← Chapters

ဆရာကျန်း၏ အလှူတော်ကြီး

Vol. 5 Ch. 44

ဆရာကျန်း၏ အလှူတော်ကြီး

Vol. 5 Ch. 44

ပစ္စည်းသိမ်းပြီးနောက် သူသည် ကောင်းကင်သို့ပျံတက်ကာ ဖေးရှန်ဂိုဏ်းသို့ ပြန်တော့သည်။

သူ့တွင် အသက်ပြန်ရှင်နိုင်ခွင့်တစ်ကြိမ် ကျန်ရှိနေသေးသည်။ အားစိုက်ထုတ်မှုကိုအရှိန်မြှင့်ပြီး တွမ့်မူမိသားစုကိုပါ ထပ်မံတိုက်ခိုက်လျှင် မကောင်းပေဘူးလား။

ကျန်းချန်သည် တွမ့်မူဟုန် မည်သူမည်ဝါဖြစ်ကြောင်း မသိသေးသကဲ့သို့ မီးတောက်ချုပ်နှောင်ဓားကွက်မှာ တွမ့်မူမိသားစုမူပိုင် လျှို့ဝှက်သိုင်းကွက်ဖြစ်ကြောင်းကိုလည်း မသိရှာပေ။

တွမ့်မူမိသားစုက သူ့ကို နှစ်ကြိမ်တိုင်တိုင် တိတ်တဆိတ်တိုက်ခိုက်ခဲ့သည်ကိုလည်း သူ လုံးဝ သတိမပြုမိခဲ့ချေ။

တွမ့်မူချီသည် သူ့ကို တစ်ကြိမ်လာရောက်ရန်စခဲ့ဖူးသော်လည်း သူက သတ်ဖြတ်ပစ်ခဲ့ပြီးပြီဖြစ်သည်။

ကျန်းချန်၏အမြင်တွင်မူ ထိုကိစ္စမှာ ပြီးပြတ်သွားပြီဖြစ်၏။

အနည်းဆုံးတော့ ယခုအချိန်အထိ သူသည် တွမ့်မူမိသားစုအပေါ် ရန်ငြိုးမထားသေးပေ။

ပျံသန်းနေရင်း သူသည် တစ်စုံတစ်ခုကို ရုတ်တရက်သတိရသွားသည်။

လောလောလတ်လတ်တွင် လူအများပြောဆိုနေကြသည်မှာ သူသည် ဂိုဏ်းများကိုဖျက်ဆီးရာတွင် အလွန်အတ္တကြီးပြီး အရင်းအမြစ်အားလုံးကို သိမ်းကျုံးယူငင်ကာ သူတစ်ပါးအတွက် ဝိညာဉ်ကျောက်တုံးတစ်တုံးပင် ချန်မထားခဲ့ဟု ဆိုကြလေသည်။

ထိုသို့သော ပြောဆိုချက်များကြောင့် နေရာအနှံ့တွင် မကျေနပ်သံများထွက်ပေါ်နေပြီး သူ၏ ဂုဏ်သတင်းကိုလည်း များစွာထိခိုက်စေခဲ့သည်။

ဟန်ထုတ်ဘုရင်ဖြစ်သော ကျန်းချန်အနေဖြင့် သူ၏ ဂုဏ်သိက္ခာကို အလွန်တန်ဖိုးထားသူဖြစ်၏။

သေချာစဉ်းစားကြည့်ပြီးနောက် အနည်းငယ်အနစ်နာခံကာ သူ၏ပုံရိပ်ကိုအဖတ်ဆယ်ရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သိုလှောင်လက်စွပ်အတွင်း အချိန်အတော်ကြာ မွှေနှောက်ရှာဖွေပြီးနောက် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်တုံးကို တွေ့ရှိသွားပြီး ပျက်စီးနေသော ရင်ပြင်ထက်သို့ ပစ်ချလိုက်လေသည်။

ခေတ္တမျှတွန့်ဆုတ်နေပြီးနောက် အလယ်အလတ်စားဝိညာဉ်ကျောက်တုံးနှစ်တုံးကိုပါ ထပ်မံထုတ်ယူလိုက်ပြန်သည်။

၎င်းသည် သူ့ရှိသမျှ လက်ကျန်အကုန်ပင်ဖြစ်၏။

ကျန်ရှိသောကျောက်တုံးများမှာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများဖြစ်သဖြင့် မစွန့်လွှတ်နိုင်ပေ။

