← Chapters

အစွမ်းပြခြင်း

Vol. 5 Ch. 43

အစွမ်းပြခြင်း

Vol. 5 Ch. 43

ကျန်းချန်သည် မူလက မီးတောက်ချုပ်နှောင်ဓားကွက်ကိုအသုံးပြုရန် ကြံရွယ်ခဲ့သော်လည်း ထိုသိုင်းကွက်၏အစွမ်းမှာ အလွန်တရာကြီးမားလွန်းလှသဖြင့် အစအဆုံးထုတ်ဖော်နိုင်ခြင်းမရှိဘဲ ဓားတစ်ချက်သာလွှဲယမ်းလိုက်နိုင်သည်။

သို့ရာတွင် ထိုဓားချက်တစ်ချက်တည်းနှင့်ပင် သူ၏မူလပစ်မှတ်ဖြစ်သော ကွေ့ယန်ကို ချေမှုန်းနိုင်ခဲ့ရုံမက ဓားအလင်းတန်းကျရောက်ရာဝန်းကျင်ရှိ ဂိုဏ်းသားတစ်သောင်းကျော်ကိုပါ သုတ်သင်ပစ်လိုက်လေပြီ။

လေပြင်းတစ်ချက်အဝှေ့တွင် မြက်ပင်များ ညီညာစွာပြိုလဲသွားသကဲ့သို့ သူတို့အားလုံး တစ်ပြိုင်နက်တည်း အသက်ပျောက်ခဲ့ကြရလေသည်။

“မဖြစ်နိုင်ဘူး...”

တုံ့ပြန်မှုမြန်ဆန်သော အကြီးအကဲအချို့မှာ အသက်လုကာ ဝေးရာသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။

သို့သော် မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် သူတို့သည် ကိုယ့်မျက်စိကိုယ်ပင်မယုံကြည်နိုင်အောင် ဖြစ်နေကြရ၏။

ဤမျှအစွမ်းထက်သောစွမ်းအားမျိုးမှာ လောကတွင် မည်သို့တည်ရှိနိုင်ပါမည်နည်း။

ထိုအချိန်တွင် ဂိုဏ်းစောင့်အစီအရင်ကြီးသည် ကျူးကျော်သူကို အလိုအလျောက်ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်ပြန်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ အစီအရင်၏တိုက်ကွက်မှာ တစ်ဝက်တစ်ပျက်သို့ပင် မရောက်သေးမီ ကျန်းချန်၏ ဓားချက်တစ်ချက်က ပြန်လည်ရိုက်ခတ်သွားလေပြီ။

*ဝုန်း*

တောင်တစ်လုံးပြီးတစ်လုံးပြိုလဲသွားကာ လေထုထဲတွင် အသံထက်မြန်သော ပေါက်ကွဲသံများ ဟိန်းထွက်သွား၏။

ကောင်းကင်ယံတစ်ခုလုံးတွင်လည်း အရောင်အသွေးစုံလင်သော ဓားအလင်းတန်းများနှင့် မီးလျှံများ ဖုံးလွှမ်းသွားတော့သည်။

ထို့နောက်တွင်မူ ဂိုဏ်းစောင့်အစီအရင်ကြီးသည် ရုတ်ချည်းရပ်တန့်သွားတော့၏။

ဤတစ်ကြိမ်ရပ်တန့်သွားရခြင်းမှာ ပစ်မှတ်ကိုသုတ်သင်ပြီး၍မဟုတ်ဘဲ ကျန်းချန်၏ဓားချက်ကြောင့် အစိပ်စိပ်အမွှာမွှာပျက်စီးသွားရခြင်းကြောင့်သာ။

*ဖြောင်း*

စွမ်းအင်ပမာဏမှာ အလွန်တရာ ပြင်းထန်လွန်းလှသဖြင့် သူ၏လက်ထဲရှိ အဆင့် ၆ ဝိညာဉ်ဓားပင် ဝိညာဉ်စွမ်းအင်များ၏ဒဏ်ကိုမခံနိုင်တော့ဘဲ တစ်စစီကြေမွပျက်စီးသွားလေတော့သည်။

“ပြေးကြဟေ့”

“မြန်မြန်ပြေးကြ”

