အခန်း (၁၅၁-၁၅၅)
Vol. 16 Ch. 151-155
အခန်း (၁၅၁) - အစ်ကိုကျန့်... ဂိမ်းတစ်ခုလောက် ကစားကြမလား (၁)
"အစ်ကိုကျန့်"
လုံဟောက်ချန်သည် လျှောက်လာပြီး ကျန့်ဖုန်းကို နှုတ်ဆက်လိုက်သည်။
"မင်းတို့ မစ်ရှင်က ခုလေးတင် ပြန်ရောက်လာတာလား"
ကျန့်ဖုန်းသည် လုံဟောက်ချန်၏ ဘေးရှိ ရှန့်ချိုင်အာမှာ ပုံမှန်မဟုတ်သော အခြေအနေတွင် ရှိနေသည်ကို သတိပြုမိလိုက်သည်။ သူမသည် လှုပ်ရှားမှုမရှိဘဲ သူမ၏ မျက်လုံးများမှာ နတ်ဆိုးအမဲလိုက်အဖွဲ့ ပြိုင်ပွဲတုန်းက မျက်စိကွယ်နေသည့် အချိန်ကကဲ့သို့ပင် ဗလာဖြစ်နေသည်။
"တ်ကဲ့"
လုံဟောက်ချန်က ခေါင်းညိတ်ပြပြီးနောက် ဒေါသတကြီး အမူအရာဖြင့် ပြောသည်။
"မစ်ရှင်ကတော့ ပြီးသွားပါပြီ၊ ဒါပေမဲ့ တာဝန်မျှော်စင် ဝန်ထမ်းတွေရဲ့ အမှားကြောင့် ကျွန်တော်တို့ အကြီးအကျယ် ဆုံးရှုံးခဲ့ရတယ်"
(တာဝန်တာဝါကို တာဝန်မျှော်စင်လို့ ပြောင်းထားပါတယ်)
"ဘာဖြစ်လို့လဲ၊ မစ်ရှင် သတင်းအချက်အလက်မှာ အမှားအယွင်း ရှိလို့လား"
ကျန့်ဖုန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။
မူလဇာတ်လမ်းအရ လုံဟောက်ချန်၏ အဖွဲ့နှင့် လုရှီး၏ အဖွဲ့တို့သည် ဘုရင်အဆင့်အဖွဲ့များအတွက်သာ ထုတ်ပေးသင့်သော ကြောက်မက်ဖွယ် အော်ဟစ်သံဂူ စူးစမ်းရေးမစ်ရှင်ကို ပူးပေါင်းလုပ်ဆောင်ခဲ့ရကြောင်း သူသိထားသည်။ ထိုမစ်ရှင်အတွင်း အဖွဲ့နှစ်ဖွဲ့စလုံးသည် အဆင့် ၇ နတ်ဆိုးအရှင်နှင့် ရင်ဆိုင်ခဲ့ရပြီး၊ ၎င်းမှာ ကျန့်ဖုန်းတို့နှင့် တွေ့ခဲ့သည့် ကောင်ပင် ဖြစ်ဟန်တူသည်။ ရှန့်ချိုင်အာသည် သူမ၏ ပြန်လည်ဝင်စားခြင်း ဝိညာဉ်မီးဖို စွမ်းအားကို ထုတ်သုံးခဲ့ရပြီး ထိုနတ်ဆိုးကို အပြင်းအထန် ဒဏ်ရာရစေရန် ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။
ယခုကြည့်ရသည်မှာ လုံဟောက်ချန်တို့အဖွဲ့သည် ကြောက်မက်ဖွယ် အော်ဟစ်သံဂူ ကို လွဲချော်ခဲ့သော်လည်း အခြားသော မစ်ရှင်တစ်ခုနှင့် ရင်ဆိုင်ခဲ့ရပုံပေါ်သည်။ ဤကံတရားမှာ ကံကြမ္မာ၏ သားတော် ပီသလှသည်ဟု ဆိုရပေမည်။
လုံဟောက်ချန်က ခေါင်းညိတ်ပြီး ပြောသည်။
"ဘုရင်အဆင့်အဖွဲ့ကို ပေးသင့်တဲ့ မစ်ရှင်ကို ကျွန်တော်တို့လို အသစ်တက်လာတဲ့ အဖွဲ့နှစ်ဖွဲ့ကို ပေးလိုက်တာလေ။ ကံသာ မကောင်းခဲ့ရင် ကျွန်တော်တို့ ပြန်ရောက်လာမှာ မဟုတ်တော့ဘူး"
"မဟာမိတ် အုပ်ချုပ်ရေး အစိုးရအဖွဲ့ရုံးကို သွားလိုက်ပါ။ မဟာမိတ်မှာရှိတဲ့ အကြီးအကဲတွေက ဒီလိုကိစ္စမျိုးကို သည်းခံမှာ မဟုတ်ဘူး"
ကျန့်ဖုန်းက အကြံပြုလိုက်သည်။
"ကျွန်တော်တို့ အခုပဲ သွားမလို့ပါ အစ်ကိုကျန့်၊ နှုတ်ဆက်ခဲ့ပါတယ်"
လုံဟောက်ချန်သည် သူ၏ဘေးရှိ ရှန့်ချိုင်အာကို ကြည့်ကာ ရင်ထဲတွင် နာကျင်နေမိသည်။
ကျန့်ဖုန်း ခေါင်းညိတ်ပြပြီး ထပ်မမေးတော့ဘဲ နတ်ဆိုးအမဲလိုက်အဖွဲ့ ကုန်သွယ်ရေးစင်တာသို့ တိုက်ရိုက်သွားခဲ့သည်။
သူသည် အဆင့်မြင့် အဆင့် ၆ ကိုယ်ခန္ဓာအားတိုးဆေးလုံး ၁၂၀ ကို ဂုဏ်ထူးဆောင်အမှတ် ၆၀,၀၀၀ နှင့် လဲလှယ်လိုက်သည်။ မြင့်မြတ်ဝိညာဉ်ဆေးလုံး ၃ လုံးကို ဝယ်ယူပြီးနောက် ယခင်က ကျန်ရှိသော အမှတ်များနှင့် ပေါင်းလိုက်လျှင် သူ၌ အမှတ် ၄၀,၀၀၀ ကျော် ကျန်ရှိနေသေးသည်။
အဆင့် ၇ ဆေးလုံးနှင့် ပတ်သက်၍မူ ကျန့်ဖုန်းသည် စတင်ဖော်စပ်နေပြီဖြစ်သော်လည်း ၎င်းကို သူ့ အဖွဲ့သားများ၏ ပြင်ပဝိညာဉ်စွမ်းအား မြှင့်တင်ရန်အတွက်သာ ဦးစားပေးမည်ဖြစ်ရာ ရောင်းချရန် အစီအစဉ် မရှိပေ။
ကုန်သွယ်ရေးစင်တာမှ ထွက်လာပြီးနောက် ကျန့်ဖုန်းသည် ဗီလာသို့ ပြန်လာခဲ့သည်။ မြင့်မြတ်ဝိညာဉ်ဆေးလုံး နှစ်လုံးကို ဝမ်မင်နှင့် ယောင်လီတို့ကို အသီးသီး ပေးပြီးနောက် ကျန့်ဖုန်းသည် သူ၏ အခန်းသို့ ပြန်ကာ သူကိုယ်တိုင်လည်း အတွင်းဝိညာဉ်စွမ်းအား မြှင့်တင်ရန်အတွက် ဆေးလုံးတစ်လုံး သောက်သုံးရန် ပြင်ဆင်လိုက်သည်။
မြင့်မြတ်ဝိညာဉ်ဆေးလုံးသည် အတွင်းဝိညာဉ်စွမ်းအားကို ၁,၀၀၀ မှတ် မြှင့်တင်ပေးနိုင်ရာ ဗိုလ်အဆင့် နံပါတ် ၂၁ အဖွဲ့ဝင် အားလုံးအတွက် အလွန်ပင် ထိရောက်လှပြီး တိုတောင်းသော ကာလအတွင်း သူတို့၏ အင်အားကို လျင်မြန်စွာ တိုးတက်စေမည်ဖြစ်သည်။
ကျန့်ဖုန်း အခန်းထဲသို့ ပြန်ရောက်သောအခါ ကျန်းရှင်းရန်သည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများ မှိတ်ထားသည်ကို တွေ့ရသည်။ ကျန့်ဖုန်း တံခါးဖွင့်သံကို ကြားသောအခါ သူမ၏ မျက်တောင်ရှည်လေးများမှာ အနည်းငယ် လှုပ်ခတ်သွားပြီး မျက်လုံးများ ပွင့်လာသည်။
"ကျန့်ဖုန်း... ပြန်လာပြီလား"
ကျန့်ဖုန်း၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ ကျန်းရှင်းရန်၏ မျက်လုံးများတွင် ပျော်ရွှင်ရိပ်များ လျှပ်ခနဲ ပေါ်လာသည်။ ခဏလေးသာ ခွဲခွာခဲ့ရသော်လည်း ကျန့်ဖုန်း သူမဘေးတွင် မရှိသည့် အခိုက်အတန့်တိုင်း တစ်ခုခု လိုအပ်နေသကဲ့သို့ သူမ ခံစားရသည်။
ကျန်းရှင်းရန်သည် ထရပ်ကာ ကျန့်ဖုန်း၏ ရှေ့သို့ လျှောက်လာသည်။ သူမ ဝတ်ဆင်ထားသော ပိုးသားညဝတ်ဂါဝန်ရှည်မှာ လှုပ်ခတ်သွားပြီး ဖြူဖွေးသွယ်လျကာ ဖြောင့်စင်းသော ကျောက်စိမ်းကဲ့သို့ ခြေတံလှလှလေးများကို ပေါ်လွင်စေရာ ရင်သပ်ရှုမောဖွယ် လှပလှသည်။
ကျန့်ဖုန်းသည် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ သူမ၏ သွယ်လျနူးညံ့သော ခါးလေးကို ကိုင်ပြီး သူ၏ ရင်ခွင်ထဲသို့ ညင်သာစွာ ဆွဲသွင်းလိုက်သည်။ ကျန်းရှင်းရန်သည် ကျန့်ဖုန်း၏ ခါးကို ဖက်လိုက်ပြီး သူမ၏ ခေါင်းကို ကျန့်ဖုန်း၏ ရင်ခွင်ထဲတွင် မြှုပ်နှံထားကာ သူမ၏ အမျိုးသားထံမှ နွေးထွေးပြီး အားကိုးရသော အရှိန်အဝါကို ခံစားနေမိသည်။
"မြင့်မြတ်ဝိညာဉ်ဆေးလုံးရဲ့ ဆေးအာနိသင်ကို စုပ်ယူလို့ ပြီးသွားပြီလား"
ကျန့်ဖုန်းက လက်တစ်ဖက်ဖြင့် ကျန်းရှင်းရန်၏ ခါးသွယ်လေးကို ဖက်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူမ၏ နူးညံ့သော ဆံပင်များကို ဖွဖွလေး ပွတ်သပ်ပေးနေသည်။
ကျန်းရှင်းရန်က ခေါင်းညိတ်ပြပြီး ကျန့်ဖုန်းကို မော့ကြည့်ကာ ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ငါးရက်ကတည်းက အကုန်စုပ်ယူပြီးပြီ၊ ငါးရက်လောက် ပြန်ထိန်းညှိပြီးတဲ့နောက် အခု ကျွန်မရဲ့ ကျင့်ကြံခြင်းအဆင့်က လုံးဝ တည်ငြိမ်သွားပါပြီ"
"ရှင့်ရဲ့ ကိုယ်ခန္ဓာအားတိုးဆေးလုံးကြောင့် ကျွန်မရဲ့ ပြင်ပဝိညာဉ်စွမ်းအားက အများကြီး တိုးတက်လာခဲ့လို့ မြင့်မြတ်ဝိညာဉ်ဆေးလုံးကို စုပ်ယူတဲ့ လုပ်ငန်းစဉ်က အရမ်း ချောမွေ့ခဲ့တာ"
ကျန့်ဖုန်းသည် သူ၏ သိုလှောင်ခန်းထဲမှ ကျောက်မျက်ရတနာတစ်ခုကို ထုတ်ယူကာ ကျန်းရှင်းရန်၏ ရှေ့တွင် ထားလိုက်ပြီး ပြောသည်။
"အခု မင်းမှာ အတွင်းဝိညာဉ်စွမ်းအား ဘယ်လောက်ရှိနေပြီလဲဆိုတာ စမ်းသပ်ကြည့်ရအောင်"
ထိုစကားကို ကြားသောအခါ ကျန်းရှင်းရန်သည် လိမ္မာစွာဖြင့် အတွင်းဝိညာဉ်စွမ်းအား စမ်းသပ်ကျောက်မျက်ကို ယူပြီး သူမ၏ ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်ရာ ကိန်းဂဏန်းတစ်ခု ပေါ်လာသည်။
"၃၇၄၅"
ဤသည်မှာ ကျန်းရှင်းရန်၏ လက်ရှိ စုစုပေါင်း အတွင်းဝိညာဉ်စွမ်းအား ဖြစ်သည်။ မြင့်မြတ်ဝိညာဉ်ဆေးလုံးမှ ရရှိသော အမှတ် ၁,၀၀၀ ကို ဖယ်လိုက်လျှင်ပင် သူမ၏ အတွင်းဝိညာဉ်စွမ်းအား တိုးတက်မှုနှုန်းမှာ အလွန်ပင် လျင်မြန်လှသည်ဟု ဆိုရမည်။ ယခုအခါ သူမ၏ ကျင့်ကြံခြင်းမှာ အဆင့် ၅၊ နဝမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အဆင့် ၅သို့ စတင်ရောက်ရှိခဲ့သည်မှာ ခြောက်လပင် မပြည့်သေးဘဲ ဤမျှ ကြီးမားသော တိုးတက်မှုကို ရရှိခဲ့ခြင်း ဖြစ်၏။ နတ်ဆိုးအမဲလိုက်အဖွဲ့များသည် လူတစ်ယောက်ကို လေ့ကျင့်ပေးရန် အမှန်တကယ် ကောင်းမွန်သော နေရာဖြစ်သည်မှာ မလွဲဧကန်ပင်။
