အလွန်စိတ်ထားကောင်းသူကြီး
Vol. 5 Ch. 41
ဆရာသခင်ကွေ့ယန်က လက်ကိုတစ်ချက်ဝေ့ယမ်းလိုက်ရာ အောက်ရှိအကြီးအကဲများအားလုံး နားလည်မှုရှိရှိဖြင့် လှောင်ပြုံးပြုံးလိုက်ကြသည်။
"သူ့ကို ဘဝနဲ့ချီပြီးမှတ်မိလောက်တဲ့ သင်ခန်းစာတစ်ခုပေးလိုက်စမ်း။"
"ချီရီဂိုဏ်းကိုစော်ကားရင် ဘယ်လိုအကျိုးဆက်မျိုးကြုံရမလဲဆိုတာ လူတိုင်းမြင်အောင်ပြလိုက်ကြ။"
အပြင်ဘက်တွင် စောင့်ကြည့်နေသူများစွာရှိနေသောကြောင့် ဤအချိန်သည် ဂိုဏ်း၏ဂုဏ်သိက္ခာကို ထုတ်ဖော်ပြသရန် အကောင်းဆုံးအချိန်ပင်။
အပြင်ဘက်တွင်မူ ကျန်းချန်သည် တည့်တည့်မတ်မတ် ပျံသန်းဝင်ရောက်ရန်ပြင်နေစဉ် သူ၏ရှေ့မှောက်၌ မီးလျှံတံခါးကြီးတစ်ခု ရုတ်တရက်ပေါ်ပေါက်လာသည်။
ထိုဧရာမတံခါးကြီးသည် ချီရီဂိုဏ်း၏ တောင်တံခါးဝတစ်ခုလုံးကိုပိတ်ဆို့ကာ မျက်စိတစ်ဆုံးကျယ်ပြန့်ပြီး အတွင်း၌ တဖျပ်ဖျပ်တောက်လောင်နေသော မီးလျှံများကိုသာ မြင်တွေ့ရ၏။
"ဒါ... ဒါ... ချီရီဂိုဏ်းရဲ့ မီးလျှံငရဲလမ်းပဲ............ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဂိုဏ်းသားအသစ်တွေ ခေါ်တုန်းက ဒါကိုမြင်ဖူးတယ်"
"ဟုတ်တယ်၊ ဒါက ဂိုဏ်းသားအသစ်တွေကို စမ်းသပ်စစ်ဆေးဖို့သုံးတာ။"
"ဒီမီးလျှံငရဲလမ်းကိုဖြတ်ကျော်နိုင်မှ ပထမအဆင့်စစ်ဆေးမှုကို အောင်မြင်ပြီး အတွင်းစည်းတပည့်ဖြစ်ခွင့်ရတာ။"
"ဒီလမ်းက လျှောက်ရတာမလွယ်ဘူး။ အတွင်းထဲမှာပူလွန်းလို့ ကျင့်ကြံသူတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကိုတောင် မီးလောင်ပျက်စီးစေနိုင်တယ်..."
"ဒါပေမဲ့ ဂိုဏ်းချုပ်ကျန်းလိုပညာရှင်တစ်ယောက်အတွက်တော့ ဂိုဏ်းသားအသစ်အတွက်စမ်းသပ်ချက်ဆိုတာ အေးဆေးဖြစ်မှာပါ၊ မဟုတ်ဘူးလား"
"အဲဒါတော့ ဟုတ်သားပဲ။"
သူတို့၏ပြောဆိုချက်များကိုကြားလိုက်ရမှ ဘာဖြစ်နေသည်ကို ကျန်းချန်နားလည်သွားတော့သည်။
*ဘာလဲဟ... ဂိုဏ်းတစ်ခုကို တိုက်ခိုက်တာတောင် စမ်းသပ်မှုတွေဖြတ်ကျော်ရဦးမှာလား...*
"ကျန်းချန်... ငါတို့ဂိုဏ်းချုပ်ကပြောလိုက်တယ်။ မင်း ဒီလမ်းကိုဖြတ်ကျော်နိုင်မှသာ စစ်ပြေငြိမ်းဖို့ တောင်းဆိုခွင့်ရှိမယ်တဲ့"
"ကြွပါ..........."