ကျန်နေသောအကြီးအကဲများနှင့် ဂိုဏ်းသားများမှာ ဆက်မနေရဲကြတော့ဘဲ အသည်းအသန် ထွက်ပြေးကြလေသည်။

သို့သော် အချိန်နှောင်းသွားလေပြီ။

နတ်ဘုရားအဆင့် ဝိညာဉ်စင်မြင့်ကို ထပ်မံထုတ်ဖော်လိုက်ပြန်ရာ ဤတစ်ကြိမ်တွင် အဆပေါင်းငါးဆယ် ပိုမိုပြင်းထန်လေသည်။

ကျန်းချန်အနေဖြင့် ဝိညာဉ်စင်မြင့်၏ အဆင့် ၄ လျှို့ဝှက်သိုင်းကွက်ကိုပင် မထုတ်ဖော်ရသေးမီ ရောက်ရှိနေသူအားလုံးမှာ မမြင်ရသောဧရာမတူကြီးနှင့် အထုခံလိုက်ရသကဲ့သို့ ခေါင်းကိုထိမှန်ကာ မြေပြင်သို့ပြုတ်ကျကုန်ကြသည်။

ဝိညာဉ်စင်မြင့် လျှို့ဝှက်သိုင်းကွက်ကို အသုံးပြုပြီးသောအခါတွင်မူ...

နတ်ဘုရားအဆင့်ဝိညာဉ်စင်မြင့်မှာ ချီရီဂိုဏ်းအတွင်းရှိ လူအားလုံး၏ဝိညာဉ်များကို တခဏချင်း ကြေမွပျက်စီးစေခဲ့ကာ မည်သည့်သက်ရှိမျှမကျန်ရစ်တော့ပေ။

စစ်ပွဲဝိညာဉ်၏အစွမ်းမှာ တစ်မိနစ်ပင်မပြည့်သေးသော်လည်း ချီရီဂိုဏ်းတစ်ဂိုဏ်းလုံး အမြစ်ပြတ်သုတ်သင်ခံလိုက်ရပြီဖြစ်ရာ ကျန်းချန်တစ်ယောက်သာ အသက်ရှင်ကျန်ရစ်သူ ဖြစ်နေတော့သည်။

၎င်းသည် သူ့အား ဖော်ပြမတတ်သာသော အထီးကျန်ဆန်မှုကို ခံစားရစေ၏။

ပြိင်ဘက်ကင်းရတာ အထီးကျန်တယ်..........................

စနစ်ကပေးအပ်သော အနိုင်ရရှိရေးအစီအစဉ်မှာ အလွန်တရာစွမ်းအားကြီးမားလွန်းသဖြင့် သူကိုယ်တိုင်ပင် အံ့အားသင့်နေမိသည်။

ဟန်ထုတ်ရန် မိနစ်အနည်းငယ်ကျန်ရှိနေသေးသည်ကို သတိပြုမိသောအခါ ထိုအချိန်ကို အကျိုးရှိရှိအသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

သူသည် စစ်မြေပြင်မှရင်းမြစ်များကိုပင် မကောက်ယူတော့ဘဲ ချီရီဂိုဏ်း၏ တောင်တံခါးအပြင်ဘက်သို့ ပျံသန်းထွက်ခွာခဲ့လေသည်။

ယခုအခါ သူ၏အရှိန်မှာ ယခင်ကထက် အဆပေါင်းများစွာ မြန်ဆန်နေပြီဖြစ်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဂိုဏ်းအပြင်ဘက်ရှိ လေလွင့်ကျင့်ကြံသူများအထက်သို့ ရောက်ရှိသွားတော့၏။

ထိုအချိန်တွင် အပြင်ဘက်၌လည်း သွေးချောင်းစီးနေပြီး အခြေအနေကို လာရောက်ကြည့်ရှုကြသော ကျင့်ကြံသူတစ်သောင်းနီးပါး သေဆုံးနေကြသည်။

သို့သော် ၎င်းသည် ကျန်းချန်၏လက်ချက်မဟုတ်ဘဲ ကွေ့ယန်၏ ယခင်တိုက်ကွက်အတွင်း ကြားညှပ်သွားကြသူများသာဖြစ်သည်။

