← Chapters

အခန်း (၃၀၁၆-၃၀၂၀)

Vol. 130 Ch. 3016-3020

အခန်း (၃၀၁၆-၃၀၂၀)

Vol. 130 Ch. 3016-3020

အပိုင်း (၃၀၁၆)

ဘာသာပြန်သူ_တိမ်တိုက်

"နင်စောင့်နေစမ်းပါ၊ တစ်နေ့ကျမှ နင်နဲ့ငါနဲ့ တွေ့မယ်"

ရန်ကိုင်သည် မှုန်ကုပ်ကုပ် အမူအရာဖြင့် သူ့ဘာသာသူ ရေရွတ်နေခဲ့လေသည်။

လီကျောက်မှာတော့ ဆောင်းတွင်းရောက်နေသည့် ပုစဉ်းကောင်တစ်ကောင်ပမာ ချောင်တစ်ချောင်တွင် ကုပ်ကုပ်ကလေး သွားထိုင်နေသည်။ ဘာကြောင့်မှန်းမသိ လွန်ခဲ့သော တစ်လခန့်မှစ၍ ရန်ကိုင်သည် ရုတ်တရက်ကြီးဆိုသလို စတင် စိတ်တိုလာတော့သည်။ သူ၏မျက်နှာတစ်ပြင်လုံးမှာလည်း ရေခဲပြင် ဖုံးလွှမ်းနေသည့်အလား အလွန်ကိုမှ အေးစက်ကာ သုန်မှုန်နေခဲ့သည်။ ထို့အပြင် တစ်စုံတစ်ဦးကိုလည်း ပွစိပွစိ အဆက်မပြတ် ကျိန်ဆဲနေခဲ့လေသည်။

ရန်ကိုင်၏ အပြုအမူသည် လီကျောက်အား ရင်တမမကို ဖြစ်နေစေခဲ့လေသည်။

[ငါ သူ့ကို ဒေါသထွက်အောင် မလုပ်မိပါဘူး၊ သူ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဒေါသတွေ ထွက်လာနေရတာလဲ]

ကံကောင်းစွာဖြင့် ရန်ကိုင်သည် ဒေါသထွက်၍ လီကျောက်အား ပြဿနာ လာရှာခြင်း မရှိခဲ့ပေ။ မည်သို့ပင်ဖြစ်စေကာမူ လီကျောက်သည် ယန်ကိုင်အနားတွင် သတိထား၍ နေနေခဲ့လေသည်။ အခန့်မသင့် သူ့အား ပြဿနာရှာလာမှ ဒုက္ခရောက်မည် ဖြစ်သည့်အတွက်ကြောင့်ပင်။

ရန်ကိုင် စိတ်ကောင်းဝင်မနေသည်မှာ အသိသာကြီးပင်။ ထိုသို့ဖြစ်ရခြင်းမှာ လီကျောက်ကြောင့် မဟုတ်။ ယွမ်ဖုန်းကြောင့်သာ ဖြစ်လေသည်။

[အဲဒီခွေးမ၊ ငါ ခင်းကျင်းထားတဲ့ ဟင်းလင်းပြင် အစီအရင်ကို ဖျက်ဆီးပစ်လိုက်လို့ကွာ၊ မဟုတ်ရင် အခုလိုမျိုး အလုပ်ရှုပ်ခံပြီး ကွေ့ပတ်ပြီး လျှောက်သွားနေစရာ မလိုဘူး၊ ကောင်းကင်နန်းတော်ကနေ ရှေးဟောင်းတောအုပ်ကြီးထဲ တစ်ခါတည်း သွားလိုက်ရုံပဲ၊ အဲဒီကနေမှတစ်ဆင့် အရှေ့ပင်လယ်ဆီ သွားလိုက်ရင် နီးနီးလေးဖြစ်သွားပြီ၊ အခုတော့များကွာ]

ရှေးဟောင်းတောအုပ်ကြီးနှင့် အရှေ့ပင်လယ်ကြားရှိ အကွာအဝေးမှာ တော်တော်လေးကိုမှ ဝေးပါသော်ငြား မြောက်ဘက်နယ်မြေမှ အရှေ့ဘက်နယ်မြေသို့ တောက်လျှောက်ကြီး သွားနေရသည်နှင့်စာလျှင်တော့ ပိုအဆင်ပြေပေသေးသည်။ သို့ရာတွင် ယွမ်ဖုန်းမှာ ရှေးဟောင်းတောအုပ်ထဲ ယန်ကိုင် ခင်းကျင်းထားခဲ့သော ဟင်းလင်းပြင် အစီအရင်ကို ဖျက်ဆီးပစ်ခဲ့သည့်အတွက်ကြောင့် ရန်ကိုင်မှာ အရှေ့ဘက်နယ်မြေဆီသို့ တောက်လျှောက်ကြီး ပျံသန်းသွားရတော့လေသည်။ ခရီးလမ်းတစ်ခုလုံးမှာ ချောချောမွေ့မွေ့နှင့် အဆင်ပြေနေမည်ဆိုလျှင်ပင် အလွန်ကိုမှ အချိန်ကုန်ပေသေးသည်။

ထိုအကြောင်းကြောင့် ရန်ကိုင်မှာ လွမ်ဖုန်းအား အလွန်ကိုမှ ဒေါသထွက်နေမိကာ တစ်နေ့နေ့ သူမနှင့်ပြန်တွေ့သော် ထိုကိစ္စအတွက် ကျိန်းသေပြန် လက်စားချေရမည်ဟု တွေးထားခဲ့လေသည်။

ပန်းတိမ်တိုက်လွန်းပျံသည် အလွန်တရာကို လျင်မြန်သည့်နှုန်းဖြင့် ပျံသန်းသွားနေခဲ့လေသည်။ ရန်ကိုင်နှင့် လီကျောက်တို့မှာ ပန်းတိမ်တိုက်လွန်းပျံအား တစ်ယောက်တစ်လှည့်စီ ထိန်းချုပ်နေကြလေ၏။

ရန်ကိုင်သည် အားသည့်အချိန်တိုင်း တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံလေသည်။ ရန်ကိုင်၏ ကျင့်ကြံခြင်းသည် အဆင့်တစ်ဆို့သည့် အခြေအနေ ကြုံနေရပြီ ဖြစ်ပါသော်ငြား ရန်ကိုင်အနေဖြင့် နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ကျင့်ကြံနိုင်ပေသေးသည်။ လက်ရှိအချိန်တွင် နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးလိုက်ပြီဆိုပါက ရန်ကိုင်အနေဖြင့် ၄၅ မီတာခန့် အမြင့်ရှိသော လူတစ်ပိုင်း နဂါးတစ်ပိုင်းအသွင်သို့ ပြောင်းနိုင်ပေသည်။ ထို့အပြင် နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ဆက်လက်ကျင့်ကြံခြင်းအားဖြင့် ရန်ကိုင်သည် ရွှေနဂါးအမြု‌ေတ စွမ်းအားဖြင့် ပို၍နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်လာနိုင်လေရာ နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးပြီးသည့်နောက် သူ့ဘက်မှ ထုတ်ဖော်နိုင်သည့် စွမ်းအားမှာလည်း မြင့်မားလာခဲ့ရလေသည်။

မကြာမကြာဆိုသလို ယန်ကိုင်သည် လေဟာနယ်တာအိုကိုလည်း စူးစမ်းလေ့လာကြည့်လေ၏။ လက်ရှိ ရန်ကိုင် အသုံးပြုနေနိုင်သော လေဟာနယ်ပညာရပ်များသည် လေဟာနယ်တာအိုအပေါ် ရန်ကိုင်၏ ထိုးထွင်းသိမြင်မှုများမှ ဖြစ်ပေါ်လာရသည့် အသီးအပွင့်များ ဖြစ်ကြပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်သည်သာ လေဟာနယ်တာအိုနှင့် ပတ်သက်၍ ဉာဏ်အလင်းပွင့်သွားနိုင်မည်ဆိုပါက သူ့အတွက် အလွန်ကိုမှ အကျိုးရှိပေလိမ့်မည်။

ယခုတစ်ကြိမ် နဂါးကျွန်းဆီသို့သွားသည့် လုပ်ရပ်မှာ တစ်ဇွတ်ထိုးနိုင်ပါသော်ငြား ရန်ကိုင်သည် သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးမှသာ ယခုကဲ့သို့ လုပ်ခဲ့ခြင်းဖြစ်လေသည်။ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ ရှေ့ဆက်လျှောက်ရန် ခရီးလမ်းအရှည်ကြီး ရှိနေသေးမှန်း ရန်ကိုင် သိသည်။ ယခုတစ်ကြိမ်ခရီးသည်သာ ချောချောမွေ့မွေ့ မရှိခဲ့ပါက ရန်ကိုင်အနေဖြင့် နဂါးကျွန်းနှင့်ပင် ပြဿနာတက်သွားရနိုင်ပေသည်။

[ငါ့လက်ရှိခွန်အားနဲ့ နဂါးကျွန်းဆီ သွားတာ သေတွင်းထဲဝင်တာနဲ့ အတူတူပဲ၊ ဒါပေမဲ့ ကျူချင်းက နဂါးကျွန်းပေါ်မှာ ရှိနေတာဆိုတော့ ငါ ဒီအတိုင်း ဘာမှမလုပ်ဘဲ ထိုင်နေလို့လည်း မဖြစ်ပြန်ဘူး]

ကျူလဲ့ ဒွိလောကကမ္ဘာကြီးထဲ သူ့အား ပြောသွားသော စကားများကို ယခုထိတိုင် ရန်ကိုင် ကြားယောင်နေဆဲပင်။ နဂါးကျွန်းဆီသို့ ပြန်ရောက်ပြီးသည့်နောက် ကျူချင်း မည်ကဲ့သို့သော အပြစ်မျိုးနှင့် ကြုံရမည်ဆိုသည်ကို ယန်ကိုင် သိလိမ့်မည် မဟုတ်ပါသော်ငြား ကောင်းမွန်သည့် အဆုံးသတ် မဟုတ်သည်မှာတော့ သေချာပေသည်။

နဂါးတစ်ကောင်သည် လူသားတစ်ဦးနှင့် ချစ်ကြိုက်ခဲ့သည်။ ဤကဲ့သို့သော ကိစ္စမျိုးအပေါ် နဂါးကလန် မည်ကဲ့သို့ တုံ့ပြန်လာလေမလဲဆိုသည်ကို ရန်ကိုင်အနေဖြင့် စဉ်းစားနေစရာပင် မလိုပေ။ ကျူချင်းသည်သာ နဂါးကလန်မှ ပေးလာသည့် ဖိအားကို တောင့်မခံနိုင်၍ သူမနှင့် ရန်ကိုင်အကြားရှိ ဆက်ဆံရေးကို ဖြတ်တောက်ပစ်လိုက်မည်ဆိုလျှင် ရန်ကိုင်အနေဖြင့် လက်မခံချင်လျှင်ပင် လက်ခံရပေမည်။ သို့သော်ငြား ကျူချင်းသည်သာ ခေါင်းမာမာနှင့် ဆက်၍တင်းခံနေမည်ဆိုပါက သူမ၏ အဆုံးသတ်မှာ ကောင်းမွန်တော့လိမ့်မည် မဟုတ်ပေ။

[ကျူချင်း ငါတို့ဆက်ဆံရေးကို ဖြတ်တောက်ပစ်လိုက်မှာလား]

ရန်ကိုင်အနေဖြင့် ထိုမေးခွန်းနှင့် ပတ်သက်၍ တစ်ခါမျှ စဉ်းစားမခဲ့ဖူးပေ။ အကြောင်းမှာ ကျူချင်း မည်ကဲ့သို့ ဆုံးဖြတ်ချက်ချမလဲဆိုသည်ကို သူသိပြီးသားမို့ပင်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့လေသည်။

နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်နှင့် ပတ်သက်၍ တိုးတက်မှု သိပ်မရှိခဲ့ချေ။ ယန်ကိုင်အနေဖြင့် ထိုပညာရပ်ကို ကျင့်ကြံသည်မှာ ကြာမှမကြာသေးလေပဲ။ လက်ရှိ သူ့အနေဖြင့် နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးပြီးသည့်နောက် ၄၅ မီတာခန့်ရှိသော နဂါးတစ်ပိုင်း လူတစ်ပိုင်းအသွင်သို့ ပြောင်းလဲနိုင်ရခြင်းမှာ နဂါးသွေးဆေးလုံးနှင့် ကျူချင်း၏ အပျိုစင်ယင်ကြောင့်သာ ဖြစ်လေသည်။ သူ့အနေဖြင့် ဤကျင့်စဉ်ကို ထပ်မံတိုးတက်အောင် လုပ်လိုပါက အချိန်အများကြီး လိုပေလိမ့်မည်။

နောက်ဆုံးတွင် ရန်ကိုင်တို့ နှစ်ဦးသည် အရှေ့ပင်လယ်သို့ ရောက်လာခဲ့လေသည်။ ကမ်းမမြင်အောင် ကျယ်ပြောလှသော ပင်လယ်ကြီးထဲ လှိုင်းပုတ်သံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့လေသည်။

ပန်းတိမ်တိုက်လွန်းပျံ၏ အကူအညီနှင့်ပင် ရန်ကိုင်နှင့် လီကျောက်တို့အဖို့ မြောက်ဘက်နယ်မြေသို့ ရောက်ရန်အတွက် နှစ်လခန့် အချိန်ယူလိုက်ရလေသည်။ ထိုအချက်ကို ကြည့်လျှင် နယ်မြေကြီးနှစ်ခုကြား မည်မျှဝေးကွာကြောင်းကို သတိပြုမိနိုင်ပေသည်။

အရှေ့ပင်လယ်သို့ ရောက်လာပြီးသည့်နောက် လီကျောက်မှာ ပန်းတိမ်တိုက်လွန်းပျံအား ပြန်ထိန်းချုပ်တော့လေသည်။ ရန်ကိုင်သည် နဂါးကျွန်း မည်သည့်နေရာတွင် ရှိသလဲဆိုသည်ကို မသိ။ လီကျောက်သည်သာ အကြမ်းဖျင်းနေရာကို သိထားခြင်း ဖြစ်လေသည်။

ရန်ကိုင် ထင်ထားသကဲ့သို့ပင် လီကျောက်သည် နဂါးသွေးကို ပိုင်ဆိုင်ထားသူ တစ်ဦးပီပီ နဂါးကလန်အပေါ် အထူးတလည် တွယ်တာလိုစိတ် ရှိပေသည်။ သူ့အနေဖြင့် သွားလာသည့်အချိန်မှစ၍ ယခုအချိန်အထိ နဂါးကျွန်းဆီသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသည့်တိုင် နဂါးကလန်သို့ သွားလိုသည့် သူ၏ဆန္ဒမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ခြင်း မရှိပေ။ လီကျောက်သည် နဂါးကလန်သို့ အလွန်သွားချင်ခဲ့ပေသည်။ သို့သော်ငြား သူ၏ကျဲပါးလှသော သွေးမျိုးဆက်သည် သူ့အား နဂါးကလန်သို့ ဝင်ခွင့်မပေးခဲ့ပေ။ သို့တိုင် လွန်ခဲ့သော နှစ် ၅၀၀ ခန့်က လီကျောက်သည် အရှေ့ဘက်ပင်လယ်သို့ လာကာ နဂါးကျွန်းကို လိုက်လံရှာဖွေခဲ့လေသည်။ ၃ နှစ်တိုင်တိုင် အချိန်ဖြုန်းခဲ့သည့်တိုင် အကြမ်းဖျင်းနေရာလောက်ကိုသာ ရှာတွေ့ခဲ့သည်။

လီကျောက် ပြောပုံအရ ထိုစဉ်က လီကျောက်သည် ကမ်းရိုးတန်းတစ်လျှောက် လူတစ်ဦး၏ အနောက်သို့ မသိမသာလေး လိုက်လာခဲ့သည်။ ထိုစဉ်က နဂါးကလန်သားဖြစ်ဟန်တူသော ထိုလူသည် ထိုနေရာသို့ ဝင်သွားပြီးသည့်နောက်တွင် ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအချက်ကို တွေ့ရှိလိုက်ပြီးသည့်နောက် လီကျောက်မှာ အလွန်ကိုမှ စိတ်လှုပ်ရှားသွားပြီး ထိုနေရာကို အတန်ကြာအောင် လိုက်လံရှာဖွေခဲ့လေသည်။ သို့တိုင် အချည်းနှီးသာ။ နောက်ဆုံးတွင်တော့ အမှန်တရားကို လက်ခံ၍ လက်လျှော့လိုက်ခဲ့ရလေသည်။ ယခု ရန်ကိုင် သူ့အား နောက်တစ်ကြိမ် လာပြန်ရှာသည့်အခါမှသာ သူ၏ရင်ထဲ ကိန်းအောင်းနေခဲ့သော ထိုခံစားချက် ပြန်လည်ပွင့်ထွက်လာခဲ့ခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် လီကျောက်သည် ရန်ကိုင်အနောက်သို့ ရဲရဲတင်းတင်း လိုက်လာခဲ့ခြင်းဖြစ်သည်။

"အဲဒီတစ်ခေါက်တုန်းက အဲဒီလူကို ဒီနေရာမှာ မျက်ခြေပြတ်သွားတာ"

ဤအချိန်တွင် ရန်ကိုင်တို့မှာ ပန်းတိမ်တိုက်လွန်းပျံကို သိမ်းထားလိုက်ပြီးသည့်နောက် ကျယ်ပြောလှသည့် ပင်လယ်ပြင်ထက်တွင် ဝဲနေခဲ့ခြင်း ဖြစ်လေသည်။ လီကျောက်သည် သူ၏လက်ကို စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်းပတ်ပြလိုက်ရင်းမှ ရန်ကိုင်အား ရှင်းပြလိုက်လေသည်။

ရန်ကိုင်သည် ဘေးဘီဝဲရာကို လှည့်ကြည့်လျက် မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်လေသည်။

"ဒီနေရာဆိုတာ သေချာလို့လား၊ ဒီမှာ ခင်ဗျား အမှတ်အသားအဖြစ် အသုံးပြုနိုင်တဲ့ ဘာမှရှိတာမှ မဟုတ်တာ"

လီကျောက်က ပြန်ပြောလိုက်သည်။

"အမှတ်အသားအဖြစ် အသုံးပြုလို့ရတဲ့ဟာ ဘာမှမရှိဘူး ဆိုပေမဲ့ ဒီနေရာကိုတော့ ကျုပ် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး၊ ကျုပ်စိတ်ထဲ ဒီနေရာကို သေသေချာချာကို မှတ်ထားတာ"

ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။

[သူ့လေသံကို ကြည့်ရသလောက်တော့ ဒီနေရာက နေရာအမှန်နဲ့ တူတယ်]

"ဒီနေရာက အကျယ်ကြီးပဲ၊ အနည်းဆုံး မိုင်ပေါင်းသောင်းနဲ့ချီ ကျယ်တယ်၊ ပြီးတော့ ကျုပ်တို့မှာလည်း ဘာသဲလွန်စမှ ရှိတာမဟုတ်ဘူး"

"ဒါဆို ဒီအတိုင်းပဲ မေ့လိုက်ကြတော့မလား"

လီကျောက်သည် ရန်ကိုင်အား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လိုက်‌ေလသည်။ ဤနေရာသို့ လာနေစဉ် အတောအတွင်း လီကျောက်မှာ အလွန်ကိုမှ စိတ်လှုပ်ရှားခဲ့သည်။ သူ၏စိတ်ထဲ နဂါးကျွန်းသို့ သွားကာ နဂါးကျွန်းသည် မည်ကဲ့သို့သော ကျွန်းမျိုးဖြစ်သလဲဆိုသည်ကို စူးစမ်းချင်မိခဲ့ပေသည်။ သို့ရာတွင် ဤနေရာသို့ ရောက်လာပြီးသည့်နောက် လီကျောက်မှာ စတင်၍ ကြောက်လန့်လာတော့လေသည်။ သူကြောက်ရသည့် အကြောင်းအရင်းမှာ သေမည်ကို စိုးရွံ့သည့်အတွက်ကြောင့်တော့ မဟုတ်ပေ။ သူကြောက်နေသည်မှာ သူ့တွင် နဂါးကျွန်းအား ရှာတွေ့သွားမည်ဆိုလျှင်ပင် နဂါးကျွန်းထဲသို့ ဝင်ရဲသည့် သတ္တိမရှိမည်ကိုပင်။ ထိုမေးခွန်းကို သူ၏စိတ်ထဲ သူ့ကိုယ်သူ အကြိမ်ဖန်များစွာ မေးမြန်းခဲ့ပေသည်။ သို့သော်ငြား အဖြေတော့ မရခဲ့ပေ။

"ရောင်းရင်းလီ၊ မင်းပြန်ချင်ရင် ပြန်လို့ရတယ်၊ ငါကတော့ ဆက်ရှာနေဦးမှာပဲ"

ပြောပြီးသည့်နောက် ရန်ကိုင်သည် သူ့ဘာသာသူ တစ်ကိုယ်တည်း ပျံထွက်သွားခဲ့လေသည်။

လီကျောက်မှာ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် အော်ပြောလိုက်လေ၏။

"လူခွဲပြီး ရှာကြရအောင်"

ထိုသို့ ပြောပြီးသည့်နောက် လီကျောက်သည် ရန်ကိုင်နှင့် ဆန့်ကျင်ဘက်အရပ်သို့ ပျံသန်းသွားလေသည်။

ရန်ကိုင်သည် သူ၏ ကောင်းကင်စိတ်အာရုံကို ဒီရေလှိုင်းလုံးပမာ ဖြန့်ကျက်ရင်း ပတ်ဝန်းကျင်တစ်ခုလုံးအား နေရာလပ်မကျန်အောင်ကို အသေးစိတ် စစ်ဆေးသွားခဲ့လေသည်။

နဂါးကျွန်း၏ တည်နေရာမှာ အလွန်ကိုမှ ပုန်းလျှိုးကွယ်လျှိုး ရှိနေသည့်အတွက်ကြောင့် နဂါးကျွန်း မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို မည်သူမှ မသိကြချေ။ ရန်ကိုင် အမြင်အရ နဂါးကျွန်းအား ရှာတွေ့ရန် ထိုမျှခက်နေရခြင်းမှာ အလွန်ကိုမှ အားကောင်းလှသည့် အစီအရင်တစ်ခုကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ထိုအစီအရင်သည် နဂါးကျွန်းအား မည်သူမျှမမြင်အောင် ဖုံးကွယ်ပေးထားခြင်းသာ ဖြစ်ပေလိမ့်မည်။

