စစ်ပွဲဝိညာဉ်၏အစွမ်း
Vol. 5 Ch. 42
ဆရာသခင်ကွေ့ယန်ကို သတ်ပစ်မည်ဖြစ်သော်လည်း ၎င်းမှာ ဂိုဏ်းတစ်ခုလုံးကို အမြစ်ဖြတ်မည့် အစီအစဉ်ကိုထိခိုက်နိုင်သည်။
ကွေ့ယန်နှင့် အကြီးအကဲအချို့ကို ယခုသတ်လိုက်ပါက ကျန်ရှိနေသူများမှာ ကြောက်လန့်တကြား ထွက်ပြေးသွားကြပေလိမ့်မည်။
ရန်သူကိုကိုင်တွယ်ရာတွင် ကျူပင်ခုတ်ကျူငုတ်မကျန်စေရ........
သို့မဟုတ်ပါက သူတို့သည် အငြိုးအတေးကိုရင်ဝယ်ပိုက်ကာ ဖေးရှန်ဂိုဏ်းအနီးအနားတွင် ချောင်းမြောင်းနေကြမည်ဖြစ်ပြီး သူ့တပည့်များအပြင်ထွက်သည်နှင့် လုပ်ကြံခံရပေတော့မည်။
သူတို့ကိုလျှော့ပေး၍လည်းမဖြစ်ရာ သူ ဘာလုပ်သင့်သနည်း...............
ကံကောင်းထောက်မစွာပင် ဆရာသခင်ကွေ့ယန်သည် သူ၏ အကျပ်အတည်းကို အကောင်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းပေးလိုက်သည်။
"ဒီလိုမျိုးယုတ်မာတဲ့မိစ္ဆာခေါင်းဆောင်ကို ရင်ဆိုင်ရာမှာ လူကြီးလူကောင်းဆန်ဖို့မလိုဘူး...... အားလုံးဝိုင်းတိုက်ကြစမ်း"
သူက လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် ချီရီဂိုဏ်း၏အကြီးအကဲအားလုံး ရှေ့သို့ ပြေးဝင်လာကြသည်။
ချီရီဂိုဏ်းတွင် ဝိညာဉ်အခြေတည်အဆင့်ရှိသော အကြီးအကဲ ၆ ဦးရှိခဲ့သော်လည်း ပြီးခဲ့သည့်အကြိမ်က ဖေးထုံကျိုးအသတ်ခံလိုက်ရသဖြင့် ၅ ဦးသာ ကျန်တော့သည်။
၎င်းအပြင် ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်ရှိ အကြီးအကဲများနှင့် အတွင်းစည်းတပည့်ပေါင်း ၂၀၀ ကျော် ရှိနေသေးရာ ထိုအင်အားမှာ အလွန်ကြီးမားနေဆဲဖြစ်သည်။
သူတို့ လှုပ်ရှားလိုက်သည့်ခဏမှာပင် အစ်ကိုကြီးချန်သည် သေခြင်းတရား၏ အချိုမြိန်ဆုံးသောရနံ့ကို ခံစားလိုက်ရသည်။
သို့သော် ဤနတ်ဘုရားအဆင့်ဝိညာဉ်စင်မြင့် မှာ အစွမ်းထက်လွန်းလှသည်။
သူသည် ဝိုင်းရံတိုက်ခိုက်ခံနေရသော်လည်း လောလောဆယ် မသေနိုင်သေးပေ။
သူ၏ လက်ရှိ ဝိညာဉ်အခြေတည်အဆင့် ၆ စွမ်းအားအရ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်အောက်ရှိ တိုက်ခိုက်မှုများသည် သူ့ကို အသက်အန္တရာယ်မပေးနိုင်ပေ။
ဝိညာဉ်အခြေတည်အဆင့် အကြီးအကဲများမှာမူ မည်သူမျှ သူ့အနားမကပ်ဝံ့ကြပေ။