မြေပြင်ပေါ်တွင် ကျောက်တုံးများတင်ထားပါက လူများသတိမထားမိဘဲ ကျော်သွားမည်ကို စိုးရိမ်သဖြင့် ထိုဝိညာဉ်ကျောက်တုံးသုံးတုံးကိုကောက်ယူကာ ပင်မခန်းမ၏ အလယ်ဗဟိုရှိ စားပွဲရှည်ကြီးပေါ်တွင် ဂရုတစိုက် တင်ထားလိုက်သည်။

ဤသို့ဆိုလျှင် လေလွင့်ကျင့်ကြံသူများဝင်လာသောအခါ ချက်ချင်းမြင်တွေ့နိုင်ပေမည်။

ထိုအခါမှသာလျှင် ဂိုဏ်းချုပ်ကျန်းသည် အလွန်ရက်ရောသူဖြစ်ကြောင်းနှင့် သူတို့အတွက် အထူးလက်ဆောင်ချန်ထားခဲ့ကြောင်း သိရှိကြပေလိမ့်မည်။

ရောမရောက်ရင် ရောမလိုကျင့် ဆိုသကဲ့သို့ပင် ကျန်းချန်မှာ လူမှုရေးကျွမ်းကျင်သူဖြစ်ရာ ဤသို့သော လောကဝတ်ထုံးစံများကို ကောင်းစွာနားလည်ပေသည်။

အရာအားလုံးပြီးစီးသောအခါ သူ၏တည်ရှိမှုကိုဖုံးကွယ်ကာ ထွက်ခွာသွားတော့သည်။

မိုင်အနည်းငယ်ပျံသန်းပြီးနောက် သူ၏ဓားချက်ကြောင့် ဖြစ်ပေါ်လာသော မိုင်ထောင်ချီရှည်လျားသည့် ချောက်နက်ကြီးကို မြင်တွေ့လိုက်ရသည်။

အမှန်အတိုင်းဆိုရလျှင် သူသည် လမ်းသစ်တစ်ခုဖောက်လုပ်ပေးလိုက်ခြင်းဖြစ်ပြီး တောင်တန်းများပိတ်ဆို့နေသော ဤဒေသအတွက် သွားလာရေး ပိုမိုလွယ်ကူသွားစေသည်။

သူ၏ မူလရည်ရွယ်ချက် မဟုတ်သော်ငြားလည်း သူ၏လက်ရာမွန်ကိုကြည့်ရင်း များစွာ ဂုဏ်ယူနေမိ၏။

"ဟင်... ရင်းနှီးနေတဲ့ အငွေ့အသက်တစ်ခုကို ခံစားနေရပါလား"

"အားဟွမ် ဒီမှာ ရှိနေတာလား"

သူသည် ကမ္ဘာ့နှလုံးသားအပိုင်းအစများ၏ အငွေ့အသက်ကို အလွန်အမင်း အာရုံခံနိုင်စွမ်းရှိသည်။

လွန်ခဲ့သောအကြိမ် အားဟွမ်ကိုအနိုင်ယူခဲ့စဉ်က သူတစ်ကြိမ်သေဆုံးခဲ့ဖူးသဖြင့် စနစ်က သူ့အား တူညီသော မူလအငွေ့အသက်အရင်းအမြစ်တစ်ခုကို ပေးအပ်ထားခြင်းဖြစ်သည်။

ထို့ကြောင့်လည်း အားဟွမ်က သူ့ကို မိသားစုဝင်အဖြစ် အသိအမှတ်ပြုခြင်းဖြစ်၏။

ယခုတွင် ထိုအငွေ့အသက်မျိုးကို ထပ်မံခံစားလိုက်ရပြန်သည်။

သိမြင်မှုစွမ်းရည်ကို အသုံးပြုလိုက်သောအခါ လမ်းသစ်၏အောက်ခြေတွင် ရွှေရောင်အာမေဍိတ်အမှတ်အသားတစ်ခုကို တွေ့ရှိသွားတော့သည်။

"ကမ္ဘာ့နှလုံးသား အပိုင်းအစပဲ..."