[နဂါးကျွန်းကိုသာ အစီအရင်တစ်ခုနဲ့ ဖုံးအုပ်ထားတာ ဆိုရင် သဲလွန်စကတော့ လုံးဝကို ကျန်ရလိမ့်မယ်]

ရန်ကိုင်သည်သာ ထိုအစီအရင်ကို ရှာတွေ့လျှင် နဂါးကျွန်း၏ တည်နေရာကိုလည်း ရှာတွေ့သွားနိုင်လိမ့်မည်။ ရန်ကိုင်သည် အစီအရင်များအကြောင်းကို သိပ်မသိပါသော်ငြား အစီအရင်များဆီမှ စွမ်းအင်လှိုင်းများ ဖြာထွက်လာလေ့ရှိကြောင်းကိုတော့ သိပေသည်။ သူသာ အစီအရင်တစ်ခုခု၏ စွမ်းအင်လှိုင်းကို အာရုံခံမိသွားသည်နှင့် တပြိုင်နက် နဂါးကျွန်း၏ တည်နေရာကို ရှာတွေ့သွားပြီဟု ပြော၍ရနိုင်သည်။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်။

ရန်ကိုင်သည် သူရှာနေသည့် စက်ကွင်းကို တဖြည်းဖြည်းချင်း ဖြန့်ကျက်သွားလေသည်။ သို့တိုင် ဘာဆိုဘာမျှ ရှာမတွေ့ခဲ့‌။ ထိုသို့ ရှာနေစဉ် အတောအတွင်း လီကျောက်နှင့် တစ်ကြိမ်မကလည်း တွေ့ခဲ့ပေသည်။ ကံမကောင်းစွာဖြင့် လီကျောက်သည်လည်း ဘာကိုမှ ရှာမတွေ့ခဲ့ချေ။

ဆယ်ရက်ကြာပြီးသည့်နောက်တွင် ယန်ကိုင်တို့သည် သူတို့ရှာနေသည့် စက်ကွင်းကို ထပ်ချဲ့လိုက်လေသည်။ တစ်လကြာပြီးသည့်နောက် နောက်တစ်ကြိမ် ထပ်ချဲ့လေ၏။

ရန်ကိုင်၏ အမူအရာမှာ တဖြည်းဖြည်း သုန်မှုန်သည်ထက် သုန်မှုန်လာတော့သည်။

[ငါ ဒီအတိုင်း လက်ဗလာကြီး ပြန်ရမယ်လို့တော့ လာမပြောနဲ့နော်၊ အဲဒါဆိုရင် တကယ်ကို ရယ်စရာတွေ ဖြစ်ကုန်မှာ]

လီကျောက်နှင့် ပြန်တွေ့သည့်အခါ ရန်ကိုင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်လေ၏။

"နဂါးကျွန်း ဒီမှာရှိတယ်ဆိုတာ ခင်ဗျား သေချာလား"

"သေချာတယ်"

လီကျောက်က ခေါင်းညိတ်ပြလိုက်သည်။ တစ်ခဏကြာပြီးသည့်နောက် ရုတ်တရက် တစ်ခုခုအား နားလည်သွားကာ ပြန်မေးလိုက်လေသည်။

"နန်းတော်သခင်ရန်က ကျုပ်ကို သံသယဝင်နေတာလား၊ ကျုပ်ကို အဲလိုမျိုး သံသယ လာမဝင်နဲ့လေ၊ ကျုပ်မှာ ဘာအပြစ်မှ မရှိဘူး၊ ပြီးတော့ နန်းတော်သခင်ကို ကျုပ်လိမ်လို့လည်း ကျုပ်အတွက် ဘာအကျိုးရှိမှာမို့လို့လဲ"

"ကျုပ် ခင်ဗျားကို သံသယဝင်နေတာ မဟုတ်ဘူး၊ နှစ်အများကြီး ကြာသွားတော့ ပတ်ဝန်းကျင်ရှုခင်းတွေက ပြောင်းချင်ပြောင်းကုန်မှာ၊ ဒီတော့ ခင်ဗျား နေရာမှားပြီး လာတာလည်း မဖြစ်နိုင်ဘူးမလား"

"မဖြစ်နိုင်ဘူး"

လီကျောက်က အကြောက်အကန် ငြင်းဆိုလေသည်။

"ကျုပ် နေရာမှားတာ လုံးဝ မဖြစ်နိုင်ဘူး၊ ဒီနေရာဆိုတာ လုံးဝ အသေအချာပဲ"

လီကျောက်၏ တုံ့ပြန်ပုံကို မြင်ပြီးသည့်နောက် ရန်ကိုင်လည်း ဘာမျှ ထပ်မပြောနိုင်တော့ချေ။ ခေါင်းညိတ်၍သာ အဝေးတစ်နေရာသို့ လှမ်း၍ ကြည့်လိုက်တော့သည်။

[စိတ်ဝိညာဉ်သားရဲကျွန်းဆီပဲ သွားလိုက်တော့ရင် ကောင်းမလား၊ သားရဲသခင် မဟာဧကရာဇ်နဲ့ နဂါးကျွန်းက မတည့်ကြတာဆိုတော့ သားရဲသခင် မဟာဧကရာဇ် နဂါးကျွန်း ဘယ်မှာရှိလဲဆိုတာ ပြောပြရင် ပြောပြမှာပေါ့၊ ဟုတ်တယ်မလား]

"ဟူး၊ နဂါးကျွန်းက တကယ်ကို ရှာရခက်တာပဲ၊ ကျုပ်တို့မှာသာ နဂါးကျွန်းတံဆိပ်ပြားလေး ရှိမယ်ဆိုရင်"

လီကျောက် သက်ပြင်းချလိုက်လေသည်။

ရန်ကိုင် ရုတ်တရက် လီကျောက်ဘက်သို့ လှည့်ကြည့်လာလေ၏။

"ဘာဖြစ်လို့လဲ"

လီကျောက်က အံ့အားသင့်တကြီးဖြင့် ပြန်မေးလိုက်သည်။

ရန်ကိုင်က ပြောလိုက်လေ၏။

"နဂါးကျွန်းတံဆိပ်ပြားက နဂါးကျွန်းရဲ့ တည်နေရာကို အာရုံခံနိုင်တာလား"

လီကျောက်က ပြန်ပြောလိုက်သည်။

"ရှာနိုင်တယ်နဲ့တူတယ်၊ နဂါးကျွန်းတံဆိပ်ပြားတွေက နဂါးကျွန်းက တခြားသူတွေဆီ ပေးထားတဲ့ တံဆိပ်ပြားတွေလေ၊ အဲဒီတံဆိပ်ပြား ရှိတဲ့လူ ဘယ်သူမဆို နဂါးကျွန်းဆီလာပြီးတော့ သူတို့လိုချင်တာကို တောင်းဆိုလို့ရတယ်၊ ဒါပေမဲ့ သူတို့ရဲ့ တောင်းဆိုချက်က နဂါးကလန် တတ်နိုင်တဲ့ ဘောင်အတွင်းမှာတော့ ရှိရမှာပေါ့၊ ပုံမှန်အားဖြင့် နဂါးကလန်က လူရှေ့သူရှေ့မှာ ပေါ်လာလေ့ ရှိတာမဟုတ်ဘူး၊ ဒီတော့ တစ်ယောက်ယောက်သာ နဂါးကျွန်းတံဆိပ်ပြားကို ရသွားတယ်ဆိုရင် နဂါးကျွန်းဆီ လာပြီးတော့ပဲ သူတို့ဆန္ဒကို တောင်းဆိုလို့ရမှာ၊ ဒါပေမဲ့ နဂါးကျွန်း ဘယ်မှာရှိလဲဆိုတာကို မသိဘဲနဲ့ နဂါးကျွန်းဆီ ဘယ်လိုလာမှာလဲ၊ ဒါကြောင့် နဂါးကျွန်းတံဆိပ်ပြားက နဂါးကျွန်း ဘယ်မှာရှိလဲဆိုတာကို အာရုံခံနိုင်လောက်တယ်လို့ ပြောတာ"

ထိုသို့ ပြောပြီးသည့်နောက် လီကျောက်က သက်ပြင်းချလျက်...

"ဒါပေမဲ့ ရှိတဲ့ နဂါးကျွန်းတံဆိပ်ပြားတွေ တော်တော်များများကို နဂါးကျွန်းက ပြန်ယူသွားပြီ၊ ကျန်တဲ့ တံဆိပ်ပြားတွေကို ရှာဖို့ကလည်း ကောင်းကင်တက်တာထက်တောင် ပိုခက်သေးတယ်"

ရန်ကိုင် သက်ပြင်းအမောကြီး ချလိုက်လေသည်။ ထို့နောက် ခေါင်းမော့၍ ဝမ်းနည်းနေသည့် အမူအရာဖြင့် လီကျောက်၏ ပခုံးကို ပုတ်လိုက်လေ၏။

လီကျောက် ထိတ်လန့်သွားလေသည်။

"ဘာဖြစ်လို့လဲ နန်းတော်သခင်ရန်"

ရန်ကိုင်သည် လီကျောက်အား အားတင်းပြုံး၍ စိုက်ကြည့်နေပြီးမှ အံကိုကြိတ်ကာ ပြောလိုက်လေသည်။

"ခင်ဗျား ဒီလောက်အရေးကြီးတဲ့ အကြောင်းကို ဘာဖြစ်လို့ အစောကြီးကတည်းက မပြောတာလဲ"

လီကျောက်မှာ သူ၏လက် ပြတ်ထွက်သွားလုမတတ် နာကျင်လာခဲ့ရလေသည်။

[နန်းတော်သခင်ရန် ရုတ်တရက်ကြီး ဘာထဖြစ်တာလဲဟ]

"နန်းတော်သခင်ရန်ကမှ မမေးခဲ့တာ"

လီကျောက်သည် ထိုအကြောင်းကို အမှုမဲ့အမှတ်မဲ့ ပြောလိုက်ခြင်း ဖြစ်ပေသည်။ သို့သော်ငြား သူပြောလိုက်သည့် စကားကို ကြားပြီးနောက် ရန်ကိုင် ဤမျှ ထူးထူးဆန်းဆန်း တုံ့ပြန်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

"နဂါးကျွန်းတံဆိပ်ပြား ဟုတ်တယ်မလား"

ထိုသို့ ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် တစ်ခုခုကို ထုတ်ယူလိုက်လေသည်။

"ကျုပ်မှာ တစ်ခု ရှိတယ်"

"ဟမ်"

လီကျောက် မှင်တက်သွားခဲ့လေ၏။ ထို့နောက်တွင် လီကျောက်သည် ရယ်ရခက် ငိုရခက် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။

"ဒါဆိုရင် နန်းတော်သခင်က အဲဒီတံဆိပ်ပြားကို ဘာလို့ အစောကြီးကတည်းက မထုတ်တာလဲ"

"နဂါးကျွန်းတံဆိပ်ပြား ဘယ်လို အသုံးဝင်မှန်း ကျုပ်မှ မသိတာ"

နှစ်ယောက်သား တစ်ဦးကိုတစ်ဦး ဆွံ့အနေသည့် အမူအရာများဖြင့် ကြောင်ကြည့်နေကြသည်။ နှစ်ယောက်စလုံးမှာ လွန်ခဲ့သည့်လအတွင်း နဂါးကျွန်းအား အသည်းအသန် ရှာဖွေခဲ့ကြသည်။ သို့တိုင် မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ချေ။ အဆုံးတွင်တော့ နဂါးကျွန်းအား ရှာဖွေနိုင်မည့် သဲလွန်စသည် သူတို့၏ လက်ထဲတွင် ရှိနေသည်ကို သိခဲ့ရလေ၏။

"ဒါ တကယ်ကြီး နဂါးကျွန်းတံဆိပ်ပြားလား"

လီကျောက်က မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။ နဂါးကျွန်းတံဆိပ်ပြားများ မည်မျှ ရှားပါးကြောင်းကို လီကျောက် ပြောခဲ့လေသည်။ သူသိသလောက်ဆိုလျှင်လည်း နဂါးကျွန်းတံဆိပ်ပြားမှာ လက်တစ်ဆုပ်စာလောက်သာ ရှိပေသည်။ သို့သော် အများစုကို နဂါးကျွန်းမှ ပြန်ယူသွားခဲ့လေပြီ။ ထို့အတွက်ကြောင့် ရန်န်ကိုင်တွင် နဂါးကျွန်းတံဆိပ်ပြားတစ်ခု ရှိနေသည့်အပေါ် လီကျောက်မှာ မယုံကြည်နိုင် ဖြစ်နေရခြင်း ဖြစ်သည်။

သေသေချာချာ စစ်ဆေးကြည့်ပြီးသည့်နောက်တွင် လီကျောက်က တွေးလိုက်လေသည်။

[ဒါက တကယ့် နဂါးကျွန်းတံဆိပ်ပြားပဲဟ၊ ကျမ်းထဲမှာ ဖော်ပြထားတာတွေနဲ့ ဘာမှ သိပ်မကွာဘူး]

"ဒီတံဆိပ်ပြားက အသုံးဝင်တယ်ဆိုတာ သေချာလား"

ရန်န်ကိုင်သည် လီကျောက်ကို ကြည့်၍ မေးလိုက်လေသည်။

လီကျောက်မှာလည်း သိပ်၍ မသေချာခဲ့ချေ။

"အရမ်းကြီးတော့ သိပ်မသေချာဘူး"

သူကိုယ်တိုင်သည်လည်း နဂါးကျွန်းတံဆိပ်ပြား မည်သို့မည်ပုံ အသုံးဝင်သလဲဆိုသည်ကို သေသေချာချာ မသိလေရာ လုံးဝတော့ အာမမခံနိုင်ပေ။ သို့တိုင် သူပြောခဲ့သလိုပင် နဂါးကျွန်းသည် လူတိုင်း၏အမြင်မှ ပုန်းကွယ်စွာ တည်ရှိနေခြင်း ဖြစ်လေသည်။ နဂါးကလန်သည်လည်း လူရှေ့သူရှေ့ ထွက်လာလေ့မရှိ‌ပေ။ ထိုသို့ဖြစ်လေရာ တစ်စုံတစ်ဦးသည်သာ နဂါးကျွန်းတံဆိပ်ပြားကို ရသွားမည်ဆိုပါက နဂါးကျွန်းတံဆိပ်ပြားဖြင့် နဂါးကျွန်းကို အာရုံခံ၍ သူတို့လိုချင်သည်ကို လာရောက်တောင်းဆိုရုံသာ ရှိပေလိမ့်မည်။ ထိုသို့သာ မဟုတ်ပါက နဂါးကျွန်းတံဆိပ်ပြားသည် ထိုလူ၏ လက်ထဲတွင်သာ သောင်တင်နေပြီး သူ့အနေဖြင့် သူလိုချင်သည့် ဆန္ဒကို နဂါးကျွန်းတံဆိပ်ပြားကို သုံး၍ မည်သို့မျှ ဖြည့်ဆည်းနိုင်တော့လိမ့်မည် မဟုတ်ပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၁၇)

ဘာသာပြန်သူ_တိမ်တိုက်

“တကယ်အသုံးဝင်မဝင် စမ်းကြည့်ရင် သိမှာပေါ့…” ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလျက် ဧကရာဇ်ချီကို လှည့်ပတ်ကာ နဂါးကျွန်းတံဆိပ်ပြားထဲသို့ ထည့်သွင်းလိုက်လေသည်။

လီကျောက်သည် မျက်လုံးကို ကျယ်နိုင်သမျှကျယ်အောင် ဖွင့်ထားရင်း ရန်ကိုင်လုပ်နေသည်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။

နဂါးကျွန်းတံဆိပ်ပြား ရန်ကိုင်လက်ထဲတွင် ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့လေပြီ။ ဤတံဆိပ်ပြားကို စရခဲ့စဉ်က နဂါးကျွန်းတံဆိပ်ပြား မည်သို့မည်ပုံ အသုံးဝင်သလဲဆိုသည်ကို သိရလေအောင် ရန်ကိုင် လက်တွေ့စမ်းသပ်ခဲ့လေသည်။ သို့သော်ငြား ထိုစဉ်က သူ့ချီကို နဂါးကျွန်းတံဆိပ်ပြားထဲသို့ ထည့်သွင်းခဲ့တိုင် နဂါးကျွန်းတံဆိပ်ပြားမှာ လုံးဝ တုံ့ပြန်လာခဲ့ခြင်းမရှိပေ။

ယခုတစ်ကြိမ်သည်လည်း ယခင်တစ်ကြိမ်ကနှင့် အတူတူသာ ဖြစ်လေသည်။ ရန်ကိုင်၏ဧကရာဇ်ချီသည် နဂါးကျွန်းတံဆိပ်ပြားထဲသို့ စီးဝင်သွားခဲ့သည်။ သို့တိုင် တံဆိပ်ပြားမှာတော့ ပုံမှန်အတိုင်းသာ ရှိနေလေ၏။

ရန်ကိုင်နှင့် လီကျောက်တို့၏ မျှော်လင့်တကြီး အကြည့်များထဲ စိတ်ပျက်မှုတို့ စတင်ထွက်ပေါ်လာခဲ့လေသည်။

“ဘယ်… ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုးဖြစ်ရတာလဲ…” လီကျောက်လည်း စိတ်ပျက်နေခဲ့လေသည်။ အစောပိုင်းက သူပြောလိုက်သည့်စကားမှာ ခန့်မှန်းချက်သက်သက်သာ ဖြစ်ပါသော်ငြား သူ့တွင် ဘာကြောင့် ထိုကဲ့သို့ ပြောရသလဲဆိုသည်နှင့် ပတ်သက်၍ လက်ဆုပ်လက်ကိုင်ပြစရာ သက်သေများ ရှိနေပေသည်။ သို့သော်ငြား သူ၏ခန့်မှန်းချက်သက်သက်မှာ လုံးဝအသုံးမဝင်ဘဲ နေလိမ့်မည်ဟု မည်သူကများ ထင်ထားမိပါမည်နည်း။

ရန်ကိုင်သည်လည်း သက်ပြင်းသာ ချလိုက်လေသည်။ နဂါးကျွန်းတံဆိပ်ပြားထဲသို့ ထည့်သွင်းနေသည့် ဧကရာဇ်ချီကို ရပ်တန့်လိုက်တော့မည်အပြု နဂါးကျွန်းတံဆိပ်ပြားပေါ်တွင် ထိုးထွင်းသော နဂါးပုံမှနဂါး ရုတ်တရက် မျက်တောင်ခတ်သွားခဲ့လေသည်။

ရန်ကိုင်‌ ခေါင်းမော့လိုက်ပြီး လီကျောက်အား လှမ်းကြည့်လိုက်သည်။ အလားတူပင် လီကျောက်သည်လည်း ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် ကြည့်နေလေ၏။ အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင်က ပြောလိုက်လေသည်။ “ခင်ဗျား မြင်လိုက်လား…”

လီကျောက်က ပြန်ပြောလိုက်၏။ “မြင်လိုက်တယ်…”

နှစ်ယောက်စလုံး ထိတ်လန့်နေခဲ့ကြလေသည်။ ထို့နောက် နှစ်ဦးစလုံး နဂါးကျွန်းတံဆိပ်ပြားဆီသို့ ပြန်ကြည့်လိုက်ရာ နဂါးကျွန်းတံဆိပ်ပြားပေါ်တွင် ထိုးထွင်းထားသော နဂါးမှာ အမှန်တကယ်ကို မျက်တောင်ခတ်နေကြောင်း တွေ့လိုက်ရလေသည်။ ယခုအချိန်တွင်တော့ မျက်တောင်ခတ်နေရုံသာလျှင်မဟုတ်တော့။ ထိုနဂါးသည် အသက်ဝင်လာသည့်အလား တံဆိပ်ပြားထဲမှ ခုန်ထွက်သွားတော့မည့်ပုံစံမျိုးပင် ပေါက်လာနေခဲ့လေသည်။

အသက်ဝင်လာသည့်နဂါးသည် ယခင်ကကဲ့သို့ ခွေမနေတော့ဘဲ ၎င်း၏ ခန္ဓာကိုယ်ကို ဆန့်ကာ ရေထဲရောက်သည့် ငါးတစ်ကောင်ပမာ စတင်၍ ကူးခတ်တော့လေ၏။ သို့သော်ငြား နဂါးကျွန်းတံဆိပ်ပြားထဲမှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိချေ။ ထိုနဂါးသည် နဂါးကျွန်းတံဆိပ်ပြားထဲတွင်သာ အဆက်မပြတ် ကူးခတ်နေခြင်း ဖြစ်လေ၏။

ရန်ကိုင်သည် ကူးခတ်နေသည့်နဂါးကို စိုက်ကြည့်နေရင်းမှ ရုတ်တရက် တစ်ခုခုအား နားလည်သွားခဲ့လေသည်။ ထို့နောက် နဂါးကျွန်းတံဆိပ်ပြားကို သူ့လက်ဝါးပေါ်တင်၍ ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်လေသည်။ သူ့အနေဖြင့် နဂါးကျွန်းတံဆိပ်ပြား တင်ထားသည့် သူ့လက်အား မည်သို့ဘက်သို့ချိန်ရွယ်နေပါစေ နဂါးကျွန်းတံဆိပ်ပြားထဲတွင် ရှိနေသော နဂါးမှာမူ တစ်ခုသောဘက်ဆီသို့သာ ဦးတည်နေလေသည်။

“နဂါးကျွန်းက ဒီနဂါးခေါင်း ဦးတည်နေတဲ့ဘက်မှာ ရှိနေတာ…” လီကျောက်က ပြောလိုက်သည်။

“သွားကြရအောင်…” ရန်ကိုင် ဝမ်းသာသွားခဲ့ပြီး နဂါးခေါင်းဦးတည်နေသည့် ဘက်ဆီသို့ အလျင်စလို ပျံသန်းသွားလေ၏။ လီကျောက်သည်လည်း အရှိန်ကုန်တင်ကာ ရန်ကိုင်နောက်မှ အမြန် ပြေးလိုက်လာခဲ့လေသည်။