"အသက် ၁၉ နှစ် မတိုင်ခင် အဆင့် ၆ကို ရောက်ဖို့ကတော့ သေချာနေပြီပဲ"
ကျန့်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။ သူသည် ကျန်းရှင်းရန်၏ တိုးတက်မှုအတွက် သူကိုယ်တိုင်၏ ကျင့်ကြံမှု တိုးတက်ခြင်းထက်ပင် ပို၍ ပျော်ရွှင်နေမိသည်။
ကျန်းရှင်းရန်က ရယ်မောရင်း ပြောသည်။
"အဆင့် ၆ကို တက်ဖို့က အဲ့ဒီလောက် မလွယ်ပါဘူး။ မြင့်မြတ်ဝိညာဉ်ဆေးလုံးသာ မသောက်ခဲ့ရရင် ကျွန်မ အများကြီး လိုသေးတယ်။ နောက်ပြီး ဝိညာဉ်ဆေးလုံးစုစည်းတဲ့ လုပ်ငန်းစဉ်က အရမ်း ရှုပ်ထွေးတယ်၊ ကျွန်မ အခုထိ ဘာမှ မသိသေးဘူး"
သူမ၏ ကျင့်ကြံခြင်းမှာ အဆင့် ၅၊ နဝမအဆင့်သို့ ရောက်ရှိလာပြီဖြစ်ရာ ကျန်းရှင်းရန်သည်လည်း အဆင့် ၆သို့ တက်လှမ်းရန် ပြင်ဆင်လာခဲ့သည်။ အဆင့် ၆သို့ တက်လှမ်းနိုင်သည့် လက္ခဏာမှာ ဝိညာဉ်ဆေးလုံး စုစည်းနိုင်ခြင်း ဖြစ်သော်လည်း ကျန်းရှင်းရန်မှာ ထိုနည်းလမ်းကို ရှာမတွေ့သေးပေ။
သို့သော် ကျန့်ဖုန်းသည် သူမအား ဝိညာဉ်ဆေးလုံး စုစည်းနည်းကို ပြောပြရန် အစီအစဉ် မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူမကိုယ်တိုင် နားလည်သဘောပေါက်ရမည့် အရာ ဖြစ်နေသောကြောင့်ပင်။ ဖြတ်လမ်းနည်းများကို အသုံးပြုခြင်းက လက်ရှိတွင် အင်အားကို လျင်မြန်စွာ မြှင့်တင်ပေးနိုင်သော်လည်း နောင်တစ်ချိန်တွင် ရရှိမည့် အောင်မြင်မှုများအပေါ် သိသိသာသာ ထိခိုက်စေမည် ဖြစ်သည်။
ကျန့်ဖုန်း အဆင့် ၆သို့ တက်လှမ်းစဉ်က မည်သည့် အတားအဆီးကိုမျှ မခံစားခဲ့ရဘဲ သဘာဝအတိုင်း ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ သူ၏ အတွင်းဝိညာဉ်စွမ်းအား ၄,၀၀၀ ကျော်သွားပြီးနောက် သူသည် ဝိညာဉ်ဆေးလုံး စုစည်းနည်းကို သဘာဝအလျောက် နားလည်သွားခဲ့သည်။ သို့သော် ကျန့်ဖုန်းသည် သူ၏ အတွေ့အကြုံကို ကျန်းရှင်းရန် သို့မဟုတ် သူ၏ အဖော်များကို ပြောပြမည် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းက သူတို့၏ မိမိကိုယ်ကို ယုံကြည်မှုနှင့် စိတ်အားထက်သန်မှုကို လျော့ကျစေနိုင်သောကြောင့် ဖြစ်သည်။
"မင်း လုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်"
ကျန့်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။
"ဒါပေါ့၊ ကျွန်မကို ချန်ထားခဲ့နိုင်မယ်လို့ မထင်နဲ့နော်"
ကျန်းရှင်းရန်၏ လှပသော မျက်လုံးများတွင် ပြင်းထန်သော ယုံကြည်မှုများ ပေါ်လာသည်။ သူမ မိမိကိုယ်ကို ယုံကြည်ချက် ရှိသည်။ အဆင့် ၆သို့ တက်လှမ်းရန်မှာ အချိန်တစ်ခုသာ လိုတော့သည်။
ကျန်းရှင်းရန်သည် ကျန့်ဖုန်း၏ ချောမောသော မျက်နှာကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် ခြေဖျားလေး ထောက်ကာ သူမ၏ နီမြန်းသော နှုတ်ခမ်းလေးဖြင့် ကျန့်ဖုန်း၏ ပါးစပ်ထောင့်ကို ဖိကပ်လိုက်သည်။ နူးညံ့ပြီး ချိုမြိန်လှသည်။
သူ ကောင်းကောင်း ခံစားခွင့် မရခင်မှာပင် ကျန်းရှင်းရန်သည် နောက်သို့ ဆုတ်လိုက်ကာ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး နောက်ပြောင်သလို ပြောလိုက်သည်။
"ကျွန်မ ကျင့်ကြံတော့မယ်"
ကျန့်ဖုန်း ခဏတာ ကြောင်သွားပြီးနောက် သူ၏ နှုတ်ခမ်းထောင့်များတွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာကာ သူ၏ မျက်လုံးများမှာ ကြင်နာမှုများဖြင့် ပြည့်နှက်သွားသည်။ ကျန်းရှင်းရန်၏ ကျော့ရှင်းသော ကိုယ်ဟန်နှင့် သူမ၏ ဖြူဖွေးနုနယ်သော ခြေတံလှလှလေးများကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
"နောက်တစ်ခါ ငါ့ကို လာစရင်တော့ မင်းကို စားပစ်လိုက်မယ်"
အခန်း (၁၅၂) - အစ်ကိုကျန့်... ဂိမ်းတစ်ခုလောက် ကစားကြမလား (၂)
ကျန့်ဖုန်းသည် မြင့်မြတ်ဝိညာဉ်ဆေးလုံး တစ်လုံးကို ထုတ်ယူကာ မြိုချလိုက်ပြီးနောက် ကျန်းရှင်းရန်၏ ဘေးတွင် တင်ပျဉ်ခွေထိုင်ကာ ဆေးအာနိသင်များကို စုပ်ယူရန် သူ၏ ဝိညာဉ်စွမ်းအားကို စတင် လည်ပတ်စေလိုက်သည်။
ပါးစပ်ထဲသို့ ရောက်သည်နှင့် မြင့်မြတ်ဝိညာဉ်ဆေးလုံးမှာ အလွန် သန့်စင်ပြီး ကျယ်ပြောလှသော ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာသကဲ့သို့ ခံစားရသည်။ ဝိညာဉ်စွမ်းအား ပမာဏမှာ များပြားလှသော်လည်း အလွန်ပင် နူးညံ့သည်။ ထိုအခိုက်အတန့်တွင် ကျန့်ဖုန်းသည် သူ၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်း ပွင့်သွားပြီး ဆေးအာနိသင်ကို လောဘတကြီး စုပ်ယူနေသကဲ့သို့ ခံစားလိုက်ရသည်။
ကျန့်ဖုန်း ကျင့်ကြံနေစဉ် ကျန်းရှင်းရန်မှာမူ မျက်လုံးလေးများကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်သည်။ ခုနက ကျန့်ဖုန်းကို နမ်းခဲ့ပြီးနောက် သူမ၏ ရင်ထဲတွင် ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး သူမ၏ မျက်လုံးအစုံမှာလည်း နွေးထွေးမှုများဖြင့် ဝေဖြာနေသည်။ သူမ၏ အကြည့်မှာ ကျန့်ဖုန်း၏ ခန္ဓာကိုယ်ပေါ်တွင် အတော်ကြာအောင် ရစ်ဝဲနေပြီးနောက်မှ မျက်လုံးမှိတ်ကာ ကျင့်ကြံခြင်းကို စတင်ခဲ့သည်။
နောက်တစ်နေ့တွင် ကျန့်ဖုန်းသည် ကျင့်ကြံခြင်းမှ နိုးလာပြီး ကျန်းရှင်းရန်နှင့်အတူ မနက်စာ စားပြီးနောက် သူမကို နတ်ဆိုးအမဲလိုက်အဖွဲ့ ကုန်သွယ်ရေးစင်တာသို့ ခေါ်သွားခဲ့သည်။
"ကျန့်ဖုန်း... ရှင့်မှာ ဝယ်စရာ တစ်ခုခု ရှိသေးလို့လား"
ကျန်းရှင်းရန်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။ သူမသည် မူလက စားပြီးသည်နှင့် ကျင့်ကြံရန် စီစဉ်ထားသော်လည်း ကျန့်ဖုန်းက သူမကို ကုန်သွယ်ရေးစင်တာသို့ အတင်းခေါ်လာခဲ့ခြင်း ဖြစ်သည်။
"ခဏနေရင် ကြည့်ကောင်းမယ့် ပွဲတစ်ခု ရှိလာနိုင်တယ်"
ကျန့်ဖုန်းက ရှင်းရှင်းလင်းလင်း မပြောဘဲ ကျန်းရှင်းရန်ကို ခေါ်ကာ ကုန်သွယ်ရေးစင်တာအတွင်း လှည့်လည်ကြည့်ရှုနေခဲ့သည်။
သူ၏ မှတ်ဉာဏ်ထဲတွင် လုံဟောက်ချန်သည် ဝါရင့် နတ်ဆိုးအမဲလိုက်အဖွဲ့တစ်ခု၏ ထောင်ချောက်ထဲသို့ ကျရောက်ခဲ့ပြီး သူတို့နှင့် လောင်းကြေးထပ်ကာ တိုက်ပွဲတစ်ခုတည်းဖြင့် ဂုဏ်ထူးဆောင်အမှတ် နှစ်သိန်းနီးပါး ရရှိခဲ့သည်။ သို့သော် ဤဖြစ်ရပ် ဖြစ်လာမည်၊ မဖြစ်လာမည်ကို ကျန့်ဖုန်း သေချာမသိသောကြောင့် အသေအချာ မပြောခဲ့ခြင်း ဖြစ်သည်။
နာရီဝက်ခန့် လှည့်ပတ်ကြည့်ပြီးနောက် ကျန့်ဖုန်းသည် လုံဟောက်ချန်တို့အဖွဲ့ကို မတွေ့ရသေးဘဲ ယန်ဝမ်ကျောက်နှင့်သာ တွေ့ဆုံခဲ့သည်။
"ဆရာဦးလေး"
ယန်ဝမ်ကျောက်သည် ကျန့်ဖုန်းကို လှမ်းမြင်လိုက်ပြီး အော်ခေါ်ကာ အပြေးလာခဲ့သည်။ သူ၏နောက်မှ သွမ့်ယီကလည်း လိုက်လာသည်။
အနားသို့ ရောက်သောအခါ ယန်ဝမ်ကျောက်သည် ကျန့်ဖုန်းနှင့် လက်တွဲထားသော ကျန်းရှင်းရန်ကို ကြည့်ကာ ခေါင်းကို ကုတ်လျက် အားနာစွာ နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ ဆရာဒေါ်လေး”
ဤသည်မှာ ကျန်းရှင်းရန်ကို လုံးဝ အံ့အားသင့်သွားစေသည်။ သူမ ကြောင်သွားပြီး ယန်ဝမ်ကျောက်ကို တစ်လှည့်၊ ကျန့်ဖုန်းကို တစ်လှည့် ကြည့်ကာ ဘာပြောရမှန်း မသိဖြစ်နေသည်။ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးက ဒေါ်လေး ဟု ခေါ်ခြင်းမှာ သေချာပေါက် ကောင်းသော အရာမဟုတ်ပေ။
"ငါက အဲ့လောက်တောင် အိုနေလို့လား"
ကျန်းရှင်းရန်သည် ယန်ဝမ်ကျောက်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
ကျန့်ဖုန်းက မျက်မှောင်ကြုတ်ကာ ယန်ဝမ်ကျောက်၏ နဖူးကို တစ်ချက်တောက်ပြီး ပြောလိုက်သည်။
"မင်း စကားကို သေချာမပြောတတ်ဘူးလား၊ သူမကို အစ်မကြီးလို့ ခေါ်လိုက်"
"ဒါပေမဲ့ ကျွန်တော်က..."