"တကယ်ကြီးပါလား"

ကျန်းချန် အတိုင်းထက်အလွန် ဝမ်းသာသွားသည်။

ဤအရာမှာ မည်မျှအဖိုးတန်ကြောင်း သူ ကောင်းစွာသိရှိ၏။

အားဟွမ် မည်မျှစွမ်းအားကြီးသည်ကို ကြည့်ရုံနှင့်သိနိုင်သည်။

အဓိကအချက်မှာ ဤရတနာမျိုးမှာ အလွန်ရှားပါးလှပြီး ရှာဖွေတွေ့ရှိရန်မှာ ကံတရားပေါ်တွင်သာ လုံးဝမူတည်နေ၏။

*ဒါဟာ ငါ့ရဲ့ ရက်ရောမှုနဲ့ အနစ်နာခံမှုအတွက် ကောင်းကင်ဘုံကပေးတဲ့ဆုလာဘ် ဖြစ်ရမယ် *

သူက ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းလိုက်မိသည်။

သူ အသက်ပြန်ရှင်နိုင်ခွင့်ရှိနေသေးသဖြင့် စကားကို ရဲရဲတင်းတင်းပြောရဲနေခြင်းဖြစ်၏။

အချိန်အနည်းငယ် တူးဖော်ပြီးနောက် လက်ညှိုးခန့်သာရှိသော တောက်ပသည့် ပုံဆောင်ခဲလေးတစ်ခုကို တူးဖော်ရရှိခဲ့သည်။

လက်ဖဝါးပေါ်တွင်တင်ထားသော အပိုင်းအစလေးမှာ မည်သည့်အရာနှင့်မျှမထိဘဲ လေထဲတွင်လွင့်မျောနေသည်မှာ အမှန်ပင် အံ့ဩဖွယ်ရာကောင်းလှ၏။

"ဒီအပိုင်းအစက ကိုယ်ပိုင်အသိစိတ် မဝင်သေးဘူးလား"

မည်သည့် အားစိုက်ထုတ်မှုမျှမလိုဘဲ ရရှိခဲ့ခြင်းဖြစ်ရာ...........

"ထားလိုက်ပါတော့၊ ဒါကို ပြန်ယူသွားပြီး အားဟွမ်ကိုပြလိုက်တာပေါ့"

သူထွက်ခွာသွားပြီး နာရီဝက်ခန့်အကြာတွင် ချီရီဂိုဏ်းသို့ ဧည့်သည်အသစ်များ ရောက်ရှိလာကြသည်။

ထိုသူများမှာ အပြင်ဘက်ရှိ လေလွင့်ကျင့်ကြံသူများ ဖြစ်ကြ၏။

ထိုသူများသာမက သတင်းကြား၍ ပတ်ဝန်းကျင်မှ ရောက်လာသူများလည်း ရှိကြသည်။

ဤတစ်ကြိမ်တွင်မူ သူတို့သည် မျှော်လင့်ချက်မထားကြတော့ပေ။

ယခင်က ဂိုဏ်းလေးဂိုဏ်းဖျက်ဆီးခံရစဉ်ကလည်း မည်သူမျှ မည်သည့်အကျိုးအမြတ်မှ မရရှိခဲ့ကြပေ။

“ဂိုဏ်းချုပ်ကျန်းရဲ့ပုံစံအရဆိုရင်တော့ ငါတို့ အလကားလာခဲ့ရတာပဲ ဖြစ်မှာပါ”

“နေစမ်းပါ၊ လာကြည့်တာပဲ ဘာအပင်ပန်းခံရမှာလဲ”

“မင်းတို့မသိလို့၊ အဲဒီကျန်းချန်က ဘယ်လိုမှော်အတတ်သုံးထားလဲမသိပေမဲ့ ဝိညာဉ်ကျောက်တုံးတစ်တုံးတောင် သူ့မျက်စိထဲကမလွတ်ဘူး။ သူကတော့ တကယ့်ကို အပြောင်ရှင်းတဲ့နေရာမှာ ဆရာကြီးပဲ”

“သွားကြစို့... သွားကြစို့...”

ဂိုဏ်းအတွင်းသို့ရောက်သွားသောအခါ မြေပြင်အနှံ့ သေဆုံးနေသူများကို မြင်တွေ့ရသဖြင့် အားလုံးထိတ်လန့်သွားကြသည်။

တစ်ချိန်တည်းမှာပင် အရာအားလုံးပြောင်စင်အောင်သိမ်းဆည်းသွားသော ကျန်းချန်ကို စိတ်ထဲမှ အကြိမ်ပေါင်းတစ်ရာမကကျိန်ဆဲနေကြ၏။

“ဟေး... ဟိုမှာ တစ်ခုခု ကျန်နေတယ်ဟေ့...”