ရန်ကိုင်တို့နှစ်ဦးသည် ပတ်ဝန်းကျင်ကို အမှုမထားဘဲ နဂါးခေါင်းဦးတည်နေသည့်ဘက်ဆီသို့ တရစပ် ပျံသန်းလာခဲ့လေသည်။ သူတို့အနေဖြင့် နဂါးခေါင်းဦးတည်နေသည့် ဘက်ဆီသို့ လိုက်သွားရုံဖြင့်ပင်လျှင် နဂါးကျွန်းကို ရှာတွေ့နိုင်ပေလိမ့်မည်။ အတန်ကြာအောင် ပျံသန်းလာပြီးသည့်နောက်တွင် နဂါးကျွန်းတံဆိပ်ပြားထဲတွင်ရှိနေသော နဂါးမှာ ရုတ်တရက်ဆိုသလို ပြောင်းလဲလာတော့လေသည်။ မူလက နဂါးခေါင်းရှိနေသည့်နေရာတွင် နဂါးအမြီး ရောက်သွားခဲ့ပြီး နဂါးအမြီးရှိနေသည့်နေရာတွင် နဂါးခေါင်း ရောက်လာခဲ့လေသည်။

ရန်ကိုင် ရုတ်တရက် ရပ်လိုက်လေသည်။ ခဏအကြာတွင် လီကျောက်သည် ရန်ကိုင်ဘေးနားသို့ ရောက်လာပြီး မေးလိုက်လေသည်။ “ဘာဖြစ်လို့လဲ…”

ရန်ကိုင်မှာမူ ပြန်မဖြေခဲ့။ ထို့အစား ဖြည်းဖြည်းချင်း နောက်သို့ ပြန်ဆုတ်လိုက်လေ၏။ ခြေလှမ်းပေါင်းများစွာ လှမ်းပြီးသည့်နောက် နဂါးကျွန်းတံဆိပ်ပြားထဲရှိနဂါး နောက်တစ်ဖန် ပြောင်းလဲသွားခဲ့လေသည်။ မူလက အဖြောင့်အတိုင်းရှိနေသော နဂါးသည် ရုတ်တရက်ဆိုသလို ထောင့်မှန်ပုံစံ ကွေးချလိုက်လေသည်။ နဂါးခေါင်းကို မည်သည့်နေရာတွင် မတွေ့ရတော့။ နဂါးအမြီးသည်သာ ရန်ကိုင်တည့်တည့်သို့ ချိန်ရွယ်ထားလေ၏။

“အဲ့ဒါ ဘာသဘောလဲ…” လီကျောက်သည် နဂါးကျွန်းတံဆိပ်ပြားထဲရှိ နဂါး၏ ပြောင်းလဲမှုကို သေသေချာချာ အာရုံစိုက်ကြည့်နေလေရာ နဂါး၏ပြောင်းလဲသွားသည့်ပုံစံကို မြင်ပြီးသည့်နောက် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်သည် မျက်မှောင်ကျုံ့လျက် နဂါးကျွန်းတံဆိပ်ပြားကို သေသေချာချာ လေ့လာကြည့်သည်။ ထို့နောက် အောက်ဘက်ရှိပင်လယ်ကို ညွှန်ပြ၍ ပြောလိုက်လေ၏။ “နဂါးကျွန်းက အဲ့မှာရှိနေတာ…”

“ဘယ်လို…” လီကျောက် ထိတ်လန့်သွားလေ၏။ “နဂါးကျွန်းက အဲ့မှာရှိနေတာ… နန်းတော်သခင်ရန် အထင်မှားနေတာတော့ မဟုတ်ပါဘူးနော်…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဒီတံဆိပ်ပြားသာ နဂါးကျွန်းကို ညွှန်ပြနိုင်တယ်ဆိုရင် လုံးဝမှားစရာအကြောင်း မရှိဘူး…”

ရန်ကိုင်သည် နဂါးကျွန်းတံဆိပ်ပြားကို သူ့လက်ဝါးပေါ် တင်ထားခြင်းဖြစ်လေသည်။ လက်ရှိအချိန်တွင် နဂါးကျွန်းတံဆိပ်ပြားထဲရှိ နဂါးသည် ပင်လယ်ပြင်အား ထောင့်မှန်ကျနေခဲ့လေသည်။ ၎င်း၏ခေါင်းမှာ ပင်လယ်ပြင်တည့်တည့်သို့ ချိန်ရွယ်ထားလေရာ နဂါးကျွန်းသည် ရေနက်ထဲတွင် ရှိနေသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

“ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ… နဂါးကျွန်းက ဘယ်လိုလုပ်ပြီး ပင်လယ်အောက်မှာ ရှိနေရတာလဲ…” လီကျောက်မှာ အမှန်တရားကို လက်မခံနိုင် ဖြစ်နေခဲ့လေသည်။ (နဂါးကျွန်းလေ… ကျွန်းဆိုမှတော့ ပင်လယ်ပေါ်မှာ ရှိရမှာပေါ့… ဘာလို့ ပင်လယ်အောက်မှာ ရှိရတာလဲ…”

သို့တိုင် နဂါးကျွန်းတံဆိပ်ပြားသည် ပင်လယ်အောက်သို့သာ ညွှန်ပြနေသည့်အတွက်ကြောင့် လီကျောက်မှာ ပြောစရာစကား ပျောက်ရှနေရလေသည်။

ရန်ကိုင်ကမူ ခေါင်းခါလျက် “ဒီလိုသာဆိုလို့ရှိရင်တော့ အခြားသူတွေ ဘာလို့ နဂါးကျွန်းကို ရှာလို့မတွေ့လဲဆိုတာ စဉ်းစားလို့ရသွားပြီ…”

လူတိုင်းသည် နဂါးကျွန်းမှာ ပင်လယ်ပေါ်တွင် ရှိနေသည်ဟုသာ ယုံကြည်ထားကြလေသည်။ မည်သူကများ နဂါးကျွန်းသည် ပင်လယ်အောက်ထဲတွင် ရှိနေလိမ့်မည်ဟု ထင်ထားခဲ့မည်နည်း။ ထိုအကြောင်းကြောင့်ပင်လျှင် မည်သူမှ နဂါးကျွန်းအား အလွယ်တကူရှာမတွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။

“သွားစစ်ဆေးကြည့်ကြတာပေါ့…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ပင်လယ်ထဲသို့ ထိုးဆင်းသွားလေသည်။

“ဗွမ်း…” ဟူသော မြည်သံနှင့်အတူ ရန်ကိုင်သည် လီကျောက်၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။ လီကျောက်သည်လည်း ရန်ကိုင်နောက်မှ လိုက်ဆင်းသွားခဲ့လေ၏။ နှစ်ဦးစလုံးသည် ဧကရာဇ်ချီဖြင့် သူတို့ကိုယ်ပတ်လည်တွင် အကာအကွယ်အရံအတားတစ်ခုဆီ ဖန်တီးထားလိုက်ကြလေသည်။

အောက်ဘက်သို့ဆင်းလာသည်နှင့်အမျှ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပိုပို၍ မှောင်မိုက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် ပင်လယ်သားရဲများမှာလည်း ရန်ကိုင်တို့နားမှ စတင်၍ ဖြတ်သွားဖြတ်လာ လုပ်လာကြတော့လေသည်။

ပင်လယ်သားရဲများသည် အလွန်ကိုမှ ကြီးမားလေ့ရှိကြပြီး ၎င်းတို့၏ခွန်အားမှာ ၎င်းတို့၏အရွယ်အစားနှင့် တိုက်ရိုက်အချိုးကျသည်မှာ များပေသည်။ ကံကောင်းစွာဖြင့် လီကျောက်နှင့်ရန်တို့မှာ အားနည်းခြင်းမရှိကြ။ သူတို့၏ ဧကရာဇ်ဖိအားကို ထုတ်လွှတ်လိုက်သည့်အခါတွင် အနီးအနား၌ ရှိနေကြသော မည်သည့်ပင်လယ်သားရဲမှ သူတို့နားသို့ ချဉ်းကပ်မလာရဲတော့ချေ။ ထိုသို့ဖြင့် ရန်ကိုင်တို့မှာ ချောချောမွေ့မွေ့နှင့် အောက်သို့ ဆက်လက်ဆင်းသွားနိုင်ခဲ့လေ၏။

အချိန် မည်မျှ ကြာလို့ကြားသွားမှန်းမသိ ပတ်ဝန်းကျင်တစ်ခုလုံးမှာတော့ ကိုယ့်လက်ကို မမြင်ရလောက်အောင်အထိ မည်းမှောင်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်တို့ခံစားနေရသည့် ဖိအားမှာလည်း အတော်လေးကိုမှ ကြောက်မက်ဖွယ်ရာ ကောင်းလာခဲ့သည်။ ထိုကဲ့သို့သော ဖိအားမျိုးအောက်တွင် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးသည်ပင်လျှင် စိစိညက်ညက် ကြေသွားရပေလိမ့်မည်။ ဧကရာဇ်အဆင့်ပညာရှင်များသာလျှင် ထိုဖိအားကိုတောင့်ခံ၍ အောက်သို့ ဆက်ဆင်းနိုင်ကြပေလိမ့်မည်။

အလွန်တရာကိုမှ ပြင်းထန်လှသည့် ဖိအားအောက်ဝယ် လီကျောက်၏နဖူးထက် ချွေးအေးများ ဝေ့သီလာတော့လေသည်။ သို့သော်ငြား သူ့ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ရန်ကိုင်‌ အောက်သို့ ဆက်ဆင်းသွားနေကြောင်းကို ခံစားမိသည်။ ထို့အတွက်ကြောင့် သူကိုယ်တိုင်သည်လည်း အံကိုတင်းတင်းကြိတ်၍ ရန်ကိုင်နောက်သို့ ဆက်လိုက်ရုံသာ တတ်နိုင်ခဲ့လေသည်။

ရုတ်တရက်ဆိုသလို အားကောင်းလှသည့် အရှိန်အဝါတစ်ရပ်သည် ရန်ကိုင်တို့တည့်တည့်သို့ လျင်မြန်စွာ ပြေးဝင်လာလေ၏။ ထိုအရာမှာ အခြားမဟုတ် ပင်လယ်သားရဲတစ်ကောင်သာ ဖြစ်လေသည်။ ရန်ကိုင်တို့၏ ဧကရာဇ်ဖိအားသည် ပင်လယ်သားရဲအများစုကို ကြောက်သွားအောင် လုပ်လိုက်ပါသော်ငြား အချို့သောပင်လယ်သားရဲများမှာမူ ရန်ကိုင်တို့၏ ဧကရာဇ်ဖိအားကို မမှုပေ။

အနက်ရောင်အရိပ်ကြီး ရန်ကိုင်တို့အား လွှမ်းခြုံသွားချိန် ရန်ကိုင်တို့နှစ်ဦးစလုံးမှာ ပင်လယ်သားရဲ၏ဝမ်းဗိုက်ထဲသို့ ရောက်သွားခဲ့ရလေသည်။ ငါးညှီနံ့တို့မှာ ရန်ကိုင်တို့၏ နှာခေါင်းဝတစ်ဝိုက် ရစ်သိုင်းလာတော့လေ၏။

ရန်ကိုင်၏အမူအယာ သုန်မှုန်သွားခဲ့ပြီး ချက်ချင်းပဲ သူ့လက်ကိုမြှောက်၍ လဓါးသွားများစွာကို ပစ်လွှတ်လိုက်လေသည်။ တရွှစ်ရွှစ်မြည်သံများနှင့်အတူ ပင်လယ်သားရဲ၏ဝမ်းဗိုက် ပေါက်ထွက်သွားခဲ့လေသည်။

ရန်ကိုင်လည်း ထိုအပေါက်မှတစ်ဆင့် အပြင်သို့ ပြန်ထွက်လာပြီးသည့်နောက် လှမ်းကြည့်လိုက်ရာ အဆက်မပြတ်လူးလွန့်နေသော ဧရာမအရိပ်ကြီးတစ်ခုကို မြင်လိုက်ရလေသည်။ ပိန်းပိန်းပိတ်အောင် နက်မှောင်နေသော ပင်လယ်ရေများမှာ ပင်လယ်သားရဲဆီမှ ထွက်လာသည့် သွေးများကြောင့် နီရဲကုန်နေလေပြီ။ ထိုအချိန်အတောအတွင်း လီကျောက်သည်လည်း ရန်ကိုင်ဖန်တီးထားသည့် အပေါက်မှတစ်ဆင့် ပင်လယ်သားရဲ၏ဝမ်းဗိုက်ထဲမှ ပြန်ထွက်လာခဲ့လေသည်။ ပင်လယ်သားရဲများမှာ အလွန်ကိုမှ အသက်ပြင်းလှသည်။ ထို့အတွက်ကြောင့် ဤကဲ့သို့သောဒဏ်ရာမျိုးကို ရလိုက်သည့်တိုင် သေသွားလေ့မရှိကြပေ။ သို့တိုင် ပင်လယ်သားရဲမှာတော့ သူသည် ရန်မစသင့်သည့်ရန်သူကို သွားရန်စမိပြီမှန်း သိလိုက်သည့်နောက် ကြောက်ကြောက်လန့်လန့်ဖြင့် အလျင်အမြန် ထွက်ပြေးတော့လေ၏။

“ဆက်သွားမယ်…” ရန်ကိုင်သည် လီကျောက်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်းပြောလိုက်ပြီးသည့်နောက် အောက်သို့ဆက်ဆင်းသွားလေ၏။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် မပြောမဆိုဖြင့် ရုတ်တရက် ရပ်လိုက်လေသည်။ ယခုအချိန်ထိတိုင် ရန်ကိုင်မှာ ပင်လယ်အောက်ခြေကို မမြင်ရသေးချေ။ သို့သော်ငြား ပတ်ဝန်းကျင်တစ်ခုလုံးမှာတော့ ခြောက်ခြားဖွယ်ရာကောင်းစွာကို တိတ်ဆိတ်နေခဲ့လေသည်။ မသိလျှင် သူတို့ကိုယ်သူတို့ ပရမ်းပတာဟင်းလင်းပြင်တစ်ခုထဲသို့ ရောက်နေသည့်အလား။

“ဘာဖြစ်လို့လဲ…” လီကျောက်က ရန်ကိုင်နောက်တွင်ရပ်လျက် ဇဝေဇဝါအမူအယာဖြင့် မေးလိုက်လေသည်။ ပင်လယ်ရေဖိအားကြောင့် လီကျောက်မှ သူ့ကိုယ်ပတ်လည်တွင် ဖန်တီးထားသည့် ဧကရာဇ်ချီအကာအကွယ်မှာ အနည်းငယ် ချိုင့်ဝင်နေခဲ့လေပြီ။

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ်တို့ နေရာမှန်ကိုရောက်ပြီ…”

ထိုစကားကိုကြားသည့်အခါ လီကျောက် ဝမ်းသာသွားခဲ့လေ၏။ “တကယ်ကြီးလား… ဒါဆို နဂါးကျွန်းက ပင်လယ်အောက်မှာ တကယ်ကြီးရှိနေတာပေါ့…”

ရန်ကိုင်က ခေါင်းခါလိုက်သည်။ “ပင်လယ်အောက်မှာမဟုတ်ဘူး…”

လီကျောက် ကြောင်အမ်းအမ်းဖြစ်သွားလေ၏။ “နန်းတော်သခင်ရန် ဘာပြောချင်တာလဲ…” (နန်းတော်သခင်ရန်… မင်းပဲ နေရာမှန်ကိုရောက်ပြီဆို… ဘယ်လိုလုပ်ပြီး နဂါးကျွန်းက ပင်လယ်အောက်မှာ မဟုတ်ရပြန်တာလဲ…)

“နဂါးကျွန်းဆီသွားတဲ့ဝင်ပေါက်က ကျုပ်တို့ရှေ့တည့်တည့်မှာပဲ…” ရန်ကိုင်သည် သူ့လက်ကိုမြှောက်၍ ရှေ့တည့်တည့်သို့ ညွှန်ပြလိုက်လေသည်။

လီကျောက်သည် သူ့ကောင်းကင်စိတ်အာရုံကို အလျင်စလို ဖြန့်ကျက်၍ ရန်ကိုင်ညွှန်ပြနေသည့် နေရာတည့်တည့်သို့ စစ်ဆေးကြည့်လိုက်သည်။ သို့သော်ငြား ဘာဆို ဘာကိုမှ အာရုံခံမရခဲ့ပေ။

“အဲ့မှာ လေဟာနယ်လိုဏ်ခေါင်းတစ်ခုရှိတယ်…” ရန်ကိုင်က ပြောလိုက်သည်။ “ဒါပေမယ့် အရမ်းကိုလျှို့ဝှက်လွန်းတော့ ပုံမှန်ဆို သတိထားဖို့မလွယ်ဘူး… သေသေချာချာ ကြည့်ကြည့်လိုက်…”

ထိုစကားကိုကြားသည့်အခါမှသာ လီကျောက်သည်လည်း ဤနေရာနှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေမှန်း သတိထားမိသွားတော့သည်။ စစ်ဆေးကြည့်ရသလောက် ဤနေရာတွင် လေဟာနယ်လိုဏ်ခေါင်းတစ်ခု၏ သဲလွန်စများ ရှိနေခဲ့သည်။ လီကျောက်သည် လေဟာနယ်တာအိုကို ကျင့်ကြံထားခြင်း မရှိပါသော်ငြား ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် အတွေ့အကြုံကြွယ်ဝလှသလို အမြင်လည်း စူးရှလှပေရာ ချက်ချင်း သတိထားမိသွားခဲ့ပြီး အထိတ်အလန့်ဖြင့် မေးလိုက်လေ၏။ “နဂါးကျွန်းက လေဟာနယ်လိုဏ်ခေါင်းနောက်မှာ ရှိနေတာလား…”

“ဟုတ်တယ်…” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ယခုဆိုလျှင် အကုန်လုံးမှာ ယုတ္တိရှိသွားခဲ့လေပြီ။ ယခင်ကမူ နဂါးကျွန်းတံဆိပ်ပြားရှိ နဂါးသည် ပင်လယ်အောက်သို့ ဘာကြောင့် ဦးတည်နေမှန်း ရန်ကိုင်နားမလည်ခဲ့။ ယခုမှသာလျှင် ရန်ကိုင် နားလည်သွားရတော့လေသည်။

ထို့အပြင် နဂါးကျွန်းတံဆိပ်ပြားထဲရှိ နဂါး ဦးတည်နေသည့်နေရာမှာ နဂါးကျွန်းရှိနေသည့် နေရာမဟုတ်။ နဂါးကျွန်းဆီသို့ ဦးတည်သွားနိုင်သော ဝင်ပေါက်သာ ဖြစ်လေသည်။

“ဂလု…”

လီကျောက်က တံတွေးတစ်လုပ်မျိုချလျက် “ကျုပ်တို့သာ ဒါကို ဖြတ်သွားလိုက်ရာ နဂါးကျွန်းဆီ ရောက်သွားမှာလား…”

သူ့တစ်ဘဝလုံး ဖြစ်ချင်နေသည့် ဆန္ဒမှာ ယခု သူ့ရှေ့တည့်တည့်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီဖြစ်လေရာ လီကျောက်မှာ အနည်းငယ်တော့ စိုးရိမ်မိပေသည်။ နဂါးကျွန်းသည် မည်ကဲ့သို့သောကျွန်းမျိုး ဖြစ်မလဲ။ နဂါးကျွန်းပေါ်သို့ ခြေချရသည့်ခံစားချက်မှာ မည်ကဲ့သို့ဖြစ်မလဲဆိုသည်ကို လီကျောက် စိတ်ကူးယဉ်ကြည့်ခဲ့ဖူးပေသည်။ သူကိုယ်တိုင် နဂါးကျွန်းဆီသို့ ရောက်သွားသည့် အကြောင်းကိုပင်လျှင် ကြိမ်ဖန်များစွာ စိတ်ကူးခဲ့ဖူးသည်။ သို့သော်ငြား သူ၏အိပ်မက် တကယ်ဖြစ်လာတော့မည့်အချိန်တွင် လီကျောက်မှာ အနည်းငယ် ကြောက်ကြောက်လန့်လန့် ဖြစ်နေမိလေ၏။

“ရောင်းရင်းလီ… မင်း မသွားချင်လို့ရှိရင် အခုထွက်သွားလို့ ရသေးတယ်နော်… ကျန်တဲ့ကိစ္စကို ငါ့ဘာငါ တစ်ယောက်တည်း ဆက်လုပ်သွားလို့ရတယ်…” ရန်ကိုင်က လီကျောက်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်းပြောလိုက်သည်။

ထိုစကားကိုကြားသည့်အခါ လီကျောက်စိတ်ထဲ ချက်ချင်း မြောက်ဘက်နယ်မြေသို့ ပြန်ပြေးချင်စိတ်များ ဖြစ်ပေါ်လာခဲ့ရလေသည်။ သို့သော်ငြား စိတ်ခံစားချက်များ ပေါ်လာပြီးပြီးချင်းမှာပင် ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။

“ကျုပ် လိုက်မယ်…” လီကျောက် ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ဒါဆို ခင်ဗျား သေချာပြင်ဆင်သွားပြီလား…” ရန်ကိုင်သည် လီကျောက်အား ပြုံး၍ မေးလိုက်သည်။

လီကျောက်၏အမူအယာမှာ လေးနက်တည်ကြည်နေခဲ့လေသည်။ အသက်ကို ပြင်းပြင်းရှူသွင်း၍ ကသောင်းကနင်းဖြစ်နေသော သူ့စိတ်ခံစားချက်များကို တည်ငြိမ်အောင် လုပ်ပြီးသည့်နောက် ခေါင်းညိတ်ပြလိုက်လေ၏။ “ပြီးပြီ…”

“အဲ့ဒါဆို သွားကြတာပေါ့…” ထိုသို့အော်ပြောလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် လီကျောက်အား သူ၏ လေဟာနယ်နိယာမစွမ်းအားဖြင့် လွှမ်းခြုံလျက် လေဟာနယ်လိုဏ်ခေါင်းထဲသို့ ခုန်ဝင်သွားလေသည်။

ပတ်ဝန်းကျင်ဟင်းလင်းပြင်တစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ တစ်ချိန်တည်းတွင် အဖျက်စွမ်းအားတစ်ရပ်သည်လည်း ဘက်ပေါင်းစုံဆီမှ ထွက်ပေါ်လာခဲ့လေ၏။ ဟင်းလင်းပြင်အတားအဆီး ပျက်စီးသွားခဲ့ပြီး ရန်ကိုင်တို့နှစ်ဦးစလုံးမှာ ချက်ချင်းဆိုသလို ကမ္ဘာသစ်တစ်ခုဆီသို့ ရောက်သွားခဲ့လေသည်။