ယန်ဝမ်ကျောက်သည် သူက ကျန်းရှင်းရန်ထက် အသက်ကြီးကြောင်း ပြောရန် ပြင်လိုက်စဉ် ကျန့်ဖုန်း၏ လက်က တစ်ဖန် မြောက်တက်လာသည်ကို မြင်သောကြောင့် လိမ္မာစွာဖြင့် "အစ်မကြီး" ဟု ပြောင်းခေါ်လိုက်သည်။ အသက်ငယ်သော်လည်း အစ်မကြီးဟု ခေါ်ခံရခြင်းမှာ ဒေါ်လေး ဟု ခေါ်ခံရခြင်းထက် ပိုကောင်းသည် မဟုတ်ပါလား။
(သာ့ကျဲ လို့ ခေါ်ခိုင်းတာပါ၊ အစ်မကြီးလို့ပဲ ပြန်လိုက်တယ်)
ယန်ဝမ်ကျောက်၏ နောက်မှ သွမ့်ယီမှာ ယန်ဝမ်ကျောက်၏ ကြောက်ရွံ့နေသော ပုံစံကို ကြည့်ကာ မရယ်ဘဲ မနေနိုင်ပေ။ သူက မေးသည်။
"အစ်ကိုကျန့်၊ မမလေး ကျန်းရှင်းရန်၊ ခင်ဗျားတို့ နှစ်ယောက် ခုမှ ပြန်လာတာလား"
ကျန့်ဖုန်းက ပြောသည်။
"ပြန်လာတာ ကြာပါပြီ၊ ဒီကြားထဲ ကျင့်ကြံနေတာလေ။၊ဒီနေ့မှ အပြင်ထွက် လမ်းလျှောက်တာ"
"ဒီကာလအတွင်း အစ်ကိုကျန့်ရဲ့ ရလဒ်တွေ ဘယ်လိုရှိလဲ"
သွမ့်ယီက မေးသည်။
"မဆိုးပါဘူး၊ ဒါပေမဲ့ ကုန်သွယ်ရေးစင်တာကို တစ်ပတ်ပတ်ပြီးတဲ့နောက် ဘာမှ သိပ်မကျန်တော့ဘူး"
ကျန့်ဖုန်းက ရုတ်တရက် တစ်ခုခုကို သတိရကာ မေးလိုက်သည်။
"ဒါနဲ့ မင်းတို့ နတ်ဆိုးအမဲလိုက်အဖွဲ့ကို အဆင့်မြှင့်ပြီးပြီလား"
သွမ့်ယီက ပြန်ဖြေသည်။
"ကျွန်တော်တို့ မစ်ရှင်ပြီးခါစပဲ ရှိပါသေးတယ်၊ အဖွဲ့ကို အဆင့်မြှင့်မလား ဒါမှမဟုတ် ပစ္စည်းတွေပဲ ဝယ်မလားဆိုတာ စဉ်းစားနေတုန်းပဲ၊ ဒါပေမဲ့ အဖွဲ့ကို အဆင့်မြှင့်မယ်ဆိုရင် အဖွဲ့ဝင်အချို့က အဆင့် ၅ကို မရောက်သေးဘူး ဖြစ်နေတယ်"
ကျန့်ဖုန်းက သူ၏ ထင်မြင်ချက်ကို ပြောပြသည်။
"အကယ်၍ ဗိုလ်အဆင့် အဖွဲ့အဖြစ် အဆင့်မြှင့်လို့ရရင် အရင်လုပ်လိုက်ပါ၊ အဲ့ဒါရဲ့ အကျိုးကျေးဇူးတွေကို မင်းတို့ အားလုံး သိမှာပါ"
သွမ့်ယီက ခေါင်းညိတ်ကာ သဘောတူကြောင်း ပြသသည်။
ယန်ဝမ်ကျောက်သည် သူတို့နှစ်ယောက် စကားပြောနေသည်ကို ဘေးမှကြည့်ကာ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။ သူက သွမ့်ယီ၏ ပုခုံးကို ဖက်ကာ ပြောသည်။
"အစ်ကိုသွမ့်၊ မင်းကတော့ မတရားဘူးကွာ၊ ငါက သူ့ကို ဆရာဦးလေးလို့ ခေါ်ရတယ်၊ မင်းကတော့ အစ်ကိုကျန့်လို့ ခေါ်နေတယ်။ အဲ့ဒါက ငါ့ကို အကြောင်းမရှိဘဲ မျိုးဆက်တစ်ခု ပိုကြီးအောင် လုပ်နေတာ မဟုတ်ဘူးလား"
သွမ့်ယီက အကျယ်ကြီး ရယ်မောလိုက်ပြီး နောက်ပြောင်လိုက်သည်။
"အစ်ကိုယန်၊ အဲ့ဒါက ယဉ်ကျေးမှုအရ ခေါ်တာပါ။ ငါတို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ခေါ်ကြတာပေါ့။ အခုကစပြီး ငါက မင်းကို အစ်ကိုယန် လို့ ခေါ်မယ်၊ မင်းက ငါ့ကို ဦးလေးသွမ့် လို့ ခေါ်လို့ရတယ်"
"မင်း သတ္တိရှိလှချည်းလား၊ လူယုတ်မာကောင်၊ သေလိုက်တော့"
ယန်ဝမ်ကျောက်သည် ဒေါသတကြီးဖြင့် သွမ့်ယီ၏ လည်ပင်းကို ညှစ်လိုက်သည်။
ကျန်းရှင်းရန်သည် လူပြက်များကဲ့သို့ လုပ်ဆောင်နေသော ထိုနှစ်ယောက်ကို ကြည့်ကာ မရယ်ဘဲ မနေနိုင်ပေ။
"ဒါ ရှင်ပြောတဲ့ ကြည့်ကောင်းမယ့် ပွဲလား"
ကျန်းရှင်းရန်က ကျန့်ဖုန်း၏ အနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။
"မဟုတ်ဘူး"
ကျန့်ဖုန်းက ခေါင်းခါပြလိုက်သည်။ ကျန်းရှင်းရန်လည်း ထပ်မမေးတော့ဘဲ ကျန့်ဖုန်း၏ ဘေးမှ လိုက်လာခဲ့သည်။
"ဆရာဦးလေး၊ ဆရာဦးလေးလည်း ပွဲကြည့်ဖို့ လာတာလား"
ယန်ဝမ်ကျောက်နှင့် သွမ့်ယီတို့က နောက်ပြောင်နေသည်ကို ရပ်လိုက်ပြီး ကျန့်ဖုန်းကို မေးလိုက်သည်။
"ဘာပွဲလဲ"
ကျန့်ဖုန်းက မေးသည်။
"လုံဟောက်ချန်တို့အဖွဲ့ ဒီတစ်ခါ ဖြစ်ရပ်က တော်တော် ဂယက်ရိုက်သွားတာလေ၊ ဆရာဦးလေး မသိဘူးလား"
ယန်ဝမ်ကျောက်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ယန်ဝမ်ကျောက်က ဆက်လက် ရှင်းပြသည်။
"လုံဟောက်ချန်ရဲ့ အဖွဲ့နဲ့ လုရှီးရဲ့ အဖွဲ့က တာဝန်မျှော်စင် ဝန်ထမ်းတွေရဲ့ အမှားကြောင့် နတ်ဆိုးနယ်မြေထဲမှာ သေလုနီးပါး ဖြစ်ခဲ့ရတယ်၊ ဒီဖြစ်ရပ်က မဟာမိတ် အကြီးအကဲတွေကို ဒေါသထွက်စေခဲ့ပြီး တာဝန်မျှော်စင် ဝန်ထမ်းတစ်စုကို အကျဉ်းချထားလိုက်တယ်၊ အဓိက တာဝန်ရှိသူကိုတော့ ကြိုးပေးသတ်လိုက်တယ်"
"ပြီးတော့ ဒီတစ်ခါမှာ လုံဟောက်ချန်ရဲ့ အဖွဲ့က ဝါရင့် နတ်ဆိုးအမဲလိုက်အဖွဲ့တစ်ခုရဲ့ ချဉ်းကပ်မှုကို ခံရပြီး လောင်းကြေးထပ်ဖို့ သဘောတူလိုက်ကြတယ်၊ လင်ရှင်းက ဟိုဘက်မှာ လောင်းကစားဝိုင်းတစ်ခု ထောင်ထားတယ်လေ၊ ဆရာဦးလေး စိတ်ဝင်စားရင် သွားကြည့်မလား"
"ကောင်းပြီလေ၊ သွားကြည့်ကြတာပေါ့"
ကျန့်ဖုန်းသည် ကျန်းရှင်းရန်၏ လက်ကို ဆွဲကာ ယန်ဝမ်ကျောက်၊ သွမ့်ယီတို့နှင့်အတူ လင်ရှင်း လောင်းကစားဝိုင်း ထောင်ထားသည့် နေရာသို့ လိုက်သွားခဲ့သည်။
လမ်းတွင် ကျန့်ဖုန်းက မေးသည်။
"တစ်ဖက်အဖွဲ့က ဘယ်သူတွေလဲ"
ယန်ဝမ်ကျောက်က ပြန်ဖြေသည်။
"သူရဲကောင်းအဆင့် နတ်ဆိုးအမဲလိုက်အဖွဲ့ နံပါတ် ၈ လို့ ကြားတယ်၊ ကျွန်တော်လည်း သူတို့နဲ့ အရင်က တွေ့ဖူးတယ်၊ ဒါပေမဲ့ လိမ်နေမှန်း သိလို့ ငြင်းခဲ့တာ"
"အို... အစ်ကိုကျန့်၊ မိန်းကလေး ကျန်းရှင်းရန်၊ ခင်ဗျားတို့ နှစ်ယောက်လည်း လာတာလား"
ကျန့်ဖုန်းနှင့် ကျန်းရှင်းရန်တို့ကို မြင်သောအခါ လင်ရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။ အကယ်၍ သူသာ လောင်းကစားဝိုင်းကို စောင့်မနေရလျှင် ပြေးလာခဲ့လောက်ပြီ ဖြစ်သည်။
ကျန့်ဖုန်းနှင့် လင်ရှင်းတို့သည် အေမီမြို့တွင် ရှိစဉ်ကတည်းက သိကျွမ်းခဲ့ကြပြီး ဆက်ဆံရေးမှာ အမြဲတမ်း ကောင်းမွန်ခဲ့သည်။ လင်ရှင်းသည် မကြာသေးမီက စိတ်အခြေအနေ အလွန်ကောင်းနေသည်၊ အဘယ်ကြောင့်ဆိုသော် မစ်ရှင်ဆုလာဘ်အဖြစ် ဂုဏ်ထူးဆောင်အမှတ် အများအပြား ရရှိထားရုံသာမက ယနေ့ လောင်းကစားဝိုင်းကလည်း သူတို့အဖွဲ့အတွက် ဂုဏ်ထူးဆောင်အမှတ် အများအပြား ရရှိစေမည်ဖြစ်သောကြောင့်ပင်။
ထိုနှစ်ခုကို ပေါင်းလိုက်လျှင် သူတို့ မစ်ရှင် ၁၀ ခု လုပ်လျှင် ရမည့် အမှတ်များထက်ပင် ပိုများနေသေးသည်။ ထို့ကြောင့် ယခုအချိန်တွင် သူမြင်သမျှ လူအားလုံးမှာ ရိတ်သိမ်းရန် စောင့်နေသည့် ကောက်ပဲသီးနှံများကဲ့သို့ပင် ဖြစ်နေပြီး သူ၏ မျက်နှာမှာ ပြုံးဖြဲဖြဲ ဖြစ်နေသည်။
ကျန့်ဖုန်းနှင့် ကျန်းရှင်းရန်တို့ လျှောက်လာသောအခါ လင်ရှင်းက မေးလိုက်သည်။
"အစ်ကိုကျန့်၊ လောင်းကြေးထပ်ပြီး တစ်ပွဲလောက် ဆော့မလား"
လင်ရှင်းသည် သနားစရာကောင်းဟန် ဆောင်ကာ ဆက်ပြောသည်။
"အစ်ကိုကျန့် ကြည့်ပါဦး၊ အားလုံးက သူရဲကောင်းအဆင့် နတ်ဆိုးအမဲလိုက်အဖွဲ့ နံပါတ် ၈ ဘက်မှာပဲ လောင်းနေကြတယ်၊ ကျွန်တော်တို့ဘက်မှာ ဘယ်သူမှ မရှိဘူး"
လင်ရှင်း၏ စကားမှာ ကျန့်ဖုန်းကို လုံဟောက်ချန်ဘက်တွင် လောင်းရန် ပြောခြင်းမဟုတ်ဘဲ လုံဟောက်ချန် ရှုံးရန် အခွင့်အလမ်း အလွန်များနေကြောင်း အရိပ်အမြွက်ပြကာ ကျန့်ဖုန်းကို သူရဲကောင်းအဆင့် နတ်ဆိုးအမဲလိုက်အဖွဲ့ နံပါတ် ၈ ဘက်တွင် လောင်းမိစေရန် လမ်းလွဲပေးခြင်း ဖြစ်သည်။
ကျန့်ဖုန်းက တည်ငြိမ်စွာ ပြုံးလိုက်ပြီး ပြောသည်။
"ကောင်းပြီလေ၊ ငါတို့က သူငယ်ချင်းတွေပဲ၊ ငါ မင်းကို သေချာပေါက် ထောက်ပံ့ရမှာပေါ့။ ငါ့မှာ ဂုဏ်ထူးဆောင်အမှတ် ၃,၀၀၀ ကျန်သေးတယ်၊ အဲ့ဒါအားလုံးကို လုံဟောက်ချန်ဘက်မှာ လောင်းမယ်"
ကျန့်ဖုန်း၏ စကားကြောင့် လင်ရှင်း အနည်းငယ် အံ့အားသင့်သွားသည်။ ဂုဏ်ထူးဆောင်အမှတ် ၃,၀၀၀၊ သူ သတ်မှတ်ထားသော လောင်းကြေးအချိုးအစားအရ အကယ်၍ လုံဟောက်ချန်သာ နိုင်သွားပါက ကျန့်ဖုန်းသည် ဂုဏ်ထူးဆောင်အမှတ် ၉၀,၀၀၀ အထိ ရရှိမည် ဖြစ်သည်။ ထို့ပြင် ၃,၀၀၀ ဆိုသော ပမာဏမှာ လုံဟောက်ချန်ဘက်တွင် လောင်းထားသည့် လောင်းကြေးများထဲ၌ တစ်ဦးတည်းအနေဖြင့် အများဆုံး ပမာဏလည်း ဖြစ်သည်။
