချေ‌။

“နန်းတော်သခင်ရန်… ကျုပ်ခွန်အားက ဒီလောက်မြင့်တာမဟုတ်တော့ နန်းတော်သခင်ရန်ကို ကူညီပေးနိုင်လောက်မှာမဟုတ်ဘူးနော်…” လီကျောက်မှာ ရန်ကိုင် သူ့ဆီမှ မည်ကဲ့သို့သောအကူအညီမျိုး တောင်းမလဲ ဆိုသည်ကိုပင်လျှင် မေးမနေတော့ဘဲ ချက်ချင်းကို တန်းငြင်းလိုက်လေသည်။

(ငါ မင်းနဲ့ ဘယ်တော့မှ မပတ်သက်တော့ဘူး… မင်းနဲ့ နေတာများရင် ကြာရင် ငါအသက်တိုမယ်… အပြင်လောကကိစ္စတွေလည်း ဂရုမစိုက်တော့ဘူး… သူတို့ဘာသာသူတို့ ဖြစ်ချင်တာဖြစ်… ငါ့ဘာသာငါပဲ ငါ့မိန်းမလေးနဲ့ အေးအေးဆေးဆေး အသက်ကြီးသွားတော့မယ်…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ဆက်၍ ပြောလိုက်လေသည်။ “ကျုပ် တစ်နေရာရာဆီသွားချင်လို့… အဲ့ဒါကြောင့်မလို့ ရောင်းရင်းလီဆီကနေ လာအကူအညီတောင်းတာ…”

(ငါ့လခွမ်း… မင်း ငါပြောတာကို ဂရုမစိုက်ဘူးပေါ့… ငါ အခုလေးတင် မင်းကို မကူညီနိုင်ဘူးလို့ ပြောပြီးသွားပြီလေ…) သူ့စိတ်ထဲ ဒေါသထွက်သွားမိလင့်ကစား လီကျောက်က အံကြိတ်၍ ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်… ကျုပ် ရှင်းရှင်းလင်းလင်းပြောထားလိုက်မယ်နော်… ကျုပ် နန်းတော်သခင်ရန်ကို မကူညီပေးနိုင်လို့ပါ… ဒါကြောင့် ကျေးဇူးပြုပြီးတော့…”

“ကျုပ် နဂါးကျွန်းဆီသွားချင်နေတာ…”

“တော်… ပြီ…” လီကျောက်မှာ သူ့ဒေါသကို မထိန်းနိုင်တော့သည့်အဆုံး ထအော်လိုက်လေသည်။ ရန်ကိုင်အား အစိမ်းလိုက်ဝါးစားတော့မည့် အကြည့်မျိုးဖြင့် စိုက်ကြည့်နေပြီးသည့်နောက် ရုတ်တရက် သူ့အမူအယာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့ပြီး ပြန်၍မေးလိုက်လေ၏။ “နန်း… နန်း… နန်းတော်သခင်ရန် ဘာပြောလိုက်တာ… ဘယ်ကိုသွားချင်တာ…”

“နဂါးကျွန်းလေ…”

“ဟူး…” လီကျောက် သက်ပြင်းရှိုက်လိုက်ပြီး သူ့မျက်နှာတစ်ပြင်လုံးမှာလည်း စက္ကူဖြူတစ်ရွက်ပမာ ဖြူလျော်သွားခဲ့လေသည်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက်တွင် လီကျောက်က သူ့စကားကို သတိထား၍ ပြန်မေးလိုက်သည်။ “နန်းတော်သခင်ရန် ရူးနေတာလား…”

“ခင်ဗျားမှာ အဲ့နေရာဆီ သွားလို့ရမယ့် နည်းလမ်း ရှိလား…”

လီကျောက် ဆွံ့အသွားတော့လေသည်။ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးသည့်နောက်တွင် လီကျောက်က ပြန်မေးလိုက်သည်။ “နန်းတော်သခင်ရန်… နဂါးကျွန်းက ဘယ်လိုနေရာမျိုးလဲဆိုတာကို မသိတာလား… ဘာဖြစ်လို့ အဲ့နေရာဆီ သွားချင်နေရတာလဲ…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုချင်း ပြန်ရောက်မလာသေးဘူး…”

ထိုစကားကိုကြားသည့်အခါ လီကျောက် ဝမ်းသာအားရဖြစ်သွားပြီး အမှုမဲ့အပတ်မဲ့ ပြောလိုက်မိလေသည်။ “နန်းတော်သခင်ရန် ပစ်ထားခံလိုက်ရတာလား…”

“အပိုတွေ…” ရန်ကိုင်မှာ ရှက်ရှက်ဖြင့် ဒေါသထွက်လာတော့လေသည်။ “သူ့မှာ သူ့အကြောင်းနဲ့သူရှိလို့ ပြန်မလာတာ…”

လီကျောက်သည် တစ်ခုခုအား နားလည်သွားပြီး ခေါင်းညိတ်လျက် “နန်းတော်သခင်ရန်က အားလည်းကောင်းတယ်… ဉာဏ်ပညာလည်းကြီးမားတယ်… သူ အခုလိုလုပ်ရတယ်ဆိုမှတော့ နန်းတော်သခင်ရန်အတွက်ကြောင့်ပဲ ဖြစ်မှာပေါ့… အဲ့ဒါကို ဘာဖြစ်လို့ ပြဿနာအတက်ခံပြီး နဂါးကျွန်းဆီ သွားချင်နေရသေးတာလဲ…”