ထိုအခိုက်အတန့်မှာပင် မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် နဂါးဟိန်းသံတစ်သံ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် မြောက်မြားလှစွာသော နဂါးပုံရိပ်များသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရန်ကိုင်တို့ဆီသို့ ပြေးဝင်လာလေ၏။

နဂါးဟိန်းသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လီကျောက်မှာ ကြောက်လန့်တကြား ထခုန်လေသည်။ သေမင်းတံစဉ်သည် သူ့လည်တိုင်ဆီသို့ ရောက်လာသည့်အလား လီကျောက်ကိုယ်ပေါ်ရှိ အမွေးအမျှင်အားလုံး ထောင်တက်သွားခဲ့လေသည်။

ရန်ကိုင်၏အမူအယာမှာလည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ သူ့ဆီသို့ ပြေးဝင်လာနေသော နဂါးပုံရိပ်များဆီမှ ကြောက်မက်ဖွယ်ရာသတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်သည့်အလျောက် ရန်ကိုင်သည် တစ်ချက်ပင် စဉ်းစားမနေတော့ဘဲ ချက်ချင်း အော်ပြောလိုက်လေ၏။ “နဂါးအသွင်ပြောင်းလဲခြင်း…”

နဂါးဟိန်းသံနှင့်အတူ ရွှေနဂါးပုံရိပ် ရန်ကိုင်၏ကျောပြင်ထက်မှ ထွက်ပေါ်လာခဲ့လေသည်။ ထိုသို့ပေါ်လာပြီးသည့်နောက် ရန်ကိုင်၏ကိုယ်ထဲသို့ ပြန်လည်တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။ တစ်ချိန်တည်းတွင် ရန်ကိုင်၏နဂါးသွေးမှာလည်း နိုးထလာခဲ့လေရာ တဂျွတ်ဂျွတ်မြည်သံများနှင့်အတူ ရန်ကိုင်ကိုယ်တိုင်သည် လေးဆယ့်ငါးမီတာခန့်အမြင့်ရှိသော မွန်းစတားကြီးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ နဂါးချိုနှစ်ချောင်း သူ့နဖူးထက်ဆီမှ ထွက်လာခဲ့ပြီး သူ့လက်နှစ်ဖက်စလုံးမှာ နဂါးလက်သည်းများအသွင်သို့ ပြောင်းလဲသွားခဲ့ကြလေသည်။ နဂါးအကြေးခွံများမှာလည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။

ရန်ကိုင်မှ နဂါးတစ်ပိုင်းအသွင်သို့ ပြောင်းလဲပြီးပြီးချင်းမှာပင် နဂါးပုံရိပ်များသည် သူ့အား ပြေးဝင်ဆောင့်တော့လေသည်။ အလွန်ပြင်းထန်လှသော သူ့အား ဝင်ဆောင့်လာသည့်အတွက်ကြောင့် ရန်ကိုင်မှာ ဒယီးဒယိုင်ဖြစ်သွားခဲ့ပြီး မီတာသုံးရာအကွာသို့ ဆုတ်သွားခဲ့ရသည်။ တစ်ချိန်တည်းတွင်လည်း သွေးများ သူ့လည်ပင်းတစ်လျှောက် ပျို့တက်လာခဲ့ပြီး အန်ချလုမတတ် ဖြစ်သွားခဲ့ရသည်။

ရန်ကိုင်တို့အား ပြေးဝင်ဆောင့်ပြီးသည့်နောက်တွင် နဂါးပုံရိပ်များသည် အပေါ်စည်းမှနေ၍ ရန်ကိုင်တို့အား မောက်မာဝံ့ကြွားသည့်အမူအယာဖြင့် စိုက်ကြည့်လာခဲ့လေသည်။

ရန်ကိုင်တစ်ကိုယ်လုံး ချွေးအေးများဖြင့် စိုရွှဲနေလေသည်။ သူသာ အနည်းငယ်လေး နောက်ကျသွားခဲ့မည်ဆိုပါက သေလျှင်သေ မသေလျှင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားရပေလိမ့်မည်။ ကံကောင်းစွာဖြင့် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို အချိန်မီ ထုတ်သုံးလိုက်သည့်အတွက်ကြောင့် အခြေအနေမှာ သိပ်မဆိုးခဲ့ပေ။

ရန်ကိုင်သည် မျက်မှောင်ကျုံ့လျက် နဂါးပုံရိပ်များကို စိုက်ကြည့်နေခဲ့လေသည်။ အကြောင်းမှာ ထိုနဂါးပုံရိပ်များသည် တကယ့်အစစ်အမှန်နဂါးများ မဟုတ်ကြသလို နာမ်ဝိဉာဉ်များလည်း မဟုတ်ကြသည့် အတွက်ကြောင့်ပင်။ ထို့အစား ထိုနဂါးပုံရိပ်များမှာ ကျင့်စဉ်တစ်မျိုးမျိုးမှ ထုတ်ဖော်ထားသည့် အရာမျိုးနှင့်ပင် တူနေပေသေးသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၁၈)

ဘာသာပြန်သူ_တိမ်တိုက်

ဤနဂါးကလန်ပညာရပ်၏ စွမ်းအားမှာ အလွန်ကိုမှ အားကောင်းလှသည်။ သို့သော်ငြား နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့်လူများသာ ဤကဲ့သို့သော ပညာရပ်မျိုးကို ထုတ်ဖော်နိုင်ကြပေသည်။ ထိုနဂါးပုံရိပ်များသည် နဂါးကလန်မှ ပညာရှင်တစ်ဦးဦး ချန်ထားရစ်ခဲ့သည့် ပညာရပ်မှ ဖြစ်ပေါ်လာသည့် အရာများသာ ဖြစ်ကြပေသည်။

ထိုကဲ့သို့သော ပညာရပ်မျိုးသည် ဤကဲ့သို့သော လေဟာနယ်လိုဏ်ခေါင်းထဲတွင် ပေါ်လာစရာအကြောင်း မရှိပေ။ နဂါးကလန်၏ အကာအကွယ်သည် ဤမျှ တင်းကြပ်လိမ့်မည်ဟု ရန်ကိုင် ထင်မှတ်ထားခဲ့ခြင်း မရှိခဲ့။ တကယ်တော့ လေဟာနယ်လိုဏ်ခေါင်း၏ အခြားတစ်ဖက်တွင် ရှိနေသည်မှာ နဂါးကလန်မဟုတ်ပေလော။ မည်သူကများ နဂါးကလန်ထဲသို့ ပရမ်းပတာ ကျူးကျော်လာရဲပါမည်နည်း။

ရန်ကိုင်သည်သာ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံး၍ သူ့ခွန်အားကို တိုးမြှင့်လိုက်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူ့အနေဖြင့် ဤနေရာတွင် ယခုကဲ့သို့ ဆက်ပြီး ရပ်နေနိုင်တော့လိမ့်မည်မဟုတ်ချေ။

(ဒါ ထောင်ချောက်တစ်ခုပဲ… တစ်ယောက်ယောက်အတွက် ပြင်ထားတဲ့ ထောင်ချောက်ဆိုတာ လုံးဝသေချာတယ်… ဒီလိုထောင်ချောက်မျိုးနဲ့ဆို ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ယောက်ကိုတောင် သတ်ပစ်လို့ရတယ်… ဒီထောင်ချောက်က ငါ့အတွက်လား…) ရန်ကိုင်၏ခေါင်းထဲ အတွေးတစ်ခု ရုတ်တရက်‌ ပေါ်လာခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်မှာ သိပ်၍ မသေချာခဲ့။

ရန်ကိုင်အတွေးများနေစဉ် နဂါးပုံရိပ်များသည် ဘာမှန်းမသိရသော နဂါးဘာသာစကားကို စတင်၍ ရွတ်ဆိုတော့လေသည်။ အပေါ်ယံရှပ်ကြည့်လိုက်မည်ဆိုလျှင် ထိုနဂါးဘာသာစကားသည် ရှေးခေတ်မှော်ဆရာများ၏ မှော်မန္တန်များနှင့် ဆင်တူပါသော်ငြား တကယ့်တကယ်တွင်တော့ မှော်စကားလုံးများထက်ပင် ပို၍ ရှေးကျပေသေးသည်။

နဂါးဘာသာစကားတို့သည် စည်းချက်ညီညီ ထွက်ပေါ်လာနေခဲ့လေ၏။

ထိုအချိန်အတောအတွင်း လီကျောက်မှာတော့ ကြောက်ရွံ့မှုကြောင့် ထိန်းမရအောင် တုန်ရီနေခဲ့လေသည်။ သူ့စိတ်ထဲ ဤနေရာသို့ လာခဲ့မိသည်ကိုလည်း နောင်တရနေလေ၏။ (ဒီလိုဖြစ်မယ်မှန်းသာသိခဲ့ရင် လိုက်မလာပဲနဲ့ အိမ်သာ ပြန်လိုက်ပါတယ်ကွာ…)

နဂါးပုံရိပ်များသည် ရုတ်တရက်ဆိုသလို အတူတကွ ပေါင်းစည်းသွားခဲ့ကြပြီး ရှေးဟောင်းစကားလုံးတစ်လုံးအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက်တွင် ထိုစကားလုံးအကြီးကြီးသည် ရန်ကိုင်နှင့် လီကျောက်တို့အပေါ် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် ပိုက်ကွန်တစ်ခုပမာ အုပ်မိုးထားခဲ့လေ၏။

ရန်ကိုင်နှင့် လီကျောက်တို့မှာ အလျင်စလို နောက်သို့ ပြန်ဆုတ်လိုက်ပါသော်ငြား သူတို့ မည်သို့ပင် ကြိုးစားနေစေကာမူ ထိုစာလုံး၏ အောက်မိုးမှုမှ လွတ်မြောက်နိုင်ခြင်းမရှိကြောင်း တွေ့လိုက်ရလေသည်။

ထိုအခိုက်အတန့်မှာပင် ရှေးဟောင်းစကားလုံးသည် ရန်ကိုင်တို့နှစ်ဦးအပေါ်သို့ ပြိုဆင်းကျလာခဲ့လေ၏။ ထို့နောက်တွင် ထူးဆန်းသည့်နိယာမစွမ်းအားတစ်ရပ် ဖြာထွက်လာခဲ့လေသည်။

ထိုအချင်းအရာကိုမြင်လိုက်သည့်အခါ လီကျောက်၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ သူ့ကြည့်ရသည်မှာ လုံးဝ လက်လျှော့လိုက်သည့်ပုံပင်။ ရန်ကိုင်မှာတော့ ထူးထူးဆန်းဆန်းအမူအယာဖြင့် အာမေဋိတ်သံ ပြုမိလိုက်လေ၏။

ချက်ချင်းဆိုသလို ရန်ကိုင်တို့၏မြင်ကွင်းများ ဝေဝါးသွားခဲ့ပြီး သူတို့ကိုယ်သူတို့ ဘာဆိုဘာမှ မရှိသော ဗလာနတ္ထိကမ္ယာကြီးတစ်ခုထဲသို့ ရောက်နေကြောင်း တွေ့လိုက်ရလေသည်။ ဤနေရာတွင် အလင်းရောင်မရှိသလို အသံလည်း မကြားရပေ။ ဤနေရာတွင် နေနေရသည်မှာ ပင်လယ်အောက်ခြေတွင် နေနေရသည်ထက်ပင် ပို၍ဆိုးပေသေးသည်။

ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ သူနှင့် မလှမ်းမကမ်းတွင်ရပ်နေသော လီကျောက်ကို အာရုံခံမိသွားခဲ့သည်။ ထို့နောက် လီကျောက်အား သူ့ဆီသို့ လှမ်းဆွဲလိုက်လေ၏။

“နန်းတော်သခင်ရန်… ဒါ ဘယ်နေရာကြီးလဲ… လီကျောက်သည် တံတွေးတစ်လုပ်မျိုချရင်းမှ မေးလိုက်၏။

“ဟင်းလင်းပြင်အက်ကြောင်းပဲ…” ရန်ကိုင်သည် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ဖယ်ရှားရင်း လူအသွင်သို့ ပြန်ပြောင်းရင်းမှ ပြောလိုက်သည်။

အစောပိုင်းက နဂါးပုံရိပ်များမှာ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေပြီ။ ထိုနဂါးပုံရိပ်များသည် ရှေးဟောင်းစကားလုံးကြီးအသွင်သို့ ပြောင်းလဲသွားပြီးသည့်နောက် ရန်ကိုင်နှင့်လီကျောက်တို့အား ဟင်းလင်းပြင်အက်ကြောင်းတစ်ခုထဲသို့ မောင်းထုတ်ပစ်ခဲ့သည်။

“အမ်…” လီကျောက်၏မျက်နှာ ထိတ်လန့်မှုဖြင့် ဖြူလျော်သွားခဲ့လေသည်။

ဟင်းလင်းပြင်အက်ကြောင်းသည် မည်ကဲ့သို့သောအရာမျိုး ဖြစ်သလဲဆိုသည်ကို လီကျောက် သိပေသည်။ သူ့ကဲ့သို့သောပညာရှင်တစ်ဦးအတွက်ပင်လျှင် ဟင်းလင်းပြင်အက်ကြောင်းမှာ အလွန်ကိုမှ အန္တရာယ်များသည့် နေရာတစ်ခု ဖြစ်နေပေသေးသည်။ အနည်းငယ်သော သတိလက်လွတ်မှုလေးသည်ကပင်လျှင် သူ့အား ထာဝရလမ်းပျောက်သွားအောင် လုပ်နိုင်ပေသည်။

ရန်ကိုင်မှာတော့ အဝတ်အစားအသစ်တစ်စုံ လဲဝတ်၍ ပတ်ဝန်းကျင်ကို သေသေချာချာ စစ်ဆေးကြည့်လေ၏။ သူ့အနေဖြင့် သူ့ဘဝကြီးတွင် ဟင်းလင်းပြင်အက်ကြောင်းထဲသို့ အကြိမ်မည်မျှ ရောက်ခဲ့ကြောင်းကိုပင် မစဉ်းစားတတ်တော့ချေ။ သို့သော်ငြား ဤဟင်းလင်းပြင်အက်ကြောင်းကြီးသည် သူ ယခင်ကြုံခဲ့ရဖူးသော ဟင်းလင်းပြင်အက်ကြောင်းနှင့် အနည်းငယ်ကွဲပြားနေသလို ခံစားနေရလေသည်။

ရန်ကိုင်သည် လေဟာနယ်နိယာမစွမ်းအားကို ထိန်းချုပ်ကြည့်ရန် ကြိုးစားလိုက်သည်။ ကံကောင်းစွာဖြင့် ရန်ကိုင်မှာ လေဟာနယ်နိယာမစွမ်းအားတို့ကို ဤနေရာ၌ ထိန်းချုပ်လို့ ရနေပေသေးသည်။ သူသည်သာ စွမ်းအားကုန်သုံး၍ လှုပ်ရှားလိုက်မည်ဆိုပါက ဤဟင်းလင်းပြင်အက်ကြောင်းကို ထိုးဖောက်၍ ပြင်ပလောကကြီးဆီသို့ ပြန်သွားနိုင်မည်ဟု ယုံကြည်နေပေသည်။ သို့သော်ငြား အပြင်သို့ရောက်သွားပြီးသည့်နောက် မည်သည့်နေရာတွင် ပြန်ပေါ်လာလို့ ပြန်ပေါ်လာမည်မှန်း ရန်ကိုင်မပြောနိုင်ပေ။ ရန်ကိုင်အနေဖြင့် နဂါးကျွန်းဆီသို့ သွားရမည် ဖြစ်သည့်အတွက်ကြောင့် အခြားတစ်နေရာတွင်သာ ပြန်ပေါ်လာပါက ဒုက္ခများသွားရနိုင်ပေသည်။ ထို့အတွက်ကြောင့် မဆင်မခြင် မလှုပ်ရှားသေးဘဲ အခြေအနေကို အရင်ဦးစွာ အသေးစိတ်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုသည် အကြောင်းအရင်းမရှိ ပေါ်လာစရာအကြောင်း မရှိပေ။ ယခင်အတွေ့အကြုံများအရ ဤဟင်းလင်းပြင်အက်ကြောင်းသည် ကြယ်တာရာအစုအဝေးနှင့် နဂါးကျွန်းကြားတွင် ရှိနေသည့် အက်ကြောင်းတစ်ခု ဖြစ်ရလိမ့်မည်ဟု ရန်ကိုင် ခန့်မှန်းမိလိုက်သည်။ တစ်နည်းဆိုရသော် သူတို့သည်သာ ဟင်းလင်းပြင်အက်ကြောင်း၏ ထွက်ပေါက်ကို သေချာအာရုံခံနိုင်မည်ဆိုပါက နဂါးကျွန်းဆီသို့ ဝင်နိုင်ပေလိမ့်မည်။

(ဒါက ထောင်ချောက်တစ်ခုဆိုတာ လုံးဝ သေချာသွားပြီ…) ဤထောင်ချောက်သည် သူ့အား ချိန်ရွယ်ထားသည်ဟု ရန်ကိုင်စိတ်ထဲ ခံစားနေရလေသည်။ တစ်ချိန်တည်းတွင်လည်း ထိုသို့မဟုတ်သည့်ပုံပင်။

ဤလေဟာနယ်လိုဏ်ခေါင်းထဲကို ဖြတ်သွားသည့် မည်သူမဆို ဤထောင်ချောက်ကို အသက်သွင်းမိကာ ဟင်းလင်းပြင်ထဲသို့ တွန်းပို့ခြင်း ခံရပေလိမ့်မည်။

ထိုအတွေး သူ့စိတ်ထဲ ဖြတ်ပြေးသွားပြီးသည့်နောက်တွင် ရန်ကိုင်စိတ်ထဲ အကြံတစ်ခုကို စတင်စဉ်းစားတော့လေသည်။ တစ်ခဏအကြာ၌ လီကျောက်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်းပြောလိုက်လေသည်။ “ကျုပ်နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာခဲ့… ဒီဟင်းလင်းပြင်အက်ကြောင်းထဲက ဟင်းလင်းပြင်စီးကြောင်းတွေက တည်ငြိမ်တာမဟုတ်ဘူး… ခင်ဗျားသာ အဲ့ထဲပါသွားမယ်ဆိုရင် အခြားတစ်နေရာဆီရောက်သွားမှာ.. အဲ့ခါကျရင် ကျုပ်လည်း ခင်ဗျားကို လိုက်ရှာတတ်တော့မှာမဟုတ်ဘူး… ပြီးတော့ ဟင်းလင်းပြင်အက်ကြောင်းလေးတွေလည်း ရှိသေးတယ်… အဲ့ဒါတွေကို သွားထိလိုက်လို့ရှိရင် ခင်ဗျား သေရင်သေ မသေရင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားမှာ… ဒီတော့ ဘာမှ မဆင်မခြင် လျှောက်မလုပ်နဲ့…”

ဟင်းလင်းပြင်အက်ကြောင်းများသည် ဟင်းလင်းပြင်အက်ကွဲကြောင်းလေးများနှင့် ကွာခြားပေသည်။ လက်ရှိ ရန်ကိုင်တို့ရောက်နေသည့်နေရာမှာ ဟင်းလင်းပြင်အက်ကြောင်းကြီးထဲတွင် ဖြစ်ပေသည်။ သို့သော်ငြား ဟင်းလင်းပြင်အက်ကြောင်းလေးများမှာမူ ဟင်းလင်းပြင်ထဲတွင်ရှိနေသော စုတ်ပြဲရာလေးများကို ဆိုလိုပေသည်။ ထိုအရာလေးများမှာ တစ်ခါတစ်ရံ အလွန်ကိုမှ သေးငယ်လွန်းသဖြင့် အာရုံခံမိဖို့ရာပင် ခက်ခဲလှသည်။ ထိုအရာများသည် ဟင်းလင်းပြင်ထဲ ကြုံသလို လွင့်မျောနေကြသည့် ဓါးသွားများနှင့်ပင် တူနေပေသေးသည်။ တစ်စုံတစ်ဦးသည်သာ ထိုအရာများနှင့် သွားထိမိမည်ဆိုပါက ရှရာများရသည်နှင့် ကြုံလိုက်ရလျှင် ကံကောင်းသည်ဟု ပြော၍ရသည်။ ကံမကောင်းလျှင်တော့ နှစ်ပိုင်းပြတ်ထွက်သွားရနိုင်ပေသည်။

လီကျောက်သည်လည်း သူ့အခြေအနေကို နားလည်ပေသည်။ ဤကဲ့သို့သောနေရာမျိုးတွင် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသော ရန်ကိုင်သည်သာ သူအား လုံခြုံအောင် လုပ်ပေးနိုင်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်ပြောသည်ကို တသဝေမတိမ်း နာခံလေ၏။ “ကောင်းပြီ…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လေဟာနယ်နိယာမစွမ်းအားများကို အသက်သွင်း၍ ရှေ့မှ ဦးဆောင်သွားလေသည်။ လေဟာနယ်နိယာမစွမ်းအားများကို ထိန်းချုပ်အသက်သွင်းကာ ဟင်းလင်းပြင်စီးကြောင်းများ၊ ဟင်းလင်းပြင်အက်ကြောင်းလေးများကို ရှောင်ရှားနိုင်ခဲ့လေသည်။ လီကျောက်သည်လည်း ရန်ကိုင်ပြောသည့်အတိုင်း ရန်ကိုင်နောက်မှ ထပ်ကြပ်မကွာ လိုက်သွားခဲ့လေသည်။ ရန်ကိုင်လှမ်းသွားသည့် ခြေလှမ်းအတိုင်းကိုလည်း လိုက်လှမ်းနေ၏။ တစ်ချက်ပင် အမှားအယွင်းမခံခဲ့။

ရန်ကိုင်သွားနေသည့်ပုံစံမှာ အစီအစဉ်မကျပေ။ တစ်ခါတစ်ရံ ဘယ်ဘက်သွားနေရင်းမှ ရုတ်တရက်ဆိုသလို ညာဘက်ပြောင်းသွားခဲ့သည်။ တစ်ခါတစ်ရံ ထိုသို့သွားနေရင်းမှ မပြောမဆိုနှင့် နောက်ဘက်ပြန်လှည့်သွားသည့်အခါမျိုးလည်း ရှိပေသေးသည်။

လီကျောက်မှာတော့ ရန်ကိုင်၏လုပ်ရပ်နှင့် ပတ်သက်၍ ဘာဆိုဘာမျှ ပြောမနေခဲ့။ ရန်ကိုင်ကိုလည်း သွားမနှောင့်ယှက်ခဲ့။ ရန်ကိုင်လျှောက်သည့်အတိုင်းသာ သူကိုယ်တိုင်လည်း လိုက်လျှောက်ပေသည်။ အချိန်အတော်ကြာသွားသည့်အခါမှသာ ရန်ကိုင်သည် သွားနေရင်းမှ ထူးထူးဆန်းဆန်းအမူအယာဖြင့် ရုတ်တရက် ကောက်ရပ်လိုက်လေ၏။

“နန်းတော်သခင်ရန်…. ထွက်ပေါက်ကို ရှာတွေ့သွားလို့လား…” လီကျောက်က သတိထား၍မေးလိုက်သည်။

“မတွေ့သေးဘူး…” ရန်ကိုင်က ခေါင်းခါလိုက်သည်။

“ဒါဆို…” လီကျောက်သည် ရန်ကိုင်အား ကြည့်ကာ မေးလိုက်လေသည်။

“ကျုပ်တို့ လမ်းပျောက်သွားပြီ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ဟမ်…” လီကျောက် အံ့အားသင့်သွားလေ၏။ “ကျုပ်တို့ လမ်းပျောက်သွားတာ….”

