အောင်ပွဲခံ ပြန်လာပြီ
Vol. 5 Ch. 45
"ဘာပဲဖြစ်ဖြစ်... သူသာ အဲဒီဆင့်ခေါ်အဆောင်ကိုသုံးလိုက်ရင် မင်းတို့ အဖြူရောင်ဝဲဂယက်ကို မြင်ရလိမ့်မယ်။"
"အဲဒီအချိန်ကျရင် အဲဒီဂိုဏ်းတွေကိုအမြစ်ပြတ်ချေမှုန်းဖို့ ဘယ်သူ့ကိုအားကိုးခဲ့ရလဲဆိုတာ မင်းတို့သိကြမှာပေါ့။"
"ဒီကျားသခင်ကြီးသာမရှိရင် သူက ဘာကောင်မှမဟုတ်ဘူး။"
မျက်စိသုံးလုံးကျားသည် မျက်လုံးများကိုမှေးစင်းကာ သက်သောင့်သက်သာနှင့် စိတ်ကျေနပ်မှုအပြည့်ဖြစ်နေသည်။
၎င်းသည် ကျန်းချန်၏ဂုဏ်သတင်းကို ပုတ်ခတ်ပြောဆိုရသည်ကို အလွန်စိတ်အားထက်သန်နေ၏။
ထိုကလေးကို မသတ်နိုင်သရွေ့ သူ၏ဂုဏ်သတင်းကိုဖျက်ဆီးပြီး သရုပ်မှန်ကိုဖော်ထုတ်ရန်သာ ၎င်းက ရည်ရွယ်ထားသည်။
ထိုအခါ တပည့်များက သူ့ကို ဆက်လက်ကြည်ညိုကြဦးမည်လားဟု တွေးတောနေသည်။
ဘာလဲ... ကျားသခင်ကြီးက ဒီလိုလုပ်လို့ ဘာအကျိုးအမြတ်ရမှာလဲလို့ မေးနေတာလား........
အကျိုးအမြတ်ဆိုတာ လိုအပ်လို့လား......
၎င်းသည် မိမိအတွက်အကျိုးမရှိဘဲ သူတစ်ပါးကိုဒုက္ခပေးရုံသက်သက်အလုပ်မျိုးကို ယခင်ကတည်းက လုပ်လေ့ရှိသည်လေ။
စကားပြော၍ပင်မဆုံးသေးမီ ဂုတ်မှဆွဲမခြင်းကိုခံလိုက်ရသည်။
ထို့နောက် လွင့်ပစ်ခံလိုက်ရ၏။
ဘယ်သူကများ ကျားသခင်ကြီးကို ဒီလိုဆက်ဆံရဲတာလဲ....
၎င်းသည် အကြီးအကျယ်ဒေါသထွက်ရန် ပြင်လိုက်စဉ်မှာပင် ကျန်းချန်၏ ရင်းနှီးနေသော အသံကို ကြားလိုက်ရသည်။
"မင်းက ဘာလို့ ငါ့နေရာမှာထိုင်နေပြန်တာလဲ... ကိုယ့်အဆင့်ကိုယ်သိစမ်း...."
ဒီကလေးက ဘယ်လိုလုပ်ပြီး အခုလောက်မြန်မြန် ပြန်ရောက်လာတာလဲ........