သူတို့၏ဝိညာဉ်စင်မြင့်များသည် သူ၏စင်မြင့်အနီးသို့ ရောက်သည်နှင့် နတ်ဝိညာဉ်မှာ မတည်မငြိမ်ဖြစ်သွားရ၏။
တိုက်ပွဲကြာလာသည်နှင့်အမျှ သူသည် စစ်နတ်ဘုရားမုဒ်ကို မရည်ရွယ်ဘဲ အသုံးပြုနေသကဲ့သို့ ဖြစ်လာသည်။
ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်အကြီးအကဲ တစ်ယောက်ပြီးတစ်ယောက် သူ၏လက်ချက်ဖြင့် လဲကျသွားကာ ဝိညာဉ်အခြေတည်အဆင့် အကြီးအကဲများမှာလည်း တရွေ့ရွေ့ဆုတ်ခွာနေကြရသည်။
အစ်ကိုကြီးချန်မှာ ငိုချင်စိတ်ပင်ပေါက်လာသည်။ သူက ဤမျှအထိ အပင်ပန်းမခံချင်ပေ။
အရင်က ဂိုဏ်းလေးဂိုဏ်းကို အမြစ်ဖြတ်စဉ်က ဘယ်လောက်လွယ်ခဲ့သလဲ ဆိုသည်ကို ပြန်တွေးကြည့်ပါ။
ဆင့်ခေါ်အဆောင်တစ်ခုသုံးလိုက်ရုံဖြင့် မျက်စိသုံးလုံးကျားပေါ်လာပြီး အတွေးတစ်ချက်ဖြင့် အရာအားလုံးကို ရှင်းလင်းပေးခဲ့သည်။
သူသည် ထိုပုဂ္ဂိုလ်ကြီး၏စွမ်းဆောင်မှုကိုကြည့်နေရုံနှင့် ပစ္စည်းများသိမ်းရုံသာ လုပ်ခဲ့ရသည် မဟုတ်ပါလား။
ယခုမူ ၁၅ မိနစ်ခန့် ကြာလာပြီး တိုက်ခိုက်မှုရာပေါင်းများစွာခံခဲ့ရသော်လည်း သူမသေသေးပေ။
*ဘယ်လောက်တောင် ကြာဦးမှာလဲ.... အရမ်းတော်နေတာကလည်း ပြစ်မှုတစ်ခုလားကွာ.....*
ဝိညာဉ်အခြေတည်အဆင့် ၆ သို့ ရုတ်တရက် ခုန်တက်သွားသည့် ပျော်ရွှင်မှုများပျောက်ဆုံးကုန်သည်။
တစ်ချက်တို့လိုက်ရုံနှင့်သေသွားမည့် အားနည်းသော ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေစေရန် ဆုတောင်းနေမိတော့သည်။
နေဦး... သူ တကယ်ကြီး နိုင်တော့မှာလား...
ဒီနတ်ဘုရားအဆင့် ဝိညာဉ်စင်မြင့်ကိုအားကိုးပြီး ဂိုဏ်းတစ်ခုလုံးကို တစ်ယောက်တည်း အပြတ်ရှင်းပစ်တော့မှာလား...
ပြန်စဉ်းစားကြည့်တော့... ဒါက တော်တော်လေးဟန်ထုတ်လို့ကောင်းတဲ့ကိစ္စပဲ.............
အပြင်လောကတွင် ဂိုဏ်းချုပ်ကျန်း၏ ပြိုင်ဘက်ကင်းတန်ခိုးအာဏာတော်ဖြင့် ချီရီဂိုဏ်းကို တစ်ကိုယ်တော်တိုက်ခိုက်သွေးလမ်းဖောက်ပြီး မြေလှန်ပစ်ခဲ့သည်ဟု ရာဇဝင်တွင်ကျန်ရစ်ပေတော့မည်။
အစ်ကိုကြီးချန်မှာ စိတ်ကူးယဉ်နေရင်း သူ၏စိတ်ဓာတ်မှာလည်း တဖြည်းဖြည်းပြောင်းလဲလာသည်။