ကျန့်ဖုန်း မလောင်းခင်က လုံဟောက်ချန်ဘက်တွင် လောင်းထားသည့် စုစုပေါင်း ပမာဏမှာ ၁,၀၀၀ သာ ရှိသေးသည်။
"အစ်ကိုကျန့်၊ ပြန်မစဉ်းစားတော့ဘူးလား ကျွန်တော်တို့ သူငယ်ချင်း ဖြစ်ပေမဲ့ အဲ့လောက်အထိ အားပေးဖို့ မလိုပါဘူး"
လင်ရှင်း၏ အပြုံးမှာ အေးခဲသွားသည်။ လင်ရှင်း၏ ဘေးရှိ လုရှီးပင်လျှင် လေးနက်သော အမူအရာ ဖြစ်သွားသည်။ သူတို့သည် ယခုတစ်ခေါက် လောင်းကြေးအချိုးအစားကို အလွန်အမင်း မြှင့်ထားမိသည့်အပေါ် အနည်းငယ် နောင်တရသွားကြသည်။
အခန်း (၁၅၃) နောက်ထပ် အလင်းဒြပ်စင် ဝိညာဉ်တစ်ခု (၁)
"ရပါတယ်၊ ဘာပဲဖြစ်ဖြစ် ဂုဏ်ထူးဆောင်အမှတ် ၃,၀၀၀ ပဲဟာ၊ ရှုံးရင်လည်း ရှုံးပေါ့"
ကျန့်ဖုန်းက တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။
၃,၀၀၀ ရင်းပြီး ၉၀,၀၀၀ ရမည်။ ဆုံးရှုံးစရာ ဘာမှမရှိသလို၊ နိုင်ရန်အခွင့်အလမ်းကလည်း အလွန်များနေသည်။ လုံဟောက်ချန်သည် သူကိုယ်တိုင် ယုံကြည်ချက်မရှိသည့်အရာကို ဘယ်တော့မှ လုပ်မည့်သူမဟုတ်ပေ။ ထို့ပြင် ကျန့်ဖုန်းသည် အလင်းသားတော်ဖြစ်သည့် လုံဟောက်ချန်၏ အစွမ်းကို ယုံကြည်သည်။ သူ၏ ကိုယ်ပိုင်အစွမ်းက မလုံလောက်လျှင်ပင် ဟောက်ယွဲ့ ရှိနေသည်မဟုတ်ပါလား။
မင်းကတော့ အဆင်ပြေပေမဲ့ ကျွန်တော်တို့က အဆင်မပြေဘူးလေလို့....
လင်ရှင်းနှင့် လုရှီးတို့သည် သူတို့၏ရင်ထဲတွင် အော်ဟစ်နေကြသော်လည်း အပြင်ပန်းတွင်မူ ထုတ်မပြနိုင်ကြပေ။ သူတို့သည် အမြတ်ရရန် ရည်ရွယ်ချက်ဖြင့် ဤလောင်းကစားဝိုင်းကို ဖွင့်ခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ လူအများစုမှာ ဝါရင့်နတ်ဆိုးအမဲလိုက်အဖွဲ့များဖြစ်ကြရာ၊ လုံဟောက်ချန်၏ အစွမ်းမှာ ဝါရင့်နတ်ဆိုးအမဲလိုက်သမားများထက်ပင် ပိုမိုကြီးမားနေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
ကျန့်ဖုန်း၏ဘေးရှိ ယန်ဝမ်ကျောက်နှင့် သွမ့်ယီတို့သည်လည်း အခြေအနေကို သဘောပေါက်သွားကြပြီး လုံဟောက်ချန်ဘက်တွင် ထပ်မံလောင်းရန် အပြေးအလွှား ရှေ့သို့တိုးလာကြသည်။ သို့သော် လင်ရှင်းနှင့် လုရှီးတို့သည် သူတို့၏ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းလိုက်ကြပြီး လောင်းကြေးထပ်ခြင်း ပိတ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ကြသည်။
ကျန့်ဖုန်း၏ လုပ်ဆောင်ချက်ကြောင့်လည်းကောင်း၊ ယန်ဝမ်ကျောက်နှင့် သွမ့်ယီတို့ လုံဟောက်ချန်အပေါ် နားလည်မှုကြောင့်လည်းကောင်း၊ လုံဟောက်ချန်တွင် ကြီးမားသော ယုံကြည်ချက်ရှိနေကြောင်း သိမြင်ရန် မခက်ခဲပေ။ မဟုတ်ပါက ဂုဏ်ထူးဆောင်အမှတ်ကို အသက်ထက်တန်ဖိုးထားသော လင်ရှင်းကဲ့သို့ လူမျိုးက ဤနေရာတွင် လောင်းကစားဝိုင်း အဘယ်ကြောင့် လာဖွင့်ပါမည်နည်း။
"လင်ရှင်း၊ မင်း ဒီလိုလုပ်တာတော့ မတရားဘူးကွာ"
ယန်ဝမ်ကျောက်နှင့် သွမ့်ယီတို့က လောင်းကြေးထပ်ခွင့်မရသဖြင့် စိတ်တိုတိုဖြင့် ပြောလိုက်ကြသည်။
"ဟီးဟီး၊ နောက်တစ်ခါကျရင် စောစောလာပေါ့။ ကျွန်တော်တို့ ကုန်သွယ်ရေးစင်တာက ဝန်ထမ်းတွေကိုရှာပြီး ဒီလောင်းကြေးကို မှတ်တမ်းတင်ဖို့လုပ်ရဦးမယ်၊ အချိန်က သိပ်မရတော့ဘူး"
လင်ရှင်းနှင့် လုရှီးတို့သည် ဉာဏ်ပြေးသူများဖြစ်ကြရာ သူတို့၏ပစ္စည်းများကို အမြန်သိမ်းပြီး ထွက်ပြေးသွားကြတော့သည်။
လင်ရှင်းနှင့် လုရှီးတို့ အလျင်အမြန် ထွက်ခွာသွားသည်ကို ကြည့်ရင်း ယန်ဝမ်ကျောက်နှင့် သွမ့်ယီတို့သည် ရုတ်တရက် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရပြီး သူတို့၏မျက်နှာများမှာ ပျက်ယွင်းသွားသည်။
"မင်းတို့ လုံဟောက်ချန်ဘက်မှာ ဘယ်လောက်လောင်းထားလဲ"
ကျန့်ဖုန်းက မေးလိုက်သည်။
"ဂုဏ်ထူးဆောင်အမှတ် ၁၀၀"
ယန်ဝမ်ကျောက်နှင့် သွမ့်ယီတို့က ဖြေသည်။
"ဒါဆို သူရဲကောင်းအဆင့် အဖွဲ့ နံပါတ် ၈ က လူဘက်မှာရော ဘယ်လောက်လောင်းထားလဲ"
ကျန့်ဖုန်းက ထပ်မေးသည်။
"တစ်သောင်း"
ယန်ဝမ်ကျောက်နှင့် သွမ့်ယီတို့က မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်ကြသည်။
"ခစ်..."
ကျန်းရှင်းရန်မှာ မရယ်ဘဲ မနေနိုင်တော့ပေ။ အချို့လူများ၏ ဂုဏ်ထူးဆောင်အမှတ်များမှာ အမှန်တကယ်ပင် နှမြောစရာမကောင်းလှပေ။
ကျန့်ဖုန်းသည်လည်း ထိုနှစ်ယောက်ကို စကားပြောရခက်သော အမူအရာဖြင့် ကြည့်လိုက်မိသည်။ ဤမျှလောက်သော IQ မျိုးနှင့် သူတို့တွေ အဆင့် ၅အထိ ဘယ်လိုများ ကျင့်ကြံလာကြပါသနည်း။
ကျန့်ဖုန်းသည် ကျန်းရှင်းရန်၊ ယန်ဝမ်ကျောက်၊ သွမ့်ယီတို့နှင့်အတူ လုံဟောက်ချန်နှင့် သူရဲကောင်းအဆင့် နံပါတ် ၈ မှ ပဉ္စမမြောက်အဖွဲ့ဝင်တို့ တိုက်ခိုက်မည့် ကွင်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။
သူရဲကောင်း စမ်းသပ်ကွင်းတွင် လုံဟောက်ချန်နှင့် ပဉ္စမမြောက်အဖွဲ့ဝင်တို့သည် ဒိုင်လူကြီးအလာကို စောင့်ဆိုင်းရင်း ကွင်းထဲတွင် ရပ်နေကြပြီဖြစ်သည်။
မကြာမီတွင် အသက် ၄၀ ခန့်ရှိသော အဆင့် ၇ ဗိမာန်တော်သူရဲကောင်းတစ်ဦး ကွင်းထဲသို့ ဝင်လာသည်။ လုံဟောက်ချန်နှင့် ပဉ္စမမြောက်အဖွဲ့ဝင်တို့ လောင်းကြေးထပ်ထားသော ဂုဏ်ထူးဆောင်အမှတ်များကို အတည်ပြုပြီးနောက် သူသည် လုံဟောက်ချန်ကို စေတနာဖြင့် သတိပေးလိုက်သည်။ သို့သော် လုံဟောက်ချန်မှာ သူ၏အစွမ်းအပေါ် အလွန်ယုံကြည်မှုရှိနေသဖြင့် ခေါင်းခါကာ ငြင်းပယ်လိုက်သည်။
"ဒါဟာ ယှဉ်ပြိုင်ပွဲတစ်ခုပဲ။ တစ်ဖက်က အရှုံးပေးတာ ဒါမှမဟုတ် တိုက်ခိုက်နိုင်စွမ်း မရှိတော့တာကို အရှုံးလို့ သတ်မှတ်မယ်။ ပြိုင်ဘက်ကို ဒုက္ခိတဖြစ်အောင်လုပ်တာ ဒါမှမဟုတ် သတ်ပစ်တာကို လုံးဝခွင့်မပြုဘူး။ တစ်ဖက်က ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုကို မခံနိုင်တော့ဘူးလို့ ငါမြင်တာနဲ့ ပွဲကို ရပ်လိုက်မယ်။ ဒီပွဲကို နတ်ဆိုးအမဲလိုက်သမား အများကြီးက ကြည့်နေကြတာမို့ အားလုံးဟာ တရားမျှတတဲ့ သက်သေတွေပဲ"
ဗိမာန်တော်သူရဲကောင်းက သတိပေးလိုက်သည်။
လုံဟောက်ချန်၏လက်ထဲတွင် အလင်းတစ်ချက် လျှပ်ခနဲပေါ်လာပြီး မြင့်မြတ်ဝိညာဉ်ဓားမှာ ရောက်ရှိနေပြီဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ပဉ္စမမြောက်အဖွဲ့ဝင်သည်လည်း ဝတ်စုံအပြည့် ဝတ်ဆင်ထားပြီး ၎င်းတွင် လေးလံသော သံချပ်ကာနှင့် တိုက်ပွဲသုံး ပုဆိန်နှစ်လက် ပါဝင်သည်။ ထိုပုဆိန်များမှာ အလွန်ပင် ကြီးမားလှပြီး ၎င်းတို့၏ ဓားသွားများမှာ လှည်းဘီးတစ်ဝက်ခန့် ရှိကာ အေးစက်သော အလင်းရောင်နှင့် ပြင်းထန်သော မှော်လှိုင်းများကို ထုတ်လွှတ်နေသည်။
လူနှစ်ဦးစလုံး ဒိုင်လူကြီးကို အလေးပြုပြီးနောက် ပွဲစတင်ရန် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
"ပြိုင်ပွဲ စတင်"
ဗိမာန်တော်သူရဲကောင်းက အကျယ်ကြီး အော်လိုက်သည်။
လုံဟောက်ချန်က အရင်စတင် လှုပ်ရှားလိုက်သည်။ သူ၏လက်ထဲတွင် မြင့်မြတ်ဝိညာဉ်ဓား တစ်လက်တည်းသာ ရှိသော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အလွန်ပင် အားကောင်းနေဆဲဖြစ်သည်။ လုံဟောက်ချန်သည် သူ၏ အစီးအနင်းကို ထုတ်မသုံးဘဲ ပဉ္စမမြောက်အဖွဲ့ဝင်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။
ပဉ္စမမြောက်အဖွဲ့ဝင်က ခပ်ပါးပါး ပြုံးလိုက်သည်၊ သူသည် အောင်ပွဲကို မြင်နေရပြီဟု ထင်နေပုံရသည်။ သူသည် ခပ်သွက်သွက် လှမ်းလာသည်၊ သူ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ထွားကျိုင်းသန်မာပြီး လေးလံသော သံချပ်ကာနှင့်ဆိုလျှင် သံတံတိုင်းတစ်ခုနှင့်ပင် တူနေတော့သည်။ သူသည် လက်နှစ်ဖက်ကိုင် ပုဆိန်ကြီးများကို သူ၏ဦးခေါင်းပေါ်မှ ဝှေ့ယမ်းကာ လုံဟောက်ချန်ဆီသို့ ခုတ်ချလိုက်သည်။