ရန်ကိုင်က နှာခေါင်းရှုံ့လျက် “ဘယ်သူပြဿနာတက်မယ်ဆိုတာ မသေချာသေးဘူး‌လေ…”

လီကျောက် ဆွံ့အသွားခဲ့လေသည်။ “နန်းတော်သခင်ရန် နဂါးကျွန်းဆီသွားချင်တယ်ဆိုရင် ကိုယ့်ဘာသာကိုယ်သွားလိုက်လေ… ဘာလို့ ကျုပ်ဆီရောက်လာတာလဲ… ကျုပ်က ဘာကူညီပေးနိုင်မှာမို့လို့လဲ…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ခင်ဗျားမှာ နဂါးသွေးပါတယ်လေ… ဒီတော့ နဂါးကျွန်းဘယ်မှာရှိတယ်ဆိုတာကို ခင်ဗျားမသိဘူးလား…”

လီကျောက်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်လျက် “ဘယ်လိုလုပ်ပြီးသိမှာလဲ နန်းတော်သခင်ရန်ရဲ့…”

“ခင်ဗျား တကယ်မသိတာလား…” ရန်ကိုင်သည် လီကျောက်အား စိုက်ကြည့်လိုက်လေသည်။

လီကျောက်က ခေါင်းခါလျက် “ကျုပ် တကယ်မသိတာ…”

ရန်ကိုင်က ခေါင်းညိတ်လျက် “ကောင်းပြီလေ… အဲ့ဒါဆိုလို့ရှိရင်လည်း ကျုပ် ခင်ဗျားကို ထပ်ပြီးတော့ မနှောင့်ယှက်တော့ဘူးပေါ့… အာ… ဒီက မရီး… ကျေးဇူးပြုပြီးတော့ ကျုပ် လာနှောင့်ယှက်မိတာကို စိတ်ထဲမထားပါနဲ့နော်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် အမျိုးသမီးဟုန်အား လက်သီးဆုပ်၍ နှုတ်ဆက်ပြီးသည့်နောက် ပြန်ထွက်သွားလေ၏။

(သူ ဒီတိုင်းပဲ ထွက်သွားတာလား…) လီကျောက်သည် ထွက်သွားသည့် ရန်ကိုင်၏ကျောပြင်ကို ကြောင်ကြည့်နေမိလေသည်။ ယခင်တစ်ကြိမ်ကဆိုလျှင် ရန်ကိုင်သည် သူ့အား ရေခဲနယ်မြေသို့ မရ ရအောင် ဆွဲခေါ်ခဲ့လေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ သူ့ဘာသာသူ အေးအေးဆေးဆေး ပြန်ထွက်သွားခဲ့လေသည်။ ဤရန်ကိုင်သည် သူသိသည့်ရန်ကိုင်များ ဟုတ်မှ ဟုတ်ပါလေစ။

“ဟမ်… အဲ့ဒါ ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်လား…” အမျိုးသမီးဟုန်သည် ရန်ကိုင်ထွက်သွားသည့်ဘက်သို့ လှမ်းကြည့်နေရင်းမှ မေးလိုက်လေသည်။ ရန်ကိုင် မည်သူမှန်း သိသွားသည့်နောက်တွင် သူမစိတ်ထဲ ကြောက်လန့်မိသွားခဲ့လေသည်။ ကောလဟာလများပြောကြသည်မှာတော့ ထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်သည် မျက်တောင်မခတ်ပဲ လူသတ်သည့် အဆိုးရွားဆုံးသော မိစ္ဆာကြီးတစ်ကောင် ဖြစ်သည်ဟူ၍ပင်။ ထို့အပြင် သူသည် ရမ္မက်ရှာဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖျက်ဆီးပစ်ခဲ့သည့်လူလည်း ဖြစ်ပေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၁၅)

ဘာသာပြန်သူ_တိမ်တိုက်

အမျိုးသမီးဟုန် ပြောသည်ကို မကြားသည့်အလား လီကျောက်သည် ငေးကြောင်ကြောင်ဖြင့်သာ ရှိနေလေသည်။ သူ၏မျက်နှာအမူအရာမှာ အဆက်မပြတ် ပြောင်းလဲနေခဲ့ပြီး သူ၏အကြည့်မှာလည်း ဒွိဟဖြစ်နေသည့်ပုံပင်။

အမျိုးသမီးဟုန်သည် လီကျောက်အား လှမ်းကြည့်လိုက်ပြီးသည့်နောက်တွင် သူ့ဆီသို့ ရောက်လာကာ လီကျောက်၏ အဝတ်အစားများကို သပ်ရပ်အောင် လုပ်ပေးလိုက်ပြီးသည့်နောက် ပြောလိုက်သည်။

"ဟိုးအရင်နှစ်တွေတုန်းက နန်းတော်သခင် ကျွန်မကို တစ်ခါပြောခဲ့ဖူးတာ ရှိတယ်"

"ဘာပြောခဲ့တာလဲ"

လီကျောက်က အမှတ်မဲ့ ပြန်၍မေးလိုက်သည်။

"နန်းတော်သခင်ရဲ့ အကြီးမားဆုံးသော ဆန္ဒက နဂါးကျွန်းဆီ ခြေချခွင့်ရဖို့ပဲတဲ့၊ နန်းတော်သခင်ရဲ့ သွေးမျိုးဆက် အရင်းခံလာတဲ့နေရာကို နန်းတော်သခင် ရောက်ဖူးချင်တာလေ၊ နဂါးကျွန်းကို တစ်ချက်လောက် မြင်ရရုံနဲ့တင် နန်းတော်သခင် သေပျော်ပါပြီလို့တောင် ပြောခဲ့သေးတယ်"

"ဟုန်အာ၊ မင်း..."