ရန်သူ့နယ်မြေထဲသို့ နက်နက်ရှိုင်းရှိုင်းဝင်လာမိခြင်းကိုပင် သူ နောင်တရလာသည်။
ယခု သူသည် ရန်သူ့ဂိုဏ်း၏ အချက်အချာနေရာသို့ရောက်နေပြီး အပြင်ဘက်ရှိ လေလွင့်ကျင့်ကြံသူများမှာ မလိုက်ဝံ့ကြပေ။
ဤရင်သပ်ရှုမောဖွယ်တိုက်ပွဲကို မှတ်တမ်းတင်ပေးမည့် ဘေးလူတစ်ယောက်မှမရှိခြင်းမှာ အမှန်ပင် မပြည့်စုံလှပေ။
"သူ အလယ်ဗဟိုကို ရောက်နေပြီ"
"အစီအရင်ကို ဖွင့်လိုက်ကြစမ်း"
ရုတ်တရက် ဆရာသခင်ကွေ့ယန်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။
တိုက်ပွဲအတွင်း သူသည် ကျန်းချန်ကို အတွင်းဖက်သို့ ရည်ရွယ်ချက်ရှိရှိ ဆွဲခေါ်လာခဲ့ခြင်းဖြစ်သည်။
ပင်မတောင်ထိပ်၏ မိုင် ၃၀၀ ပတ်လည်အတွင်း ရောက်သည်နှင့် သူတို့သည် ဂိုဏ်းစောင့်အစီအရင်၏ နယ်နိမိတ်အတွင်းသို့ရောက်ရှိသွား၏။
ခဏချင်းမှာပင် ချီရီဂိုဏ်း၏ မဟာအစီအရင်ကြီးမှာအသက်ဝင်လာပြီး တောင်ထိပ်တိုင်းနှင့် ခန်းမတိုင်းရှိ ဝိညာဉ်အစီအရင်များ တောက်ပလာတော့သည်။
ကျန်းချန် မတုံ့ပြန်နိုင်မီမှာပင် အစီအရင်သည် အဝေးမှတိုက်ခိုက်လိုက်သည်။
ချီရီဂိုဏ်း၏ အစီအရင်မှာ အဆင့် ၆ ဖြစ်ပြီး ဂိုဏ်းကြီးတစ်ခုလုံး၏ ဝိညာဉ်သွေးကြောစွမ်းအားကို အသုံးချထားခြင်းဖြစ်ရာ ကျင့်ကြံသူတစ်ဦးတည်းအနေဖြင့် မည်သို့မျှ ယှဉ်နိုင်စွမ်းမရှိပေ။
ကောင်းကင်ကံကြမ္မာအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ဤအစီအရင်ကြောင့် ဒဏ်ရာရရှိနိုင်သည်။
နတ်ဘုရားအဆင့် ဝိညာဉ်စင်မြင့်မှာ အစွမ်းထက်သော်လည်း ၎င်းသည် နတ်ဝိညာဉ်ပျက်စီးမှုကိုသာ ကာကွယ်ပေးနိုင်သည်။
သက်မဲ့အစီအရင်မှ ထွက်ပေါ်လာသော မှော်အစွမ်းကိုမူ မကာကွယ်နိုင်ပေ။
ကျန်းချန်မှာ ဝိညာဉ်အခြေတည်အဆင့်သာရှိသေးသည်။
အဆုံးမဲ့သော မိုးကြိုးမီးလျှံများနှင့် ချော်ရည်များကိုရင်ဆိုင်ရင်း သူ၏ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားကာ နောက်ဆုံးတွင် ခုခံနိုင်စွမ်းမရှိတော့ဘဲ ပြာပင်မကျန်အောင် လောင်ကျွမ်းသွားတော့သည်။
အစီအရင်ကြီး ငြိမ်သက်သွားသောအခါ ပျက်စီးယိုယွင်းနေသော ချီရီဂိုဏ်းကြီးမှာ တိတ်ဆိတ်သွား၏။
လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်နေကြဆဲ...