လီကျောက်သည် သူများ နားကြားမှားသွားလေသလားဟုပင် တွေးမိလိုက်လေသည်။ (ဒီဟင်းလင်းပြင်တစ်ခုလုံးက ပရမ်းပတာဖြစ်နေတာ… ဘယ်ဘက်ကိုသွားလို့ရှိရင် ဘယ်ဘက်ဆီရောက်မလဲဆိုတာကို အချက်ပြမဲ့ဟာလည်း ဘာမှမရှိတာကို ဘယ်လိုလုပ်ပြီး လမ်းက ပျောက်ရတာလဲ… ဒါပေမယ့် ရန်ကိုင်ကိုယ်တိုင်က အခုလိုမျိုး ပြောလာတယ်ဆိုမှတော့ သူ့မှာ ဒီလိုပြောရတဲ့အကြောင်းအရင်းတော့ ရှိမှာပေါ့…)

“ကျုပ်တို့ အခုလေးတင် ဒီနေရာကို ဖြတ်လာတာ…” ရန်ကိုင်က သက်ပြင်းချလိုက်သည်။

လီကျောက်သည် ခေါင်းကိုကုတ်ရင်းမှ ကောင်းကင်စိတ်အာရုံကိုဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်လေသည်။ (ဒါ ငါတို့ဖြတ်လာတဲ့နေရာလား… ငါ့လခွမ်း… အစုတ်ပလုတ်နေရာ… ရှိသမျှနေရာတွေအကုန်လုံးက အကုန်တူတူပဲ… လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့လူတွေပဲ တစ်နေရာနဲ့တစ်နေရာ ဘာကွာလဲဆိုတာကို ပြောတတ်မှာ…)

“ကျုပ်တို့ အခုရောက်နေတာ ဝင်္ကပါတစ်ခုထဲမှာပဲ…” ရန်ကိုင်၏မျက်လုံးထဲ ထူးဆန်းသည့်အရိပ်အယောင်တို့ ရှိနေခဲ့လေသည်။ သူကိုယ်တိုင်သာ မကြုံခဲ့ရလျှင် ဤဟင်းလင်းပြင်အက်ကြောင်းထဲ ဤကဲ့သို့သော ဆန်းကြယ်သည့် ဝင်္ကပါတစ်ခု ရှိနေသည်ကို ယုံကြည်နိုင်လိမ့်မည်မဟုတ်ချေ။

ဤဝင်္ကပါမှာ အလွန်ကိုမှ ကြီးမားလှသည်။ ဟင်းလင်းပြင်စီးကြောင်းများကို လမ်းကြောင်းသဖွယ် အသုံးချရင်းမှ မြောက်မြားလှစွာသော ဟင်းလင်းပြင်အက်ကြောင်းလေးများကို တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းလျက် ကျယ်ပြောလှသည့် ဤနေရာကြီးတစ်ခုလုံးကို ထွက်လမ်းမရှိသည့် ဝင်္ကပါတစ်ခုအသွင်သို့ ပြောင်းလဲပစ်လိုက်လေသည်။

ရန်ကိုင်အား ပို၍ထိတ်လန့်သွားစေသည့်အချက်မှာ ဤဝင်္ကပါသည် တသမတ်တည်း ရှိမနေခြင်းပင်။ ဝင်္ကပါပုံစံသည် အဆက်မပြတ်ကို ပြောင်းလဲနေလေသည်။ ဟင်းလင်းပြင်စီးကြောင်းများ ပြောင်းလဲသွားတိုင်း ဟင်းလင်းပြင်အက်ကွဲကြောင်းလေးများလည်း လိုက်လံပြောင်းလဲကာ ဝင်္ကပါတစ်ခုလုံးမှာ ပြောင်းလဲရလေ၏။

(ဒါ… ဒီဝင်္ကပါကို ဘယ်သူဆင်ထားတာလဲ… ဘယ်သူကများ ဒီလိုဝင်္ကပါမျိုးကို ဆင်နိုင်ရတာလဲ… နဂါးကျွန်းလား… နဂါးကျွန်းဆိုလို့ရှိရင် သူတို့ ဘာဖြစ်လို့ ဒီလိုဝင်္ကပါမျိုးကို ဆင်ရတာလဲ… သူတို့ ဘယ်သူ့ကိုထောင်ဖမ်းချင်လို့ ဒါမျိုးဝင်္ကပါကို ဆင်ရတာလဲ…)

ရုတ်တရက်ဆိုသလို လီကျောက်ပြောခဲ့သည့် စကားတစ်ခွန်းကိုလည်း ပြန်သတိရသွားခဲ့သည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က သားရဲသခင်မဟာဧကရာဇ်သည် နဂါးကျွန်းသို့ လာ၍ ပြဿနာရှာခဲ့လေသည်။

ရန်ကိုင် ရုတ်တရက်ဆိုသလို ဇောချွေးပြန်သွားတော့လေ၏။ (ဒီဝင်္ကပါကြီးက သားရဲသခင်မဟာဧကရာဇ်အတွက် ပြင်ထားတာတော့ မဟုတ်လောက်ပါဘူးနော်… ဒါပေမယ့် ဟုတ်ချင်ရင်လည်း ဟုတ်နေမှာ… မဟာဧကရာဇ်တစ်ပါးကို ထောင်ဖမ်းဖို့ဆိုရင် ဒီလိုဝင်္ကပါမျိုးကပဲ အဆင်ပြေမှာ… ပြီးတော့ မဟာဧကရာဇ်တစ်ပါးကပဲ နဂါးကျွန်းကို အခုလိုမျိုး ဝင်္ကပါမျိုး ဖန်တီးရအောင် ဖိအားပေးနိုင်တာ… ဒီတော့ ငါက သူတို့ရဲ့ပြဿနာထဲ အလကားသက်သက် ဆွဲထည့်ခံလိုက်ရတဲ့ ကံဆိုးကောင်လေးပေါ့…)

ထိုအတွေး သူ့စိတ်ထဲ ဖြတ်ပြေးသွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင် ရုတ်တရက် စိတ်ဓာတ်တက်ကြွလာတော့လေသည်။ (ကြည့်ရတာ ငါ ခန့်မှန်းတာ မှန်နေတဲ့ပုံပဲ… ဒီဝင်္ကပါကိုသာ ဖျက်ဆီးနိုင်မယ်ဆိုလို့ရှိရင် နဂါးကျွန်းဆီ ကျိန်းသေ သွားလို့ရသွားပြီ… ဘာလို့လဲဆိုတော့ ဒီဟာက လေဟာနယ်လိုဏ်ခေါင်းကို အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ပြီးတော့ တည်ဆောက်ထားတာမလို့ပဲ… ဒါဆိုလို့ရှိရင် ဒီဝင်္ကပါရဲ့ထွက်ပေါက်က လေဟာနယ်လိုဏ်ခေါင်းရဲ့ထွက်ပေါက်နဲ့ တစ်နေရာတည်း သွားဖြစ်နေလိမ့်မယ်… ဟုတ်တယ်… အဲ့လိုပဲဖြစ်ရလိမ့်မယ်…)

ထိုသို့တွေးပြီးသည့်နောက်တွင် ရန်ကိုင်သည် နောက်တစ်ကြိမ် လှုပ်ရှားတော့လေသည်။ ယခုတစ်ကြိမ်တွင်တော့ သူ့ပတ်ဝန်းကျင်၏ ပြောင်းလဲမှုများကို သေသေချာချာ ဂရုစိုက်သွားခဲ့လေ၏။ နောက်ဆုံးတွင် သွားရင်းသွားရင်းနှင့်မှ ရန်ကိုင်ခေါင်းထဲ မြေပုံတစ်ခု ဖြစ်လာခဲ့ရလေသည်။ ထိုမြေပုံမှာတော့ ဝင်္ကပါ၏မြေပုံသာ ဖြစ်လေသည်။ သူသည်သာ ထိုမြေပုံကို ပြီးပြည့်စုံအောင် လုပ်နိုင်မည်ဆိုလျှင် ဝင်္ကပါ၏ထွက်ပေါက်ကို ရှာတွေ့နိုင်လိမ့်မည်ဟု ယုံကြည်နေပေသည်။

လီကျောက်မှာ ရန်ကိုင် မည်ကဲ့သို့သောအစီအစဉ်မျိုးအား စဉ်းစားထားသည်လဲမသိ။ သူသိသည်မှာတော့ ရန်ကိုင် ရုတ်တရက် အရှိန်တင်လာသည်ကိုပင်။ ထို့အတွက်ကြောင့် အံကြိတ်၍ ရန်ကိုင် အရှိန်တင်သည့်အတိုင်း လိုက်သွားရုံသာ တတ်နိုင်လေ၏။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့လေသည်။ ဤနေရာတွင် နေ၊ လ၊ ကြယ်များ မရှိသည့်အတွက်ကြောင့် အချိန် မည်မျှ ကုန်ဆုံးသွားပြီလဲဆိုသည်ကို ပြောရခက်လှပါသော်ငြား လီကျောက်ခန့်မှန်းချက်အရတော့ သူတို့ ဤနေရာသို့ရောက်နေသည်မှာ တစ်လခန့် ရှိသွားခဲ့လေပြီ။

ရန်ကိုင်သည် တစ်လလုံးလုံး ဦးတည်ရာမဲ့ လမ်းလျှောက်ရင်းဖြင့် အချိန်ကုန်နေခြင်းဖြစ်သည်။ မကြာမကြာဆိုသလို ရပ်တန့်၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်တတ်ပေသေးသည်။ ထို့နောက် ဘာမှန်းမသိသော စကားများကိုပြော၍ နောက်တစ်ကြိမ် ထပ်လျှောက်ပြန်လေ၏။

ဤနေရာထဲတွင် မည်သည့်တိုက်ပွဲမှ ဖြစ်ပျက်ခဲ့ခြင်းမရှိပါသော်ငြား လီကျောက်မှာတော့ ကြိမ်ဖန်ပေါင်းများစွာ သေမလိုဖြစ်ခဲ့ရလေသည်။ ဟင်းလင်းပြင်စီးကြောင်းများသည် နေရာတိုင်းတွင် ပေါ်လာနိုင်ပေသည်။ တစ်ခါကဆိုလျှင် လီကျောက်မှာ ဟင်းလင်းပြင်စီးကြောင်းတစ်ခုထဲ ပါသွားမလို ဖြစ်ခဲ့ရလေ၏။ ကံကောင်းစွာဖြင့် ရန်ကိုင်မှ သူ့အား အချိန်မီလှမ်းဆွဲထားနိုင်ခဲ့လေသည်။ ထိုသို့သာမဟုတ်လျှင်တော့ လီကျောက်သည် သူ့တစ်ဘဝလုံးကို ဤနေရာတွင်သာ အချိန်ကုန်ဆုံးသွားရပေတော့မည်။ သူ့ခွန်အားဖြင့် ဤကဲ့သို့သောနေရာမျိုးမှ ထွက်သွားနိုင်လိမ့်မည်ဟု လီကျောက် ယုံကြည်ချက်မရှိ‌ချေ။

ယခင်တစ်လအတွင်း ရန်ကိုင်အမူအယာမှာ သုန်မှုန်သည်ထက် သုန်မှုန်လာခဲ့လေသည်။ အကြောင်းမှာ ဟင်းလင်းပြင်ဝင်္ကပါကြီးကို အကြီးအကျယ် အထင်သေးမိလိုက်ကြောင်း နားလည်သွားရသည့်အတွက်ကြောင့်ပင်။ ဟင်းလင်းပြင်ကြီးထဲ လျှောက်ပတ်သွားနေရင်းမှ ရန်ကိုင်စိတ်ထဲ ဖြစ်ပေါ်လာရသည့် မြေပုံမှာ အဆက်မပြတ်ကို အသစ်တစ်ဖန် ပြောင်းလဲနေခဲ့ရလေသည်။

အဆုံးတွင်တော့ ဘာမှတိုးတက်မှုမရှိသလောက်ကို ဖြစ်သွားခဲ့ရသည်။

ရန်ကိုင်၏လေဟာနယ်တာအိုအပေါ် ကျွမ်းကျင်မှုအရ သူ့အနေဖြင့် ဤနေရာမှ ထွက်သွားရန် မခက်ပေ။ ရန်ကိုင်လုပ်ဖို့လိုသည်မှာ ဟင်းလင်းပြင်ကိုဆုတ်ဖြဲ၍ ကြုံရာနေရာတစ်ခုဆီသို့ ခုန်ထွက်သွားရုံပင်။ သို့သော်ငြား ထိုသို့လုပ်လိုက်ခြင်းအားဖြင့် သူ့အနေဖြင့် ကြယ်တာရာအစုအဝေးသို့ ပြန်ရောက်သွားလိမ့်မည်ဖြစ်ကာ နဂါးကျွန်းဆီသို့ သွားမည့် အခွင့်အရေးကို လက်လျှော့လိုက်သလို ဖြစ်သွားရပေလိမ့်မည်။ ထိုသည်မှာ ရန်ကိုင်လိုချင်သည့်အရာမျိုးမဟုတ်။

ယနေ့တွင်လည်း ရန်ကိုင်နှင့်လီကျောက်သည် ပုံမှန်နေ့များအတိုင်း ဟင်းလင်းပြင်ထဲ လမ်းလျှောက်ရင်းမှ ဝင်္ကပါကြီး၏ထွက်ပေါက်ကို ရှာဖွေနေခဲ့လေသည်။

လီကျောက်မှာတော့ အလွန်ကိုမှ စိတ်ဓာတ်ကျနေခဲ့လေသည်။ သူ့စိတ်ထဲ နဂါးကျွန်းဆီသို့ သွားချင်စိတ်များ မရှိတော့။ သူတွေးနေသည်မှာတော့ အစောကြီးတည်းက နဂါးကျွန်းဆီသို့ မလာခဲ့လိုက်သင့် ဟူ၍ပင်။ ထိုအကြောင်းကြောင့် ရန်ကိုင်သွားသည့်လမ်းကြောင်းအတိုင်းသာ လိုက်သွားနေလေ၏။ ဘာဆိုဘာမှမပြော။ ငေးငေးငိုင်ငိုင်ဖြင့်သာ အလောင်းကောင်တစ်ကောင်ပမာ လမ်းလျှောက်နေခဲ့သည်။

ရုတ်တရက်ဆိုသလို ရန်ကိုင် ရပ်သွားခဲ့ပြီး ဧကရာဇ်ချီကို အသက်သွင်းလိုက်လေသည်။ လီကျောက်မှာလည်း အံ့အားသင့်သွားခဲ့ပြီး အထိတ်ထိတ် အလန့်လန့်ဖြင့် ဧကရာဇ်ချီကို ကမန်းကတမ်း အသက်သွင်းလိုက်လေသည်။ နောက်ထပ်ဟင်းလင်းပြင်စီးကြောင်းတစ်ခုများ လာနေပြီလားဟု တွေးမိသွားသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။

သို့ရာတွင် လက်တွေ့မှာ သူထင်ထားသလိုမဟုတ်ခဲ့။ ရန်ကိုင်သည် ဧကရာဇ်ချီကို အသက်သွင်းပြီးသည့်နောက် တစ်ချက်မျှပင် မလှုပ်ရှားခဲ့ချေ။ ထိုနေရာတွင်သာ ရပ်နေပြီး ရှေ့တည့်တည့်သို့သာ ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေလေ၏။ လီကျောက်မှာလည်း မျက်မှောင်ကျုံ့လျက် ရန်ကိုင်ကြည့်နေသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်တို့နှင့်မလှမ်းမကမ်းတွင် လူတစ်ဦး တင်ပလင်ခွေထိုင်နေခဲ့လေသည်။ ထိုလူသည် ထူးဆန်းသော နိယာမစွမ်းအားတစ်မျိုးကို ထုတ်လွှတ်ထားခဲ့ပြီး အနီးအနားတွင်ရှိနေသော ဟင်းလင်းပြင်စီးကြောင်းများမှာ ထိုလူအနားသို့ လုံးဝချဉ်းကပ်နိုင်ခဲ့ခြင်းမရှိချေ။

(ဒီမှာ အခြားတစ်ယောက်ရှိနေတာလား… ဘယ်လိုလုပ်ပြီး ဒီနေရာကြီးမှာ လူတွေရှိနေရတာလဲ…) လီကျောက်မှာ သူ့မျက်လုံးသူ မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။ သို့သော်ငြား မကြာမီတွင် ထိုလူမှာ အသက်ရှိသည့်လူမဟုတ်ကြောင်း တွေ့ရှိသွားခဲ့ရသည်။ ထို့အစား သူတို့ရှေ့တွင် ရပ်နေသည့်အရာမှာ ပုံရိပ်တစ်ခုသာ ဖြစ်လေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးဆီမှ အရောင်ဖျော့ဖျော့တောက်နေပါသော်ငြား ထိုလူသည် ရုပ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားခြင်းမရှိပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၁၉)

ဘာသာပြန်သူ_တိမ်တိုက်

ဤဟင်းလင်းပြင်ထဲ ဝင်္ကပါတစ်ခု ရှိနေသည့်ကိစ္စကပင်လျှင် အလွန်ကိုမှ မယုံကြည်နိုင်ဖွယ် ကောင်းနေလေပြီ။ သို့သော်ငြား ဤကဲ့သို့သော ဝင်္ကပါထဲ၌ လူသားပုံရိပ်တစ်ခုပါ ထပ်ရှိနေလိမ့်ဦးမည်ဟု မည်သူကများ ထင်ထားပါမည်နည်း။

(ဒီလူဘယ်သူလဲ… ငါ သွားမေးကြည့်ရင် ကောင်းမလား…)

ရန်ကိုင်နှင့် လီကျောက်တို့ နှစ်ဦးစလုံးသည် မျက်လုံးအပြူးသားဖြင့် ရှေ့တည့်တည့်သို့ စိုက်ကြည့်နေကြလေသည်။ ကံမကောင်းစွာဖြင့် သူတို့ မည်သို့ပင် ကြိုးစားကြည့်နေစေကာမူ ထိုလူပုံရိပ်၏ တကယ့်မျက်နှာကို မမြင်နိုင်ခဲ့ပေ။

ဤပုံရိပ်ယောင်လူ ဤနေရာတွင် ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာလောက်ပေပြီ။ ယခင်ကတော့ ဤပုံရိပ်ယောင်လူသည် အလွန်ကိုမှ အားကောင်းခဲ့ပေလိမ့်မည်။ သို့သော်ငြား ဟင်းလင်းပြင်အက်ကြောင်းထဲ အလွန်ကြာအောင် ရှိလာပြီးသည့်နောက်တွင် အနည်းငယ် မတည်မငြိမ် ဖြစ်လာလေ၏။ လက်ရှိအချိန်တွင် ထိုပုံရိပ်ယောင်လူမှာ လေထဲ တလူလူ လွင့်နေသည့် အဝတ်စတစ်ခုပမာ ယိမ်းထိုးနေခဲ့လေသည်။ တစ်ခါတစ်ခါ သေးသေးရှည်ရှည်ဖြစ်သွားလိုက် တစ်ခါတစ်ခါ ပုပုဝိုင်းဝိုင်းဖြစ်သွားလိုက် ဖြစ်နေလေ၏။

ဘာကြောင့်မှန်းမသိ ထိုပုံရိပ်ယောင်လူကို သူ့စိတ်ထဲ ရင်းနှီးနေသည်ဟု ရန်ကိုင် ခံစားနေခဲ့ရလေသည်။ မသိလျှင် သူ့စိတ်ထဲ ထိုပုံရိပ်ယောင်လူအား တစ်နေရာရာတွင် မြင်ဖူးနေသည့်အလား။

“ရောင်းရင်းလီ… ခင်ဗျား ဒီလူကို မြင်ဖူးလား…” ရန်ကိုင်က မေးလိုက်သည်။

လီကျောက်က ခေါင်းခါလိုက်၏။ “ပြောတော့မပြောတတ်ဘူး… ဒါပေမယ့် ဒီလူက လုံးဝ သာမန်မဟုတ်တာ သေချာတယ်…”

ပုံရိပ်ယောင်လူသည် လက်ရှိအချိန်တွင် မတည်မငြိမ် ဖြစ်နေလိမ့်မည် ဖြစ်ပါသော်ငြား ၎င်းဆီမှ ရံဖန်ရံခါ ဖြာထွက်လာလေ့ရှိသော အရှိန်အဝါသည် အလွန်တရာကိုမှ အားကောင်းလှပေသည်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ထိုပုံရိပ်ယောင်လူမှာ သာမန်ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးမဟုတ်မှန်း မည်သူမဆို ပြောနိုင်ပေသည်။

ရန်ကိုင် ခေါင်းညိတ်လိုက်လေ၏။ ထို့နောက်တွင် သူတွေ့ခဲ့ဖူးသည့် လူများအနက်မှ ဤပုံရိပ်ယောင်လူ မည်သူဖြစ်မလဲဆိုသည်ကို သေသေချာချာ ပြန်စဉ်းစားကြည့်နေတော့သည်။

ရန်ကိုင် ထိုကဲ့သို့စဉ်းစားနေစဉ်မှာပင် ပုံရိပ်ယောင်လူသည် ရုတ်တရက်ကြီး အရွယ်အစား ကြီးမားလာခဲ့လေ၏။ ထို့နောက်တွင် လျင်မြန်စွာ ပြန်လည်ကျုံ့ဝင်သွားပြီး လက်သီးဆုပ်အရွယ် ရှေးဟောင်းဘောလုံးလေးတစ်ခုအသွင်သို့ ပြောင်း၍ တစ်နေရာရာဆီသို့ လွင့်မျောသွားလေ၏။