အမှန်စင်စစ် မျက်စိသုံးလုံးကျားသည် ပျင်းရိနေခြင်းသာဖြစ်၏။
၎င်း၏အစွမ်းဖြင့်ဆိုလျှင် စိတ်အာရုံတစ်ချက်ဖြန့်လိုက်ရုံဖြင့် ကျန်းချန်ရောက်နေသည်ကို သိနိုင်သည်။
သို့သော် ၎င်းသည် ကိုယ်ပိုင်သာယာမှုထဲတွင်နစ်မွန်းနေသဖြင့် ထိုမျှလောက် အားမစိုက်ချင်ခဲ့ခြင်းပင်။
"ဂိုဏ်းချုပ်"
"အာ... ဂိုဏ်းချုပ် ပြန်ရောက်လာပြီ"
"ဂိုဏ်းချုပ်... အဆင်ပြေရဲ့လား... ဘာလို့ ကျားအစ်ကိုကြီးကို အကူအညီမတောင်းခဲ့တာလဲ"
ကျန်းချန်ပြန်ရောက်လာသည်နှင့် တပည့်များသည် မျက်စိသုံးလုံးကျား၏ ဘွဲ့အမည်ကို ကျားသခင်ကြီးမှ ကျားအစ်ကိုကြီးဟု ချက်ချင်းလျှော့ချပစ်လိုက်ကြသည်။
အမှန်တကယ်အားကိုးထိုက်သူရှိခြင်းက ကွာခြားချက်ကြီးမားလှပေသည်။
"ငါက ဘာလို့ သူ့ကိုဆင့်ခေါ်ရမှာလဲ"
"ဟို... အဲဒါက..."
လော့ယွမ်သည် ကျန်းချန်၏ကိုကြည့်ကာ စကားထစ်နေမိသည်။
ထိုဂိုဏ်းတွေကိုဖျက်ဆီးဖို့ ကျားကိုအားကိုးခဲ့ရသည်ဟုထင်နေကြကြောင်းကို ကျန်းချန်၏ရှေ့တွင်ပြောရန် ခက်ခဲနေလေ၏။
မည်သို့ဆိုစေကျန်းချန်သည် သူတို့အတွက် ကလဲ့စားချေပေးရန် ရှေ့ထွက်ပေးခဲ့သူဖြစ်သည်။
ယခု သူတို့ခံစားနေရသည့် ကောင်းမွန်သောဆက်ဆံမှုအားလုံးသည်လည်း ကျန်းချန်ကြောင့်သာဖြစ်သည်။
ကျိလင်းဟန်က အဓိပ္ပာယ်ပါပါကြည့်လိုက်သဖြင့် တပည့်များ တစ်ယောက်ကိုတစ်ယောက် နားလည်မှုဖြင့်ရယ်မောကာ အကြောင်းအရာကို ပြောင်းလဲပစ်လိုက်ကြသည်။
"ဘာမှမဟုတ်ပါဘူး... ဂိုဏ်းချုပ်အနေနဲ့ ချီရီဂိုဏ်းကို မဖျက်ဆီးနိုင်ခဲ့လည်းကိစ္စမရှိဘူး။"
"ဟုတ်ပါတယ်... နောင်မှာ အခွင့်အရေးတွေ အများကြီးရှိပါသေးတယ်။"
"အလျင်လိုစရာ မလိုပါဘူး။"
သူတို့၏အမြင်တွင် ကျန်းချန်၏ကြွားဝါမှုသည် နောက်ဆုံးတွင် အဆုံးသတ်သွားပြီဟုထင်နေကြသည်။
သို့သော်လည်း ၎င်းသည် သူတို့၏ ကြည်ညိုမှုနှင့် ထောက်ခံမှုကို မလျော့စေခဲ့ပေ။
ကျန်းချန် စိတ်ပျက်သွား၏... အလွန်စိတ်ပျက်သွား၏...
ငါ ချီရီဂိုဏ်းမှာ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့အစွမ်းတွေပြခဲ့တာတောင် မင်းတို့က ဘာမှမသိကြဘူးလား...