“ဘာလဲ”

“ရတနာတွေ ကျန်နေသေးတာလား”

“ဟားဟား... ကျန်းချန်တောင် လွတ်သွားတဲ့အရာ ရှိသေးတာလား၊ သူလည်း ဒီလိုနေ့မျိုး ကြုံရတတ်တာပဲလား”

“ဘယ်လို ရတနာမျိုးလဲ”

“ဘယ်လို ရတနာပဲဖြစ်ဖြစ် ငါ့အပိုင်ပဲ”

“အားလုံး ဖယ်ကြစမ်း၊ ဒါ ငါတို့ ကောင်းကင်ဘုံအဖွဲ့ ရဲ့ ရတနာပဲ”

“မင်းက ဘာမို့လို့လဲ၊ ဖယ်စမ်း............”

“ရတနာကို ချထားစမ်း...”

“ကဲ... တော်ကြပါတော့၊ မငြင်းကြနဲ့တော့၊ လိုချင်တဲ့သူ ယူလိုက်ကြ”

ရတနာကို ဦးဆုံးတွေ့ရှိသည့် ကျင့်ကြံသူမှာ ဘာမှမပြောနိုင်တော့ဘဲ စားပွဲပေါ်ရှိ ဝိညာဉ်ကျောက်တုံးသုံးတုံးကို လက်ညှိုးထိုးပြလိုက်သည်။

နေရာတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။

စောစောက အလုအယက်ရန်ဖြစ်နေကြသူများမှာ ရှက်ကိုးရှက်ကန်းဖြစ်သွားကြသည်။

အဖိုးတန်ရတနာဟု ထင်မှတ်ထားသော်လည်း ဝိညာဉ်ကျောက်တုံးသုံးတုံးသာ ဖြစ်နေသည်ကို မည်သူကသိပါမည်နည်း။

ထိုအထဲမှတစ်တုံးမှာ အဆင့်နိမ့်ဖြစ်နေသေး၏...

သူတို့သည် ဝိညာဉ်ကျောက်တုံးသုံးတုံးအတွက်နှင့် သွေးချောင်းစီးမတတ် အသေအလဲတိုက်ခိုက်မိတော့မည့်အဖြစ်မှာ အပြင်သို့ပျံ့နှံ့သွားပါက လှောင်ပြောင်စရာ ဖြစ်ပေလိမ့်မည်။

“ချီး... ဒီလောက်ကပ်စေးနှဲတဲ့သူ....”

“ဒါက ဘာအဓိပ္ပာယ်လဲ”

“သူက ငါတို့ကိုစော်ကားဖို့သက်သက် ဝိညာဉ်ကျောက်တုံးသုံးတုံးကို တမင်ချန်ထားခဲ့တာလား”

“ငါ့မှာ ဒီလိုအမှိုက်တွေ မရှိဘူးများမှတ်နေလား”

“လျှောက်မပြောနဲ့၊ ဂိုဏ်းချုပ်ကျန်းက အလွန်စွမ်းအားကြီးတယ်၊ မင်းပြောတာတွေကို သူ အခု ကြားနေရတာလည်း ဖြစ်နိုင်တယ်”

“ဟုတ်တယ်၊ မင်းကို စော်ကားတော့ရော ဘာဖြစ်လဲ၊ မကျေနပ်ရင် ဖေးရှန်ဂိုဏ်းအထိ လိုက်သွားပြီး စာရင်းရှင်းပါလား”

ကျန်းချန်ကိုကြည်ညိုနေကြသော ကျင့်ကြံသူများကလည်း ကြားဖြတ်ပြောဆိုကြသည်။

“ဂိုဏ်းချုပ်ကျန်းက ဒီဝိညာဉ်ကျောက်တုံးသုံးတုံးကိုချန်ထားခဲ့တာ လေးနက်တဲ့အဓိပ္ပာယ်ရှိရမယ်”

တစ်ဦးက ခေါင်းတရမ်းရမ်းဖြင့် ပြောလိုက်သည်မှာ........

“ငါသိပြီ၊ ဒီကျောက်တုံးသုံးတုံးက ကောင်းကင်၊ မြေကြီးနဲ့ လူသားဆိုတဲ့ ပါရမီသုံးပါးကို ကိုယ်စားပြုတာပဲ။ မင်းတို့သာ ဒါကိုနားလည်ရင် ကျင့်စဉ်တွေတိုးတက်ဖို့က လက်တစ်ကမ်းမှာပဲ ရှိတော့တယ်”

“မှားတယ်... ငါ့အထင်တော့ နေ၊ လနဲ့ ကြယ် ဆိုတဲ့ အလင်းသုံးပါးကို ကိုယ်စားပြုတာဖြစ်ရမယ်...”