လီကျောက်သည် အမျိုးသမီးဟုန်အား အံ့သြတကြီးဖြင့် ကြည့်လိုက်လေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က သူအရက်မူးပြီး ပြောခဲ့သည့် စကားကို အမျိုးသမီးဟုန် ယခုအချိန်ထိတိုင် မှတ်မိနေလိမ့်ဦးမည်ဟု လီကျောက် ထင်မှတ်ထားခဲ့ခြင်း မရှိပေ။

"သွားလေ၊ ကျွန်မ နန်းတော်သခင်ကို စောင့်နေမယ်"

လီကျောက်ကို ကြည့်နေသည့် အမျိုးသမီးဟုန်၏ မျက်လုံးများထဲ တွန့်ဆုတ်ရိပ်တို့ဖြင့် ပြည့်နေခဲ့ပါသော်ငြား မျက်နှာကိုမူ လုံးဝ ပြုံးထားခဲ့လေသည်။

လီကျောက် မျက်လုံးထဲရှိ ရုန်းကန်ရိပ်တို့မှာ ရုတ်တရက်ဆိုသလို ပိုပို၍ သိသာလာခဲ့သည်။ ထို့နောက်တွင် အမျိုးသမီးဟုန်၏ ခါးကို သူ၏လက်ဖြင့် သိုင်းဖက်လျက် ခေါင်းကိုငုံ့ကာ အမျိုးသမီးဟုန်၏ နှုတ်ခမ်းကို နမ်းရှိုက်လိုက်လေသည်။

"အွင့်"

အမျိုးသမီးဟုန်မှာ တစ်ချက်အော်ညည်းလိုက်ပြီးနောက် သူမ၏ မျက်လုံးလေးများကို ဖြည်းဖြည်းချင်း ပိတ်လိုက်လေသည်။ မျက်တောင်လေးများမှာတော့ အဆက်မပြတ်ကို တုန်ယင်နေခဲ့လေသည်။

လီကျောက်သည် အမျိုးသမီးဟုန်နှင့် နှစ်ယောက်တစ်ကိုယ် ဖြစ်နေချင်သည့်အလား အမျိုးသမီးဟုန်၏ ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကာ နောက်တစ်နေ့ မရှိတော့သည့်ပမာ နမ်းရှိုက်နေခဲ့လေသည်။ တစ်ခဏကြာပြီးသည့်နောက်မှသာ အမျိုးသမီးဟုန်ဆီမှ ကိုယ်ချင်းခွာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

"ငါ ပြန်မလာခဲ့ရင် နင် တခြားတစ်ယောက်ကို မြန်မြန် လက်ထပ်ယူလိုက်"

ထိုသို့ ပြောပြီးသည့်နောက်တွင် ရန်ကိုင် ထွက်သွားသည့်ဘက်ဆီသို့ အမြန်ပြေး လိုက်သွားတော့လေသည်။ လက်ရှိ လီကျောက်၏ အရှိန်အဝါမှာ အလွန်တရာကိုမှ ကြမ်းကြုတ်ပြင်းထန်နေခဲ့လေရာ လူပေါင်းသောင်းနှင့်ချီ ရပ်နေမည်ဆိုသည့်တိုင် သူ့အား တားဆီးနိုင်လောက်မည့်ပုံစံမျိုး မပေါ်ချေ။

တစ်ခဏအကြာတွင် လီကျောက်သည် ရန်ကိုင်အရှေ့၌ ကသိကအောက် အမူအရာဖြင့် ပေါ်လာလေသည်။

ရန်ကိုင်က မေးလိုက်လေ၏။

"ဘာလို့ ကျုပ်နောက်ကို လိုက်လာရတာလဲ ရောင်းရင်းလီ"

"နန်းတော်သခင်ယန် နဂါးကျွန်းဆီ တကယ်သွားဖို့ လုပ်နေတာလား"

လီကျောက်သည် ရန်ကိုင်၏အမေးကို ပြန်မဖြေဘဲ မေးခွန်းဖြင့်သာ ပြန်လည် တုံ့ပြန်လိုက်လေသည်။

"ဟုတ်တယ်"

ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

"အမျိုးသမီးချင်း အတွက်လား"

"ဟုတ်တယ်"

ရန်ကိုင်က ခေါင်းထပ်ညိတ်ပြလိုက်သည်။

လီကျောက်က ခါးသက်စွာ ပြုံးလျက် လက်သီးဆုပ်၍...