ဖေးရှန်ဂိုဏ်း၏ သတင်းအချက်အလက်စနစ်များဖြစ်သော အသံလွှင့်ခြင်းနှင့် ပုံရိပ်လွှင့်ခြင်း စသည်တို့ကို အဆင့်မြှင့်တင်ရန် လိုအပ်နေပြီဟု ခံစားလိုက်ရသည်။
"ငါ ချီရီဂိုဏ်းကို မဖျက်ဆီးခဲ့ဘူးလို့ ဘယ်သူပြောလဲ"
ဤအမေးစကားသည် အဖြေပင်ဖြစ်သဖြင့် တပည့်များအားလုံး အံ့အားသင့်သွားကြသည်။
"ဗျာ"
"ဂိုဏ်းချုပ်က သူတို့ကို ဖျက်ဆီးပစ်လိုက်ပြီလား"
"ဘယ်လိုလုပ်လိုက်တာလဲ"
ကျန်းချန်က နှုတ်ခမ်းကိုအသာမဲ့ကာ ဂရုမစိုက်ဟန်ဖြင့်...
"ဘယ်လိုရှိရမှာလဲ... သဘာဝကျကျပဲ ငါ့ရဲ့ နက်နဲလှတဲ့ အစွမ်းတွေနဲ့ပေါ့။"
မျက်စိသုံးလုံးကျားက နှာခေါင်းရှုံ့လိုက်သည်။
"မင်းနဲ့ နက်နဲတဲ့အစွမ်းဆိုတာက..."
ကျားသည် ရုတ်တရက် စကားမပြောနိုင်ဖြစ်သွားသည်။
ကျန်းချန်သည် ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ၈ တွင် မဟုတ်တော့ဘဲ ဝိညာဉ်အခြေတည်အဆင့် ၆ ရောက်ရှိနေသည်ကို သတိထားမိသွား၏။
ဤတွေ့ရှိမှုက ၎င်းကို အတိုင်းအထက်အလွန် တုန်လှုပ်သွားစေသည်။
မျက်စိသုံးလုံးကျားအတွက်မူ ဝိညာဉ်အခြေတည်အဆင့် ၆ သည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင် ဖြစ်သော်လည်း ဤအခြေအနေက ၎င်း၏ လက်တွေ့ကမ္ဘာအပေါ်နားလည်မှုကို ရိုက်ချိုးလိုက်ခြင်းဖြစ်၏။
နာရီပိုင်းအတွင်းမှာတင် အဆင့်ငယ်ရှစ်ဆင့်အထိ တက်လှမ်းသွားပြီး အဆင့်ကြီးတစ်ဆင့်ကိုပင် ကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ မယုံနိုင်စရာပင်။
ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှ သွေးကြောဖွဲ့တည်ခြင်း အဆင့်များတွင် ထိုကဲ့သို့ အဆင့်တက်မြန်ခြင်းကို ကြားဖူးသော်လည်း ဝိညာဉ်ခွဲထုတ်ခြင်းနှင့် ဝိညာဉ်အခြေတည်အဆင့် ကဲ့သို့သောအဆင့်များတွင် လုံးဝမဖြစ်နိုင်သလောက်ပင်။
သို့သော် ထိုမဖြစ်နိုင်ခြင်းသည် မျက်စိရှေ့တွင်ပင်ဖြစ်ပျက်နေလေပြီ။
"မင်း... မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
"ငါ ပြောသားပဲ... ငါက ပညာရှင်တစ်ယောက်ပါလို့။ ဒါက ပုံမှန်ပဲမဟုတ်လား"