ရန်ကိုင်မှာ အခြားဘာကိုမျှ စဉ်းစားနေခြင်းမရှိတော့ဘဲ လီကျောက်ကိုဆွဲခေါ်၍ အော်ပြောလိုက်လေ၏။ “သူ့နောက်ကိုလိုက်…”

လီကျောက် ကြောင်သွားခဲ့လေ၏။ “သူ့နောက်ကိုလိုက်ရမှာ…”

“ဟုတ်တယ်…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ ဤပုံရိပ်ယောင်လူသည် လက်ရှိအခြေအနေကို ပြောင်းလဲပေးမည့် အလှည့်အပြောင်းတစ်ခုဖြစ်သည်ဟု ရန်ကိုင်စိတ်ထဲ ခံစားနေခဲ့ရလေသည်။ ရန်ကိုင်သည် ဤနေရာကို တစ်လကြာအောင် ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား ဤဟင်းလင်းပြင်ဝင်္ကပါထဲမှ ပြန်ထွက်နိုင်မည့်နည်းလမ်းကို ရှာမတွေ့ခဲ့ပေ။ (ဒီလိုတွေဖြစ်လာပြီဆိုမှတော့ ဒီပုံရိပ်ယောင်လူနောက်လိုက်သွားတာ အရှုံးတော့မရှိပါဘူး… အနည်းဆုံးတော့ သူဘာလုပ်မလဲ ကြည့်ရသေးတာပေါ့…)

ထိုသို့တွေးပြီးသည့်နောက်တွင် ရန်ကိုင်သည် ဆက်၍ တုံ့ဆိုင်းမနေတော့ပေ။ အလင်းဘောလုံးနောက်သို့ အနီးကပ် လိုက်သွားခဲ့လေ၏။ အဖြူရောင်အလင်းဘောလုံး သွားနေသည့်ပုံစံမှာ ပရမ်းပတာ နိုင်လှလေသည်။ ၎င်းပုံစံသည် ဦးတည်ရာမဲ့လျှောက်သွားသည့်ပုံစံမျိုး ပေါက်နေလေ၏။ သို့သော်ငြား သေသေချာချာ ကြည့်ကြည့်မည်ဆိုလျှင်တော့ ၎င်းသွားနေသည့်ပုံစံမှာ သူ့အစီအစဉ်နှင့်သူဖြစ်ကြောင်း မြင်တွေ့နိုင်ပေသည်။

ရန်ကိုင်စိတ်ထဲ ကြိတ်၍ အားတက်သွားခဲ့လေသည်။ သူခန့်မှန်းသည်မှာ မှန်ကန်နေပြီဖြစ်ကြောင်း သိလိုက်ရလေပြီ။ ယခုဆိုလျှင် ဤအဖြူရောင်အလင်းဘောလုံး၏ ပိုင်ရှင်မှာ မည်သူဖြစ်သလဲဆိုသည်ကို ရန်ကိုင် ပို၍ပင် သိချင်လာမိလေသည်။ သို့သော်ငြား အဖြူရောင်အလင်းဘောလုံးမှာ ဤနေရာတွင် တည်ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာသွားပြီးသည့်နောက် ၎င်း၏စွမ်းအင်မှာ ကုန်ခမ်းလာခဲ့ရာ မတည်မငြိမ် ဖြစ်လာလေသဖြင့် ရန်ကိုင်မှာ အလင်းဘောလုံး၏ပိုင်ရှင် မည်သူဖြစ်သလဲဆိုသည်ကို သေသေချာချာ ဝေခွဲမရအောင် ဖြစ်ခဲ့ရသည်။

ရန်ကိုင်တို့သည် အဖြူရောင်အလင်းဘောလုံးနောက်သို့ လိုက်ရင်း ရက်ပေါင်းများစွာ ကြာသွားခဲ့လေသည်။ ထိုအချိန်အတောအတွင်း လီကျောက်မှာ အတော်လေးကိုမှ စိတ်ညစ်နေခဲ့ရသည်။ ရန်ကိုင်ကိုယ်တိုင်သည်ပင်လျှင် လက်လျှော့ချင်စိတ်များ ဖြစ်ပေါ်လာခဲ့ရလေသည်။ သို့သော်ငြား အဖြူရောင်အလင်းဘောလုံးနောက် ဤမျှကြာအောင် လိုက်လာပြီးသည့်နောက်တွင် ရန်ကိုင်မှာ လက်မလျှော့ချင်တော့ဘဲ အဆုံးထိဆက်သွားရန်သာ ဆုံးဖြတ်လိုက်လေ၏။ ထို့ကြောင့် အံတင်းတင်းကြိတ်၍သာ ခေါင်းမာမာဖြင့် အဖြူရောင်အလင်းဘောလုံးနောက်သို့ ဆက်လိုက်နေခဲ့လေ၏။

ရုတ်တရက်ဆိုသလို အဖြူရောင်အလင်းဘောလုံးသည် အရှိန်မြန်လာပြီး ရှေ့သို့ ပြေးထွက်သွားလေ၏။ ထိုအချင်းအရာကို မြင်လိုက်သည့်အခါ ရန်ကိုင်လည်း အဖြူရောင်အလင်းဘောလုံးနောက်သို့ အလျင်စလို ပြေးလိုက်လေသည်။ တစ်ခုသောနေရာသို့အရောက်တွင် အဖြူရောင်အလင်းဘောလုံးမှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲထွက်သွားပြီး အလင်းစက်လေးများအဖြစ်သို့ ပျောက်ကွယ်သွားခဲ့လေသည်။

လီကျောက်မှာ အနည်းငယ် မင်သက်နေခဲ့လေသည်။

သူနှင့် ရန်ကိုင်သည် အဖြူရောင်အလင်းဘောလုံးအပေါ် အားကိုးတကြီးဖြင့် ရက်ပေါင်းများစွာကြာအောင် လိုက်နေခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား ရက်အတော်ကြာအောင် လိုက်နေပြီးသည့်နောက် အဖြူရောင်ဘောလုံး ရုတ်တရက် ပေါက်ကွဲထွက်သွားသည်ကိုမြင်သော် လီကျောက်မှာ အော်ဆဲလုမတတ်ပင် ဖြစ်သွားခဲ့ရသည်။ (အချိန်တွေတော့ ကုန်ပါပြီကွာ…)

ထိုအဖြစ်အပျက်ပြီးသည့်နောက်တွင် လီကျောက်မှာ ရန်ကိုင်အပေါ် ယုံကြည်ချက် မဲ့ချင်သလို ဖြစ်လာလေ၏။ (ငါတို့ ဒီမှာ တစ်သက်လုံး ပိတ်မိနေတော့မယ်နဲ့တူတယ်…)

ထို့နောက် ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်ရာ ရန်ကိုင်သည် အံ့ဩစရာတစ်ခုခုကို တွေ့လိုက်သည့်အလား ဝမ်းသားအားရ ဖြစ်နေကြောင်း တွေ့လိုက်ရလေ၏။

“နန်းတော်သခင်ရန်…” လီကျောက်က အော်ခေါ်လိုက်သည်။

ရန်ကိုင်သည် လီကျောက်ဘက်သို့လှည့်၍ ပြောလိုက်၏။ “ကျုပ် တွေ့သွားပြီ…”

“တွေ့သွားပြီ…” လီကျောက်က မျက်မှောင်ကျုံ့လျက် ပြန်မေးလိုက်သည်။ “ဘာတွေ့တာလဲ…”

“ဘာလို့ခင်ဗျားထင်လဲ…”

လီကျောက် ကြောင်နေပြီးသည့်နောက် ရုတ်တရက် စိတ်လှုပ်ရှားလာလျက် “နန်းတော်သခင်ပြောချင်တာက ထွက်ပေါက်တွေ့သွားပြီလို့ ပြောတာလား…”

“ဒါပေါ့…” ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။ တစ်ခဏမျှ ကြောင်၍စဉ်းစားနေပြီးသည့်နောက် ဆက်၍ပြောလိုက်လေ၏။ “ကျုပ် ထွက်ပေါက်ကို အခုချက်ချင်းပဲ သွားဖွင့်လိုက်မယ်… ခင်ဗျား ကျုပ်အနောက်က မြန်မြန်လိုက်လာခဲ့နော်… မဟုတ်ရင် နဂါးကလန်က ကျုပ်တို့ကို တွေ့သွားနိုင်တယ်…”

“ကောင်းပြီ…” (ထွက်ပေါက်ကို ဒီလိုနဲ့ပဲ လျှောက်သွားတာလား… အဲ့အလင်းဘောလုံးလေးနောက် လိုက်ရုံနဲ့ပဲ ထွက်ပေါက်ကို ရှာတွေ့မယ်လို့ တကယ်မထင်ထားခဲ့ဘူး… အဲ့အလင်းဘောလုံးက ဘာများလဲ… ဘာဖြစ်လို့ ငါတို့ကို ထွက်ပေါက်ဆီ ခေါ်လာပေးတာလဲ… ကဲ… ထားလိုက်ပါလေ… အဲ့ဒါတွေ အရေးမကြီးတော့ပါဘူး… အခု အရေးကြီးဆုံးက နဂါးကျွန်းပေါ် ခြေချဖို့ပဲ… နောက်ဆုံးတော့ ငါ့ဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒ ပြည့်တော့မယ်ကွ…) လီကျောက်မှာ စိတ်လှုပ်ရှားနေမိသလို စိုးလည်း စိုးရိမ်နေမိလေသည်။

လီကျောက် အတွေးပေါင်းစုံနှင့် ယောက်ယက်ခတ်နေစဉ် ရန်ကိုင်၏အမူအယာမှာ‌တော့ လေးနက်တည်ကြည်နေခဲ့လေသည်။ လေဟာနယ်နိယာမစွမ်းအားတို့သည် ရန်ကိုင်ဆီမှ ဖြာထွက်လာပြီးသည့်နောက် ရန်ကိုင်သည် သူ့လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်၍ ဖြန့်ကားချကာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်လေသည်။

“ဝင်လိုက်ပေတော့…” ရန်ကိုင်က အော်ပြောလိုက်သည်။

လီကျောက်လည်း ရန်ကိုင်ဖန်တီးထားသည့် အပေါက်ထဲသို့ ချက်ချင်း ခုန်ဝင်သွားလေ၏။ ထို့နောက်တွင် ရန်ကိုင်သည် နောက်မှ အနီးကပ် လိုက်သွားခဲ့လေသည်။ ထိုသို့ဖြင့် ရန်ကိုင်တို့နှစ်ဦးသည် အဆုံးမဲ့ဟင်းလင်းပြင်ထဲမှ သဲလွန်စမကျန် ပျောက်ကွယ်သွားတော့လေသည်။

အရှေ့ဘက်နယ်မြေ၏ အရှေ့ပင်လယ်ထဲတွင် သာယာစိမ်းစိုလှပြီး မိုးမြေစွမ်းအင်များသိပ်သည်းလှသည့် ကျွန်းလေးတစ်ကျွန်း ရှိနေခဲ့သည်။

ကျွန်းပေါ်ရှိ ဟင်းလင်းပြင်ထဲတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ဦး ရပ်နေခဲ့လေသည်။ ထိုလူ၏ဘေးနားတွင်တော့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရှိနေလေ၏။ လက်ရှိအချိန်တွင် အမျိုးသမီးမှာ ရင်ဘတ်ရှေ့ လက်ပိုက်ထားခဲ့လေရာ သူမ၏ မို့မောက်မောက်ရင်အစုံမှာ လက်နှစ်ဖက်၏ ဖိကပ်မှုကြောင့် သူမအင်္ကျီထဲမှ ခုန်ထွက်လုမတတ် ဖြစ်နေခဲ့လေသည်။ သူမဝတ်ဆင်ထားသည့် စကပ်ရှည်မှာလည်း ပေါင်တံဘေးနားတစ်လျှောက် ကွဲထွက်နေခဲ့လေရာ သူမ၏ ခြေတံရှည်ရှည်လေးများကို အထင်းသား မြင်နေခဲ့ရလေသည်။ နူးညံ့လှပသည့်အသားအရေကို ပိုင်ဆိုင်ထားခဲ့ပြီး ယစ်မူးဖွယ်ရာမျက်နှာလေးကိုပါ ပိုင်ဆိုင်ထားခဲ့လေရာ အမျိုးသားတစ်ဦးသည်သာ သူမအား မြင်လိုက်မည်ဆိုပါက သူမ၏အလှထဲ ယစ်မူးသွားရနိုင်ပေသည်။

အမျိုးသားမှာ ရုပ်ရည်ချောမောပြီး အမျိုးသမီးမှာတော့ ကိုယ်လုံးကိုယ်ပေါက်အချိုးအစား ပြီးပြည့်စုံကာ ကျော့ရှင်းလှပေသည်။

လက်ရှိအချိန်တွင် ထိုအမျိုးသားနှင့် အမျိုးသမီးသည် အဝေးတစ်နေရာတွင်ရှိနေသော မီးတောင်ရှင်ပေါက်ဝတွင် တင်ပလင်ခွေထိုင်နေသည့် ပုံရိပ်လေးကို လှမ်းကာ ကြည့်နေခဲ့သည်။ မီးတောင်ပေါက်ဝဆီမှ ဖြာထွက်လာနေသည့် အပူလှိုင်းများမှာ ထိုကောင်မလေးအား ဘာဆိုဘာမှ လုပ်နိုင်ခြင်း မရှိခဲ့ပေ။ ထို့အစား အပူလှိုင်းများသည် သူမ၏ကိုယ်ထဲသို့သာ အဆက်မပြတ် စီးဝင်နေလေ၏။

“ဖုန်းအာ… အဲ့ကောင်မလေးက တကယ် ဖီးနစ်မီးတောက်နဲ့ ပေါင်းစပ်သွားတာလား…” အဖြူရောင်ဝတ်ရုံဝတ်လူက ရုတ်တရက် မေးလိုက်သည်။

ဖုန်းအာဟုခေါ်သော အနက်ရောင်ဝတ်ရုံဝတ်အမျိုးသမီးက ပြန်၍ပြောလိုက်လေသည်။ “ဟုတ်တယ်… ရိုးရိုးတောင်မဟုတ်ဘူးနော်… လုံးဝကို အပြည့်အဝ ပေါင်းစပ်သွားတာ…”

အဖြူရောင်ဝတ်ရုံဝတ်လူက ပြန်မေးလိုက်လေသည်။ “သူက မှော်ရတနာစိတ်ဝိဉာဉ်ပဲ မဟုတ်ဘူးလား… မီးဓာတ်မှော်ရတနာစိတ်ဝိဉာဉ်ဆိုပေမယ့် သူ့မှာ အသွေးအသားခန္ဓာကိုယ်မှ မဟုတ်တာ… ဘယ်လိုလုပ်ပြီး ဖီးနစ်မီးတောက်က သူ့ခန္ဓာကိုယ်နဲ့ အပြည့်အဝ ပေါင်းစပ်သွားရတာလဲ…”

အမျိုးသမီးက ပြန်၍ ပြောလိုက်လေသည်။ “သူ့ခန္ဓာကိုယ်ကို သွားအထင်မသေးနဲ့… သူ့ခန္ဓာကိုယ်က ရုပ်သေးရုပ်ပဲဆိုပေမယ့် ကြုံရတဲ့အခြေအနေတွေကို လိုက်ပြီးတော့ ပြောင်းလဲနိုင်စွမ်းက တကယ့်ကို မယုံနိုင်စရာကြီး… ပြီးတော့ သူ့ခန္ဓာကိုယ်က စိတ်ဝိဉာဉ်ရုပ်သေးရုပ်တစ်ရုပ်ရဲ့ ခန္ဓာကိုယ်ပဲ… သူ့လိုခန္ဓာကိုယ်မျိုးကို နင် ဒီလောကကြီးထဲမှာ လိုက်ပတ်ရှာရင်တောင် နောက်တစ်ခုထပ်တွေ့မှာမဟုတ်ဘူး…”

“နင်ကြည့်ရတာ သူ့ကို သဘောတွေ့နေသလိုပဲနော်…” အမျိုးသားက သူ့ဘေးတွင်ရပ်နေသော အမျိုးသမီးကို လှည့်ကြည့်၍ ပြောလိုက်လေသည်။

အမျိုးသမီးက ပြုံးလျက် “နောက်ပိုင်းကျလို့ရှိရင် သူ ငါ့ကို ကျိန်းသေ ကျော်တက်သွားလိမ့်မယ်…”

အမျိုးသားက ခေါင်းညိတ်၍ “ဘာပဲဖြစ်ဖြစ် နင်တို့ဖီးနစ်ကလန်မှာ နောက်ထပ်အဖွဲ့သားတစ်ယောက် တိုးလာတဲ့အတွက် ဂုဏ်ယူပါတယ်…”

အမျိုးသမီး၏အပြုံး ပို၍ ပီပြင်လာခဲ့လေသည်။

ထိုအခိုက်အတန့်မှာပင် အဖြူရောင်ဝတ်ရုံဝတ်လူသည် အံ့အားသင့်နေဟန်ဖြင့် မျက်မှောင်ကျုံ့သွားခဲ့လေသည်။

“ဘာဖြစ်လို့လဲ…” အမျိုးသမီးသည် အဖြူရောင်ဝတ်ရုံလူအား အံ့ဩတကြီးဖြင့် ကြည့်လိုက်သည်။ သူမတို့၏ လက်ရှိကျင့်ကြံခြင်းအရ သူမတို့အား အံ့အားသင့်အောင်လုပ်နိုင်သည့်အရာမှာ ခပ်ရှားရှားပင် ဖြစ်လေသည်။ သို့သော်ငြား ဤအဖြူရောင်ဝတ်ရုံဝတ်လူ၏ မျက်နှာအမူအယာကို ကြည့်ရသလောက် အလွန်ကိုမှ မယုံကြည်နိုင်စရာကောင်းသည့် ကိစ္စတစ်ခုခု ဖြစ်သွားသည့်ပုံစံပင်။

“ငါအခုပြောမဲ့စကားကို နင် ယုံနိုင်မှာတောင်မဟုတ်ဘူး…” အဖြူရောင်ဝတ်ရုံဝတ်လူသည် အမျိုးသမီးဘက်သို့လှည့်၍ ထူးထူးဆန်းဆန်းအမူအယာဖြင့် “တစ်ယောက်ယောက် နဂါးကျွန်းထဲကို ဖောက်ဝင်သွားတယ်…”

အမျိုးသမီး ကြောင်သွားခဲ့လေသည်။ ထို့နောက် တခစ်ခစ်ရယ်သွမ်းသွေးလျက် “ဘယ်သူကများ ဒီလောက်တောင် ကံမကောင်းတာလဲ…”

တစ်ယောက်ယောက် နဂါးကျွန်းထဲသို့ဝင်သွားကြောင်း အဖြူရောင်ဝတ်ရုံဝတ်လူ မည်ကဲ့သို့သိသလဲဆိုသည်ကို အမျိုးသမီး သွားမမေးခဲ့ပေ။ အကြောင်းမှာ အဖြူရောင်ဝတ်ရုံဝတ်လူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာခန့်က နဂါးကျွန်းထဲသို့ ဝင်ရောက်ခဲ့ဖူးကြောင်းကို သူမ သိနေသည့်အတွက်ကြောင့်ပင်။ ထို့အပြင် နဂါးကျွန်းသို့ သွားရာတွင် မည်သူမဆို ကြုံရမည့် ဟင်းလင်းပြင်ဝင်္ကပါထဲတွင် ထိုလူ၏ဝိဉာဉ်ကိုယ်ပွားကို ထားခဲ့ကြောင်းကိုလည်း သူမ သိထားသည်။

ထိုဟင်းလင်းပြင်ဝင်္ကပါသည် ဖြေရှင်းဖို့ရာ မလွယ်ကူသည့် အရာတစ်ခု ဖြစ်ပေသည်။ အဖြူရောင်ဝတ်ရုံဝတ်လူသည်ပင်လျှင် ထိုစဉ်က ထိုဝင်္ကပါထဲမှ ပြန်မထွက်နိုင်ခဲ့ပေ။ အဆုံးတွင်တော့ သူ့ဘာသာသူ ဟင်းလင်းပြင်ကိုဆုတ်ဖြဲ၍ ထွက်ပြေးလာခဲ့ရပြီး ဝင်္ကပါကိုဖြေရှင်းရန်အတွက်မူ သူ့ဝိဉာဉ်ကိုယ်ပွားတစ်ခုကို ချန်ထားရစ်ခဲ့ရပေသည်။

ယခုဆိုလျှင် သူ့ဝိဉာဉ်ကိုယ်ပွား ထိုဝင်္ကပါထဲတွင် ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့လေပြီ။ ထိုအကြောင်းကြောင့်ပင်လျှင် ဝင်္ကပါထဲမှ ထွက်ပြေးနိုင်မည့်နည်းလမ်းကိုလည်း ရှာတွေ့သွားလောက်ပေသည်။ အဖြူရောင်ဝတ်ရုံဝတ်လူအနေဖြင့် ရန်ကိုင်တို့ နဂါးကျွန်းထဲသို့ ကျူးကျော်ဝင်ရောက်သွားကြောင်းကို သိသွားပုံထောက်လျှင် သူချန်ထားရစ်ခဲ့သည့်ဝိဉာဉ်ကိုယ်ပွား ပျက်စီးသွားသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

“သူသာဆိုရင်တော့ နင်လည်း သူ့ကိုသိလောက်တယ်…” အဖြူရောင်ဝတ်ရုံဝတ်လူက ထူးထူးဆန်းဆန်းအမူအယာဖြင့် ပြောလိုက်လေသည်။ နဂါးကျွန်းထဲသို့ မည်သူဝင်သွားသလဲဆိုသည်ကို အဖြူရောင်ဝတ်ရုံဝတ်လူ တပ်အပ်မပြောနိုင်ပေ။ တကယ်တော့ သူ့ဝိဉာဉ်ကိုယ်ပွား ပျက်စီးသွားပြီးသည့်နောက် သူပြန်သိလိုက်ရသည့်အကြောင်းအရာမှာ ဝိုးတိုးဝါးတားသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် သူ့အနေဖြင့် ခြောက်ဆယ်ရာခိုင်နှုန်းလောက်သာ အာမခံနိုင်လေ၏။

“ငါလည်း သူ့ကိုသိတယ်…” အမျိုးသမီး အံ့အားသင့်သွားခဲ့လေ၏။ “ဘယ်သူမို့လို့လဲ…”