တောင်တံခါးဝရှိတပည့်က မထီမဲ့မြင်အကြည့်များဖြင့် ဖိတ်ခေါ်သည့်အမူအရာပြုလုပ်လိုက်သည်။
ချင်လန်စီရင်စု၏အရှင်သခင်များပီပီ သူတို့မာန်တက်နေကြလေ၏။
ကျန်းချန်၏ အရင်ကတိုက်ပွဲမှတ်တမ်းများရှိနေလင့်ကစား သူတို့၏ မြင့်မြတ်၊ အထက်စီးဆန်သော စိတ်ဓာတ်ကိုမူ မဖျောက်နိုင်ကြပေ။
*စစ်ပြေငြိမ်းဖို့ တောင်းဆိုရမယ်ဟုတ်လား................ ဟေ့လူတွေ........ ကျုပ်က ဒီဂိုဏ်းကိုအမြစ်ဖြတ်ဖို့လာတာကွ၊ သိရဲ့လား..............*
အစ်ကိုကြီးချန် ရယ်လေသည်............
သူသည် လူအမဟုတ်ပေ။ ဤမီးလျှံငရဲလမ်းဆိုသည်မှာ အစီအရင်တစ်ခုဖြစ်ကြောင်း အလွယ်တကူ သိမြင်နိုင်သည်။
၎င်းသည် ဂိုဏ်းသားအသစ်များအတွက်သာ ရည်ရွယ်သည်ဆိုစေဦးတော့ သူဝင်သွားသည်နှင့် မီးလျှံများ၏စွမ်းအားမှာ ထိုအဆင့်တွင်ရှိတော့မည်မဟုတ်။ အစီအရင်အများစု၏စွမ်းအားကို ထိန်းချုပ်နိုင်သည်မဟုတ်ပါလား။
သူ၏ ဝိညာဉ်အခြေတည်အဆင့်စွမ်းအားဖြင့် ဖြတ်ကျော်နိုင်မည်ဖြစ်သော်လည်း မီးဟပ်ခံရပြီး အဝတ်အစားများဖရိုဖရဲဖြစ်ကာ ခန့်ညားလှသောမျက်နှာတွင် မီးခိုးမှိုင်းတက်သွားမည်မှာ အသေအချာပင်...
အဲဒီတော့ ဘာလို့ အပင်ပန်းခံနေမှာလဲ.........
"မင်းတို့ဝင်ခိုင်းတိုင်း ငါ ဝင်ရမှာလား"
"မင်းတို့ကိုယ်မင်းတို့ ဘာကောင်တွေများမှတ်နေလဲ"
သူက မထီတရီဖြင့် နှုတ်ခမ်းမဲ့လိုက်ပြီးနောက် သူ၏ဓားပျံကိုဆင့်ခေါ်လိုက်သည်။
"ရဲတင်းလှချည်လား"
"မင်း ဘာလုပ်တာလဲ"
"မင်းရဲ့ ဖေးရှန်ဂိုဏ်းကို အဖျက်ဆီးမခံချင်ရင် အမိန့်နာခံစမ်း"
ထိုတပည့်များ စကားပြော၍ပင်မဆုံးသေးမီ အစ်ကိုကြီးချန်က စိတ်မရှည်စွာဖြင့် သူ၏ဝိညာဉ်ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
ယခုအခါ သူသည် ဝိညာဉ်အခြေတည်အဆင့် ၆ သို့ ရောက်ရှိနေပြီဖြစ်ပြီး ထိုတပည့်များမှာမူ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်သို့ပင် မရောက်ကြသေးပေ။
*ဝုန်း... ဘုံး... *