လုံဟောက်ချန်၏ ပုံရိပ်မှာ ခဏတာ ရပ်တန့်သွားပြီး သူ၏လက်ထဲမှ မြင့်မြတ်ဝိညာဉ်ဓားကို စံပြကာကွယ်ရေး ပုံစံဖြင့် ထားလိုက်သည်။ ချန် ခနဲ မြည်သံနှင့်အတူ ရွှေရောင်အလင်းတန်းများ လုံဟောက်ချန်၏ ကိုယ်ပေါ်တွင် လင်းလက်လာသည်။ သူ၏ ပုံရိပ်မှာ ထိုနေရာတွင်ပင် မလှုပ်မယှက် ရှိနေသော်လည်း ပဉ္စမမြောက်အဖွဲ့ဝင်၏ ပြင်းထန်သော တိုက်ခိုက်မှုမှာမူ နောက်သို့ လွင့်ထွက်သွားခဲ့သည်။
ဤဟာကွက်အတွင်းမှာပင် လုံဟောက်ချန်၏လက်ထဲမှ မြင့်မြတ်ဝိညာဉ်ဓားမှာ လျှပ်စီးကဲ့သို့ ထိုးထွက်သွားပြီး ရေတွက်မရနိုင်သော ဓားအရိပ်များအဖြစ် ပြောင်းလဲသွားသည်။
ဓားတစ်လက်တည်းဖြင့် နတ်ဘုရား အစောင့်အရှောက် အကာအကွယ် အသုံးပြုနိုင်သည်ကို ကြည့်ခြင်းဖြင့် လုံဟောက်ချန်၏ တိုက်ခိုက်ရေးပါရမီမှာ အမှန်တကယ်ပင် အံ့အားသင့်ဖွယ် ကောင်းကြောင်း သိသာသည်။ ထို့နောက် အလင်း၏ လက်စားချေမှု ဖြင့် အားဖြည့်ထားသော လျှပ်စီးရိုက်ချက် မှာ ဤစွမ်းရည်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ပဉ္စမမြောက်အဖွဲ့ဝင်ကို စိတ်ပျက်စေသည်မှာ နတ်ဘုရားအစောင့်အရှောက်အကာအကွယ်သည် အကာအကွယ်သူရဲကောင်း၏ စွမ်းရည်ဖြစ်ပြီး လျှပ်စီးရိုက်ချက် မှာမူ ပြစ်ဒဏ်ပေးသူရဲကောင်း၏ စွမ်းရည်ဖြစ်နေခြင်းပင်။ လုံဟောက်ချန်မှာ ယခုအခါ ဓားရှည်တစ်လက်တည်းသာ ရှိနေသဖြင့် သူသည် အကာအကွယ်သူရဲကောင်းလား သို့မဟုတ် ပြစ်ဒဏ်ခတ်သူရဲကောင်းလားဆိုသည်ကိုမူ ပဉ္စမမြောက်အဖွဲ့ဝင်အနေဖြင့် ခွဲခြားရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ပဉ္စမမြောက်အဖွဲ့ဝင်မှာ ပိုမိုသတိထားလာပြီး သူ၏ ပုဆိန်နှစ်လက်ကို ဝှေ့ယမ်းကာ မိုးကြိုးရိုက်ချက်၏ တိုက်ခိုက်မှုများကို အမြန်ကာကွယ်လိုက်သည်။ သို့သော် သူ့ကို ပို၍ အံ့အားသင့်စေသည်မှာ လုံဟောက်ချန်၏ မိုးကြိုးရိုက်ချက် မှာ ကာကွယ်ရန် ခက်ခဲလောက်အောင် လျင်မြန်လွန်းနေခြင်းပင်။ အနည်းဆုံး ဓားချက် ၅ ချက် သို့မဟုတ် ၆ ချက်ခန့်မှာ သူ၏ကိုယ်ပေါ်သို့ ထိမှန်သွားခဲ့သော်လည်း သူ၏ ထူထဲမာကျောသော သံချပ်ကာကြောင့်သာ ကလင်ကလင် အသံမြည်ကာ တားဆီးနိုင်ခဲ့သည်။
ထို့ပြင် ပဉ္စမမြောက်အဖွဲ့ဝင်၏ လေးလံသော သံချပ်ကာမှာ မှော်အဆင့်ပစ္စည်းသာ ဖြစ်သဖြင့် ၎င်း၏ ကာကွယ်ရေးစွမ်းအားမှာ ထိုမျှမအားကောင်းပေ။ လုံဟောက်ချန်၏ မိုးကြိုးရိုက်ချက် ကြောင့် ၎င်းပေါ်တွင် ချိုင့်ခွက် ၅ ခု ၆ ခုခန့် ထင်ကျန်ရစ်ခဲ့သည်။
ဒါ မကောင်းတော့ဘူး....
ဤအချိန်တွင် ပဉ္စမမြောက်အဖွဲ့ဝင်မှာ မထီမဲ့မြင်ပြုလိုသော စိတ်များကို ဘေးဖယ်ထားလိုက်ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လုံဟောက်ချန်၏ လက်ရှိကျင့်ကြံမှုမှာ သေချာပေါက် အဆင့် ၅ဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သောကြောင့်ပင်။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်နှင့် အဆင့် ၅ သူရဲကောင်းဖြစ်နေခြင်း၊ အဲဒီအပြင် ပြစ်ဒဏ်ခတ်သူရဲကောင်းနှင့် အကာအကွယ်သူရဲကောင်း စွမ်းရည်နှစ်မျိုးလုံးကို တစ်ပြိုင်တည်း သုံးနိုင်နေခြင်းမှာ မယုံနိုင်စရာပင်။
အောက်တွင် ကြည့်ရှုနေကြသော နတ်ဆိုးအမဲလိုက်သမားများမှာလည်း တီးတိုးတီးတိုးဖြင့် ဝေဖန်ပြောဆိုနေကြသည်။ လုံဟောက်ချန်၏ အစွမ်းမှာ သူတို့၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး ပွဲ၏ ရလဒ်မှာ ခန့်မှန်းရခက်လာခဲ့သည်။
"လုံဟောက်ချန်ရဲ့ အစွမ်းက တိုးတက်လာတာပဲ"
ကျန်းရှင်းရန်က အနည်းငယ် အံ့ဩတကြီး ပြောလိုက်သည်။
"ဟုတ်တယ်၊ သူ အနည်းဆုံး အဆင့် ၅ နဝမအဆင့်ကို ရောက်နေပြီ"
ကျန့်ဖုန်းသည် လုံဟောက်ချန်၏ လက်ရှိကျင့်ကြံမှုကို တစ်ချက်ကြည့်ရုံဖြင့် ထွင်းဖောက်မြင်လိုက်သည်။
အလင်းဒြပ်စင် ဝိညာဉ်မီးဖိုနှင့် ထာဝရမျှော်စင်တို့ကို ဆုံးရှုံးခဲ့ရသော်လည်း လုံဟောက်ချန်၏ ကျင့်ကြံမှုမှာ ဤမျှ လျင်မြန်စွာ တိုးတက်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူသည် မစ်ရှင်တစ်ခုခုအတွင်းမှာ အခွင့်အရေးကောင်းတစ်ခုခုနှင့် တွေ့ခဲ့ရပေလိမ့်မည်။
"အဆင့် ၅ နဝမအဆင့်လား"
ကျန်းရှင်းရန် ပို၍ပင် အံ့အားသင့်သွားပြီး အမြန်မေးလိုက်သည်။
"သူလည်း မြင့်မြတ်ဝိညာဉ်ဆေးလုံး သောက်ထားလို့လား"
ကျန့်ဖုန်းက ခေါင်းခါပြလိုက်သည်၊ ၎င်းမှာ မြင့်မြတ်ဝိညာဉ်ဆေးလုံး၏ အာနိသင်ကြောင့်ဟု သူ မထင်ပေ။ အဘယ်ကြောင့်ဆိုသော် လုံဟောက်ချန်တို့အဖွဲ့သည် မနေ့ကမှ မြင့်မြတ်မြို့တော်သို့ ပြန်ရောက်ခဲ့ခြင်းဖြစ်ပြီး၊ မဟာမိတ်အဖွဲ့သို့ တိုင်တန်းပြီးနောက် ယနေ့တွင်ပင် စိန်ခေါ်မှုကို လက်ခံခဲ့ရသဖြင့် မြင့်မြတ်ဝိညာဉ်ဆေးလုံးကို စုပ်ယူရန် အချိန်မရှိသောကြောင့် ဖြစ်သည်။
"ကျွန်မကတော့ မြင့်မြတ်ဝိညာဉ်ဆေးလုံး သောက်ပြီးရင် အခြား နတ်ဆိုးအမဲလိုက်အဖွဲ့အသစ်တွေကို အလှမ်းကွာအောင် ချန်ထားခဲ့နိုင်မယ်လို့ ထင်နေတာ၊ အခုတော့ သူတို့က လိုက်မီနေပြီပေါ့"
ကျန်းရှင်းရန်က အနည်းငယ် စိတ်ပျက်စွာ ပြောလိုက်သည်။
ကျန့်ဖုန်းက ခပ်ပါးပါး ပြုံးလိုက်ပြီး ကျန်းရှင်းရန်၏ ဆံပင်လေးများကို ပွတ်သပ်ကာ နှစ်သိမ့်လိုက်သည်။
"လုံဟောက်ချန်ရဲ့ ပါရမီက ထိပ်တန်းအဆင့်မှာ ရှိတာ၊ ပြီးတော့ သူ့မှာ ကြီးမားတဲ့ အခွင့်အလမ်းတွေလည်း ရှိနေတော့ သူ့အင်အားက မြန်မြန်တိုးတက်တာ ဘာမှ မဆန်းပါဘူး"
ကျန်းရှင်းရန်က မေးသည်။
"ထိပ်တန်းပါရမီဟုတ်လား၊ သူကရော အလင်းသားတော်ပဲလား"
ကျန့်ဖုန်းက အမှန်အတိုင်း ပြောပြသည်။
"ဟုတ်တယ်၊ အသက် ၁၅ နှစ်အရွယ်နဲ့ အဆင့် ၅ သူရဲကောင်းဖြစ်နေတာကပဲ သူ့ပါရမီကို သက်သေပြနေတာပဲလေ၊ မွေးရာပါ အတွင်းဝိညာဉ်စွမ်းအား အဆင့်ကိုပဲ ပြောမယ်ဆိုရင် သူက ငါ့ထက်တောင် သာသေးတယ်"
"ကျန့်ဖုန်း၊ မဟာမိတ်အဖွဲ့ထဲမှာ မင်းလို ပါရမီမျိုးရှိတဲ့ တခြားလူငယ်တွေ ဘယ်နှစ်ယောက်လောက် ရှိသေးလဲ"
ကျန်းရှင်းရန်က သိချင်စိတ်ဖြင့် မေးသည်။
"အများကြီးတော့ မရှိပါဘူး၊ လုံဟောက်ချန်အပြင် ရှန့်ချိုင်အာနဲ့ ချန်ယင်းအာတို့ကိုလည်း ထည့်တွက်လို့ ရတယ်"
ကျန့်ဖုန်းက ဆိုသည်။
အခန်း (၁၅၄) နောက်ထပ် အလင်းဒြပ်စင် ဝိညာဉ်တစ်ခု (၂)
"ချန်ယင်းအာ၊ ဟို အားကိုးလို့မရတဲ့ ဆင့်ခေါ်သူလေးလား"
ကျန်းရှင်းရန်မှာ ထိုမိန်းကလေးမှာလည်း နတ်ဘုရားအချစ်တော် ဖြစ်နေလိမ့်မည်ဟု မထင်ထားသဖြင့် အံ့သြသွားသည်။
ကျန့်ဖုန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"သူမရဲ့ အခြေအနေက နည်းနည်း ထူးခြားတယ်။ သူမရဲ့ ပါရမီကို နောက်ကျရင် မင်း သိလာပါလိမ့်မယ်"
ကျန်းရှင်းရန် ခေါင်းညိတ်လိုက်သော်လည်း သူမ၏ ဖိအားမှာ နှစ်ဆတိုးလာသလို ခံစားရသည်။
"စိတ်မပူပါနဲ့၊ မင်းရဲ့ ပါရမီက နည်းနည်းလိုနေသေးတယ်ဆိုပေမဲ့ မင်းရဲ့ တိုးတက်မှုနှုန်းက သူတို့ကို မရှုံးစေရဘူးလို့ ငါ အာမခံပါတယ်"
ကျန့်ဖုန်းက သူမကို နှစ်သိမ့်လိုက်သည်။
"ထာဝရမျှော်စင်ကြောင့်လား"
ကျန်းရှင်းရန်က ရိပ်မိသွားသည်။
"ဟုတ်တယ်"
ကျန့်ဖုန်းက ဆိုသည်။
လုံဟောက်ချန်၊ ရှန့်ချိုင်အာနှင့် ချန်ယင်းအာတို့သာမက၊ ၎င်းတို့၏ ပါရမီနှင့် နှိုင်းယှဉ်လျှင် လုံဟောက်ချန်၏ အဖွဲ့ဝင်များ၏ ပါရမီမှာ ကျန့်ဖုန်း၏ အဖော်များထက် သာလွန်နေသေးသည်။ ပါရမီ အနိမ့်ဆုံးဖြစ်သော ဟန်ယွီနှင့် စစ်မာရှန်းတို့ပင်လျှင် လုံဟောက်ချန်နှင့် နောက်လိုက်သူရဲကောင်း စာချုပ်ချုပ်ဆိုထားသဖြင့် ပါရမီဖိနှိပ်မှုနှင့် မျှဝေမှုတို့မှတစ်ဆင့် သူတို့၏ မွေးရာပါ အတွင်းဝိညာဉ်စွမ်းအားကို ၈၀ အထိ မြှင့်တင်နိုင်ခဲ့သည်။ ကျန့်ဖုန်း၏ အဖွဲ့ထဲတွင် မုရုံရှန်းအာ တစ်ဦးတည်းသာ ကျန့်ဖုန်းနှင့် ဂုဏ်သတ္တိတူပြီး ပါရမီ အားကောင်းကာ အမှတ် ၈၀ အထိ ရှိသည်။