“သူက သခင်မလေးနဲ့ ပတ်သက်နေတယ်လေ…”

အမျိုးသမီး မျက်မှောင်ကျုံ့သွားလေ၏။

“ဟိုတစ်ယောက်နဲ့လည်း ပတ်သက်တယ်…” အဖြူရောင်ဝတ်ရုံဝတ်လူသည် မီးတောင်ပေါက်ဝတွင်ရပ်နေသော ပုံရိပ်လေးအား လှမ်းညွှန်ပြလိုက်လေ၏။

“ဟိုကောင့်ကို နင်ပြောနေတာလား…” အမျိုးသမီးကြောင်သွားခဲ့လေ၏။ အဖြူရောင်ဝတ်ရုံဝတ်လူ ဤမျှပြောပြနေသည်ကို နားထောင်ပြီးသည့်နောက် သူမအနေဖြင့် နဂါးကျွန်းထဲသို့ ဝင်သွားသည်မှာ မည်သူမှန်း မသိသေးလျှင်တော့ အလွန်ကိုမှ တုံးအသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ထိုလူသည် နဂါးကျွန်းထဲသို့ တကယ်ကြီး ကျူးကျော်ဝင်ရောက်သွားလိမ့်မည်ဟု လုံးဝလုံးဝ မထင်ထားခဲ့ပေ။

“ဘယ်လိုလုပ်ပြီး သူဖြစ်နေရတာလဲ…” အမျိုးသမီးက မယုံကြည်နိုင်ဟန်ဖြင့် “သူရူးနေတာလား… ဘာစိတ်နဲ့များ နဂါးကျွန်းထဲကို ဝင်သွားရတာလဲ…”

အမျိုးသားကမူ ပုခုံးတွန့်၍သာ ပြန်ပြောလိုက်လေသည်။ “ငါလည်းမသိဘူး…”

“နင် သူ့ကို ခေါ်သွားပေးလိုက်တာလား…” အမျိုးသမီးက ထပ်မေးလိုက်သည်။

အမျိုးသားက ပြန်ပြောလိုက်သည်။ “ငါမဟုတ်ဘူးနော်… ငါ့ဝိဉာဉ်ကိုယ်ပွားလုပ်သွားတာ… ငါလုပ်ခိုင်းတာမဟုတ်ဘူး… သူ့ဘာသာသူလုပ်တာ…”

“အဲ့ကောင်က နဂါးကျွန်းကို ဘာမှတ်နေတာလဲ… သူ့ခွန်အားလေးနဲ့ နဂါးကျွန်းကို ဝင်သွားပြီး ဘာလုပ်ဖို့လဲ… ဟိုရောက်တာနဲ့ စိစိညက်ညက်ကြေအောင် အထုအထောင်းခံရမှာ…”

အမျိုးသားက ပြန်ပြောလိုက်သည်။ “ငါ့ဝိဉာဉ်ကိုယ်ပွားကို လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်တုန်းက အဲ့မှာထားခဲ့တာ… အဲ့တုန်းက ငါ အဲ့ကောင်ကို သိသေးတာမဟုတ်ဘူး… ဒီတော့ ငါချန်ထားရစ်ခဲ့တဲ့ ငါ့ဝိဉာဉ်ကိုယ်ပွားလည်း သူ့ကိုမသိဘူး… ဒါကြောင့်ပဲ သူ နဂါးကျွန်းမှာများ ပြဿနာရှာနိုင်မလားဆိုပြီး သူ့ကို နဂါးကျွန်းဆီ ခေါ်သွားပေးလိုက်တာ… သူသာ ပြဿနာရှာနိုင်ရင်တော့ တကယ်ကောင်းမှာ… ပြဿနာမရှာနိုင်ရင်လည်း ကိစ္စတော့မရှိပါဘူး…”

“သူတစ်ခုခုဖြစ်သွားပြီ ရှောင်ချီ နင့်ကို လုံးဝခွင့်လွှတ်မှာမဟုတ်ဘူးနော်… ရှောင်ချီ အဲ့တစ်ယောက်ကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာလည်း နင်မသိတာမှတ်လို့… အမြဲတမ်း တောင်ဘက်နယ်မြေဆီပြန်သွားပြီး သူ့ကိုရှာမယ်ချည်းပဲလုပ်နေတာ… သူ့အဖေဖမ်းခေါ်ထားလို့… မဟုတ်ရင် အစောကြီးတည်းက ထွက်ပြေးသွားလောက်ပြီ…”

ထိုစကားကိုကြားသော် အမျိုးသား ဇောချွေးပြန်သွားလေသည်။ “ကျေးဇူးပြုပြီး သူ့ကို သွားမပြောပါနဲ့နော်…”

အမျိုးသမီးက ပြန်၍ပြောလိုက်သည်။ “ဒီလောကကြီးမှာ ဘယ်တော့မှမပေါက်ကြားတဲ့ လျှို့ဝှက်ချက်ဆိုတာမရှိဘူး…”

အမျိုးသားက ပြန်ပြောလိုက်သည်။ “ဒါဆို ငါတို့ဘာလုပ်ကြမလဲ… သူက အထဲကိုဝင်သွားပြီးနေပြီ… အဲ့ထဲကိုရောက်လို့ သေမယ်ဆိုရင်တော့ သူ အစောကြီးတည်းက သေနေလောက်ပြီ…”

အမျိုးသမီးသည် ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ပြန်၍ပြောလိုက်သည်။ “အင်း… ဒါကလည်း ဆိုးတော့မဆိုးပါဘူး… ငါတို့ ဒီအခွင့်အရေးကိုယူပြီးတော့ နဂါးကျွန်းဆီ ခိုးဝင်မယ်ဆိုရင်ရော… ငါ ဒီအကြောင်းကို ဆရာ့ဆီသွားပြောလိုက်မယ်… နောက်ဘယ်လိုဆက်လုပ်မလဲဆိုတာကိုတော့ ဆရာပဲ ဆုံးဖြတ်လိမ့်မယ်…”

“ကောင်းပြီ…” အမျိုးသား ခေါင်းညိတ်လိုက်သည်။

ထို့နောက်တွင် အမျိုးသမီးသည် မီးနီရောင်အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် အဝေးတစ်နေရာဆီသို့ ပျံသန်းသွားလေ၏။

“ရှင်တို့ ဆရာ့အကြောင်းပြောနေတာလား…” ကလေးတစ်ယောက်၏အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

ထိုစကားကိုကြားသည့်အခါ အဖြူရောင်ဝတ်ရုံဝတ်လူ၏ နှုတ်ခမ်းများ တွန့်ကွေးတက်သွားခဲ့သည်။ ခေါင်းငုံ့၍ အသံကြားရာဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ အသက် ခုနှစ်နှစ် ရှစ်နှစ်ခန့်သာရှိသေးသော ကောင်မလေးတစ်ဦး ထိုနေရာတွင်ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုကောင်မလေး ထိုနေရာတွင် မည်မျှကြာအောင်ရပ်နေမှန်း သူမသိ။ လက်ရှိအချိန်တွင်တော့ ထိုကောင်မလေးသည် သူ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့လေသည်။

ကောင်မလေးမှာ အသက်ငယ်ငယ်လေးသာ ဖြစ်ပါသော်ငြား တကယ့်တကယ်တွင်တော့ ကောင်မလေး၏အသက်သည် သူမရုပ်ရည်ကိုကြည့်၍ သွားဆုံးဖြတ်၍မရမှန်း အဖြူရောင်ဝတ်ရုံဝတ်လူ သိပေသည်။ ကောင်မလေးအား ခဏမျှကြာအောင် ကြည့်နေပြီးသည့်နောက် ချက်ချင်းပဲ အော်ငြီးလိုက်လေ၏။ “ဒီနေ့ လေတွေက တကယ်ကို ပြင်းနေပါလား…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၂၀)

ဘာသာပြန်သူ_တိမ်တိုက်

အပြာရောင်ကောင်းကင်အောက်ဝယ် လူနှစ်ဦးသည် ငေးကြောင်ကြောင်အမူအယာဖြင့် လေထဲဝဲကာ ရပ်နေကြလေသည်။ ပြောစရာမလိုအောင်ပင် ထိုနှစ်ဦးမှာ အခက်အခဲအသွယ်သွယ်ကို ဖြတ်ကျော်လာပြီးမှ ဤနေရာသို့ ရောက်လာကြသော ရန်ကိုင်နှင့် လီကျောက်တို့သာ ဖြစ်ကြလေသည်။ အဖြူရောင်ဘောလုံးလေးနောက်သို့ လိုက်လာပြီးသည့်နောက်တွင် ဟင်းလင်းပြင်ဝင်္ကပါ၏ ထွက်ပေါက်ဆီသို့ ရောက်လာခဲ့ကြသည်။ ထိုနေရာသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်သည် ဟင်းလင်းပြင်ကိုဆုတ်ဖြဲ၍ ထွက်လာခဲ့ရာ ဤနေရာသို့ ရောက်လာခဲ့ရလေ၏။ သို့သော်ငြား သူတို့အား ဆီးကြိုနေသည့် မြင်ကွင်းသည် သူတို့မျှော်လင့်ထားသည့်မြင်ကွင်းနှင့် လုံးဝကို ကွဲလွဲနေသဖြင့် ရန်ကိုင်တို့နှစ်ဦးမှာ တစ်ခဏမျှကြာအောင် မင်တက်သွားကုန်ကြရလေသည်။

“နန်းတော်သခင်ရန်… ဒါ… ဒါက နဂါးကျွန်းလား…” လီကျောက်သည် ရန်ကိုင်အား အံ့အားသင့်တကြီးအမူအယာဖြင့် ကြည့်လိုက်လေသည်။

“ကျုပ်လည်းမသိဘူး…” ရန်ကိုင်လည်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။ ဟင်းလင်းပြင်ဝင်္ကပါထဲမှ ထွက်လာပြီးသည့်နောက် နဂါးကျွန်းဆီသို့ တန်းရောက်လာလိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား လက်ရှိအချိန်တွင်တော့ သူရောက်နေသည့်နေရာသည် နဂါးကျွန်းဟုတ်မဟုတ် ရန်ကိုင်လည်း မသေချာတော့ပေ။ အကြောင်းမှာ ဤနေရာသည် ကျွန်းတစ်ခုမဟုတ်ဘဲ ကမ္ဘာငယ်လေးတစ်ခု ဖြစ်နေသည့်အတွက်ကြောင့်ပင်။

သူ့စိတ်အာရုံအလုံးကို ဖြန့်ကျက်၍ လောကနိယာမများကို ထိတွေ့ကြည့်လိုက်သည့်အခါ ကမ္ဘာငယ်လေးထဲရှိ လောကနိယာမများသည် လုံးဝကို ပြီးပြည့်စုံနေကြောင်း တွေ့လိုက်ရလေသည်။ သူပိုင်ဆိုင်ထားသော လောကဓာတ်လုံးထဲရှိ လောကနိယာမများထက်ပင် ပို၍ ပြီးပြည့်စုံနေခဲ့သည်။ ထို့နောက် ခေါင်းမော့၍ကြည့်လိုက်ရာ ကောင်းကင်ထက်တွင် ထွန်းလင်းစွာတောက်ပနေသော နေတစ်စင်းကို အံ့ဩဖွယ် တွေ့လိုက်ရလေ၏။

ဤနေရာအကြောင်း မသိသည့်လူတစ်ဦးသည်သာ ဤနေရာဆီသို့ ရောက်လာမည်ဆိုပါက ဤနေရာသည် ကြယ်တာရာအစုအဝေးဖြစ်သည်ဟု အထင်မှားသွားနိုင်ပေသည်။ ကံကောင်းစွာဖြင့် ဤနေရာသည် ကြယ်တာရာအစုအဝေးထဲတွင်မဟုတ်မှန်း ရန်ကိုင်သိနေခဲ့သည်။ ရန်ကိုင်ကိုယ်တိုင်သည် ကမ္ဘာငယ်လေးပေါင်းများစွာထဲသို့ ရောက်ခဲ့ဖူးသလို သူကိုယ်တိုင်သည်လည်း ကမ္ဘာငယ်လေးတစ်ခုကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် သူတို့ လက်ရှိရောက်နေသည့်နေရာသည် ကမ္ဘာငယ်လေးတစ်ခုထဲတွင်ဖြစ်မှန်း ပြောနိုင်ခဲ့လေသည်။

ထို့အပြင် ဤကမ္ဘာငယ်လေးထဲရှိ မိုးမြေစွမ်းအင်မှာ အလွန်ကိုမှ အထင်ကြီးဖွယ်ကောင်းလှလေသည်။ ဤနေရာရှိမိုးမြေစွမ်းအင်သည် အလွန်ကိုမှ သိပ်သည်းလွန်းလှသည်ဟုတော့ ပြော၍မရပေ။ တကယ်တော့ ကြယ်တာရာအစုအဝေးထဲတွင် မိုးမြေစွမ်းအင်သိပ်သည်းလှသော ကျင့်ကြံဖို့ရာအတွက် အလွန်ကိုမှ သင့်တော်လှသည့် ကျင့်ကြံရေးသုခဘုံပေါင်းများစွာ ရှိကြသည်မဟုတ်ပေလော။ ကြယ်တာရာအစုအဝေးထဲတွင် ရှိနေကြသော ထိပ်တန်းဂိုဏ်းများအားလုံးသည် ထိုကဲ့သို့သော ကျင့်ကြံရေးသုခဘုံများပေါ်တွင် တည်ထောင်ထားကြခြင်း ဖြစ်လေသည်။ ဤကမ္ဘာငယ်လေးထဲရှိ မိုးမြေစွမ်းအင်များသည် သိပ်သည်းကောင်း သိပ်သည်းလိမ့်မည် ဖြစ်ပါသော်ငြား ကြယ်တာရာအစုအဝေးထဲရှိ ကျင့်ကြံရေးသုခဘုံများထက်တော့ ပိုကောင်းလိမ့်မည်မဟုတ်ပေ။

သို့သော်ငြား ဤနေရာရှိမိုးမြေစွမ်းအင်ကို ထူးခြားသည်ဟု ပြောရခြင်းမှာ ၎င်း၏သန့်စင်မှုကြောင့်သာ ဖြစ်လေသည်။ ဤကမ္ဘာငယ်လေးထဲရှိ မိုးမြေစွမ်းအင်သည် အလွန်တရာကိုမှ သန့်စင်လွန်းလှသည်။ ရန်ကိုင်ကြုံခဲ့ဖူးသည့် မည်သည့်မိုးမြေစွမ်းအင်ထက်မဆို အဆပေါင်းများစွာ ပိုမိုသန့်စင်ပေသည်။ ဤကဲ့သို့သောနေရာမျိုးသည် ကျင့်ကြံသူများအတွက်တော့ အလွန်ကိုမှ အကျိုးရှိသည်ဟု ပြော၍ရပေသည်။ အကြောင်းမှာ မိုးမြေစွမ်းအင်ပို၍သန့်စင်လေ ကျင့်ကြံသူတစ်ဦးအဖို့ ထိုမိုးမြေစွမ်းအင်ကို စုပ်ယူဖို့ရာ ပိုမိုလွယ်ကူလေ ဖြစ်သည့်အတွက်ကြောင့်ပင်။

“ကျုပ်တို့ နေရာမှားပြီးတော့များ ရောက်လာတာလား…” လီကျောက်သည် ရယ်ရခက် ငိုရခက် အမူအယာဖြင့် မေးလိုက်လေသည်။

“ခင်ဗျား ဘာလို့ အဲ့လိုပြောတာလဲ…” ရန်ကိုင်သည် လီကျောက်ဘက်သို့လှည့်၍ မေးလိုက်၏။

“ဒါကြီးက ကျွန်းနဲ့မှမတူတာ…” လီကျောက် အနည်းငယ် စိတ်ပျက်နေခဲ့လေသည်။ လီကျောက်ထင်ထားသည်မှာတော့ နဂါးကျွန်းဆိုသည်မှာ ဧရာမနဂါးကြီးပေါင်းများစွာနှင့် ပြည့်နှက်နေသော ပင်လယ်အလယ်တွင်ရှိနေသည့် ကျွန်းတစ်ကျွန်းဟူ၍ပင်။ သို့သော်ငြား လက်ရှိ သူမြင်နေရသည့်အရာသည် သူစိတ်ကူးထားသည်နှင့် တက်တက်စင်အောင်ကို လွဲချော်နေခဲ့လေသည်။

“နဂါးကျွန်းက ကျွန်းတစ်ကျွန်းဖြစ်ရမယ်လို့ ဘယ်သူကပြောတာလဲ…” ရန်ကိုင်က ပြန်မေးလိုက်သည်။

ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက် လီကျောက် ကြောင််သွားခဲ့ပြီး သူ့ဘာသာသူ စဉ်းစားလိုက်လေ၏။ (အဲ့ဒါလည်း ဟုတ်တာပဲ…)

နဂါးကျွန်းဟူသော နာမည်ကို မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာသည့်အတွက်ကြောင့် နဂါးကျွန်းသည် ကျွန်းတစ်ကျွန်းဖြစ်လိမ့်မည်ဟု လူတိုင်းက ထင်နေကြလေသည်။ သို့သော်ငြား မည်သူမျှ နဂါးကျွန်းထဲသို့ မရောက်ဖူးကြသလို နဂါးကျွန်း၏ ကျွန်းပုံစံ မည်သို့မည်ပုံ ရှိသလဲ၊ နဂါးကျွန်းပေါ်ရှိအခြေအနေမှာ မည်ကဲ့သို့ဖြစ်သလဲဆိုသည်ကို မည်သူမျှ မပြောခဲ့ကြပေ။

“ကျုပ်အထင်အရဆိုရင်တော့ ဒီနေရာက နဂါးကျွန်းဖြစ်လောက်တယ်…” ရန်ကိုင်သည် အသက်ကိုပြင်းပြင်းရှူသွင်းရင်းမှ ပြောလိုက်သည်။ သန့်စင်လွန်းလှသည့် မိုးမြေစွမ်းအင်သည် သူ့အား နေရထိုင်ရ အလွန်ကိုမှ သက်တောင့်သက်သာ ဖြစ်လေသည်။ ထို့နောက်တွင် ရန်ကိုင်က ပြုံးလျက် ဆက်ပြောလိုက်သည်။ “ဖြစ်နိုင်လောက်တာမဟုတ်ဘူး… ဒါက လုံးဝကို နဂါးကျွန်းပဲ…”

ဒဏ္ဍာရီလာနဂါးကျွန်းထက် ဤလောကကြီးထဲရှိ မည်သည့်နေရာကများ ပိုကောင်းနိုင်ပါဦးမည်နည်း။ ရန်ကိုင်သည် အမျိုးမျိုးသောကျင့်ကြံရေးသုခဘုံပေါင်းများစွာသို့ ရောက်ခဲ့ဖူးပေသည်။ သို့သော်ငြား မည်သည့်နေရာမှ ဤနဂါးကျွန်းနှင့် မယှဉ်နိုင်ချေ‌။

လီကျောက်သည် ခေါင်းသာညိတ်လိုက်ပြီး ရန်ကိုင်နှင့် ပြိုင်ငြင်းမနေတော့ဘဲ ပြန်၍သာ မေးလိုက်လေ၏။ “ဒါဆို ကျုပ်တို့ အခု ဘာလုပ်ကြမလဲ…”

ရန်ကိုင်သည် မျက်မှောင်ကျုံ့လျက် တစ်ခဏမျှ ရပ်စဉ်းစားနေပြီးသည့်နောက် ပြန်ပြောလိုက်လေသည်။ “ဘာလုပ်ရမလဲ… ဒီကိုရောက်လာပြီဆိုမှတော့ ဒီနေရာကို အရင်ဆုံး စစ်ဆေးကြည့်ရမှာပေါ့…”

“ဟုတ်တယ်နော်…” လီကျောက် ခေါင်းညိတ်လိုက်လေသည်။

သဘာတူညီချက်လုပ်ပြီးသည့်နောက်တွင် ရန်ကိုင်တို့နှစ်ဦးသည် တစ်ခုသောဘက်ဆီသို့ ချက်ချင်း ပျံသန်းသွားကြလေသည်။ နှစ်ဦးစလုံးသည် သူတို့၏အရှိန်အဝါကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားခဲ့ကြလေသည်။ တစ်ချိန်တည်းတွင်လည်း အပေါ်သို့ မြင့်မြင့်ကြီး မပျံသန်းသလို အလွန်လျင်လျင်မြန်မြန်လည်း ပျံသန်းခြင်းမရှိပေ။

ဤကမ္ဘာငယ်လေးသည် ရန်ကိုင်တို့ ယခင်ရောက်ခဲ့ဖူးသော ဒွိလောကကမ္ဘာကြီးနှင့်ယှဉ်လိုက်သော် ပို၍ အရွယ်အစား ကြီးမားပေသည်။ ပျံသန်းနေရင်းမှ ရန်ကိုင်တို့သည် တောတောင်အသွယ်သွယ်၊ မြစ်ချောင်းအသွယ်သွယ်ကို ဖြတ်ကျော်လာခဲ့လေသည်။ သို့တိုင် နဂါးကလန်သားတစ်ဦးကိုပင်လျှင် တွေ့ခဲ့ရခြင်း မရှိပေ။

နဂါးကလန်သားအရေအတွက်မှာ အလွန်ကိုမှ နည်းပါးပါသော်ငြား ရန်ကိုင်သိထားသလောက် နဂါးကျွန်းပေါ်တွင် နေထိုင်နေသည့် နဂါးကလန်သားများ ရှိကြပေသည်။ ထို့အကြောင်းကြောင့် လာရာလမ်းတစ်လျှောက်တွင် နဂါးကလန်သားတစ်ဦးကိုပင် မတွေ့ခဲ့ရသည်မှာ သိပ်၍တော့ ယုတ္တိမရှိတော့ပေ။

ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ လီကျောက်ပြောခဲ့သည်မှာ အမှန်များ ဖြစ်နေလေမလားဟု စတင်တွေးမိလာရတော့လေသည်။ (ဒါက နဂါးကျွန်းမဟုတ်တာများလား… လီကျောက်နဲ့ငါ ကြုံရာကမ္ဘာငယ်လေးတစ်ခုထဲ မတော်တဆရောက်လာတယ်လို့တော့ ငါ့ကိုလာမပြောနဲ့နော်… အဲ့လိုဆိုရင်တော့ ရှက်စရာတွေ ဖြစ်ကုန်တော့မှာပဲကွာ…)