ကျန်သောကျင့်ကြံသူအများအပြားမှာလည်း အလန့်တကြားထွက်ပြေးနေကြရာ ပရမ်းပတာဖြစ်နေ၏။

ကျန်းချန် ကောင်းကင်သို့ပျံတက်လာသည်ကိုမြင်သောအခါ ကျန်ရစ်သူများမှာ ချက်ချင်းပင် အာရုံစိုက်လာကြသည်။

“ဘာတွေဖြစ်နေတာလဲ”

“ဂိုဏ်းချုပ်ကျန်း အနှင်ထုတ်ခံလိုက်ရတာလား”

“ချီရီဂိုဏ်းကတော့ တကယ်ကို ရက်စက်လွန်းတယ်။ ငါတို့ တောင်တံခါးထဲတောင် မဝင်ရသေးဘူး၊ အပြစ်မဲ့တဲ့လူတွေကို သတ်ဖြတ်နေကြပြီ”

“တိုးတိုးပြောစမ်းပါ၊ ဒါက ချီရီဂိုဏ်းရဲ့ နယ်မြေလေ...”

“အားလုံးပဲ စိတ်အေးအေးထားကြပါ၊ ချီရီဂိုဏ်းက နောက်နောင် ဘယ်တော့မှ ယုတ်မာနိုင်တော့မှာ မဟုတ်ဘူး”

ကျန်းချန်သည် သူ၏ဓားရှည်ကိုမြှောက်ကိုင်လိုက်ပြီး ဝိညာဉ်စွမ်းအင်ထည့်သွင်း၍ပြောလိုက်ရာ သူ၏အသံမှာ မိုင်ပေါင်းရာချီသို့ ပျံ့နှံ့သွားလေသည်။

“ငါ ဂိုဏ်းချုပ်က အခုလေးတင် ချီရီဂိုဏ်းကို အပြီးတိုင်ချေမှုန်းလိုက်ပြီ”

သူ၏အသံမှာ တောင်တန်းများကြားတွင် ပဲ့တင်ထပ်နေပြီး ကြားရသူအားလုံး၏ နားထဲတွင် တဝီဝီ မြည်ဟည်းသွားတော့သည်။

*ဘာတဲ့... ချီရီဂိုဏ်း ပျက်စီးသွားပြီ ဟုတ်လား..........

ဒီလောက် မြန်သလား.........*

ထိုဂိုဏ်းမှာ ချင်လန်စီရင်စုတွင် နှစ်ပေါင်းသောင်းချီ၍အခြေစိုက်လာသော အင်အားကြီး နယ်မြေရှင်ကြီး မဟုတ်ပါလား။

မဖြစ်နိုင်ဟု အားလုံးက ထင်မှတ်နေကြစဉ်မှာပင်.........

ကျန်းချန်သည် သူ၏ဓားရှည်ကိုဝှေ့ယမ်းလိုက်ပြီး ရှေ့မှ မိုင်ပေါင်းထောင်ချီရှည်လျားသော တောတောင်များဆီသို့ ညွှန်ပြလိုက်သည်။ ထို့နောက်တွင်မူ...

ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားသော အံ့မခန်းဓားအလင်းတန်းကြီး တစ်ဟုန်ထိုး ထွက်ပေါ်လာသည်ကို အားလုံးမြင်တွေ့လိုက်ကြရ၏။

* ဝုန်း*

မိုင်ပေါင်းထောင်ချီဝေးကွာသော တောင်တန်းကြီးများအတွင်း ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

ဖုန်မှုန့်များနှင့် မီးခိုးလုံးများမှာ ကောင်းကင်သို့လွင့်ပျံသွားကာ မြေငလျင်လှုပ်သကဲ့သို့ ပြင်းထန်သောတုန်ခါမှုကို လူတိုင်း ခံစားလိုက်ကြရ၏။

ကျင့်ကြံသူအများအပြားမှာ ကောင်းကင်သို့ ပျံတက်ကြည့်ရှုကြရာ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်ကာ ပြုတ်ကျလုနီးပါး ဖြစ်သွားကြသည်။

တောင်တန်းကြီးများကိုဖြတ်သန်းကာ မိုင်ပေါင်းရာချီ ကျယ်ဝန်းပြီး မိုင်ထောင်ချီ ရှည်လျားသော လမ်းမကြီးတစ်ခုသဖွယ် မြေပြန့်လွင်ပြင်ကြီး ဖြစ်ပေါ်သွားသည်ကို မြင်တွေ့လိုက်ကြရ၏။