"ကျွန်တော် သခင်ရဲ့ သတ္တိကိုတော့ ဒီတစ်ခါ တကယ် လေးစားမိသွားပြီ"

"အပိုတွေ ပြောမနေတော့နဲ့၊ ခင်ဗျား ဘာလို့ ကျုပ်နောက် လိုက်လာတာကိုပဲ ပြော"

ယန်ကိုင်သည် လီကျောက်ကို ကြည့်၍ ပြန်မေးလိုက်သည်။

လီကျောက်သည် သူ၏မျက်နှာကို ကုတ်လျက် တောင်းတောင်းပန်ပန်ဖြင့် ပြန်ပြောလိုက်လေသည်။

"ကျုပ် နန်းတော်သခင်ယန်ကို ကူညီပေးချင်လို့ လာခဲ့တာ"

"အိုး"

ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။

လီကျောက်က ဆက်၍ပြောလိုက်သည်။

"ကျုပ် နဂါးကျွန်း ဘယ်မှာရှိလဲဆိုတာကို အကြမ်းဖျင်းလောက်တော့ သိတယ်"

"ဟမ်း"

ရန်ကိုင် မျက်လုံး မှေးစင်းသွားခဲ့လေသည်။

လီကျောက်သည် ရန်ကိုင်၏ အမူအရာကို အဆက်မပြတ် အကဲခတ်နေခဲ့လေသည်။

[သွားပြီ၊ ခုနတုန်းက ဘာမှမသိဘူးလို့ ပြောထားတာ၊ အခု သိတယ်လို့ ပြောလိုက်တော့ ဒီကောင်တော့ ငါ့ကို ဒေါသထွက်သွားတော့မှာပဲ]

ထို့ကြောင့် အလောတကြီး ရှင်းပြလိုက်လေသည်။

"အကြမ်းဖျင်းလောက်ပဲ သိတာ နန်းတော်သခင်ရန်၊အသေးစိတ် သိတာမဟုတ်ဘူး၊ ဒါကြောင့်ပဲ မပြောခဲ့တာ၊ တော်ကြာ နန်းတော်သခင်ရန်ကို တမင်သက်သက် ပြဿနာဖြစ်သွားအောင် လုပ်မိမှာစိုးလို့"

"အဲလိုလား"

ရန်ကိုင်က ပြောရင်းဖြင့် လမ်းလျှောက်သွားလေသည်။

လီကျောက်၏ မျက်နှာ ဖြူလျော်သွားလေ၏။

[ဒီလမ်းလျှောက်နေတဲ့ ပြဿနာကောင်ကို ဒေါသထွက်သွားအောင် လုပ်မိပြန်ပြီကွာ၊ ငါ သူ့နောက်ကို တကယ် လိုက်မလာခဲ့သင့်တာ၊ ငါ့ဘာသာငါ မီးနဂါးနန်းတော်မှာ ဟုန်အာနဲ့နေရင် အေးအေးဆေးဆေး ဖြစ်နေဦးမှာ၊ ဘာဖြစ်လို့များ သူ့နောက်ကို လိုက်လာမိခဲ့ရတာလဲ၊ အခုတော့ ကျားပေါ် ခွစီးလျက်မိသား ဖြစ်သွားပြီ]

လီကျောက်သည် ရန်ကိုင်မှ သူ့ဆီသို့ လမ်းလျှောက်လာနေသည်ကို ကြည့်နေခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်မှ သူ၏လက်တစ်ဖက်ကို မြှောက်လိုက်ရာ လီကျောက် ရင်တစ်ဒိန်းဒိန်း ခုန်သွားခဲ့လေ၏။

[သူနဲ့တိုက်ရင် သူ့ကိုနိုင်ဖို့ကတော့ မဖြစ်နိုင်ဘူး၊ ငါပြန်ပြီး ခုခံရင်လည်း အထုအထောင်းခံရတာပဲ အဖတ်တင်မယ်၊ ဘယ်လိုလုပ်ရပါ့မလဲ]

ရန်ကိုင် သူ့အား သတ်လိမ့်မည် မဟုတ်မှန်းတော့ လီကျောက် သိပေသည်။ အများဆုံးမှ သူ၏ဒေါသကို ဖြေဖျောက်ဖို့ရာအတွက် သူ့အား စိတ်ရှိလက်ရှိ ထုနှက်ရုံသာ ရှိပေလိမ့်မည်။

ဖတ်။

လီကျောက် တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်သွားခဲ့လေသည်။ သို့သော်ငြား သူမျှော်လင့်ထားသည့် တိုက်ခိုက်မှုမှာ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။ ထိုအစား သူ၏ပုခုံးပေါ်သို့ လက်တစ်ဖက် ရောက်လာသည်ကိုသာ ခံစားမိလိုက်သည်။

မျက်လုံးဖွင့်၍ ကြည့်လိုက်ရာ ရန်ကိုင်သည် သူ၏ပုခုံးပေါ် လက်တင်ရင်းမှ အားရပါးရ အော်၍ ရယ်မောနေသည်ကို တွေ့လိုက်ရလေသည်။

"ဟားဟားဟား၊ ရောင်းရင်းလီ မင်းမှာ နည်းလမ်းရှိမယ်မှန်း ငါသိသားပဲ၊ ထင်ထားတဲ့အတိုင်း ငါ တကယ် လူမှားလာတာ မဟုတ်ဘူးဘဲ၊ ကောင်းတယ် ကောင်းတယ်၊ ကဲ အခု နဂါးကျွန်းက ဘယ်လိုကျွန်းမျိုးလဲဆိုတာကို သွားကြည့်ကြတာပေါ့ကွာ"

လီကျောက်သည် နဖူးထက် ဝေ့သီလာသော ချွေးများကို သုတ်ပစ်လိုက်ရင်းမှ...