ကျန်းချန်သည် ထိုကဲ့သို့သောကြွားဝါမှုမျိုးကို ကျွမ်းကျင်နေပြီဖြစ်ရာ သူ၏ မျက်နှာမှာ အနည်းငယ်မျှပင် နီမြန်းခြင်းမရှိပေ။
"ဟွန်း"
အဖြေမရသဖြင့် မျက်စိသုံးလုံးကျားသည် ဆက်လက်၍သာ နှိမ်ချရန်ကြိုးစားတော့သည်။
"မင်းရဲ့ အခုအစွမ်းနဲ့တောင် ချီရီဂိုဏ်းကိုဖျက်ဆီးဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။"
"ငါ ဖျက်ဆီးခဲ့သလား၊ မဖျက်ဆီးခဲ့ဘူးလားဆိုတာ မင်းကိုယ်တိုင်မကြည့်တတ်ဘူးလား"
"ကောင်းပြီ... ငါ ကြည့်မယ်"
ထိုအခါမှ မျက်စိသုံးလုံးကျားသည် ၎င်း၏စိတ်အာရုံကို မိုင်ပေါင်းတစ်သိန်းအကွာအဝေးအထိ ဖြန့်ကြက်လိုက်သည်။ ခဏအကြာတွင် မျက်လုံးမပြူးသွားလေ၏။
"ဒါကို တကယ်ပဲ ဘယ်လိုလုပ်လိုက်တာလဲ"
"တကယ်ပဲ တစ်ယောက်မှမချန်ဘဲ အကုန်သတ်ပစ်လိုက်တာလား"
"ကောင်းကင်ကံကြမ္မာအဆင့်ဆိုရင်တောင် ဒါကမဖြစ်နိုင်ဘူး"
ကောင်းကင်ကံကြမ္မာအဆင့်တစ်ဦးသည် ချီရီဂိုဏ်းကိုဖျက်ဆီးနိုင်သော်လည်း တစ်ယောက်မကျန်အောင် သုတ်သင်ပစ်ရန်မှာမူ မဖြစ်နိုင်သလောက်ခက်ခဲလှသည်။
"ငါ အကြိမ်ပေါင်းရှစ်ရာလောက်ပြောပြီးပြီ... ငါက ပြိုင်ဘက်ကင်း..."
"ငါတကယ်တော့ မကြွားချင်ပါဘူး... ဒါပေမဲ့ မင်းတို့ကပဲ ငါဘယ်လောက်အစွမ်းထက်လဲဆိုတာ သက်သေပြဖို့ အမြဲတမ်းတွန်းအားပေးနေကြတာပဲ။"
ကျန်းချန်က နစ်နာသူတစ်ဦးကဲ့သို့ ပြောဆိုနေချိန်တွင် မျက်စိသုံးလုံးကျားမှာ ကြောင်အမ်းနေပြီး တပည့်များမှာမူ ဆွံ့အသွားကြသည်။
ဘုရားသခင်... ဂိုဏ်းချုပ်က ချီရီဂိုဏ်းကို တစ်ယောက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တာ တကယ်ပဲလား....
ချက်ချင်းပင် တပည့်များ၏ ကျန်းချန်အပေါ် ကြည်ညိုမှုသည် နောက်ထပ်အဆင့်တစ်ခုသို့ မြင့်တက်သွားပြီး သူ့ကို သက်ရှိနတ်ဘုရားတစ်ပါးကဲ့သို့ပင် ရှုမြင်လာကြတော့သည်။
"ဂိုဏ်းချုပ်က နတ်ဘုရားတစ်ပါးပဲ"
"သူ့ရဲ့အစွမ်းက တကယ်ကိုခန့်မှန်းလို့မရနိုင်ဘူး"
"ဂိုဏ်းချုပ် အရင်တုန်းက ဂိုဏ်းလေးဂိုဏ်းကိုဖျက်ဆီးတာ သူ့ကြောင့်လို့ ကျားလေးကပြောသေးတယ်။ အရှက်မရှိကြွားလိုက်တာ။"
"ဟုတ်ပ... ဂိုဏ်းချုပ်က ချီရီဂိုဏ်းကိုတောင် တစ်ယောက်တည်း ဖျက်ဆီးနိုင်တာပဲ၊ ကျန်တဲ့ဂိုဏ်းတွေဆိုတာ ပြောနေစရာတောင်မလိုဘူး။"