တံခါးစောင့်တပည့်ဆယ်ယောက်ကျော် တပြိုင်နက်တည်းလဲကျသေဆုံးသွားကြ၏။
ကျန်းချန်သည် ဂိုဏ်းလေးဂိုဏ်းကိုအမြစ်ဖြတ်ခဲ့ကြောင်း သိထားကြသော်လည်း အနားရှိလေလွင့်ကျင့်ကြံသူများမှာမူ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။
*ဘုရားရေ... ဒီလူက တကယ်ကြီး သတ်ရဲတာပဲ
သူက ချီရီဂိုဏ်းကို တကယ်ကြီး လက်ဦးမှုယူပြီး တိုက်ခိုက်လိုက်တာပဲ*
ချင်လန်စီရင်စု၏ အရှင်သခင်ဖြစ်သော ချီရီဂိုဏ်း၏ဂုဏ်သိက္ခာမှာ နှစ်ပေါင်းသောင်းချီ၍ တည်ဆောက်ထားခြင်းဖြစ်ရာ ကျီယွဲ့ဂိုဏ်းကဲ့သို့သော ဂိုဏ်းငယ်လေးများနှင့် လုံးဝခြားနားသည်။
ရှိနေသောကျင့်ကြံသူများအဖို့မူ ဤလုပ်ရပ်သည် ပဒူအုံတုတ်နှင့်ထိုးခြင်းပင်။
အစ်ကိုကြီးချန်ကတော့ အားရကျေနပ်ခြင်းမရှိသေးပေ။
အားနည်းသောတပည့်များကို တစ်ချက်တည်းဖြင့်အပြတ်ရှင်းပြီးနောက် မီးလျှံလမ်းဆီသို့ ပြေးဝင်သွားသည်။
သူသည် အစီအရင်အတွင်းသို့ဝင်ရန် ရည်ရွယ်ထားသည်မဟုတ်ဘဲ ဘေးတိုက်ကွေ့ကာ အပြင်ဘက်မှနေ၍ သူ၏ဓားဖြင့် တရစပ်ခုတ်ပိုင်းတော့သည်။
အစီအရင်အတွင်းသို့မဝင်ပါက အစီအရင်၏ဒဏ်ကို ခံရမည်မဟုတ်ပေ။
ထို့ပြင် အပြင်ဘက်မှ စိတ်ကြိုက်ဖျက်ဆီးနိုင်သည်။
သူသည် အစီအရင်များအကြောင်းနားမလည်သော်လည်း ဝိညာဉ်အခြေတည်အဆင့် ၆ ၏ ပြင်းထန်လှသော အကြားအလပ်မရှိဧရိယာအနှံ့ တိုက်ခိုက်မှုဒဏ်ကိုမူ အစီအရင်ကမခံနိုင်ပေ။
အစီအရင်၏ အခြေခံအုတ်မြစ်အချို့ စတင်ထိခိုက်လာသည်။
ဧရာမမီးလျှံတံခါးကြီး ပြင်းထန်စွာတုန်ခါလာပြီး အတွင်း၌အက်ကြောင်းများ ပေါ်ပေါက်လာသည်ကို မြင်တွေ့ရသည်။ ကျောက်ခဲများနှင့် အပျက်အစီးများ နေရာအနှံ့လွင့်စင်ကုန်သည်။
*ဝုန်း*
ဧရာမတံခါးကြီးသည် တရစပ်တုန်ခါနေပြီး အဝေးမှနေ၍ ဆရာသခင်ကွေ့ယန်၏ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
"ရပ်စမ်း"
"မင်း ဘယ်လိုတောင် ရဲတင်းရတာလဲ"
ချီရီဂိုဏ်းမှ အကြီးအကဲများ ရူးမတတ်ဖြစ်သွားကြသည်။ ဤမီးလျှံငရဲလမ်းသည် အဆင့် ၅ ဝိညာဉ်အစီအရင်ဖြစ်သည်။