ကျန်းချန်သည် အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
သူသည် နတ်ဘုရားများနှင့် ဗုဒ္ဓများကိုပင် ခုတ်ပိုင်းနိုင်စွမ်းရှိသူကဲ့သို့ဖြစ်နေခဲ့ရာ သူတို့မှာ အရှုံးပေးရန်နီးစပ်ခဲ့ကြ၏။
ဤမဟာအစီအရင်ကြီးသာမရှိပါက နောက်ထပ်လူမည်မျှသေဆုံးဦးမည်ကို မည်သူမျှမခန့်မှန်းနိုင်ပေ။
ကျန်းချန် အမှန်တကယ်သေဆုံးသွားပြီဖြစ်ကြောင်းအတည်ပြုပြီးမှသာ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။
ဆရာသခင်ကွေ့ယန်သည် သူ့ကိုယ်ပေါ်ရှိသွေးများကို သုတ်လိုက်သည်။ ပျက်စီးမှုများနှင့် အလောင်းများကိုကြည့်ကာ သူ မပျော်နိုင်ပေ။
ဆုံးရှုံးမှုမှာ အလွန်ပင်ကြီးမားလှသည်။ ၁၅ မိနစ်ခန့်သာကြာသောတိုက်ပွဲတွင် ချီရီဂိုဏ်းသား ၁,၀၀၀ နီးပါး သေဆုံးဒဏ်ရာရခဲ့သည်။
အများစုမှာ ဂိုဏ်း၏အဓိကမဏ္ဍိုင်များဖြစ်သော အကြီးအကဲများ၊ အတွင်းစည်းနှင့် အပြင်စည်း တပည့်များဖြစ်၏။
ကွေ့ယန်၏မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး အံကြိတ်ထားသောသွားများကြားမှ သွေးများစီးကျလာသည်။
"တွမ့်မူမိသားစု............. သွေးကြွေးကို သွေးနဲ့ဆပ်ရမယ်"
"ပြီးတော့ ဖေးရှန်ဂိုဏ်းရော"
"သတ်ကြ... အကုန်သတ်ပစ်ကြ"
ကျန်နေသောတပည့်များမှာ တောခွေးရိုင်းများကဲ့သို့အော်ဟစ်ကာ ရန်သူ၏အသားကိုကိုက်ဖဲ့ရန် ကျိန်ဆိုနေကြတော့သည်။
ဝိညာဉ်အခြေအနေဖြင့်ရှိနေသော ကျန်းချန်သည် သူတို့ကို ဆွံ့အစွာကြည့်နေမိသည်။
ချီရီဂိုဏ်းကိုလာတိုက်ခိုက်သူမှာ သူကိုယ်တိုင်ဖြစ်သော်လည်း သူတို့က အကြောင်းပြချက်မရှိဘဲ တွမ့်မူမိသားစုကို အပြစ်ပုံချနေကြသည်။
သူသည် အခြားကူးပြောင်းလာသူများကဲ့သို့ဆိုလျှင် မီးလောင်ရာလေပင့်လုပ်ကာ ထိုအင်အားကြီးနှစ်ဖွဲ့ကို အချင်းချင်းကိုက်ခိုင်းပြီး အမြတ်ထုတ်ပေလိမ့်မည်။
သို့သော် ထိုသို့အပင်ပန်းခံရန် မလိုပေ။
မရှုံးနိမ့်သောစနစ်နှင့်ဆိုလျှင် တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းမှာ ပို၍ထိရောက်သည်။
မျှော်လင့်ထားသည့်အတိုင်း စနစ်မှအသံထွက်ပေါ်လာသည်။
"ဒင်... လက်ခံသူ သေဆုံးသွားသည်။ ရန်သူ၏ အင်အားကို တိုင်းတာနေသည်..."
ကျန်းချန်၏အမြင်တွင် လူသောင်းချီနှင့် အဆင့် ၆ မဟာအစီအရင်ကြီးကိုရင်ဆိုင်ရန် စနစ်၏အကောင်းဆုံးရွေးချယ်မှုမှာ မျက်စိသုံးလုံးကျားကို ဆင့်ခေါ်ပေးရန်သာ။
၎င်းကိုအမြဲအားကိုးနေရခြင်းကို သူ မကြိုက်သော်လည်း အခြားပိုကောင်းသော ရွေးချယ်မှုမရှိချေ။
စနစ်က သူ့ကို ကောင်းကင်ကံကြမ္မာအဆင့်သို့ တိုက်ရိုက်တိုးမြှင့်ပေးမည် မဟုတ်သည်မှာ သေချာသည်။
"ဒင်... လက်ခံသူ၏ သွေးစွန်းသည့် ရဲစွမ်းသတ္တိကြောင့် ငရဲကြီးကိုးထပ်မိစ္ဆာများအကြားရှိ စစ်ပွဲဝိညာဉ်ကို နိုးထစေခဲ့ပါသည်။ စစ်ပွဲဝိညာဉ်စွမ်းအားအပ်နှင်းမှုကို ရရှိပါသည်။ ကြာချိန် - ၃ မိနစ်။"
"၃ မိနစ်အတွင်း လက်ခံသူ၏တိုက်ခိုက်မှုအားလုံး အဆ ၅၀တိုးလာမည်ဖြစ်ပြီး ခုခံနိုင်စွမ်း ၁၀ ဆ တိုးလာမည်"
*ဘာလဲဟ... စစ်ပွဲဝိညာဉ်ဆိုပါလား...*
ကျန်းချန်သည် ၎င်းအကြောင်းကို တစ်ခါမျှမကြားဖူးပေ။
စစ်ပွဲဝိညာဉ်ဆိုသည်မှာ သူ၏အဆင့်နှင့် အလှမ်းဝေးလွန်းလှပြီး သူတော်စင်အဆင့်မတိုင်မီ ရရှိနိုင်သောအရာမဟုတ်ပေ။
သို့သော် ဘယ်လိုလုပ် ငရဲကြီးကိုးထပ်မိစ္ဆာဝိညာဉ်ကို အသက်ဝင်စေခဲ့တာလဲ.....