“အသေးတစ်လုံးနဲ့ အကြီးနှစ်လုံးဆိုတော့ ဒါက ဝိညာဉ်သွေးကြောနှစ်သွယ်ကနေ ဝိညာဉ်ပင်လယ်ထဲ စီးဝင်တာကို ဆိုလိုတာလား...”

ခဏအတွင်းမှာပင် ထိုနေရာသည် ကျင့်စဉ်များကိုဆွေးနွေးသည့် နှီးနှောဖလှယ်ပွဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေတော့သည်။

အကယ်၍ ကာယကံရှင်ဖြစ်သော ကျန်းချန်သာ ဤမြင်ကွင်းကိုမြင်တွေ့ရပါက သူသည်လည်း ဇဝေဇဝါ ဖြစ်သွားပေလိမ့်မည်။

ထိုအချိန်တွင် ဖေးရှန်ဂိုဏ်းအတွင်း၌မူ မျက်စိသုံးလုံးကျားသည် ထိုင်ခုံပေါ်တွင်လှဲလျောင်းရင်း တပည့်များ၏ အကောင်းဆုံးပြုစုမှုများကို ခံယူနေသည်။

ကောင်းမွန်သော အစားအသောက်များနှင့် ပြုစုမှုများကြောင့် ဤဝေးလံခေါင်ဖျားပြီး ပျက်စီးနေသော နေရာမှာပင် နေပျော်စရာကောင်းသည်ဟု စတင်ခံစားလာရသည်။

“ကျားသခင်ကြီး... ဂိုဏ်းချုပ်က ဘေးအန္တရာယ်နဲ့ကြုံရရင် အကူအညီတောင်းမယ်လို့ ပြောခဲ့တယ်၊ အခုထိ ဘာသံမှမကြားရသေးပါလား”

“ဟုတ်တယ်... ဂိုဏ်းချုပ်က ပြဿနာကို သူ့ဘာသာဖြေရှင်းလိုက်နိုင်ပြီထင်တယ်”

မျက်စိသုံးလုံးကျားသည် မျက်လုံးများကိုမှေးလိုက်ပြီး လော့ယွမ်၏ တတိယမြောက်ညီငယ်ဖြစ်သော ရှန်ထိုက်ကို ကြည့်လိုက်သည်။

“ဘာလဲ၊ မင်းက ကျားသခင်ကြီးရဲ့အစွမ်းကို သံသယဝင်နေတာလား”

“မဝင်ရဲပါဘူး... မဝင်ရဲပါဘူး”

ရှန်ထိုက်သည် လက်များကိုအမြန်ယမ်းပြကာဆို၏။

“ကျွန်တော်တို့က ဂိုဏ်းချုပ်ကို စိုးရိမ်လို့ပါ၊ တစ်ခုခုဖြစ်သွားမှာ ကြောက်လို့ပါ”

“အဲဒီကောင်လေးက အစွမ်းတော့နိမ့်ပေမဲ့ ဆင့်ခေါ်အဆောင် သုံးရမယ့်အချိန်ကိုတော့ ကောင်းကောင်းသိမှာပါ၊ မစိုးရိမ်ကြနဲ့”

မျက်စိသုံးလုံးကျားက ထိုသို့ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ

*တစ်နေကုန်ကြာနေပြီ၊ သူ တကယ်ပဲ အပြင်မှာသေသွားတာလား *

ဟု တွေးနေမိသည်။ အကယ်၍ ထိုသို့သာဆိုလျှင် ကျားသခင်ကြီးသည် လုံးဝလွတ်လပ်ပေတော့မည်။

ဤသို့တွေးမိသောအခါ စိတ်လှုပ်ရှားစွာဖြင့် ခြေထောက်ကလေးများကို မြှောက်လိုက်သည်။

အမျိုးသမီးတပည့်အချို့မှာမူ ထိုကဲ့သို့ချစ်စရာကောင်းသောကျားလေးကို အသည်းယားပြီး ထပ်မံပွတ်သပ်လိုသော်လည်း ၎င်း၏စွမ်းအားနှင့် ရိုင်းစိုင်းသောစကားများကို သတိရသွားသောအခါ ချစ်စရာမကောင်းတော့ဟု ရုတ်တရက် ခံစားလိုက်ကြရလေသည်။

All Chapters