၎င်းသည် လူသားတစ်ဦး၏စွမ်းအားဟု ဆိုနိုင်ပါဦးမည်လော။

ဤသည်မှာ နတ်ဘုရားတို့၏တန်ခိုးတော်သာ ဖြစ်ပေလိမ့်မည်။

ကျန်းချန်ကို ပြန်ကြည့်လိုက်ရာ သူသည် ဓားကို ဓားအိမ်ထဲသို့ပြန်ထည့်ပြီး ဘာမှမပြောဘဲ တည်ငြိမ်စွာ ရပ်နေ၏။

ဤတိတ်ဆိတ်မှုမှာ စကားလုံးပေါင်းထောင်သောင်းမကသော အနက်အဓိပ္ပာယ်ကို ဖော်ဆောင်နေသည်။

ရှင်းပြနေရန် မလိုတော့ပေ၊ ဤမျှ အစွမ်းထက်သောသူအတွက် ချီရီဂိုဏ်းကို ဖျက်ဆီးခြင်းမှာ အသေးအဖွဲမျှသာ ဖြစ်ပေလိမ့်မည်။

“ဂိုဏ်းချုပ်ကျန်း အောင်မြင်ပါစေ”

“ဂိုဏ်းချုပ်ကျန်းက နတ်ဘုရားတစ်ပါးပဲ”

“ချီရီဂိုဏ်းဆိုတဲ့ အန္တရာယ်ဆိုးကြီးကို ဖယ်ရှားပေးပြီး ကျွန်တော့်ဆရာအတွက် ကူညီလက်စားချေပေးလို့ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကျန်း”

ရောက်ရှိနေသော ကျင့်ကြံသူများမှာ ဤဓားချက်၏အစွမ်းကြောင့် လုံးဝဥဿုံအညံ့ခံကာ ကြည်ညိုသွားကြပြီး အချို့မှာ မြေပြင်တွင်ဒူးထောက်ကာ ဦးတိုက်ကြလေတော့သည်။

ကျန်းချန်သည် သူတို့မျက်လုံးထဲတွင် ဒဏ္ဍာရီလာနတ်ဘုရားတစ်ပါးနှင့် မခြားတော့ပေ။

ဤမြင်ကွင်းကိုမြင်သောအခါ ကျန်းချန်သည် အလွန်စိတ်ကျေနပ်သွားပြီး သူ၏ ဟန်ထုတ်လိုသောဆန္ဒမှာလည်း ပြည့်ဝသွားတော့သည်။

*ဒီလိုအစွမ်းပြလိုက်လို့ ငါ့ကို ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်က အားနည်းသူတစ်ယောက်လို့ ဘယ်သူမှ ထပ်ပြီးသံသယမဝင်လောက်တော့ဘူး...*

သူ တွေးလိုက်မိသည်။

ထို့အပြင် ဤကိစ္စသည် ဖေးရှန်ဂိုဏ်းအတွက် ကြော်ငြာလည်းဖြစ်ပေသည်။

ယခင်ကအထင်သေးခဲ့သူများ သို့မဟုတ် ဝင်ရောက်ရန်ကြောက်ရွံ့နေသူများမှာ ယခုအခါ ပြောင်းလဲသွားကြပေလိမ့်မည်။

ထို့နောက် ကျန်းချန်သည် အောင်ပွဲရင်းမြစ်များ သိမ်းဆည်းရန် ကျန်ရှိသေးသည်ကို သတိရကာ ဟန်ထုတ်ချိန်မှာလည်း ကုန်ဆုံးတော့မည် ဖြစ်သောကြောင့် တိမ်တိုက်ကိုစီးနင်းကာ ချီရီဂိုဏ်းအတွင်းသို့ အမြန်ပြန်ဝင်ခဲ့သည်။

“ဒင်... ၁,၃၆၂ မှတ် ရရှိပါသည်။”

*ဘာပါလိမ့်... ဘာတွေဖြစ်နေတာလဲ... ငါ ဘာမှတောင် မသိမ်းရသေးဘူး၊ အမှတ်တွေ ဘယ်က ရောက်လာတာလဲ.............*