"ကျုပ်လည်း တစ်ချက်လောက် သွားကြည့်ချင်နေတာ"

"စိတ်မပူနဲ့ ဒီနန်းတော်သခင်ရန် ရှိနေသရွေ့ ခင်ဗျား ဘာမှမဖြစ်စေရဘူး"

လီကျောက်၏ နှုတ်ခမ်း တွန့်ကွေးသွားခဲ့လေသည်။

"ဒါဆိုရင် နန်းတော်သခင်ရန်ကိုပဲ အားကိုးရတော့မှာပေါ့"

ယန်ကိုင်၏ စကားကိုတော့ လီကျောက် မယုံပေ။

[ဒီရန်ကိုင်က အားကောင်းရင် အားကောင်းလိမ့်မယ်၊ ဒါပေမဲ့ နဂါးကျွန်းကို ရောက်တာနဲ့ သူလည်း လေးဘက်ထောက်သွားရမယ့်ဘဝ ရောက်သွားမှာပဲ၊ အဲလိုအခြေအနေနဲ့ ငါ့ကို ကာကွယ်ပေးနိုင်ဦးမှာလား]

"ကျုပ်တာဝန်သာ ထားလိုက်၊ ကဲ ဒီကိစ္စက နှောင့်နှေးလို့ မရတော့ဘူး ဆိုမှတော့ အခုချက်ချင်း သွားကြတာပေါ့"

ထိုသို့ ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ပန်းတိမ်တိုက်လွန်းပျံကို ဆင့်ခေါ်လိုက်လေသည်။ ထို့နောက်တွင် လီကျောက်နှင့် ရန်ကိုင်တို့ နှစ်ဦးစလုံး လွန်းပျံပေါ်သို့ တက်လိုက်လေသည်။ ပြီးသည့်နောက်၌ လွန်းပျံသည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ ထိုနေရာမှ ပျံသန်းထွက်ခွာသွားလေ၏။

လွန်းပျံထဲသို့ ရောက်လာပြီးသည့်နောက်တွင် လီကျောက်သည် အတန်ကြာမျှ တုံ့ဆိုင်းနေပြီးနောက် သတိထား၍ မေးလိုက်လေသည်။

"နန်းတော်သခင်ရန်၊ ကျုပ်က အခု နောက်တစ်ကြိမ် ကူညီပေးနေတာဆိုတော့လေ၊ ဟိုအကြွေးကိစ္စက"

"အကြွေးက အကြွေး၊ ကူညီပေးတာက ကူညီပေးတာ၊ ခင်ဗျား ကျုပ်ကို တင်ထားတဲ့ အကြွေးနဲ့ ခင်ဗျား ကျုပ်ကို ပြန်ကူညီပေးတာက ဘာမှမဆိုင်ဘူး၊ အဲနှစ်ခုကို သွားပြီး ရောထွေးလို့ မရဘူး"

လီကျောက် သက်ပြင်းချလိုက်လေသည်။ ယခုတစ်ကြိမ် နဂါးကျွန်းဆီသို့ သွားပြီးသည့်နောက် သူ့အနေဖြင့် အသက်ရှင်လျက် ပြန်လာနိုင်မည်လားဆိုသည်ကိုပင် သေချာမသိပေ။ ထိုသို့ဖြစ်လေရာ အကြွေးအကြောင်းကို ဘာကြောင့်များ စိတ်ပူနေရဦးမည်နည်း။ လက်ရှိအချိန်တွင် သူ တွေးသင့်နေသည်မှာ နဂါးကျွန်းမှ မည်ကဲ့သို့ အသက်ရှင်လျက် ပြန်လာရမလဲဆိုသည်ကိုသာ ဖြစ်လေသည်။

"နန်းတော်သခင်ရန်၊ ကျုပ်သာ မလာရင် နန်းတော်သခင်ယန် နဂါးကျွန်းဆီ ဘယ်လိုသွားဖို့ စဉ်းစားထားလဲ၊ အမျိုးသမီးချင်းက နဂါးကျွန်း ဘယ်မှာရှိတယ်ဆိုတာကို သူ မသွားခင် ပြောသွားခဲ့လား"

"ပြောမသွားဘူး"

ရန်ကိုင် ခေါင်းခါပြလိုက်သည်။ ပန်းတိမ်တိုက်လွန်းပျံကို ထိန်းချုပ်နေရင်းမှ ရန်ကိုင်က လီကျောက်၏အမေးကို ပြန်ပြောလိုက်လေသည်။

"အစကတော့ စိတ်ဝိညာဉ်သားရဲကျွန်းဆီ သွားပြီးတော့ သားရဲသခင် မဟာဧကရာဇ်ကို သွားမေးမလို့၊ နဂါးကျွန်း ဘယ်မှာရှိလဲဆိုတာကို ပုံမှန်လူတွေ မသိပေမယ့် သားရဲသခင် မဟာဧကရာဇ်ကတော့ သိမှာသေချာတယ်"

"စိတ်ဝိညာဉ်သားရဲကျွန်း"

လီကျောက် ထိတ်လန့်သွားခဲ့ပြီး ကြောက်လန့်တကြားဖြင့် ပြန်မေးလိုက်လေသည်။

"နန်းတော်သခင်ရန်က သားရဲသခင် မဟာဧကရာဇ်နဲ့ သိနေတာလား"