ထိုနှစ်ဦး စကားပြောနေစဉ် ကွင်းထဲတွင် တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေသည်။
"ရှပ်— ရှပ်—"
လုံဟောက်ချန်၏ မြင့်မြတ်ဝိညာဉ်ဓားမှ အလင်းဓားချက် နှစ်ချက် ထွက်ပေါ်လာပြီး ပဉ္စမမြောက်အဖွဲ့ဝင်၏ ပုဆိန်အလင်းတန်းနှစ်ခုနှင့် ထိပ်တိုက်တွေ့ကာ ကြီးမားသော ဝိညာဉ်စွမ်းအင် ပေါက်ကွဲမှုကို ဖြစ်ပေါ်စေသည်။ လုံဟောက်ချန်မှာ အင်အားကျန်ရှိနေသေးသဖြင့် နောက်ထပ် တစ်ဖန် တိုက်စစ်ဆင်လိုက်ပြန်သည်။
မြင့်မြတ်ဓား။
လုံဟောက်ချန်၏လက်ထဲတွင် မြင့်မြတ်ဝိညာဉ်ဓားမှာ ရုတ်တရက် ပြင်းထန်သော ရွှေရောင်အလင်းများ တောက်ပလာပြီး ပဉ္စမမြောက်အဖွဲ့ဝင်ဆီသို့ အားပြင်းစွာ ခုတ်ချလိုက်သည်။
ပဉ္စမမြောက်အဖွဲ့ဝင်က အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို တစ်ဝက်လှည့်ကာ သူ၏လက်ထဲမှ ပုဆိန်ကြီးနှစ်လက်ကို လကိုလိုက်သော ကြယ်တံခွန်များကဲ့သို့ တစ်လက်ပြီးတစ်လက် လုံဟောက်ချန်ကို ထုနှက်လိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် ဘာမှချန်မထားဘဲ အကုန်ထုတ်သုံးလိုက်သည်။ ပြင်းထန်သော စိမ်းပြာရောင် ဝိညာဉ်စွမ်းအင်များ သူ၏ကိုယ်မှ ပေါက်ကွဲထွက်လာပြီး သူ၏ ပုဆိန်ကြီးများမှာလည်း စူးရှသော အလင်းရောင်များ တောက်ပလာသည်။
အားကောင်းသော ဝိညာဉ်စွမ်းအင် လှိုင်းများက လေဆင်နှာမောင်းတစ်ခုကို ဖန်တီးလိုက်ပြီး လုံဟောက်ချန်ဆီသို့ သောင်းကျန်းနေသော ဒီရေလှိုင်းကဲ့သို့ တိုးဝင်သွားသည်။
ချွမ်—
ဓားရှည်နှင့် ပုဆိန်နှစ်လက်တို့ ဆက်တိုက် ထိပ်တိုက်တွေ့နေကြပြီး လုံဟောက်ချန်၏ ပုံရိပ်မှာလည်း ဆက်တိုက် နောက်ဆုတ်နေရသည်။ လုံဟောက်ချန်၏ အစွမ်းမှာ အားကောင်းလှသော်လည်း ပဉ္စမမြောက်အဖွဲ့ဝင်မှာလည်း နတ်ဆိုးအမဲလိုက်သမားတစ်ဦးဖြစ်သဖြင့် မညံ့လှပေ၊ သူ၏ ကျင့်ကြံမှုမှာ လုံဟောက်ချန်ထက်ပင် သာလွန်ကာ အဆင့် ၅၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ စိမ်းပြာရောင် လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး လုံဟောက်ချန်ဆီသို့ တိုးဝင်သွားသည်။
လေဆင်နှာမောင်း ခုတ်ချက် ဟူသော စစ်သည်တော်များ၏ အားကောင်းသည့် တစ်ဦးချင်း တိုက်ခိုက်ရေးစွမ်းရည်ပင် ဖြစ်သည်။
လုံဟောက်ချန်၏ မျက်နှာမှာ အနည်းငယ် လေးနက်သွားသည်။ သူသည် ငုံ့လိုက်ပြီး သူ၏ ပုံရိပ်မှာ ခဏတာ ရပ်တန့်သွားကာ လက်ထဲမှ မြင့်မြတ်ဝိညာဉ်ဓားမှာ တစ်ဖန် စူးရှသော ရွှေရောင်အလင်းများ တောက်ပလာပြန်သည်။
နတ်ဘုရား အစောင့်အရှောက် အကာအကွယ်။
လုံဟောက်ချန်သည် တိုက်စစ်မှ ခံစစ်သို့ ပြောင်းလဲလိုက်သည်။ နတ်ဘုရားအစောင့်အရှောက်အကာအကွယ်သည် ပဉ္စမမြောက်အဖွဲ့ဝင်၏ အံ့မခန်း လေဆင်နှာမောင်းခုတ်ချက်ကို တားဆီးနိုင်ခဲ့သော်လည်း သူ၏ ပုံရိပ်မှာမူ မီတာများစွာ နောက်သို့ တွန်းပို့ခြင်း ခံလိုက်ရသည်။
လုံဟောက်ချန်သည် အသက်ကို အမြန်ရှူလိုက်ပြီး ပဉ္စမမြောက်အဖွဲ့ဝင်၏ လေဆင်နှာမောင်းခုတ်ချက် ပြီးဆုံးသွားသည့် အခိုက်အတန့်ကို အမိအရ ဆုပ်ကိုင်လိုက်သည်။ သူ၏လက်ထဲမှ မြင့်မြတ်ဝိညာဉ်ဓားမှာ နေရောင်ခြည်ကဲ့သို့ တောက်ပလာပြီး နေအလင်းဓားချက်နှစ်ချက်ကို တစ်ခုပြီးတစ်ခု ပစ်လွှတ်လိုက်သည်။ ထို့ပြင် လုံဟောက်ချန်သည် ပဉ္စမမြောက်အဖွဲ့ဝင်ဆီသို့ ရုတ်တရက် တိုးဝင်သွားပြီး သူ၏လက်ထဲမှ မြင့်မြတ်ဝိညာဉ်ဓားမှာ ကောင်းကင်အနှံ့ အလင်းမိုးများအဖြစ် ပြောင်းလဲသွားကာ ပြိုင်ဘက်ဆီသို့ ပစ်ခတ်လိုက်သည်။
ဒါက မိုးကြိုးရိုက်ချက် လား..
မဟုတ်ချေ။ ကျန့်ဖုန်းလည်း ဤစွမ်းရည်ကို မမှတ်မိပေ။ သို့သော် ၎င်းမှာ သေချာပေါက် မိုးကြိုးရိုက်ချက် မဟုတ်ကြောင်း သူ ပြောနိုင်သည်။ အဘယ်ကြောင့်ဆိုသော် မိုးကြိုးရိုက်ချက် သည် ဤမျှ ပြင်းထန်သော စွမ်းအားကို လုံးဝ မထုတ်လွှတ်နိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ လုံဟောက်ချန် ကိုယ်တိုင် ဖန်တီးထားသော ဖြစ်ရပေမည်။
ဤသို့ တွေးမိသောအခါ ကျန့်ဖုန်း၏ ရင်ထဲတွင် အနည်းငယ် စိုးရိမ်စိတ် ပေါ်လာသည်။ သူ၏ ကျင့်ကြံမှုမှာ လုံဟောက်ချန်ကို အလွယ်တကူ အနိုင်ယူနိုင်လောက်အောင် အားကောင်းသော်လည်း၊ သူကိုယ်တိုင်မှာမူ ကိုယ်ပိုင်စွမ်းရည် တစ်ခုမှ မဖန်တီးရသေးပေ။ ကျန့်ဖုန်းသည် အခြားသူများ၏အောက်တွင် မနေလိုသူဖြစ်ရာ ဤကိစ္စတွင်လည်း လုံဟောက်ချန်ကို မရှုံးလိုပေ။
သို့သော် သူ့မှာလည်း နားလည်သဘောပေါက်မှုများ မရှိသည်တော့ မဟုတ်ပေ။ နှစ်ရှည်လများ တိုက်ခိုက်လာခဲ့ခြင်းက သူ့ကို အသိအမြင်အချို့ ပေးခဲ့သည်။ အကယ်၍ သူသာ စနစ်တကျ ပြန်စီစဉ်ပြီး အချိန်ပေး လေ့ကျင့်မည်ဆိုလျှင် ကိုယ်ပိုင်စွမ်းရည် တစ်ခု သို့မဟုတ် နှစ်ခုလောက်ကို မဖန်တီးနိုင်စရာ မရှိပေ။ သို့သော် ကျန့်ဖုန်းသည် သာမန်စွမ်းရည်များကိုမူ စိတ်မဝင်စားပေ၊ အဘယ်ကြောင့်ဆိုသော် သူ၌ အားကောင်းသော စွမ်းရည်များစွာ ရှိနေပြီးသား ဖြစ်သောကြောင့်ပင်။ အကယ်၍ သူ အပင်ပန်းခံ ဖန်တီးထားသော ကိုယ်ပိုင်စွမ်းရည်မှာ သူ သင်ယူထားပြီးသားဖြစ်သော အသူရာခုတ်ချက် သို့မဟုတ် ကြယ်ခြွေဓားချက်တို့ကို မယှဉ်နိုင်ပါက ၎င်းမှာ သိပ်ပြီး အသုံးဝင်မည် မဟုတ်ပေ။
လုံဟောက်ချန်၏ ကိုယ်ပိုင်စွမ်းရည်မှာ အဆင့် ၅ နယ်ပယ်တွင်ပင် အားကောင်းသည်ဟု သတ်မှတ်နိုင်သည်။ ရေတွက်မရသော အလင်းရိပ်များမှာ ပဉ္စမမြောက်အဖွဲ့ဝင်၏ တစ်ဖန်ပြန်သုံးလိုက်သော လေဆင်နှာမောင်းခုတ်ချက် နှင့် ထိပ်တိုက်တွေ့ကြသည်မှာ လျင်မြန်စွာ လည်ပတ်နေသော ပန်ကာတစ်ခုထဲသို့ ထူထဲသော သစ်ကိုင်းတစ်ချောင်း ထိုးထည့်လိုက်သကဲ့သို့ပင်။
မရေမတွက်နိုင်သော တိုက်ခိုက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ပဉ္စမမြောက်အဖွဲ့ဝင်၏ လေဆင်နှာမောင်းခုတ်ချက်လည်ပတ်နှုန်းမှာ ရုတ်တရက် ကျဆင်းသွားသည်။ စိမ်းပြာရောင် ဝိညာဉ်စွမ်းအင် အလင်းတန်းများ ပျောက်ကွယ်သွားပြီး သူ၏ ပုံရိပ် ကွင်းထဲတွင် ပြန်ပေါ်လာသောအခါ သူသည် ယိုင်တိုင်တိုင်ဖြစ်နေပြီး လဲကျလုနီးပါး ဖြစ်သွားသည်။ ပဉ္စမမြောက်အဖွဲ့ဝင်၏ သံချပ်ကာနှင့် ပုဆိန်ကြီးများပေါ်တွင် မရေမတွက်နိုင်သော ထိုးနှက်ရာများ ကျန်ရစ်ခဲ့သည်။
အကယ်၍ သူ၏ အားကောင်းသော ကျင့်ကြံမှုနှင့် လေဆင်နှာမောင်းခုတ်ချက်၏ အစွမ်းသာ မရှိပါက သူသည် ဒဏ်ရာရရှိသွားနိုင်ပြီး သူ၏ သံချပ်ကာလည်း ပျက်စီးသွားပေလိမ့်မည်။ လက်နက်အရရော စွမ်းရည်အရပါ သူသည် အဖိနှိပ်ခံနေရသည့်ဘက်တွင် ရှိနေသည်။
ပဉ္စမမြောက်အဖွဲ့ဝင်၏ ရင်ထဲတွင် စိတ်မသက်မသာဖြစ်မှုများ ပေါ်လာသည်။ ဤတစ်ကြိမ်တွင် သူ အမှန်တကယ် ထိတ်လန့်သွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤလောင်းကြေးတွင် ပါဝင်နေသော ဂုဏ်ထူးဆောင်အမှတ် တစ်သိန်းမှာ သူ၏ အဖွဲ့ပိုင်သက်သက် မဟုတ်ဘဲ အချို့မှာ အခြား နတ်ဆိုးအမဲလိုက်အဖွဲ့များဆီမှ ချေးယူထားခြင်း ဖြစ်သောကြောင့်ပင်။ အကယ်၍ ဤတိုက်ပွဲတွင် သူသာ ရှုံးသွားပါက သူ့ကို ဘာတွေ စောင့်ကြိုနေမည်ကို သူ မသိတော့ပေ။
သူ၏ ပါးစပ်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင် ပဉ္စမမြောက်အဖွဲ့ဝင်၏ ထွားကျိုင်းနေသော ခန္ဓာကိုယ်မှာ ရုတ်တရက် ပိုမို ကြီးထွားလာပြီး ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်လိုက်သည်။
ရူးသွပ်ခြင်း အခြေအနေ...