စနစ်မှတ်တမ်းကိုကြည့်လိုက်မှ သူ နားလည်သွားတော့သည်။

စောစောက သူ၏ဓားချက်မှာ နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ဖြစ်ခဲ့သဖြင့် ကျင့်ကြံသူ သုံးထောင်ကျော်မှာ သူ့ကိုအလွန်အမင်းကြည်ညိုကာ စိတ်ထဲမှသစ္စာခံလိုက်ကြခြင်းဖြစ်သည်။

သူတို့သည် ဖေးရှန်ဂိုဏ်းသို့ တရားဝင် မဝင်ရောက်သေးသော်လည်း စနစ်အတွက်မူ ထိုလူများကို ကျန်းချန်၏ နောက်လိုက်များအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။

ထို့အပြင် ကျန်းချန်၏ ကျော်ကြားမှု မြင့်တက်လာခြင်းမှာလည်း လောကသုံးပါးကို ညီညွှတ်စေရန်ဟူသည့် ရည်မှန်းချက်အတွက် အထောက်အကူဖြစ်စေသည့်အတွက်ကြောင့် အမှတ်များရရှိခဲ့ခြင်းဖြစ်၏။

သို့သော် ထိုသူအများစုမှာ စွမ်းအားနိမ့်ပါးပြီး ပါရမီမရှိကြသဖြင့် လူသုံးထောင်၏ အမှတ်စုစုပေါင်းမှာ တစ်ထောင်ကျော်သာ ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဤကိစ္စမှာ ဝမ်းသာစရာ အံ့အားသင့်မှုတစ်ခု ဖြစ်ပေသည်။

*စနစ်က ငါ့ကို လူရှေ့မှာ မကြာခဏ ဟန်ထုတ်ဖို့ အားပေးနေတာပဲ *

ကျန်းချန် တွေးလိုက်သည်။

နှမြောစရာကောင်းသည်မှာ စစ်ပွဲဝိညာဉ်အစွမ်း ကုန်ဆုံးသွားပြီဖြစ်သဖြင့် သူ၏ စွမ်းအားမှာ မူလအဆင့်သို့ ပြန်ရောက်သွားခြင်းပင်။

သို့မဟုတ်ပါက သူသည် တစ်လောကလုံးကိုလှည့်လည်ကာ ဆက်၍ဟန်ထုတ်နေဦးမည်။

ချီရီဂိုဏ်း၏ အရင်းအမြစ်များမှာ ကျီယွဲ့ဂိုဏ်းထက် အဆပေါင်းများစွာသာလွန်လှသဖြင့် ကျန်းချန်ပင် မျက်စိလည်သွားရသည်။

အကောင်းဆုံးပစ္စည်းအချို့ကို ချန်လှပ်ထားပြီးနောက် သူ အသုံးမလိုသော ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများနှင့် လက်နက်ကိရိယာ အားလုံးကို အမှတ်များအဖြစ် လဲလှယ်လိုက်သည်။

ထိုသို့ လဲလှယ်လိုက်ရာတွင် စုစုပေါင်း အမှတ် ၅၅,၀၄၈ အထိ ရရှိခဲ့သည်။

ချီရီဂိုဏ်း၏ ဝိညာဉ်သွေးကြောမှာလည်း တတိယအဆင့်ဖြစ်သဖြင့် အမှတ် ၂၀,၀၀၀ နှင့် တိုက်ရိုက် လဲလှယ်နိုင်ခဲ့၏။

ချီရီဂိုဏ်းသို့ တစ်ခေါက်လာရောက်ရုံဖြင့် အမှတ်ပေါင်း ၇၅,၀၄၈ ရရှိခဲ့ရာ ကျီယွဲ့ဂိုဏ်းကဲ့သို့ အလတ်စားဂိုဏ်းများထက် ဆယ်ဆမက သာလွန်နေသည်။

ချီရီဂိုဏ်းတွင် အရင်းအမြစ်ကြွယ်ဝမည်ကို သူသိသော်လည်း ဤမျှအထိဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ယခင်က ရှိရင်းစွဲအမှတ်များနှင့် ပေါင်းလိုက်ပါက ယခုအခါ သူ၏အမှတ်မှာ ရှစ်သောင်းကျော်နေပြီဖြစ်ရာ အမှတ်တစ်သိန်းပြည့်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

All Chapters