တပည့်သစ်များကိုစစ်ဆေးရန် မဖြစ်မနေဖြတ်သန်းရသော လမ်းဖြစ်သကဲ့သို့ ချီရီဂိုဏ်း၏ တန်ဖိုးကြီးရတနာတစ်ခုလည်းဖြစ်သည်။
ဤအစီအရင်သည်... သူတို့အတွက် မီးဓာတ်ဝိညာဉ်စွမ်းအားနှင့်ကိုက်ညီသော ပါရမီရှင်များကို စိစစ်ပေးနိုင်သည်။
ပျက်စီးသွားပါက ကြီးမားသောဆုံးရှုံးမှုပင်။
*ဝုန်း*
နောက်ဆုံးတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ မီးလျှံများ ကောင်းကင်အနှံ့ ပြန့်ကျဲသွားပြီး ဧရာမတံခါးကြီးမှာ လေထဲတွင်ပျောက်ကွယ်သွားတော့သည်။
*ချွင်*
ပျက်စီးသွားသော အစီအရင်ပြားတစ်ခု မြေပြင်ပေါ်သို့ကျလာကာ အကြိမ်အနည်းငယ် ခုန်သွားပြီးနောက် လူတိုင်း၏ မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။
၎င်းမှာ အစီအရင်၏ အဓိကမျက်လုံးပင်ဖြစ်သည်။ ပျက်စီးမှုအခြေအနေကို ကြည့်ရသည်မှာ ပြန်လည်ပြင်ဆင်ရန် မဖြစ်နိုင်တော့ပေ။
"မင်း... မင်း ဘာလုပ်လိုက်တာလဲ"
"ဖေးရှန်ဂိုဏ်းတော့ သွားပြီ၊ လုံးဝကို သွားပြီ"
"မင်းက စစ်ပြေငြိမ်းဖို့တောင်းဆိုနိုင်မယ့်လမ်းကို မင်းလက်နဲ့ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်တာပဲ"
အကြီးအကဲများမှာ ဘေးမှကြည့်နေသူများကို ဂရုမစိုက်နိုင်တော့ဘဲ ဒေါသတကြီး ပေါက်ကွဲနေကြသည်။
ဆရာသခင်ကွေ့ယန်၏ ဒေါသမှာ အထွတ်အထိပ်သို့ရောက်ရှိသွားကာ ဒေါသအလွန်ထွက်လွန်း၍ ရယ်မောသည့်အဆင့်သို့ ရောက်သွားသည်။
"ပြောစမ်း... မင်း ဘယ်လိုပုံစံနဲ့ သေချင်လဲ"
သူသည် သူ၏ဝိညာဉ်စင်မြင့်နှင့် ဓားပျံကို တိုက်ရိုက်ဆင့်ခေါ်လိုက်ရာ ဝိညာဉ်အခြေတည်အဆင့် ၆ ၏ အရှိန်အဝါမှာ ပတ်ဝန်းကျင်သို့ပြန့်နှံ့သွားသည်။
ဘေးမှကြည့်နေသူများမှာ တောင့်မခံနိုင်ဘဲ ဝေးရာသို့ပြေးကြရတော့သည်။
သူ၏တုံ့ပြန်မှုကို ကျန်းချန်က အလွန်ကျေနပ်သွား၏။
ဝမ်းသာလွန်း၍ပင် ခုန်ပေါက်မိတော့မတတ်ပင်။
ဂိုဏ်းများစွာကို အမြစ်ဖြတ်ခဲ့ပြီးနောက်ပိုင်း ဘယ်လိုပုံစံနဲ့ သေချင်လဲဟု တစ်စုံတစ်ယောက်က သူ့ကို ပထမဆုံးအကြိမ် မေးလာခြင်းဖြစ်သည်။