(အရူးအမူး အခြေအနေကို ရူးသွပ်ခြင်းလို့ ပြောင်းလိုက်ပါတယ်)
တစ်ချိန်တည်းမှာပင် ပဉ္စမမြောက်အဖွဲ့ဝင်က သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ကွင်းထဲတွင် ငွေရောင်အလင်းတစ်ခု ပေါ်လာသည်။ အရပ်ရှည်သော ပုံရိပ်တစ်ခုမှာ ချက်ချင်းပင် ကြီးမားလာခဲ့သည်။ ၎င်းမှာ သံချပ်ကာများ အပြည့်ဝတ်ဆင်ထားသော ကြီးမားသည့် စစ်သည်တော်ကြီးတစ်ဦး ဖြစ်နေသည်။
"ကျန့်ဖုန်း၊ ဒါက ဘာလဲ"
ကျန်းရှင်းရန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။ တစ်ယောက်ချင်း တိုက်ပွဲမှာ အကူအညီ ခေါ်လာလို့ ရလို့လား။
ကျန့်ဖုန်းက ရှင်းပြသည်။
"သေချာ ကြည့်ကြည့်၊ ဒါက ရုပ်သေးတစ်ရုပ်ပဲ၊ သူ့ကိုယ်ပေါ်မှာ သက်ရှိအငွေ့အသက် မရှိဘူး၊ ဒါဟာ အဂ္ဂိရတ် လျှို့ဝှက်အတတ်ပညာနဲ့ ဖန်တီးထားတဲ့ သတ္တုရုပ်သေး ဖြစ်ရမယ်။ သူ့ရဲ့ အစွမ်းက အဆင့် ၅ အထွတ်အထိပ်မှာ ရှိတယ်"
ကျန်းရှင်းရန်က သေချာကြည့်လိုက်ပြီးနောက် ထူးခြားချက်ကို ချက်ချင်း ရှာတွေ့သွားသည်။
အဂ္ဂိရတ်ပညာရှင်များမှာ လူသား မန္တန်ကျင့်ကြံသူများ၏ အခွဲတစ်ခုဖြစ်သော်လည်း ဤအတတ်ပညာမှာ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်ပြီး အကြွင်းအကျန် အပိုင်းအစများသာ ကျန်တော့သည်။ ထို့ပြင် ဤအတတ်ပညာကို လေ့လာသူမှာလည်း အလွန်နည်းပါးပြီး မှော်အတတ်တွင် ပါရမီမရှိသော မန္တန်ကျင့်ကြံသူ အနည်းငယ်သာ လေ့လာကြသည်။
"အဆင့် ၅ အထွတ်အထိပ် နှစ်ယောက်ဆိုတော့၊ လုံဟောက်ချန် ရှုံးသွားမလား"
သေချာတာကတော့ ကျန်းရှင်းရန်သည် လုံဟောက်ချန်အတွက် စိုးရိမ်နေခြင်း မဟုတ်ပေ၊ သို့သော် ကျန့်ဖုန်းက လုံဟောက်ချန်ဘက်တွင် ဂုဏ်ထူးဆောင်အမှတ် ၃,၀၀၀ လောင်းထားသဖြင့် ကျန့်ဖုန်းကို မရှုံးစေချင်ခြင်း ဖြစ်သည်။
ပဉ္စမမြောက်အဖွဲ့ဝင်က သူ၏ နောက်ဆုံးလက်နက်ကို ထုတ်ပြလိုက်ရာ လုံဟောက်ချန်သည်လည်း ဘာမှ ချန်မထားတော့ပေ။ သူ၏ ရင်ဘတ်မှ ရွှေရောင်အလင်းများ တောက်ပလာပြီး အတောင်ပံ လေးခုဖြင့် ပျံသန်းနေသော အလင်းဒြပ်စင် ဝိညာဉ်တစ်ခု လုံဟောက်ချန်၏ နောက်တွင် ပေါ်လာသည်။ ထို့နောက်တွင် မှော်ဂါထာများကို စတင် ရွတ်ဖတ်တော့သည်။
ကာကွယ်ခြင်း ကျေးဇူးတော် ၊ ယုံကြည်ခြင်း အရှိန်အဝါ၊ ပြင်းထန်သော တိုက်စစ် အရှိန်အဝါ၊ ဝိညာဉ်စုစည်းခြင်း အရှိန်အဝါ။
ထောက်ပံ့ရေးစွမ်းရည် လေးခု ဆက်တိုက် လုံဟောက်ချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ဤအလင်းဒြပ်စင် ဝိညာဉ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် အားကောင်းသော အထောက်အကူပြု စွမ်းရည်များကို ပြသလိုက်ခြင်း ဖြစ်သည်။
အလင်းဒြပ်စင် ဝိညာဉ်...
အောက်မှ ကြည့်နေသော နတ်ဆိုးအမဲလိုက်သမားများမှာ ဤဝိညာဉ်မီးဖိုကို သဘာဝအတိုင်း မှတ်မိကြသည်။ သို့သော် ကျန့်ဖုန်း၏ မျက်နှာအမူအရာမှာမူ အနည်းငယ် ထူးဆန်းနေသည်။ လုံဟောက်ချန်၏ နောက်ကွယ်မှ အလင်းဒြပ်စင် ဝိညာဉ်မှာ အမျိုးသား ဖြစ်နေသောကြောင့်ပင်။
ရွှေရောင်ဆံပင်နှင့် စကတ်အတို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး၊ သူ၏ ရုပ်ရည်မှာ လုံဟောက်ချန်နှင့် အနည်းငယ် ဆင်တူပြီး မိန်းမဆန်သော အသွင်အပြင် အနည်းငယ် ရှိသည်။
အာ... ဒါက... လုံဟောက်ချန်မှာ တကယ်ပဲ ကြီးမားတဲ့ အခွင့်အလမ်းတွေ ရှိနေတာပဲ
---
အခန်း (၁၅၅) - အလုပ်သမားဘဝမှ အလုပ်ရှင်ဘဝသို့ (၁)
နတ်ဆိုးနှင်ခံတပ်အပြင်ဘက်ရှိ အလင်းဒြပ်စင်ဝိညာဉ်ကို ကျန့်ဖုန်းက ရယူပြီး မုရုံရှန်းအာကို ပေးခဲ့သော်လည်း၊ လုံဟောက်ချန်သည် ဒုတိယမြောက် အလင်းဒြပ်စင်ဝိညာဉ်နှင့် ထပ်မံဆုံတွေ့ခဲ့ရသည်။ သေချာသည်မှာ ကျား၊ မ မရွေး မည်သည့်ဒြပ်စင်ဝိညာဉ်မီးဖိုမဆို ကျွမ်းကျင်သူတစ်ဦး၏ အစွမ်းကို များစွာ အထောက်အကူပြုစေသည်။
ဒြပ်စင်ဝိညာဉ်မီးဖို၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ လုံဟောက်ချန် ပြသလိုက်သော ပြင်းထန်သည့် တိုက်ပွဲစိတ်ဆန္ဒမှာ လူတိုင်းကို အံ့အားသင့်သွားစေသည်။ ယန်ဝမ်ကျောက်နှင့် သွမ့်ယီတို့ နှစ်ဦးစလုံး မျက်မြင်တွေ့ခဲ့ရသည်။ မျိုးဆက်သစ်၏ အစွမ်းထက်သူရဲကောင်းများအနေဖြင့် လုံဟောက်ချန်၏ ကိုယ်ပိုင်ဖန်တီးထားသော စွမ်းရည်အပေါ် သူတို့ အလွန်အမင်း တုန်လှုပ်သွားကြသည်။
သိသိသာသာ ဆင့်ကဲပြောင်းလဲထားသော အလင်းဒြပ်စင်ဝိညာဉ်ကို ထပ်မံမြင်လိုက်ရသောအခါ၊ လွန်ခဲ့သော လအနည်းငယ်အတွင်း သူတို့ အပြင်းအထန် ကြိုးစားခဲ့ကြသော်လည်း သူတို့နှင့် လုံဟောက်ချန်ကြားရှိ ကွာဟချက်မှာ ပို၍သာ ကျယ်ပြန့်လာခဲ့ကြောင်း သူတို့ ရုတ်တရက် သဘောပေါက်သွားကြသည်။
ထို့နောက် သူတို့သည် ကျန့်ဖုန်းဆီသို့ အကြည့်လွှဲလိုက်ကြသည်။ အကယ်၍ လုံဟောက်ချန်က ဤမျှ ကြီးမားသော တိုးတက်မှုရှိခဲ့လျှင် ကျန့်ဖုန်းကရော မည်သို့ရှိမည်နည်း။
"ဆရာဦးလေး... အခု ဆရာဦးလေးရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ"
ယန်ဝမ်ကျောက်က ကျန့်ဖုန်းကို ကြည့်ကာ မမေးဘဲ မနေနိုင်တော့ပေ။
"အဆင့် ၆ပါပဲ"
ကျန့်ဖုန်းက အေးဆေးစွာ ပြောလိုက်သည်။ မြင့်မြတ်ဝိညာဉ်ဆေးလုံး၏ အာနိသင်အောက်တွင် သူ၏ အတွင်းဝိညာဉ်စွမ်းအားမှာ ၅,၀၀၀ ကျော်လွန်နေပြီ ဖြစ်သည်။ သို့သော် သူ၏အမြင်အရ အဆင့် ၆သည် ဝိညာဉ်စွမ်းအား ၄,၀၀၀ မှ ၉,၉၉၉ အထိ ရှိနိုင်ရာ အဆင့် ၇သို့ ရောက်ရန် အလွန်ဝေးကွာနေသေးသည်ဟု ခံစားရသည်။
ဆရာဦးလေး အဆင့် ၆မှန်း ဘယ်သူက မသိလို့လဲ ဟု ယန်ဝမ်ကျောက်သည် စိတ်ထဲမှ တွေးလိုက်မိပြီး မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားသော်လည်း ထပ်မမေးတော့ပေ။ ဆက်မေးနေလျှင် သူ၏ မိမိကိုယ်ကို ယုံကြည်မှုသာ ထိခိုက်ပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူသည် ကျန့်ဖုန်းကို ကျော်တက်ရန် မျှော်လင့်ချက် မရှိတော့သဖြင့် လုံဟောက်ချန်ကို လိုက်မီရန်သာ ရည်မှန်းချက် ထားလိုက်တော့သည်။
ကျန့်ဖုန်းသည်လည်း သူ့ တူတော်မောင်၏ ပါရမီကို သိသည်။ သူ၏ မွေးရာပါ အတွင်းဝိညာဉ်စွမ်းအားမှာ ၇၀ ကျော်ခန့် ရှိနိုင်ပြီး နတ်ဘုရားချိပ်ပိတ်ပလ္လင်ကို ရရှိနိုင်သည့် အလားအလာရှိသည်။ သို့သော် နတ်ဆိုးအမဲလိုက်အဖွဲ့ သက်တမ်းအတွင်း သူ၏ အခွင့်အလမ်းများမှာ လုံဟောက်ချန်ထက် များစွာနည်းပါးသဖြင့် နောက်ပိုင်းအဆင့်များတွင် အဝေးကြီး အလှမ်းကွာကျန်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ နောက်ပိုင်းတွင် လုံဟောက်ချန်၏ အာရုဏ်ဦးအလင်းရောင်အဖွဲ့သို့ မဝင်ခဲ့ပါက နတ်ဘုရားချိပ်ပိတ်ပလ္လင်ကို ရရှိရန် နောက်ထပ် ၁၀ နှစ်ကျော် ကြာမြင့်နိုင်ပေသည်။