"မသိပါဘူး"

လီကျောက် ကြောင်သွားခဲ့လေသည်။

"မသိဘူးဆိုရင် နန်းတော်သခင်ရန်က သားရဲသခင် မဟာဧကရာဇ်ကို ဘယ်လိုလုပ်ပြီး သွားမေးမှာလဲ"

"ကျုပ်မှာ ကိုယ်ပိုင်နည်းလမ်း ရှိပြီးသား"

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ ရန်ကိုင်သည် သားရဲသခင် မဟာဧကရာဇ်နှင့် သိလိမ့်မည် မဟုတ်ပါသော်ငြား သားရဲသခင် မဟာဧကရာဇ်၏ သမီးနှင့် သိပေသည်။ ယခု သားရဲသခင် မဟာဧကရာဇ်အကြောင်း ပြောမှပင် မိုရှောင်ချီနှင့် မတွေ့ရသည်မှာ အတော်လေး ကြာနေပြီမှန်း ပြန်သတိရသွားခဲ့သည်။ အခုဆိုလျှင် ထိုကောင်မလေး ဘာတွေများ လုပ်နေလေသနည်း။

စိတ်ဝိညာဉ်သားရဲကျွန်းသည် ရှာဖို့ခက်သည့် ကျွန်းတစ်ကျွန်း ဖြစ်လိမ့်မည် ဖြစ်ပါသော်ငြား အနည်းဆုံးတော့ နဂါးကျွန်းလောက် ရှာရမခက်ပေ။ ရန်ကိုင်၏ မူလအစီအစဉ်မှာ ပထမဦးစွာ စိတ်ဝိညာဉ်သားရဲကျွန်းသို့ သွားပေမည်။ ပြီးမှသာ နဂါးကျွန်းသို့ ဆက်၍ သွားပေလိမ့်မည်။ ကျွန်းနှစ်ကျွန်းစလုံးသည် အရှေ့ဘက်ပင်လယ်ထဲတွင် ရှိနေသည့်အတွက်ကြောင့် ကျွန်းနှစ်ကျွန်းကြားရှိ အကွာအဝေးမှာ သိပ်၍ ဝေးလိမ့်မည် မဟုတ်ပေ။ မိုရှောင်ချီသာ မည်ကဲ့သို့ သွားရမလဲဆိုသည်ကို ပြောပြပေးသည်နှင့် ရန်ကိုင်သည် သူ့ဘာသာသူ နဂါးကျွန်းကို ရှာနိုင်ပေလိမ့်မည်။

သို့သော်ငြား ရန်ကိုင်၏ အဖြေသည် လီကျောက်အား အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားစေခဲ့လေသည်။

[ဒီနန်းတော်သခင်ယန်က တကယ်ကြီး ဘယ်သူများလဲကွာ]

လီကျောက် ရန်ကိုင်ကို သိသည်မှာ မကြာသေးပေ။ သို့သော်ငြား သူတို့ကြားရှိ ဆက်ဆံရေးမှာတော့ ပေါ့သေးသေးတော့ မဟုတ်။ လီကျောက်မှာ ရန်ကိုင်အကြောင်းကို ပိုသိလာလေ ပိုသိလာလေ ဤလူငယ်လေး မည်မျှ ကြောက်မက်ဖွယ် ကောင်းသလဲဆိုသည်ကို ပိုသိလာရလေပင်။

[ဒီကောင်က နဂါးကျွန်းနဲ့ ပတ်သက်နေရုံတင် မဟုတ်ဘူး၊ သံမဏိသွေးမဟာဧကရာဇ်ရဲ့ တပည့်နဲ့လည်း အရမ်းရင်းနှီးသေးတယ်၊ အခု စိတ်ဝိညာဉ်သားရဲကျွန်းနဲ့ ပတ်သက်နေပြန်ပြီ]

လီကျောက်မှာ လုံးဝကို နားမလည်နိုင်တော့ချေ။ ရန်ကိုင်အကြောင်းကို နားလည်ဖို့ရာ ပိုပို၍ ခက်လာသည်ဟု သူ၏စိတ်ထဲ ခံစားနေရသည်။ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် လီကျောက်က ပြန်မေးလိုက်လေသည်။

"နန်းတော်သခင်ရန်၊ အာ ထားလိုက်ပါတော့၊ ကျုပ် သတိပေးတယ်လို့ပဲ ထားလိုက်ပါ၊ နန်းတော်သခင်ယန် နဂါးကျွန်းဆီ ရောက်သွားရင် နဂါးကျွန်းမှာ ဘာပဲလုပ်လုပ် စိတ်ဝိညာဉ်သားရဲကျွန်း အကြောင်းကိုတော့ လုံးဝသွားမပြောနဲ့နော်"

"ဘာဖြစ်လို့လဲ?"