အခြားသူများမှာမူ တိုက်ခိုက်ရန်မဝံ့ရဲဘဲ တွန့်ဆုတ်နေတတ်ကြသဖြင့် သူကိုယ်တိုင်ကသာ အစပြုတိုက်ခိုက်ခဲ့ရသည်။
ထို့ပြင် သူက သေမည့်နည်းလမ်းကိုတောင် ရွေးချယ်ခွင့်ပေးထားသေးသည်။
*ဒီဂိုဏ်းချုပ်ကြီးက တော်တော်လေးစိတ်ရင်းကောင်းတာပဲ။ မဆိုးဘူး၊ မဆိုးဘူး။*
"ကျုပ်ကတော့ အမြန်ဆုံးနည်းနဲ့ပဲ သေချင်ပါတယ်"
သူ၏လိုအပ်ချက်ကို ရိုးသားစွာပြောလိုက်သည်။
ကံဆိုးစွာပင် ဤစကားများသည် ဆရာသခင်ကွေ့ယန်၏နားထဲတွင်မူ အလွန်နာကျင်ဖွယ်ကောင်းသော လှောင်ပြောင်မှုတစ်ခု ဖြစ်နေသည်။
*ရှူး*
ပေတစ်သောင်းရှည်သော ဓားအလင်းတန်းကြီးမှာ သူ၏တုံ့ပြန်မှုပင်ဖြစ်သည်။
ခဏချင်းတွင် ရှေ့မှနယ်မြေတစ်ခုလုံး မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွား၏။
လွတ်အောင်မပြေးနိုင်သော လေလွင့်ကျင့်ကြံသူထောင်ပေါင်းများစွာမှာ မီးလျှံအတွင်းသို့ပါသွားကာ ပြာအဖြစ်သွားသည်။
အော်ဟစ်သံများထွက်ပေါ်လာပြီး မြင်ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ထို မြေကမ္ဘာအဆင့် ဝိညာဉ်စင်မြင့်မှာ ဝိညာဉ်များကို ရိတ်သိမ်းသော လူသတ်လက်နက်တစ်ခုကဲ့သို့ပင်။
ရှိနေသူအားလုံးမှာ ထိုဝိညာဉ်စင်မြင့်ကိုကြည့်မနေသည့်တိုင် ရှေးဦးကမ္ဘာမှ သားရဲကြီးတစ်ကောင်၏အကြည့်ကို ခံနေရသကဲ့သို့ ကြက်သီးမွေးညင်းများ ထနေကြသည်။
အစ်ကိုကြီးချန်ကမူ မည်သည့်ဖိအားကိုမျှမခံစားရဘဲ တိုက်ခိုက်မှုကို သဘာဝကျကျပင် တုံ့ပြန်လိုက်သည်။
တိုက်ပွဲတွင်ခုခံခြင်းမရှိပါက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုအဖြစ် သတ်မှတ်မည်ဟု စနစ်က ဆုံးဖြတ်ထားသည်။
ထို့ကြောင့် မသေဆုံးမီတွင် အနည်းငယ်ဟန်ပြရမည်ဖြစ်ရာ တိုက်ခိုက်ရန်လိုအပ်သည်။
ကျန်းချန် ဓားသိုင်းထုတ်ဖော်လိုက်သည်နှင့် ဆရာသခင်ကွေ့ယန် မျက်လုံးပြူးသွားသည်။
*ဒါ... တွမ့်မူမိသားစုရဲ့ မီးတောက်ချုပ်နှောင်ဓားကွက် မဟုတ်ဘူးလား....