ပျံသန်းနေရင်းမှ နဂါးကလန်သားများနှင့် မတွေ့ခဲ့ရပါသော်ငြား မွန်းစတားသားရဲပေါင်းများစွာနှင့်တော့ တွေ့ခဲ့ရပေသည်။ အချို့မှာ အားကောင်းကြပြီး အချို့မှာတော့ အားနည်းကြ၏။ ထို့အပြင် အားကောင်းကြသောမွန်းစတားသားရဲတော်တော်များများသည် ပါးလျသော နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြပေသည်။ သူတို့၏အရှိန်အဝါမှာလည်း ကြောက်မက်ဖွယ် ကောင်းလှလေ၏။

နဂါးသွေးမျိုးဆက်ပါသော မွန်းစတားသားရဲများကို မြင်ပြီးသည့်နောက် ရန်ကိုင်၏ယုံကြည်ချက်တို့ ပြန်လည်မြင့်တက်လာခဲ့ရလေသည်။ သို့တိုင် မည်သည့်နဂါးကလန်သားကိုမှ မတွေ့ရသေးပေ။

နှစ်ရက်ကြာပြီးသည့်နောက် ဧရာမမြို့ကြီးတစ်မြို့ ရန်ကိုင်တို့ရှေ့၌ ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထိုမြို့ကြီးကို လွင်ပြင်တစ်ခုပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး မြို့ကြီးသည် မိုးကုပ်စက်ဝိုင်း၏ သုံးပုံတစ်ပုံလောက်ကို နေရာယူထားခဲ့လေသည်။ အဝေးမှလှမ်းမျှော်ကြည့်လိုက်မည်ဆိုပါက ပြွတ်ကြပ်သိပ်နေသော အဆောက်အဦးများ၊ အပြန်အလှန်ယှက်ဖြာနေသော လမ်းများကို လှမ်းမြင်ရနိုင်ပေသည်။ ဤကဲ့သို့သောမြို့ကြီးသည် အနည်းဆုံး လူတစ်သန်းလောက် ဝင်ဆံ့ပေသည်။

ထိုမြို့ကြီးကိုမြင်ပြီးသည့်နောက် ရန်ကိုင်နှင့်လီကျောက်တို့နှစ်ဦးလုံး မင်သက်သွားကုန်ကြလေ၏။ တစ်ချိန်တည်းတွင် သူတို့၏စိတ်ထဲ ရှင်းပြမရသည့်ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။

“ရောင်းရင်းလီ… နဂါးကျွန်းမှာ မြို့တစ်မြို့ရှိနေတယ်ကွ…”

လီကျောက်က မဲ့ပြုံးပြုံးလျက် “နဂါးကျွန်းမှာ မြို့တစ်မြို့ရှိတဲ့အကြောင်း ကျုပ် တစ်ခါမှမကြားဖူးဘူး… ဒါပေမယ့် နဂါးကလန်သားအရေအတွက်က ဒီလောက်နည်းတာ… ဘာဖြစ်လို့ ဒီလောက်ကြီးတဲ့မြို့တစ်မြို့ကို သူတို့ ဆောက်ထားရတာလဲ…”

ရန်ကိုင်သည်လည်း လီကျောက်ပြောသည့်စကားကို စိတ်ထဲမှနေ၍ ကြိတ်ကာ ထောက်ခံနေခဲ့လေသည်။ (အဲ့ဒါလည်းဟုတ်တယ်… နဂါးကလန်သားအရေအတွက်က ဒီလောက်နည်းတာ… ဘာလို့ ဒီလောက်ကြီးတဲ့မြို့ကြီးကို ဆောက်ထားရတာလဲ… ကြည့်ရတာ ဒီနေရာက နဂါးကျွန်းမဟုတ်တဲ့ပုံပဲ…) ထိုအတွေး သူ့ခေါင်းထဲ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ လွန်ခဲ့သောနှစ်ရက်ခန့်က ဤနေရာသည် နဂါးကျွန်းဖြစ်သည်ဟု ရန်ကိုင်မှ အခိုင်အမာပြောဆိုခဲ့သည်။ ထိုစဉ်ကသူပြောခဲ့သည့်စကားများသည် ကိုယ့်မျက်နှာကိုယ် ပြန်ရိုက်သည့်နှယ် ဖြစ်နေလိမ့်မည်ဟု ရန်ကိုင် မည်ကဲ့သို့များ ထင်ထားခဲ့ပါမည်နည်း။

(ဒါပေမယ့် ဒီနေရာက နဂါးကျွန်းမဟုတ်ရင် ဘယ်နေရာလဲ…) ထိုအကြောင်းကို တစ်ခဏမျှ ရပ်စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်က ပြောလိုက်လေသည်။ “တစ်ချက် သွားကြည့်ရအောင်…”

ဤနေရာ မည်သည့်နေရာဖြစ်ပါစေ အနည်းဆုံးတော့ သေသေချာချာ ကြည့်သွားရပေလိမ့်မည်။ သို့တိုင် ရန်ကိုင်တို့မှာ မြို့ထဲသို့ မဆင်မခြင် ပြေးမဝင်သွားခဲ့ပေ။ ဤနေရာ မည်သည့်နေရာဖြစ်သလဲ မြို့ထဲတွင် မည်သူနေနေသလဲဆိုသည်ကို မသိရသေးသည့်အလျောက် ရန်ကိုင်တို့သည် မြို့နှင့် မိုင်တစ်ရာခန့်အကွာတွင် ရပ်လိုက်ပြီး လုံခြုံသည့်နေရာတစ်ခုရှာကာ ပုန်းအောင်းနေလိုက်လေသည်။ ထို့နောက် ထိုနေရာမှနေ၍ အခြေအနေကို စတင်အကဲခတ်တော့သည်။

သေချာ အနီးကပ် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် မြို့ထဲ၌ လှုပ်ရှားသွားလာနေကြသော လူပေါင်းများစွာကို တွေ့ရှိသွားခဲ့ရသည်။ လူအရေအတွက်မှာ တစ်သန်းမရှိသည့်တိုင် အနည်းဆုံးတော့ သိန်းနှင့်ချီပေသည်။ ထိုမျှများပြားလှသောလူများကို မြင်တွေ့ပြီးသည့်နောက် ရန်ကိုင်နှင့်လီကျောက်တို့နှစ်ဦးစလုံး ပို၍ပင် စိတ်ပျက်သွားခဲ့ရသည်။ (ဒါ နဂါးကျွန်းမဟုတ်တာ သေချာသွားပြီ… မဟုတ်ရင် ဒီလောက် လူအများကြီး ရှိနေမှာမဟုတ်ဘူး…)

“တစ်ယောက်ယောက်လာနေတယ်…” ရန်ကိုင်က ရုတ်တရက် အော်ပြောလိုက်လေသည်။

ရန်ကိုင်၏စကားကိုကြားသည့်အခါ လီကျောက်သည်လည်း ရန်ကိုင်ကြည့်နေသည့်ဘက်ဆီသို့ အလျင်စလို လှမ်းကြည့်လိုက်ရာ လူပေါင်းများစွာ သူတို့ဆီသို့ ပျံသန်းလာနေကြောင်းကို တွေ့လိုက်ရလေသည်။ မကြာမီ ထိုလူများသည် ရန်ကိုင်တို့အား ဖြတ်ကျော်သွားခဲ့ပြီး မြို့တည့်တည့်သို့ ပျံသန်းသွားလေ၏။

ထိုလူများ သူတို့အား ဖြတ်ကျော်သွားပြီးသည့်နောက်တွင် လီကျောက်က ပြောလိုက်လေသည်။ “အဲ့လူတွေက တာအိုသခင်အဆင့်မှာရှိနေတဲ့ လူသားတွေပဲဟ…”

ရန်ကိုင်ကလည်း ခေါင်းညိတ်လိုက်လေသည်။ ထိုလူများသည် လူသားများသာဖြစ်ကြသည်။ ထို့အပြင် သူတို့၏ကျင့်ကြံခြင်းမှာ နိမ့်လည်းမနိမ့်သလို မြင့်လည်းမမြင့်ပေ။ ထိုကဲ့သို့သောလူများကို ကြယ်တာရာအစုအဝေးထဲတွင် နေရာအနှံ့တွင် မြင်တွေ့နိုင်ပေသည်။

ထိုလူများထွက်သွားပြီးနောက် မကြာခင်မှာပင် နောက်ထပ်အဖွဲ့တစ်ဖွဲ့ မြို့ဆီသို့ ပျံသန်းလာလေသည်။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်နှင့် လီကျောက်တို့နှစ်ဦးစလုံး ထူးဆန်းသည့်အချက်တစ်ချက်ကို တွေ့ရှိလိုက်ရသည်။ ယခုတစ်ကြိမ်အဖွဲ့ကို ဦးဆောင်လာသည့်လူမှာ နဂါးသွေးမျိုးဆက်နှင့်လူတစ်ဦး ဖြစ်ပေသည်။

ထိုလူသည် ဧကရာဇ်ပထမအဆင့်ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားခဲ့ပြီး သူ့မျက်နှာတွင် နဂါးအကြေးခွံများစွာ ရှိနေခဲ့လေသည်။ ထိုအချက်မှလွဲ၍ ထိုလူဆီမှ နဂါးတစ်ကောင်နှင့်ဆင်တူသည့် အခြား မည်သည်ကိုမှ ရှာမတွေ့ခဲ့ပေ။ သို့တိုင် ထိုတွေ့ရှိမှုသည် ရန်ကိုင်နှင့်လီကျောက်တို့အား အကြီးအကျယ် အံ့အားသင့်သွားစေခဲ့လေသည်။

ထိုလူ၏အခြေအနေမှာ လီကျောက်နှင့် အလားသဏ္ဍာန်တူပေသည်။ ထိုလူသည် မသန့်စင်သည့်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော လူတစ်ပိုင်း နဂါးတစ်ပိုင်း ဖြစ်ပေသည်။ ရှင်းရှင်းပြောရသော် ထိုလူ၏သွေးမျိုးဆက်သန့်စင်မှုသည် လီကျောက်ထက်ပင်လျှင် ပို၍ နိမ့်ကျနေပေသေးသည်။

ထိုအချက်ကို ရှာတွေ့သွားပြီးသည့်နောက် ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေ၏။ ဤနေရာနှင့်ပတ်သက်၍ တစ်ခုခုပုံမှန်မဟုတ်သလို သူ့စိတ်ထဲ ခံစားလာနေရလေသည်။

ရန်ကိုင်နှင့်လီကျောက်တို့နှစ်ဦးသည် ထိုနေရာတွင် နေ့ဝက်လုံးလုံး ပုန်းအောင်းနေခဲ့လေသည်။ ထိုသို့ပုန်းအောင်းနေစဉ်အတောအတွင်း လူတစ်ဦးစ နှစ်ဦးစ သူတို့ခေါင်းပေါ်မှ ဖြတ်ကျော်ကာ မြို့ဆီသို့ ဦးတည်သွားလေ့ရှိကြသည်။ စောင့်ကြည့်လေ စောင့်ကြည့်လေ ရန်ကိုင်နှင့်လီကျောက်တို့မှာ ပို၍ထိတ်လန့်လာရလေပင်။ ထိုသို့ဖြစ်သည်မှာလည်း အထူးအဆန်းတော့မဟုတ်။ ဤနေရာတွင် နဂါးသွေးမျိုးဆက်ပါသည့် လူပေါင်းများစွာကို တွေ့ရှိလိုက်ရသည့် အတွက်ကြောင့်ပင်ကိုး။ သူတို့ပုန်းအောင်းနေစဉ်အတောအတွင်း သူတို့ခေါင်းပေါ်မှ အနည်းဆုံး လူတစ်ရာခန့် ဖြတ်ကျော်သွားခဲ့ကြသည်။ ထိုလူတစ်ရာအနက် ဆယ်ယောက်မှာ နဂါးကလန်၏သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြပေသည်။ ဤကဲ့သို့သောလူအချိုးအစားသည် ဆယ်ယောက်တစ်ယောက်ဖြစ်လေရာ ကြယ်တာရာအစုအဝေးတွင် ဤကဲ့သို့သောအချိုးအစားမျိုးကို မြင်တွေ့ဖို့ရာ မဖြစ်နိုင်ပေ။

နဂါးသွေးမျိုးဆက်ပါသည့်လူများကို ကြယ်တာရာအစုအဝေးတွင်လည်း ရှာတွေ့နိုင်ပေသည်။ သို့သော်ငြား ဤနေရာလောက်တော့မများပေ။ ဤနေရာတွင်တော့ လူဆယ်ဦးအနက် တစ်ဦးလောက်မှာ နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့်လူတစ်ဦး ဖြစ်နေခဲ့သည်။ ရန်ကိုင်သည်သာ ကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်းမဟုတ်လျှင် လုံးဝကို ယုံကြည်နိုင်လိမ့်မည်မဟုတ်ချေ။

ထိုနဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် လူများ၏ ကျင့်ကြံခြင်းမှာလည်း တူညီခြင်းမရှိကြချေ။ အချို့မှာ ကျင့်ကြံခြင်းအဆင့်မြင့်ကြသလို အချို့မှာတော့ နိမ့်ကျလှသည်။ အနိမ့်ဆုံးသည် တန်ခိုးရှင်ဘုရင်အဆင့်ဖြစ်ပြီး အမြင့်ပိုင်းများမှာတော့ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြပေသည်။ ထိုလူများဆီတွင် မြင်တွေ့ရသည့် နဂါးကလန်၏ ဝိသေသလက္ခဏာများမှာလည်း တူညီခြင်း မရှိကြချေ။ အချို့သည် သူတို့၏ခေါင်းထက်တွင် နဂါးချိုတိုတိုလေးနှစ်ချောင်း ရှိနေပြီး အချို့မှာတော့ နဂါးအမြီးများကို ပိုင်ဆိုင်ထားကြလေသည်။ အချို့ဆိုလျှင် မသိသာလှသော နဂါးလက်သည်းများကို ပိုင်ဆိုင်ထားကြပြီး အများစုမှာတော့ နဂါးအကြေးခွံများကို ပိုင်ဆိုင်ထားကြသည်။ နဂါးအကြေးခွံများ ရှိနေသည့်နေရာများမှာလည်း တူညီခြင်းမရှိကြပေ။ ထို့အပြင် သူတို့ပိုင်ဆိုင်ထားသော နဂါးအကြေးခွံများမှာလည်း ထိုမျှများပြားခြင်း မရှိလှသလို နဂါးတစ်ကောင်၏အကြေးခွံနှင့်လည်း သိပ်၍ဆင်တူခြင်း မရှိကြပေ။ မသိလျှင် မြွေတစ်ကောင်၏အကြေးခွံများနှင့်ပင် တူနေပေသေးသည်။

လူသားနှင့် နဂါးသွေးမျိုးဆက်ကိုပိုင်ဆိုင်ထားသည့် လူသားများအပြင် အခြားသောမွန်းစတားမျိုးနွယ်စုဝင်များကိုလည်း ဤနေရာတွင်တွေ့ရပေသည်။

“နန်းတော်သခင်ရန်… ဘာတွေဖြစ်နေတာလဲ… ဒီမှာ ဘာဖြစ်လို့ နဂါးနွယ်ဖွားတွေအများကြီးကို တွေ့နေရတာလဲ…” လီကျောက် တည်တည်ငြိမ်ငြိမ်နေနိုင်ခြင်းမရှိတော့ချေ။

“ခင်ဗျားက ကျုပ်ကိုလာမေးနေတာ ကျုပ်က ဘယ်သူ့ကိုသွားမေးရမှာလဲ…” ရန်ကိုင်သည် လီကျောက်ကိုကြည့်၍ ပြန်ပြောလိုက်သည်။

လီကျောက် ရှက်ရှက်ဖြင့် ရယ်လိုက်လေသည်။ လီကျောက်မှာ ဤအတိုင်း မေးလိုက်ခြင်းသာ ဖြစ်ပေသည်။ သူမြင်လိုက်ရသည့်အရာများသည် အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလွန်းလှသည့်အတွက်ကြောင့် အံ့ဩစိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ မေးလိုက်မိခြင်းသာ ဖြစ်လေ၏။

“ဒီကိစ္စကို သိဖို့က လွယ်ပါတယ်… မြို့ထဲဝင်သွားလိုက်ရင် ပြီးပြီမဟုတ်ဘူးလား…” ရန်ကိုင်သည် ရှေ့တည့်တည့်တွင်ရှိနေသောမြို့ကို မေးငေါ့ပြလိုက်ရင်းမှ ပြောလိုက်သည်။

လီကျောက် တစ်ခဏမျှ တိတ်သွားပြီးသည့်နောက် ခေါင်းညိတ်ပြလိုက်လေသည်။

အချိန်အတန်ကြာအောင် စောင့်ကြည့်လေ့လာနေပြီးသည့်နောက်တွင် ဤမြို့၏အကာအကွယ်မှာ အလွန်ကိုမှ လျော့တိလျော့ရဲဖြစ်လှကြောင်း တွေ့ရှိလိုက်ရသည်။ သူတို့အနေဖြင့် မြို့ထဲသို့ မျက်နှာတည်ဖြင့် ဝင်သွားမည်ဆိုလျှင်ပင် မည်သူမျှ မျက်တောင်တစ်ချက် ခတ်လိမ့်မည်မဟုတ်ပေ။ ထို့အပြင် သူတို့အကြောင်းကို စစ်ဆေးမေးမြန်းမည့် ဝင်ကြေးတောင်းမည့် ဂိတ်စောင့်များလည်း ရှိမနေကြပေ။ တစ်နည်းဆိုရသော် ရန်ကိုင်နှင့်လီကျောက်တို့ ဤအတိုင်း မြို့ထဲသို့ လျှောက်ဝင်သွားလိုက်ရုံပင်။

ရန်ကိုင်တို့သည် သူတို့၏အကြံအစည်ကို စတင်တိုင်ပင်တော့လေသည်။ အကြံအစည်တစ်ခု ချပြီးသည့်နောက် ချက်ချင်းပဲ ပုန်းနေရာမှထွက်ကာ မြို့ဆီသို့ ပျံသန်းသွားလေ၏။ ယခင်ကလူများ လုပ်ခဲ့သည့်ပုံစံအတိုး မြို့နားသို့ရောက်လာသော် ရန်ကိုင်တို့ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး မြို့ဆီသို့ လမ်းလျှောက်သွားလိုက်လေသည်။

မြို့ဂိတ်ပေါက်သို့ရောက်လာသော် မော့ကြည့်လိုက်ရာ မြို့ဂိတ်ပေါက်ဝတွင် ဆိုင်းဘုတ်တစ်ခုရှိနေကြောင်း တွေ့လိုက်ရသည်။ ထိုဆိုင်းဘုတ်ပေါ်တွင် ရေးထိုးထားသည့်စာကို မြင်ပြီးသည့်နောက် ရန်ကိုင်နှင့် လီကျောက်တို့နှစ်ဦးစလုံး ထိတ်လန့်သွားကုန်ကြလေသည်။ ဆိုင်းဘုတ်ပေါ်တွင် ရေးထားသည်မှာတော့ အခြားမဟုတ်။ နဂါးတစ်ပိုင်းမြို့တော်ဟူသော စကားလုံးများသာ။

ရန်ကိုင်နှင့်လီကျောက်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ နှစ်ဦးစလုံး၏မျက်လုံးထဲ အံ့အားသင့်နေသည့်အရိပ်အယောင်တို့ကို အထင်းသား မြင်တွေ့နေခဲ့ရသည်။

အသက်ဝင်လှသည့် နဂါးတစ်ကောင်၏ရုပ်ထုကိုမူ မြို့ဂိတ်ပေါက်ပေါ်တွင် ထိုးထွင်းထားခဲ့လေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုနဂါးမှာ အသက်ဝင်လာ၍ သူတို့ဆီသို့ ခုန်ဝင်လာတော့မည်အလား ထင်မှတ်ရသည်။ ထိုနဂါးကိုကြည့်ရင်း လီကျောက်၏မျက်နှာ အနည်းငယ် ဖြူလျော်သွားခဲ့ပြီး မြို့ထဲသို့ မြန်မြန် လျှောက်ဝင်သွားမိလေသည်။

မြို့ထဲသို့ ဝင်လာပြီးသည့်နောက် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရန်ကိုင်တို့နှစ်ဦး ထပ်မံတုန်လှုပ်သွားရပြန်လေသည်။ ဤမြို့ထဲတွင် လူအတော်များလိမ့်မည်ဟု ရန်ကိုင်တို့နှစ်ဦးစလုံး တွေးထင်ထားခဲ့ခြင်း ရှိပါသော်ငြား တကယ်တမ်းမြင်တွေ့လိုက်ရသည့်အခါတွင်တော့ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရလေသည်။ အကြောင်းမှာ မြို့ထဲရှိလူအရေအတွက်သည် သူတို့ထင်ထားသည်ထက်ကို ကျော်လွန်နေသည့်အတွက်ကြောင့်ပင်။ မြို့တစ်ခုလုံးမှာ လူပေါင်းများစွာဖြင့် ပြည့်နှက်နေခဲ့ပြီး ဆူညံအော်ဟစ်သံပေါင်းများစွာကိုလည်း နေရာအနှံ့ ကြားနေခဲ့ရသည်။ ထို့အပြင် အမျိုးမျိုးသောဆိုင်ခန်းများကိုလည်း လမ်းဘေးနေရာအနှံ့တွင် တွေ့နေရသေး၏။ မြို့ထဲတွင် လူသားနှင့် နဂါးနွယ်ဖွားများသာ ရှိနေကြခြင်းမဟုတ် အခြားသောမွန်းစတားမျိုးနွယ်စုဝင်များလည်း ရှိနေကြပေသေးသည်။

လူသားများမှာတော့ အရေအတွက်အများဆုံးဖြစ်ပြီး မြို့နေလူထု၏ တစ်ဝက်လောက်ကို အပိုင်သိမ်းထားခဲ့လေသည်။ ထို့နောက်တွင်တော့ မွန်းစတားမျိုးနွယ်စုသည် ဒုတိယလိုက်ပြီး အရေအတွက်အနည်းဆုံးမှာတော့ နဂါးနွယ်ဖွားများ ဖြစ်ကြသည်။

(ဘာတွေဖြစ်နေတာလဲ…) ရန်ကိုင်နှင့် လီကျောက်တို့နှစ်ဦးစလုံး ဇဝေဇဝါ ဖြစ်နေကြလေ၏။

All Chapters