ရန်ကိုင်သည် လီကျောက်အား အံ့အားတကြီးဖြင့် ကြည့်လိုက်သည်။

လီကျောက်က ပြန်၍ရှင်းပြလိုက်သည်။

"နဂါးကျွန်းနဲ့ စိတ်ဝိညာဉ်သားရဲကျွန်းက မီးနဲ့ရေလိုပဲ လုံးဝတည့်တာ မဟုတ်ဘူး"

ရန်ကိုင် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပြီး အထိတ်တလန့်ဖြင့် ပြန်မေးလိုက်လေသည်။

"ခင်ဗျား အဲဒီအကြောင်းကို ဘယ်ကနေ ကြားလာရတာလဲ"

ရန်ကိုင်မှာ ထိုအကြောင်းကို တစ်ခါမျှ မကြားဖူးသဖြင့် လီကျောက် ပြောလာသည်ကို ကြားသည့်အခါ အလွန်ကိုမှ ထိတ်လန့်သွားခဲ့ရလေခြင်း ဖြစ်သည်။ ထိုကျွန်းကြီးနှစ်ကျွန်းသည် ကြယ်တာရာအစုအဝေးတစ်ခုလုံးတွင် အလွန်ကိုမှ နာမည်ကျော်ကြားသည့် ကျွန်းများ ဖြစ်ကြပေသည်။ ထိုအတွက်ကြောင့် ထိုကျွန်းနှစ်ကျွန်းသည်သာ ပြဿနာဖြစ်နေမည်ဆိုပါက ကြယ်တာရာအစုအဝေးထဲရှိ လူတိုင်းလိုလို သိထားကြရပေလိမ့်မည်။ သို့သော်ငြား ထိုကျွန်းနှစ်ကျွန်း ပြဿနာဖြစ်နေသည့် ကိစ္စအား အခြားသူများ ပြောနေကြသည်ကို ရန်ကိုင် ဘာကြောင့် တစ်ခါမျှပင် မကြားခဲ့ရ‌ေလသနည်း။

လီကျောက်သည် နဖူးထက် ဝေ့သီလာသော ချွေးများကို သုတ်ရင်းမှ ပြောလိုက်သည်။

"ဒါက ကောလဟာလ သက်သက် မဟုတ်ဘူး နန်းတော်သခင်ရန်ရဲ့၊ နန်းတော်သခင်ရန် အရမ်းငယ်သေးလို့ မသိသေးတာ၊ ပြီးတော့ နန်းတော်သခင်ရန် ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက် ဖြစ်လာတာ ဘယ်လောက်ကြာသေးလို့လဲ၊ ဒါကြောင့်ပဲ ဒီကြယ်တာရာအစုအဝေးထဲက ထိပ်တန်းအင်အားစုတွေရဲ့ လျှို့ဝှက်ချက်အကြောင်းကို မသိတာ၊ အချိန်တန်သွားလို့ရှိရင် နန်းတော်သခင်ရန် တဖြည်းဖြည်း သိလာလိမ့်မယ်"

ရန်ကိုင်က မျက်မှောင်ကြုတ်လျက်...

"အဲအင်အားစုနှစ်ခုက တစ်ခုနဲ့တစ်ခု မတည့်ကြတာ ဒီလောက်တောင် ဆိုးနေလို့လား"

လီကျောက်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။

"ဆိုးတယ်... တော်တော်လေး ဆိုးတယ်"

"ဘာလို့လဲ"

ရန်ကိုင် ရုတ်တရက် စိတ်ဝင်စားလာခဲ့လေသည်။

လီကျောက်က ရှင်းပြလိုက်၏။

"မဟာဧကရာဇ် ၁၀ ပါးထဲမှာ သားရဲသခင် မဟာဧကရာဇ်ရဲ့ တာအိုက သားရဲထိန်းကျောင်းတဲ့ တာအိုပဲ၊ ဒါကြောင့်ပဲ စိတ်ဝိညာဉ်သားရဲကျွန်းမှာ သားရဲအမျိုးမျိုးတွေ ရှိနေကြတာလေ၊ နတ်သားရဲ တစ်ကောင်နှစ်ကောင်တောင် ရှိနေသေးတယ်လို့ ကျုပ်ကြားတယ်၊ သားရဲထိန်းကျောင်းတဲ့ တာအို လိုက်စားတယ်ဆိုတော့ သားရဲ မဟာဧကရာဇ်ရဲ့ ဆန္ဒက ဒီလောကကြီးထဲမှာ အားအကောင်းဆုံး သားရဲတွေကို ထိန်းချုပ်ဖို့ပဲ၊ နန်းတော်သခင်ယန် စဉ်းစားကြည့်လိုက်၊ ဒီလောကကြီးတစ်ခုလုံးမှာ အားအကောင်းဆုံး မွန်းစတားသားရဲက ဘယ်သူဖြစ်မလဲ"

ရန်ကိုင်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။

"နဂါးကလန်လား"

လီကျောက်သည် သူ့ပေါင်ကို ရိုက်လျက် ပြန်ပြောလိုက်လေသည်။

"ဟုတ်တယ် နဂါးကလန်ပဲ၊ နဂါးကလန်က သူတို့ကိုယ်သူတို့ နတ်သားရဲတွေအားလုံးရဲ့ ခေါင်းဆောင်အဖြစ် မှတ်ယူထားတာ၊ ဒါပေမဲ့ တကယ်တမ်း ခြုံကြည့်လိုက်မယ်ဆိုရင် သူတို့ဘာသာသူတို့ ဘာကြီးပဲ ဖြစ်နေဖြစ်နေ မွန်းစတားသားရဲတွေ ဖြစ်နေတုန်းပဲ၊ သားရဲသခင် မဟာဧကရာဇ်ရဲ့ ဆန္ဒကလည်း အားအကောင်းဆုံး မွန်းစတားသားရဲတွေကို ထိန်းချုပ်ချင်တယ်ဆိုတော့ နဂါးကလန်ကို ထိန်းချုပ်ချင်တာနဲ့ အတူတူပဲပေါ့၊ ဒီတော့ သူတို့ကျွန်းနှစ်ကျွန်းက တည့်ပါဦးမလား၊ စိတ်ဝိညာဉ်သားရဲကျွန်း အရှေ့ဘက်နယ်မြေမှာ ရှိနေရတဲ့အကြောင်းက အရင်က သားရဲဧကရာဇ် နဂါးကလန်နဲ့ နီးနီးကပ်ကပ် နေချင်တာကြောင့်လို့တောင် ပြောလို့ရတယ်"