ဒါ... တွမ့်မူမိသားစုရဲ့ စိတ်စွမ်းအားမန္တန်တွေ မဟုတ်ဘူးလား*
"ယုတ်မာတဲ့သတ္တဝါ... မင်းရဲ့နောက်ကွယ်ကလူတွေက တွမ့်မူမိသားစုကသူခိုးတွေ ဖြစ်နေတာကိုး"
တွမ့်မူမိသားစုနှင့် ချီရီဂိုဏ်းမှာ ဘိုးဘွားစဉ်ဆက် ရန်သူများဖြစ်ကြသည်။
ဤဓားသိုင်းကိုမြင်လိုက်ရသောအခါ အခြားအကြီးအကဲများမှာ ပို၍ဒေါသထွက်လာကြသည်။
"ထင်တဲ့အတိုင်းပဲ၊ မင်းက ငါတို့ချီရီဂိုဏ်းကို အစကတည်းက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့တာပဲ"
"သူ့ကို အရင်သတ်၊ ပြီးရင် တွမ့်မူမိသားစုဆီသွားပြီး အကုန်သတ်ပစ်မယ်"
"သူတို့ဆီက ရှင်းပြချက်တောင်းရမယ်"
သူတို့ ဒေါသတကြီး ဟိန်းဟောက်နေကြဆဲမှာပင် ရုတ်တရက် တစ်စုံတစ်ယောက်က လည်ပင်းကို ညှစ်ထားလိုက်သကဲ့သို့ သူတို့၏စကားလုံးများမှာ လည်ချောင်းဝတွင် တစ်သွားတော့သည်။
အစ်ကိုကြီးချန်၏ ကြွားဝါရန်အကောင်းဆုံးလက်နက်ဖြစ်သော နတ်ဘုရားအဆင့်ဝိညာဉ်စင်မြင့် ထွက်ပေါ်လာလေပြီ။
ဤဝိညာဉ်စင်မြင့်ပေါ်လာသည်နှင့် ဆရာသခင်ကွေ့ယန်သည် သူ့ဘဝကိုပင် သံသယဝင်လာတော့သည်။
အတိအကျပြောရလျှင် သူ၏ ဝိညာဉ်အခြေတည်အဆင့် ၆ စွမ်းအားမှာ ကျန်းချန်နှင့်တန်းတူပင်။
သို့သော် ဤနတ်ဘုရားအဆင့် ဝိညာဉ်စင်မြင့်က ထိုမျှခြေကို လုံးဝဖျက်ဆီးပစ်လိုက်သည်။
သူ၏ အပြာရောင်ဝိညာဉ်စင်မြင့်မှာ တောက်လောင်နေသော နေမင်းအောက်မှ ရေခဲတုံးလေးကဲ့သို့ပင်။
လုံးဝခုခံနိုင်စွမ်းမရှိတော့ဘဲ သူ၏နတ်ဝိညာဉ်မှာ ဒဏ်ရာပြင်းထန်စွာရရှိသွားသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီကလေးက ဘယ်လိုလုပ်ပြီး နတ်ဘုရားအဆင့်ဝိညာဉ်စင်မြင့်ကို ပိုင်ဆိုင်ထားရတာလဲ... ဒါက နတ်ဘုရားအဆင့်ကြီးလေ...........
တွမ့်မူမိသားစုက ဒီလိုမျိုး ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ကို ငါးစာအဖြစ်အသုံးချဖို့ ဘယ်လိုများ လုပ်ရက်ရတာလဲ*
သူ စဉ်းစား၍မရတော့ပေ။ သူသိသည်မှာ သူတော့သေပြီဆိုသည်ကိုသာ။.
အခြားတစ်ဖက်တွင်မူ ကျန်းချန်မှာ အလွန်စိတ်ပျက်နေမိသည်။
သူ တစ်ခုသတိထားမိလာသည်မှာ ဤဆရာသခင်ကွေ့ယန်သည် သူ့ကိုမသတ်နိုင်ခြင်းပင်။
ဤအဖိုးကြီးမှာ သူ့ကိုသတ်ရန် စိတ်ရင်းဖြင့်အားထုတ်သော်လည်း စွမ်းအားမှာမူ အဆင့်မမှီပေ။ အလွန် စိတ်ပျက်ဖို့ ကောင်းလှပေသည်။
ဤအတိုင်းဆက်တိုက်ခိုက်နေလျှင် ဒီလူအိုကြီးသာ သူ့လက်ချက်ဖြင့် အရင်သေသွားပေတော့မည်။