ထို့ပြင် သူ၏ မွေးရာပါ အတွင်းဝိညာဉ်စွမ်းအားမှာ လုံဟောက်ချန်နှင့် အနည်းဆုံး အမှတ် ၂၀ ခန့် ကွာခြားနေသဖြင့် လုံဟောက်ချန်ကို လိုက်မီရန်မှာ မဖြစ်နိုင်သလောက်ပင်။ အလင်းသားတော် ဟူသည်မှာ နှစ်ပေါင်း တစ်သောင်းလျှင် တစ်ကြိမ်သာ ပေါ်ထွန်းခဲသည့် အရာဖြစ်သည်။ ယန်ဝမ်ကျောက်တို့ကဲ့သို့ မျိုးဆက်သစ် ပါရမီရှင်များအဖို့ အလင်းသားတော် နှစ်ဦးနှင့် တစ်ခေတ်တည်း ဆုံတွေ့ရခြင်းမှာ အနည်းငယ် ဝမ်းနည်းစရာ ကောင်းလှသည်။ သူတို့၏ ကိုယ်ပိုင်ထူးချွန်မှုများမှာ လုံးဝ ဖုံးလွှမ်းခြင်း ခံလိုက်ရသည်။
သေချာသည်မှာ လူသားများနှင့် နတ်ဆိုးမျိုးနွယ်စုတို့၏ စစ်ပွဲမှာ နှစ်ပေါင်း ၆,၀၀၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်ရာ မည်သူပင်ဖြစ်စေ အမှောင်ထုကို ဖြိုခွင်းပြီး အလင်းရောင်ကို ယူဆောင်လာရန် ဟူသော တာဝန်ကို ထမ်းပိုးထားကြရသည်။
သူရဲကောင်း စမ်းသပ်ကွင်းအတွင်း၌ အလင်းဒြပ်စင်ဝိညာဉ်သည် လုံဟောက်ချန်အတွက် နေမင်းမီးတောက်ဟူသော အားဖြည့်စွမ်းရည်ကို ထပ်မံ ထုတ်လွှတ်ပေးလိုက်သည်။ အလင်းဒြပ်စင်ဝိညာဉ်၏ အကူအညီဖြင့် လုံဟောက်ချန်သည် ပြင်းထန်သော တိုက်စစ်ကို ဆင်နွှဲလိုက်သည်။
နေမင်းမီးတောက်၊ မြင့်မြတ်ဓားနှင့် နတ်ဆိုးသတ်ဖြတ်ခြင်း။ ဤ အဆင့် ၅ အားပြင်းစွမ်းရည် သုံးခု ပေါင်းစပ်မှုက ပဥ္စမအဖွဲ့ဝင် ဘေးရှိ သတ္တုရုပ်သေးကို လွင့်ထွက်သွားစေပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားစေသည်။ ၎င်းမှာ ချို့ယွင်းသွားပုံရပြီး အတော်ကြာအောင် မလှုပ်မယှက် ဖြစ်နေတော့သည်။
ထို့နောက် လုံဟောက်ချန်သည် ရွှေရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ မြေပြင်မှ ရုတ်တရက် ထိုးတက်သွားသည်၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နေမင်းမီးတောက်များ ဖုံးလွှမ်းနေသည်။ သူ၏ ရင်ဘတ်မှ ပြင်းထန်သော အလင်းဒြပ်စင်များမှာ ရေပူစမ်းတစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာသည်။
"ဝေါင်း—"
နဂါးဟိန်းသံတစ်ခု ကွင်းအတွင်း ဟိန်းထွက်သွားသည်။ တားဆီး၍မရသော ပြင်းထန်သည့် အရှိန်အဝါကို သယ်ဆောင်လာသည့် ရွှေရောင်နဂါးသည် ပဥ္စမအဖွဲ့ဝင် ၏ လက်ထဲမှ ပုဆိန်နှင့် ထိပ်တိုက်တွေ့သွားသည်။
"ဒုန်း"
အားကောင်းသော ဝိညာဉ်စွမ်းအားလှိုင်းတစ်ခု ပျံ့နှံ့သွားသည်။ ပဥ္စမအဖွဲ့ဝင် ၏ လက်ထဲမှ လေးလံသော ပုဆိန်ကြီး လွင့်ထွက်သွားပြီး သူ၏ လက်ဖဝါးမှာလည်း ကွဲအက်ကာ သွေးများ ပန်းထွက်လာသည်။ သူကိုယ်တိုင်လည်း ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ မီတာ ဒါဇင်ပေါင်းများစွာ နောက်သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
"ငါမရှုံးဘူး၊ ငါမရှုံးနိုင်ဘူး၊ ငါမရှုံးနိုင်ဘူး"
ပဥ္စမအဖွဲ့ဝင် မှာ ရူးသွပ်သွားပုံရသည်၊ သူ၏ တစ်ကိုယ်လုံးမှ ပြင်းထန်သော နာကျင်မှုနှင့် ပါးစပ်ထောင့်မှ စီးကျနေသော သွေးများကို ဂရုမစိုက်တော့ဘဲ ယိုင်တိုင်တိုင်ဖြင့် ထရပ်ကာ လုံဟောက်ချန်ဆီသို့ ပြေးဝင်သွားသည်။
သို့သော် ဤကဲ့သို့သော အခြေအနေမျိုးဖြင့် ပဥ္စမအဖွဲ့ဝင် သည် လုံဟောက်ချန်ကို မည်သို့ ဒုက္ခပေးနိုင်ပါမည်နည်း လုံဟောက်ချန်သည် သူ၏ ပြေးဝင်မှုကို ရှောင်လိုက်ပြီး ဘေးတိုက်ခြေလှမ်းဖြင့် မြင့်မြတ်ဝိညာဉ်ဓားကို ပဥ္စမအဖွဲ့ဝင် ၏ လည်ပင်းသို့ ရွယ်လိုက်သည်။ ပဥ္စမအဖွဲ့ဝင် သည် အော်သံတစ်ချက် ထွက်ပေါ်လာပြီး ချက်ချင်းပင် သတိလစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
တစ်ကွင်းလုံး တိတ်ဆိတ်သွားသည်။ တိုက်ပွဲကြာချိန်မှာ မကြာလှပေ၊ ၁၀ မိနစ်ပင် မပြည့်သော်လည်း လုံဟောက်ချန်၏ တောက်ပသော စွမ်းဆောင်မှုက ပြိုင်ဘက်ကို တစ်ချိန်လုံး ဖိနှိပ်ထားနိုင်ခဲ့ပြီး ပဥ္စမအဖွဲ့ဝင် ကို မည်သည့်အခွင့်အရေးမှ မပေးခဲ့ပေ။ လုံဟောက်ချန်သည် သူ၏ စီးတော်ယာဉ်ကိုပင် မဆင့်ခေါ်ရသေးသည်ကို သတိပြုသင့်သည်။
နတ်ဆိုးအမဲလိုက်အဖွဲ့ဝင်သစ် တစ်ဦးအနေဖြင့် ယခင်မျိုးဆက်မှ နတ်ဆိုးအမဲလိုက်သမားတစ်ဦးကို အနိုင်ယူလိုက်ခြင်းမှာ လုံဟောက်ချန်သည် ငါးနှစ်တာ အချိန်ကွာဟချက်ကို လုံးဝ လျစ်လျူရှုလိုက်ခြင်းပင် ဖြစ်သည်။
သူရဲကောင်းအဆင့် နံပါတ်မှ တတိယ နှင့် ဆဌမ အဖွဲ့ဝင်တို့သည် ကွင်းထဲသို့ အမြန်ဝင်လာကြပြီး သတိလစ်နေသော ပဥ္စမအဖွဲ့ဝင် ကို ထူကာ စမ်းသပ်ကွင်းအတွင်းမှ တိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်။ ထွက်သွားကြစဉ် သူတို့၏ မျက်နှာများမှာ ခါးသီးမှုများဖြင့် ပြည့်နှက်နေသည်။ ဂုဏ်ထူးဆောင်အမှတ် တစ်သိန်းမှာ မျက်စိရှေ့တင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူတို့သည် လုံဟောက်ချန်ကို အရင်လာရှာခဲ့ခြင်းဖြစ်ပြီး၊ သူတို့ပြုလုပ်ခဲ့သော လောင်းကြေးမှာ လုံဟောက်ချန်က မည်မျှပင် လောင်းသည်ဖြစ်စေ သူတို့ စီနီယာ များအနေဖြင့် ရှုံးပါက ဆယ်ဆ ပြန်ပေးမည်ဟူသော ကတိပင် ဖြစ်သည်။ ထိုဂုဏ်ထူးဆောင်အမှတ် တစ်သိန်းမှာ သူရဲကောင်းအဆင့် နံပါတ် ၈ အဖွဲ့ပိုင်သက်သက် မဟုတ်ပေ။ ဤလောင်းကြေးသည် သူတို့၏ တစ်ဖွဲ့လုံးကို အကြီးအကျယ် ထိခိုက်စေမည်ဖြစ်ပြီး၊ အနည်းဆုံး တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့်အထိ စစ်သေနာပတိ အဆင့် အဖွဲ့အဖြစ် တက်လှမ်းရန် ကြိုးစားနိုင်တော့မည် မဟုတ်ပေ။ ထို့ပြင် ဤကိစ္စမှာ သူတို့သုံးဦးတည်း သဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး သူတို့၏ အဖွဲ့ခေါင်းဆောင်နှင့် ကျန်အဖော်နှစ်ဦးကို မတိုင်ပင်ခဲ့သဖြင့် သူတို့အား မည်သို့ ရှင်းပြရမည်ကို မသိတော့ပေ။
သို့သော် လုံဟောက်ချန် နိုင်သွားသည်ကို မြင်ပြီးနောက် ကျန့်ဖုန်းသည် ကွင်းထဲမှ အခြေအနေကို ဆက်မကြည့်တော့ဘဲ လင်ရှင်းကိုရှာကာ သူ၏ လောင်းကြေးအမြတ်များကို သွားတောင်းတော့သည်။
ကျန့်ဖုန်းသည် ဂုဏ်ထူးဆောင်အမှတ် ၃,၀၀၀ သာ လောင်းခဲ့သော်လည်း၊ လင်ရှင်းနှင့် လုရှီးတို့ သတ်မှတ်ထားသော အချိုးအစားမှာ ၁ ဆ လောင်းလျှင် အဆ ၃၀ ပြန်ပေးရန် ဖြစ်သည်။ ထို့ကြောင့် ကျန့်ဖုန်းသည် မနက်ခင်းတွင် လမ်းလျှောက်ထွက်ရင်းဖြင့်ပင် ဂုဏ်ထူးဆောင်အမှတ် ၉၀,၀၀၀ ရရှိသွားခဲ့သည်။ ဤဂုဏ်ထူးဆောင်အမှတ်များမှာ အမှန်တကယ်ပင် အလွယ်တကူ ရရှိခဲ့ခြင်း ဖြစ်သည်။
ကျန့်ဖုန်းသည် ယန်ဝမ်ကျောက်နှင့် သွမ့်ယီတို့ကို ကြည့်ကာ ထိုနှစ်ယောက် ဘာတွေတွေးနေကြသလဲ သိချင်နေမိသည်။ လုံဟောက်ချန်၏ အစွမ်းကို သံသယဝင်စရာ လိုသေးလို့လား လုံဟောက်ချန်သည် နတ်ဆိုးအမဲလိုက်အဖွဲ့ ပြိုင်ပွဲ၏ တစ်ဦးချင်းပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သူဖြစ်ရာ သူ၏အစွမ်းမှာ အလွန်ပင် အားကောင်းလှသည်။ ပြီးတော့ လုံဟောက်ချန်၏ တည်ငြိမ်သော စရိုက်နှင့်ဆိုလျှင် နိုင်ရန် အခွင့်အလမ်းမရှိဘဲ ဤစိန်ခေါ်မှုကို မည်သို့ လက်ခံပါမည်နည်း။