"တကယ်ကြီးလား"

"တကယ်ပေါ့"

လီကျောက်က အလေးအနက် အမူအရာဖြင့်...

"ဒီအကြောင်းကို လူသိပ်သိကြတာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီလောကကြီးမှာ မပြန့်တဲ့ သတင်းဆိုတာ ရှိမှမရှိတာ"

"ဒီသတင်းက တကယ်ကို အံ့သြစရာကြီးပဲ"

ရန်ကိုင် အတွေးထဲ နစ်မျောသွားခဲ့သည်။

[သားရဲသခင် မဟာဧကရာဇ်က နဂါးတွေကို ထိန်းချုပ်ချင်တယ်၊ ဒါပေမဲ့ နဂါးတွေက ဘယ်တော့မှ အထိန်းချုပ်ခံမှာ မဟုတ်ဘူး၊ ဒါကြောင့် သူတို့ကျွန်းနှစ်ကျွန်း မတည့်တာ ဆန်းတော့လည်း မဆန်းပါဘူး]

လီကျောက်က ဆက်၍ပြောလိုက်သည်။

"အခုနောက်ပိုင်း သားရဲသခင် မဟာဧကရာဇ်နဲ့ နဂါးကျွန်းကြားက ဆက်ဆံရေးက ပိုပိုပြီးတော့ ဆိုးလာတယ်၊ ပြောကြတာတော့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းက သားရဲသခင် မဟာဧကရာဇ် နဂါးကျွန်းဆီ သွားပြီးတော့ ပြဿနာရှာခဲ့တယ်တဲ့"

ထို့နောက်တွင် လီကျောက်က ထပ်၍ ပြောလိုက်သည်။

"ဒါပေမဲ့ အဲ့သတင်းက တကယ် ဟုတ်မဟုတ်တော့ ဘယ်သူမှ မသိကြဘူးပေါ့၊ တပ်အပ်‌ပြောရဲတာကတော့ သားရဲသခင် မဟာဧကရာဇ်နဲ့ နဂါးကလန်က လုံးဝမတည့်ဘူးဆိုတာပဲ"

ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။

"ကျုပ် နားလည်သွားပြီ၊ နဂါးကျွန်းကို ရောက်တာနဲ့ သားရဲသခင်မဟာဧကရာဇ်အကြောင်းကို လုံးဝမပြောဘူး"

"အဲဒါဆိုရင် အကောင်းဆုံးပဲ"

လီကျောက် စိတ်သက်သာရာ ရသွားခဲ့လေသည်။

"ဒါနဲ့ ခင်ဗျား ဘာဖြစ်လို့ ကျုပ်နောက် လိုက်လာတာလဲ"

ရန်ကိုင်သည် လီကျောက်ကို ကြည့်၍ ပြုံးရင်းမှ ထပ်ပြောလိုက်သည်။

"ကျုပ် ဒီတစ်ကြိမ် ခင်ဗျားကို အတင်းလိုက်ခိုင်းခဲ့တာ မဟုတ်ဘူးနော်"

လီကျောက်က မဲ့ပြုံးပြုံးလျက် ပြန်ပြောလိုက်သည်။

"လူတိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒဆိုတာ ရှိတယ်လေ၊ နဂါးကျွန်းဆီ သွားလည်ဖို့က ကျုပ်ရဲ့ အကြီးမားဆုံးသော ဆန္ဒပဲ"

လီကျောက်၏ စကားလုံးများမှာ ဝမ်းနည်းဖွယ်ရာ ကောင်းလှသည်။ သို့သော်ငြား လီကျောက် ဘာကို ပြောချင်နေသလဲဆိုသည်ကို ရန်ကိုင် နားလည်လေ၏။ ချက်ချင်းပဲ လီကျောက်၏ ပုခုံးကို ပုတ်ပေးလျက် ပြောလိုက်လေသည်။

"စိတ်မပူနဲ့ ကျုပ်တို့ အဲဒီနေရာဆီ ကျိန်းသေ ရောက်မှာ၊ကံကောင်းလို့ရှိရင် အဲဒီနေရာမှာ ခင်ဗျားရဲ့ သွေးမျိုးဆက်ကို တိုးတက်အောင်တောင် လုပ်သွားနိုင်သေးတယ်"

လီကျောက်က ဝါးလုံးကွဲ အော်ရယ်မောလျက်...

"အဲဒီလောက်အထိ ဖြစ်ဖို့တော့ ကျုပ် မမျှော်မှန်းထားပါဘူး၊ နဂါးကျွန်းကို မြင်ရရုံနဲ့တင် ကျေနပ်ပါပြီ”

All Chapters