"သူက ဂိုဏ်းချုပ်မရှိတုန်း အခွင့်ကောင်းယူပြီး နာမည်ကောင်းယူနေတာပဲ။"
"မှန်တယ်... သူက ဂိုဏ်းချုပ်ရဲ့ တစ်သောင်းပုံတစ်ပုံတောင် မမီပါဘူး။"
ဤစကားများသည် မျက်စိသုံးလုံးကျားကို အကြီးအကျယ်နာကျင်စေသည်။
၎င်းသည် အလွန်ဒေါသထွက်ကာ အံကြိတ်နေသော်လည်း မိမိပြောသည်မှာ အမှန်ဖြစ်ကြောင်း သက်သေပြရန် အထောက်အထားမရှိပေ။
ကျန်းချန်ကလည်း ၎င်းအတွက် ရှင်းပြပေးရန် သို့မဟုတ် သက်သေလိုက်ပေးရန် စိတ်ကူးမရှိချေ။
*ဒီကောင်က သူမရှိတုန်း နောက်ကွယ်မှာ ပုတ်ခတ်ပြောဆိုနေတာပေါ့... ငါ့တပည့်တွေကိုများ သစ္စာဖောက်အောင် လုပ်ချင်နေတာလား... ဒါကတော့ သည်းခံနိုင်စရာ မရှိဘူး...*
သူ့ကို မရိုက်နှက်သည်မှာ ကျန်းချန်၏ သနားညှာတာမှုကြောင့်သာ ဖြစ်ပေတော့သည်။
"ကဲ... အောင်ပွဲခံဖို့ကိစ္စကို နောက်မှပြောမယ်။ အခုလောလောဆယ် တပည့်သစ်တွေစခေါ်လို့ရပြီ။"
ဤစကားကို ကြားလိုက်ရချိန်တွင် လူတိုင်း၏စိတ်ဓာတ်များ တက်ကြွသွားကြသည်။
"အခု ဂိုဏ်းချုပ်က ချီရီဂိုဏ်းကို ဖျက်ဆီးလိုက်ပြီဆိုတော့ တပည့်သစ်တွေအနေနဲ့ ဂိုဏ်းဝင်ဖို့ ဘာမှစိုးရိမ်စရာမလိုတော့ဘူး"
"ဟုတ်တယ်... ဒီတစ်ခါတော့ ဂိုဏ်းချုပ်ရဲ့ဂုဏ်သတင်းကြောင့် ထူးချွန်တဲ့သူတွေအများကြီး ရောက်လာမှာသေချာတယ်။"
"ငါတို့ဖေးရှန်ဂိုဏ်း ကြီးကျယ်ခမ်းနားလာတော့မှာပဲ"
"နောက်ဆုံးတော့ ငါတို့ဂိုဏ်းက ပြန်ပြီးစည်ကားလာတော့မယ်..."
လော့ယွမ်က စိတ်လှုပ်ရှားစွာပြောပြီးနောက် ဂိုဏ်းချုပ်သည် အစစ်အမှန်တပည့်များကိုသာ လက်ခံပြီး အပြင်စည်း သို့မဟုတ် အတွင်းစည်းတပည့်များ လက်မခံသည်ကို ရုတ်တရက်သတိရသွားသည်။
ထို့ကြောင့် လူအများအပြားလာရောက်လျှောက်ထားသော်လည်း ဂိုဏ်းတွင် ထင်သလောက် လူဦးရေတိုးလာမည်မဟုတ်ပေ။ စည်ကားခြင်းဆိုသည်နှင့် အလှမ်းဝေးနေဆဲပင်။
"ဂိုဏ်းချုပ်... ကျွန်တော်တို့ လူနည်းနည်းလောက် ပိုလက်ခံလို့မရဘူးလား"
"မရဘူး"
ကျန်းချန်က ပြတ်သားစွာ ပြောလိုက်သည်။
"ဒါပေမဲ့... အကယ်၍ အနှိုင်းမဲ့အလှလေးတွေဆိုရင်တော့ သတ်မှတ်ချက်ကို နည်းနည်းလျှော့ပေးလို့ရပါတယ်။"
အဲ...