*သွေးစွန်းနေတဲ့ ရဲစွမ်းသတ္တိ.... ငါက ကြွားချင်လို့ လုပ်နေတာပါဆိုမှ၊ စစ်သွေးကြွမှတ်နေတာလား... ရဲရင့်တာတွေ၊ သွေးစွန်းတာတွေ၊ ကြေကွဲစရာတွေ တစ်ခုမှမရှိပါဘူး....*
မည်သို့ပင်ဆိုစေ ရလဒ်ကတော့ မဆိုးလှပေ။
သူ၏ဟန်ထုတ်မှုမှာ ယုံကြည်စရာကောင်းသွားသောကြောင့် ယခုအခါ နောက်ထပ် ၃ မိနစ်ကြာ ဆက်လက်၍ကြွားဝါခွင့် ရရှိသွားပြီဖြစ်သည်။
"ဒင်... လက်ခံသူ အသက်ပြန်ရှင်လာပါပြီ"
အလင်းတစ်ချက်ဖျတ်ခနဲလက်သွားပြီးနောက် အစ်ကိုကြီးချန်သည် မူလနေရာ၌ပင် အသက်ပြန်ရှင်လာသည်။
သူ၏ကိုယ်ခန္ဓာအတွင်း၌ ပေါက်ကွဲထွက်တော့မည့်စွမ်းအားများ စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။
မှင်တက်နေသော ဆရာသခင်ကွေ့ယန်နှင့် ချီရီဂိုဏ်းသားများကို ဂရုမစိုက်တော့ဘဲ ဓားကိုမြှောက်ကာ ပြေးဝင်လိုက်သည်။
"မင်း... မင်း... ဘယ်လိုလုပ်ပြီး..."
*မင်း ဘာလို့ မသေသေးတာလဲ*
ရှင်းပြနေဖို့ အချိန်မရှိပေ... ၃ မိနစ်သာ အချိန်ရသည်...
အချိန်ဖြုန်းလိုက်လျှင် မူလအခြေအနေသို့ပြန်ရောက်သွားပြီး ထပ်အသတ်ခံရပေလိမ့်မည်။
စနစ်ကပေးအပ်ထားသော အနိုင်ရရှိရမည့်အခြေအနေကို မအောင်မြင်ပါက စနစ်ကဘာလုပ်မည်ကို သူ မသိပေ။
*ရွှစ်*
ဝိညာဉ်ဓားကို ဝှေ့ယမ်းလိုက်သည်။
သူ့ရှေ့တွင် အားလှိုင်းကြီးတစ်ခု ထွက်ပေါ်လာ၏။
သူသည် ဝိညာဉ်အခြေတည်အဆင့် ၆ သာ ရှိသေးသော်လည်း အဆ ၅၀ တိုးမြှင့်ထားသော တိုက်ခိုက်မှုကြောင့် ထိုလှိုင်းလုံးကြီးမှာ ကောင်းကင်ကံကြမ္မာအဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားတော့သည်။
ဆရာသခင်ကွေ့ယန်မှာ ညည်းတွားရန်ပင် အချိန်မရလိုက်ပေ။
သူသည် ဟာရီကိန်းမုန်တိုင်းအတွင်းမှ သစ်သားချောင်းလေးတစ်ခုကဲ့သို့ ခံစားလိုက်ရပြီး ကြောက်မက်ဖွယ် လှိုင်းလုံးကြီးများရှေ့တွင် အစွမ်းမဲ့သွားတော့သည်။
ဓားအလင်းတန်း တစ်ချက်လက်သွားသည်.....
ဆရာသခင်ကွေ့ယန်မှာ ထိုနေရာ၌ပင် ပျောက်ကွယ်သွား၏။
ဟုတ်သည်..... အစအနမကျန် ပျောက်ကွယ်သွားခြင်းပင်။
ထိုဓားချီမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။