တပည့်များ မျက်နှာလွှဲလိုက်ကြရသည်။
*အစ်ကိုကြီးရယ်... လူတိုင်းမှာ ဝါသနာဆိုတာရှိပေမဲ့ အဲဒီလောက်အထိတည့်တိုးကြီးပြောလိုက်ရင် ခင်ဗျားရဲ့ပုံရိပ်ကိုထိခိုက်နိုင်တယ် မဟုတ်လား..... အထူးသဖြင့် ခင်ဗျားက ဂုဏ်သရေရှိတဲ့ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေတာကို*
*အဟမ်း*
ကျိလင်းဟန် ချောင်းတစ်ချက်ဟန့်ကာ ကျန်းချန်ကို ဂြိုလ်ကြည့်တစ်ချက်ပေးလိုက်သည်။ ထို့နောက် လော့ယွမ်ကို တင်းမာသောလေသံဖြင့် ပြောလိုက်၏...
"ဂိုဏ်းချုပ်က အစစ်အမှန်တပည့်တွေကိုပဲလက်ခံမယ်လို့ပြောထားတာကို နင်က ဘာလျှာရှည်နေတာလဲ... အစစ်အမှန်တပည့်အဆင့်အတန်းမမီတဲ့သူတွေကို ဘယ်လိုခြွင်းချက်မှမရှိစေရဘူး"
ထို့နောက် သူမက အဓိပ္ပာယ်ပါပါ ထပ်လောင်းပြောလိုက်သည်။
"ဂိုဏ်းချုပ်ကို အခက်အခဲမဖြစ်စေနဲ့... နားလည်လား"
လော့ယွမ် ချွေးစေးများထွက်လာပြီး မကျေမနပ်ဖြစ်နေမိသည်။
*အလှလေးတွေအကြောင်းပြောတာ ဂိုဏ်းချုပ်လေ၊ ကျွန်တော်မဟုတ်ပါဘူး။ ဘာလို့ ကျွန်တော့်ကို လာမာန်နေတာလဲ... ပြီးတော့ စီနီယာအစ်မကလည်း တစ်နေ့ထက်တစ်နေ့ ပိုပြီး အာဏာပြလာသလိုပဲ...*
ကျိလင်းဟန်ဝင်ရောက်စွက်ဖက်လိုက်သဖြင့် ကျန်းချန်အနေဖြင့် အလှလေးများကို လက်အောက်ခံအဖြစ်ခေါ်ယူရန်အစီအစဉ်ကို ဆက်မပြောရဲတော့ဘဲ လက်လျှော့လိုက်ရတော့သည်။
"ဒါနဲ့... ဒါတွေကိုယူသွားပြီး စာကြည့်ဆောင်မှာ သိမ်းထားလိုက်ကြ။"
ထိုသို့ပြောပြီးနောက် သူ၏လက်စွပ်ကို အသာအယာပွတ်လိုက်ရာ ရှေးဟောင်းစာအုပ်များ၊ ကျောက်စိမ်းအဆောင်များနှင့် ကျောက်စိမ်းစာချပ်များ အစုလိုက်အပြုံလိုက် ထွက်ကျလာသည်။
"ဒါတွေက ဘာတွေလဲ"
"ချီရီဂိုဏ်းကနေ သိမ်းကျုံးယူလာတာတွေပေါ့။ အဲဒါတွေက သူတို့ရဲ့ ကျင့်စဉ်တွေ၊ သိုင်းပညာတွေ၊ ဝိညာဉ်အခြေတည်အဆင့် လျှို့ဝှက်နည်းလမ်းတွေ၊ ဆေးလုံးဖော်စပ်နည်းတွေ၊ လက်နက်သွန်းလုပ်နည်းတွေနဲ့ အဆောင်၊ အစီအရင် ကျမ်းစာတွေ အကုန်ပဲ..."